← Chapters

အခန်း (၈၈၀-၈၈၂)

Vol. 59 Ch. 880-882

အခန်း (၈၈၀-၈၈၂)

Vol. 59 Ch. 880-882

အပိုင်း ( ၈၈၀ ) အကျိုးနဲ့ အကြောင်း

လူအိုကြီး က ရယ်မောလိုက်ပြီး ပစ္စည်းတွေကို အလုအယက် သိမ်းဆည်းနေကြတဲ့ သူ့ရဲ့ လက်အောက်ငယ်သားတွေကို လှမ်းကြည့်လိုက်တယ်..။ ခနအကြာမှာတော့ သူက သက်ပြင်းချလိုက်ပါတယ်..။

“အိပ်မက်ဆိုး ထွက်ပေါက် တွေက အခိုက်အတန့် ကြောင့် ဖြစ်ပေါ်လာတာ ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ.. ဒီနှစ်ခုကြားမှာ ဆက်နွယ်မှုတစ်ခုကတော့ သေချာပေါက် ရှိနေတာပဲ..။ ဒါမှမဟုတ် သုံးခုလို့ ပြောရမလား.. နိုးထသူ တွေကလည်း ဒီညီမျှခြင်းရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်နေတယ်လေ..”

သူက ခနလောက် တိတ်ဆိတ်သွားပြီးမှ ပိုပြီး လေးနက်တဲ့ လေသံနဲ့ ဆက်ပြောလိုက်တယ်..။

“ဒါပေမဲ့ ငါ့ကို အစိတ်ဝင်စားဆုံး ဖြစ်စေတာကတော့.. ဒီသုံးခုထဲက ဘယ်အရာက အရင်ဆုံး ပေါ်ပေါက်လာသလဲ ဆိုတာပဲ..”

ဆန်နီ က သူ့ကို အံ့ဩတကြီး ကြည့်လိုက်မိတယ်..။

“ခွင့်လွှတ်ပါ ပရော်ဖက်ဆာ.. အဲဒါက လူတိုင်းသိတဲ့ အခြေခံဗဟုသုတ မဟုတ်ဘူးလား..။ အခိုက်အတန့် က အရင်ရောက်လာပြီး အိပ်မက်ဆိုး တွေကို သယ်ဆောင်လာခဲ့တယ်..။ အဲဒီနောက်မှာ ရလဒ်အနေနဲ့ ကျွန်တော်တို့ နိုးထသူ တွေ ပေါ်ပေါက်လာတာပဲလေ..”

သူက အနည်းငယ် မျက်မှောင်ကြုတ်လိုက်ပြီး..

“.. ဒါပေါ့.. လူတိုင်းသိတဲ့ ဗဟုသုတ ဆိုတာ အမြဲတမ်းတော့ ယုံကြည်လို့ မရဘူးလေ..။ ဒါပေမဲ့ ဒီကိစ္စမှာတော့ ဒါက ယုတ္တိတန်ပုံရပါတယ်..”

ပရော်ဖက်ဆာ အိုဘယ် က ခေါင်းခါလိုက်ပါတယ်..။

“ဘယ်သူက အမှန်တကယ် ပြောနိုင်မှာလဲ..။ အခိုက်အတန့် ရဲ့ အစပိုင်းကာလတွေကို အထောက်အထား ခိုင်ခိုင်လုံလုံ မှတ်တမ်းတင်ထားနိုင်တာမျိုး မရှိဘူးလေ..။ အဲဒီတုန်းက.. ကမ္ဘာကြီးက အခြေအနေ သိပ်မကောင်းခဲ့သလို.. တစ်ခုခု ဖြစ်ပျက်နေပြီဆိုတာ ငါတို့ သိလိုက်ရတဲ့ အချိန်မှာ.. အဲဒါကို တားဆီးဖို့ ဒါမှမဟုတ် ထိန်းချုပ်ဖို့ ငါတို့ရဲ့ စွမ်းဆောင်ရည်ထက် ကျော်လွန်နေပြီ..။ဒါပေါ့ ငါတို့ ကြိုးစားခဲ့ကြတာပေါ့.. ဒါပေမဲ့.. အဲဒီတုန်းကတောင် အချို့သော အမှန်တရားတွေက လူသိရှင်ကြား မဖြစ်ခဲ့သလို စာရွက်ပေါ်မှာတောင် ချမရေးခဲ့ကြဘူး..။ မင်းပြောတာက မှန်ကန်နိုင်ခြေ အများကြီး ရှိပါတယ်..။ ဒါပေမဲ့ လုံးဝ တခြားစီ ဖြစ်နေတဲ့ တခြား ဖြစ်နိုင်ခြေတွေလည်း ရှိနေသေးတာပဲ..”

ဆန်နီ က ဇဝေဇဝါ ဖြစ်နေတဲ့ အမူအရာ နဲ့ ကြည့်လိုက်ပြီး..

“ဘာကို ဆိုလိုတာလဲ သိလို့ရမလား..”

သိပ္ပံပညာရှင်အိုကြီးက တုံ့ဆိုင်းနေခဲ့တယ်..။

“မင်း ကိုယ့်ကိုယ်ကိုယ် ဒီလို မေးဖူးလား..။ အခိုက်အတန့် က အိပ်မက်ဆိုး တွေကို သယ်လာတာလား.. ဒါမှမဟုတ် အိပ်မက်ဆိုး တွေက အခိုက်အတန့် ကို သယ်လာတာလား..။ အာ.. ခွင့်လွှတ်ပါ.. ဒါက ကျယ်ပြန့်လွန်းနေသေးတယ်..။ နောက်ထပ် မေးခွန်းတစ်ခု မေးကြည့်မယ်.. အိပ်မက်ဆိုး တွေက နိုးထသူ တွေကို ဖြစ်ပေါ်စေတာလား.. ဒါမှမဟုတ် နိုးထသူ တွေက အိပ်မက်ဆိုး တွေကို ဖြစ်ပေါ်စေတာလား..”

ဆန်နီ မျက်တောင်ခတ်လိုက်မိတယ်..။

“ဘာကြီးလဲ.”

လူအိုကြီး က ပြုံးလိုက်ပါတယ်..။

“ဒါကို အတွေးလေ့ကျင့်ခန်း တစ်ခုလို့ပဲ သဘောထားလိုက်ပါ..။ ဒါပေါ့.. ပထမဆုံး အိပ်မက်ဆိုး ကနေ အသက်ရှင် လွတ်မြောက်လာပြီးမှ နိုးထသူ တစ်ယောက် ဖြစ်လာတယ်ဆိုတာ လူတိုင်းသိတာပဲ..။ ဒါပေမဲ့ အဲဒီနောက်မှာတော့ ကိစ္စတွေက ပိုပြီး စိတ်ဝင်စားဖို့ ကောင်းလာတယ်..။ မင်းက ငယ်လွန်းတော့ မှတ်မိမှာ မဟုတ်ပေမဲ့.. အစပိုင်းတုန်းကတော့ အခိုက်အတန့် ရဲ့ ဘေးအန္တရာယ်တွေက နိုးထခြင်း ကမ္ဘာဆီကို အဆင့်အလိုက် ရောက်လာတာလေ..။ မဟုတ်ရင် ငါတို့တွေ ဘယ်လိုမှ အသက်ရှင်နိုင်မှာ မဟုတ်ဘူး..”

ပရော်ဖက်ဆာ အိုဘယ် ရဲ့ မျက်လုံးတွေက အဝေးတစ်နေရာကို ကြည့်နေသလိုမျိုး လွင့်မျောသွားခဲ့တယ်..။

“အစတုန်းကတော့ အခိုက်အတန့် ကူးစက်ခံရတဲ့သူတွေပဲ ရှိတာ..။ သူတို့ထဲက တချို့က အိပ်စက်သူ တွေ ဖြစ်လာပြီး တချို့ကတော့ အသွင်ပြောင်း သားရဲတွေ ဖြစ်သွားကြတယ်..။ပထမဆုံး ဆောင်းယဥ်စွန်းတန် ပြီးတဲ့အခါကျမှ နိုးထသူ တွေ ရှိလာတာ..။ဒါပေမဲ့ တစ်ချိန်တည်းမှာပဲ ဒုတိယအဆင့် အိပ်မက်ဆိုး ထွက်ပေါက် တွေ ပေါ်လာပြီး ပိုအားကောင်းတဲ့ သတ္တဝါတွေ ငါတို့ ကမ္ဘာထဲကို ရောက်လာကြတယ်လေ..။ တဖြည်းဖြည်းနဲ့ အိပ်စက်သူ တွေ ပိုများလာတယ်.. နိုးထသူ တွေ ပိုများလာတယ်.. မာစတာ တွေလည်း ရှိလာခဲ့တယ်..။ ဒါပေမဲ့ သူတို့နဲ့အတူ အရင်က တစ်ခါမှ မမြင်ဖူးတဲ့ ထွက်ပေါက် တွေကလည်း ပိုပြီး များပြားလာခဲ့တယ်လေ..”

သူက ခန ရပ်လိုက်ပါတယ်..။

“နောက်တော့ သူတော်စင် တွေ ပေါ်လာတယ်..။ မြောက်အမေရိကတိုက်ကြီး ပျက်စီးသွားတယ်..။ အခုတော့ ငါတို့မှာ အိပ်မက်ဆိုး ချိန်းကြိုးကြီး ရှိနေပြီ..။ ဒါကို တွေးကြည့်ရင် လူတစ်ယောက်က စဉ်းစားမိမှာပဲ..”

ဆန်နီ ဒီ စကားတွေကို သိပ်ပြီး သဘောမကျပါဘူး..။

‘သူ ဘာကို ပြောချင်နေတာလဲ..’

“…ဘာကို စဉ်းစားမိမှာလဲဗျ..”

ပင်ပန်းနေတဲ့ လူအိုကြီးက လေးလံတဲ့ သက်ပြင်းတစ်ချက် ချလိုက်တယ်..။

“ဒါက သိပ္ပံနည်းကျ စူးစမ်းမှုတစ်ခုသက်သက်ပါ မာစတာ ဆန်းလပ်စ်..။ စိတ်ထဲ သိပ်မထားပါနဲ့..။ သိပ္ပံပညာရှင်တွေ အနေနဲ့ ငါတို့ရဲ့ တာဝန်က မေးခွန်းတွေ မေးဖို့ပဲလေ..။ ဒီ မေးခွန်းတွေထဲက တစ်ခုကတော့ ငါတို့ ကမ္ဘာမှာရှိတဲ့ နိုးထသူ တွေရဲ့ အရေအတွက်နဲ့ စွမ်းအား.. ပြီးတော့ ဒီမှာ ပေါ်ပေါက်လာနေတဲ့ အိပ်မက်ဆိုး ထွက်ပေါက် တွေရဲ့ အရေအတွက်နဲ့ စွမ်းအားကြားမှာ ဆက်နွယ်မှု ရှိနေသလား ဆိုတာပဲ..။ နိုးထသူ တွေနဲ့ အိပ်မက်ဆိုး တွေ.. ဒီအရာတွေထဲက ဘယ်ဟာက အကြောင်းရင်း ဖြစ်ပြီး.. ဘယ်ဟာက အကျိုးရလဒ် ဖြစ်မလဲ..”

ဆန်နီ ခနလောက် တွေးတောနေပြီးမှ ခေါင်းခါလိုက်တယ်..။

“ခင်ဗျားရဲ့ အယူအဆမှာ အားနည်းချက်ကြီး တစ်ခု ရှိနေတယ် ပရော်ဖက်ဆာ..။ တကယ်လို့ ဒီလို ဆက်နွယ်မှုသာ ရှိနေပြီး ကျွန်တော်တို့ နိုးထသူ တွေက ပိုကြီးမား ပိုအားကောင်းတဲ့ အိပ်မက်ဆိုး ထွက်ပေါက် တွေကို ဆွဲဆောင်နေသလို ဖြစ်နေတယ်ဆိုရင်.. ကမ္ဘာပေါ်မှာ ကြီးမြတ်မူအဆင့် တွေ မရှိခင်ကတည်းက မြောက်အမေရိကမှာ ဘာလို့ ပဉ္စမအဆင့် ထွက်ပေါက်ကြီး ပေါ်လာခဲ့ရတာလဲ..။ ကျွန်တော် ထင်တာတော့ ခင်ဗျားက လူသားတွေမှာ ရှိတတ်တဲ့ ရှုပ်ထွေးမှုတွေထဲကနေ ပုံစံတစ်ခုကို မြင်ချင်နေတာ ထင်ပါတယ်..”

အခုအချိန်မှာ ကမ္ဘာပေါ်မှာ အုပ်စိုးသူများ သုံးယောက် ရှိနေပေမဲ့.. အဲဒီ ထွက်ပေါက်ကြီး တိုက်ကြီးတစ်ခုလုံးကို ဝါးမြိုသွားတုန်းကတော့ တစ်ယောက်မှ မရှိသေးပါဘူး..။ ဘာပဲဖြစ်ဖြစ် ဆန်နီ ကတော့ ကြီးမြတ်မူအဆင့် တွေအကြောင်းကို သီအိုရီအရ ဖြစ်နိုင်ခြေတစ်ခုထက် ပိုပြီးတော့ ပြောမှာ မဟုတ်ပေ..။

ပရော်ဖက်ဆာ အိုဘယ် က ကျေနပ်သလို ခေါင်းညိတ်လိုက်ပါတယ်..။

“အတွေးအခေါ် ကောင်းတယ် လူငယ်လေး..။ သံသယရှိတတ်တာက အမြဲတမ်း ကောင်းပါတယ်..။ ဒါပေမဲ့.. မင်းရဲ့ သုံးသပ်ချက်က အဓိက အချက်တစ်ခု မှန်ကန်မှပဲ ခိုင်မာမှာလေ..”

ဆန်နီ မျက်မှောင်ကြုတ်လိုက်ပြီး..

“ဟုတ်ကဲ့.. ဘယ်အချက်လဲဗျ..”

လူအိုကြီး က သူတို့ ဘေးပတ်ပတ်လည်က သိပ္ပံပညာရှင်တွေကို ကြည့်လိုက်ပြီး ဝမ်းနည်းရိပ်သန်းနေတဲ့ အပြုံးနဲ့ ပြုံးလိုက်ပါတယ်..။

“အားကောင်းတဲ့ နိုးထသူ တစ်ယောက် ပေါ်ထွက်လာတဲ့ သက်ရောက်မှုက ငါတို့လို သာမန်လူသားတွေလိုပဲ အချိန်မြစ်အတိုင်း စီးဆင်းနေတာ ဖြစ်နိုင်ပါ့မလား..။တကယ်လို့.. အဲဒါက လက်တွေ့ကမ္ဘာထဲကို ထွက်ပေါ်လာတဲ့ ထွက်ပေါက် တစ်ခုရဲ့ တုန်ခါမှုလှိုင်းလိုမျိုး အချိန် ထဲကို ပျံ့နှံ့သွားတာဆိုရင်.. သူတို့က ဘယ်အချိန် တက်ရောက်သူ ဖြစ်လာမယ် ဆိုတာက အရေးမကြီးတော့ဘူးလေ..။ ပထမဆုံး ကြီးမြတ်မူအဆင့် က နောက်ထပ် နှစ်အနည်းငယ်ကြာမှ ပေါ်လာနိုင်မှာ ဆိုပေမယ့်.. ဒီလို ပေါ်လာခြင်းရဲ့ နောက်ဆက်တွဲ ရလဒ်တွေကိုတော့ ငါတို့က အခုကတည်း​က ခံစားနေရနိုင်တယ် မဟုတ်ဘူးလား..”

သူ့ရဲ့ ပင်ပန်းနွမ်းနယ်နေတဲ့ မျက်လုံးတွေက ထူးဆန်းတဲ့ အလင်းရောင်နဲ့ တောက်ပလာခဲ့တယ်..။

“မြောက်အမေရိကကို ဖျက်ဆီးခဲ့တဲ့ ကြောက်စရာကောင်းတဲ့ ထွက်ပေါက်ကြီး ဆိုရင်လည်း.. ဘယ်သူ သိမှာလဲ..။ ဖြစ်နိုင်တာက အဝေးကြီးမှာ ရှိနေတဲ့ ကြောက်စရာ အနာဂတ်မှာ လူသားမျိုးနွယ်ထဲကနေ နတ်ဘုရားတစ်ပါး ပေါ်ထွက်လာနိုင်တာကြောင့် ​ကြိုတင်ခံစားကြရတာလည်း ဖြစ်နိုင်တယ်လေ..”

..........

ခနအကြာမှာတော့ ဆန်နီ က ဓာတ်ခွဲခန်းထဲမှာ စောင့်ကြည့်ဖို့ သူ့ရဲ့ အရိပ်ကို ထားခဲ့ပြီး သူ့ရဲ့ စစ်သားတွေကို သွားစစ်ဆေးခဲ့တယ်..။ သူ မြေအောက် အဆောက်အဦးထဲမှာ လမ်းလျှောက်နေတုန်း သူ့ရဲ့ မျက်နှာက မှောင်မိုက်နေခဲ့ပါတယ်..။

ဆန်နီဟာ ပရော်ဖက်ဆာ အိုဘယ် ပြောပြခဲ့တာတွေကို အကုန်လုံးတော့ မယုံပါဘူး..။ အနည်းဆုံးတော့ အပြည့်အဝ မယုံကြည်ပေ..။ သို့ပေမယ့် သိပ္ပံပညာရှင်တွေက အဲဒီ သီအိုရီတွေအပေါ် အခြေခံပြီး မှားယွင်းတဲ့ ကောက်ချက်တွေ ချခဲ့ရင်တောင်မှ.. လူအိုကြီး ယုံကြည်နေတဲ့ အရာတွေထဲမှာ အမှန်တရား အစအန အချို့ ရှိနေနိုင်တယ်လို့ သူ ခံစားနေရပါတယ်..။

အချိန် ရဲ့ လှိုင်းဂယက်တွေ.. အနာဂတ်မှာ ဖြစ်မယ့်အရာက အတိတ်ကို လာသက်ရောက်နေတဲ့ ဘေးအန္တရာယ်တွေ.. ဒီကနေ ဖြစ်ပေါ်လာတဲ့ ထူးဆန်းတဲ့ ကွင်းဆက်တွေ.. ဆန်နီ ကတော့ အဲဒီ အယူအဆတွေရဲ့ မှန်ကန်မှုနဲ့ ကျိုးကြောင်းဆီလျော်မှုအပေါ် သံသယ ရှိနေဆဲပါပဲ..။

သူ့ရဲ့ အတွေ့အကြုံအရဆိုရင် အရိုးရှင်းဆုံး အဖြေက အမှန်ကန်ဆုံး ဖြစ်တတ်ပါတယ်..။ ပရော်ဖက်ဆာ အိုဘယ် က အဲဒီ အချက်ကို မျက်ကွယ်ပြုထားတဲ့ ပုံပါပဲ..။

သို့ပေမဲ့ သူ့ကို ဂဏာမငြိမ် ဖြစ်စေတဲ့ သီအိုရီ တစ်ခုတော့ ရှိနေခဲ့တယ်..။

‘နိုးထသူ တွေ အများကြီးက တက်ရောက်သူ အဖြစ် အဆင့်တက်သွားတာက အိပ်မက်ဆိုး ထွက်ပေါက် တွေကို တကယ်ပဲ ပိုများ ပြီး ပိုပြင်းထန်လာစေနိုင်တာလား.’

ဒါက ဘယ်လိုဖြစ်နိုင်မလဲဆိုတာကို သူ တကယ် မသိပါဘူး..။ ဘာပဲဖြစ်ဖြစ် နိုးထသူ တစ်ယောက် ဖြစ်ဖို့ဆိုတာ အရင်ဆုံး အိပ်မက်ဆိုး ကို ဖြတ်သန်းရတာလေ.. ပြောင်းပြန် မဟုတ်ပါဘူး..။ဒါပေမဲ့.. ဒါပေမဲ့...

တကယ်လို့ ဆက်နွယ်မှုတစ်ခု ရှိနေတာက အမှန်တရားဆိုရင်တော့.. ကိစ္စတစ်ခုက ပိုပြီး အဓိပ္ပာယ်ရှိသွားမှာပါ..။

မှောင်မိုက်တဲ့ ကော်ရစ်ဒါ တွေထဲမှာ လမ်းလျှောက်ရင်း ဆန်နီ မျက်နှာပျက်သွားခဲ့တယ်..။

‘.. ဒါကြောင့်ပဲ အုပ်စိုးသူတွေ က သူတော်စင် အသစ်တွေ ပေါ်ထွက်လာမှာကို ဖိနိုပ်နေတဲ့ အကြောင်းရင်း ဖြစ်လာနိုင်မလား..။ မဟုတ်ဘူး.. ဒီထက်တောင် ပိုနိုင်သေးတယ်..။ ဒါက သူတို့ထဲက တစ်ယောက်မှ ပဉ္စမ အိပ်မက်ဆိုး ကို စိန်မခေါ်ကြသေးတဲ့ အကြောင်းရင်းများလား..’

အရင်တုန်းကတော့ ဒီလို ဖုံးကွယ်ထားတဲ့ တားဆီး ဖိနှိပ်မှုတွေဟာ အက်စတာရီယွန်၊

ဗာလာ ရဲ့ အန်ဗီ နဲ့ ကီဆောင် တို့ရဲ့ အာဏာမက်မောမှုတွေ .. ရည်မှန်းချက်တွေကြောင့်လို့ပဲ သူ ထင်ထားခဲ့တာပါ..။

ဒါပေမဲ့ အဲဒါက တစ်ခုတည်းသော အကြောင်းရင်း မဟုတ်ရင်ရော..။

ဆန်နီ စိတ်ပျက်လက်ပျက်နဲ့ သက်ပြင်းချလိုက်မိတယ်..။

သူ တကယ်ကို မသိတော့ပါဘူး..။

အပိုင်း ( ၈၈၀ ) ပြီး၏။

အပိုင်း ( ၈၈၁ ) အစီအစဉ်များ ပြောင်းလဲခြင်း

အပြင်ဘက်မှာတော့ နှင်းမုန်တိုင်းက နေရာအနှံ့ သောင်းကျန်းနေဆဲဖြစ်ပြီး လက်တွေ့လောကကြီးကို ဖြူဖွေးနေတဲ့ မြူနှင်းတွေထဲမှာ နှစ်မြှုပ်ထားခဲ့တယ်..။ ဆန်နီ လို မာစတာ တစ်ယောက်အတွက် အအေးမိဖို့ ခဲယဉ်းပေမဲ့.. သူတောင်မှ ချမ်းတုန်သွားပြီး အတွင်းထဲကို အမြန်ပြန်ဝင်လာခဲ့ရပါတယ်..။ အဖွဲ့ဝင်တွေရဲ့ အိပ်စက်ခြင်း သေတ္တာ တွေရှိရာ အဆောက်အဦးထဲကို သူ ဝင်လိုက်တဲ့အခါမှာ.. သုန်မုန်တဲ့ မျက်နှာပေးနဲ့ စောင့်နေတဲ့ ဗန် ကို တွေ့လိုက်ရတာကြောင့် ခေါင်းညိတ်ပြလိုက်တယ်..။

အခုဆိုရင် သူတို့ ဒီကို ရောက်လာတာ ရှစ်နာရီလောက် ရှိသွားပြီ..။ ဆန်နီ စေလွှတ်လိုက်တဲ့သူတွေ အိပ်မက်နယ်မြေ ကနေ အချိန်မရွေး ပြန်ရောက်လာနိုင်ပါတယ်..။

တည်ငြိမ်တဲ့ မာစတာ ဗန် က သူ့ကို ကြည့်ပြီး မေးလိုက်တယ်..။

“ပရော်ဖက်ဆာနဲ့ တွေ့တာ ဘယ်လိုလဲ..”

ဆန်နီ ပုခုံးတွန့်လိုက်ပြီး..

“ကျွန်တော်တို့.. စိတ်ဝင်စားစရာ စကားအချို့ ပြောဖြစ်ခဲ့ကြတယ်..။ သူက တကယ့်ကို ထူးချွန်တဲ့သူပဲ..”

ဒါက တကယ်ကို ထူးဆန်းပါတယ်..။ ပရော်ဖက်ဆာ အိုဘယ် က သာမန်လူသားတစ်ယောက်သာဖြစ်ပေမဲ့.. သူက ဆန်နီ သိထားတဲ့ ဘယ် နိုးထသူ ထက်မဆို လူ့အသက်ပေါင်းများစွာကို ပိုပြီး ကယ်တင်ထားနိုင်ခဲ့တာပါ..။ဒီ လူအိုကြီး ဖော်ထုတ်ခဲ့တဲ့ ခန့်မှန်းတွက်ချက်မှု စနစ်သာ မရှိရင်.. လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်းမှာ လူပေါင်းများစွာဟာ ပေါ်ပေါက်လာတဲ့ ထွက်ပေါက် တွေရဲ့ ဝါးမြိုတာကို ခံခဲ့ကြရမှာပါ..။ လူနေထူထပ်တဲ့ နေရာတစ်ခုမှာ ထွက်ပေါက် တစ်ခု ရုတ်တရက် ပေါ်လာတာက ဘယ်လောက် အန္တရာယ်များတယ်ဆိုတာ ဆန်နီ ကောင်းကောင်း သိပါတယ်..။ သူကိုယ်တိုင်လည်း ဒီလို အခြေအနေမျိုးနဲ့ ရင်ဆိုင်ခဲ့ဖူးတာပဲ မဟုတ်ဘူးလား..။

ဗန် က တိတ်ဆိတ်စွာပဲ ခေါင်းညိတ်လိုက်တယ်..။

“သူက အဲဒီလို လူမျိုးပဲ..။ သူ့ကိုရော သူ့ရဲ့ သိပ္ပံပညာရှင်တွေကိုပါ ဘေးကင်းရာကို ပို့ဆောင်ဖို့ ဘာလို့ အရေးကြီးရသလဲဆိုတာ အခု မင်း နားလည်သွားပြီလို့ ငါ မျှော်လင့်ပါတယ် မာစတာ ဆန်းလပ်စ်..။ သူတို့ရဲ့ အလုပ်တွေ ဆက်လုပ်နိုင်ဖို့ လိုတယ်လေ..”

ဆန်နီ ပြန်ပြောမလို့ လုပ်တုန်းမှာပဲ.. အိပ်စက်ခြင်း သေတ္တာ တွေဆီကနေ အချက်ပြသံတွေ ထွက်ပေါ်လာပြီး.. အထဲမှာ ရှိနေတဲ့သူတွေ နိုးလာတော့မယ်ဆိုတာ အသိပေးလာခဲ့ပါတယ်..။

ဆမ်မာရာ၊ ကင်မ် နဲ့ လူစတာ တို့ဟာ တစ်ချိန်တည်းမှာပဲ ပြန်ရောက်လာခဲ့ကြတယ်..။ သူတို့က သေတ္တာထဲကနေ ထွက်လာပြီး အဝတ်အစားတွေ ပြန်ဝတ်လိုက်ကြပေမဲ့.. သူတို့ရဲ့ မျက်နှာတွေကတော့ သုန်မုန် နေခဲ့ပါတယ်..။

‘သတင်းက သိပ်မကောင်းဘူး ထင်တယ်..’

အဲဒီအချိန်မှာပဲ လူစတာ က ရုတ်တရက် ပြောလာခဲ့တယ်..။

“ကပ္ပတိန်..မကောင်းတော့ဘူး.. တကယ်ကို မကောင်းတော့ဘူး..”

ဆန်နီ က သူ့ကို ခက်ထန်တဲ့ အကြည့်နဲ့ ကြည့်လိုက်ပြီး..

“.. ငါလည်း အဲဒီလောက်တော့ ရိပ်မိပါတယ်..။ ပြောပါဦး..”

နိုးထသူ သုံးယောက်ဟာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြတယ်..။ နောက်ဆုံးမှာတော့ ကင်မ် ကပဲ မာစတာ တွေကို အကျိုးအကြောင်း ရှင်းပြလိုက်ပါတယ်..။

“အခြေအနေက ရှင်းရှင်းလင်းလင်း မရှိသေးပေမဲ့.. ငလျင်တစ်ခု လှုပ်ခတ်သွားပြီးတဲ့နောက်မှာ တတိယအဆင့် ထွက်ပေါက် တွေ အများကြီး ပေါ်လာခဲ့တယ်..။ တိုက်တန် တွေလည်း အများကြီး ထွက်လာတယ်လို့ သိရတယ်..။ အနောက် အန္တာတိက နဲ့ အလယ်ပိုင်း ကြားက ရေလက်ကြား အထက်မှာ သူတော်စင် သုံးယောက်က တိုက်တန် တစ်ကောင်ကို တိုက်ခိုက်ခဲ့ကြတယ်..။ အဲဒီနောက်မှာ တောင်ပိုင်း စတုတ္ထ ဝန်းရံခြင်း တစ်ခုလုံးမှာ ဆက်သွယ်ရေးတွေ ပြတ်တောက်ကုန်တာပဲ..။ ကျွန်မတို့ ခံတပ် ကနေ ထွက်လာတဲ့ အချိန်အထိ အားလုံးက ဘာဖြစ်သွားလဲဆိုတာကို စုံစမ်းနေကြတုန်းပဲ ရှိသေးတယ်..”

ဆန်နီ့ မျက်နှာ မှောင်ကျသွားခဲ့တယ်..။ ဒါတွေအားလုံးက တကယ့်ကို ဒုက္ခများမဲ့ ကိစ္စတွေပါ..။ အိပ်မက်ဆိုး ချိန်းကြိုးကြီးက အဆင့်ပြောင်းသွားပုံရပြီး အန္တာတိကကို ပရမ်းပတာ အခြေအနေထဲ ဆွဲနှစ်လိုက်သလို ဖြစ်သွားခဲ့တယ်။

“ငါတို့ရဲ့ အမိန့်ကရော..။ ကာနယ် ဂျက် ဆီက တစ်ခုခု ကြားခဲ့သေးလား..”

ဆမ်မာရာ က အသံတိုးတိုးနဲ့ ပြောလိုက်တယ်..။

“သူမက ညွှန်ကြားချက်တွေ ပေးလိုက်ပါတယ် ကပ္ပတိန်..”

‘ကောင်းပြီ.. အနည်းဆုံးတော့ တစ်ခုခုအဆင်ပြေသွားတာပဲ..’

ဒါပေမဲ့ သူ့လက်အောက်ငယ်သားတွေရဲ့ လေးလံတဲ့ အကြည့်တွေကို ကြည့်ရတာ သူတို့ ပြောမဲ့စကားကို သူ သဘောကျမှာ မဟုတ်ဘူးဆိုတာ သိသာနေပါတယ်..။

မာစတာ ဗန် က လှပတဲ့ လက်ဖြောင့်စစ်သည် မိန်းကလေးကို ကြည့်ပြီး မျက်မှောင်ကျုတ်လိုက်တယ်..။

“ကောင်းပြီ.. ပြောပါဦး.. စစ်ဌာနချုပ်က ငါတို့ကို ဘာလုပ်ခိုင်းလိုက်သလဲ..”

ဆမ်မာရာ သက်ပြင်းချလိုက်တယ်..။

“ဒီစခန်းနဲ့ အနီးဆုံး ကယ်ဆယ်ရေး မြို့တော်ကြားက နယ်မြေက ဖြတ်ကျော်ဖို့ အန္တရာယ်များလွန်းတယ်လို့ သတ်မှတ်လိုက်ပြီ..။ အန္တာတိကအလယ်ပိုင်းတစ်ခုလုံး သက်ရောက်မှု ရှိနေပေမဲ့.. တောင်ဘက် အစွန်အဖျားကတော့ အဆိုးဆုံး ထိခိုက်ခံရပုံပဲ..။ ဒါကြောင့်.. ကျွန်မတို့ ပြန်သွားလို့ မရတော့ဘူး..။ အရင်က ချမှတ်ထားတဲ့ ကယ်ဆယ်ရေး အစီအစဉ်ကိုလည်း ဖျက်သိမ်းလိုက်ကြပြီ..”

ဗန် က ဘာမှ ပြန်မပြောပေမဲ့ သူ့ရဲ့ မေးရိုးကြွက်သားတွေ တင်းမာသွားခဲ့တယ်..။ သူက ဆဲရေးတိုင်းထွာတော့မဲ့ အခြေအနေမှာ ရှိနေပုံရတာကြောင့်.. ဒီသတင်းအပေါ် သူ ဘယ်လောက်အထိ မကျေမနပ် ဖြစ်နေသလဲဆိုတာ သိသာပါတယ်..။

ဆန်နီ ရဲ့ အမြင်အရတော့ ဗန် က တကယ့်ကို စည်းကမ်းကြီးပြီး လူကြီးလူကောင်း ဆန်တဲ့သူတစ်ယောက်ပါ..။

… သူကိုယ်တိုင်လည်း စိတ်ပျော်ရွှင်တဲ့အခြေအနေမှာ မရှိပါဘူး..။ လွတ်မြောက်ရာလမ်းမရှိတဲ့ ဝေးလံခေါင်ဖျားတဲ့ စခန်းတစ်ခုမှာ ပိတ်မိနေတာက အဆိုးဆုံးတော့ မဟုတ်သေးပေမဲ့.. အဲဒီ အခြေအနေနဲ့ အတော်လေး နီးစပ်နေခဲ့ပါပြီ..။

ဆန်နီ က နှစ်ယောက်လုံးအတွက် ကိုယ်စား ဆဲပေး လိုက်တယ်..။

“ဒါဆိုရင် ဘာလဲ.. ငါတို့က ဒီမှာပဲ ထိုင်နေပြီး အသေခံရမှာလား..”

ဆမ်မာရာ က ခေါင်းခါလိုက်ပြီး..

“အမိန့်အသစ် ရလာခဲ့တယ် ကပ္ပတိန်..။ ကုန်းလမ်းကနေ ကယ်ဆယ်ဖို့က အခုလောလောဆယ် မဖြစ်နိုင်တော့ပေမဲ့..ကျွန်မတို့ကို အန္တာတိကဆီ လာပို့ပေးတဲ့ ရေတပ်စစ်သင်္ဘောအုပ်စုက ဒုတိယအသုတ် ဒုက္ခသည်တွေကို လာခေါ်ဖို့ လမ်းမှာ ရောက်နေပြီ..။ အဲဒီထဲက စစ်သင်္ဘော အာရီယက်ဒ်နီ က အန္တာတိကအလယ်ပိုင်းရဲ့ တောင်ဘက် အစွန်အဖျားဆီကို လမ်းကြောင်းပြောင်းပြီး ထွက်လာလိမ့်မယ်..။ အားလုံး အဆင်ပြေမယ်ဆိုရင် နောက်ထပ် နှစ်ပတ်ကနေ သုံးပတ်အတွင်းမှာ ကျွန်မ တို့ဆီ ရောက်လာနိုင်မှာပဲ..။ ကျွန်မတို့ အဖွဲ့ကိုတော့ LO49 ရဲ့ ကာကွယ်ရေးကို အားကောင်းအောင် လုပ်ထားပြီး အဲဒီသင်္ဘော ရောက်လာမှာကို စောင့်နေဖို့ အမိန့်ပေးထားပါတယ်..”

ဗန် က စိတ်အေးစွာပဲ သက်ပြင်းတစ်ချက် ချလိုက်တယ်..။

“သိပြီ.. သုံးပတ်လား.. ဒါကတော့ လုပ်လို့ရနိုင်ပါတယ်..”

ဒါပေမဲ့ ဆန်နီ ကတော့ သိပ်ပြီး စိတ်အားမထက်သန်ပါဘူး..။ သင်္ဘောပေါ် ပြန်တက်ရမယ်ဆိုတဲ့ အတွေးက သိပ်ပြီး ဆွဲဆောင်မှု မရှိလှပေမဲ့.. တစ်ဖက်မှာလည်း စစ်ဌာနချုပ်ဆီကနေ ကင်းထောက်အချက်အလက်တွေ မရဘဲ.. ဒေသခံ စစ်သားနဲ့ အရပ်သား နှစ်ထောင်လောက် ခေါ်ပြီး ဖြတ်ကျော်ရမှာထက်စာရင်တော့ ဒါက ပိုကောင်းတဲ့ အစီအစဉ် ဖြစ်နေပြန်တယ်..။ဒီကြမ်းတမ်းတဲ့ နယ်မြေတွေမှာ

တိုက်တန် တွေ ဘယ်နှစ်ကောင်လောက် လျှောက်သွားနေမလဲ ဆိုတာ ဘယ်သူမှ မသိနိုင်ပေ။

သူက မျက်နှာမဲ့လိုက်ပြီး ပုခုံးတွန့်လိုက်တယ်..။

“ကောင်းပြီလေ..။ ဒါဆိုရင်.. ငါတို့အတွက် အားလပ်ရက် အသေးစားလေး ရသွားတာပေါ့..”

...........

သုတေသန စခန်းမှာ အနည်းဆုံး နှစ်ပတ်လောက် နေရတော့မယ်ဆိုတာ သိလိုက်ရတာကြောင့်.. ဆန်နီ က သူ့စစ်သားတွေကို ကိုယ့်အိမ်ကိုယ့်ယာလိုပဲ သဘောထားဖို့ ပြောလိုက်တယ်..။ ရိုင်နို ကို ခံတပ်ရဲ့ တံတိုင်းတွေအတွင်းထဲကို သွင်းလိုက်ပြီး.. အဆောက်အဦးတွေထဲမှာ သွားမနေတော့ဘဲ အဲဒီထဲမှာပဲ သူတို့ရဲ့ နေထိုင်ရာနေရာအဖြစ် အသုံးပြုဖို့ ဆုံးဖြတ်လိုက်ကြတယ်..။

တကယ်တော့ ဒီ ပတ်ဝန်းကျင်အသစ်က ကြိုဆိုရမဲ့ အပြောင်းအလဲတစ်ခုပါပဲ..။ တစ်လလုံးလုံး အဆက်မပြတ် တိုက်ခိုက်ခဲ့ရတာကြောင့် တစ်ဖွဲ့လုံးက ပင်ပန်းနွမ်းနယ်နေကြပြီ ဖြစ်သလို.. ဒီလို မမျှော်လင့်ဘဲ နားခွင့်ရတာက သူတို့ကို အနားယူဖို့နဲ့ အင်အားပြန်ဖြည့်ဖို့ အချိန်အလုံအလောက် ပေးနိုင်တာကြောင့်ပါ..။

ဒါပေါ့.. တကယ်လို့ တစ်ခုခု ဆိုးဆိုးရွားရွား မဖြစ်ခဲ့ဘူး ဆိုရင်ပေါ့..။

LO49 က ကြီးမားတဲ့ အဆောက်အဦးဖြစ်တာကြောင့်.. အဖွဲ့ဝင်တွေအတွက် အချိန်ဖြုန်းဖို့နဲ့ အပန်းဖြေဖို့ အခွင့်အရေးတွေ အများကြီး ပေးထားပါတယ်..။ သူတို့တွေက ထမင်းစားဆောင်မှာ စားသောက်နိုင်သလို.. အပန်းဖြေ နားနေဆောင်တွေမှာလည်း အနားယူနိုင်တယ်.. ဒါမှမဟုတ် စာကြည့်တိုက် အသေးစားလေးဆီတောင် သွားလို့ရပါသေးတယ်..။ ဒါပေမဲ့ အကောင်းဆုံး အပြောင်းအလဲကတော့ မိတ်ဆွေသစ်တွေနဲ့ တွေ့ခွင့်ရတာပါပဲ..။ စခန်းမှာရှိတဲ့ အရပ်သား ဝန်ထမ်းတွေနဲ့ စကားပြောရတာက.. အိပ်မက်ဆိုး ချိန်းကြိုးကြီး မဖြစ်ခင်က အေးချမ်းတဲ့ အချိန်တွေကိုတောင် သတိရစေပါတယ်..။

ဆန်နီ က သူ့စစ်သားတွေကို မသွားဖို့ တားမြစ်ထားတဲ့ နေရာ နှစ်နေရာပဲ ရှိပါတယ်..။ အဲဒါကတော့.. နက္ခတ်တာဝါ အဟောင်းနဲ့ သမုဒ္ဒရာကို လှမ်းမြင်နေရတဲ့ အပြင်ဘက် တံတိုင်း ပါ..။ နက္ခတ်တာဝါမှာ မှန်ပြောင်းကို ဖြုတ်ထားပြီ ဆိုပေမဲ့လည်း သူက အဲဒီနေရာကို သဘောမကျပါဘူး..။ သမုဒ္ဒရာနဲ့ ပတ်သက်ရင်တော့.. ဆန်နီ က မှောင်မိုက်တဲ့ ရေပြင်တွေကို အမြင်စောင်းဖို့ အတွက် အကြောင်းပြချက် ခိုင်ခိုင်လုံလုံ ရှိပါတယ်။

ရက်အနည်းငယ်ကတော့ အေးအေးဆေးဆေးပဲ ကုန်ဆုံးသွားခဲ့တယ်..။ နောက်တော့ တစ်ပတ် ပြည့်သွားခဲ့ပါတယ်..။ မြောက်ပိုင်း ဘက်က လာတဲ့ သတင်းတွေကတော့ ထူးထူးခြားခြား ဝေဝါးနေဆဲဖြစ်ပြီး ပြတ်တောင်းပြတ်တောင်းပဲ ရှိနေပါသေးတယ်..။

ဒါပေမဲ့.. ဒီ အေးချမ်းမှုတွေက ရုတ်တရက် ပေါ်ပေါက်လာတဲ့ အန္တရာယ် အခြေအနေတစ်ခုကြောင့် ပျက်စီးသွားခဲ့ရပါတော့တယ်..။

အပိုင်း ( ၈၈၁ ) ပြီး၏။

အပိုင်း ( ၈၈၂ ) အဝါရောင် အခြေအနေ

​ဆန်နီ ဟာ ခံတပ်ရဲ့ မြင့်မားတဲ့ တံတိုင်းကြီး နဲ့ သိပ်မဝေးလှတဲ့ ကျောက်ဆောင် ကမ်းခြေကို လာရိုက်ခတ်နေတဲ့ လှိုင်းလုံးကြီးတွေကို စိုက်ကြည့်နေခဲ့တယ်..။ သူ့စစ်သားတွေကို သမုဒ္ဒရာနဲ့ ဝေးဝေးနေဖို့ ပြောထားပေမဲ့.. ဆန်နီ ကိုယ်တိုင်ကတော့ မှောင်မိုက်တဲ့ ရေပြင်ထဲကနေ ပေါ်ထွက်လာမဲ့ စစ်သင်္ဘောကြီးရဲ့ အရိပ်အယောင်ကို မြင်တွေ့ရနိုး နဲ့ တစ်နေ့ကို တစ်ကြိမ် ဒါမှမဟုတ် နှစ်ကြိမ်လောက် ဒီနေရာကို လာတတ်ပါတယ်..။

​ဒါက နည်းနည်းတော့ ရယ်စရာကောင်း ပါတယ်..။ ဘာလို့လဲဆိုတော့ LO49 ကနေ သူတို့ကို ခေါ်ထုတ်သွားမဲ့ သင်္ဘော ရောက်လာဖို့က ရက်ပေါင်းများစွာ ဒါမှမဟုတ် သီတင်းပတ် တစ်ချို့တောင် လိုနေသေးလို့ပါပဲ..။ ဒါပေမဲ့လည်း လှိုင်းလုံးတွေကို ကြည့်နေရတဲ့ အခါတိုင်းမှာ သူဟာ တစ်ခုခုကို နက်နက်နဲနဲ တွေးတောနေတတ်ပါတယ်..။

​တကယ်လို့ သမုဒ္ဒရာထဲကနေ အာရီယက်နီ သင်္ဘော မဟုတ်ဘဲ တခြားအရာတစ်ခုခု ပေါ်လာရင်တောင်မှ.. သူကတော့ လွတ်အောင် ပြေးနိုင်မယ်ဆိုတာ သူ့ကိုယ်သူ ယုံကြည်ချက် ရှိနေတာကြောင့်လည်း ပါပါတယ်..။

​နှင်းမုန်တိုင်းက လွန်ခဲ့တဲ့ နာရီအနည်းငယ်ကမှ ငြိမ်သက်သွားတာကြောင့် ဒီနေ့မှာတော့ ဆန်နီ ဟာ အရင်ကထက် ပိုပြီး အဝေးကြီးကို မြင်နေရတယ်..။ မြင်စရာတော့ ဘာမှ သိပ်မရှိပါဘူး..။

​သူက အအေးဒဏ်ကြောင့် ချမ်းတုန်သွားပြီး သက်ပြင်းချလိုက်ပါတယ်..။ ပြီးတော့ နွေးထွေးတဲ့ အဆောက်အဦးထဲ ပြန်ဝင်ဖို့ ပြင်လိုက်တယ်..။

​အဲ့အချိန်မှာပဲ ဆန်နီ တစ်ခုခုကို နားစွင့်နေသလိုမျိုး ငြိမ်သက်သွားပြီး ခေါင်းကို စောင်းလိုက်ပါတယ်..။ သူ့မျက်လုံးတွေက ကျဉ်းမြောင်းသွားခဲ့တယ်။

​“…ချီးပဲ..”

​သူ့ရဲ့ စိတ်အာရုံကို နှိပ်စက်နေတဲ့ ရူးသွပ်ဖွယ်ရာ တီးတိုးသံတွေက ရုတ်တရက် ပိုပြီး ကျယ်လောင်လာခဲ့တာပါ..။

ဆန်နီ ​တံတိုင်းပေါ်ကနေ ခုန်ဆင်းပြီး အမြန် လမ်းလျှောက်သွားလိုက်ရင်း.. မကြာခင်မှာပဲ စခန်းရဲ့ လုံခြုံရေး ဗဟိုဌာနကို ရောက်သွားခဲ့တယ်..။ အဲဒီမှာတော့ နိုးထသူ အချို့က အာရုံခံကိရိယာတွေကနေ လာတဲ့ အချက်အလက်တွေကို စောင့်ကြည့်နေကြပါတယ်..။ ဗန် ကတော့ သုန်မုန်နေတဲ့ မျက်နှာပေးနဲ့ မျက်နှာပြင်တွေ ရှေ့မှာ မတ်တပ်ရပ်နေခဲ့တယ်..။

​ဆန်နီ ရဲ့ ခြေသံကို ကြားတဲ့အချိန်မှာ သူက လှည့်ကြည့်လာခဲ့ပြီး.

​“မင်းလည်း ခံစားမိတယ် မဟုတ်လား..”

​ဆန်နီ ခေါင်းညိတ်လိုက်တယ်။

​“ဟုတ်တယ်.. အတော်လေး အားကောင်းတယ်..”

​ဗန် ခနလောက် မျက်လုံးမှိတ်ထားလိုက်တယ်..။

​“ဒါက ကိစ္စတွေကို ပိုပြီး ရှုပ်ထွေးစေတော့မယ်..”

​ဒါက တကယ်တော့ ပုံမှန်အတိုင်း ပြောလိုက်တာပါပဲ..။ သူတို့ ခံစားမိလိုက်တာက ရုတ်တရက် အားကောင်းလာတဲ့ ခေါ်သံ ပါပဲ..။ ဒီအရာက အချက်နှစ်ချက်ကို ဆိုလိုနေပြီး.. ဘယ်အချက်ကမှ LO49 ထဲမှာ ပိတ်မိနေတဲ့သူတွေအတွက် ကောင်းတဲ့ သတင်း မဟုတ်ခဲ့ပေ..။

​ပထမအချက်ကတော့ ရှင်းပါတယ်..။ ဒီစခန်းနဲ့ သိပ်မဝေးတဲ့ တစ်နေရာမှာ အိပ်မက်ဆိုး ထွက်ပေါက် တစ်ခု ဒါမှမဟုတ် တစ်ခုထက်မက ပွင့်သွားတာပဲ ဖြစ်နိုင်ပါတယ်..။ ခေါ်သံ က ဒီလောက် ကျယ်လောင်နေပုံထောက်ရင်.. အနည်းဆုံး ထွက်ပေါက် နှစ်ခုလောက် ရှိမယ်လို့ ဆန်နီ လောင်းကြေးထပ်ရဲပါတယ်..။

​ဒုတိယအချက်ကတော့ ချက်ချင်းကြီး အန္တရာယ် မပေးနိုင်သေးပေမဲ့ ပိုပြီးတော့ ကြောက်စရာကောင်းနေခဲ့တယ်..။

​ဗန် က အံ့ကြိတ်လိုက်ပြီး သက်ပြင်းချကာ သူ့ရှေ့က စက်ခလုတ် အချို့ကို နှိပ်လိုက်တယ်..။ ယင်းနောက် ခံတပ်တစ်ခုလုံးကို ပဲ့တင်ထပ်သွားမဲ့ အသံချဲ့စက်ကနေ သူ စကားပြောလိုက်ပါတယ်..။

​“နိုးထသူ ဝန်ထမ်း အားလုံး သတိပြုပါ..။

မာစတာ ဗန် ပြောနေပါတယ်..။ အခုအချိန်ကစပြီး LO49 စခန်းရဲ့ အနှောင့်အယှက် အခြေအနေကို အစိမ်းရောင်ကနေ အဝါရောင်အဖြစ် ပြောင်းလဲ သတ်မှတ်လိုက်တယ်..။ ထပ်ပြောမယ်..”

​ဆန်နီ့ မျက်နှာက နက်မှောင် သွားခဲ့တယ်..။ ခေါ်သံ ရဲ့ စွမ်းအားက ဒီလောက်အထိ တိုးလာတာကြောင့် ခံတပ်ထဲမှာ ရှိနေတဲ့ နိုးထသူ တွေရဲ့ ကျောက်ဆူးတွေက တည်ငြိမ်မှု အားနည်းသွားတော့မှာပါ..။ အိပ်ပျော်သွားတာနဲ့ အိပ်မက်နယ်မြေ ရဲ့ မသိရတဲ့ နေရာတစ်ခုဆီကို သေချာပေါက် ရောက်သွားမဲ့ အဆင့်တော့ မဟုတ်သေးပေမဲ့.. အဲလို အခြေအနေနဲ့ အတော်လေး နီးစပ်သွားခဲ့ပါပြီ..။

​ဆိုလိုတာကတော့.. အခုကစပြီး LO49 ရဲ့ တံတိုင်းတွေထဲမှာ အိပ်ပျော်သွားတာဟာ ဒီမှာ ရှိနေတဲ့ နိုးထသူ တွေအားလုံးအတွက် လောင်းကစားတစ်ခု ဖြစ်သွားတာပါပဲ..။ အိပ်မက်ဆိုး မျိုးစေ့ ရဲ့ ဆွဲခေါ်တာကို ခံရဖို့ အခွင့်အလမ်းက အရမ်း မများလှသေးပေမဲ့ သုညတော့ မဟုတ်တော့ပါဘူး..။

​‘ ချီးတဲ့မှပဲ..’

​ပိုဆိုးတာကတော့ ထွက်ပေါက် တွေကို ကိုင်တွယ်ဖြေရှင်းရမှာပါပဲ..။ ခေါ်သံ ကို အားကောင်းလာပုံထောက်ရင် ထွက်ပေါက် တွေက အတော်လေး နီးနီးကပ်ကပ် ပွင့်သွားတာ ဖြစ်နိုင်ပါတယ်..။ အဲဒီကနေ ထွက်လာတဲ့ အိပ်မက်ဆိုး သားရဲတွေ က လူသားတွေရဲ့ ဝိဥာဉ် အနံ့ကို ရသွားတာနဲ့ သေချာပေါက် လာလည်ကြမှာပါပဲ..။

​ဗန်ဟာ ကြေညာချက်ကို အဆုံးသတ်ပြီးနောက် ဆန်နီ ကို ပင်ပန်းနေတဲ့ မျက်လုံးတွေနဲ့ ကြည့်လိုက်တယ်..။ ဆန်နီ ခေါင်းညိတ်လိုက်ပြီး..

​“ကျွန်တော် တစ်ချက် ကြည့်လိုက်မယ်..”

အရပ်လေးခု​က ​သူ့ရဲ့ ပုံရိပ်ထဲကနေ မြေပြင်ပေါ်မှာ လျင်မြန်စွာ ပြေးလွှားရင်း စက္ကန့်ပိုင်းအတွင်းမှာပဲ လုံခြုံရေး ဗဟိုဌာနကနေ ထွက်သွားခဲ့ကြတယ်..။ သူတို့တွေက စခန်းကို ဖြတ်ကျော်ပြီး တံတိုင်းတွေပေါ် တက်ကာ အပြင်ဘက်က အေးစက်မှောင်မိုက်တဲ့ ညချမ်းထဲကို ခုန်ဆင်းသွားကြပါတယ်..။

​တစ်ဖက်မှာလည်း ဗန် က သူ့ရဲ့ လက်အောက်ငယ်သားတွေကို အမိန့်ပေးတာတွေ စတင်လိုက်တယ်..။ မကြာခင်မှာပဲ တပ်ရင်းတစ်ရင်းနီးပါး ရှိတဲ့ လုံခြုံရေး တပ်ဖွဲ့က အရာရှိငယ်တွေဟာ LO49 ရဲ့ နေရာအနှံ့ကနေ ဆင့်ခေါ်ခြင်း ခံလိုက်ရပါတယ်..။

​သူတို့ရဲ့ ကျွမ်းကျင်မှုနဲ့ အဆင့်အတန်းအရ အထူးတပ်ဖွဲ့ဝင် တွေကတော့ ဒီစာရင်းထဲမှာ သဘာဝအတိုင်း ပါဝင်နေပြီးသားပါ..။

​လူတိုင်း ရောက်လာတဲ့ အချိန်မှာတော့ ဆန်နီ ရဲ့ အရိပ်တွေက ခံတပ် ပတ်ဝန်းကျင်မှာ ပွင့်လာတဲ့ ထွက်ပေါက် တွေကို ရှာဖွေနေကြပါပြီ ..။ ဗန် ကတော့ ဘာဖြစ်ခဲ့သလဲဆိုတာကို သူ့လူတွေကို ရှင်းပြလိုက်တယ်..။

​သူ စကားပြောနေတုန်းမှာပဲ.. တိုက်ပွဲဝင်ရတော့မယ်ဆိုတာ သိလိုက်ရတဲ့ စစ်သားတွေရဲ့ မျက်နှာတွေက အနည်းငယ် ပြောင်းလဲသွားခဲ့ပါတယ်..။

​အထူးတပ်ဖွဲ့ဝင် တွေကပဲ ဘာမှ မဖြစ်သလို အေးအေးဆေးဆေး ရှိနေနိုင်ကြတာပါ..။

​နောက်ဆုံးမှာတော့ ဆန်နီ သက်ပြင်းချလိုက်ပြီး..

​“တွေ့ပြီ..”

​ကမ်းရိုးတန်း လွင်ပြင်မှာ မြေမျက်နှာသွင်ပြင် ကောင်းမွန်တာကြောင့်.. လက်တွေ့ ကမ္ဘာကြီးကို ဆွဲဖြဲထားတဲ့ အက်ကွဲကြောင်းကြီးကို ရှာရတာက လွယ်ကူနေခဲ့တယ်..။ ထွက်ပေါက် က တစ်ခုတည်း ဖြစ်နေတာကို သူ အနည်းငယ် အံ့ဩသွားခဲ့ပေမဲ့.. ဒါက အတော်လေး အစွမ်းထက်တဲ့ ပုံပါပဲ။

​လူတိုင်းက သူ့ကို စိုက်ကြည့်နေကြတာကြောင့် ဆန်နီ အနည်းငယ် မျက်မှောင်ကျုတ်လိုက်ပြီး..

​“…မြောက်ဘက် တံတိုင်းကနေ သုံးကီလိုမီတာလောက် အကွာမှာ ထွက်ပေါက် တစ်ခု ရှိတယ်..။ တတိယအဆင့် ထွက်ပေါက် ဖြစ်ပုံရတယ်..”

​သူတို့ထဲမှာ ပါတဲ့ သာမန်စစ်သားတွေဟာ မျက်နှာ ဖြူဖျော့သွားပြီး နိုးထသူ တွေတောင်မှ စိတ်အနှောင့်အယှက် ဖြစ်သွားပုံရပါတယ်..။ သူကတော့ ဒီလူတွေကို ဂရုမစိုက်ပါဘူး..။

​“အိပ်မက်ဆိုး သားရဲတွေ ကတော့.. နေဦး..ဒါကဘယ်လိုငရဲမျိုးလဲ.”

​သူ မျက်မှောင်ကျုတ်လိုက်တယ်..။ ပုံမှန်အားဖြင့်တော့ ထွက်ပေါက် ရဲ့ ပထမဆုံး လှိုင်းမှာ အမျိုးအစား တူညီတဲ့ အိပ်မက်ဆိုး သားရဲတွေ ထွက်လာတတ်တာပါ..။ ဒါပေမဲ့ အခုကောင်တွေကတော့ မျိုးစုံဖြစ်နေခဲ့ပါတယ်..။ တချို့က ရယ်စရာကောင်းလောက်အောင် သေးငယ်ပြီး တချို့ကတော့ အတော်လေး ကြီးမားတယ်..။ တချို့က တိရစ္ဆာန်လိုပဲ ဖြစ်ပြီး တချို့ကတော့ ခြေနှစ်ချောင်းနဲ့ သွားလာနေကြတာပါ..။ ဒါက သားရဲတွေ စုဝေးထားတဲ့ တိရစ္ဆာန်ရုံကြီး တစ်ခုလို ဖြစ်နေခဲ့တယ်။

​“အိပ်မက်ဆိုး သားရဲတွေ က တစ်ကောင်နဲ့တစ်ကောင် မတူကြဘူး..”

​ဗန် ရဲ့ မျက်နှာပေါ်မှာ ခက်ထန်တဲ့ အမူအရာတစ်ခု ပေါ်လာခဲ့တယ်..။

.

​“အသားစား သားရဲ တွေ.. ငါ ဒီလို သားရဲ တွေနဲ့ အရင်က တိုက်ဖူးတယ်..။ သူတို့က အစပိုင်းမှာ အားနည်းပေမဲ့ အလောင်းတွေကို စားပြီးတော့ အလျင်အမြန် အားကောင်းလာတတ်ကြတယ်..။ ပြီးတော့ သူတို့ စားလိုက်တဲ့ အရာတွေရဲ့ အရည်အသွေးတွေကိုလည်း ဆက်ခံရရှိကြတယ်လေ..။ ငယ်သေးတဲ့ သားရဲတွေ ကတော့ ကိုင်တွယ်ရ လွယ်ကူပေမဲ့.. အသက်ကြီး နေတဲ့ ကောင်တွေကတော့.. အဲ့ကောင်တွေကတော့ တကယ့်ကို ဆိုးဝါတယ်..”

​ဆန်နီ ခနလောက် စဉ်းစားလိုက်တယ်..။

​“သိပြီ.. ကောင်းပြီလေ.. ကျွန်တော်တို့ ကံကောင်းတယ်လို့ပဲ ပြောရမှာပဲ..။ သူတို့က အရေအတွက် သုံးရာလောက် ရှိပြီး.. ပျက်ပြားခြင်းအဆင့် က နှစ်ကောင်ပဲ တွေ့သေးတယ်..။ ထွက်ပေါက် စောင့်ကြပ်သူ ကတော့.. နတ်မိစ္ဆာ တစ်ကောင်ပဲ..”

​စစ်သားတွေ ဟာ တုန်ရီသွားခဲ့ကြပြီး သူ့ကို မကျေမနပ်နဲ့ စိုက်ကြည့်လိုက်ကြတယ်..။ တကယ်လို့ အထူးတပ်ဖွဲ့ ကပ္ပတိန် က ဒါကို ကံကောင်းတယ်လို့ ယူဆတယ်ဆိုရင် ဘယ်လို ငရဲမျိုးကို ကံဆိုးတယ်လို့ ခေါ်တာလဲ..။

နိုးထသူ တစ်ရာ၊ မာစတာ နှစ်ယောက်နဲ့ ဒေသခံ တပ်ခွဲက သာမန်စစ်သား တစ်ထောင်တို့က ​ပျက်ပြားခြင်းအဆင့် သားရဲ နှစ်ကောင် ဦးဆောင်ထားတဲ့ အိပ်မက်ဆိုး သားရဲ သုံးရာကို.. ရင်ဆိုင်ရမှာဆိုတော့.. အခြေအနေက သိပ်တော့ မကောင်းပါဘူး..။

​ဆန်နီ ခနလောက် ငြိမ်သက်နေပြီးမှ ပြုံးလိုက်တယ်..။

​“အာ.. နောက်ဆုံး သတင်းတစ်ခုရှိသေးတယ်။.. အဲဒီ ခွေးသားတွေက ငါတို့ရဲ့ အနံ့ကို ရသွားကြပြီ..။ ဒီတော့.. သူတို့တွေက ဒီဘက်ကို ဦးတည်ပြီး လာနေကြပြီလေ..”

​အပိုင်း ( ၈၈၂ ) ပြီး၏။

All Chapters