အခန်း (၈၃-၈၄)
Vol. 8 Ch. 83-84
`
အခန်း ၈၃ နည်းပညာ လွှဲပြောင်းပေးခြင်း
ဆောင်းဦးရာသီသို့ ရောက်ရှိလာပြီဖြစ်၍ အေးလာပြီဖြစ်သည်။
"ဒါကတော့ ဆေးဘက်ဝင်ပစ္စည်းတွေရဲ့ နောက်ဆုံးစာရင်းပဲ "
လုကျန်းရှင်းက သူရေးသားထားသော စာရင်းများကို ဝူကျိရှန်းထံ ကမ်းပေးရင်း ပြောသည် ။
"အနောက်ကျဆုံး ငါးရက်အတွင်း အရောက်ပို့ပေးပါ့မယ်။အဲ့ဒီအချိန်ကျရင် ဝူ အမတ်မင်းအနေနဲ့ သေချာ စစ်ဆေးပြီး သိမ်းဆည်းပေးဖို့ တောင်းဆိုချင်ပါတယ်"
ဤနှုန်းအတိုင်းဆိုလျှင် မူလက နှစ်ကုန်ပိုင်းမှ အပြီးသတ်ရန် လျာထားသော ဆေးပစ္စည်း ဝယ်ယူရေးမှာ အချိန်မတိုင်မီ ပြီးစီးနိုင်တော့မည် ဖြစ်ရာ ဝူကျိရှန်းမှာ အလွန်ပင် စိတ်ကျေနပ်နေ၏ ။
သူသည် လင်ဇီးမှိုများကို လုကျန်းရှင်းထံ လွှဲပြောင်းပေးခဲ့ပြီး လုကျန်းရှင်းက ၎င်းတို့ကို နေရာအနှံ့တွင် ပြန်လည်ရောင်းချကာ ထိုငွေဖြင့် ဆေးပစ္စည်းများကိုဝယ်ယူပေးခြင်း ဖြစ်သည်။
လူတိုင်းသည် အပြန်အလှန် အကျိုးရှိခဲ့ကြပြီး မိမိတို့ လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ခဲ့ကြရာ သူတို့၏ ပူးပေါင်းဆောင်ရွက်မှုမှာ အလွန်ပင် ပြေလည်လှသည် ။
"သခင်ကြီး လု လာမှာကို သိနေတာနဲ့ ချင်းချင်းကို လင်ဇီးမှိုတွေ အားလုံး ဆွတ်ခိုင်းထားတယ် "
ဝူကျိရှန်းသည် သူ၏ ဘေးနားရှိ လင်ဇီးမှိုများ အပြည့်ထည့်ထားသော ခြင်းတောင်း ခြောက်ခြင်းကို ညွှန်ပြကာ ပြောသည်။
"ဒါကတော့ နောက်ဆုံးထွက်တဲ့ လင်ဇီးမှို အသုတ်ပဲ ။ အားလုံး ယူသွားလို့ ရပါပြီ "
သူတို့သည် လင်ဇီးမှိုများကို အသုတ်လိုက် အကြိမ်ကြိမ် စိုက်ပျိုးခဲ့ပြီး ဖြစ်ရာ စိုက်ပျိုးရေး နည်းပညာရော အတွေ့အကြုံပါ ရင့်ကျက်နေပြီ ဖြစ်သည်။ထို့ကြောင့် လင်ဇီးမှိုများ၏ အရည်အသွေးမှာလည်းတစ်ကြိမ်ထက်တစ်ကြိမ် ပိုမို ကောင်းမွန်လာခဲ့၏။
ဒါပေမယ့် နောက်ဆုံးအသုတ် လို့ ပြောခြင်းက ဘာကို ဆိုလိုတာလဲ။ဆက်ပြီး မစိုက်တော့ဘူးလို့ ဆိုလိုတာလား။
ဝူကျိရှန်းသည် တကယ်ပင် လင်ဇီးမှို ဆက်လက် စိုက်ပျိုးရန် အစီအစဉ် မရှိတော့ပေ။
သူသည်ထိုအလုပ်ကို စတင်ခဲ့ခြင်းမှာ ဆေးဘက်ဝင်ပစ္စည်းများ ဝယ်ယူရန် ရန်ပုံငွေ ရှာဖွေလိုသောကြောင့်သာ ဖြစ်သည်။ ယခုအခါ ဆေးပစ္စည်း ဝယ်ယူရေးမှာ ပြီးစီးတော့မည် ဖြစ်ရာ ဆက်လက် စိုက်ပျိုးရန် မလိုတော့ပေ။
ထို့ပြင်လူများစိုက်ပျိုးထားသော လင်ဇီးမှိုများမှာ ကြီးထွားနှုန်း အလွန်မြန်သော်လည်း ဆေးအာနိသင်မှာ သုညနီးပါးဖြစ်သည် ။
ငွေရရန် ရောင်းချခြင်းနှင့် ပတ်သက်၍မူ လွန်ခဲ့သော လအနည်းငယ်အတွင်း လင်ဇီးမှို ထုတ်လုပ်မှု တိုးတက်လာသည်နှင့်အမျှ ဈေးနှုန်းမှာလည်း ထိုးဆင်းသွားခဲ့ရာ ယခုအခါ တန်ဖိုးမရှိသလောက် ဖြစ်နေပြီ ဖြစ်သည် ။
ဆင်းရဲသားများမှာထိုအရာကို မဝယ်နိုင်ကြဘဲ ချမ်းသာသူများကမူ ၎င်းကို ဇိမ်ခံ ပစ္စည်းအဖြစ်သာ သဘောထားကြသည်။ ထို့ကြောင့်အမြောက်အမြား ထွက်ရှိလာသောအခါတွင်မူ ၎င်း၏ တန်ဖိုးမှာ ချက်ချင်းပင် ကျဆင်းသွားလေတော့သည် ။
"လင်ဇီးမှိုတွေ ထပ်မထုတ်တော့ဘူး ဟုတ်လား ။ဘယ်လိုဖြစ်လို့လဲ"
ဝူကျိရှန်းက ထုတ်လုပ်မှု ရပ်နားတော့မည်ဟု ပြောလိုက်သောအခါ လုကျန်းရှင်းမှာ ချက်ချင်းပင် ပျာယာခတ်သွားသည် ။
"ကျွန်တော်က ဒါကို အားကိုးပြီး ငွေရှာနေတာပါ ။ဝူအမတ်မင်း အနေနဲ့ ဆက်ပြီး စိုက်ပေးပါ ။ပိုပြီးတောင် စိုက်ပေးပါဦး။ ကျေးဇူးပြုပြီး ထုတ်လုပ်မှုကို မရပ်လိုက်ပါနဲ့ "
"လင်ဇီးမှိုကို ဆက်စိုက်ရမှာလား။
ဈေးကွက်ထဲမှာ လင်ဇီးမှို တန်ဖိုးတွေက တဖြည်းဖြည်း ကျဆင်းနေပြီး တန်ဖိုးမရှိသလောက် ဖြစ်နေပြီ။ ဆက်စိုက်နေဖို့ လိုသေးလို့လား"
"စိုက်လိုက်ရင်တောင် ဘယ်သူ့ကို သွားရောင်းမှာလဲ "
"မွန်ဂိုတွေကို သွားရောင်းလို့ ရတာပဲ "
ထိုစကားကို ကြားသောအခါ ဝူကျိရှန်းမှာ ဆွံ့အသွားသည် ။ မင်မင်းဆက်နှင့် မွန်ဂိုတို့မှာ ရန်သူများ ဖြစ်ကြပြီး နယ်စပ်ကိုလည်း ပိတ်ထားသည် မဟုတ်ပါလား ။ သူက မွန်ဂိုများနှင့် မည်သို့ ကုန်သွယ်နိုင်မည်နည်း။
"လူရင်းတွေမို့ ကျွန်တော် ဖုံးကွယ်မထားတော့ပါဘူး"
လုကျန်းရှင်းက အရေးမကြီးသော ကိစ္စတစ်ခုကို ပြောနေသကဲ့သို့ ပေါ့ပေါ့ပါးပါး လေသံဖြင့် ပြောလာ၏။
"လွန်ခဲ့တဲ့ တစ်လလောက်ကတည်းက ကျွန်တော် မွန်ဂိုတွေနဲ့ ကုန်သွယ်နေတာပါ ။ဆား ၊ လက်ဖက်ရည် ၊ အထည်အလိပ်နဲ့ ကြွေထည် ပစ္စည်းတွေကို မြောက်ဘက် စားကျက်မြေတွေဆီ ပို့နေတာလေ။ ဒီလင်ဇီးမှိုတွေက အဲ့ဒီ စားကျက်မြေတွေမှာ အရမ်း နာမည်ကြီးတယ် ။ခေါင်းကိုးလုံးပါ ခရမ်းရောင် လင်ဇီးမှို ကောင်းကောင်း သုံးခုဆိုရင် မြင်းတစ်ကောင်နဲ့ လဲလို့ ရတယ်ဗျ "
မင်မင်းဆက်၏ ဥပဒေအရ နယ်စပ်ကို ဖြတ်ကျော်ပြီး တရားမဝင် ကုန်သွယ်ခြင်းမှာ ရန်သူကို အားပေးကူညီခြင်း ဖြစ်သည် ။
ထို့ပြင် စစ်တပ်က နယ်စပ်ဒေသကို ပိတ်ဆို့ထားရာ ကုန်ပစ္စည်း အမြောက်အမြားကို မည်သို့ သယ်ဆောင်သွားနိုင်မည်နည်း ။ နယ်စပ်စောင့်တပ်က ဖမ်းမိပါက ခေါင်းဖြတ်သတ်ခံရမည့် ရာဇဝတ်မှုပင် ဖြစ်သည် ။
သေဒဏ်ထိုက်တဲ့ အပြစ်လား။သီအိုရီအရတော့ ဒါဟာ ပြစ်မှုတစ်ခု ဖြစ်သည် ။ သို့သော် သီအိုရီနှင့် လက်တွေ့မှာ ထပ်တူမကျပေ ။
ဆား ၊ လက်ဖက်ရည် ၊ အထည်အလိပ်နှင့် သံထည်ပစ္စည်းများသည် စားကျက်မြေများ၌ အလွန်ပင် လိုအပ်သော ပစ္စည်းများ ဖြစ်သည် ။ ထိုပစ္စည်းများ ရရှိရန်အတွက်ဆိုလျှင် သူတို့က စစ်ပင် တိုက်ချင်ကြသည် ။
ကုန်ပစ္စည်းများ ပြည်ပသို့ မထွက်စေရန် တားမြစ်ခြင်းမှာ နိုင်ငံတော်၏ မူဝါဒဖြစ်သော်လည်း ပြည်တွင်း၌လည်း စားကျက်မြေများမှ ထွက်ကုန်များကို လိုအပ်နေပြန်သည် ။
ဥပမာအားဖြင့် သားရေနှင့် သက္ကလတ် ထည်များမှာ အရေးကြီးသော စစ်ရေးသုံး ပစ္စည်းများ ဖြစ်ကြပြီး စစ်မြင်းများမှာ ပို၍ပင် အရေးကြီးလှသည် ။
လုကျန်းရှင်းသည် စားကျက်မြေများဆီသို့ ကုန်ပစ္စည်းများ ပို့ဆောင်ကာ အမြတ်အစွန်း အမြောက်အမြား ရယူခဲ့ပြီး အပြန်တွင် ရှားပါးလှသော သားရေနှင့် စစ်မြင်းများကဲ့သို့သော စစ်ရေးသုံး ပစ္စည်းများကို သယ်ဆောင်လာခဲ့သည် ။ သူသည် ထိုပစ္စည်းများကို မြို့ထဲသို့ပင် သယ်မလာဘဲ နယ်စပ်စောင့်တပ်ထံသို့ တိုက်ရိုက် ရောင်းချလိုက်၏။
ထို့ကြောင့် နယ်စပ်စောင့်တပ်မှာ ပိတ်ပင်မှုကို ချိုးဖောက်သည့် လုပ်ရပ်အပေါ် မသိချင်ယောင်ဆောင် ပေးထားကြသည် ။ လုကုန်းရှင်းကသာ လူသိရှင်ကြား မလုပ်သရွေ့ သူတို့က ဘာမှ မဖြစ်သကဲ့သို့ပင်နေကြမည်ဖြစ်သည်။
အမှန်တွင်ထို့ကဲ့သို့ ကုန်သွယ်မှုမျိုးမှာ အမြဲတမ်း ရှိနေပြီး အတိုင်းအတာ အနည်းအများသာ ကွာခြားခြင်း ဖြစ်သည် ။
မွန်ဂိုရော မင်မင်းဆက်ပါ မိမိတို့ လိုချင်သော ပစ္စည်းများကို ရရှိကြသည် ။ မည်သူက ပို၍ အကျိုးရှိသည်ဟု ပြောရန် ခက်သော်လည်း လုကျန်းရှင်းကမူ ချမ်းသာကြွယ်ဝသွားခဲ့သည်မှာ သေချာလှသည် ။
"အစိုးရ စစ်တပ်ကို လာဘ်ထိုးပြီး နိုင်ငံနှစ်ခုကြားမှာ ကုန်သွယ်နေတာပေါ့ ။ သခင်ကြီး လု .. ခင်ဗျား တကယ်ပဲ အကြီးအကျယ် လုပ်နေတာပဲ "
လုကျန်းရှင်းက နှစ်ခါမျှ ဟက်ဟက်ပက်ပက် ရယ်လိုက်ပြီး
"တကယ်တော့ ဝူအမတ်မင်း ပြောသလောက်ကြီး မဟုတ်ပါဘူး။ ကျွန်တော်က အူလူးမျိုးနွယ်စုနဲ့ပဲ ကုန်သွယ်နေတာပါ ။အသေးစားလေးပါပဲ "
အူလူးမျိုးနွယ်စု ဆိုသည်မှာ မွန်ဂိုများ မဟုတ်ကြဘဲ ကျင်းမင်းဆက်မှ ကျန်ရစ်သူများသာ ဖြစ်ကြသည် ။
အမည်အရ အူလူးမျိုးနွယ်စုကို တောင်ပိုင်း ၊ မြောက်ပိုင်းနှင့် အလယ်ပိုင်းဟူ၍ သုံးမျိုး ခွဲခြားထားပြီး စုစုပေါင်း အိမ်ထောင်စု နှစ်ထောင်ခန့် သာ ရှိသည် ။
ဂျင်ဂျစ်ခန်၏ သားစဉ်မြေးဆက်များက ကျင်းမင်းဆက်ကို တိုက်ခိုက်ပြီးနောက်တွင် ကျင်းသုံ့ပန်းများကို စားကျက်မြေများ၌ အခြေချခိုင်းခဲ့သည် ။ နှစ်ပေါင်း ရာနှင့်ချီ ကြာလာသောအခါ သူတို့သည် ယနေ့ခေတ် အူလူးမျိုးနွယ်စုများ ဖြစ်လာခဲ့ကြသည် ။
အူလူးမျိုးနွယ်စု၏ လူဦးရေမှာ အစကတည်းက မများလှသလို အရွယ်အစား အမျိုးမျိုးရှိသော မျိုးနွယ်စု သုံးခုအဖြစ် ကွဲပြားနေသော်လည်း ၎င်းက သူတို့ကိုယ်သူတို့ မွန်ဂိုများဟု သတ်မှတ်ခြင်းကို မတားဆီးနိုင်ခဲ့ပေ ။
အထူးသဖြင့် မင်မင်းဆက်၏ မြောက်ဘက် စစ်ဆင်ရေးများ အကြိမ်ကြိမ် ပြုလုပ်ပြီးနောက် မွန်ဂို အဓိကတပ်များ မြောက်ဘက်သို့ တဖြည်းဖြည်း ဆုတ်ခွာသွားသောအခါ အူလူးမျိုးနွယ်စုမှာ သူတို့၏ ထိန်းချုပ်မှုအောက်မှ လွတ်ကင်းကာ သီးခြား အင်အားစုတစ်ခု ဖြစ်လာခဲ့သည်။
အကယ်၍ လွန်ခဲ့သော နှစ်ပေါင်း ရာနှင့်ချီက သေဆုံးသွားခဲ့သည့် ဂျင်ဂျစ်ခန်သာ သူ၏ သုံ့ပန်းဟောင်းများက သူ၏ ရွှေရောင်မိသားစု၏ သွေးချင်းများအဖြစ် ကြွေးကြော်နေသည်ကို သိသွားပါက သူသည် ဒေါသထွက်လွန်းသဖြင့် ခေါင်းတလားထဲမှပင် ထွက်လာမည်မှာ သေချာသည်။
ကြာရှည်လှသော နှစ်ကာလများက အူလူးပြည်သူများ၏ နေထိုင်မှု ပုံစံနှင့် လူမျိုးစု အမှတ်အသားကို ပြောင်းလဲစေခဲ့ပြီး သူတို့သည်မွန်ဂိုများနှင့် ပို၍ ပို၍ တူညီလာခဲ့ကြသည် ။
သူတို့သည် မင်မင်းဆက်နှင့် မွန်ဂိုတို့ကြားရှိ ကြားခံနယ်မြေတွင် ရှိနေကြသောကြောင့် အူလူးပြည်သူများသည် အခြေအနေကို ကြည့်၍ နေထိုင်တတ်သော နည်းလမ်းကို ပါးနပ်စွာ ရွေးချယ်ခဲ့ကြသည် ။
မွန်ဂိုတပ်များ တောင်ဘက်သို့ လုယက်ရန် ဆင်းလာသောအခါ သူတို့သည်လည်း ထိုရှုပ်ထွေးမှုကြား၌ လိုက်လံ လုယက်ကြသည် ။ မင်စစ်တပ်က မြောက်ဘက်သို့ စစ်ချီလာသောအခါတွင်မူ သူတို့က အလွန်ပင် ရိုသေပြကြပြီး မင်စစ်တပ်ကို အကူအညီများပင် ပေးကြသည် ။
အူလူးပြည်သူများမှာ ရန်သူလား မိတ်ဆွေလား ဆိုသည်မှာ သူတို့ကိုယ်တိုင်ပင် သေချာ မသိနိုင်ဘဲ တိကျသော အခြေအနေအပေါ်၌သာ မူတည်လေသည် ။
"အူလူးက မျိုးနွယ်စု သေးသေးလေး ဆိုပေမဲ့ သူတို့နဲ့ ကုန်သွယ်တာ ငွေအများကြီး ရမှာပဲ မဟုတ်လား "
"တကယ်တော့အများကြီး မရပါဘူး"
လုကျန်းရှင်းက ထိုခေတ်က ကုန်သည်များကဲ့သို့ပင် အလွန်ပင် နှိမ့်ချစွာ ပြောသည် ။
"ဒါက ကျွန်တော့်ရဲ့တစ်ဦးပိုင် လုပ်ငန်း မဟုတ်ပါဘူး ။လူ ခုနစ်ယောက် ပေါင်းပြီး လုပ်နေတာပါ "
လုကျန်းရှင်း ကဲ့သို့ ကုန်သည်တစ်ဦးသည် မြို့နယ်သေးသေးလေး တစ်ခုအတွင်း၌ ဒေသခံ သူဌေးကြီးတစ်ဦးဟု သတ်မှတ်နိုင်သော်လည်း သူသည် အကြီးစား နိုင်ငံတကာ ကုန်သွယ်မှု များကို လုပ်ဆောင်ရန်နှင့် ကုန်သည်အဖွဲ့ကြီးများကို ဖွဲ့စည်းရန်အတွက်မူ သူ၏ အင်အားမှာ မလုံလောက်ပေ။
ထို့ကြောင့် လကျန်းရှင်းသည် သမဂ္ဂ ပုံစံကို ပါးနပ်စွာ ရွေးချယ်ခဲ့ပြီး အခြားကုန်သည် ခြောက်ဦးနှင့် ပေါင်းကာ လုံဖုန့်အဖွဲ့ဟု အမည်ရသော စီးပွားရေး အုပ်စုတစ်ခုကို ဖွဲ့စည်းခဲ့သည်။
လူတိုင်းက ရင်းနှီးမြှုပ်နှံမှုနှင့် လူအင်အားကို စုပေါင်းကြသည် ။ လုံလောက်သော အင်အား ရှိလာသောအခါ ရှန်းရှီးကို အခြေစိုက်စခန်းအဖြစ် သုံးကာ လင်ဇီးမှိုကို လမ်းဖောက်သည့် ပစ္စည်းအဖြစ် အသုံးပြုပြီး နယ်စပ်စောင့်တပ်ကို လာဘ်ထိုးကာ စားကျက်မြေများဆီသို့ ကုန်ပစ္စည်းများ ပို့ဆောင်ကြသည် ။ ဤမှ ရရှိသော အမြတ်အစွန်းမှာ အလွန်ပင် များပြားလှသည် ။
ဖြစ်နိုင်သည်မှာယင်းလုံဖုန့်အဖွဲ့အစည်းသည်မင်မင်းဆက် အလယ်ပိုင်းနှင့် နှောင်းပိုင်းတွင် ပေါ်ပေါက်လာခဲ့သော ကျင်းကုန်သည်များ၏ ရှေ့ပြေး ဘိုးဘေးများပင် ဖြစ်နိုင်သည်။
ဝူကျိရှန်းသည် လုကျန်းရှင်း၏ စီးပွားရေး ပုံစံကို စိတ်မဝင်စားပေ ။ သူက ခပ်ဖျော့ဖျော့ ပြုံးကာ ပြောလိုက်သည် ။
"သခင်ကြီး လု .. အခုတော့ ခင်ဗျားကို အုပ်ချုပ်ရေးမှူး လု လို့ပဲ ခေါ်ရတော့မလား "
"အသေးစားလေး လုပ်နေတာပါ ဝူ မတ်မင်းရယ် ။ကျွန်တော့်ကို မနောက်ပါနဲ့ "
"ခင်ဗျား စိတ်ကြိုက် လုပ်နိုင်ပါတယ်။ ကျွန်တော် မနှောင့်ယှက်ချင်ပါဘူး။ ဒါပေမဲ့ ကျွန်တော် ဒီလင်ဇီးမှိုတွေကို ဆက်မစိုက်ချင်တော့ဘူး "
"ရပ်လို့ မရပါဘူး။ ဈေးနှုန်းကိုတော့ ညှိနှိုင်းလို့ ရပါတယ် "
"ခင်ဗျားနှင့်ကျွန်တော်ကလည်း သိကျွမ်းနေကြတာပဲ ။ခင်ဗျားရဲ့ စီးပွားရေး လမ်းကြောင်းကိုလည်း ကျွန်တော် မပိတ်ချင်ပါဘူး ။လူတစ်ယောက်ကို ငါးတစ်ကောင် ပေးတာထက် ငါးဖမ်းနည်း သင်ပေးတာက ပိုကောင်းတယ် မဟုတ်လား ။အဲ့ဒီတော့ ဒီလို လုပ်ကြတာပေါ့ "
ဝူကျိရှန်းက ပြုံးရင်း လုကျန်းရှင်းကို ကြည့်လိုက်သည် ။
"ခင်ဗျား ငွေအနည်းငယ် ပေးပါ ။ဒါကို နည်းပညာ လွှဲပြောင်းခလို့ပဲ သတ်မှတ်လိုက်ပေါ့ ။ ကျွန်တော် ခင်ဗျားကို လင်ဇီးမှို စိုက်ပျိုးနည်း သင်ပေးမယ် ။ ဘယ်လိုလဲ "
****************
`
အခန်း ၈၄ ဓာတုဗေဒ လုပ်ငန်း၏ မိခင်
လုကျန်းရှင်းသည် နည်းပညာ လွှဲပြောင်းခဟူသော စကားလုံးကို ပထမဆုံးအကြိမ် ကြားဖူးခြင်း ဖြစ်သော်လည်း၎င်း၏ဆိုလိုရင်းကိုမူ ရှင်းရှင်းလင်းလင်းနားလည်လေသည်။
အကယ်၍ သူသည် လင်ဇီးမှို စိုက်ပျိုးနည်းကိုသာ တတ်မြောက်သွားပါက ဝူကျိရှန်းအပေါ် မှီခိုနေစရာ မလိုတော့ဘဲ မိမိဘာသာ စိတ်ကြိုက် ထုတ်လုပ်နိုင်တော့မည် မဟုတ်ပါလား။
"ကောင်းတယ် ။တကယ်ကို ကောင်းတာပဲ "
လုကျန်းရှင်းက သူ၏ ပေါင်ကို အားရပါးရ ရိုက်ကာ ပြောသည်။
"ဝူအမတ်မင်း .. ငွေဘယ်လောက် နည်းပညာ လွှဲပြောင်းခ ဘယ်လောက် အလိုရှိပါသလဲ "
"ဒီအရာက စက္ကူပါးလေး တစ်ချပ်လိုပါပဲ ။တို့လိုက်ရင် ပေါက်သွားတာမျိုးဆိုတော့ပြောပလောက်တာမဟုတ်ပါဘူး ။ ကျွန်တော်လည်း အများကြီး မတောင်းချင်ပါဘူး ။အမှတ်တရအနေနဲ့ ငွေအနည်းငယ် ပေးရင်ပဲ လုံလောက်ပါပြီ"
"ငွေစ ငါးထောင် ဘယ်လိုလဲ .."
အကြီးစား စီးပွားရေးသမားတစ်ဦး ပီပီ လကျန်းရှင်းသည် ဤကဲ့သို့သော ကိစ္စရပ်များတွင် တွန့်တိုခြင်း မရှိဘဲ ဝူကျိရှန်း ငြင်းပယ်ရန် ခက်ခဲသော ဈေးနှုန်းတစ်ခုကို တိုက်ရိုက် ကမ်းလှမ်းလိုက်လေသည် ။
"ကောင်းပါပြီ "
ဝူကျိရှန်းက ဟက်ဟက်ပက်ပက် ရယ်မောကာ ပြောလိုက်သည် ။
"ချင်းချင်းက လင်ဇီးမှို စိုက်ပျိုးတာကို အမြဲတမ်း တာဝန်ယူခဲ့တာပါ ။ အခုကစပြီး သူမဆီသွားလို့ ရပါပြီ ။သူမက ခင်ဗျားကို လင်ဇီးမှို စိုက်ပျိုးခြင်းရဲ့ လျှို့ဝှက်ချက်တွေကို သင်ပေးပါလိမ့်မယ်"
ဝူကျိရှန်း စိုက်ပျိုးခဲ့သော လင်ဇီးမှိုများက လုကျန်းရှင်းကို ပထမဆုံး ရွှေအိုးကြီး တူးဖော်နိုင်ရန် ကူညီပေးခဲ့သည်ဆိုလျှင် လင်ဇီးမှို စိုက်ပျိုးနည်း နည်းပညာမှာမူ ကျောက်ခဲကို ရွှေဖြစ်စေသော လက်ချောင်းပင် ဖြစ်သည် ။ လုကျန်းရှင်းသည် ထိုအချက်ကို မည်သူထက်မဆို ပို၍နားလည်လေသည် ။
ဝူကျိရှန်း စကားပြန်မရုတ်သိမ်းမီ သူ၏ ကိုယ်ပေါ်တွင် ပါလာသမျှ ငွေစများကို အမြန်ထုတ်ကာ ဝူကျိရှန်း၏ လက်ထဲသို့ ထိုးထည့်လိုက်၏ ။
"ဒါကို စရန်ငွေအဖြစ် မှတ်ထားပေးပါ ။ ဒါဆို ကျွန်တော်တို့တွေ သဘောတူညီမှု ရပြီနော် ။ လူကြီးလူကောင်း တစ်ယောက်ရဲ့ စကားဟာ အတည်ပဲ ။ နောက်ပြန်ဆုတ်လို့ မရဘူးနော်"
နည်းပညာ လွှဲပြောင်းခတင် ငွေပြား ငါးထောင်တောင် ရတာပဲ ။ ဒါက နည်းတဲ့ ပမာဏမှ မဟုတ်တာ ။ ငါက ဘာလို့ စကားပြန်ရုတ်သိမ်းရမှာလဲ ။
"ကျွန်တော် အခုပဲ ပြန်ပြီး ငွေသွားယူလိုက်ပါဦးမယ် ။သုံးရက်အတွင်းမှာ တောက်ပြောင်နေတဲ့ ငွေစငါးထောင်ကို ဝူအမတ်မင်းရဲ့ အိမ်အရောက် သေချာပေါက် ပို့ပေးပါ့မယ်"
ထိုသို့ ပြောပြီးနောက် လုကျန်းရှင်းသည် အလောတကြီး ထွက်ခွာသွားလေသည် ။
လုကျန်းရှင်း ထွက်သွားသည်နှင့် တစ်ပြိုင်နက် ချင်းချင်းက မကျေမနပ်ဖြစ်ကာ ညည်းတွားတော့သည်။
"သခင်လေး .. တကယ်ပါပဲ .. ဘာလို့ သူ့ကို လင်ဇီးမှို စိုက်နည်း သင်ပေးလိုက်ရတာလဲ။သူသာ စိုက်တတ်သွားရင် ကျွန်မတို့ ဘယ်လိုလုပ် ငွေရှာတော့မှာလဲ "
ချင်းချင်းအတွက်မူ လင်ဇီးမှို စိုက်ပျိုးနည်းမှာ မကုန်ခမ်းနိုင်သော ရတနာသိုက်ကြီး ဖြစ်ရာ ဝူကျိရှန်းက အခြားသူကို အလွယ်တကူ ပေးလိုက်ခြင်းမှာ တကယ့်ကို ကြီးမားသော ဆုံးရှုံးမှုကြီးဟု ထင်မြင်နေခြင်း ဖြစ်သည် ။
သို့သော် ဝူကျိရှန်းကမူ ဂရုမစိုက်ပေ ။ သူသည် ချင်းချင်းကို အားရပါးရ ရယ်မောရင်း ပြောလိုက်သည် ။
"ငါက လင်ဇီးမှိုကို ဖန်တီးနိုင်ခဲ့ရင် ဒါထက် ပိုကောင်းတဲ့ အရာတွေကိုလည်း သေချာပေါက် ဖန်တီးနိုင်မှာပေါ့ ။မင်းရဲ့ သခင်ရဲ့ နည်းလမ်းတွေကို ယုံကြည်စမ်းပါ "
ထိုစကားကို ကြားသောအခါ ချင်းချင်းမှာ ချက်ချင်းပင် မျက်နှာလေး ဝင်းပသွားကာ ပျော်ရွှင်သွားတော့သည် ။
ချင်းချင်းသည် ဝူကျိရှန်းအပေါ် အမြဲတမ်း အကြွင်းမဲ့ ယုံကြည်မှု ရှိထားသူ ဖြစ်သည် ။ သူမ၏ သခင်သည် အရာရာကို လုပ်ဆောင်နိုင်စွမ်းရှိသော နတ်ဘုရားတစ်ပါးကဲ့သို့ပင် ဖြစ်သည်ဟု သူမ အမြဲ ယုံကြည်ထား၏ ။
သခင်က ဒါထက် ပိုကောင်းတဲ့ အရာတွေကို ဖန်တီးနိုင်ဦးမှာပဲ ဆိုတော့ လင်ဇီးမှိုလေး တစ်ခုအတွက် ဘာလို့ စိတ်ညစ်နေတော့မှာလဲ။
ပင်နီဆလင်ကိုအစစ်အမှန် ထုတ်လုပ်နိုင်ရန်မှာ ဝူကျိရှန်း၏ အစစ်မှန်ဆုံးသော ဆန္ဒပင် ဖြစ်သည် ။
လက်တွေ့ တန်ဖိုး သိပ်မရှိလှသော လင်ဇီးမှိုနှင့် နှိုင်းယှဉ်ပါက ပင်နီဆလင် ထုတ်လုပ်နိုင်မည့် နည်းလမ်းကို ရှာဖွေရခြင်းမှာ ပို၍ စိတ်ဝင်စားစရာ ကောင်းပေသည်။
ပဋိဇီဝဆေးဝါးများမှာ ခေတ်တစ်ခေတ်ကို ပြောင်းလဲစေနိုင်သော အရေးပါမှု ရှိသည် ။ တစ်ခါတည်း ထုတ်လုပ်နိုင်ပြီဆိုပါက ၎င်းသည် အခြားသော အရာအားလုံးကို ကျော်လွန်သွားမည် ဖြစ်သည် ။ ဤသည်မှာ ငွေမည်မျှရမည် ဆိုသည့် ကိစ္စထက် သမိုင်းကို ပြောင်းလဲပေးမည့် ကိစ္စပင် ဖြစ်၏ ။
လောလောဆယ်တွင် ဝူကျိရှန်း၏ ကြွယ်ဝမှုမှာ သောင်းနှင့်ချီ ရှိနေပြီ ဖြစ်သော်လည်း ၎င်းမှာ စာရွက်ပေါ်တွင်သာ ရှိနေသေးသော ချမ်းသာမှု ဖြစ်သည် ။
အဘယ်ကြောင့်ဆိုသော်ဆေးဘက်ဝင်ပစ္စည်းများကို နယ်စပ်စောင့်တပ်အတွက် ဝယ်ယူထားခြင်း ဖြစ်ပြီး ဝယ်ယူစရိတ်များကို ဝူကျိရှန်းက လင်ဇီးမှို စိုက်ပျိုးရာမှ ရရှိသော ငွေများဖြင့် စိုက်ထုတ်ထားခြင်း ဖြစ်ရာ အမှန်စင်စစ် နန်းတော်အတွက် ကြိုတင် အကုန်အကျ ခံထားခြင်း ဖြစ်သည် ။
လာမည့် နွေဦးရာသီတွင် နန်းတော်၏ ဘတ်ဂျက် ချပေးသောအခါမှသာ သူသည် ထိုငွေများကို အမှန်တကယ် ရရှိမည် ဖြစ်သည် ။
ကံကောင်းထောက်မစွာဖြင့် အမတ်မင်းကြီး ချန်းက အစောပိုင်းတွင် ငွေပြား လေးထောင် ပေးထားခဲ့ပြီး ဖြစ်သလို မကြာမီ လက်ဝယ်ရောက်ရှိလာတော့မည့် နည်းပညာ လွှဲပြောင်းခ နှင့် ဆိုလျှင်စုစုပေါင်း ငွေပြား ထောင်ပေါင်းများစွာရှိနေပြီ ဖြစ်သည်။
ထိုခေတ်က ကုန်ဈေးနှုန်းမှာ နိမ့်လှသည် ။ ဆန်ကြမ်း တစ်တင်းလျှင် မင်း သုံးပြားခန့်သာ ရှိရာ ၎င်းမှာ ငွေပြား နှစ်ပြားနှင့် ငါးချီ ခန့်နှင့် ညီမျှလေသည် ။ ငွေပြား ထောင်ပေါင်းများစွာ ဆိုသည်မှာ တကယ့်ကို ကြီးမားသော ကြွယ်ဝမှုကြီးဟု သတ်မှတ်နိုင်၏ ။
ဤအရင်းအနှီးဖြင့် သူသည် ပင်နီဆလင်ကို တရားဝင် စတင် သုတေသန ပြုနိုင်ပြီ ဖြစ်သည် ။
ဝူကျိရှန်းကဲ့သို့ ကျွမ်းကျင်သူတစ်ဦးအတွက် ပင်နီဆလင် ထုတ်လုပ်ခြင်းမှာ နည်းပညာပိုင်းဆိုင်ရာ ကြီးမားသော ပြဿနာ မရှိပေ ။
အကြီးမားဆုံးသော အဟန့်အတားမှာ ဆေးဝါးထုတ်လုပ်ရေး ကိရိယာများနှင့် လိုအပ်သော ကုန်ကြမ်းများ မရှိခြင်းပင် ဖြစ်သည် ။
ဆေးဝါးထုတ်လုပ်ရေး ကိရိယာ မရှိလျှင် လက်ရှိ ရှိနေသည်များကို အသုံးပြုကာ ရှေးကျသော နည်းလမ်းများဖြင့် မိမိဘာသာ ထုတ်လုပ်၍ ရသော်လည်း ဆေးစစ်ခြင်းနှင့် ထုတ်ယူခြင်းအတွက် လိုအပ်သော ဓာတ်ဆေးများကိုမူမထုတ်လုပ်နိုင်ပေ။
ဥပမာအားဖြင့် ပင်နီဆီလင် ထုတ်လုပ်ရန်အတွက် မရှိမဖြစ် လိုအပ်သော အမိုက်ဒ် အခြေခံ ဓာတုဗေဒ ပစ္စည်းများမှာ လူလုပ် ဒြပ်ပေါင်းများ ဖြစ်ကြသည်။ ၎င်းတို့မှာ ရှေးကျသော နည်းလမ်းများဖြင့် ဖန်တီး၍ ရသောအရာများ မဟုတ်ပေ။
တစ်ခုတည်းသော နည်းလမ်းမှာ ဤနည်းပညာပိုင်းဆိုင်ရာ အခက်အခဲကို ကျော်လွှားပြီး ပို၍ ရှေးကျသော ဓာတုဗေဒ ပစ္စည်းများကို အသုံးပြုရန်ပင် ဖြစ်သည် ။ ဥပမာအားဖြင့် ဆာလဖျူရစ် အက်ဆစ် ကဲ့သို့သော အရာမျိုး ဖြစ်၏။
ဆာလဖျူရစ် အက်ဆစ်ကို ပဋိဇီဝဆေး စစ်ဆေးရန်အတွက် အသုံးပြုနိုင်သော်လည်း ၎င်းသည် ဟိုက်ဒရိုဂျင် ဆာလဖိုက်၏ ရည်ပျော်ရည် ဖြစ်ပြီး သဘာဝအတိုင်း တည်ရှိနေခြင်း မရှိပေ ။ ကံကောင်းသည်မှာ မင်မင်းဆက်တွင် ဆာလဖျူရစ် အက်ဆစ်မှာ ရှိနေပြီးသား ဖြစ်သည် ။
တောင်ပိုင်း ဆောင်းမင်းဆက်နှောင်းပိုင်း ကတည်းကပင် လောကဓာတ်ဆရာများသည် ကျောက်ခဲကို ရွှေဖြစ်စေခြင်းနည်းလမ်းကိုဖန်တီးခဲ့ကြသည်။
၎င်းမှာ ဟင်းလင်းပြင်ထဲမှ ရွှေကို ထုတ်ယူခြင်း ဖြစ်ပြီး သူတို့သည် အောင်မြင်လုနီးပါးပင် ဖြစ်ခဲ့ကြသည် ။ အဘယ်ကြောင့်ဆိုသော် ထိုလောကဓာတ်ဆရာများ ထုတ်လုပ်လိုက်သည်မှာ ရွှေ မဟုတ်ဘဲ ကြေးနီ ဖြစ်နေသောကြောင့်ပင် ။
ရှေးခေတ်က တွင်းဆား လုပ်ငန်းမှာ အလွန်ပင် ဖွံ့ဖြိုးခဲ့သည် ။ တွင်းဆား ထုတ်လုပ်ရင်းနှင့်ပင် အလွန်ရှေးကျသော ဓာတုဗေဒ လုပ်ငန်းကိုပါ တွန်းအားပေး ဖြစ်ပေါ်စေခဲ့၏ ။
ဥပမာအားဖြင့် အဘိုးအိုတင်တို့ တိုဖူးလုပ်ရာတွင် သုံးသော ဆားရည်မှာ တွင်းဆား၏ ဘေးထွက်ပစ္စည်းများထဲမှ တစ်ခုဖြစ်ပြီး ထိုအထဲတွင် အလွန်အရေးကြီးသော ဓာတုဗေဒ ကုန်ကြမ်းတစ်ခု ဖြစ်သည့် ကော့ပါး ဆာလ်ဖိတ် ရည်ပျော်ရည်လည်း ပါဝင်လေသည် ။
အနည်းဆုံးတော့ ဂျင်ဂျစ်ခန် ခေတ်ကတည်းကပင် မှော်ဆရာများသည် စိတ်ဝင်စားစရာ ကောင်းသော အချက်တစ်ခုကို တွေ့ရှိခဲ့ကြသည် ။ ထိုရည်ပျော်ရည်ထဲသို့ သတ္တုအချို့ကို ထည့်ထားပါက အချိန်အတိုင်းအတာတစ်ခု ကြာသောအခါ ထိုသတ္တု၏ မျက်နှာပြင်ပေါ်တွင် ရွှေရောင် အလင်းတန်းများ ပေါ်လာတတ်သည် ။
ဤသည်မှာ အလွန်ရိုးရှင်းသော ဓာတုဗေဒ ဓာတ်ပြုမှုတစ်ခုသာ ဖြစ်သည် ။ နောင်ခေတ်မှ အလယ်တန်းကျောင်းသားလေးများပင် သိသော အခြေခံ ဓာတုဗေဒ သဘောတရား ဖြစ်သော်လည်း ထိုခေတ်က လောကဓာတ်ဆရာများကမူ ၎င်းကို ကျောက်ခဲကို ရွှေဖြစ်စေခြင်း၏ လျှို့ဝှက်ချက်ကို ရှာဖွေတွေ့ရှိလိုက်ပြီဟု ထင်မှတ်ခဲ့ကြသည် ။ အမှန်စင်စစ် ၎င်းမှာ ရွှေ မဟုတ်ဘဲ အစားထိုးခံလိုက်ရသော ကြေးနီသာ ဖြစ်သည် ။
ယင်းမှာ အလွန်ရှေးကျသော ကြေးနီထုတ်ယူခြင်းလုပ်ငန်းစဉ်ပင် ဖြစ်၏ ။
ဤခေတ်၏ ဆာလဖျူရစ် အက်ဆစ်မှာမူ ပါဝင်မှုမှာ အလွန်ပင် နည်းပါးလှပြီး အညစ်အကြေးများလည်း ပါဝင်နေသည် ။ ထိုဓာတ်ပစ္စည်းကို သတ္တုမျက်နှာပြင်မှ သံချေးများ ဖယ်ရှားရန်အတွက် အသုံးပြုနိုင်သောကြောင့် လူတို့က ၎င်းကို သံချေးချွတ်ဆီ ခေါ်ဆိုကြလေသည် ။
ဝူကျိရှန်းသည် ကျောက်ခဲကို ရွှေဖြစ်စေခြင်းကို စိတ်မဝင်စားသော်လည်းထိုလုပ်ငန်းစဉ်မှ ထွက်ပေါ်လာသော ဆာလဖျူရစ် အက်ဆစ်ကိုမူ အလွန်ပင် စိတ်ဝင်စားသည် ။ ထို့ကြောင့် သူသည် ပိဿာ ရာနှင့်ချီ၍ ချက်ချင်းပင် ဝယ်ယူလိုက်၏ ။
ဆာလဖျူရစ် အက်ဆစ်ကို ဓာတုဗေဒ လုပ်ငန်း၏ မိခင်ဟု ခေါ်ဆိုကြပြီး ၎င်းမှာ ဓာတုဗေဒ ဓာတ်ပြုမှု အများအပြားအတွက် အခြေခံ ကုန်ကြမ်းတစ်ခု ဖြစ်သည် ။
သူသည် မူလကထိုပစ္စည်း ရှိလျှင် ပြဿနာ အများအပြားကို အလွယ်တကူ ဖြေရှင်းနိုင်လိမ့်မည်ဟု ထင်ထားခဲ့သော်လည်း လက်တွေ့တွင်မူ ဝူကျိရှန်း ထင်ထားသလောက် မရိုးရှင်းခဲ့ပေ ။
ဆာလဖျူရစ် အက်ဆစ် ဝယ်ရခြင်း၏ ရည်ရွယ်ချက်မှာ ပင်နီဆလင်၏ ပါဝင်မှုကို စစ်ဆေးရန်နှင့် ထိုမှတစ်ဆင့် ပင်နီဆလင်၏ ပမာဏကို တွက်ချက်ရန် ဖြစ်သည် ။
သို့သော် ဤခေတ်တွင် စမ်းသပ်စစ်ဆေးသည့် စက္ကူများ မရှိသလို ဆာလဖျူရစ် အက်ဆစ်၏ ပြင်းအားကိုပင် တိတိကျကျ မသိနိုင်ပေ ။ အကယ်၍ ဆိုဒီယမ် အညစ်အကြေးများ ပါဝင်နေပါက ထိုစမ်းသပ်မှုမှာ အဓိပ္ပာယ်ရှိတော့မည် မဟုတ်ပေ ။
ကန့်သတ်ချက်များလွန်းလှသဖြင့် ပင်နီဆလင် ထုတ်လုပ်ရေးမှာ သီအိုရီ အဆင့်မှာသာ ရှိနေသေးပြီး ကျော်လွှားရမည့် နည်းပညာပိုင်းဆိုင်ရာ အခက်အခဲများစွာ ရှိနေသေးသည် ။ သူသည် ဖြေရှင်းနည်းများကို ဖြည်းဖြည်းချင်းသာ ရှာဖွေရမည် ဖြစ်သည် ။
အိမ်ထဲ၌ ပြင်းအားနှင့် ပါဝင်မှု မသေချာသော ဆာလဖျူရစ် အက်ဆစ် ရည်ပျော်ရည် ပိဿာ ရာနှင့်ချီ ရှိနေခြင်းမှာ တကယ်ပင် စိတ်မအေးစရာ ကောင်းလှသည် ။
ထို့ကြောင့် ဝူကျိရှန်းသည် ချင်းချင်းနှင့် သခင်မလေးရွန့် တို့ကိုထိုအရာမှာ အလွန်အန္တရာယ်ကြီးကြောင်း ထပ်ခါတလဲလဲ မှာကြားထားပြီး ၎င်းကို လုံးဝ ထိတွေ့ခွင့် မပြုပေ ။
မတော်တဆမှုများ မဖြစ်ပွားစေရန်အတွက် ဝူကျိရှန်းသည် လည်ပင်းကျဉ်းသော မြေအိုး အကြီးအသေး အများအပြားကို ပြင်ဆင်ကာ ဆာလဖျူရစ် အက်ဆစ် ရည်ပျော်ရည်များကို ထည့်၍ လုံအောင် ပိတ်ထားသည် ။ ထို့နောက် ၎င်းတို့ကို ထင်းတဲထဲတွင် ထားရှိပြီး နောက်ပိုင်းတွင် ကောင်းမွန်သော နည်းလမ်းတစ်ခု ရလာမှသာ အသုံးပြုရန် စီစဉ်ထားလေသည် ။
************