← Chapters

အခန်း (၈၁-၈၂)

Vol. 8 Ch. 81-82

အခန်း (၈၁-၈၂)

Vol. 8 Ch. 81-82

အခန်း ၈၁ တိုင်းပြည်၏ မိခင်

နန်းတွင်းညီလာခံ၌ မင်္ဂလာရှိသော နိမိတ်ပစ္စည်းများ ဆက်သခြင်းကို ခွင့်မပြုကြောင်း အမိန့်ထုတ်ပြန်ခဲ့သည်မှာ မကြာသေးပေ။

ထိုစကားသံများမှာ နားထဲ၌ပင် ရှိနေသေးသော်လည်း ခေါင်းကိုးလုံးပါ ခရမ်းရောင် လင်ဇီးမှို သုံးခုသည် နန်းတွင်းဆောင်များဆီသို့ ပင်ရောက်ရှိ‌ နေပြီဖြစ်သည်။

ထိုနေရာသည် နန်းတော်ဖြစ်ရာ ပြင်ပမှ ပစ္စည်းများ အလွယ်တကူ ဝင်ရောက်နိုင်ခြင်း မရှိပေ။ အရာရှိများအနေဖြင့် နိမိတ်ပစ္စည်းများ မဆက်သရန် အမိန့်ထုတ်ပြန်ထားပြီးဖြစ်သော်လည်း ခရမ်းရောင် လင်ဇီးမှိုများမှာ နန်းတော်ထဲသို့ ရောက်လာနိုင်သေး၏။ ထိုသို့ဆိုလျှင်ဖြစ်နိုင်ခြေတစ်ခုသာရှိလေသည်။ ၎င်းမှာ တော်ဝင်မိသားစုဝင် မင်းသားများပင်ဖြစ်သည် ။

ထိုခရမ်းရောင် လင်ဇီးမှို သုံးခုမှာ နယ်အသီးသီးကို အုပ်ချုပ်နေသော မင်းသားများ ဆက်သလိုက်ခြင်း ဖြစ်ရ ပေမည်။

ထက်မြက်လှသော ကျူးယွမ်ကျန်းသည် မည်သည့်မင်းသားက ပို့လိုက်သည်ကိုပင် ခန့်မှန်းနိုင်လေသည်။

လွန်ခဲ့သော ရက်အနည်းငယ်အတွင်း ရှန်းရှီး ၊ ရှန်ရှီး ၊ ဟီနန် နှင့် ဆန်းတုန်း တို့မှ နိမိတ်ကောင်းများ ပေါ်ထွက်နေကြောင်း အစီရင်ခံစာများ တက်လာခဲ့၏။

အချက်အလက်အားလုံးအရထိုခေါင်းကိုးလုံးပါ ခရမ်းရောင် လင်ဇီးမှို ဆိုသည်မှာ မြောက်ဘက်ဒေသများ၌သာ ပေါ်ပေါက်နေခြင်းဖြစ်ပြီး ကျန်းနန်ဒေသသို့ မပြန့်နှံ့သေးပေ။

ဤအချက်က ကိစ္စကို ပို၍ ရိုးရှင်းသွားစေသည်။

မြောက်ဘက်တွင် အခြေစိုက်သော မင်းသားကြီး သုံးပါးမှာ ဒုတိယမင်းသားဖြစ်သူ ချင်မင်းသား ၊ တတိယမင်းသားဖြစ်သူ ကျင်းမင်းသား နှင့် စတုတ္ထမင်းသားဖြစ်သူ ယန့်မင်းသားတို့ ဖြစ်ကြ၏။

ခရမ်းရောင် လင်ဇီးမှို သုံးခုမှာ ထိုသုံးဦးက ပို့လိုက်ခြင်းဖြစ်ကြောင်း သေချာသလောက် ရှိလေသည်။

ဘယ်ဘက်ရှိ သစ်သားသေတ္တာမှာ လက်ရာမြောက်လှပြီး မင်မင်းဆက်၏ မြင့်မြတ်သော အနီရောင်ဖြင့် ခြယ်သထားကာ နေ ၊ လ နှင့် မီးပုံစံများကို အထူးတလည် ထွင်းထုထားသည်။ ဤကဲ့သို့ လူသိရှင်ကြား ကြွားဝါလိုသော လက်ရာမျိုးမှာ ဒုတိယမင်းသား ချင်မင်းသား၏ လက်ရာသာ ဖြစ်ရမည်။

အလယ်ရှိ သေတ္တာမှာမူ အလှဆင်ထားခြင်း မရှိဘဲ အတော်ပင် ရိုးရှင်းလှရာ တတိယမင်းသား ကျင်းမင်းသားထံမှ လာခြင်း ဖြစ်ရမည် ။ ကျန်းမင်းသားသည် ပါးနပ်သူဖြစ်ပြီး သူ၏ ခမည်းတော်နှင့် မယ်တော်တို့မှာ ရိုးရှင်းမှုကို နှစ်သက်ပြီး ကြွယ်ဝမှုကို မမက်မောကြောင်း သိထား၏။

ထို့ကြောင့် ဧကရာဇ်နှင့် မိဖုရား‌ခေါင်ကြီး၏ စိတ်ကို ရယူရန် ရည်ရွယ်ချက်ဖြင့် တမင်ပင် ရိုးရိုးရှင်းရှင်း ပြုလုပ်ထားခြင်း ဖြစ်သည်။

ညာဘက်ရှိ သစ်သားသေတ္တာမှာမူ သာမန်အတိုင်းပင် ဖြစ်သော်လည်း တော်ဝင်စည်းမျဉ်းများနှင့် ကိုက်ညီသည်။ ၎င်းမှာ စတုတ္ထမင်းသားယန့်မင်းသားထံမှ ဖြစ်ရမည် ။

ယ့န်မင်းသားသည် အတွေးနက်သူဖြစ်၏။ သူသည် လူပေါ်လူသိများအောင် မလုပ်သကဲ့သို့ တမင်တကာ ရိုးရှင်းပြနေခြင်းလည်း မရှိပေ။ အရာရာကို စည်းမျဉ်းအတိုင်းသာ လုပ်ဆောင်လေသည် ။

ကျူးယွမ်ကျန်းသည် သူ၏ သားတော်သုံးဦး၏ စရိုက်နှင့် လုပ်ပုံကိုင်ပုံကို ကောင်းစွာ သိထားသောကြောင့် သေတ္တာများ၏ ပုံစံကို ကြည့်ရုံဖြင့် ပိုင်ရှင်ကို ခွဲခြားနိုင်ခြင်း ဖြစ်၏။

"သားသမီးအကြောင်းကို အသိဆုံးက ဖခင်ပဲဆိုတာ တကယ်မှန်တာပဲ"

မိဖုရားကြီး မာက အနည်းငယ် ပြုံးကာ ပြောသည် ။

"ဒါတွေက သူတို့ သုံးယောက်ဆီက လာတာ တကယ်ပဲ ဖြစ်မှာပါ"

"ပြင်ပက အရာရှိတွေက ငါ့ကို မျက်နှာလိုမျက်နှာရလုပ်ဖို့ နိမိတ်ပစ္စည်းတွေ လုဆက်ကြတာက တစ်ပိုင်းပေါ့ ။ဒါပေမဲ့ နယ်မြေတွေကို စောင့်ရှောက်နေရတဲ့ သူတို့ သုံးယောက်ကပါ ဒီလို ကိစ္စမျိုးတွေမှာ ပါဝင်နေတာကတော့တကယ်ကိုအဓိပ္ပာယ်မရှိတာပဲ"

ကျူးယွမ်ကျန်းက မကျေမနပ်ဖြစ်ကာ ပြောသည် ။

"သူတို့အနေနဲ့ နိမိတ်ပစ္စည်းတွေ ဆက်ဖို့ ကြိုးစားနေတဲ့ အားထုတ်မှုကို စစ်ရေးနဲ့ နိုင်ငံရေး ကိစ္စတွေမှာသာ သုံးမယ်ဆိုရင် ငါ တကယ် ဝမ်းသာမိမှာ။ သူတို့ သုံးယောက်ကို ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချဖို့ အမိန့်ထုတ်ရမယ် "

ချင်မင်းသား ၊ ကျင်းးမင်းသား နှင့် ယန့်မင်းသားတို့သည် ကျူးယွမ်ကျန်း၏ စိတ်ကို ရယူရန် နိမိတ်ပစ္စည်းများ ဆက်သခဲ့ကြသော်လည်း ကျူးယွမ်ကျန်းကထိုအရာများကို လုံးဝ မယုံကြည်ကြောင်း သတို့ မသိခဲ့ကြပေ ။ သူတို့၏ အားထုတ်မှုမှာ အချည်းနှီး ဖြစ်သွားလေသည်။

ဘေးနားရှိ ကြင်ယာတော် ယွီက အခွင့်အရေးကိုအရယူကာပြောလိုက်သည်။

"မင်းသား သုံးပါးက နိမိတ်ပစ္စည်းတွေ ဆက်သတာဟာ သူတို့ရဲ့ ရိုးသားတဲ့ သားသမီးဝတ်ကျေမှုကို ပြသတာပါ။ ပြီးတော့ ကျွန်တော်မျိုးမတို့ရဲ့ မင်မင်းဆက်ကြီးဟာ ကောင်းကင်ရဲ့ စောင်မမှုကို ခံရတယ်ဆိုတာကိုလည်း သက်သေပြချင်လို့ ဖြစ်မှာပါ ။အရှင်ကသာ သူတို့ကို ပြစ်တင်လိုက်မယ်ဆိုရင် သူတို့ရဲ့ ရိုးသားတဲ့ စေတနာတွေကို ဖျက်ဆီးလိုက်သလို ဖြစ်သွားပါလိမ့်မယ်"

မိဖုရားခေါင်ကြီး မာက အနည်းငယ် ပြုံးလိုက်ပြီး ပြောသည်။

"ငါတို့ မင်မင်းဆက်ကြီး ကောင်းကင်ရဲ့ စောင်မမှုကို ရမရ ဆိုတာက ဒီလို နိမိတ်ပစ္စည်းတွေအပေါ်မှာ မူတည်နေတာ မဟုတ်ပါဘူး"

"သူတော်စင်တစ်ဦးက ပြောခဲ့ဖူးတယ် ။မကျေမနပ်ဖြစ်နေတဲ့ အမျိုးသမီးတွေ မရှိရဘူး။ အလုပ်လက်မဲ့ အမျိုးသားတွေ မရှိရဘူး ။ ငတ်မွတ်မှုနဲ့ အအေးဒဏ် ခံရတာတွေ မရှိရဘူး ။ရှင်သန်ခြင်းနဲ့ သေဆုံးခြင်းအတွက် နောင်တရစရာတွေ မရှိစေတာဟာ ဘုရင်တို့ရဲ့ လမ်းစဉ်အစပဲ တဲ့"

အပေါ်ယံအားဖြင့် ကြင်ယာတော် ယွီကို ဆုံးမနေသကဲ့သို့ ရှိသော်လည်း အမှန်စင်စစ်မှာ ကျူးယွမ်ကျန်း နားထောင်စေရန် ပြောခြင်း ဖြစ်သည် ။

"လောကသားတွေ အားလုံး ဝဝလင်လင် စားနိုင်ပြီး နွေးနွေးထွေးထွေး ဝတ်နိုင်သရွေ့ လူငယ်တွေကို စောင့်ရှောက်ပြီး လူကြီးတွေကို ထောက်ပံ့နိုင်သရွေ့ ငါတို့ မင်မင်းဆက်ရဲ့ နယ်မြေတွေဟာ ခိုင်မာတဲ့ အင်ပါယာကြီးအဖြစ် ထာဝရ တည်တံ့နေမှာပါ"

"ငါတို့ဆီမှာ သံချပ်ကာ ဝတ်ထားတဲ့ စစ်သည် သုံးသန်း ရှိတယ် ။တိမ်တိုက်တွေလို များပြားတဲ့ စစ်သူကြီးတွေနဲ့ မိုးရေစက်တွေလို များပြားတဲ့ စစ်ဗျူဟာရှင်တွေ ရှိတယ် ။အပြင်ဘက်မှာ မွန်ဂိုတွေရဲ့ မြင်းစီးစစ်သည်တွေကို မကြောက်ရသလို အတွင်းပိုင်းမှာလည်း အာဏာမက်တဲ့ အရာရှိတွေရဲ့ ရှုပ်ထွေမှုကို မစိုးရိမ်ရဘူး "

တစ်ချိန်က ကျယ်ပြန့်လှသော မွန်ဂိုအင်ပါယာကြီးမှာ ပျက်စီးသွားခဲ့ပြီ ဖြစ်သည် ။ ကျူးယွမ်ကျန်းက အုပ်ချုပ်ရေး စနစ်ဟောင်းကို ဖျက်သိမ်းပြီးနောက် အာဏာမက်သော အရာရှိများ ပေါ်ထွက်လာနိုင်စရာ အခြေအနေ မရှိတော့ပေ ။ သို့သော် မိဖုရားခေါင်ကြီး မာက စိုးရိမ်နေဆဲပင် ဖြစ်သည် ။

"လောကသားတွေကို ငြိမ်းချမ်းစွာ နေထိုင်ခွင့် ပေးနိုင်ခြင်းက ဘယ်လို နိမိတ်ပစ္စည်းတွေထက်မဆို သာလွန်ပါတယ် ။ ဒါကိုသာ မလုပ်နိုင်ဘူးဆိုရင်တော့ မီးခိုးတွေ နေရာအနှံ့ ပေါ်လာပြီး ငါတို့ မင်မင်းဆက်ကြီး အန္တရာယ် ကျရောက်ပါလိမ့်မယ် "

မိဖုရား ခေါင်ကြီး မာသည် တောင်သူလယ်သမား တော်လှန်ရေးခေတ်ကို ဖြတ်သန်းခဲ့ရသူဖြစ်ရာ ထိုအင်အားမှာ မည်မျှ ကြီးမားကြောင်း ကောင်းစွာ သိ၏။ မင်မင်းဆက်သည် ပြင်ပရန်သူကို မကြောက်ပေ ။ အတွင်းပိုင်း အရာရှိများကိုလည်း မစိုးရိမ်ပေ ။ သို့သော် ပြည်သူများ စားစရာမရှိ၍ ပုန်ကန်ထကြွလာမည်ကိုသာ အမှန်တကယ် ကြောက်ရွံ့ခြင်း ဖြစ်သည် ။

မိဖုရား‌ခေါင်ကြီး မာ၏ အတွေးအခေါ်မှာ လုံးဝ မှန်ကန်ကြောင်း သမိုင်းက သက်သေပြခဲ့သည်။

မင်မင်းဆက်၏ နောက်ဆုံး ပျက်သုဉ်းမှုမှာ တောင်သူလယ်သမား ပုန်ကန်မှုကြောင့်သာ ဖြစ်၏ ။ လီကျိချန်း မရှိလျှင်ပင် အခြားသူတစ်ဦးဦးက ပုန်ကန်လာမည်သာ ဖြစ်သည် ။

တိုင်းပြည်၏ မိခင်ဟူသော ဂုဏ်ပုဒ်မှာ အလကားရခဲ့ခြင်း မဟုတ်ပေ ။ ဤကဲ့သို့ အမြော်အမြင် ရှိခြင်းကြောင့်သာ သူသည် သူတော်ကောင်း မိဖုရားကြီးဟူသော အမည်နှင့် ထိုက်တန်ခြင်း ဖြစ်သည် ။ သူသည် ငယ်ရွယ်ချောမောသော ကြင်ယာတော် ယွီထက် အဆပေါင်းများစွာ သာလွန်လေသည် ။

ကျူးယွမ်ကျန်းသည် သူ၏ ရှေ့ရှိ ခရမ်းရောင် လင်ဇီးမှို သုံးခုကို ကြည့်ကာ အနံ့အသက်ဆိုးထွက်နေသော အမှိုက်ပုံကြီးကို မြင်လိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။

သူ၏ မျက်နှာတွင် ရွံရှာသော အရိပ်အယောင်များ ပေါ်လာ၏။

"လူတိုင်းက ငါ့ကို မျက်နှာလိုမျက်နှာရလုပ်ပြီး ဆုလာဘ်တွေ ရဖို့အတွက် ဒီလို နိမိတ်ပစ္စည်းတွေ ဆက်နေကြတာပဲ ။ ဒါတွေ ဆက်လုပ်နေမယ်ဆိုရင် ဘယ်သူက နယ်မြေတွေကို ဂရုတစိုက် အုပ်ချုပ်တော့မှာလဲ ။ဒါတွေကို လွှင့်ပစ်လိုက်စမ်း ။နောက်နောင် ဘယ်သူပဲဖြစ်ဖြစ် နိမိတ်ပစ္စည်း ဆက်သလာရင် အပြစ်ပေးရမယ်"

ကျူးယွမ်ကျန်းနှင့် မိဖုရားခေါင်ကြီး မာတို့သည် အမြင်ကျယ်သူများ ဖြစ်ကြသော်လည်း ကိစ္စရပ်များကို ကိုင်တွယ်ပုံချင်း မတူညီကြပေ။

ရိုးရှင်းပြီး တဲ့တိုးဆန်သော ကျူးယွမ်ကျန်းနှင့် နှိုင်းယှဉ်ပါက မိဖုရား ခေါင်ကြီးမာသည် ပို၍ စိတ်ရှည်ပြီး အရာရာကိုအတွင်းကျကျ မြင်နိုင်စွမ်းရှိသည် ။

"ဒီခေါင်းကိုးလုံးပါ ခရမ်းရောင် လင်ဇီးမှိုကတကယ်တော့ ရှားပါးတဲ့ပစ္စည်းပါ။ ဒါပေမဲ့ အခုတော့ နေရာတိုင်းမှာ ပေါ်နေတယ်ဆိုတာ တစ်ခုခု မှားနေတာ သိသာတယ်"

ဤမျှများပြားသော နိမိတ်ပစ္စည်းများ တစ်ပြိုင်နက် ပေါ်လာခြင်းမှာ သဘာဝအလျောက် မဟုတ်ဘဲ နောက်ကွယ်မှ အမြတ်ထုတ်လိုသူ တစ်ဦးဦး ရှိနေမည်ကို မိဖုရားခေါင်ကြီး မာက ခန့်မှန်းထားပြီး ဖြစ်သည် ။

"ဒီခရမ်းရောင် လင်ဇီးမှိုတွေကို ဖန်တီးနိုင်တဲ့သူဟာ နည်းလမ်းတစ်ခုခု ရှိရမယ် ။ဒီလိုလူမျိုးကို လွှတ်ထားမယ်ဆိုရင် တစ်နေ့ကျရင် ပြဿနာ တက်လာနိုင်တယ်။ ဒါကို သေချာ စုံစမ်းစစ်ဆေးသင့်တယ် "

ရှေးလူကြီးအများစုမှာ အယူသည်းကြပြီး နိမိတ်ပစ္စည်းများကို အသုံးချကာ မတော်မတရား လုပ်ရပ်များ လုပ်ဆောင်တတ်ကြသည် ။

၎င်းက မင်းဆက်၏ အုတ်မြစ်ကိုပင် လှုပ်ခါသွားစေနိုင်၏။ ကျူးယွမ်ကျန်းသည် ဤအချက်ကို ကိုယ်တွေ့ ခံစားခဲ့ဖူးသည် ။

ကျူးယွမ်ကျန်းကိုယ်တိုင်သည်လည်း တော်လှန်ရေးတပ်မှ ပေါ်ထွက်လာသူဖြစ်ရာ ထိုတပ်များ မည်သို့ ထကြွလာကြောင်း ကောင်းစွာ သိ၏ ။

ထိုစဉ်က ယွမ်မင်းဆက်သည် မြစ်ဝါမြစ်ကို ပြုပြင်ရန်အတွက် လုပ်သား ထောင်ပေါင်းများစွာကို စုဆောင်းခဲ့သည် ။ တစ်စုံတစ်ဦးက ကျောက်ရုပ်တစ်ခုကို ကြိုတင် မြှုပ်နှံထားပြီး "ကျောက်ရုပ်တွင် မျက်လုံးတစ်လုံးတည်း ရှိသည်ဟု မပြောပါနှင့်။

မြစ်ဝါမြစ်ကို လှုပ်ခါလျှင် လောကကြီး ပုန်ကန်လိမ့်မည်" ဟူသော ကောလာဟလကို ဖြန့်ခဲ့၏။

လူတိုင်းက ကျောက်ရုပ်ကို တူးဖော်မိသောအခါ ထိုစကားမှာ ပုန်ကန်မှုအတွက် စိတ်ဓာတ်ခွန်အား ဖြစ်သွားပြီး ယွမ်မင်းဆက်ကြီး ပျက်စီးသွားခဲ့ရလေသည် ။

ထိုခရမ်းရောင် လင်ဇီးမှိုသည်လည်း ထိုစဉ်က ကျောက်ရုပ်ကဲ့သို့ အာနိသင် ရှိနိုင်ရာ သတိထားရမည် ဖြစ်သည် ။ဤကိစ္စကို သေချာ စုံစမ်းရမည် ။

"လုဝူပင်း"

ကျူးယွမ်ကျန်း၏ ကိုယ်ရံတော် အထိန်းတော်ကြီးက ချက်ချင်းပင် ထွက်လာသည် ။

"ကျွန်တော်မျိုး ရှိပါတယ် အရှင် "

အသက် ၅၀ ကျော်အရွယ်ရှိသော ထိုအထိန်း‌တော်ကြီးမှာ မျက်နှာညှိုးနွမ်းကာ ဖျားနာနေပုံ ပေါ်၏။ သူသည် ပခုံးများကို ကုန်းထားပြီး ရိုသေကိုင်းညွတ်စွာဖြင့် ပြောလိုက်သည်။

"ဒီကိစ္စကို သွားပြီး စုံစမ်းစမ်း ။ အစအဆုံး သိအောင် လုပ်ခဲ့ "

"အမိန့်တော်အတိုင်း ဆောင်ရွက်ပါ့မယ် အရှင် "

***********

`

အခန်း ၈၂ လျှို့ဝှက်အဖွဲ့အစည်းနှင့် ဆက်သွယ်ခြင်း

"ဒါတွေကို ဟိုဘက်ရွှေ့လိုက် .. စုမ်းရုန်နဲ့ လိမ္မော်ခွံခြောက်တွေကို အတွင်းထဲ သွင်းလိုက်ကြ"

ဝူကျိရှန်း၏ ညွှန်ကြားမှုအောက်တွင် ရဲမက်အချို့သည် အသစ်ရောက်ရှိလာသော ဆေးဘက်ဝင်ပစ္စည်းများကို ဂိုဒေါင်ထဲသို့ သယ်ယူနေကြသည်။

ဝူကျိရှန်းသည် အဆင့် ၆ အရာရှိတစ်ဦး ဖြစ်သော‌‌နေရောင်ကြောင့်ကုန်ပစ္စည်းများ သယ်ယူသိမ်းဆည်းသည့် ကိစ္စကို ဂိုဒေါင်တာဝန်ခံ ကျောက်ပင်တိန့်ထံ လွှဲထား၍ ရလေသည် ။

သို့သော်လည်း ဆေးဘက်ဝင်ပစ္စည်းများသိမ်းဆည်းသည့်ကိစ္စကိုမူဝူကျိရှန်းကိုယ်တိုင်ကြီးကြပ်ရမည် ဖြစ်သည်။

ဆေးဘက်ဝင်ပစ္စည်းများသည် ဆန်စပါးနှင့် မတူပေ ။ ၎င်းတို့ကို သိမ်းဆည်းပုံမှာ အလွန်ပင် အသေးစိတ်လှပြီး ဆေးဝါးများ၏ သဘာဝကို နားမလည်ပါက အားလုံးပျက်စီးသွားနိုင်၏။

ဆေးဘက်ဝင်ပစ္စည်း အမျိုးအမည်မှာ အလွန်များပြားလှပြီး တစ်ခုနှင့်တစ်ခု ဂုဏ်သတ္တိချင်း မတူညီကြပေ ။ ဥပမာအားဖြင့် စုမ်းရုန်နှင့် လိမ္မော်ခွံခြောက်တို့မှာ အသုံးများသော ဆေးများဖြစ်သော်လည်း ၎င်းတို့၏ သဘာဝချင်း ဆန့်ကျင်နေသောကြောင့် အတူတူ သိမ်းဆည်း၍ မရပေ ။ ထို့ပြင် လိမ္မော်ခွံခြောက်မှာ အခြောက်ခံရန် လိုအပ်သော်လည်း စုမ်းရုန်မှာမူ အရိပ်ထဲတွင်သာ အခြောက်ခံရသည် ။

၎င်းတို့ကို ဆန်စပါးများကဲ့သို့ စုပြုံသိမ်းဆည်း၍ မရရုံမျှမက စိုထိုင်းဆ ကာကွယ်ပုံချင်းလည်း ကွဲပြားသည် ။ လိမ္မော်ခွံခြောက် သိမ်းဆည်းရာတွင် သစ်သားပြာကို အသုံးပြုရပြီး စုမ်းရုန်အတွက်မူ ထုံးအရှင်ကို အသုံးပြုရလေသည် ။

ထိုကဲ့သို့မတူညီ‌သောအချက်အလက်များစွာ ရှိနေပြီး အနည်းငယ် အမှားအယွင်း ရှိရုံဖြင့် ဆေးအာနိသင်များ ပျက်ပြယ်သွားနိုင်သလို ဆေးပစ္စည်းများမှာလည်း အသုံးမဝင်တော့ဘဲ ဖြစ်သွားနိုင်သည်။

ကံကောင်းထောက်မစွာဖြင့် ဝူကျိရှန်းသည်ထိုနယ်ပယ်တွင် ဗဟုသုတ ရှိထားပြီးဖြစ်သလို သမားတော်စွန်း၏ ဆေးကျမ်းများကိုလည်း သေချာလေ့လာထားသူ ဖြစ်သည် ။ ထို့ကြောင့် သူသည် ဤအလုပ်ကို စနစ်တကျနှင့် ကျွမ်းကျင်စွာ လုပ်ဆောင်နိုင်ခြင်း ဖြစ်၏ ။

သူသည် တစ်မွန်းလွဲခင်းလုံး ကြိုးစားလုပ်ကိုင်ခဲ့ရာ နေဝင်ချိန်၌ ဆေးဘက်ဝင်ပစ္စည်း အားလုံးကို အောင်မြင်စွာ သိမ်းဆည်းနိုင်ခဲ့လေသည်။

ဂိုဒေါင်တာဝန်ခံ ကျောက်ပင်တိန့်သည် လက်ဖက်ရည်တစ်ခွက်ကို အလောတကြီး ငှဲ့ပေးကာ မျက်နှာချိုသွေးရင်း ပြောသည်။

"အရာရှိဝူ ရှိနေလို့သာပဲ ။ကျွန်တော်မျိုးသာ သိမ်းရမယ်ဆိုရင်တော့ ရှုပ်ပွနေမှာ သေချာတယ် ။အရာရှိဝူပင်ပန်းသွားပါပြီ "

"ဒီဆေးတွေအားလုံး သိမ်းပြီးပြီ ။ နောက်ထပ် တစ်သုတ်ကတော့ နောက်ရက်အနည်းငယ်အတွင်း ရောက်လိမ့်မယ်"

ဝူကျိရှန်းသည် ချွေးများကို သုတ်ရင်း လက်ဖက်ရည်ကို တစ်ကျိုက်တည်း သောက်လိုက်သည် ။

ထို့နောက် အဆင့် ၉ အရာရှိဖြစ်သော ဂိုဒေါင်တာဝန်ခံကို ထပ်ခါတလဲလဲ မှာကြားလေသည် ။

"ဒီဆေးတွေက စစ်တပ်ကို ပို့ရမှာ။ ကိစ္စက အလွန်အရေးကြီးတယ် ။အမှားအယွင်း တစ်ခုခု ဖြစ်ရင် မင်းမှာ တာဝန်ရှိတယ်နော်"

ဤမျှများပြားသော စစ်အသုံးအဆောင် ပစ္စည်းများအတွက် အနည်းငယ်မျှ မှားယွင်းရုံဖြင့်အဆင့်နိမ့် အရာရှိလေး၏ အသက်မှာ လုံခြုံတော့မည် မဟုတ်ပေ။

"ဒီဆေးပစ္စည်းတွေက ကျွန်တော်မျိုးရဲ့ အသက်ထက်တောင် ပိုအရေးကြီးပါတယ် ။ဘာမှားယွင်းမှုမှ မရှိစေရပါဘူး ။ အခုကစပြီး ကျွန်တော်မျိုး ဒီဂိုဒေါင်ထဲမှာပဲ အိပ်ပြီး မျက်တောင်မခတ် စောင့်ကြည့်နေပါ့မယ် ။ အရာရှိဝူစိတ်ချလက်ချ နားနေပါ"

ဝူကျိရှန်းသည် ထပ်မံမှာကြားပြီးနောက် အချိန်နှောင်းနေပြီ ဖြစ်သဖြင့် ဆေးဘက်ဆိုင်ရာ စီမံခန့်ခွဲရေးဌာနမှ ထွက်ခွာကာ အိမ်သို့ ပြန်သွားလေသည် ။

ယနေ့ညရာသီဥတုမှာမကောင်းလှပေ။ မည်းမှောင်သော တိမ်တိုက်များက ကြယ်နှင့် လကို ဖုံးကွယ်ထားပြီး ဆေးဘက်ဆိုင်ရာ စီမံခန့်ခွဲရေးဌာန တစ်ခုလုံးမှာ တိတ်ဆိတ်နေသည် ။

ဂိုဒေါင်တာဝန်ခံ ကျောက်ပင်တိန့်သည် မိမိ၏ တာဝန်ကို သိထားသူဖြစ်ရာ မီးအိမ်ကို ကိုင်ကာ ဂိုဒေါင်ကို တစ်ပတ်ပတ်၍ ထပ်မံစစ်ဆေးသည် ။

ဂိုဒေါင်ပတ်ပတ်လည်တွင် ရေအပြည့် ထည့်ထားသော ရေစည်ကြီးများစွာ ရှိနေပြီး မီးသတ်စက်လှည်း နှစ်စီးကိုလည်း အသင့်ပြင်ထားသည် ။

ဤကဲ့သို့သော ဂိုဒေါင်ကြီးများအတွက် အကြောက်ရဆုံးမှာ မီးဘေးပင် ဖြစ်သည် ။ ထို့ကြောင့် မီးသတ်ပစ္စည်း အားလုံးကို ကြိုတင်ပြင်ဆင်ထားခြင်း ဖြစ်၏။

အမှားအယွင်း မရှိကြောင်း သေချာသောအခါ ထိုအဆင့် ၉ အရာရှိလေးသည် သူ၏ အိပ်ရာလိပ်ကို ဂိုဒေါင်ထဲသို့ သယ်လာပြီး ဆေးပစ္စည်းများကို အနီးကပ် စောင့်ကြပ်လေသည် ။

မတော်တဆ မီးလောင်မှု ဖြစ်ပွားပါက ချက်ချင်း သိနိုင်ရန်အတွက် ကျောက်ပင်တိန့်သည် ကြေးမောင်းတစ်ခုကို သူ၏ ခေါင်းအုံးနားတွင် ထားရှိသည် ။ မီးစတစ်စ ပေါ်လာသည်နှင့် မောင်းကို တီးခတ်လိုက်ပါက ရှေ့ဘက်ဝင်းအတွင်းရှိ ညဆိုင်း ရဲမက်များ ချက်ချင်းရောက်လာနိုင်မည်ဖြစ်သည်။

အရာရာ အဆင်သင့်ဖြစ်ပြီ ဖြစ်သဖြင့် သူသည် စိတ်အေးလက်အေး အိပ်ပျော်သွားလေသည်။

ကျောက်ပင်တိန့်သည် ဆေးနံ့များ လှိုင်နေသော ဂိုဒေါင်ထဲတွင် အိပ်ရာပေါ်၌ နှစ်ခြိုက်စွာ အိပ်ပျော်နေ၏။

ပြတင်းပေါက် အပြင်ဘက်တွင်မူ အမှောင်ထုက ဖုံးလွှမ်းနေပြီး လက်တစ်ကမ်း အကွာအဝေးကိုပင် မမြင်ရပေ ။အိပ်ပျော်နေစဉ် ကျောက်ပင်တိန့်သည် တစ်ဖက်သို့ လှည့်လိုက်ရာသူ၏ ဘေးအရိပ်မည်းတစ်ခု ရပ်နေသည်ကိုရုတ်တရက်တွေ့လိုက်ရသည်။

အမှောင်ထုထဲတွင် ထိုသူ၏ မျက်နှာကို မမြင်ရသဖြင့် ကျောက်ပင်တိန့်မှာ လန့်သွား၏ ။

ဤအချိန်တွင် ကျောက်ပင်တိန့်သည် မျက်နှာချိုသွေးတတ်သော အဆင့် ၉ အရာရှိလေးနှင့် မတူတော့ဘဲ တစ်ခြားလူဖြစ်သွားသကဲ့သို့ ရှိသည် ။

သူ၏ ခန္ဓာကိုယ်ထဲမှ သတ်ဖြတ်လိုသော အရှိန်အဝါများ ထွက်ပေါ်လာပြီး သားရဲတစ်ကောင်ကဲ့သို့ အာရုံခံစားမှုများ ထက်မြက်လာကာ ရင်ဘတ်ထဲမှ ဓားတိုတစ်စင်းကို ဆွဲထုတ်လိုက်လေသည် ။

ဂိုဒေါင်တာဝန်ခံ တစ်ဦးအနေဖြင့် လက်နက် ဆောင်ထားရန် မလိုသော်လည်း ကျောက်ပင်တိန့်သည် ဤဓားတိုကို အမြဲတစေ ဆောင်ထားလေ့ ရှိသည်။

ဓားသည်သူ၏အသက်ပင် ဖြစ်သည်။ ဓား ပျက်စီးပါက သူ သေရမည် ဖြစ်ရာ သူ၏ အနားမှ မည်သည့်အခါမျှ အကွာမခံပေ။

ဓားသည် တိုတောင်းလှပြီး သာမန် ဓားမြှောင်ထက် အနည်းငယ်သာ ရှည်သည် ။ သို့သော် ၎င်း၏ ပုံစံမှာ အလွန်ထူးဆန်း၏ ။ ဓားလက်ကိုင်၌ အလှဆင်ထားခြင်း မရှိသလို ဓားသွားမှာလည်း အလွန်ပါးလွှာပြီး ကွေးညွှတ်နေသည် ။

ဤ ဓားတိုမျိုးမှာ ခုတ်ယမ်းရန် မသင့်တော်ဘဲ အနီးကပ် တိုက်ခိုက်ရန်အတွက်သာ အထူးပြုလုပ်ထားခြင်း ဖြစ်သည်။

ဤဓား၌လျှမ်းလျှမ်းတောက်သော အမည်တစ်ခုရှိသည်။ ၎င်းမှာ ပန်းပွင့်ပါနွေဦးဓား ဖြစ်၏ ။

သူသည် တွေဝေခြင်း မရှိဘဲ ရှေ့သို့ တည့်တည့် ထိုးလိုက်လေသည်။

ထိုးချက်မှာ အလွန်ရက်စက်ပြီး ပါးနပ်လှသည်။ အမြန်နှုန်းရော အရှိန်အဝါပါ အပြစ်ပြောစရာ မရှိပေ ။ အကြိမ်ပေါင်း ထောင်ချီ၍ လေ့ကျင့်ထားခြင်း မရှိပါကထိုကဲ့သို့ သေစေနိုင်သော ထိုးချက်မျိုးထွက်ပေါ်လာမည်မဟုတ်ပေ။

ထိုထူးဆန်းသော အရိပ်မည်းမှာ ကျောက်ပင်တိန့်၏ တုံ့ပြန်မှုကို ကြိုတင် သိနေသကဲ့သို့ ရှောင်တိမ်းခြင်း မရှိဘဲ စကားလုံး လေးလုံးကိုသာ ပြောလိုက်သည်။

"တာဝန်အတွက် ရှေ့ဆောင်သူ"

ထိုစကားလုံး လေးလုံးကို ကြားလိုက်ရသောအခါ လျင်မြန်လှသော ဓားအလင်းတန်းမှာ ချက်ချင်း ရပ်တန့်သွားသည် ။

ကျောက်ပင်တိန့်သည် ထိုသူ၏ မည်သူမည်ဝါဖြစ်ကြောင်း ချက်ချင်း သိလိုက်ပြီး စကားလုံး လေးလုံးဖြင့် ပြန် ဖြေလိုက်၏ ။

"နိုင်ငံအပေါ် သစ္စာရှိသူ "

လျှို့ဝှက်ကုဒ်မှာ ကိုက်ညီသွားလေသည် ။

ရုတ်တရက် ပေါ်လာသော အရိပ်မည်းမှာ သူကဲ့သို့ပင် ကျင်းယီဝေလျှို့ဝှက်အ‌ ထောက်တော်တစ်ဦး ဖြစ်သည် ။ ( မင်မင်းဆက် တစ်လျှောက်လုံးတွင် ကျင်းယီဝေ ဆိုသည်မှာ လူတို့၏ ရင်ထဲတွင် ထိတ်လန့်မှုကို ဖြစ်စေသော လျှို့ဝှက် ရဲတပ်ဖွဲ့ အဖွဲ့အစည်းတစ်ခု ဖြစ်ပြီး ၎င်းကို ကျူးယွမ်ကျန်းက တည်ထောင်ခဲ့ခြင်း ဖြစ်သည် ။ )

"တာဝန် တစ်ခု ရှိတယ် "

ထိုအရိပ်မည်းက စကားပြောလိုက်သောအခါ ကျောက်ပင်တိန့်မှာ အလွန် ဝမ်းသာသွားသည် ။

ကျောက်ပင်တိန့်မှာ ကျင်းယီဝေ တစ်ဦး ဖြစ်သော်လည်း သူ၏ အဆင့်မှာ အလွန်နိမ့်ကျပြီး အစမ်းခန့် အရာရှိလေးမျှသာ ဖြစ်၏။ အစမ်းခန့် ဆိုသည်မှာ တရားဝင် ရာထူး မရှိဘဲ အာဏာလည်း မရှိပေ ။

ပုံမှန်အားဖြင့် သတင်းအချက်အလက် စုဆောင်းခြင်းနှင့် စောင့်ကြည့်ခြင်း ကဲ့သို့သော အခြေခံ အလုပ်များကိုသာ လုပ်ရသော အစွန်အဖျား အဖွဲ့ဝင်မျှသာ ဖြစ်သည်။

တာဝန်တစ်ခု ရပြီဆိုပါက အောင်မြင်မှု ရရန် အခွင့်အရေး ရှိလာပြီ ဖြစ်ပြီး အောင်မြင်မှု ရရှိပါက တရားဝင် ကျင်းယီ‌ဝေ တစ်ဦး ဖြစ်လာနိုင်သည် ။

"အမိန့်တော်အရ .. မင်္ဂလာရှိတဲ့ ခေါင်းကိုးလုံးပါ ခရမ်းရောင် လင်ဇီးမှို ကိစ္စကို သေချာ စုံစမ်းရမယ် "

ကျူးယွမ်ကျန်းသည် ဤကဲ့သို့သော နိမိတ်ပစ္စည်းများကို အမုန်းဆုံးဖြစ်ရာ သေချာပေါက် စုံစမ်းခိုင်းမည်သာ ဖြစ်သည် ။

ဤသည်မှာ အဆင့်မြင့်ဆုံးမှ တိုက်ရိုက်လာသော အမိန့်ဖြစ်ရာ ကောင်းကောင်း ကိုင်တွယ်နိုင်ပါက သူသည် တရားဝင် အရာရှိ ဖြစ်လာမည်မှာ သေချာသည် ။

"ထပ်ခါတလဲလဲ စုံစမ်းကြည့်တော့ ဒီခရမ်းရောင် လင်ဇီးမှိုတွေဟာ ဆေးဘက်ဆိုင်ရာ စီမံခန့်ခွဲရေးဌာနက ဝူကျိရှန်းနဲ့ ဆက်နွှယ်မှု ရှိနေပုံရတယ်"

ဝူကျိရှန်းက ခရမ်းရောင် လင်ဇီးမှိုတွေနဲ့ ပတ်သက်နေတာလား။မဖြစ်နိုင်တာ ။

ဆေးဘက်ဆိုင်ရာ စီမံခန့်ခွဲရေးဌာနတွင် ပုန်းအောင်းနေသော ကျင်းယီဝေ တစ်ဦးအနေဖြင့် ကျောက်ပင်တိန့်သည် ဝူကျိရှန်း၏ နောက်ကြောင်းကို ကောင်းစွာ သိသူဖြစ်သည် ။

ဝူကျိရှန်းသည် မူလက သမားတော်တစ်ဦးဖြစ်ပြီး ဆေးပညာတွင် ကျွမ်းကျင်သူ ဖြစ်သည် ။ သူသည် နေ့စဉ် အချိန်မှန် ရုံးတက်ပြီး နယ်စပ်စစ်တပ်အတွက် လိုအပ်သော ဆေးဝါးများကို မပင်မပန်း စုဆောင်းနေသူ ဖြစ်သည် ။ သူက မည်သို့လုပ်၍ ဤနိမိတ်ပစ္စည်း ကိစ္စတွင် ပါဝင်နေနိုင်မည်နည်း။

"လူကြီးမင်း တစ်ခုခု မှားနေတာ မဟုတ်ဘူးလား"

"မှားဖို့ မရှိဘူး ။ဒါပေမဲ့ ခိုင်လုံတဲ့ သက်သေတော့ မရသေးဘူး "

ထိုအရိပ်မည်းက ပြတ်သားစွာ ပြောလိုက်၏။

"မင်းက ဆေးဘက်ဆိုင်ရာ စီမံခန့်ခွဲရေးဌာနက ဖြစ်ပြီး ဝူကျိရှန်းရဲ့ အကြောင်းကိုလည်း သိထားတော့ ဒီတာဝန်ကို မင်းကို လွှဲအပ်မယ် ။ဒါကို ကောင်းကောင်း လုပ်နိုင်ရင် မင်းကို တရားဝင် ရာထူးရအောင် ငါ အာမခံတယ် "

"နားလည်ပါပြီ"

************

All Chapters