အခန်း (၈၇၇-၈၇၉)
Vol. 59 Ch. 877-879
အပိုင်း ( ၈၇၇ ) အဆက်အသွယ် ပြတ်တောက်ခြင်း
ဆန်နီ နဲ့ သူ့ရဲ့ စစ်သည်တွေဟာ ခံတပ်အခြေချစခန်းထဲကို ဝင်လိုက်ကြပြီး.. ထူထဲတဲ့ တံတိုင်းကြီးတွေရဲ့ နောက်ကွယ်မှာ နှင်းမုန်တိုင်းဒဏ်ကနေ ခိုလှုံခွင့်ရတာကို ဝမ်းသာနေကြတယ်..။ ဒီနေရာမှာတော့ အဆောက်အဦးတွေကြားထဲ ကင်းလှည့်နေတဲ့ နိုးထသူ စစ်သည်အဖွဲ့တွေကို သူတို့ တွေ့လိုက်ရပါတယ်..။ သူတို့အားလုံးဟာ ပင်ပန်းနွမ်းနယ်နေတဲ့ ပုံစံမျိုး ရှိနေကြတယ်..။
မာစတာ ဗန် က သူတို့ကို စခန်းရဲ့ အတွင်းပိုင်းဆီ ခေါ်ဆောင်သွားပြီး.. အလယ်ဗဟိုမှာရှိတဲ့ အခုံးပုံစံ အဆောက်အဦးကြီးနားကနေ ပတ်သွားခဲ့တယ်..။ သူ့ရဲ့ ခြေလှမ်းတွေက တည်ငြိမ်ပြီး ယုံကြည်ချက်ရှိနေပါတယ်..။
“ကျွန်တော့်ရဲ့ အမိန့်ပေးမှုအောက်မှာ နိုးထသူ တစ်ရာ နဲ့.. သာမန်စစ်သည် တစ်ထောင်နီးပါး ရှိတယ်..။ ကျွန်တော်တို့ရဲ့ အကာအကွယ်အောက်မှာ ရှိနေတဲ့ သိပ္ပံပညာရှင်တွေနဲ့ အရပ်သားဝန်ထမ်း ငါးရာလောက်လည်း ရှိသေးတယ်..။
မကြာခင်အချိန်အထိတော့ အရာအားလုံး အဆင်ပြေခဲ့ပါတယ်..။ ဒါပေမဲ့ ခင်ဗျား မြင်တဲ့အတိုင်းပဲ.. ကျွန်တော်တို့ အားလုံးကတော့ ဒီသမုဒ္ဒရာနဲ့ ဝေးရာကို မြန်မြန် ထွက်သွားချင်နေကြပြီ.."
ဆန်နီ က မျက်ခုံးပင့်လိုက်ပြီး..
“…အဆင်ပြေခဲ့တာလား..”
ဗန် က မျက်နှာပျက်သွားပြီး..
“ဟုတ်တယ်..။ အနီးအနားမှာ ထွက်ပေါက် အတော်များများ ပေါ်လာခဲ့ပေမဲ့.. ကျွန်တော်တို့ရဲ့ အစောင့်တပ်ဖွဲ့နဲ့ ကာကွယ်ရေးစနစ်တွေက အိပ်မက်ဆိုး သားရဲတွေကို တားဆီးဖို့ လုံလောက်ပြီးသားပဲ..။ ဒါပေမဲ့.. တံတိုင်းတွေထဲမှာ အခိုက်အတန့် ကို မလွန်ဆန်တဲ့ လူတွေရှိလာခဲ့တယ်..။ ဒါကြောင့်လည်း ကျွန်တော်တို့ဘက်က အသေအပျောက် အနည်းငယ် ရှိခဲ့တယ်လေ..”
သူက ခနလောက် တုံ့ဆိုင်းနေပြီးမှ မေးလာခဲ့တယ်..။
“အပြင်ဘက်မှာ အခြေအနေက ဘယ်လိုရှိလဲ..”
ဆန်နီ က ပုခုံးတွန့်လိုက်ပြီး..
“အတော်လေး ဆိုးပေမဲ့.. ထိန်းချုပ်လို့တော့ ရပါသေးတယ်..။ စိတ်မပူပါနဲ့.. ဒီကိုလာတဲ့လမ်းမှာ တောင်ပေါ်ကနေ ဖြတ်လို့ရတဲ့ လမ်းကောင်းတစ်ခုကို ကင်းထောက်ထားပြီးသားပါ..။ ယာဉ်တန်းကို ပြန်ခေါ်သွားဖို့ဆိုတာ မဖြစ်နိုင်တာတော့ မဟုတ်ဘူး..။ ဒါပေမဲ့ ပြဿနာတစ်ခုတော့ ရှိတယ်..”
ဗန် က ရပ်လိုက်ပြီး လေးနက်တဲ့ အမူအရာနဲ့ သူ့ကို ကြည့်လိုက်ပါတယ်..။
“ဆက်သွယ်ရေးလား..။ ခင်ဗျားတို့လည်း စစ်ဌာနချုပ်နဲ့ အဆက်အသွယ် ပြတ်သွားတာလား..”
ဆန်နီ မျက်တောင်ခတ်လိုက်ပြီး..
“ဟုတ်တယ်..။ နေဦး.. ဒါဆို ခင်ဗျားတို့လည်း စစ်တပ်ကွန်ရက်နဲ့ အဆက်အသွယ် ပြတ်နေတာလား..”
ဒေသခံ တက်ရောက်သူ က ခနလောက် တိတ်ဆိတ်သွားပြီးမှ ခေါင်းညိတ်လိုက်တယ်..။
“လွန်ခဲ့တဲ့ လေးဆယ့်သုံးမိနစ်လောက်က ဆက်သွယ်ရေး အားလုံး ပြတ်တောက်သွားတာ..။ အခုထိတော့ အဆက်အသွယ်အသစ် ပြန်မရသေးဘူး..”
ဆန်နီ မျက်မှောင်ကျုတ်လိုက်တယ်..။ အန္တာတိက ကို လွှမ်းခြုံထားတဲ့ နှောင့်ယှက်မှုလှိုင်းတွေကြောင့် ရိုင်နို က ဆက်သွယ်လို့ မရတာကို သူ လက်ခံနိုင်ပေမဲ့.. LO49 လို စခန်းမျိုးမှာတော့ အလွန်အားကောင်းတဲ့ ဆက်သွယ်ရေးစနစ် ရှိသင့်ပါတယ်..။ သူတို့တောင်မှ အပြင်လောကနဲ့ ဆက်သွယ်လို့ မရဘူးဆိုရင်တော့..
‘တစ်ခုခုတော့ လွဲနေပြီ’
ဒီရုတ်တရက် ဆက်သွယ်ရေး ပြတ်တောက်မှုရဲ့ အကြောင်းရင်းကို သူ မသိပေမဲ့.. စစ်ဌာနချုပ်နဲ့ အဆက်အသွယ် မရတာကတော့ တကယ်ကို ပြသနာပါပဲ..။ သူတို့က ဒီကို ရောက်တာနဲ့ မာစတာ ဂျက် ဆီကို အကြောင်းကြားပြီး နောက်ထပ် ညွှန်ကြားချက်တွေကို လက်ခံရမှာ ဖြစ်ပါတယ်..။
ဆန်နီ က ဗန် ကို တစ်ချက် ကြည့်လိုက်တယ်..။
“ဒါက တကယ် ထူးဆန်းတယ်..။အာ..အပြစ်တင်တာတော့ မဟုတ်ပါဘူး.. ဒါပေမဲ့ဘယ်သူမှ မရှိတဲ့ နေရာက ဒီသုတေသနစခန်းကြီးက.. ကျွန်တော်တို့ ရောက်လာမှ ရုတ်တရက်ကြီး အပြင်လောကနဲ့ အဆက်အသွယ် ပြတ်သွားတယ်ဆိုတာ.. နည်းနည်းတော့ ကြောက်စရာ ကောင်းနေတယ်နော်..။ ဒီလို ဆက်သွယ်ရေး ပြတ်တောက်တာက သိပ္ပံပညာရှင်တွေ လုပ်နေတဲ့ အလုပ်နဲ့များ ပတ်သက်နေမလား..”
အရပ်ရှည်တဲ့ တက်ရောက်သူ က ပြုံးလိုက်ပြီး..
“ခင်ဗျား ဘာကြောင့် ဒီလို တွေးလဲဆိုတာ ကျွန်တော် နားလည်ပါတယ်..။ ဒါပေမဲ့ စိတ်ချပါ.. ဒီစခန်းမှာ လုပ်နေတဲ့ သုတေသနတွေက လုံးဝကို ဘေးကင်းပါတယ်..။ ကျွန်တော် ကိုယ်တိုင်က သိပ္ပံပညာရှင် မဟုတ်ပေမဲ့.. သူတို့ ဒီမှာ လုပ်နေတာတွေက သီအိုရီ သဘောတရားတွေ သက်သက်ပါပဲ..။ ဒီနေရာမှာ လက်တွေ့စမ်းသပ်မှုတွေ ဘာမှ မလုပ်တာကြောင့်.. တစ်ခုခု မှားယွင်းသွားစရာ အကြောင်း မရှိဘူး..။ အဆိုးဆုံး ဖြစ်နိုင်တာကတော့ တစ်စုံတစ်ယောက်က အချက်အလက်တွေ မှားရေးမိလို့ လူအိုကြီး ဆူတာကို ခံရတာမျိုးပဲ ရှိလိမ့်မယ်..”
ဆန်နီ သူ့မျက်နှာကို အကဲခတ်ကြည့်လိုက်တဲ့အခါမှာ တကယ်ကို ရိုးသားတယ်လို့ ခံစားရတာကြောင့် ပုခုံးတွန့်လိုက်တယ်..။
“ကောင်းပြီလေ..အဲလိုဆိုတော့လည်း..။ ခင်ဗျား ပြောတဲ့ လူအိုကြီး ဆိုတာက ကျွန်တော် ဘေးကင်းရာကို ပို့ပေးရမဲ့ အရေးကြီးပုဂ္ဂိုလ် လား..”
ဗန် က ခေါင်းညိတ်ပြလိုက်တယ်..။
“ဟုတ်တယ်.. အဓိက သုတေသန ပညာရှင်ကြီးပေါ့..။ သူက နည်းနည်းတော့ ထူးဆန်းပေမဲ့.. စိတ်ရင်းတော့ ကောင်းပါတယ်.. ။အချိန်အတော်များများမှာပေါ့..။အခု ခင်ဗျားကို သူနဲ့ မိတ်ဆက်ပေးဖို့ လုပ်နေတာ..”
ဆန်နီ သက်ပြင်းချလိုက်တယ်..။
“ဒါဆိုလည်း ရှေ့ကသွားပါ..။ ဒါပေမဲ့ ဒီမတိုင်ခင်မှာ ဆက်သွယ်ရေး ပြဿနာကို အရင် ဖြေရှင်းရမယ် ထင်တယ်..”
ဆန်နီ က မျက်စိကန်းသလို ဖြစ်နေရတာကို မကြိုက်ပါဘူး..။ စစ်ဌာနချုပ်နဲ့ အဆက်အသွယ် ပြတ်သွားတာက သူ့ရဲ့ အမြင်အာရုံ ဆုံးရှုံးသွားတာနဲ့ အတူတူပါပဲ..။ အန္တာတိက အလယ်ပိုင်းမှာ ဘာတွေ ဖြစ်နေလဲဆိုတဲ့ အချက်အလက်တွေ မရှိရင် သူက ပိုပြီး စိုးရိမ်စိတ် များလာတတ်ပါတယ်..။
ရိုင်နို ရော.. ဒီသုတေသနစခန်းရဲ့ ဆက်သွယ်ရေး စင်တာကပါ အပြင်လောကနဲ့ အဆက်အသွယ် မရနိုင်ပေမဲ့.. သူ လိုချင်တာကို ရနိုင်မဲ့ တခြားနည်းလမ်းတွေ ရှိပါသေးတယ်..။ သူတို့က နိုးထသူ တွေ ဖြစ်တာကြောင့် ကမ္ဘာနှစ်ခုကြားမှာ လွတ်လပ်စွာ သွားလာနိုင်ကြတဲ့ သူတွေပါ..။
သူ့ရဲ့ အဖွဲ့သားတွေဟာ စစ်ဌာနချုပ် ဒါမှမဟုတ် ပထမ အထူးတပ်ဖွဲ့ ရဲ့ တခြားအဖွဲ့တွေနဲ့ ဘယ်လောက်ပဲ ကီလိုမီတာ ရာနဲ့ချီ ဝေးကွာနေပါစေ.. အိပ်မက်ကမ္ဘာ ထဲမှာတော့ အဲဒီ အကွာအဝေးက အရေးမကြီးပါဘူး..။ နိုးထသူ နှစ်ယောက်က ခံတပ် တစ်ခုတည်းမှာ အမှတ်အသား ရှိနေပြီး တစ်ချိန်တည်းမှာပဲ အဲဒီကို သွားမယ်ဆိုရင်.. လက်တွေ့ကမ္ဘာမှာ ဆက်သွယ်ရေးစနစ်တွေ ပျက်စီးနေရင်တောင် သတင်းအချက်အလက်တွေကို လွတ်လပ်စွာ ဖလှယ်နိုင်ကြပါတယ်..။
ဒါကို သိနေတာကြောင့် သူက ဗန် ကို ကြည့်ပြီး အရေးကြီးတဲ့ မေးခွန်းတစ်ခု မေးလိုက်တယ်..။
“ဒီနေရာရဲ့ အခြေအနေက ဘယ်လိုလဲ..”
ဗန် က တွေဝေနေခဲ့ပြီးမှ..
“လွန်ခဲ့တဲ့ လေးဆယ့်သုံးမိနစ်တုန်းကတော့ အစိမ်းရောင် အဆင့်ပါပဲ..”
စစ်ဌာနချုပ်နဲ့ အဆက်အသွယ် မရှိရင် ထွက်ပေါက် နှောင့်ယှက်မှုတွေနဲ့ စခန်းပတ်ပတ်လည်မှာရှိတဲ့ ခေါ်သံ တွေရဲ့ ပြင်းအားကို သိနိုင်မှာ မဟုတ်ပါဘူး..။ ဒါပေမဲ့ နိုးထသူ တွေ.. အထူးသဖြင့် မာစတာ တွေကတော့ ဒီကိစ္စကို ကိုယ်တိုင် ဆုံးဖြတ်နိုင်ကြပါတယ်..။ဘာပဲဖြစ်ဖြစ် ခေါ်ဆိုသံ ရဲ့ သက်ရောက်မှုကို ခံရတာက သူတို့ ကိုယ်တိုင်ပဲ မဟုတ်ဘူးလား..။
ဒါပေမဲ့ သူတို့ရဲ့ ကိုယ်ပိုင်အာရုံခံစားမှုက ဌာနချုပ်က ပေးတဲ့ တိကျတဲ့ တွက်ချက်မှုတွေနဲ့ အချက်အလက်တွေလောက်တော့ မတိကျပါဘူး..။ဒါကြောင့်လည်း စစ်ဌာနချုပ်က အတည်ပြုထားတဲ့ အခြေအနေ အချက်အလက်တွေကိုပဲ ယုံကြည်ဖို့ အကြံပြုထားတာ ဖြစ်ပါတယ်..။
ဗန် ကတော့ စာအုပ်ကြီးအတိုင်း လုပ်ရတာကို ကြိုက်တဲ့ ပုံပါပဲ..။
ဆန်နီ မျက်လုံးတွေကို မှိတ်လိုက်ပြီး ခေါ်ဆိုသံ ရဲ့ တီးတိုး အသံတွေကို နားထောင်လိုက်တယ်..။ ဒါက မရှိသလောက်ကို အားနည်းနေခဲ့တာပါ..။ ပြီးခဲ့တဲ့ လေးဆယ့်သုံးမိနစ်အတွင်းမှာ ဘာမှ ပြောင်းလဲသွားပုံ မရပါဘူး..။
သူ မျက်လုံးတွေကို ဖွင့်လိုက်ပြီး..
“….အစိမ်းရောင်ပဲ ရှိဦးမှာပါ..။ လူစတာ၊ ဆမ်မာရာ နဲ့ ကင်မ်..။ မင်းတို့ သွားအိပ်ပြီး ဘာတွေ ဖြစ်နေတာလဲဆိုတာ ကြည့်လိုက်ဦး..။ ဖြစ်နိုင်ရင် ကပ္ပတိန် ဂျက် ကိုယ်တိုင် ဒါမှမဟုတ် ငါတို့ရဲ့ ကပ္ပတိန်တွေထဲက တစ်ယောက်ယောက်ဆီကနေ သတင်းရအောင် လုပ်ပါ..။ ဘာပဲဖြစ်ဖြစ် ငါတို့က နောက်ထပ် အမိန့်တွေကို လက်ခံရဦးမှာပဲ..”
ဒါဆိုရင်တော့ နောက်ထပ် ရှစ်နာရီလောက်မှာ အခြေအနေကို သူ ပိုသိရပါလိမ့်မယ်..။ ဆန်နီ က လူတစ်ထောင်ကျော်ပါတဲ့ ယာဉ်တန်းကို မြို့တော်ကြီးတစ်ခုဆီ ခေါ်သွားရမှာ ဖြစ်တာကြောင့်.. သူတို့ သွားမဲ့လမ်းကြောင်းရဲ့ အခြေအနေကို အတတ်နိုင်ဆုံး သိထားဖို့ လိုအပ်ပါတယ်..။
ဗန် က ခေါင်းညိတ်လိုက်ပြီး..
“ဟိုဘက်က အဆောက်အဦးမှာ ခင်ဗျားတို့ အနားယူလို့ ရတယ်..။ ဒီမှာရှိတဲ့ အိပ်စက်ခြင်း သေတ္တာ တွေက အတော်လေး ကောင်းတယ်..”
အဖွဲ့သားတွေက သူ့နောက်ကို လိုက်ပြီး နောက်ထပ် အဆောက်အဦးတစ်ခုထဲ ဝင်ကာ ဓာတ်လှေကားနဲ့ မြေအောက်ကို ဆင်းသွားကြတယ်..။ မကြာခင်မှာပဲ ဆန်နီ က စာသင်ခန်းတစ်ခုနဲ့ တူတဲ့ ကျယ်ဝန်းတဲ့ အခန်းတစ်ခုထဲကို ရောက်သွားခဲ့ပါတယ်..။ ဒီနေရာမှာတော့ အဖြူရောင် ဝတ်စုံဝတ်ထားတဲ့ အလွန်အိုမင်းတဲ့ လူကြီးတစ်ယောက်က လူငယ်လက်ထောက်တစ်ယောက်နဲ့ တစ်ခုခုကို ဆွေးနွေးနေတာကို တွေ့လိုက်ရတယ်..။
ဗန် က ချောင်းတစ်ချက်ဟန့်လိုက်ပြီး သူတို့ရဲ့ အာရုံကို ဆွဲဆောင်လိုက်ပါတယ်..။
“ပရော်ဖက်ဆာ.. ဒါက မာစတာ ဆန်းလပ်စ် ပါ..။ သူက ခင်ဗျားကို ဒီကနေ ခေါ်ထုတ်သွားဖို့ တာဝန်ယူထားတဲ့ သူပဲ..”
ယင်းနောက် သူက ဆန်နီ ကို ကြည့်ပြီး လေသံကို နိမ့်ကာ ပြောလိုက်တယ်..။
“မာစတာ ဆန်းလပ်စ်.. ဒါကတော့ LO49 ရဲ့ အဓိက သုတေသန ပညာရှင်.. ပရော်ဖက်ဆာ
အိုဘယ် ပါ..”
အပိုင်း ( ၈၇၇ ) ပြီး၏။
အပိုင်း ( ၈၇၈ ) VIP
ပျမ်းမျှသက်တမ်း တိုတောင်းလှတဲ့ မြို့ပြင်ရပ်ကွက်တွေမှာ အသက်ကြီးတဲ့ လူတွေကို တွေ့ရခဲပါတယ်..။ ဒါပေမဲ့ မြို့ထဲပိုင်းမှာတောင်မှ သက်ကြီးရွယ်အိုတွေဆိုတာ ပုံမှန်မြင်ရလေ့ရှိတဲ့ မြင်ကွင်းမျိုး မဟုတ်ပါဘူး..။ အကြောင်းရင်းကတော့ အရင်မျိုးဆက်တွေဟာ အိပ်မက်ဆိုး အခိုက်အတန့် စတင်ဝင်ရောက်လာချိန်မှာတင် အမြောက်အမြား သေဆုံးခဲ့ကြရလို့ပါပဲ..။ ဒါကြောင့် ဆန်နီ မှာ အမှန်တကယ် အသက်ကြီးတဲ့သူတွေနဲ့ ပတ်သက်တဲ့ အတွေ့အကြုံ သိပ်မရှိပါဘူး..။
ဒါပေမဲ့ သူ့ရှေ့မှာရှိနေတဲ့ လူကတော့ အသက်ကြီးရုံတင် မဟုတ်ပဲ.. တကယ့်ကို ရှေးဟောင်းပစ္စည်းကြီး တစ်ခုလိုဖြစ်နေခဲ့တယ်..။ သူက အနည်းဆုံးတော့ အသက် ရှစ်ဆယ် ဒါမှမဟုတ် အဲဒီထက်တောင် ပိုကြီးနိုင်ပါတယ်..။ သူ့ရဲ့ အရေပြားက စက္ကူလို ပါးလွှာနေပြီး အရေပြားအောက်မှာ အပြာရောင်သွေးပြန်ကြောတွေကို အထင်အသား မြင်နေရတယ်..။ သေသေသပ်သပ် ဖီးသင်ထားတဲ့ ဆံပင်တွေကလည်း ဖြူဖွေးနေခဲ့ပါပြီ..။ သို့ပေမယ့် လူအိုကြီးရဲ့ မျက်လုံးတွေကတော့ ထက်မြက်တဲ့ အသိဉာဏ်တွေ..နိုးကြားမှုတွေနဲ့ ပြည့်နှက်နေဆဲပါပဲ..။
ဒီလူက အိပ်မက်ဆိုး အခိုက်အတန့် မကျရောက်ခင်ကတည်းက မွေးဖွားခဲ့သူ ဖြစ်ပြီး.. မှောင်မိုက်တဲ့ အချိန်ကာလ ရဲ့ ထိတ်လန့်စရာတွေနဲ့ ခေတ်သစ်ရဲ့ မငြိမ်မသက် ဖြစ်မှုတွေကိုပါ ဖြတ်သန်းလာခဲ့သူပါ..။
ဆန်နီ ခနလောက် တွေဝေသွားပြီးမှ..
“…အိုဘယ် လား..။ ပရော်ဖက်ဆာ အိုဘယ် လား..”
အဘိုးအိုက ပြုံးလိုက်တယ်..။
“မင်း ငါ့ကို သိနေတာလား မာစတာ ဆန်းလပ်စ်..။ ဂုဏ်ယူစရာပဲ..။ မင်းတို့လို လူငယ်မျိုးဆက်တွေက ငါ့လို လူသိနည်းတဲ့ သိပ္ပံပညာရှင်ကို တန်ဖိုးထားနေကြသေးတာ ဝမ်းသာစရာပဲ..”
ဆံပင်ကို ထုံးထားပြီး မျက်လုံးထဲမှာ မာနတွေ ပြည့်နေတဲ့ လက်ထောက် မိန်းကလေးကတော့ နှာခေါင်းရှုံ့လိုက်ပါတယ်..။
“အမှန်ပဲ..။ နိုးထသူ တွေဆိုတာ ဓားကိုင် ဖို့လောက်ပဲ သိကြတယ်လို့ ကျွန်မ ထင်ထားတာ..”
ဆန်နီ က သူမကို မျက်နှာသေနဲ့ စိုက်ကြည့်လိုက်တယ်....။
“.. ကျုပ် က အကယ်ဒမီမှာ သုတေသန ပညာရှင်နဲ့ ကထိက တစ်ယောက် ဖြစ်သလို..ကျုပ် နာမည်နဲ့ ထုတ်ဝေထားတဲ့ ပညာရပ်ဆိုင်ရာ စာတမ်းတွေလည်း အများကြီး ရှိတယ်..။ပြီးတော့ ကျုပ်က အကြောင်းပြချက် ရှိမှပဲ ဓား ကို အသုံးပြုတာ.."
လက်ထောက် မိန်းကလေးက မျက်တောင်ခတ်လိုက်ပြီး ရှက်ရွံ့စွာ ခေါင်းငုံ့သွားခဲ့တယ်..။
" အိုး…”
ပရော်ဖက်ဆာ အိုဘယ် ကတော့ သဘောကျစွာ ရယ်မောလိုက်ပါတယ်....။
“မရိုင်းပြရဘူး ဘတ်..။ ဘာပဲဖြစ်ဖြစ်.. ငါတို့ရဲ့ အသက်က မင်း လက်ထဲမှာ ရှိနေပြီနော် မာစတာ ဆန်းလပ်စ်..”
သူက ဆန်နီ့ ကို စိတ်ဝင်တစား ကြည့်လိုက်ပြီးမှ မေးလာခဲ့တယ်....။
“မင်းက အကယ်ဒမီ ဘယ်ဌာနမှာ တာဝန်ကျတာလဲ..မေးလို့ရမလား..”
ဆန်နီ ပုခုံးတွန့်လိုက်ပြီး..
“တောတွင်း ရှင်သန်မှု ဌာန ပါ..။ ကျွန်တော့်ရဲ့ အထူးပြုကတော့ အိပ်မက်ကမ္ဘာ စူးစမ်းလေ့လာရေးနဲ့ ပျောက်ကွယ်သွားတဲ့ ဘာသာစကားတွေရဲ့ သမိုင်းကြောင်းပါပဲ..”
ပရော်ဖက်ဆာ အိုဘယ် က မျက်ခုံးပင့်လိုက်တယ်..။
“အိုး.. ဒါဆိုရင် ဂျူလိယပ်စ် ဆိုတဲ့ ကောင်လေးကိုရော မင်း သိလား..”
ဆန်နီ သူ့ကို အံ့ဩသင့်စွာ စိုက်ကြည့်နေမိတယ်....။
“အာ.. ဆရာ ဂျူလိယပ်စ် လား..။ ဒါပေါ့.. သူက ကျွန်တော့်ရဲ့ ဆရာပဲလေ..။ ဒါပေမဲ့ သူ့ကို ကောင်လေး လို့တော့ ကျွန်တော် မခေါ်ရဲပါဘူး..။လေးစားတဲ့ အနေနဲ့ပေါ့..”
လူအိုကြီး က ရယ်မောလိုက်ပါတယ်....။
“ငါ့အတွက်တော့ သူက ကောင်လေးပဲလေ..။ ဂျူလိယပ်စ် က နိုးထသူ မဖြစ်ခင်နဲ့ ဘာသာရပ်ပြောင်းမသွားခင်က ငါ့ရဲ့ တပည့်ဟောင်း ဖြစ်ခဲ့တာပဲ..။ အဲဒီ လူရှုပ်လေး ဘယ်လိုနေသေးလဲ..”
ဆန်နီ သူ့ရဲ့ ခေါင်းနောက်ဖက်ကို ကုတ်လိုက်မိတယ်....။ ဆရာ ဂျူလိယပ်စ် ကို လူရှုပ်လေး လို့ ခေါ်တာကို ကြားရလိမ့်မယ်လို့ သူ ဘယ်တုန်းကမှ မထင်ထားခဲ့ပါဘူး..။
“ဆရာ အဆင်ပြေပါတယ်..။ ကျန်းမာရေးလည်း ကောင်းတယ်..။ သူ့ရဲ့ သုတေသနတွေအပေါ်မှာလည်း အရမ်းကို စိတ်အားထက်သန်နေတုန်းပါပဲ..”
ပရော်ဖက်ဆာ အိုဘယ် က ကျေနပ်သလို ခေါင်းညိတ်လိုက်တယ်....။
“ကောင်းတယ်.. ဒါ ကောင်းတယ်..။ ဒါဆို မာစတာ ဆန်းလပ်စ်.. အခု ဘာဆက်ဖြစ်မှာလဲ..။ ငါတို့က LO49 ကနေ အခုပဲ ထွက်ကြတော့မှာလား..”
သူ့ရဲ့ လက်ထောက် ဘတ် ကတော့ မျက်မှောင်ကြုတ်ပြီး အခန်းထဲကို လှမ်းကြည့်လိုက်တယ်....။ ဒီမှာတော့ သိပ္ပံပညာရှင် အများအပြားဟာ အချက်အလက်တွေကို သိမ်းဆည်းဖို့ အလုပ်ရှုပ်နေကြပြီး.. ထိတ်လန့်တုန်လှုပ်နေကြတဲ့ ပုံစံမျိုးနဲ့ ဟိုပြေးဒီပြေး လုပ်နေကြပါတယ်..။
ဆန်နီ က ခေါင်းခါလိုက်ပြီး..
“အဲဒါက.. ကျွန်တော်တို့ အခု စစ်ဌာနချုပ်နဲ့ ဆက်သွယ်လို့ မရသေးတော့ ပြောရခက်တယ်..။ နောက် ရှစ်နာရီလောက်ဆိုရင်တော့ သတင်းရနိုင်ပါတယ်..။ အဲဒါက အစောဆုံး ထွက်ခွာနိုင်မဲ့ အချိန်ပဲ.. ဒါပေမဲ့ ပြန်လာမဲ့ သတင်းအပေါ် မူတည်ပြီးလည်း ကြန့်ကြာနိုင်သေးတယ်လေ..”
ငယ်ရွယ်တဲ့ အမျိုးသမီး ဘတ် က သက်ပြင်းချလိုက်ပြီး..
“အာ.. တော်သေးတာပေါ့..။ ကျွန်မတို့ အချက်အလက်တွေ အများကြီး ထားခဲ့ရတော့မလားလို့ စိုးရိမ်နေတာ..။ ဒါဆို ထွက်ခွာဖို့ ပြင်ဆင်တာတွေကို ဆက်လုပ်လို့ ရသေးတာပဲ..”
အနေခက်တဲ့ တိတ်ဆိတ်မှုက တစ်ခနလောက်လွှမ်းမိုးသွားခဲ့တယ်..။ နောက်ဆုံးမှာတော့ သူမက ဆန်နီ ကို ဇဝေဇဝါနဲ့ ကြည့်လာခဲ့ပါတယ်..။
“…ရှင်က မသွားသေးဘူးလား..”
သူက ပြုံးလိုက်ပြီး ခေါင်းခါပြလိုက်တယ်....။
“အခု ခင်ဗျားတို့က ကျုပ်ရဲ့ ဂရုစိုက်မူအောက်မှာ ရှိနေပြီလေ။.. ဒါကြောင့် ဒီမှာပဲ နေမှာ..။ကျုပ်စောင့်ကြပ်မှုအောက်မှာ ပရော်ဖက်ဆာ တစ်ခုခု ဖြစ်သွားရင်.. အဖိုးတန်တဲ့ အမှတ်တွေ အများကြီး ဆုံးရှုံးသွားလိမ့်မယ်..။ အဲဒါဆိုရင် တကယ်ကို ဝမ်းနည်း ရမှာပဲ..”
ဘတ် က သူ့ကို ဒေါသတကြီး စိုက်ကြည့်လိုက်ပြီးမှ.. နှာခေါင်းရှုံ့ကာ ပစ္စည်းတွေ ကူသိမ်းပေးဖို့ ထွက်သွားခဲ့ပါတယ်..။ တစ်ချိန်တည်းမှာပဲ မာစတာ ဗန် ကလည်း လုပ်စရာတွေ ရှိသေးတယ်လို့ ပြောပြီး အနည်းငယ် အရိုအသေပေးကာ ထွက်သွားခဲ့တယ်..။ ဘယ်လီ၊ ဒွန်း နဲ့ ချီတင် တို့လည်း ထွက်သွားကြပါပြီ..။
ပရော်ဖက်ဆာ အိုဘယ် က သူတို့ ထွက်သွားတာကို ကြည့်ပြီး သက်ပြင်းချလိုက်တယ်....။
“ငါ့လက်ထောက်ကို စိတ်ထဲမထားပါနဲ့ မာစတာ ဆန်းလပ်စ်..။ ငါတို့အားလုံးက ဒီရက်ပိုင်းမှာ စိတ်တွေ အရမ်းပင်ပန်းနေကြလို့ပါ..”
ဆန်နီ ပုခုံးတွန့်လိုက်ပြီး..
“နားလည်ပါတယ်..”
ခနအကြာမှာတော့ သူက အဘိုးအိုကို ကြည့်ပြီး မေးလိုက်တယ်....။
“ဒါနဲ့ ပရော်ဖက်ဆာ.. ဒီမှာ ဘာတွေကို သုတေသန လုပ်နေတာလဲ..။ ပြီးတော့ LO49 ဆိုတဲ နာမည်ကလည်း စခန်းတစ်ခုအတွက် ထူးဆန်းနေတယ်လေ..”
လူအိုကြီး က ပြုံးလိုက်ပြီး..
“နာမည်လား..။အိုး.. ဒါက အတိုကောက်ပဲလေ..။ လကမ္ဘာ စောင့်ကြည့်ရေးစခန်း ၄၉ လို့ အဓိပ္ပာယ်ရတယ်..။ မင်း ရောက်လာတုန်းက တယ်လီစကုပ် ခုံးကြီးကို သတိမထားမိဘူးလား..”
ဆန်နီ ချောင်းတစ်ချက် ဟန့်လိုက်မိတယ်....။
‘စောင့်ကြည့်ရေးစခန်းလား..’
ဒီ ထူးဆန်းတဲ့ အခုံးပုံစံ အဆောက်အဦးရဲ့ ရည်ရွယ်ချက်က ဒီအတွက်ပေါ့..။ ဆန်နီ က ဒါကို ထူးဆန်းတဲ့ မှော်စွမ်းအား နဲ့ လုပ်ထားတာလို့ ထင်ထားခဲ့ပေမယ့်..အမှန်တော့ ဒါက ရိုးရိုး စောင့်ကြည့်ရေးစခန်း တစ်ခုသာ ဖြစ်နေခဲ့ပါတယ်..။ သူ့ဘက်ကနေ ခုခံပြောရရင်တော့ ဒီလို အရာမျိုးကို အပြင်မှာ တစ်ခါမှ မမြင်ဖူးခဲ့လို့ တစ်မျိုးတွေးမိသွားတာပါ..။
"အာ.. ဟုတ်တယ်.. အခုံးကြီးကို မြင်ခဲ့တယ်..။ အားလုံးက.. လ ကို လေ့လာနေကြတာလား..”
ပရော်ဖက်ဆာ အိုဘယ် က ရယ်မောလိုက်ပါတယ်....။
“ဘုရားသခင်တို့.. မဟုတ်ပါဘူး..။ အိပ်မက်ဆိုး အခိုက်အတန့် စတင် ပေါ်လာတုန်းက ဒီလို စောင့်ကြည့်ရေးစခန်းပေါင်း တစ်ရာလောက် တည်ဆောက်ခဲ့ကြတာ.. ဒါပေမဲ့ အခုတော့ အများစုက ပိတ်သိမ်းပြီး စွန့်ပစ်ထားကြပြီလေ..။ ဒီတစ်ခုကတော့ တယ်လီစကုပ်ကို ဖြုတ်လိုက်ပြီး သုတေသနစခန်း အဖြစ် ပြောင်းလဲ အသုံးပြုနေတာပါ..”
ဆန်နီ မျက်မှောင်ကျုတ်လိုက်ပြီး တစ်ခုခုကို လွဲနေသလို ခံစားလိုက်ရတယ်....။
“နေဦး.. ဒီစောင့်ကြည့်ရေးစခန်းတွေကို ဘာလို့ တည်ဆောက်ခဲ့တာလဲ..။ ပြီးတော့ ဘာလို့ ပြန်စွန့်ပစ်လိုက်ကြတာလဲ..”
လူအိုကြီး က သူ့ကို စိတ်ဝင်တစားနဲ့ ကြည့်လာခဲ့တယ်....။
“ဘာလို့လဲဆိုတော့.. လ ကို စောင့်ကြည့်ဖို့အတွက် တည်ဆောက်ခဲ့ကြတာပေါ့..။ အရင်တုန်းက လ ပေါ်မှာ လူသားတွေရဲ့ အခြေချစခန်းတွေ ရှိခဲ့ဖူးတာ သိလား..။ အဲဒါက သိပ်တော့ အရေးမကြီးပါဘူး..။ အရေးကြီးတာက အိပ်မက်ဆိုး အခိုက်အတန့် ပဲ..”
ဆန်နီ ခေါင်းခါလိုက်ပြီး..
“ကျွန်တော် နားမလည်ဘူး..”
ပရော်ဖက်ဆာ အိုဘယ် က ခနလောက် တိတ်ဆိတ်နေခဲ့တယ်....။
“အာ.. မင်း ဒါကို မသိသေးတာ ဖြစ်နိုင်ပါတယ်..။ တကယ်တော့ အိပ်မက်ဆိုး အခိုက်အတန့် ကူးစက်ခံရတဲ့ ပထမဆုံး မှတ်တမ်းက လ ပေါ်က အခြေချစခန်း တစ်ခုမှာ ဖြစ်ခဲ့တာလေ..။ ဒါက ပထမဆုံး အမှုလို့ မဆိုလိုပေမဲ့.. ပထမဆုံး မှတ်တမ်းတင်နိုင်ခဲ့တဲ့ အမှုပဲ..။ ဒီ အခိုက်အတန့် က ဘယ်ကနေ ရောက်လာလဲဆိုတာ ဘယ်သူမှ မသိကြပေမဲ့.. လူအတော်များများက လ ကိုပဲ အရင်းအမြစ်လို့ သတ်မှတ်ထားခဲ့ကြတယ်..။ ဒါကြောင့်လည်း လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေတုန်းက လ ကို လေ့လာဖို့ အပြင်းအထန် ကြိုးစားခဲ့ကြတာပေါ့..”
ဆန်နီ က သူ့ကို သတိထားတဲ့ မျက်လုံးတွေနဲ့ ကြည့်လိုက်ပြီး..
“တကယ်လား..။ခနလေး.. ဒါဆိုရင် လူတွေ ဘာတွေ သိလိုက်ရလဲ..”
လူအိုကြီးက ခေါင်းခါယမ်းလိုက်တယ်....။
“ဘာမှ မသိရပါဘူး..။ တကယ်တော့ လ ကို
အကြာကြီး စိုက်ကြည့်နေတာက အတော် ဆိုးရွားတဲ့ နောက်ဆက်တွဲ ပြဿနာတွေ ဖြစ်လာစေနိုင်တယ်လေ..။ သုတေသန ပညာရှင်တွေ အများကြီး အသက်ဆုံးရှုံးပြီးတဲ့နောက်မှာတော့ LO စီမံကိန်းကို ရပ်ဆိုင်းလိုက်ပြီး စောင့်ကြည့်ရေးစခန်းတွေကို ပိတ်ပစ်လိုက်ကြတာပဲ..။ ငါ မင်းကို အကြံပေးချင်တာကတော့ လ ကို အနီးကပ်ကြီး သွားမကြည့်မိစေနဲ့ လူငယ်လေး..။ တကယ်တော့ အဲဒီအကြောင်းကို လုံးဝ မတွေးတာ ပိုကောင်းလိမ့်မယ်..”
ဆန်နီ အတော်ကြာအောင် တိတ်ဆိတ်သွားခဲ့တယ်..။ နောက်ဆုံးမှာတော့ သူက ပြောလိုက်ပါတယ်....။
“ကောင်းပြီလေ.. ကျွန်တော့်ရဲ့ မေးခွန်းတစ်ခုကတော့ အဖြေရသွားပြီထင်တာပဲ..။ ဒါပေမဲ့ နောက်တစ်ခုကရော..။တကယ်လို့ ဒီမှာ လ ကို လေ့လာနေတာ မဟုတ်ဘူးဆိုရင် ဒီမှာ ဘာကို သုတေသန လုပ်နေတာလဲ..”
ပရော်ဖက်ဆာ အိုဘယ် က ပြုံးလိုက်ပါတယ်....။
“အဲဒါကတော့ အရမ်း ရိုးရှင်းပါတယ်..။ ငါတို့က အိပ်မက်ဆိုး အခိုက်အတန့် ကို လေ့လာနေကြတာလေ..။ ပိုပြီး တိတိကျကျ ပြောရရင်တော့.. ငါတို့က သူ့ရဲ့ အကျိုးအကြောင်း ဆက်စပ်မှုတွေကို နားလည်ဖို့ ကြိုးစားနေကြတာပဲ..”
အပိုင်း ( ၈၇၈ ) ပြီး၏။
အပိုင်း ( ၈၇၉ ) မိုးကြိုး၏ လက္ခဏာများ
ဆန်နီ ဟာ သိပ္ပံပညာရှင်အိုကြီးကို စိတ်ဝင်တစားနဲ့ တစ်ချက်ကြည့်လိုက်တယ်..။
“အကျိုးအကြောင်း ဆက်စပ်မှုလား..။ အဲဒါက ဘာကြောင့် ဖြစ်လာရလဲဆိုတဲ့ အကြောင်းပြချက်ကို ပြောချင်တာလား..”
ပရော်ဖက်ဆာ အိုဘယ် က ပြုံးလိုက်ပါတယ်..။
“မဟုတ်ဘူး.. အဲ့လောက်အထိ ဒဿန
မဆန်ဘူး..။ ငါ ဆိုလိုတာက အခိုက်အတန့် နဲ့ ပတ်သက်တဲ့ ဖြစ်ရပ်အမျိုးမျိုးရဲ့ အကြောင်းနဲ့ အကျိုးကို ရှာဖွေနေတာ ဖြစ်သလို.. အဲဒီအရာတွေကြားက ဆက်နွယ်မှုတွေကိုလည်း လေ့လာနေတာပါ..။ ဒါပေါ့.. ငါတို့ရဲ့ သုတေသနက အဓိကအားဖြင့် အိပ်မက်ဆိုး ထွက်ပေါက် တွေနဲ့ ပတ်သက်နေပေမဲ့.. ဘယ်အရာမှ သီးခြားစီ တည်ရှိနေတာ မဟုတ်တဲ့အတွက် စနစ်တစ်ခုလုံးကို ခြုံငုံပြီး စဉ်းစားဖို့ လိုအပ်တယ်လေ..”
ဆန်နီ က သူ့ရဲ့ စကားတွေကို ခနလောက် ပြန်စဉ်းစားနေခဲ့တယ်..။
“ဒါဆိုရင် အိုဘယ် တိုင်းတာမူ ကိုလည်း အဲလိုပဲ အလုပ်လုပ်အောင် ဖန်တီး ထားတာလား..”
လူအိုကြီး က သဘောကျနေတဲ့ အမူအရာနဲ့ ခေါင်းခါပြလိုက်တယ်..။
“အဲဒီအရာလား..။ မဟုတ်ပါဘူး.. လုံးဝ မတူဘူး..။ ‘အိုဘယ် တိုင်းတာမူ’ ဆိုတာက အခိုက်အတန့် ရဲ့ အစောပိုင်းကာလတွေမှာ ငါနဲ့ ထက်မြက်တဲ့ လုပ်ဖော်ကိုင်ဖက်တွေ စုပေါင်းဖန်တီးခဲ့တဲ့ အခြေခံကျတဲ့ လက်ရာတစ်ခုပဲ..။ သူ လုပ်ဆောင်ရမဲ့ အပိုင်းမှာတော့ အတော်လေး ထိရောက်မှု ရှိပေမဲ့.. အဲဒီ နည်းလမ်းက လက်တွေ့အသုံးချဖို့သက်သက်ပဲလေ..။ သူက ထွက်ပေါ်လာမဲ့ ဖြစ်ရပ်တွေကို ခြေရာခံပြီး ခန့်မှန်းပေးနိုင်ပေမဲ့.. အဲဒါတွေက ဘယ်လို နဲ့ ဘာကြောင့် ဖြစ်နေရတာလဲ ဆိုတာကိုတော့ မရှင်းပြနိုင်ဘူး..။ အဲဒီတုန်းက ငါတို့မှာ ဒီလိုအရာတွေကို စဉ်းစားနေဖို့ အချိန်မရှိခဲ့ဘူးလေ..။ ကန့်သတ်ချက်တွေ ရှိနေရင်တောင်မှ ချက်ချင်းလက်ငင်း ထိရောက်မဲ့ နည်းလမ်းတစ်ခုကိုပဲ ငါတို့ ဖော်ထုတ်ခဲ့ရတာ..”
သူက သက်ပြင်းချလိုက်ပြီး လွမ်းဆွတ်တမ်းတတဲ့ လေသံနဲ့ ဆက်ပြောလိုက်ပါတယ်..။
“မင်း စဥ်းစားကြည့်.. ဂူအောင်းလူသား တစ်ယောက်ဟာ မိုးကြိုးပစ်တာကို မြင်နိုင်သလို.. မိုးကြိုးအပစ်ခံရရင် အန္တရာယ်ရှိတယ်ဆိုတာကိုလည်း သိနိုင်တယ်..။ ဒါကြောင့် သူက မုန်တိုင်းလာတော့မဲ့ နိမိတ်တွေကို မှတ်သားထားပြီး ခိုလှုံရာနေရာကို သွားဖို့ သင်ယူနိုင်တယ်လေ..။ ဒါပေမဲ့ မိုးကြိုးက ဘယ်လို နဲ့ ဘာကြောင့် ဖြစ်ပေါ်လာရလဲဆိုတဲ့ အခြေခံသဘောတရားတွေကို နားမလည်ရင်တော့.. ဒီလူသားဟာ မိုးကြိုးလွှဲ တိုင်ကို မတီထွင်နိုင်သလို.. ဖာရာဒေးလှောင်အိမ်ကိုလည်း မတည်ဆောက်နိုင်ဘူး..။ သူက လျှပ်စစ်စွမ်းအားကိုလည်း အသုံးချနိုင်မှာ မဟုတ်ဘူးလေ..။ အဲဒါကပဲ ဒီမှာလုပ်နေတဲ့ ငါတို့ရဲ့ အလုပ်နဲ့ ‘အိုဘယ်’ တိုင်းတာမူ ကြားက ကွာခြားချက်ပဲ..။ အဲဒီ နည်းလမ်းဟောင်းက မုန်တိုင်းရဲ့ နိမိတ်တွေကို မှတ်သားပြီး သတ်မှတ်ထားတဲ့ နေရာမှာ မိုးကြိုးပစ်နိုင်ခြေကို ကိန်းဂဏန်းနဲ့ တွက်ချက်ပေးတဲ့ ကိရိယာတစ်ခုသက်သက်ပဲ..။ ငါတို့ကတော့ မုန်တိုင်းရဲ့ အခြေခံသဘောတရားတွေကို နားလည်ဖို့ ကြိုးစားနေကြတာပေါ့..”
ဆန်နီ က သိပ္ပံပညာရှင်အိုကြီးရဲ့ စကားတွေကို အသေအချာ နားထောင်နေခဲ့တယ်..။ ဒီလောက် ဗဟုသုတ ကြွယ်ဝပြီး ပညာတတ်တဲ့သူနဲ့ စကားပြောခွင့်ရဖို့ဆိုတာ ဘယ်မှာ ထပ်ရနိုင်တော့မှာလဲ..။ ကံကောင်းထောက်မစွာနဲ့ပဲ ပရော်ဖက်ဆာ အိုဘယ် က လူငယ်တွေကို ပညာပေးရတာ ဝါသနာပါပုံရသလို.. စကားပြောချင်တဲ့ စိတ်လည်း ရှိနေပုံရပါတယ်..။
ဆန်နီဟာ..အသစ်အဆန်းတွေကို လေ့လာခွင့်ရမယ့် အခွင့်အရေးကို အသုံးချဖို့ ဆုံးဖြတ်လိုက်ပြီး မေးလိုက်တယ်..။
“ဒါနဲ့ အိုဘယ် တိုင်းတာမူ က ဘယ်လို အလုပ်လုပ်တာလဲ..”
လူအိုကြီး က ရယ်လိုက်တယ်..။
“အာ.. ဒါက သိပ်တော့ မခက်ပါဘူး..။ အိပ်မက်ဆိုး ထွက်ပေါက် တစ်ခု ပေါ်လာတဲ့အခါ ထွက်ပေါ်လာတဲ့ လှိုင်းတစ်ခုအကြောင်းကို မင်း သိတယ်မလား..။ ထွက်ပေါက် ရဲ့ အမျိုးအစား အဆင့်အတန်းပေါ် မူတည်ပြီး အဲဒီလှိုင်းရဲ့ ပြင်းအားနဲ့ လက္ခဏာတွေက ကွာခြားတတ်တယ်..။ ဒီလှိုင်းက သတ်မှတ်ထားတဲ့ အချင်းဝက်အတွင်း ပျံ့နှံ့သွားပြီး လေဟာနယ်ကို သက်ရောက်မှု ရှိစေတယ်လေ..။ ထွက်ပေါက် က ပိုအားကောင်းလေလေ သက်ရောက်မှုက ပိုကြီးလေလေပဲ..”
ဆန်နီ က ခေါင်းငြိမ့်ပြလိုက်တဲ့အခါ ပရော်ဖက်ဆာ အိုဘယ် က ပြုံးပြလိုက်တယ်..။
“အမှန်တော့ အဲဒီလှိုင်းက ထင်ထားတာထက် ပိုပြီး ရှုပ်ထွေးတယ်..။ ဘာလို့လဲဆိုတော့ သူက လေဟာနယ် ထဲမှာတင် မကပဲ အချိန် ထဲကိုပါ ပျံ့နှံ့သွား မို့လို့ပဲ..။ ဒါကြောင့် ငါတို့က ဘာကို ရှာရမလဲဆိုတာ သိနေရင်.. ထွက်ပေါက် တစ်ခု အမှန်တကယ် ပေါ်မလာခင်မှာတင် သူ့ရဲ့ အားနည်းတဲ့ တုန်ခါမှုလှိုင်းတွေကို ရှာဖွေတွေ့ရှိနိုင်တယ်လေ..။ ဒါပေါ့.. အဲဒါကို လုပ်ဖို့ဆိုရင် တစ်ကမ္ဘာလုံးကို ဒါမှမဟုတ် ငါတို့ အရေးကြီးတယ်လို့ ယူဆတဲ့ နေရာတွေကို စောင့်ကြည့်ဖို့အတွက် ကုန်ကျစရိတ်များတဲ့ အာရုံခံကွန်ရက်တွေနဲ့ စောင့်ကြည့်ရေး ဂြိုဟ်တုတွေ အများကြီး လိုအပ်တာပေါ့..”
ဆန်နီ အကြိမ်အနည်းငယ် မျက်တောင်ခတ်လိုက်မိတယ်..။
“…ခနလေး.. လှိုင်းက အချိန် ထဲကို ပျံ့နှံ့သွားတယ်ဆိုတာ ဘာကို ဆိုလိုတာလဲ ပရော်ဖက်ဆာ..”
လူအိုကြီး က သူ့ကို ကြည့်ပြီး ခနလောက် တိတ်ဆိတ်သွားခဲ့တယ်..။
“ဘယ်လို ပြောရမလဲ.. အချိန် ကို မြစ်တစ်စင်းလိုမျိုး မြင်အောင် ကြည့်ပါ လူငယ်လေး..။ သူက အမြဲတမ်း အတိတ်ကနေ အနာဂတ်ဆီကိုပဲ စီးဆင်းနေပြီး ငါတို့ကလည်း အဲဒီ ရေစီးကြောင်းအတိုင်း လိုက်ပါသွားကြရတယ်..။ အခု အဲဒီမြစ်ထဲကို တစ်စုံတစ်ယောက်က ကျောက်တုံးတစ်တုံး ပစ်ချလိုက်တယ်လို့ စဉ်းစားကြည့်..။ မြစ်ရေပြင်ပေါ်မှာ လှိုင်းဂယက် လေးတွေ ပေါ်လာမှာ မဟုတ်ဘူးလား..။ အဲဒီလှိုင်းတွေက မြစ်ရေစီးကြောင်း လိုမျိုး မဟုတ်ပဲ..ရေစုန်ရော ရေဆန်ကိုပါ ပျံ့နှံ့သွားနိုင်တယ်လေ..။ ဒါကြောင့် အိုဘယ် တိုင်းတာမူ က အဲဒီလှိုင်းတွေကို မြစ်ရဲ့ အထက်ဘက် ကနေ ရှာဖွေတွေ့ရှိနိုင်တာပေါ့..”
[ ဒါကတော့ အိပ်မက်ဆိုး ထွက်ပေါက် တွေ ပေါ်လာမှာ ကို အိုဘယ် တိုင်းတာမူက ဘယ်လိုကြိုတင် သိရှိနိုင်သလဲ ဆိုတာ ပရော်ဖက်ဆာ က ရှင်းပြပေးသွားတာပါ။မင်မင် ကတော့ ဒီ အတွေးအခေါ် ဒသန ကို အရမ်းသဘောကျတာပဲ။နားမလည်ရင် သေချာလေး ပြန်ဖတ်သင့်တယ် ]
ဆန်နီ ခေါင်းကို ကုတ်မိလိုက်တယ်..။ ပရော်ဖက်ဆာ အိုဘယ် ပြောတာက နားလည်ရ မခက်ပေမဲ့ လက်ခံဖို့တော့ နည်းနည်း ခက်ခဲနေခဲ့ပါတယ်..။
‘ငါ တခြားနည်းနဲ့ စဉ်းစားကြည့်ရင် ပိုကောင်းမလား..’
ဆန်နီ က စောင်းကြိုးတစ်ချောင်းကို စိတ်ကူးကြည့်လိုက်တယ်..။ တစ်စုံတစ်ယောက်က အလယ်ကနေ ခတ်လိုက်တဲ့အခါ တုန်ခါမှုက အပေါ်ရော အောက်ကိုပါ ပျံ့နှံ့သွားပါတယ်..။ အောက်ဖက်က အနာဂတ် ဖြစ်ပြီး အပေါ်ဖက်ကတော့ အတိတ်ပေါ့..။
ယင်းနောက် သူက မယုံနိုင်စရာကောင်းတဲ့ ကံကြမ္မာ ရဲ့ ရက်လုပ်မူတွေ နဲ့.. ဘယ်ကမှန်းမသိတဲ့ နေရာကနေ အနန္တအထိ ဆွဲဆန့်ထားတဲ့ မရေမတွက်နိုင်တဲ့ ကံကြမ္မာကြိုးတွေကို စိတ်ကူးယဥ်ကြည့်လိုက်ပါတယ်..။ တစ်စုံတစ်ခု ဖြစ်ပျက်သွားတဲ့အခါ အဲဒီကြိုးတွေရဲ့ အစိတ်အပိုင်းလေးတွေက တုန်ခါသွားကြမှာပါ..။
လူအိုကြီး ပြောနေတာက ဒီအကြောင်းများလား..။
သူ့မျက်နှာပေါ်မှာ အတွေးနက်နေတဲ့ အမူအရာ ပေါ်လာခဲ့တယ်..။
‘စဉ်းစားကြည့်ရင်..ကြိုတင်ဟောကိန်း တွေနဲ့ ပတ်သက်တဲ့ အစွမ်းတွေကလည်း ဒီသဘောတရားအတိုင်းပဲ အလုပ်လုပ်နေတာ မဖြစ်နိုင်ဘူးလား..’
ဆန်နီ ခနလောက် တုံ့ဆိုင်းနေပြီးမှ သတိထားကာ ပြောလိုက်တယ်..။
“ကျွန်တော်.. ကျွန်တော် နားလည်ပြီး ထင်တယ်..။ဒါက ဖြစ်နိုင်တာပေါ့..”
ပရော်ဖက်ဆာ အိုဘယ် ပြုံးလိုက်ပါတယ်..။
“ကောင်းတယ်..။ ဒါပေမဲ့ ငါ ပြောခဲ့သလိုပဲ.. ဒါက အခြေခံကျတဲ့ နည်းလမ်းသက်သက်ပဲလေ..။ အဲဒီ နည်းလမ်းက အကြောင်းရင်းကို နားမလည်ပဲ အကျိုးသက်ရောက်မှုကိုပဲ စောင့်ကြည့်နေတာမျိုးပဲ..။ အကြောင်းတရားကတော့.. နားလည်ဖို့ အများကြီး ပိုပြီး ခက်ခဲတယ်..။ အမှန်အတိုင်း ပြောရရင် ငါတို့လို လူသားတွေက အဲဒါကို အပြည့်အဝ နားလည်နိုင်မယ်လို့တောင် ငါ မထင်ဘူး..။ တကယ်တော့ ခေတ်သစ် အတွေးအခေါ်တွေအရဆိုရင်.. အိပ်မက်ဆိုး အခိုက်အတန့် က အကျိုးအကြောင်း မရှိတဲ့ သဘာဝ မျိုး ရှိတယ်လို့တောင် ဆိုကြတယ်..။ ဆိုလိုတာက သူက အကျိုးနဲ့ အကြောင်း သဘောတရားတွေကိုတောင် လိုက်နာခြင်း မရှိဘူးပေါ့..။ ပြောရရင် မှော်စွမ်းအား လိုမျိုးပေါ့..”
သူက မျက်နှာပျက်သွားခဲ့ပြီး..
“ဒါပေါ့.. ငါကတော့ အဲဒါကို သဘောမတူဘူး..။ ဒါပေမဲ့ အခိုက်အတန့် ရဲ့ အကျိုးအကြောင်း ဆက်စပ်မှုကို နည်းနည်းလေး နားလည်ဖို့ ကြိုးစားရတာက တောင် တကယ့်ကို ခက်ခဲတဲ့ အလုပ်တစ်ခုလို ဖြစ်နေတယ်လေ..။ ဒါကြောင့် ငါတို့က သုတေသန နယ်ပယ်ကို အစိတ်အပိုင်း အနည်းငယ် အတွင်းမှာပဲ ကန့်သတ်ထားရတယ်..။အဲဒါကတော့ အိပ်မက်ဆိုး ထွက်ပေါက် တွေပေါ့..”
လူအိုကြီးရဲ့ မျက်နှာက အနည်းငယ် မှောင်ကျသွားခဲ့တယ်....။
“…ဒါပေမဲ့ အဲဒါကတောင် ကျော်လွှားလို့ မရနိုင်တဲ့ အလုပ်တစ်ခု ဖြစ်နေတုန်းပဲ..။ငါ စိုးရိမ်တာကတော့ အခုအချိန်အထိပေါ့..”
ဆန်နီ က မျက်ခုံးပင့်လိုက်ပြီး..
“ဘာလို့လဲ..”
ပရော်ဖက်ဆာ အိုဘယ် က အားမလိုအားမရ ပြုံးလိုက်ပါတယ်..။
"အိုး ကောင်းပြီလေ.. အမှန်အတိုင်း ပြောရရင်.. မင်းအတွက် ရယ်စရာ ဖြစ်နိုင်ပေမဲ့.. ငါတို့ကအိပ်မက်ဆိုး ထွက်ပေါက် နဲ့ အိပ်မက်ဆိုး အခိုက်အတန့် က ပတ်သက်မူရှိတယ်လို့တောင် သေချာ မပြောနိုင်သေးဘူးလေ..”
လူအိုကြီးက ဆန်နီ ပြန်လည် ချေပ မယ်လို့ မျှော်လင့်ထားပုံရပေမဲ့ ဆန်နီ ကတော့ ဘာမှ ထူးထူးခြားခြား မတုံ့ပြန်ခဲ့ပါဘူး..။ အဲဒီအစား သူက ခနလောက် တွေးတောနေပြီးမှ အေးအေးဆေးဆေး မေးလာခဲ့တယ်..။
“ဟုတ်လား..”
လူအိုကြီး က သူ့ကို တအံ့တဩ နဲ့ ကြည့်လိုက်ပါတယ်..။
“မင်းက ဒီ အယူအဆကို မကန့်ကွက်ဘူးလား..”
ဆန်နီ ပုခုံးတွန့်လိုက်ပြီး..
“ကျွန်တော့်ရဲ့ ဒုတိယ အိပ်မက်ဆိုး တုန်းကဆိုရင် အခိုက်အတန့် နဲ့ ခနလောက် အဆက်အသွယ် ပြတ်သွားခဲ့ဖူးတယ်..။ကျွန်တော့်ရဲ့ မှတ်သားမူ တွေကို ခေါ်လို့မရသလို ဝိဥာဉ်ပင်လယ် ဆီကိုလည်း သွားလို့မရဘူး..။ပြီးတော့ သူ့ရဲ့ အသံကိုလည်း မကြားရတော့ဘူး..။ ဒါပေမဲ့ ကျွန်တော့်ရဲ့ ဂဏ္ဍ စွမ်းရည်တွေနဲ့ စွမ်းအား တွေကတော့ ရှိနေဆဲပဲလေ..။ ဒါ့ကြောင့် လူတစ်ယောက်ရဲ့ စွမ်းရည်တွေက အခိုက်အတန့် ရဲ့ အပြင်ဘက်မှာ တည်ရှိနေတယ်လို့ ကျွန်တော် ယူဆလိုက်တာ..။ စွမ်းရည်တွေက သူ့ဘာသာ တည်ရှိနေနိုင်ရင်.. အိပ်မက်ဆိုး ထွက်ပေါက် တွေကလည်း ဘာလို့ မဖြစ်နိုင်ရမှာလဲ..။ အာ.. ကျွန်တော်က အဲဒါကို အပြည့်အဝ ယုံကြည်သွားတာမျိုးတော့ မဟုတ်ဘူးနော်..။ ဖြစ်နိုင်ခြေ ရှိတယ်လို့ပဲ တွေးထားတာပါ..”
ပရော်ဖက်ဆာ အိုဘယ် ရဲ့ မျက်လုံးတွေက အရောင်တောက်လာပြီး သူ့ကို ကြည့်လိုက်တယ်..။
“အခိုက်အတန့် နဲ့ အဆက်အသွယ် ပြတ်သွားတယ် ဟုတ်လား..။ စိတ်ဝင်စားစရာပဲ..။ လူငယ်လေး.. ကျေးဇူးပြုပြီး မင်းရဲ့ အတွေ့အကြုံတွေကို နောက်ကျရင် ငါ့ကို ပြောပြပါဦး..”
ဆန်နီ က ပြုံးလိုက်ပြီး..
“ရပါတယ်..။ ဒါပေမဲ့ အဲဒီအတွေ့အကြုံကနေ တစ်ခုခု ထုတ်ဝေဖြစ်ခဲ့ရင်တော့.. ကျွန်တော်လည်း အမှတ်အချို့ ရသင့်တယ် ထင်တယ်နော်..။ သိတယ်မလား.. ကူညီပေးသူ အနေနဲ့လေ..”
အပိုင်း ( ၈၇၉ ) ပြီး၏။