အခန်း (၈၉-၉၀)
Vol. 8 Ch. 89-90
`
`
အခန်း ၈၉ နောက်ထပ်လာပြန်ပြီ
နောက်တစ်နေ့ နံနက်စောစောတွင်
ဝူကျိရှန်းသည် သခင်မလေးရွန့်အား လုံဖုန့်အဖွဲ့ဆီသို့ရထားလုံးဖြင့် လိုက်လံပို့ဆောင်ပေးခဲ့လေသည် ။
သူမ ထွက်ခွာသွားသည်ကို ကြည့်ပြီးနောက် သူသည် ဆေးဘက်ဆိုင်ရာ စီမံခန့်ခွဲရေးဌာနသို့ ထုံးစံအတိုင်း အလုပ်သွားခဲ့၏ ။
သခင်မလေးရွန့် နှင့် ဝူကျိရှန်း အိမ်မှာမရှိခြင်းကြောင့် ချင်းချင်းသည်ကလေးတစ်ယောက်ကဲ့သို့ ရုတ်တရက် လွတ်လပ်ကာ စိတ်လှုပ်ရှားနေလေသည် ။
ဝူကျိရှန်းမှာ နေ့လည်စာအတွက် အိမ်သို့ပြန်လာမည်မဟုတ်သဖြင့် ထမင်းဟင်းပြင်ဆင်ရန် မလိုတော့သောကြောင့် ချင်းချင်းသည် ငွေအချို့ကို အိတ်ထဲထည့်ကာ တံခါးကိုသော့ခတ်လိုက်ပြီး လမ်းမများပေါ်သို့ လျှောက်လည်ရန် ထွက်ခဲ့လေ၏ ။
သူမသည် လမ်းမကြီးများနှင့် လမ်းကြားလေးများတစ်လျှောက် လူစည်ကားသော နေရာမှန်သမျှသို့ လျှောက်သွားနေသည် ။
မုန့်ပဲသရေစာ အမျိုးမျိုးကို စားသောက်ရင်း လမ်းပေါ်တွင် မျောက်ကပြပွဲကို တွေ့သောအခါ သူမသည် ဝမ်းသာအားရ ပြေးကြည့်လေသည် ။
မျောက်ကပြပွဲကို ကြည့်ပြီးနောက် ရင်ဘတ်ပေါ်ကျောက်တုံးတင်၍ ထုခွဲခြင်း ၊ တိုင်ပေါ်တွင် ပျံသန်းခြင်း အစရှိသော လမ်းဘေးအနုပညာပြပွဲများကိုလည်း သူမ စိတ်ကြိုက် လိုက်လံကြည့်ရှုနေခဲ့၏ ။
သူမသည် တစ်နေ့ကုန်နီးပါး အပြင်တွင် လျှောက်လည်နေခဲ့ပြီး ညနေဝင်ရီတစ်ရောအချိန်ရောက်မှသာ အိမ်သို့ ကျေနပ်အားရစွာ ပြန်လာခဲ့လေသည် ။
သူမ အိမ်ထဲသို့ ဝင်လိုက်သည်နှင့် တစ်ခုခု မှားယွင်းနေကြောင်း ချင်းချင်း သတိထားမိသွား၏ ။
အိမ်မကြီးနှင့် ဘေးခန်းဆောင်များ၏ တံခါးများသည် ဟင်းလင်းပွင့်နေပြီး အခန်းတွင်းရှိ ပစ္စည်းများသည်လည်း ဖရိုဖရဲ ဖြစ်နေလေသည် ။ အိပ်ရာခင်းများမှာ အပြင်သို့ ဆွဲထုတ်ခံထားရကာ ဗီရိုထဲမှ အဝတ်အစားများမှာလည်း နေရာအနှံ့ ပျံ့ကျဲနေ၏ ။
ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ ချင်းချင်း နောက်ထပ် သူခိုးဝင်ပြန်ပြီ ဟု ရေရွတ်လိုက်လေသည် ။
ချင်းချင်း၏ စိတ်ထဲတွင် သူခိုးဆိုသည်မှာ လူများ အိပ်ပျော်နေသော ညနက်ပိုင်းမှသာ ခိုးယူတတ်သည်ဟု ထင်ထားခဲ့၏ ။
ယခုကဲ့သို့ နေ့ခင်းကြောင်တောင်တွင် အိမ်ထဲသို့ ရဲရဲတင်းတင်း ဝင်ရောက်ကာ တစ်အိမ်လုံးကို ဗြောင်းဆန်အောင်လှန်သွားလိမ့်မည်ဟု သူမ အိပ်မက်ပင် မမက်ခဲ့ဖူးချေ ။
ချင်းချင်းသည် အိအိမ်စောင့်ရမည်ဖြစ်သော်လည်း သူမက တစ်နေ့ကုန် အပြင်ထွက်ကစားနေခဲ့သည်။အိမ်တွင် မည်သူမှ မရှိသောကြောင့်သာ သူခိုးမှာ ယခုကဲ့သို့ ရဲတင်းစွာ လုပ်ဆောင်သွားခြင်း ဖြစ်လေ၏ ။
သခင်မလေးရွန့် ထွက်သွားကာစမှာပင် ယခုကဲ့သို့ ဖြစ်ရပ်မျိုး ဖြစ်ပွားခဲ့ရာ တန်ဖိုးကြီးပစ္စည်းများ ပျောက်ဆုံးသွားပါကဒုက္ခများ ပေတော့မည်။
ချင်းချင်းသည် စိုးရိမ်လွန်းသဖြင့် ငိုချင်စိတ်များ ပေါက်လာကာ ပစ္စည်းများကို ကပျာကယာ သိမ်းဆည်းတော့သည် ။
ထိုအချိန်တွင် အလုပ်ဆင်းလာသော ဝူကျိရှန်း အိမ်သို့ ပြန်ရောက်လာလေ၏ ။
သူသည် သူမကို အိမ်စောင့်ရန် မှာထားခဲ့သော်လည်း သူမက အပြင်ထွက်ကစားနေခဲ့သဖြင့် သူခိုးမှာ လူသူမရှိသကဲ့သို့ ဝင်ရောက်သွားခြင်း ဖြစ်ရာ ချင်းချင်းမှာတာဝန် အပြည့်အဝ ရှိနေသည်။
ချင်းချင်းသည် မျက်ရည်ဝဲနေသော မျက်လုံးများဖြင့် သူမ၏ အမှားကို အမြန်ဝန်ခံလိုက်လေသည် ။
"ဒါတွေအားလုံး ကျွန်မ အမှားတွေပါ ၊ ကျွန်မ အပြင်ကို မသွားခဲ့သင့်ဘူး"
သူခိုးက တစ်အိမ်လုံးကို လှန်သွားခဲ့ပြီဖြစ်ရာ ယခုမှ ထိုစကားများကို ပြောနေခြင်းမှာ အပိုပင် ဖြစ်၏ ။ ပို၍ ဆိုးသည်မှာ ချင်းချင်း၌ အခင်းဖြစ်နေရာကို မပျက်မယွင်း ထားရှိရမည်ဟူသော အသိစိတ် မရှိခြင်းပင် ။ သူမက ဖရိုဖရဲ ဖြစ်နေသော နေရာအများစုကို သိမ်းဆည်းပြီးဖြစ်သဖြင့် သူခိုး ချန်ထားခဲ့နိုင်သောသဲလွန်စများမှာ ချင်းချင်းကြောင့်ပျက်စီးသွားခဲ့လေပြီ။
"ကဲပါ ၊ မငိုပါနဲ့တော့ ၊ ဘာတွေ ပျောက်သွားလဲဆိုတာ အမြန် ကြည့်လိုက်ဦး"
အထပ်ထပ် အခါခါ စစ်ဆေးပြီးနောက် ဝူကျိရှန်းမှာ အံ့အားသင့်သွားရလေသည် ။တစ်အိမ်လုံး ဗြောင်းဆန်နေအောင်လှန်ခံထားရသော်လည်း မည်သည့်အရာမှ ပျောက်ဆုံးခြင်း မရှိချေ ။
နေ့ခင်းကြောင်တောင်တွင် ရဲရဲတင်းတင်း ခိုးယူသော သူခိုးမှာ တစ်ခုခုကို ရအောင်ယူမည်ဟု ဆုံးဖြတ်ထားသူ ဖြစ်ရမည် ။ သို့သော် သူက မည်သည့်အရာကိုမျှ မယူသွားခြင်းမှာ နားလည်ရ ခက်လှ၏ ။
ထူးခြားသည်မှာ ထိုသူခိုးသည် သခင်မလေးရွန့်၏ တန်ဖိုးကြီး လက်ဝတ်ရတနာများကိုသာမက သေတ္တာအောက်ခြေတွင် ဝှက်ထားသော ငွေတုံးများကိုပါ တွေ့ရှိခဲ့ခြင်းပင် ။
ထို ရွှေ ၊ ငွေ ၊ ပိုးထည် ၊ ပုလဲနှင့် ကျောက်သံပတ္တမြား လက်ဝတ်ရတနာများသည် အလွန် တန်ဖိုးကြီးလှရာ ထိုအရာများကို ယူသွားရုံဖြင့် သူခိုးမှာ အချိန်အတော်ကြာ စည်းစိမ်ခံနိုင်မည် ဖြစ်သည် ။
သို့သော် ထိုအရာများထဲမှ တစ်ခုမျှ ပျောက်ဆုံးခြင်း မရှိဘဲ မြေပြင်ပေါ်တွင် ပြန့်ကျဲနေသော ငွေတုံးများကိုပင် သူခိုးက ယူမသွားခဲ့ချေ ။
ဝူကျိရှန်း ချက်ချင်းပင် သဘောပေါက်သွားလေ၏ ။ သူခိုး၏ ရည်ရွယ်ချက်မှာ ငွေကြေးနှင့် တန်ဖိုးကြီးပစ္စည်းများကို ခိုးယူရန် မဟုတ်ဘဲ အခြား ရည်ရွယ်ချက် တစ်ခုခု ရှိနေခြင်း ဖြစ်သည် ။
သူခိုးသည် ခေါင်းအုံးများကိုပင် ဓားဖြင့် ခွဲ၍ ရှာဖွေသွားသည်ကို ကြည့်ခြင်းအားဖြင့် တစ်စုံတစ်ခုကို အသည်းအသန် ရှာဖွေနေခြင်းမှာ ထင်ရှားလှ၏ ။သူခိုးက ဘာကို ရှာနေတာပါလိမ့် ။
ရက်အနည်းငယ်အတွင်းမှာပင် ခေါင်မိုးပေါ်မှ လူကြီးမင်းမှာ နှစ်ကြိမ်တိုင်တိုင် လာရောက်ခဲ့လေပြီ ။ သို့သော် သူက ငွေကို မမက်မောခြင်းမှာ အလွန် ထူးဆန်းလှသည် ။
ဝူကျိရှန်းမှာ မည်မျှပင် စဉ်းစားစေကာမူ ထိုသူခိုးကို ဆွဲဆောင်နိုင်လောက်သည့် အရာမျိုး မိမိထံတွင် ရှိမနေဟု ထင်နေ၏ ။
"ဒီကိစ္စက ဘယ်လိုကြည့်ကြည့် ထူးဆန်းနေတယ် ၊ ဘာတွေဖြစ်နေတာလဲဆိုတာ ငါ သေချာ စဉ်းစားရမယ်"
ထိုအချိန်တွင် ချင်းချင်းမှာ အခြေအနေ၏ ပြင်းထန်မှုကို သတိမထားမိသေးဘဲ မိမိကိုယ်ကိုယ် အပြစ်တင်ခြင်း၌သာ နစ်မွန်းနေလေသည် ။
အကယ်၍ အခြား အိမ်တော်တစ်ခုတွင်သာ ဖြစ်ပါက တာဝန်အရှိဆုံးသူဖြစ်သည့် ချင်းချင်းမှာ အရိုက်အနှက် ခံရမည်မှာ သေချာလှ၏ ။
ကံကောင်းသည်မှာ ဝူကျိရှန်းသည် သူမအပေါ် အမျက်ဒေါသ ပုံမချလိုသကဲ့သို့ ရိုက်နှက်ရန်လည်း အစီအစဉ် မရှိချေ ။ ထိုအချက်က ချင်းချင်းကို အနည်းငယ် စိတ်သက်သာရာ ရစေပြီး သူမက
"ကျွန်မ... ကျွန်မ မီးဖိုချောင်ထဲသွားပြီး ထမင်းချက်လိုက်ပါဦးမယ် ၊ သခင်လေး ဘာစားချင်ပါသလဲ" ဟုခပ်ရို့ရို့လေး မေးလိုက်သည် ။
"ကြိုက်တာချက်ပါ"
လိမ္မာသော ချင်းချင်းသည် မီးဖိုချောင်သို့ အမြန်သွားကာ အလုပ်ရှုပ်တော့သည် ။ ခဏအကြာတွင် သူမသည် ထမင်းဟင်းများ ပြင်ဆင်ပြီးသွား၏ ။
သူမ၏ အပျော်မက်မှုကြောင့် အိမ်တွင် သူခိုးဝင်ခဲ့ရသဖြင့် ချင်းချင်းမှာ သူမ အမှားလုပ်ထားသည်ကို သိနေပြီး ဝူကျိရှန်းနှင့် တစ်ဝိုင်းတည်း ထိုင်မစားရဲတော့ချေ ။ သူမသည် ဘေးနားတွင် ခပ်ကုတ်ကုတ်လေး ရပ်နေရင်း ဝူကျိရှန်း၏ ဆူပူကြိမ်းမောင်းမှုကို စောင့်ဆိုင်းနေလေသည် ။
"ဘာလို့ အဝေးမှာ နေတာလဲ ၊ လာပြီး စားလေ"
"ကျွန်မ..."
ချင်းချင်းသည် ဝူကျိရှန်း၏ မျက်နှာရိပ်မျက်နှာကဲကို ခိုးကြည့်လိုက်ရာ သူ စိတ်ဆိုးနေသည့် အရိပ်အယောင် မရှိမှသာ သတ္တိမွေး၍ မေးလိုက်လေသည်။
"သခင်လေး ကျွန်မကို ဘာမှ မဆူဘူးလား"
"ဘာလို့ ဆူရမှာလဲ"
"ကျွန်မသာ အပြင်မထွက်ခဲ့ရင် အိမ်မှာ သူခိုးဝင်မှာ မဟုတ်ဘူးလေ"
"ဒါက နင်နဲ့ မဆိုင်ပါဘူး"
ဝူကျိရှန်းကပြုံးလျက်ပြောလိုက်သည်။
"နင် ဘာမှမဖြစ်ရင် ကျန်တာတွေက ကိစ္စမရှိပါဘူး ၊ လာ... မြန်မြန်စား"
ဝူကျိရှန်း၏ ကြင်နာသော သဘောထားကြောင့် ချင်းချင်းမှာ အံ့သြဝမ်းသာ ဖြစ်သွားရလေ၏ ။
"ပိုက်ဆံတွေနဲ့ သခင်မလေးရဲ့ အမွေပစ္စည်းတွေ မပျောက်သွားတာ တော်သေးတာပေါ့"
ဝူကျိရှန်းသည် ထမင်းကို ငုံ့စားရင်း အေးဆေးစွာပင် ပြောလိုက်လေသည် ။
"ဒီသူခိုးက ငါတို့အိမ်ကို နှစ်ခါဆက်တိုက် လာခိုးတာ ၊ သူက ငွေကို လိုချင်လို့ မဟုတ်ဘူး"
"ငွေကို လိုချင်တာ မဟုတ်ဘူး ဟုတ်လား"
ချင်းချင်းမှာ ပို၍ ဇဝေဇဝါ ဖြစ်သွားသည် ။
"ငွေကို မလိုချင်ရင် သူက ဘာလို့ သူခိုးလုပ်မှာလဲ"
"ဒါက သာမန် ခိုးထုတ်ခိုးဝင် လုပ်တဲ့ သူခိုး မဟုတ်ဘူး ၊ အနည်းဆုံးတော့ နင် ထင်နေတဲ့ သူခိုးမျိုး မဟုတ်တာ သေချာတယ်"
အကယ်၍သာ သာမန်သူခိုး ဖြစ်ပါက ထိုရွှေငွေများနှင့် ပိုးထည်များကို မြင်သည်နှင့် ဆာလောင်နေသော ကြွက်တစ်ကောင်ကဲ့သို့ အငမ်းမရ ယူသွားမည်မှာ အမှန်ပင် ။ ထိုသို့သာဆိုလျှင် ပစ္စည်းဥစ္စာ ဆုံးရှုံးရုံသာရှိပြီး စိုးရိမ်စရာ မရှိချေ ။
သို့သော် ယခုအခြေအနေတွင် တစ်ဖက်လူ၏ ရည်ရွယ်ချက်မှာ တန်ဖိုးကြီး ပစ္စည်းများ မဟုတ်ဘဲ တစ်စုံတစ်ခုကို ရှာဖွေနေခြင်းသာ ဖြစ်သည် ။
ထိုအချက်က ဝူကျိရှန်းကို စိုးရိမ်ပူပန်စေလေသည် ။
နှစ်ကြိမ်ဆက်တိုက် လာရောက်ခြင်းက ထိုအရာမှာ အလွန် အရေးကြီးကြောင်း ပြသနေသော်လည်း သူကိုယ်တိုင်ပင် ထိုအရာက ဘာလဲဆိုသည်ကို မသိရှိချေ ။
အိမ်မှ မည်သည့်အရာမျှ မပျောက်ဆုံးခြင်းကို ကြည့်ခြင်းအားဖြင့် သူခိုးမှာ သူရှာနေသည့်အရာကို မတွေ့သေးကြောင်း သိသာလှသည် ။ ထို့ကြောင့် သူ နောက်တစ်ကြိမ် ထပ်လာဦးမည်မှာ သေချာ၏ ။
သူခိုးက တတိယအကြိမ် ထပ်လာဦးမည်ဟူသော အတွေးမှာ ဝူကျိရှန်းကို ဆူးပေါ်ထိုင်နေရသကဲ့သို့ စိတ်မသက်မသာ ဖြစ်စေလေသည် ။
"ဘာ... သူခိုးက ထပ်လာဦးမှာလား"
ချင်းချင်းမှာ အံ့သြလွန်းသဖြင့် ပါးစပ်အဟောင်းသား ဖြစ်သွားရသည် ။
"ဒီသူခိုးကတော့ လွန်လှချည်လား ၊ ဘာလို့ ကျွန်မတို့အိမ်ကိုပဲ ရွေးနေတာလဲ"
"ငါတို့အိမ်ကို ဘာလို့ ပစ်မှတ်ထားနေလဲဆိုတာ ငါမသိပေမဲ့ သူ ထပ်လာမယ်ဆိုတာတော့ ငါ သေချာပေါက် သိတယ်"
"ဒါဆိုရင် ကျွန်မတို့ အရမ်း သတိထားရမယ် ၊ ကျွန်မလည်း အပြင်ထွက် မကစားရဲတော့ဘူး"
ခိုးယူနေသည့် သူခိုးက မကြောက်စရာသော်လည်း အမြဲ ကြံစည်နေသည့် သူခိုးက ပို၍ ကြောက်စရာ ကောင်းလှ၏ ။
သူခိုးက တစ်ထောင့်တစ်ညပတ်လုံး ခိုးရန် ကြံစည်နေနိုင်သော်လည်း သင်က တစ်ထောင့်တစ်ညပတ်လုံး မစောင့်နိုင်ဟူသော စကားပုံ ရှိလေသည် ။ သူခိုး၏ ပစ်မှတ်ထားခြင်း ခံရပြီဆိုလျှင် ကာကွယ်ရန် အမြဲတမ်း မလွယ်ကူချေ ။
ရိုးရိုးတန်းတန်း စောင့်ကြပ်နေရုံနှင့်တော့ အလုပ်ဖြစ်မည် မဟုတ်ပေ ။ ထိုသူခိုးကို ဖမ်းမိရန် နည်းလမ်းရှာခြင်းကသာ နောင်ရေးအတွက် အကောင်းဆုံးဖြစ်မည်ဟု ဝူကျိရှန်း ယုံကြည်ထားလေသည် ။
"သူခိုးက ဘယ်မှာ ပုန်းနေမှန်းလည်း မသိဘဲ ဘယ်လို ဖမ်းမှာလဲ"
"ငါ ပရိယာယ်လေး နည်းနည်း သုံးလိုက်တာနဲ့ သူ ဘယ်မှာမှ ပုန်းနေလို့ ရမှာ မဟုတ်တော့ဘူး"
ဝူကျိရှန်းက အနည်းငယ် ရယ်မောရင်း ပြောလိုက်လေသည် ။
"အဲဒီ သူခိုးသာ ထပ်လာဦးမယ်ဆိုရင် သူ့ကိုငါတို့ မိအောင် ဖမ်းနိုင်မှာပါ"
*************
`
အခန်း ၉၀ ဉာဏ်ရည်နှင့် သတ္တိကို အသုံးချ၍ အားပြိုင်ခြင်း
ဆောင်းရာသီသည် ရောက်ရှိလာပြီဖြစ်၍ညဘက် တိုက်ခတ်သော လေသည် အရွက်ကင်းစင်နေသည့် သစ်ကိုင်းများကို ဝေ့ဝဲဖြတ်သန်းသွားရာ ဝူးဝူးဝါးဝါး အသံများ ထွက်ပေါ်နေ၏ ။ ထိုအသံမှာ တစ္ဆေများ ငိုကြွေးနေသကဲ့သို့ ဖြစ်နေသဖြင့် ချင်းချင်းမှာ အနည်းငယ် ကြောက်နေလေသည် ။
ချင်းချင်းသည် သူရဲဘောကြောင်သူ မဟုတ်သော်လည်း ဆယ်ကျော်သက် မိန်းကလေးတစ်ယောက်သာ ဖြစ်သေးရာ သူခိုးက ထပ်လာဦးမှာဟူသော ဝူကျိရှန်း၏ စကားများက သူမအား ကျောချမ်းဖွယ်ရာ စိုးရိမ်စိတ်များကို ဖြစ်ပေါ်စေခဲ့၏ ။
သူမသည် ပြတင်းပေါက်အပြင်ဘက်သို့ တစ်ချက်တစ်ချက် လှမ်းကြည့်နေတတ်ပြီး မှောင်မိုက်သော ညထဲတွင် ထိုလျှို့ဝှက်ဆန်းကြယ်သော သူခိုးမှာ ပုန်းအောင်းနေကာ အချိန်မရွေး ခုန်ထွက်လာနိုင်သည့် ကြောက်မက်ဖွယ် ဘီလူးသရဲကြီးကဲ့သို့ပင် ။
ထိုကဲ့သို့ ပြင်းထန်သော စိတ်ကူးယဉ်မှုများသည် သူမကိုခြောက်လှန့်နေခြင်းသာ ဖြစ်သည် ။ သူမ ပို၍ စဉ်းစားလေလေ ပို၍ ကြောက်လာလေလေ ဖြစ်ပြီးဆီးသွားချင်နေသော်လည်း အိမ်သာသို့ တစ်ယောက်တည်း မသွားရဲသဖြင့် အိမ်မကြီးဘက်သို့ ကျယ်လောင်စွာ အော်ဟစ်လိုက်လေသည် ။
"သခင်လေး"
ချင်းချင်း၏ အော်သံကို ကြားသောအခါ ဝူကျိရှန်းသည် သူခိုး ပြန်လာပြီဟု ထင်မှတ်ကာ ချင်းချင်း တစ်ခုခု ဖြစ်မည်ကို စိုးရိမ်၍ သစ်သားတုတ်တစ်ချောင်းကို ဆွဲကာ အမြန်ပြေးလာခဲ့၏ ။
"သူခိုး ဘယ်မှာလဲ"
"သူခိုး မရှိပါဘူး"
"သူခိုးမရှိရင် ဘာလို့ အော်နေတာလဲ "
"ကျွန်မ"
ချင်းချင်းက တိုးတိုးလေး ပြော လိုက်သည် ။
"ကျွန်မ ဆီးသွားချင်လို့ပါ"
"ဆီးသွားချင်ရင် အိမ်သာသွားလေ ၊ ဘာလို့ အော်နေတာလဲ "
"ကျွန်မ ကြောက်လို့ပါ"
ချင်းချင်းက ခပ်ရို့ရို့လေး ပြောလိုက်သည် ။
"တစ်ယောက်တည်း မသွားရဲလို့ပါ ၊ သခင်လေး ကျွန်မနဲ့ လိုက်ပေးလို့ ရမလား"
"ငါ... ကောင်းပြီလေ"
သူသည် မတတ်သာဘဲ ချင်းချင်း၏ နောက်မှ လိုက်ပါပေးခဲ့ရလေသည် ။ ချင်းချင်းသည် ကိစ္စဝိစ္စများ ပြီးသွားသောအခါ မိမိအခန်းသို့ မပြန်ရဲတော့ချေ ။
"သခင်လေး ၊ ကျွန်မ အခန်းထဲမှာ တစ်ယောက်တည်းနေရတာ တကယ် ကြောက်လို့ပါ ၊ သခင်လေးအခန်းမှာ ခဏလောက် နေပါရစေလား"
သူမ၏ သနားစရာကောင်းသော ပုံစံကို မြင်သောအခါ ဝူကျိရှန်းမှာ ခေါင်းညိတ်ရုံမှတစ်ပါး အခြားမရှိတော့ချေ ။
အိမ်မကြီးသို့ ရောက်သောအခါ ဝူကျိရှန်းနှင့် အတူရှိနေရသဖြင့် ထူးဆန်းသော လုံခြုံမှုမျိုးကို ရရှိသွားကာ ချင်းချင်းမှာ ကြောက်စိတ်များ ချက်ချင်း ပျောက်ကွယ်သွားလေသည် ။
"သခင်လေး ၊ အဲဒီသူခိုး ဒီည လာမယ်လို့ ထင်လား"
ဝူကျိရှန်းသည် ကုတင်ဘေးတွင် ချိတ်ထားသော ခေါင်းလောင်းလေးကို မသိစိတ်ဖြင့် ကြည့်လိုက်ရင်း ရယ်မောကာ ပြောလိုက်သည် ။
"ငါက သူခိုးရဲ့ ဗိုက်ထဲက သန်ကောင်မှ မဟုတ်တာ ၊ သူ ဘယ်အချိန် ပြန်လာမလဲဆိုတာ ငါ ဘယ်လိုလုပ် သိမှာလဲ ၊ ဒါပေမဲ့ ငါတို့ အဆင်သင့် ပြင်ထားပြီးသားပါ ၊ သူသာ ဒီဝင်းထဲကို ခြေချလိုက်တာနဲ့ ငါတို့ ချက်ချင်း သိမှာပါ"
သူခိုးမှာ နှစ်ကြိမ်တိုင်တိုင် လာရောက်ခဲ့ပြီး ဖြစ်သောကြောင့် ဝူကျိရှန်းသည် စောင့်ကြည့်ရေးစနစ်တစ်ခုကို တပ်ဆင်ထားခဲ့၏ ။ ကုတင်ဘေးရှိ ခေါင်းလောင်းလေးမှာ အချက်ပေးကိရိယာပင် ဖြစ်သည် ။
ဝင်းတံတိုင်းနှင့် ဝင်ပေါက်တံခါးများတွင် ပိုးချည်မျှင်အနုလေးများကို သွယ်တန်းထားလေသည် ။ သူခိုးမှာ တံတိုင်းကို ကျော်တက်သည်ဖြစ်စေ ၊ သော့ကို နှိုက်သည်ဖြစ်စေ ထိုချည်မျှင်ကို မလွဲမသွေ ထိမိမည်ဖြစ်ပြီး ထိုမှတစ်ဆင့် ခေါင်းလောင်းကို ဆွဲသကဲ့သို့ ဖြစ်ကာအသံထွက်ပေါ်လာမည်ဖြစ်၏။
အပြည့်အဝ ပြင်ဆင်ထားသဖြင့် ချင်းချင်းမှာ သူခိုးရောက်လာမည်ကိုပင် စောင့်မျှော်နေမိတော့သည် ။သူခိုးမှာ အလွန်ပင် မုန်းတီးစရာ ကောင်းလှ၏ ၊ ခဏခဏ လာခိုးနေသည်ကို ဒီတစ်ခါတော့ သင်ခန်းစာ ပေးရမည် ။
သူခိုးကို ဖမ်းမိသည်နှင့် တစ်ပြိုင်နက် တုတ်ဖြင့် အချက်ပေါင်းများစွာ ရိုက်မည် ၊ ပြီးနောက် အကြိမ်ပေါင်းများစွာ ကန်မည် ၊ ထို့နောက် ကြိုးဖြင့် တုပ်နှောင်ကာ အာဏာပိုင်များထံ ပို့ဆောင်ပြီး အပြစ်ပေးခိုင်းမည်ဟု ချင်းချင်းက ကြိုတင် ဆုံးဖြတ်ထားလေသည်။
"ရာသီဥတု ခြောက်သွေ့သည် ၊ မီးဘေး သတိပြုကြပါ..."
ကင်းသမား၏ အော်သံမှာ လမ်းမပေါ်မှ ပျံ့လွင့်လာလေသည် ။
"တတိယယံ အချိန်သို့ ရောက်ရှိပြီ ၊ တံခါး ပြတင်းပေါက်များ ပိတ်ကြပါ ၊ သူခိုးဓားပြ ဘေးကို သတိထားကြပါ"
တတိယယံပင် ရောက်နေပြီ ၊ သူခိုးက ဘာလို့ မလာသေးတာလဲ ။
"သခင်လေး ၊ သူခိုးက ဘယ်တော့ လာမှာလဲ"
ချင်းချင်းသည် သမ်းဝေရင်း မျက်လုံးများကို ပွတ်ကာ ပြောလိုက်သည် ။
"ကျွန်မ အိပ်ချင်နေပြီ ၊ သူခိုးက မလာသေးရင် ကျွန်မ အိပ်တော့မယ်."
ပြီးခဲ့သော ရက်အနည်းငယ်အတွင်း ညတိုင်း သူခိုးကို စောင့်နေရသဖြင့် ချင်းချင်းနှင့် ဝူကျိရှန်းတို့မှာ အိပ်ရေးပျက်ကာ မျက်လုံးများ နီမြန်းနေပြီး အိပ်ငိုက်ခြင်းကို အသည်းအသန် အောင့်အီးထားရလေသည် ။
ထိုအချိန်မှာပင် ကုတင်ဘေး၌ ချိတ်ထားသော ခေါင်းလောင်းလေးမှာရုတ်တရက် မြည်လာလေသည် ။
အိပ်ငိုက်နေမှုများမှာ ချက်ချင်းပင် အငွေ့ပျံ ပျောက်ကွယ်သွား၏ ။
ချင်းချင်းသည် သစ်သားတုတ်ကို မသိမသာဆုပ်ကိုင်လိုက်ကာ ရန်သူကြီးနှင့် ရင်ဆိုင်ရန် အသင့်ဖြစ်နေသော ပုံစံမျိုးဖြင့်
"သူ လာပြီ ၊ သခင်လေး ၊ သူခိုး လာပြီ..." ဟု ပြောလိုက်လေသည် ။
သူခိုးမှာ နောက်တစ်ကြိမ် ရောက်ရှိလာပြီး ခြံဝင်းထဲသို့ ဝင်နေပြီဖြစ်ကြောင်း ဝူကျိရှန်း ကောင်းစွာ သိရှိသော်လည်းအနည်းငယ်မျှ စိုးရိမ်ခြင်း မရှိချေ ။
ယင်းအစား သူသည် နှုတ်ခမ်းပေါ်သို့ လက်ညှိုးတင်ကာ တိတ်တိတ်နေရန် အချက်ပြလိုက်ပြီး ချင်းချင်းကို တိုးတိုးလေး ပြောလိုက်၏ ။
"သိပ်ပြီး စိတ်မလှုပ်ရှားနဲ့ ၊ ခပ်အေးအေးပဲ နေပါ ၊ ဘာမှမဖြစ်သလိုမျိုး ဟန်ဆောင်ထားဦး ၊ ဒီနေ့တော့ သူ့ကို ထောင်ချောက်ထဲ ဆွဲသွင်းဖို့ ငါတို့ ပြဇာတ် ကစားကြတာပေါ့"
သူတို့ဘက်မှ မည်သည့် ပြင်ဆင်မှုမှ မရှိဟု သူခိုး ယုံကြည်သွားစေရန် ဝူကျိရှန်းသည် ချင်းချင်းအား တမင်တကာ အသံကျယ်ကျယ်ဖြင့် ပြောလိုက်လေသည် ။
"ချင်းချင်း ၊ ငါတို့အိမ်က နှစ်ခါတောင် အခိုးခံထားရတာဆိုတော့ အဲဒီရတနာကို သေချာ ဝှက်ထားဖို့ မမေ့နဲ့ဦး"
သူခိုး၏ ရည်ရွယ်ချက်မှာ ရွှေငွေ မဟုတ်ဘဲ တိကျသော အရာတစ်ခုကို ရှာနေခြင်းဖြစ်ကြောင်း ဝူကျိရှန်း ကောင်းစွာ သိရှိထားသဖြင့် ထိုသူခိုးကို ထောင်ချောက်ထဲ ဆွဲသွင်းရန် ရတနာ ဟူသော စကားလုံးကို တမင်တကာ ထည့်ပြောလိုက်ခြင်း ဖြစ်သည် ။
ထိုရတနာမှာ အဘယ်အရာ ဖြစ်သည်ကိုမူဝူကျိရှန်းကိုယ်တိုင်ပင် မသိရှိချေ။
ချင်းချင်းမှာ ပါးနပ်ပြီး ဉာဏ်ကောင်းသူ ဖြစ်သဖြင့် ဝူကျိရှန်း၏ ရည်ရွယ်ချက်ကို ချက်ချင်း သဘောပေါက်သွားကာ ပြဇာတ်တွင် လိုက်ပါ ကူညီပေးလေသည် ။
"စိတ်မပူပါနဲ့ သခင်လေး ၊ အဲဒီရတနာကို ဘေးခန်းဆောင်က ကုတင်အောက်မှာ ကျွန်မ သေချာ ဝှက်ထားပြီးပါပြီ"
"နင်က ရတနာကို ဘေးခန်းဆောင်မှာ ဝှက်ထားတာလား ၊ တကယ့်ကို လျှို့ဝှက်တဲ့ နေရာပဲ ၊ ဒီလောက် အရေးကြီးတဲ့ ရတနာကို ဘေးခန်းဆောင်မှာ ဝှက်ထားလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ ၊ နင်က တကယ့်ကို ဉာဏ်ကောင်းတဲ့ မိန်းကလေးပဲ"
ဤမျှ အသံကျယ်ကျယ်ဖြင့် ပြောနေသည်ကို ထိုသူခိုးမှာ နားမပင်းပါက သေချာပေါက် ကြားရမည် ဖြစ်သည် ။
သူခိုးကို ဘေးခန်းဆောင်သို့ တမင်တကာ ဆွဲခေါ်ရခြင်းမှာ ချင်းချင်း နေထိုင်သော ထိုအခန်းတွင် သူခိုးကို ဖမ်းရန် ထောင်ချောက် ဆင်ထားသောကြောင့် ဖြစ်၏ ။
ဝူကျိရှန်းသည် အမဲလိုက်ပိုက်ကွန်တစ်ခုကို အထူးတလည် ဝယ်ယူထားပြီး စက်ကိရိယာတစ်ခုဆင်ထားလေသည်။ သူခိုးသည် ဘေးခန်းဆောင်ထဲသို့ ခြေချလိုက်သည်နှင့် ပိုက်ကွန်ထဲသို့ မလွဲမသွေ ကျရောက်သွားမည် ဖြစ်သည် ။
အရာအားလုံးကို ကြိုတင် ပြင်ဆင်ထားပြီး ဖြစ်ရာ မိုက်မဲသော သူခိုး အဖမ်းခံရမည့် အချိန်ကိုသာ စောင့်ဆိုင်းနေရုံ ဖြစ်၏ ။
ချင်းချင်း၏ စိတ်ထဲတွင်မူ သူခိုးသည် ရတနာ ရှိသည့် နေရာကို သိသွားပြီဖြစ်ရာ စိတ်မရှည်စွာဖြင့် ဘေးခန်းဆောင်ထဲသို့ ဇွတ်အတင်း ဝင်ရောက်လာပြီး ပိုက်ကွန်နှင့် အမိဖမ်းခံရမည်ဟု ထင်ထားလေသည် ။
သို့သော် ထူးဆန်းသည်မှာ အပြင်ဘက်တွင် မည်သည့် အသံမျှ ထွက်မလာခြင်းပင် ။
သူခိုးက ခုနက သူတို့ပြောတာကို မကြားလိုက်တာလား ။
"သခင်လေး ၊ ကျွန်မ ရတနာကို ဘေးခန်းဆောင်မှာ အလုံခြုံဆုံး ဝှက်ထားတာပါ ၊ ဘယ်သူမှ ရှာတွေ့မှာ မဟုတ်ဘူး"
ချင်းချင်း၏ ရည်ရွယ်ချက်မှာ နင်ရှာနေတဲ့အရာက ဘေးခန်းဆောင်မှာ ရှိတယ် ၊ မြန်မြန်သွားယူလေ ဟု သူခိုးကို သတိပေးလိုခြင်း ဖြစ်သည် ။
သို့သော် ဝူကျိရှန်းက လက်ပြကာ ချင်းချင်းကို ဆက်မပြောရန် တားလိုက်လေသည် ။ ချင်းချင်း၏ သရုပ်ဆောင်မှုမှာ အနည်းငယ် လွန်ကဲနေသဖြင့် သူခိုးကိုသံသယ ဝင်သွားစေနိုင်သည်။
အပြင်ဘက်ရှိ သူခိုးလှုပ်ရှားမှု မပြုသေးခြင်းမှာ သူနှင့် ချင်းချင်း အိပ်ပျော်သွားသည်ကို စောင့်နေခြင်း ဖြစ်ရမည် ။
သူတို့ အိပ်ပျော်သွားမှသာ သူခိုးမှာ ဘေးခန်းဆောင်ထဲသို့ ရဲရဲတင်းတင်း ဝင်ရဲမည် ဖြစ်သည် ။
"ညဉ့်နက်နေပြီ ၊ မနက်ဖြန် ရုံးတော်မှာ လုပ်စရာတွေ ရှိသေးတယ် ၊ ငါတို့ အိပ်ကြစို့"
ဝူကျိရှန်းသည် ကုတင်ကို လက်ညှိုးညွှန်ကာ ချင်းချင်းအား ကုတင်ပေါ်သို့ မြန်မြန်တက်ရန် အချက်ပြလိုက်၏ ။
ချင်းချင်းမှာ ချက်ချင်းပင် နားလည်သွားပြီး ကုတင်ပေါ်သို့ အမြန်တက်လိုက်ကာ ပိုမို ပီပြင်စေရန် အသံမြှင့်၍ ပြောလိုက်လေသည် ။
"အိုး... ကျွန်မ သိပ်အိပ်ချင်နေပြီ ၊ မျက်လုံးတွေတောင် ပိတ်နေပြီ ၊ မြန်မြန် အိပ်ကြစို့"
သရုပ်ဆောင်မှုမှာ ပို၍ စစ်မှန်စေရန် ဝူကျိရှန်းသည်လည်း ကုတင်ပေါ်သို့ တက်လိုက်ပြီးနောက် ဖယောင်းတိုင်ကို တိုးတိတ်စွာ မှုတ်ထုတ်လိုက်လေသည်။
အခန်းတွင်းမှာ ချက်ချင်းပင် မှောင်အတိ ကျသွားပြီး သူတို့ တကယ်ပင် အိပ်ပျော်သွားသကဲ့သို့ ရှိနေ၏ ။
လင်မယားများကဲ့သို့ပင် ချင်းချင်းနှင့် ဝူကျိရှန်းတို့မှာ နီးကပ်စွာ ဝပ်နေကြပြီး တစ်ဦး၏ ကိုယ်ငွေ့ကို တစ်ဦးက ခံစားနေရသော်လည်း သူတို့၏ လက်ထဲတွင်မူ သစ်သားတုတ်များကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားကြလေသည် ။
အမွှေးတိုင်တစ်တိုင်စာခန့် ကြာပြီးနောက် ဘေးခန်းဆောင်ဆီမှ ကျယ်လောင်သော ဝုန်းဟူသော အသံကြီး ထွက်ပေါ်လာလေသည် ။
သူခိုး အဖမ်းခံရလေပြီ ။
ဝူကျိရှန်းသည် ယခင်က မရှိဖူးသော လျင်မြန်မှုဖြင့် ခုန်ထလိုက်ကာ သစ်သားတုတ်ကို ဆွဲ၍ အပြင်သို့ ပြေးထွက်သွားတော့သည် ။
ချင်းချင်းမှာလည်း နောက်မှ ထပ်ကြပ်မကွာ လိုက်ပါလာပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်လေသည် ။
"သူခိုးကို ဖမ်းကြ ၊ သူခိုးကို ဖမ်းကြ"
*****”***