← Chapters

အခန်း (၁၅၃-၁၅၄)

Vol. 15 Ch. 153-154

အခန်း (၁၅၃-၁၅၄)

Vol. 15 Ch. 153-154

အခန်း ၁၅၃ - မြေခွေးမိစ္ဆာ..မျှော်လင့်ချက်မဲ့ခြင်း

​"ဘယ်သူလဲ"

​တိမ်စိုင်ထက်မှ ချန်အန် ရုတ်တရက် ထိုးဆင်းလာခြင်းကြောင့် အောက်ဘက်ရှိ သွေးရောင်နီဂိုဏ်း' အဖွဲ့ဝင်များမှာ ထိတ်လန့်သွားကြသည်။

သူတို့ထဲမှ ဂိုဏ်းချုပ် ကျိုးထျန်းယီသည် ချန်အန်ကို သတိကြီးစွာဖြင့် စိုက်ကြည့်ရင်း မေးလိုက်သည်။

"မိတ်ဆွေကျင့်ကြံသူ... ခင်ဗျားက ဘယ်သူလဲ"

​သူသည် 'လေနက်ဂိုဏ်း' အဖွဲ့ဝင်များကို သတ်ဖြတ်ပြီးခါစပင် ရှိသေးသည်။ ဤကဲ့သို့သော ကိစ္စမျိုးသည် ဂိုဏ်း၏ ဂုဏ်သိက္ခာကို အကြီးအကျယ် ထိခိုက်စေနိုင်သဖြင့် သတင်းမပေါက်ကြားစေရန် အရေးကြီးလှသည်။

​ချန်အန်သည် သူ၏လက်ချောင်းထိပ်တွင် ဝိညာဉ်ဓားအလင်းတစ်ခုကို စုစည်းလိုက်ပြီး ဂိုဏ်းသားများထံသို့ ဖြည်းဖြည်းချင်း လျှောက်လှမ်းသွားလိုက်သည်။

"ငါက 'ဆေးပင်တစ်ရာလမ်းကြား'က သာမန်ကျင့်ကြံသူတစ်ယောက်ပါ။ ခင်ဗျားတို့ဆီမှာ အကြိမ်ကြိမ် အမြတ်ထုတ်ခံခဲ့ရလို့ အကြွေးပြန်တောင်းဖို့ လာခဲ့တာ"

​ဆေးပင်တစ်ရာလမ်းကြားက ကျင့်ကြံသူ ဟုတ်လား..

အဲဒီက တစ်ကိုယ်တော် ကျင့်ကြံသူတစ်ယောက်က ဘယ်လိုလုပ် ပျံသန်းဓားစီးနိုင်တဲ့ ခွန်အား ရှိမှာလဲ..

ဂိုဏ်းချုပ်ကျိုးသည် ချန်အန်က သူ၏ အဆင့်မှန်ကို ဖုံးကွယ်ထားသည်ဟု ခံစားလိုက်ရသည်။

ချန်အန်က ဓားနှင့်အတူ လျှောက်လာသည်ကို မြင်သောအခါ ဤကိစ္စကို ငြိမ်းချမ်းစွာ ဖြေရှင်း၍ မရနိုင်တော့မှန်း သူသိလိုက်သည်။

​သို့သော် သူသည် အစကတည်းက ကြင်နာရန် စိတ်ကူးမရှိချေ။ သက်သေဖျောက်ရန်သာ ရည်ရွယ်ထားသဖြင့် နောက်ကွယ်ရှိ ဂိုဏ်းသားများကို လေသံတိုးတက်ဖြင့် အမိန့်ပေးလိုက်သည်။

"အားလုံး အတူတူတိုက်ကြ၊ သူ့ကို အမြန်ဆုံး ရှင်းပစ်လိုက်"

​စကားဆုံးသည်နှင့် သူ၏နောက်ကွယ်မှ အကြီးအကဲများနှင့် တာဝန်ခံများမှာ တစ်ယောက်ပြီးတစ်ယောက် တိုက်ခိုက်တော့သည်။

သူတို့သည် အစွမ်းကုန် အသုံးပြု၍ တိုက်ခိုက်ကြခြင်း ဖြစ်သည်။ ချန်အန်က သူ၏ စွမ်းအင်ကို ဖုံးကွယ်ထားသဖြင့် သူ၏အဆင့်ကို မခန့်မှန်းနိုင်ကြချေ။ ထို့ကြောင့် မတော်တဆမှု မဖြစ်စေရန် အစွမ်းကုန် အသုံးပြုလိုက်ကြခြင်း ဖြစ်သည်။

​"အရမ်း အားနည်းလွန်းတယ်"

ချန်အန်က အေးစက်စွာ ပြောလိုက်သည်။

​သူ၏ ကျင့်စဉ်မှာ ရွှေအမြုတေအဆင့်သို့ ရောက်ရှိထားပြီး ဝိညာဉ်အာရုံမှာလည်း အဆင့် ၃ အစောပိုင်းသို့ ရောက်နေသဖြင့် သူ၏မျက်စိထဲတွင် အခြေခံအုတ်မြစ်တည်ဆောက်ခြင်း နှောင်းပိုင်းနှင့် ရွှေရောင်အမြုတေ အစောပိုင်း ကျင့်ကြံသူများ၏ လှုပ်ရှားမှုမှာ ခရုသွားနေသကဲ့သို့ နှေးကွေးလှသည်။

​ဖောက်... ဖောက်... ဖောက်!

မကြာမီမှာပင် ထိခိုက်သံများ ဆက်တိုက် ထွက်ပေါ်လာသည်။

ခုနကပင် အားရပါးရ တိုက်ခိုက်နေကြသော ဂိုဏ်းသားများ၏ အမူအရာမှာ တစ်ခဏအတွင်း အေးခဲသွားပြီး သူတို့၏ နဖူးထက်တွင် သွေးပေါက်တစ်ခုစီ ပေါ်လာတော့သည်။

ထို့နောက် သူတို့သည် မြေပြင်ပေါ်သို့ လဲကျ သေဆုံးသွားကြသည်။ သူတို့သည် မိမိတို့ ဘာကြောင့် သေဆုံးသွားရမှန်းပင် မသိလိုက်ဘဲ မျက်လုံးများ ပြူးလျက် သေဆုံးသွားကြခြင်း ဖြစ်သည်။

​"ဒါ... ဒါ မဖြစ်နိုင်ဘူး"

ကျန်ရှိနေသော ဂိုဏ်းချုပ်ကျိုးသည် ဤမြင်ကွင်းကို မြင်သောအခါ ထိတ်လန့်တုန်လှုပ်သွားပြီး စကားတစ်ခွန်းမှ မဆိုဘဲ လှည့်ပြေးတော့သည်။ သူသည် သစ်သားစွမ်းအင် လွတ်မြောက်ခြင်းအတတ်ကို အသုံးပြုကာ ချုံပုတ်များကြားမှ အတင်းအဓမ္မ ထွက်ပြေးလေသည်။

​ချန်အန်သည် အလောင်းများကို ရှာဖွေရန် စိတ်မဝင်စားသေးဘဲ သစ်သားစွမ်းအင် လွတ်မြောက်ခြင်းအတတ်ကို အသုံးပြုကာ ချက်ချင်းပင် နောက်မှ လိုက်လေသည်။

​"ခင်ဗျားက ဘယ်သူလဲ"

ဂိုဏ်းချုပ်ကျိုးက အော်ဟစ်မေးမြန်းလိုက်သည်။ ချန်အန်၏ ပျံသန်းနှုန်းမှာ သူထက် သုံးဆခန့် ပိုမြန်နေသည်ကို မြင်သောအခါ သူ၏နှလုံးသားမှာ ကြောက်စိတ်ကြောင့် တုန်လှုပ်နေတော့သည်။

​ချန်အန်က ပြန်မထူးဘဲ တစ်ခဏအတွင်း ဂိုဏ်းချုပ်ကျိုးကို မီသွားကာ သူ၏ ခေါင်းကို ဖြတ်ချလိုက်သည်။ သို့သော် ခေါင်းပြတ်သွားသော်လည်း ဂိုဏ်းချုပ်ကျိုးမှာ သေမသွားဘဲ ဆက်လက် ထွက်ပြေးနေဆဲ ဖြစ်သည်။ နောက်တစ်ခဏတွင် ပြတ်သွားသော လည်ပင်းနေရာမှ ခေါင်းအသစ်တစ်ခု ပြန်လည် ထွက်ပေါ်လာသည်။

​ချန်အန် အနည်းငယ် အံ့သြသွားသည်။ ဂိုဏ်းချုပ်ကျိုး၏ နည်းလမ်းမှာ အတော်လေး အားကောင်းလှသည်။ သူ၏ နောက်ကွယ်တွင် လျှို့ဝှက်ချက်တစ်ခုခု ရှိနေပေလိမ့်မည်။

သို့သော် ကိစ္စမရှိချေ။ ဆေးဖော်စပ်သည့် မီးနှင့် ရှို့ပစ်လိုက်ရုံသာ ရှိသည်။

​ရွှေအမြုတေ ကျင့်ကြံသူတစ်ဦးသည် အဆင့် ၃ ရှိသော ဆေးမီး၏ လောင်မြိုက်မှုကို မခံနိုင်ချေ။ အကြောင်းမှာ ထိုမီးသည် သက်ရှိတို့၏ ဝိညာဉ်ကို တိုက်ရိုက် လောင်ကျွမ်းစေနိုင်သောကြောင့် ဖြစ်သည်။

​ရှူး...

ချန်အန်၏ စိတ်အာရုံကြောင့် သူ၏လက်ဖဝါးထက်တွင် ခရမ်းရောင်သန်းသော အနက်ရောင် ဆေးမီးတောက်တစ်ခု ပေါ်လာသည်။

ဂိုဏ်းချုပ်ကျိုးသည် ၎င်းကို မြင်သောအခါ လွတ်မြောက်နိုင်မည် မဟုတ်မှန်း သိလိုက်သည်။ ထို့ကြောင့် သူသည် အသေခံတိုက်ရန် ဆုံးဖြတ်လိုက်ပြီး "သေစမ်း" ဟု ဟိန်းဟောက်ကာ လှည့်လာတော့သည်။

​သူသည် ခန္ဓာကိုယ်တွင်းရှိ ဝိညာဉ်စွမ်းအင်အားလုံးကို စုစည်းကာ ခေါင်းသုံးလုံးနှင့် လက်ခြောက်ဖက်ရှိသော မိစ္ဆာကြီးအသွင်သို့ ပြောင်းလဲလိုက်သည်။ ထို့နောက် သွေးဆူဝေနေသော လက်သီးချက်များဖြင့် ချန်အန်ကို ထိုးနှက်တော့သည်။

​ချန်အန်သည် လုံးဝ မကြောက်ချေ။ သူသည် 'အရိပ်သတ်ဖြတ်ခြင်း'အတတ်ကို အသုံးပြုလိုက်သည်။ နောက်တစ်ခဏတွင် သူသည် မိစ္ဆာကြီး၏ နောက်ကျောဘက်၌ ရုတ်တရက် ပေါ်လာပြီး သူ၏လက်ထဲမှ အဆင့် ၃ ဆေးမီးတောက်ဖြင့် ရိုက်နှက်လိုက်သည်။

​ဆေးမီးနှင့် ထိတွေ့သည်နှင့် တစ်ပြိုင်နက် မီးတောက်များသည် ဂိုဏ်းချုပ်ကျိုး၏ ခန္ဓာကိုယ်တစ်ခုလုံးသို့ ပျံ့နှံ့သွားပြီး တစ်ကိုယ်လုံး မီးဟုန်းဟုန်းတောက်နေသော လူသားတစ်ဦးအဖြစ် ပြောင်းလဲသွားတော့သည်။

​"အားးးးးးးးး—"

ရင်ကွဲမတတ် အော်ဟစ်သံနှင့်အတူ ဂိုဏ်းချုပ်ကျိုးသည် မျှော်လင့်ချက်မဲ့စွာ မြေပြင်ပေါ်သို့ လဲကျသွားသည်။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ မဲမှောင်သွားပြီး အသားကင်နံ့များ ထွက်ပေါ်လာတော့သည်။

​ရွှေအမြုတေ ကျင့်ကြံသူတစ်ဦးအတွက် မီးလောင်ရုံမျှနှင့် မသေနိုင်သော်လည်း ဂိုဏ်းချုပ်ကျိုး သေဆုံးသွားရခြင်းမှာ သူ၏ ဝိညာဉ်သည် ဆေးမီးကြောင့် ပြာအဖြစ်သို့ ပြောင်းလဲသွားသောကြောင့် ဖြစ်သည်။

​"ဆေးဆရာတွေက တကယ်ကို စွမ်းတာပဲ"

"ပိုက်ဆံရှာတာတင် မဟုတ်ဘူး၊ တိုက်ခိုက်ရတာလည်း မညံ့ဘူးပဲ"

"ရန်သူကို အဆိပ်ခတ်နိုင်တယ်၊ ကိုယ့်ကိုယ်ကိုယ် အားကောင်းအောင် ဆေးသောက်နိုင်တယ်၊ နောက်ဆုံး ရန်သူ့ဝိညာဉ်ကိုပါ ဆေးမီးနဲ့ ရှို့ပစ်နိုင်သေးတယ်။ တကယ်ကို လွန်လွန်းတယ်"

သေဆုံးနေသော ဂိုဏ်းချုပ်ကျိုးကို ကြည့်ရင်း ချန်အန်သည် မိမိကိုယ်မိမိ ဆေးဆရာတစ်ဦးဖြစ်ရသည်ကို ကျေနပ်နေမိသည်။

​မကြာမီ သူသည် ဝိညာဉ်အာရုံကို ဖြန့်ကြက်ကာ ဂိုဏ်းချုပ်ကျိုး၏ အလောင်းမှ သိုလှောင်အိတ်ကို ရှာဖွေလိုက်သည်။ မကြာခင်မှာပင် အောင်မြင်စွာ ရှာတွေ့သွားသည်။

​သူ စိတ်အာရုံဖြင့် ဖွင့်ကြည့်လိုက်သောအခါ အတွင်းရှိ ပစ္စည်းများကို မြင်ပြီး မှင်တက်သွားရသည်။

အဆင့်မြင့် ဝိညာဉ်ကျောက်တုံး တစ်ထောင်ကျော်၊ အလယ်အလတ်နှင့် အောက်တန်းစား ဝိညာဉ်ကျောက်တုံးများမှာ ရေတွက်၍ပင် မရနိုင်ချေ။ ထို့ပြင် အတတ်ပညာစာအုပ်များ၊ မန္တန်စက္ကူများနှင့် ဆေးပြားများစွာ ရှိနေသည်။ လက်နက်များနှင့် အစီရင်ခံပစ္စည်းများလည်း ပါဝင်သေးသည်။

​သူသည် အလွန်အမင်း ချမ်းသာသွားလေပြီ!

​"ရွှေအမြုတေ အစောပိုင်းအဆင့်ပဲ ရှိသေးတာတောင် ဒီလောက် ချမ်းသာနေတာလား။ ကြည့်ရတာ ဒီခွေးကောင်က ဆေးပင်တစ်ရာလမ်းကြားက လူတွေကို အတော်လေး နှိပ်စက်ထားပုံရတယ်"

"ဒီနေရာမှာ အခြေမချခင်ကတည်းက သူ တော်တော်လေး လုယက်ထားခဲ့တာ ဖြစ်မယ်။ သေသင့်တဲ့ ကောင်ပဲ"

ချန်အန်က ဂိုဏ်းချုပ်ကျိုး၏ အလောင်းကို ကြည့်ကာ တိုးတိုးလေး ရေရွတ်လိုက်သည်။ ဤကဲ့သို့သော လူစားမျိုးကို သတ်ရသည်မှာ သူ့အတွက် စိတ်မကောင်းဖြစ်စရာ လုံးဝမရှိချေ။

​ခဏအကြာတွင်...

ချန်အန်သည် မူလနေရာသို့ ပြန်သွားကာ ဝက်ဝံနက်ကြီး၏ မိစ္ဆာအမြုတေကို ထုတ်ယူလိုက်သည်။ ထို့နောက် သွေးရောင်နီမီးဂိုဏ်း' နှင့် 'လေနက်ဂိုဏ်း' သားများ၏ သိုလှောင်အိတ်များကိုပါ သိမ်းဆည်းပြီး ပျံသန်းဓားစီး၍ ထွက်ခွာရန် ပြင်လိုက်စဉ် သူ၏နောက်ကွယ်မှ ရင်းနှီးနေသော အသံတစ်သံ ထွက်ပေါ်လာလေသည်...။

....................................

အခန်း ၁၅၄ - မြေခွေးမိစ္ဆာ..မျှော်လင့်ချက်မဲ့ခြင်း

​"သခင်လေး... တို့တွေ ပြန်တွေ့ကြပြန်ပြီနော်"

​ဤနူးညံ့သိမ်မွေ့လှသော အသံ... ထိုမြေခွေးမိစ္ဆာပင်..

ချန်အန်၏ နှလုံးသားမှာ ဒိတ်ခနဲ ဖြစ်သွားသည်။ ထို့နောက် သူသည် ရာဂစိတ်အလိုဆန္ဒများကို ဖျက်ဆီးပေးသည့် သူ​တော်စင်အခြေအနေထဲအမြန်ဆုံး ဝင်ရောက်လိုက်သည်။

​ထို့နောက် ဘာမှစဉ်းစားမနေဘဲ သစ်သားစွမ်းအင် လွတ်မြောက်ခြင်းအတတ်ကို အသုံးပြုကာ ထွက်ပြေးရန် ကြိုးစားတော့သည်။ သို့သော် မီတာတစ်ရာပင် မပြေးရသေးမီ မျက်စိဖြင့်မမြင်နိုင်သော အကာအကွယ်တစ်ခုနှင့် ရိုက်မိသွားသည်။

သူ မည်သို့ပင် ကြိုးစားစေကာမူ ထိုအကာအကွယ်ကို ကျော်ဖြတ်၍ မရနိုင်ချေ။ သူသည် ဝိညာဉ်ဓားအလင်းတစ်ခုကို စုစည်းလိုက်ပြီး

​ရွှမ်း...

ဖျတ်...

စွပ်...

​သို့သော် ထိုမျက်စိမမြင်ရသော အကာအကွယ်မှာ လှုပ်ရှားခြင်းပင် မရှိချေ။

သူတို့ရောက်နေသော နေရာမှာ ဖန်ခွက်အကြည်ကြီးတစ်ခုဖြင့် အုပ်ထားသကဲ့သို့ ဖြစ်နေသည်။ ချန်အန်မှာမူ ထိုဖန်ခွက်အောက်တွင် အုပ်ခံထားရသည့် ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ ဖြစ်နေပြီး မည်မျှပင် ရုန်းကန်စေကာမူ ဖောက်ထွက်၍ မရနိုင်ချေ။

​"သခင်လေး... အားအင်တွေကို အလဟဿ မဖြုန်းပါနဲ့တော့။ ဒါက သခင်လေးအတွက် တို့အထူးပြင်ဆင်ထားတဲ့ 'မြေပြင်ကို ထောင်ချောက်လုပ်ခြင်းအစီရင်ခံပဲ။ သခင်လေးရဲ့ ရွှေ​အမြူတေအစောပိုင်းအဆင့် ကျင့်စဉ်နဲ့တော့ ဒီအစီရင်ခံကို မဖျက်နိုင်ပါဘူး"

​ဝတ်စုံခရမ်းရောင်နှင့် အမျိုးသမီး၏ အသံမှာ သူ၏နောက်ကွယ်မှ ထွက်ပေါ်လာသည်။ လူတစ်ယောက်ကို ပျော့ခွေသွားစေနိုင်လောက်အောင် ဆွဲဆောင်မှုရှိသော အသံပင်။

ချန်အန် လှည့်ကြည့်လိုက်သောအခါ ရင်းနှီးနေသော ခရမ်းရောင်ဝတ်စုံနှင့် အမျိုးသမီးကို မြင်လိုက်ရသည်။ သူမ၏ လှပသောမျက်ဝန်းများမှာ ဝိညာဉ်ကိုပင် ဆွဲငင်နိုင်ပြီး ဝတ်စုံအောက်မှ ဖွေးဥနေသော ခြေသလုံးလေးများမှာလည်း သွယ်လျဆွဲဆောင်မှု ရှိလှသည်။ ချန်အန်မှာ စိတ်ထဲတွင် တုန်လှုပ်ချောက်ချားမှုကို ခံစားလိုက်ရသည်။

​"ဒါနဲ့... ဒီအစီရင်ခံအတွင်းမှာတော့ သခင်လေးရဲ့ 'အရိပ်သတ်ဖြတ်ခြင်း'အတတ်ကလည်း အသုံးမဝင်တော့ဘူးနော်"

ခရမ်းရောင်ဝတ်စုံနှင့် အမျိုးသမီးက ညှို့ဓာတ်ပြင်းစွာ ပြုံးလိုက်ပြီး လက်ဖျောက်တစ်ချက် တီးလိုက်သည်။

​ထိုအခါ အစီရင်ခံအတွင်းရှိ နယ်မြေတစ်ခုလုံးမှာ အလင်းရောင်စိုးစဉ်းမျှမရှိဘဲ ရုတ်တရက် မှောင်အတိ ကျသွားတော့သည်။ အလင်းမရှိလျှင် အရိပ်မရှိနိုင်သဖြင့် သူသည် 'အရိပ်သတ်ဖြတ်ခြင်း' အတတ်ကို အသုံးပြု၍ မရတော့ချေ။

သို့သော် ချန်အန်မှာ ထိတ်လန့်မသွားဘဲ မျက်မှောင်ကြုတ်လိုက်ကာ သူ၏လက်ဖဝါးပေါ်တွင် ဆေးမီးတစ်စကို စုစည်းလိုက်ပြီး ပတ်ဝန်းကျင်ရှိ အပင်များပေါ်သို့ ပစ်ပေါက်လိုက်သည်။

​အပြင်ဘက်မှ နေရောင်ခြည် ဝင်မလာနိုင်လျှင် သူသည် မီးကိုအသုံးပြု၍ အလင်းရောင်ကို ကိုယ်တိုင် ဖန်တီးမည်သာ!

ဆေးမီးနှင့် ထိတွေ့သည်နှင့် အပင်များမှာ ချက်ချင်းပင် မီးဟုန်းဟုန်း တောက်လောင်သွားတော့သည်။

​ခဏအတွင်းမှာပင် မှောင်အတိကျနေသော အစီရင်ခံအတွင်း၌ အလင်းရောင်များ ပြန်လည် ထွက်ပေါ်လာသည်။ အရာခပ်သိမ်း၏ အရိပ်များလည်း ပြန်လည် ပေါ်ပေါက်လာပြီ ဖြစ်သည်။ ချန်အန်သည် အချိန်မဆွဲဘဲ 'အရိပ်သတ်ဖြတ်ခြင်း' အတတ်ကို အသုံးပြုကာ ခရမ်းရောင်ဝတ်စုံနှင့် အမျိုးသမီး၏ နောက်ကွယ်ရှိ အရိပ်ထဲသို့ တိုးဝင်လိုက်သည်။

​ထို့နောက် အရိပ်ထဲမှ ချက်ချင်း ပြန်ထွက်လာပြီး အမျိုးသမီး၏ ဖြူဖွေးသော လည်ပင်းဆီသို့ သူ၏ဓားဖြင့် ခုတ်ချလိုက်သည်။ အစီရင်ခံကို အတင်းအဓမ္မ ဖျက်ဆီး၍ မရလျှင် အစီရင်ခံကို ဖန်တီးသူကို သတ်ပစ်ခြင်းက လွတ်မြောက်ရန် တစ်ခုတည်းသော နည်းလမ်းပင်

​ချလွင် —

မာကျောသော အရာနှစ်ခု တိုက်မိသည့် အသံတစ်ခု ထွက်ပေါ်လာသည်။

ချန်အန်၏ လက်ထဲမှ ဝိညာဉ်ဓားသည် အမျိုးသမီး၏ လည်ပင်းကို အားရပါးရ ခုတ်ချလိုက်သော်လည်း သံတုတ်နှင့် သံတုံးကို ရိုက်လိုက်သကဲ့သို့ ဖြစ်သွားသည်။ တန်ပြန်လာသော အားကြောင့် သူ၏လက်တစ်ပြင်လုံး ထုံကျင်သွားရသည်။ သူ ကြည့်လိုက်သောအခါ အမျိုးသမီး၏ လည်ပင်းထက်တွင် ရွှေရောင်အလင်းဖျော့ဖျော့လေး တစ်ခုပေါ်လာပြီး သူ၏ အားပါလှသော ဓားချက်ကို ကာကွယ်သွားသည်ကို တွေ့လိုက်ရသည်။ ၎င်းမှာ အတတ်ပညာတစ်ခုလော သို့မဟုတ် ရတနာတစ်ခုခုလော မသိနိုင်ချေ။

​"ဒုက္ခပဲ"

"သူ့ရဲ့ ကာကွယ်ရေးကို ငါ မဖောက်နိုင်ဘူး"

​ချန်အန်၏ စိတ်ထဲတွင် မျှော်လင့်ချက်များ စတင် ပျောက်ကွယ်လာသည်။ သူသည် အမျိုးသမီး၏ တန်ပြန်တိုက်စစ်ကို ရှောင်ရှားရန် 'အရိပ်သတ်ဖြတ်ခြင်း' ကို အသုံးပြုကာ တခြားအရိပ်များထဲတွင် ပုန်းကွယ်ရင်း သူမနှင့် အလှမ်းဝေးရာသို့ ဆုတ်ခွာလိုက်သည်။

ခရမ်းရောင်ဝတ်စုံနှင့် အမျိုးသမီးမှာ ပတ်ဝန်းကျင်ကို အာရုံခံကြည့်သော်လည်း ချန်အန်၏ တည်ရှိမှုကို ရှာမတွေ့သဖြင့် ချိုသာစွာ ပြုံးလိုက်သည်။

​"အရိပ်သတ်ဖြတ်ခြင်း အတတ်က တကယ်ကို အစွမ်းထက်တာပဲ။ အသက်ရှူနှုန်း ထိန်းချုပ်တဲ့ အတတ်နဲ့ပါ ပေါင်းလိုက်ရင် တိုက်စစ်ရော ခံစစ်ပါ ပြည့်စုံသွားတာပဲ"

"ဒါပေမဲ့ စိတ်မကောင်းစရာက အဲဒီအတတ်က ပတ်ဝန်းကျင် အခြေအနေအပေါ်မှာပဲ မူတည်နေတာပဲ"

"အားနည်းချက်ကတော့ တကယ်ကို သိသာလွန်းပါတယ်"

​စကားဆုံးသည်နှင့် သူမ၏ လှပသောမျက်ဝန်းများမှ အပြာရောင်အလင်းဖျော့ဖျော့များ ထွက်ပေါ်လာသည်။

နောက်တစ်ခဏတွင် အစီရင်ခံအတွင်းရှိ အပူချိန်မှာ ရုတ်တရက် ထိုးဆင်းသွားသည်။ အရာခပ်သိမ်းမှာ ချက်ချင်းပင် ရေခဲရိုက်သွားပြီး မြေပြင်ပေါ်တွင် နှင်းခဲလွှာပါးပါးလေးများ ဖုံးလွှမ်းသွားတော့သည်။

​မီးများ ငြိမ်းသွားသည်။

မီးတောက်များနှင့် အရိပ်များ ပျောက်ကွယ်သွားသည်။

ချန်အန်တွင် ပုန်းစရာနေရာ မရှိတော့ဘဲ ပျောက်ကွယ်သွားသော အရိပ်ထဲမှ အတင်းအဓမ္မ ထွက်လာရတော့သည်။ သူသည် မြေပြင်ပေါ်မှ နှင်းခဲများကို ကြည့်ကာ ရှေ့မှ အမျိုးသမီးမှာ ရေဓာတ်စွမ်းအင် ကျင့်ကြံသူဖြစ်ကြောင်း သိလိုက်ရသည်။

​ဒါက ပြဿနာအကြီးကြီးပင်။

​"သခင်လေး... အားမထုတ်ပါနဲ့တော့။ အေးအေးဆေးဆေးပဲ အရှုံးပေးလိုက်ပါ"

"စိတ်မပူပါနဲ့၊ တို့ သခင်လေးရဲ့ အသက်ကို မယူပါဘူး။ အများဆုံးဆိုရင် တို့ရဲ့ 'ကောင်လေး' အဖြစ် ထားပြီး နေ့တိုင်း သခင်လေးရဲ့ ဝိညာဉ်အဆီအနှစ်တွေကို စုပ်ယူရုံပါပဲ"

"ဒါက ခန္ဓာကိုယ်ကို ထိခိုက်စေနိုင်ပေမဲ့ သေတော့ မသေစေပါဘူး"

​ခရမ်းရောင်ဝတ်စုံနှင့် အမျိုးသမီးသည် ချန်အန်ထံသို့ ဖြည်းဖြည်းချင်း လျှောက်လှမ်းလာရင်း စွဲမက်ဖွယ်ကောင်းသော စကားလုံးများဖြင့် ဖျောင်းဖျနေသည်။ သူမ၏အသံမှာ မူးယစ်စေသော မှော်အတတ်များ ပါဝင်နေသဖြင့် ချန်အန်၏ စိတ်များ ဝေဝါးလာတော့သည်။

​'ဟုတ်သားပဲ... ငါ ဘာလို့ ခုခံနေရမှာလဲ.

'ဒီမြေခွေးမိစ္ဆာက အရမ်းလှတာပဲ။ သူမရဲ့ ကောင်လေး ဖြစ်ရတာက ကောင်းတဲ့အရာပဲလေ'

'ဘယ်လိုပဲဖြစ်ဖြစ် သူမက အဆီအနှစ် နည်းနည်းပဲ စုပ်မှာပဲလေ။ ငါ သေမှမသေတာ။ အများဆုံးဖြစ်လှရင် လူစင်စစ်ကနေ အပင်လို ဖြစ်သွားရုံပေါ့'

'စကားပုံတောင် ရှိတယ်မဟုတ်လား... အလှနတ်သမီး လက်ထဲမှာ သေရရင်တောင် သေပျော်ပါတယ်ဆိုတာလေ'

'ဒါကြောင့်... ငါ သူမစကား နားထောင်လိုက်မယ်'

'ဟုတ်တယ်... ငါ သူမနောက်ကို လိုက်ပြီး သူမရဲ့ ကောင်လေး လုပ်တော့မယ်...'

​... ခဏနေဦး

တစ်ခုခု မှားနေပြီ

ငါ ဘာဖြစ်နေတာလဲ

ငါ ညှို့ယူဖျားယောင်း ခံလိုက်ရတာပဲ

​ချန်အန်သည် ရုတ်တရက် သတိပြန်ဝင်လာပြီး မိမိသည် ခုနက အမျိုးသမီး၏ ညှို့ဓာတ်အောက်သို့ ကျရောက်လုနီးပါး ဖြစ်သွားကြောင်း သိလိုက်ရသည်။

​"တောက်... အသေခံ တိုက်ရတာပေါ့!"

ယနေ့တွင် သူ မည်သို့မျှ လွတ်မြောက်နိုင်တော့မည် မဟုတ်မှန်း သိလိုက်သည်။ သူ၏ မျက်လုံးများမှာ ပြတ်သားသွားပြီး လက်ချောင်းထိပ်တွင် ဝိညာဉ်ဓားကို စုစည်းလိုက်သည်။ သူ မြေပြင်ကို အားဖြင့်နင်းကာ အမျိုးသမီးထံသို့

လျှပ်စီးကဲ့သို့ ပြေးဝင်သွားတော့သည်။

​'မြန်လိုက်တာ...

အမျိုးသမီးသည် ချန်အန်၏ အရှိန်အဟုန်ကြောင့် ထိတ်လန့်သွားသည်။ သူမသည် ချက်ချင်း တုံ့ပြန်ပြီး သူ၏ ဓားချက်ကို ရှောင်ရန် ကြိုးစားသော်လည်း အလွန်ပင် နှေးကွေးလွန်းလှသည်။ ချန်အန်နှင့် နှိုင်းယှဉ်လျှင် သူမ၏ အရှိန်မှာ အလွန်ပင် ကွာခြားလှပေသည်။

​သူမ ခြေလှမ်းတစ်လှမ်းမျှ မရွှေ့ရသေးမီမှာပင် ချန်အန်သည် သူမရှေ့သို့ ရောက်ရှိနေပြီ ဖြစ်သည်။

ထို့နောက်!

လက်သီးချက်နှင့် ဓားချက် ရာပေါင်းများစွာသည် သူမ၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားတော့သည်။

​မျက်လုံးများ

ရင်ဘတ်

ခန္ဓာကိုယ် အောက်ပိုင်း

​ဓားချက်တိုင်းမှာ အသက်အန္တရာယ် ပေးနိုင်သော နေရာများကိုသာ ဦးတည်ထားသည်။ တိုက်စစ်မှာ အလွန်ပင် ပြင်းထန်လှသည်။

သို့သော် ချန်အန်ကို မျှော်လင့်ချက်မဲ့စေသည်မှာ သူ၏ ဓားချက်များမှာ ပြင်းထန်ပြီး ရက်စက်လှသော်လည်း အမျိုးသမီး၏ ကိုယ်ပေါ်သို့ ကျရောက်သည့်အခါတိုင်းတွင် ယခင်ကကဲ့သို့ပင် ရွှေရောင်အလင်းဖျော့ဖျော့လေးက တားဆီးထားသဖြင့် အမျိုးသမီးကို အနည်းငယ်မျှ ဒဏ်ရာရအောင် မလုပ်နိုင်ခြင်းပင် ဖြစ်သည်။

................................................

All Chapters