← Chapters

အခန်း (၁၅၅-၁၅၆)

Vol. 15 Ch. 155-156

အခန်း (၁၅၅-၁၅၆)

Vol. 15 Ch. 155-156

အခန်း ၁၅၅ - မြေခွေးမိစ္ဆာ...မျှော်လင့်ချက်မဲ့ခြင်း

​ချန်အန်သည် မကျေမနပ်ဖြစ်ကာ အရှုံးမပေးဘဲ ခရမ်းရောင်ဝတ်စုံနှင့် အမျိုးသမီးကို ဆက်တိုက် ခုတ်နှက်နေတော့သည်။ ထိုရွှေရောင်အလင်းလွှာတွင် ကန့်သတ်ချက်ရှိမည်ဟု သူခန့်မှန်းမိသည်။ သူသာ အကြိမ်ရေအလုံအလောက် တိုက်ခိုက်နိုင်ပါက ထိုရွှေရောင်အလင်း၏ ကာကွယ်ရေးကို ကျိန်းသေပေါက် ဖောက်ထွက်နိုင်ပေလိမ့်မည်။

​'ဒီလူက ဘာဖြစ်နေတာလဲ!'

'ပြီးတော့ ငါ့ရဲ့ မိစ္ဆာသံစဉ်က ဘာလို့ သူ့အပေါ်မှာ အာနိသင်မရှိရတာလဲ

'သူက လောကကြီးကို ငြီးငွေ့ပြီး မိန်းမတွေအပေါ် စိတ်မလာတော့တာများလား..

ခရမ်းရောင်ဝတ်စုံနှင့် အမျိုးသမီးသည် ချန်အန်၏ တိုက်စစ်ကို အစွမ်းကုန်ခုခံရင်း ဇဝေဇဝါ ဖြစ်နေမိသည်။

တောအုပ်နီသို့ ရောက်ကတည်းက သူမ ပထမဆုံးအကြိမ် အကြပ်ရိုက်ဖူးခြင်းဖြစ်ရာ အတော်လေး စိတ်ပျက်မိသွားသည်။

​ကွဲအက်သံ!

ရုတ်တရက် ခရမ်းရောင်ဝတ်စုံနှင့် အမျိုးသမီးထံမှ ကြည်လင်သော အက်ကွဲသံတစ်ခု ထွက်ပေါ်လာသည်။ သူမ၏ ကာကွယ်ရေးအလွှာမှာ အက်ကွဲသွားပြီ ဖြစ်သည်။

​အမျိုးသမီး၏ မျက်နှာတွင် ထိတ်လန့်မှုများ ယှက်သန်းသွားသော်လည်း ချန်အန်၏ မျက်နှာတွင်မူ ဝမ်းသာရိပ်များ ပြည့်နှက်သွားသည်။ သူသည် သူ၏ဓားကို ပိုမိုရူးသွပ်စွာ ဝှေ့ယမ်းလိုက်တော့သည်။

​သူ့ခန့်မှန်းချက် မှန်သည်။

ခရမ်းရောင်ဝတ်စုံနှင့် အမျိုးသမီး၏ ကိုယ်ပေါ်ရှိ အလင်းလွှာသည် ဒဏ်ရာလက်ခံနိုင်စွမ်း အကန့်အသတ်ရှိသည်။ ယခုမူ သူမ အစွမ်းကုန် ရောက်ရှိသွားပြီ ဖြစ်သည်။

​ချလွင်... ချလွင်... ချလွင်!

ကွဲ... ကွဲ... ကွဲ!

​ဓားချက်များ ဆက်တိုက်ကျရောက်လာသည်နှင့်အမျှ ခရမ်းရောင်ဝတ်စုံနှင့် အမျိုးသမီး၏ ကိုယ်ပေါ်ရှိ ရွှေရောင်အလင်းလွှာပေါ်တွင် အက်ကြောင်းများ ပိုမိုများပြားလာသည်။ နောက်ဆုံးတွင် ကျယ်လောင်သော အသံနှင့်အတူ ရွှေရောင်အလင်းလွှာမှာ လုံးဝဥဿုံ ကြေမွသွားပြီး သူမတွင် ကာကွယ်ရေးမဲ့သွားတော့သည်။

​"သေစမ်း!"

ချန်အန်သည် အမျိုးသမီး၏ ဖြူဖွေးသော လည်ပင်းဆီသို့ သူ၏ဓားကို ရုတ်တရက် ဝှေ့ယမ်းလိုက်သည်။ သူမ မည်မျှပင် လှပနေပါစေ သူ ညှာတာထောက်ထားခြင်း အလျင်းမရှိချေ။

​ဝိန်း...

ချန်အန်၏ လက်ချောင်းထိပ်မှ ဝိညာဉ်ဓားအလင်းသည် အမျိုးသမီး၏ လည်ပင်းကို ပွတ်ကာ ဖြတ်သွားသော်လည်း ဟာလာဟင်းလင်း လေထုကိုသာ ထိမှန်လိုက်သကဲ့သို့ ခံစားရသည်။ မည်သည့်အတားအဆီးကိုမျှ မတွေ့ရဘဲ လေထဲကိုသာ ခုတ်လိုက်ရခြင်း ဖြစ်သည်။

​'သူ ဘယ်ရောက်သွားတာလဲ'

ချန်အန်သည် မိမိရှေ့မှ ဗလာနယ်မြေကို မယုံနိုင်စွာ ကြည့်နေမိသည်။ ခဏမျှတော့ သူ အမြင်မှားနေသည်ဟုပင် ထင်လိုက်မိသည်။

ထို့နောက် သူ ချက်ချင်း သတိကပ်လိုက်ပြီး အမျိုးသမီး၏ ချောင်းမြောင်းတိုက်ခိုက်မှုကို စိုးရိမ်သဖြင့် ထိုနေရာမှ အမြန်ဆုံး ခွာလိုက်သည်။

​"သခင်လေး... ကိုယ့်ရှေ့မှာရှိနေတဲ့လူက ရုတ်တရက် ပျောက်ကွယ်သွားတာ ဘယ်လိုခံစားရလဲဟင်"

ခရမ်းရောင်ဝတ်စုံနှင့် အမျိုးသမီး၏ အသံမှာ သူ၏နောက်ကွယ်မှ ရုတ်တရက် ထွက်ပေါ်လာသည်။

​ချန်အန် လှည့်ကြည့်လိုက်သောအခါ ဆယ်မီတာခန့်အကွာတွင် ခရမ်းရောင်ဝတ်စုံနှင့် အမျိုးသမီးကို တွေ့လိုက်ရသည်။ ထိုစဉ်မှာပင် သူ၏ ဘေးဘက်မှလည်း သူမ၏ အသံထပ်ထွက်လာပြန်သည်။

​"သခင်လေး... တို့ရှေ့မှာ နှစ်ကြိမ်တောင် ပျောက်ကွယ်သွားခဲ့တယ်နော်။ အဲဒီတုန်းက တို့တကယ် စိတ်မကောင်းဖြစ်ခဲ့ရတာ"

ချန်အန် အသံလာရာဘက်ကို ကြည့်လိုက်သောအခါ နောက်ထပ် ခရမ်းရောင်ဝတ်စုံနှင့် အမျိုးသမီးတစ်ဦးကို ထပ်တွေ့ရပြန်သည်။

​တထပ်တည်းတူညီသော ခရမ်းရောင်ဝတ်စုံနှင့် အမျိုးသမီး နှစ်ယောက်လား..

သူ ဘာဖြစ်နေမှန်း မစဉ်းစားနိုင်သေးမီမှာပင်...

​ခရမ်းရောင်ဝတ်စုံနှင့် အမျိုးသမီး၏ အသံများသည် အရပ်မျက်နှာအနှံ့မှ ထွက်ပေါ်လာပြီး တစ်ခုပြီးတစ်ခု ဆက်တိုက် ကြားနေရတော့သည်။

"သခင်လေး... အရမ်း ဇဝေဇဝါ ဖြစ်နေတာလား"

"သခင်လေး... သူမပြောတာ မယုံနဲ့။ သူမက သခင်လေးကို လိမ်နေတာ။ သူမမှာ ကိုယ်ပွားအတတ် မရှိဘူး"

"သခင်လေး... အေးအေးဆေးဆေးပဲ အရှုံးပေးလိုက်ပါ"

"သခင်လေး..."

​အမျိုးသမီး၏ အသံမှာ ပိုမိုကျယ်လောင်လာပြီး သူ၏နားထဲတွင် မိစ္ဆာတစ်ကောင် တိုးတိုးလေး ကပ်ပြောနေသကဲ့သို့ ခံစားရသည်။ ချန်အန်မှာ ဦးခေါင်းပေါက်ထွက်မတတ် ခံစားရပြီးနောက် မိမိသည် အမြင်မှားခြင်းအောက်သို့ ကျရောက်နေပြီဖြစ်ကြောင်း ချက်ချင်း သိလိုက်ရသည်။

ဤသည်မှာ မြေခွေးမိစ္ဆာများ ကျွမ်းကျင်သော နည်းလမ်းပင် ဖြစ်သည်။

​သို့သော် သိနေသော်လည်း အသုံးမဝင်ချေ။ သူ၏ထံတွင် အမြင်မှားခြင်းကို ဖြေဖျောက်နိုင်သော နည်းလမ်း မရှိသေးပေ။

​'ငါ ဘယ်အချိန်ကတည်းက အမြင်မှားခြင်းထဲ ကျသွားတာလဲ'

'အစကတည်းကလား'

ဤသို့တွေးမိသောအခါ ချန်အန် တုန်လှုပ်သွားမိသည်။ ဤမြေခွေးမိစ္ဆာသည် ကိုင်တွယ်ရ အလွန်ခက်ခဲလှသည်။ သူမတွင် လူများကို အလွယ်တကူ ကစားနိုင်သော နည်းလမ်းပေါင်းစုံ ရှိနေသည်။

​"သခင်လေး... တို့အပေါ်မှာ ရူးသွပ်ပေးပါ!"

"တို့အပေါ်မှာ အချစ်စိတ်တွေ ပေးပါ"

"တို့က သခင်လေးရဲ့ အချစ်ဆုံးလေ"

"တို့အတွက်ဆိုရင် သခင်လေး ဘာမဆို လုပ်ပေးရမယ်"

​အမျိုးသမီး၏ မိစ္ဆာသံစဉ်မှာ ပတ်ဝန်းကျင်တွင် ပဲ့တင်ထပ်နေသည်။ မကြာမီ အရပ်မျက်နှာအနှံ့မှ နှလုံးသားပုံသဏ္ဍာန် မြူခိုးအမြောက်အမြား ပေါ်လာပြီး ချန်အန်ထံသို့ ဖြည်းဖြည်းချင်း လွင့်မျောလာတော့သည်။

​ညှို့ဓာတ်အတတ်!

ဒါဇင်နှင့်ချီသော ညှို့ဓာတ်အတတ်များ!

သို့သော် ထိုအထဲတွင် တစ်ခုသာ အစစ်အမှန်ဖြစ်ပြီး ကျန်အရာများမှာ အမြင်မှားခြင်းသာ ဖြစ်ပေလိမ့်မည်။

​'ဟုတ်ပြီ!'

'ငါအခု သူတော်စင်အခြေအနေထဲမှာ ရှိနေဆဲပဲ။ သူမရဲ့ အစီအစဉ်ကို ငါက ပြန်အသုံးချရမယ်'

​ချန်အန် အလျင်အမြန် စဉ်းစားကာ တုံ့ပြန်မည့်နည်းလမ်းကို ရှာတွေ့သွားသည်။ ထို့ကြောင့် နှလုံးသားပုံစံ မြူခိုးများ ထိမှန်သွားသောအခါ သူသည် ညှို့ယူခံလိုက်ရဟန် ဆောင်လိုက်သည်။ စိတ်ထဲတွင် ပျို့အန်ချင်သော်လည်း အောင့်အည်းကာ ခရမ်းရောင်ဝတ်စုံနှင့် အမျိုးသမီးကို ငေးကြောင်ကြည့်ရင်း အူကြောင်ကြောင်လေး ရေရွတ်လိုက်သည်။

​"သခင်မ..."

"သခင်မ..."

​ခရမ်းရောင်ဝတ်စုံနှင့် အမျိုးသမီးသည် ထိုအသံကို ကြားသောအခါ ရပ်တန့်သွားပြီး ချန်အန်၏ အခြေအနေကို စောင့်ကြည့်နေသည်။

ပြီးခဲ့သည့်အကြိမ် ချင်ကုန်သွယ်ရေးကုမ္ပဏီတွင်လည်း ချန်အန်မှာ ညှို့ယူခံခဲ့ရဖူးသည်။ သို့သော် ခေတ္တမျှသာဖြစ်ပြီး ချက်ချင်း သတိပြန်ဝင်လာခဲ့သည်။ သူမသည် ထိုအကြောင်းကို အလွန်နားမလည်ဖြစ်နေသဖြင့် ယခုအခါ သေချာလေ့လာရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။

​နာရီဝက်ခန့် ကြာပြီးနောက်...

ချန်အန်မှာ အူကြောင်ကြောင် ရေရွတ်နေဆဲဖြစ်သည်ကို မြင်သောအခါ အမျိုးသမီးက သူမကိုယ်သူမ ရေရွတ်လိုက်သည်။

"ပြီးခဲ့တဲ့အကြိမ်က တိုက်ဆိုင်မှုတစ်ခုပဲ ထင်ပါရဲ့"

​ထိုသို့ပြောပြီးနောက် သူမက ဆွဲဆောင်မှုရှိစွာ ပြုံးကာ ချန်အန်ကို လက်ယပ်ခေါ်လိုက်သည်။

"သခင်လေး... တို့ဆီကို မြန်မြန်လာပါဦး"

​ထိုအချိန်တွင် သူမ၏ ပတ်ပတ်လည်ရှိ ကိုယ်ပွားများမှာ ပျောက်ကွယ်သွားပြီ ဖြစ်သည်။ ပို၍ တိတိကျကျ ပြောရလျှင် အမြင်မှားခြင်းကို ဖယ်ရှားလိုက်ခြင်း ဖြစ်သည်။ အစီရင်ခံအတွင်းတွင် သူမတစ်ဦးတည်းသာ ရှိတော့သည်။

​ချန်အန်သည် သူ၏ရှေ့မှ ဗလာနယ်မြေတွင် သူမ၏ အစစ်အမှန်ကိုယ်ထည်ကို မြင်လိုက်ရသော်လည်း ဆက်လက်၍ ညှို့ယူခံထားရဟန် ဆောင်နေဆဲ ဖြစ်သည်။ သူသည် သူမထံသို့ ခွေးငယ်လေးတစ်ကောင်ကဲ့သို့ တုန်တုန်ချိချိ လျှောက်သွားလိုက်သည်။

​မကြာမီ...

သူသည် အမျိုးသမီး၏ ရှေ့သို့ ရောက်ရှိကာ ရပ်လိုက်သည်။

​"အို... မွှေးလိုက်တာ"

ချန်အန်၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော ထူထဲလှသော ဝိညာဉ်အရှိန်အဝါကို ရရှိလိုက်သောအခါ အမျိုးသမီး မထိန်းနိုင်တော့ချေ။ သူမသည် ချန်အန်၏ ကော်လာကို ဆွဲကိုင်ကာ သူ၏ ချောမောသော မျက်နှာကို သူမဆီသို့ ဆွဲချလိုက်သည်။

​ထို့နောက် သူမ၏ နီရဲသော နှုတ်ခမ်းလွှာလေးကို ဟလိုက်ပြီး ချန်အန်၏ 'ကောင်းကင်တံခါး'မှ ဝိညာဉ်အဆီအနှစ်ကို စုပ်ယူရန် ပြင်လိုက်သည်။ သူမ၏ စုပ်ယူမှုအောက်တွင်... မကြာမီ ချန်အန်၏ ဦးခေါင်းပေါ်မှ ဖြူလွလွ မြူခိုးလေးများ ထွက်ပေါ်လာပြီး သူမ၏ နှုတ်ခမ်းထဲသို့ တစ်ခုပြီးတစ်ခု တိုးဝင်သွားတော့သည်။ သူမသည် အရသာတွေ့ဟန်ဖြင့် မှိန်းနေတော့သည်။

​အခြားတစ်ဖက်တွင်မူ စုပ်ယူခံနေရသော ချန်အန်သည် တစ်ကိုယ်လုံး နာကျင်မှုကို ခံစားနေရသည်။ သူ၏ အရိုးထဲမှ ရိုးတွင်းခြင်ဆီများကို တူးထုတ်ခံနေရသကဲ့သို့ ခံစားရပြီး ကြွက်သားများမှာလည်း နာကျင်လွန်းသဖြင့် တုန်ယင်နေတော့သည်။

​ဤသည်မှာ တကယ့်နာကျင်မှု အစစ်အမှန်ပင်!

ဒါက အမြင်မှားခြင်း လုံးဝမဟုတ်ချေ။ ရှေ့မှ အမျိုးသမီးမှာ သူမ၏ အစစ်အမှန် ကိုယ်ထည်ဖြစ်ပြီး သူ၏ အဆီအနှစ်များကို စုပ်ယူနေခြင်း ဖြစ်သည်။

​စိတ်ထဲတွင် ဤအချက်ကို အတည်ပြုလိုက်ပြီးနောက်

ချန်အန်၏ မျက်လုံးများ ပြတ်သားသွားသည်။ တစ်ခဏအတွင်း သူသည် ခန္ဓာကိုယ်တွင်းရှိ ဝိညာဉ်စွမ်းအင်အားလုံးကို စုစည်းလိုက်ပြီး သူ၏ လက်နက်ကို အနီးကပ်အသုံးပြုကာ အမျိုးသမီး၏ နှလုံးသား ညာဘက်ခြမ်းကို ပြင်းထန်စွာ ထိုးစိုက်လိုက်သည်။

​ထိုနေရာမှာ မိစ္ဆာတို့၏ 'မိစ္ဆာအမြုတေရှိသည့် နေရာပင်

မိစ္ဆာအမြုတေသာ ပျက်စီးသွားပါက ထိုမိစ္ဆာမှာ သေဆုံးခြင်း သို့မဟုတ် ပြင်းထန်စွာ ဒဏ်ရာရရှိပြီး တိုက်ခိုက်နိုင်စွမ်း လုံးဝ ပျောက်ကွယ်သွားမည် ဖြစ်သည်။

.................................................

အခန်း ၁၅၆ - ကောင်းကင်နှင့်မြေကမ္ဘာဂိုဏ်းသို့ ဝင်ခွင့်လျှောက်ထားခြင်း

​"နင်...!"

ခရမ်းရောင်ဝတ်စုံနှင့် အမျိုးသမီး၏ လှပသောမျက်ဝန်းများ ပြူးကျယ်သွားသည်။ ချန်အန်က ဤမျှအနီးကပ်မှ ရုတ်တရက် ချောင်းမြောင်းတိုက်ခိုက်လိမ့်မည်ဟု သူမ လုံးဝမထင်ထားမိချေ။ သူမ ရှောင်တိမ်းရန် ကြိုးစားသော်လည်း နောက်ကျသွားပြီ ဖြစ်သည်။

​ဖောက်!

ခရမ်းရောင်ဝတ်စုံနှင့် အမျိုးသမီး၏ နှလုံးသား ညာဘက်အခြမ်းရှိ အဝတ်အစားများတွင် အပေါက်ကြီးတစ်ပေါက် ချက်ချင်း ပေါ်လာတော့သည်။

သူမ၏ ဖြူဖွေးနုနယ်သော အသားအရေမှာ အတိုင်းသား ပေါ်ထွက်လာပြီး အဝတ်အစားများမှာလည်း စုတ်ပြတ်သွားသည်။

သို့သော်လည်း သူမ၏ ခန္ဓာကိုယ်တွင် ဒဏ်ရာတစ်စုံတစ်ရာ မရှိချေ။ ခရမ်းရောင်ရင့်ရင့် အလင်းလွှာတစ်ခုက သူမကို ကာကွယ်ထားခြင်း ဖြစ်သည်။

​၎င်းမှာ အဆင့်မြင့် ခံစစ်ရတနာပင် ဖြစ်သည်။

​"တောက်!... ကျိန်စာတိုက်မိသလိုပဲ!"

ချန်အန်၏ စိတ်ဓာတ်မှာ အကြီးအကျယ် ပေါက်ကွဲသွားပြီး ဆဲရေးမိတော့သည်။ ခရမ်းရောင်ဝတ်စုံနှင့် အမျိုးသမီးမှာ အဆင့်အတန်းချင်း လုံးဝမတူချေ။

သူမသည် ခေါင်းအစ ခြေအဆုံး အဆင့်မြင့် ကာကွယ်ရေးရတနာများဖြင့် ဖုံးလွှမ်းထားသဖြင့် သူမ၏ ကာကွယ်ရေးကို သူ မည်သို့မျှ မဖောက်နိုင်ချေ။

​ဒါက ဘယ်လိုတရားမဲ့တဲ့ ကိစ္စလဲ

ချန်အန် အစွန်းကုန် မျှော်လင့်ချက်မဲ့နေစဉ်မှာပင်... ရုတ်တရက် သူ၏ ဝိညာဉ်အာရုံက တစ်ခုခုကို သတိပြုမိလိုက်သည်။ 'မြေပြင်ကို ထောင်ချောက်လုပ်ခြင်း' အစီရင်ခံမှာ ပျောက်ကွယ်သွားပြီ ဖြစ်သည်..

​၎င်းမှာ အမြင်မှားခြင်း ဟုတ်မဟုတ် သူ မဝေခွဲနိုင်သော်လည်း ရှေ့မှ အမျိုးသမီးကို ဂရုမစိုက်နိုင်တော့ဘဲ သစ်သားစွမ်းအင် လွတ်မြောက်ခြင်းအတတ်ကို အသုံးပြုကာ ချက်ချင်း ထွက်ပြေးတော့သည်။

​ဆယ်မီတာ ငါးဆယ်မီတာ မီတာတစ်ရာ နှစ်ရာ သုံးရာ

မျက်တောင်တစ်ခတ်အတွင်း ချန်အန်သည် မီတာရာပေါင်းများစွာ အကွာသို့ ရောက်ရှိသွားသည်။ မည်သည့် အဟန့်အတားမျှ မရှိတော့ချေ။ အစီရင်ခံမှာ တကယ်ပဲ ပျောက်ကွယ်သွားခြင်း ဖြစ်သည်။

​အဘယ်ကြောင့် ပျောက်ကွယ်သွားသည်ကို ချန်အန် မသိသော်လည်း အစီရင်ခံ၏ အချိန်ကုန်သွားခြင်း သို့မဟုတ် ခုနက သူ၏ တိုက်ခိုက်မှုကြောင့် အမျိုးသမီးကို အတော်လေး တုန်လှုပ်သွားစေကာ သူမ ထိန်းချုပ်ထားသော အစီရင်ခံကို ယိုင်နဲ့သွားစေခြင်း ဖြစ်နိုင်ပါသည်။ မည်သို့ပင်ဖြစ်စေ အစီရင်ခံ ပျက်စီးသွားခြင်းကသာ အဓိကပင်။

​ချန်အန် ထွက်ပြေးသွားသည်နှင့် ခရမ်းရောင်ဝတ်စုံနှင့် အမျိုးသမီးမှာ မျက်နှာတစ်ခုလုံး နီမြန်းသွားတော့သည်။ သူမ၏ အဝတ်အစားများမှာ ထိုးဖောက်ခံထားရသဖြင့် ပွင့်ထွက်နေပြီး သူမ၏ ကိုယ်ခန္ဓာကို သူ မြင်သွားခဲ့ပြီ မဟုတ်ပါလား။

သူမသည် အသားယူခံလိုက်ရပြီ ဖြစ်သည်။ အပျိုစင်ဖြစ်သော သူမအတွက် ဤသည်မှာ အတော်လေး ဆုံးရှုံးမှုကြီးပင်။

​သို့သော် သူမသည် ဤရှက်စိတ်ကို အမြန်ဖျောက်လိုက်သည်။ သူမ၏ အာရုံမှာ ချန်အန်ကို ညှို့ယူရန် နှစ်ကြိမ်တိုင်တိုင် အဘယ်ကြောင့် မအောင်မြင်ခဲ့သနည်း ဆိုသည့်အချက်သို့ ရောက်သွားသည်။ အကြိမ်တိုင်းတွင် သူမသည် သူ့ကို ခေတ္တမျှသာ ညှို့ယူနိုင်ခဲ့သည်။ မည်သို့ပင် စဉ်းစားစေကာမူ အဖြေရှာ၍ မရနိုင်ချေ။

​"သူ့ကို ညှို့ယူဖို့ ဘာလို့ မအောင်မြင်တာလဲ မသိပေမဲ့ ဒီလူသားကျင့်ကြံသူရဲ့ ဝိညာဉ်အဆီအနှစ်က အရမ်းကို မွှေးကြိုင်လွန်းတယ်။ တကယ်ကို မခံနိုင်လောက်အောင်ပဲ"

​"အဘွားပြောတာ မမှားဘူးပဲ။ လူသားကျင့်ကြံသူ အမျိုးသားက ပိုချောလေလေ၊ သူ့ရဲ့ အဆီအနှစ်က ပိုအရသာရှိလေလေပဲ"

​"နောက်တစ်ခါကျရင် ညှို့ဓာတ်အတတ်ကို မသုံးတော့ဘူး။ သူ့ကို အစီရင်ခံနဲ့ အရင်ချုပ်နှောင်ပြီးမှ ဖြည်းဖြည်းချင်း စုပ်ယူရမယ်"

​ခရမ်းရောင်ဝတ်စုံနှင့် အမျိုးသမီးသည် စုတ်ပြတ်နေသော အဝတ်အစားများကို လက်တစ်ဖက်ဖြင့် ဖုံးကာရင်း သူမ၏ ပန်းရောင်လျှာလေးဖြင့် နှုတ်ခမ်းကို လျက်လိုက်သည်။

သူမသည် ထိုဝိညာဉ်အဆီအနှစ်၏ အရသာကို စွဲလမ်းနေမိဆဲ ဖြစ်သည်။ သူမသည် ချန်အန်နောက်သို့ ချက်ချင်းလိုက်ရန် မလောတော့ဘဲ ပြီးပြည့်စုံသော အမဲလိုက်ခြင်း အစီအစဉ်ကို အရင်ဆွဲရန် ဆုံးဖြတ်လိုက်သည်။ နောက်တစ်ကြိမ်တွင်မူ ချန်အန်ကို လုံးဝ လွတ်မြောက်ခွင့် ပေးတော့မည် မဟုတ်ချေ။

​ဆယ်မိုင်ခန့်အကွာရှိ တောအုပ်အတွင်း၌...

ချန်အန်သည် သစ်သားစွမ်းအင် လွတ်မြောက်ခြင်းအတတ်ကို အသုံးပြုကာ အတင်းအဓမ္မ ထွက်ပြေးလာရင်း သူ၏ ဝိညာဉ်အာရုံကို ဖြန့်ကြက်ကာ နောက်မှ လိုက်လာသူ ရှိမရှိ စစ်ဆေးနေသည်။

ခရမ်းရောင်ဝတ်စုံနှင့် အမျိုးသမီး လိုက်မလာသည်ကို အတည်ပြုပြီးနောက်မှ သူ ရပ်လိုက်သည်။

​ထို့နောက် စိတ်ကူးဖြင့်ပင် သူ၏ သိုလှောင်အိတ်ထဲမှ ပျံသန်းဓားကို ထုတ်ကာ စီးနင်းလိုက်သည်။ ခုနက ပျံသန်းဓား မစီးခဲ့ခြင်းမှာ ရန်သူ့မျက်စိတွင် ပေါ်လွင်လွန်းမည် စိုးသောကြောင့် ဖြစ်သည်။

ယခုမူ ရန်သူနှင့် အလှမ်းဝေးသွားပြီဖြစ်ရာ ပိုမိုမြန်ဆန်သော ပျံသန်းဓားအတတ်ကို အသုံးပြုကာ အကွာအဝေးကို ပိုချဲ့လိုက်ပြီး 'ကောင်းကင်နှင့်မြေကမ္ဘာဂိုဏ်း' ဆီသို့ အမြန်ဦးတည်လိုက်သည်။

​မကြာမီ ချန်အန်သည် သူ၏ရှေ့တွင် အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့် ငှက်မိစ္ဆာအုပ်ကြီးကို မြင်လိုက်ရသည်။ ထိုငှက်မိစ္ဆာများကလည်း သူ့ကို မြင်သည်နှင့် မီးထဲတိုးသည့် ပိုးဖလံများကဲ့သို့ ဝိုင်းဝန်းတိုက်ခိုက်ကြတော့သည်။

​ချန်အန်က သူ၏ အရှိန်အဝါကို ဖုံးကွယ်ထားသဖြင့် ထိုငှက်မိစ္ဆာများမှာ သူ၏ အဆင့်မှန်ကို မသိကြချေ။ ၎င်းတို့မှာ ဉာဏ်ရည်နိမ့်ပါးသော မိစ္ဆာသားရဲများသာ ဖြစ်သည်။ ချန်အန် ဂရုပင်မစိုက်ဘဲ လက်ညှိုးကို မြှောက်ကာ ရမ်းသန်းပစ်ခတ်လိုက်ရာ တစ်ခဏအတွင်းမှာပင် ငှက်မိစ္ဆာ ရာပေါင်းများစွာမှာ ရွှေရောင်အလင်းတန်းများ ထိမှန်ကာ မြေပြင်သို့ ပြုတ်ကျကုန်တော့သည်။

​သူသည် ၎င်းတို့၏ မိစ္ဆာအမြုတေများကို သိမ်းဆည်းကာ သိုလှောင်အိတ်ထဲ ထည့်လိုက်ပြီး ခရီးဆက်ခဲ့သည်။ အစကမူ သူသည် 'ကောင်းကင်နှင့်မြေကမ္ဘာဂိုဏ်း' သို့ ဝင်ရန် အလွန်အမင်း မလောခဲ့သော်လည်း ထိုမြေခွေးမိစ္ဆာ၏ အနှောင့်အယှက်ကို သုံးကြိမ်တိုင်တိုင် ကြုံခဲ့ရပြီးနောက်တွင်မူ အကာအကွယ်တစ်ခုကို အပူတပြင်း ရှာဖွေလိုစိတ် ဖြစ်ပေါ်လာသည်။

​ထိုဂိုဏ်းသို့ ဝင်လိုက်သည်နှင့် မြေခွေးမိစ္ဆာသည် သူ့ကို နောက်နောင် မည်သို့မျှ လုပ်နိုင်တော့မည် မဟုတ်ချေ။ တကယ်တော့ သူသည် မိမိကိုယ်တိုင်ထက် အိမ်၌ ကျန်ရစ်ခဲ့သော ဇနီးသည်များနှင့် သမီးလေးများကို ပို၍ စိုးရိမ်နေခြင်း ဖြစ်သည်။ ထိုမြေခွေးမိစ္ဆာက သူ၏အိမ်အထိ ရောက်လာမည်ကို သူ အလွန်စိုးရိမ်နေမိသည်။

​တစ်နာရီကျော်ကြာပြီးနောက်...

ချန်အန်သည် 'ကောင်းကင်နှင့်မြေကမ္ဘာဂိုဏ်း' ၏ အပြင်ဘက်နယ်နိမိတ်သို့ အောင်မြင်စွာ ရောက်ရှိလာသည်။

ထိုဂိုဏ်းတွင် ပြင်ပလောကနှင့် ခွဲခြားထားသော ကာကွယ်ရေးအစီရင်ခံ ရှိသဖြင့် သူသည် အပြင်ဘက်၌သာ ဆင်းသက်ရသည်။ ဂိုဏ်းတစ်ခု၏ ကောင်းကင်ယံထက်တွင် ပျံသန်းခြင်းမှာ ကိုယ့်သေတွင်းကိုယ်တူးခြင်းနှင့် အတူတူပင် ဖြစ်သည်။

​"ဘယ်သူလဲ"

"ကောင်းကင်နှင့်မြေကမ္ဘာဂိုဏ်းကို ဘာကိစ္စနဲ့ လာတာလဲ"

​ချန်အန်သည် ကျောက်တံခါးဝသို့ ရောက်သည်နှင့် မြေပြင်အောက်မှ အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတစ်ဦး ချက်ချင်း ထွက်ပေါ်လာသည်။ ၎င်းမှာ 'မြေပြင်လွတ်မြောက်ခြင်းအတတ်'ပင် ဖြစ်သည်။

​"မိတ်ဆွေကျင့်ကြံသူ... ကျွန်တော်က တောအုပ်နီက တစ်ကိုယ်တော် ကျင့်ကြံသူတစ်ယောက်ပါ။ ဒီဂိုဏ်းက အခု လူသစ်တွေ လက်ခံနေသေးသလားဆိုတာ လာစုံစမ်းတာပါ"

စကားပြောရင်း ချန်အန်က သိတတ်စွာဖြင့် သူ၏သိုလှောင်အိတ်ထဲမှ အဆင့်မြင့် ဝိညာဉ်ကျောက်တုံးတစ်တုံးကို ထုတ်ကာ တစ်ဖက်လူအား ပေးလိုက်သည်။

သူ၏မျက်နှာတွင်လည်း အစအဆုံး ဖော်ရွေသော အပြုံးတစ်ခုကို ဆင်မြင်ထားသည်။

​ရက်ဝုဒ်တောအုပ်မှ တစ်ကိုယ်တော် ကျင့်ကြံသူဟု ကြားရသောအခါ ဂိတ်စောင့်တပည့်၏ မျက်နှာတွင် အထင်အမြင်သေးရိပ်များ ပေါ်လာသော်လည်း ချန်အန်က အဆင့်မြင့် ဝိညာဉ်ကျောက်တုံးကို ပေးလိုက်သည်ကို မြင်သောအခါတွင်မူ ချက်ချင်းပင် အမူအရာပြောင်းကာ ယဉ်ကျေးပျူငှာသွားတော့သည်။

​"ဟုတ်ကဲ့... လက်ခံတာပေါ့"

"အရည်အချင်းရှိရင်ပဲဖြစ်ဖြစ်၊ ကျင့်စဉ်အဆင့် မြင့်ရင်ပဲဖြစ်ဖြစ် 'ကောင်းကင်နှင့်မြေကမ္ဘာဂိုဏ်း' က အချိန်မရွေး ကြိုဆိုနေမှာပါ။ မိတ်ဆွေရဲ့ ကျင့်စဉ်အဆင့်က ဘယ်လောက်လဲ။ ထူးခြားတဲ့ စွမ်းရည်ရော ရှိသလား"

​ငွေကြေး၏ စွမ်းအားကြောင့် တစ်ဖက်လူ၏ ရိုသေပျူငှာသော အမူအရာကို မြင်သောအခါ ချန်အန် အံ့သြသွားမိသည်။ ထိုသူသည် ဂိုဏ်းသားတစ်ဦးဖြစ်သဖြင့် တောအုပ်နီမှ လူများကို နှိမ်လိမ့်မည်ဟု ထင်ထားသော်လည်း တကယ်တမ်းတွင် စကားပြောရ အလွန်လွယ်ကူနေပါလား။

​ဒါဟာ ငွေကြေးရဲ့ စွမ်းအားပဲလား။

.............................................................

All Chapters