အခန်း (၈၅-၈၆)
Vol. 8 Ch. 85-86
`
အခန်း ၈၅ ဒါကို စားလို့မရဘူး
ညဉ့်အတော်ပင် နက်နေပြီ ဖြစ်သည် ။ တိမ်တိုက်များက လမင်းကို ဖုံးကွယ်ထားပြီး ပတ်ဝန်းကျင် တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်နေ၏ ။
ဆောင်းဦးလေပြေများက သစ်ကိုင်းများကို တိုက်ခတ်သဖြင့် ရှဲရှဲမြည်သံများ ထွက်ပေါ်နေပြီး အရိပ်မည်းတစ်ခုမှာ နံရံခြေရင်း၌ ကပ်ပါနေသည် ။ ၎င်းမှာ ညဉ့်အမှောင်ထုနှင့် ရောနှောနေသော တစ္ဆေတစ်ကောင်နှင့်ပင် တူလှသည်။
ထိုသူမှာ ကျောက်ပင်တိန့် ဖြစ်သည် ။
သူ၏ အထက်လူကြီးက ဝူကျိရှန်းအား နိမိတ်ကောင်း ပစ္စည်းကိစ္စ၌ ပတ်သက်နေသည်ဟု သံသယရှိနေသဖြင့် သူသည်သေချာပေါက် စုံစမ်းစစ်ဆေးရမည် ဖြစ်သည်။
ကျင်းယီဝေတစ်ဦး ပီပီ ကျောက်ပင်တိန့်သည် သတ္တိရှိပြီး အသေးစိတ်ကျရုံသာမက ကျူးကျော်ဝင်ရောက်ခြင်းနှင့် ကင်းထောက်ခြင်း အတတ်ပညာများတွင်လည်း ကျွမ်းကျင်သူ ဖြစ်သည် ။
လွန်ခဲ့သော နှစ်များက သူသည် လုံခြုံရေး တင်းကျပ်လှသော ရန်သူ့စခန်းများထဲသို့ အကြိမ်ကြိမ် ခိုးဝင်ခဲ့ဖူးရာ ဝူကျိရှန်း၏ အိမ်ထဲသို့ တိတ်တဆိတ် ဝင်ရောက်ခြင်းမှာ သူ့အတွက် ကလေးကစားစရာမျှသာ ဖြစ်၏ ။
သူသည် ခုနစ်ပေမြင့်သော တံတိုင်းကို အလွယ်တကူ ကျော်တက်လိုက်သည် ။ ဝင်းထဲတွင် လူမရှိကြောင်း အတည်ပြုပြီးနောက် တံတိုင်းအစွန်းကို လက်နှစ်ဖက်ဖြင့် ဆွဲကာ မြွေတစ်ကောင်ကဲ့သို့ ဖြည်းညှင်းစွာ လျှောဆင်းလိုက်ရာ ခြေသံပင် မထွက်ဘဲ မြေပြင်ပေါ်သို့ ရောက်ရှိသွားလေသည် ။
ဝါရင့် သူလျှိုတစ်ဦးအနေဖြင့် ကျောက်ပင်တိန့်လုပ်ဆောင်နေသည်မှာ အမှန်စင်စစ်သူခိုးတစ်ယောက်နှင့်မခြားပေ ။
သူသည် ခြေလှမ်းများကို မြှင့်ကာ အသာအယာ နင်းလျက် အိမ်မကြီး၏ ပြတင်းပေါက်နားသို့ တိုးကပ်သွား၏ ။ ပြတင်းပေါက်တိုင်တွင် နားကပ်၍ ဂရုတစိုက် နားစွင့်ကြည့်ရာ ဝူကျိရှန်းနှင့် သူ၏ ဇနီးသည်တို့ အိပ်ပျော်နေကြောင်း အတည်ပြုပြီးနောက် ဘေးခန်းသို့ သွားလေသည် ။
ကျောက်ပင်တိန့်သည် ဝူကျိရှန်း၏ မိသားစု အခြေအနေကို ကောင်းစွာ သိထားပြီး ထိုဘေးခန်းတွင် အစေခံမလေးတစ်ဦး နေထိုင်ကြောင်း သိသည် ။
ဘေးခန်းမှ ထွက်ပေါ်လာသော အသက်ရှူသံမှာ နှေးကွေးပြီး မှန်မှန်ရှိနေရာ ချင်းချင်းမှာ နှစ်ခြိုက်စွာ အိပ်ပျော်နေကြောင်း သိသာသည် ။
အားလုံး အိပ်ပျော်နေကြပြီ ဖြစ်သည် ။
သူသည် ရှေ့ဝင်းကို ယုံကြည်မှုရှိရှိ စုံစမ်းစစ်ဆေးပြီးနောက် တန်ဖိုးရှိသော အရာ တစ်စုံတစ်ရာ မရှိကြောင်း ကောက်ချက်ချကာ နောက်ဖေးဝင်းသို့ သွားလိုက်သည် ။
နောက်ဖေးဝင်းထဲတွင် အထွေထွေ ပစ္စည်းများ စုပုံထားပြီး မထင်မရှား ထင်းတဲလေးတစ်ခုလည်း ရှိနေ၏ ။
သူ၏ ကြွယ်ဝလှသော အတွေ့အကြုံများအရ ကျောက်ပင်တိန့်သည် ထူးဆန်းမှုတစ်ခုကို ချက်ချင်း အာရုံခံမိလိုက်သည် ။ ပုံမှန်အားဖြင့် လူတို့သည် အထွေထွေ ပစ္စည်းများကို ထင်းတဲထဲတွင် ထည့်ထားတတ်ကြသော်လည်း ဝူကျိရှန်းမှာမူ အိမ်သုံးပစ္စည်းများကို နောက်ဖေးဝင်းထဲတွင်သာ စုပုံထား၏ ။ ထိုသို့ဆိုလျှင် ထင်းတဲကို ဘာအတွက် သုံးသနည်း။
တစ်ခုခု မှားနေသည်မှာသိသာလှသည်။သူသည် ထင်းတဲဆီသို့ ခြေဖျားထောက်ကာ တိုးကပ်သွားလေသည် ။ထင်းတဲကို သော့ခတ်ထား၏ ။
သာမန်လူများမှာမူ ထင်းနှင့် အထွေထွေ ပစ္စည်းများကိုသာ ထင်းတဲထဲ ထည့်ထားတတ်သဖြင့် တန်ဖိုးမရှိရာ သော့ခတ်ထားလေ့ မရှိကြပေ ။
သို့သော် ဝူကျိရှန်း၏ ထင်းတဲမှာမူ သော့ခတ်ထားသဖြင့် အတွင်း၌ မသင်္ကာစရာ တစ်ခုခု ရှိနေကြောင်း ပို၍ ထင်ရှားစေသည် ။
သာမန် ကြေးသော့လေး တစ်ခုမှာ ကျောက်ပင်တိန့်အတွက် ပြဿနာ မဟုတ်ပေ ။
သူသည် သံကြိုးသေးသေးလေး တစ်ချောင်းကို ထုတ်ကာ သော့အိမ်ထဲသို့ ထိုးထည့်လိုက်ရာ အကြိမ်အနည်းငယ်အတွင်းမှာပင် ကြေးသော့ ပွင့်သွားလေသည် ။
သူ အတွင်းသို့ ဝင်ရန် ပြင်လိုက်စဉ်မှာပင် အဝေးမှ ခြေသံအချို့ တိုးကပ်လာသည်ကို ရုတ်တရက် ကြားလိုက်ရ၏ ။
လူလာနေပြီ ဖြစ်သည် ။
ကျောက်ပင်တိန့်သည် ဝါရင့်သူ ဖြစ်ရာ ဤကဲ့သို့သော အခြေအနေမျိုးတွင် ထင်းတဲထဲ၌ ပုန်းကွယ်ခြင်းမှာ မိမိ၏ ထွက်ပေါက်ကို ပိတ်လိုက်ခြင်းနှင့် တူကြောင်း သိသည် ။ အကယ်၍ အမိခံရပါက အိုးထဲက ဆန် ကျည်ပွေ့နှင့် ထုသကဲ့သို့ ဖြစ်သွားမည် ဖြစ်၏ ။
သူသည် ထောင့်ချိုးတစ်ခု၏ အမှောင်ရိပ်ထဲသို့ ပါးနပ်စွာ ဆုတ်ခွာလိုက်ပြီး ပုတ်သင်ညိုတစ်ကောင်ကဲ့သို့ သူ၏ ခန္ဓာကိုယ်ကို နံရံနှင့် ကပ်ထားလိုက်သည်။
နံရံ၏ ကြမ်းတမ်းသော မျက်နှာပြင်ကိုပင် သူ သေချာ ခံစားနေရ၏ ။ သူသည် အသက်ကို အောင့်ထားပြီး တင်းမာနေသော ခန္ဓာကိုယ်ကို တတ်နိုင်သမျှ လျှော့ချကာ အသံမထွက်အောင် နေလိုက်လေသည် ။
မီးအိမ်လေးကို ကိုင်ထားသော လူရိပ်လေးတစ်ခု လျှောက်လာသည် ။၎င်းမှာ ချင်းချင်းပင် ဖြစ်၏ ။
ချင်းချင်းသည် ဆီးသွားချင်သဖြင့် နိုးလာခြင်း ဖြစ်သည် ။ထိုအချိန်တွင် ချင်းချင်းမှာ အိပ်တစ်ဝက်နိုးတစ်ဝက်ဖြစ် နေရာ မီးအိမ်ကို ကိုင်လျက် အိမ်သာဆီသို့ ယိုင်တိုင်တိုင် လျှောက်သွားနေသည် ။
ခဏအကြာတွင် ချင်းချင်းသည် ကိစ္စပြီးစီး၍ မျက်လုံးများ ပိတ်လျက် သန်းဝေကာ ဘေးခန်းသို့ ပြန်သွား၏ ။ သူမနှင့် ခြောက်ပေပင် မကွာသော အမှောင်ရိပ်ထဲတွင် မဖိတ်ခေါ်ဘဲ ရောက်လာသော ဧည့်သည်တစ်ဦး ရှိနေသည်ကို သူမ လုံးဝ မသိလိုက်ပေ ။
တင်းကြပ်စွာ ခတ်ထားသော ထင်းတဲတံခါးမှာ ပွင့်နေသည်ကိုပင် သူမ သတိမထားမိဘဲ အိပ်ရာထဲသို့ ပြန်ဝင်သွားလေသည် ။
ချင်းချင်း ထွက်သွားပြီးနောက် ခဏအကြာတွင် ကျောက်ပင်တိန့်သည် အမှောင်ရိပ်ထဲမှ ထွက်လာကာ ထင်းတဲထဲသို့ ဝင်လိုက်သည် ။
ထင်းတဲထဲသို့ ရောက်သည်နှင့် ထူးဆန်းသော အနံ့တစ်ခုကို သူ ချက်ချင်း ရလိုက်၏ ။ ပြင်းထန်သော ဆေးနံ့များမှာ စိုထိုင်းဆ ရှိနေသော လေထုထဲတွင် ပျံ့နှံ့နေပြီး သူ မသိနိုင်သော အခြား အနံ့တစ်ခုနှင့်လည်း ရောနှောနေသည်။
အတွင်းကို သေချာ မြင်နိုင်ရန်အတွက် သူသည် မီးစတစ်စကို ဂရုတစိုက် ထွန်းလိုက်သည်။
ထင်းတဲထဲတွင် ထူးဆန်းသော ပုံစံရှိသည့် မြေအိုး အကြီးအသေး အများအပြား ရှိနေပြီး ဘာအတွက် သုံးသည်ကို သူ မသိပေ ။
သူသည် မြေအိုးတစ်လုံးကို အသာအယာ ထိကြည့်လိုက်ရာ အတွင်း၌ အရည်တစ်မျိုး ရှိနေကြောင်း သိလိုက်သည် ။ ရေတော့ သေချာပေါက် မဟုတ်ပေ ။
တံခါးအပြင်ဘက်မှာပင် ရေတွင်း ရှိနေပါလျက်နှင့် ရေကို သီးသန့် သိုလှောင်ထားစရာ မလိုပေ။အိုးထဲမှာ ဘာတွေ ရှိနေတာလဲ။
ကျောက်ပင်တိန့်သည် အိုးအဖုံးကို ဖွင့်ရန် ပြင်လိုက်စဉ် သူ၏ ခြေရင်း၌ အရာဝတ္ထုလေးတစ်ခုကို ရုတ်တရက် တွေ့လိုက်ရသည် ။ ၎င်းမှာ ခရမ်းရောင် လင်ဇီးမှို တစ်ခုပင် ဖြစ်၏ ။
ထိုလင်ဇီးမှိုမှာ ခြောက်နေပြီဖြစ်သည်။
လွန်ခဲ့သော ရက်အနည်းငယ်က လင်ဇီးမှို နောက်ဆုံးအသုတ်ကို ဆွတ်ခူးပြီးနောက် အားလုံးကို လုကျန်းရှင်းထံ ပေးလိုက်သည် ။ လင်ဇီးမှိုများ များလွန်းသဖြင့် အချို့မှာ မြေပေါ်သို့ ပြန့်ကျဲကျန်ရစ်ခဲ့ရာ ချင်းချင်းရော ဝူကျိရှန်းပါ ဂရုမစိုက်မိကြသော်လည်း ကျောက်ပင်တိန့်ကမူ တွေ့ရှိသွားခြင်း ဖြစ်သည် ။
ပုံမကျသော လင်ဇီးမှို ဖြစ်နေပါစေဦး။၎င်းမှာ လင်ဇီးမှိုပင် ဖြစ်သည် ။ အနည်းဆုံးတော့ တန်ဖိုးရှိသော ဆေးဘက်ဝင် အပင်တစ်မျိုး ဖြစ်ပါလျက် ဘာကြောင့် ဤသို့ ပေါ့ပေါ့ဆဆ လွှင့်ပစ်ထားရသနည်း ။
ဤအခြောက်ခံထားသော လင်ဇီးမှိုကို ကိုင်ထားရင်း ကျောက်ပင်တိန့် ချက်ချင်း နားလည်သွား၏ ။ ထို ခေါင်းကိုးလုံးပါ ခရမ်းရောင် လင်ဇီးမှို ဆိုသည်မှာ ဝူကျိရှန်းနှင့် တကယ်ပင် ပတ်သက်နေသည်။
ရုံးတော်က ဝူကျိရှန်းကို ငွေပြား လေးထောင်သာ ပေးခဲ့သော်လည်း သူက ဆေးပစ္စည်း ပိဿာပေါင်း သောင်းနှင့်ချီ ဝယ်ယူနိုင်ခဲ့သည် ။ လူတိုင်းက သူသည် စွမ်းဆောင်ရည် ရှိသည်ဟု ပြောကြပြီး ဝူကျိရှန်း ကိုယ်တိုင်ကလည်း ဆေးများကို အကြွေးဝယ်ထားခြင်း ဖြစ်သည်ဟု ပြောခဲ့သည် ။
ယခုကြည့်ရသည်မှာ ထိုသို့ မဟုတ်သည်မှာ သေချာလှသည် ။
လင်ဇီးမှိုသည် နန်းတော်က သေချာ စုံစမ်းနေသော နိမိတ်ကောင်း ကိစ္စနှင့် ပတ်သက်နေရုံသာမက ဆေးပစ္စည်းများ ဝယ်ယူခြင်းနှင့်လည်း ပတ်သက်နေ၏ ။
သူသည် ထိုလင်ဇီးမှိုကို အရေးကြီးသော သက်သေအဖြစ် သူ၏ ရင်ဘတ်ထဲသို့ ဂရုတစိုက် ထည့်လိုက်ပြီးနောက် မြေအိုးများဆီသို့ အာရုံပြန်လှည့်လိုက်သည် ။
အိုးများမှာ တကယ်ပင် ထူးဆန်းလွန်းသည် ။ သေသေချာချာ စီထားပြီး လုံအောင်လည်း ပိတ်ထားသည် ။ အထဲမှာ ဘာတွေ ရှိနေတာလဲ ။
သိလိုစိတ်ကြောင့် ကျောက်ပင်တိန့်သည် အိုးတစ်လုံး၏ အင်္ဂတေပိတ်ကို ခွာကာ အဖုံးကို ဖွင့်လိုက်ပြီး လက်ကို အတွင်းသို့ ထည့်ကာ စမ်းသပ်ကြည့်သည် ။
ထိလိုက်သောအခါ ရေကဲ့သို့ အေးစက်နေပြီး မွှေလိုက်သောအခါ ဗွက်ဗွက်မြည်သံ ထွက်ပေါ်လာသည် ။
သူ၏ အာရုံအရ အိုးထဲမှ အရည်မှာ သာမန်ရေ မဟုတ်နိုင်ကြောင်း သိသည် ။ မည်သူမျှ ရေကို ဤမျှ တင်းကြပ်စွာ ပိတ်ထားမည် မဟုတ်ပေ ။
မသိနားမလည်သော အရည်တစ်ခုနှင့် တွေ့သောအခါ လူအများစုမှာ အကျင့်ပါနေသော အပြုအမူတစ်ခုအနေဖြင့် မြည်းစမ်းကြည့်တတ်ကြသည် ။
ကျောက်ပင်တိန်သည်လည်း ထိုသို့ပင် လုပ်ဆောင်လိုက်၏ ။
သူသည် ထူးဆန်းသော အရည်များ ပေကျံနေသော သူ၏ လက်ချောင်းကို လျှာဖြင့် ရက်လိုက်ပြီး အရသာကို သိရန် နှုတ်ခမ်းကိုပင် သပ်လိုက်သေးသည် ။
သူ၏လုပ်ရပ်မှာ တကယ်ပင် အသက်အန္တရာယ် ရှိလှသည် ။
ပါးစပ်အတွင်းပိုင်း အရေပြားမှာ မူလကပင် နုနယ်လှပြီး အထူးသဖြင့် အာရုံကြောများစွာ ရှိသော လျှာမှာ ပို၍ပင် ထိခိုက်လွယ်သည် ။
ချက်ချင်းဆိုသလိုပင် ကျောက်ပင်တိန့်သည် သူ၏ လျှာကို ကင်းမြီးကောက် အဆိပ်ဖြင့် အထိုးခံလိုက်ရသကဲ့သို့ ပြင်းထန်သော စူးရှနာကျင်မှုကို ခံစားလိုက်ရသည် ။ ခဏအတွင်းမှာပင် ထိုခံရခက်သော နာကျင်မှုမှာ ပူလောင်စပ်ဖျင်းသော ဝေဒနာသို့ ပြောင်းလဲသွားလေသည် ။
၎င်းမှာ ပွက်ပွက်ဆူနေသော ရေနွေးတစ်ငုံကို သောက်လိုက်ရသကဲ့သို့ပင် ။ မဟုတ်သေး ကျိုထားသော သံရည်ပူများကဲ့သို့ပင် ဖြစ်သည် ။ သူ၏ ပါးစပ်တစ်ခုလုံး မီးဟုန်းဟုန်း တောက်နေသကဲ့သို့ ခံစားနေရ၏ ။
သူသည် သူ၏ လည်ချောင်းကို အတင်း ကုတ်ခြစ်နေသော်လည်း အချည်းနှီးပင် ဖြစ်သည် ။သူသည် နာကျင်လွန်းသဖြင့် ခါးကို ကိုင်းကာပျို့အန်ရန်သာကြိုးစားနေရတော့သည် ။
ခဏအကြာတွင် ထိုအရည်များ ပေကျံခဲ့သော လက်မှာလည်း ထပ်တူ ခံစားလာရသည် ။ မီးလျှံများ လောင်မြိုက်နေသကဲ့သို့ နာကျင်မှုမှာ အရိုးထဲထိ စိမ့်ဝင်သွား၏ ။
အိုးထဲမှ အရည်မှာ ဆာလဖျူရစ် အက်ဆစ် ဖြစ်ကြောင်း သူ လုံးဝ မသိပေ ။ သိနေလျှင်ပင် အထောက်အကူ ဖြစ်မည် မဟုတ်ပါ ။ အဘယ်ကြောင့်ဆိုသော် ဤခေတ်ရှိ လူအများစုမှာ ဆာလဖျူရစ် အက်ဆစ်နှင့် ပတ်သက်၍ အခြေခံ ဗဟုသုတပင် မရှိကြသောကြောင့် ဖြစ်သည် ။
လက်နှင့် လျှာတွင် ခံစားနေရသော ပြင်းထန်သော နာကျင်မှုကြောင့် သူ ချက်ချင်း တွေးမိလိုက်သည်မှာ ၎င်းသည် အဆိပ်ပင် ဖြစ်သည် ။
ဤအရည်မှာ အဆိပ်ဖြစ်ပြီး အလွန်ပင် ပြင်းထန်သော အဆိပ် သို့မဟုတ် အဆိပ်ရှိသော သတ္တုရည် တစ်မျိုးမျိုး ဖြစ်ရမည် ။
သွေးမြင်လျှင် သေသည်၊ အပေါက် ခုနစ်ပေါက်မှ သွေးထွက်သည် အစရှိသော ကြောက်မက်ဖွယ်ရာ အဆိပ်မိပုံရိပ်များမှာ သူ၏ စိတ်ထဲတွင် ချက်ချင်း ပေါ်လာတော့သည် ။
ပြင်းထန်လှသော နာကျင်မှုအောက်တွင် ကျောက်ပင်တိန့်မှာ ဆက်လက် မတောင့်ခံနိုင်တော့ပေ ။ သူသည် ဒဏ်ရာရထားသော သားရဲတစ်ကောင်ကဲ့သို့ အော်ဟစ်ကာ အရာရာကို ဂရုမစိုက်နိုင်တော့ဘဲ ပျာယာခတ်ကာ ထွက်ပြေးသွားလေတော့သည်။
***********
`
အခန်း ၈၆ ဆုံးရှုံးမှုမရှိ
ညသည်အလွန်နက်ရှိုင်းနေပြီဖြစ်၏။ သခင်မလေးရွန့်သည် ဝူကျိရှန်း၏ ဘေးနားတွင် မျက်လုံးမှိတ်ကာ လှဲလျောင်းနေသော်လည်း အိပ်မပျော်နိုင်ဘဲ ရှိနေလေသည်။
သားသမီးရတနာ ထွန်းကားခြင်းသည် ရှေးခေတ်ကာလတွင် အိမ်ထောင်ပြုခြင်း၏ ရည်ရွယ်ချက်တစ်ခု ဖြစ်၏။
သူမ အိမ်ထောင်ကျသည်မှာ လအနည်းငယ် ကြာမြင့်ခဲ့ပြီ ဖြစ်သော်လည်း ကိုယ်ဝန်ရရှိမည့် အရိပ်အယောင်မျှမရှိသေးသဖြင့် စိုးရိမ်စိတ်များ စတင်ဝင်ရောက်လာလေသည်။
မိဘများထံမှ နောက်ဆုံးလာသော စာထဲတွင်လည်းထိုအကြောင်းအရာကို သွယ်ဝိုက်၍ ရေးသားထား၏။ သူမအနေဖြင့် မြေးချီချင်သော မိဘများ၏ ဆန္ဒကို ဖြည့်ဆည်းပေးနိုင်ရန် ၎င်းတို့က မျှော်လင့်နေကြလေသည်။
သို့သော်သခင်မလေးရွန့်၏ ဗိုက်သည် မည်သို့မျှ အရာမထင်ဘဲ ပြားချပ်မြဲ ပြားချပ်နေဆဲပင်။ ဤသည်ကို သူမ မည်သို့ စိတ်မပူဘဲ နေနိုင်ပါမည်နည်း။
"သခင်လေး"
သူမသည် ဝူကျိရှန်းကို လက်ဖြင့် အသာအယာ တို့လိုက်ကာ တိုးတိုးလေး ပြောလိုက်၏။
"ကျွန်မတို့ လက်ထပ်တာ တော်တော်ကြာပြီ၊ ဘာလို့ ကိုယ်ဝန်သတင်း မကြားရသေးတာလဲဟင်၊ ကျွန်မရဲ့ ခန္ဓာကိုယ်မှာ တစ်ခုခု ချို့ယွင်းနေလို့လား"
ဇနီးသည်၏ နှိုးခြင်းကြောင့် နိုးလာသော ဝူကျိရှန်းက ရယ်မောရင်း ပြောလိုက်လေသည်။
"ငါတို့ လက်ထပ်တာ ဘယ်လောက်ရှိသေးလို့လဲ၊ ကိုယ်ဝန်ရဖို့ဆိုတာ အဲဒီလောက် မမြန်ပါဘူး၊ ရှင်မခန္ဓာကိုယ်မှာ ဘာမှမဖြစ်ဘူးဆိုတာ ငါအာမခံတယ်၊ စိတ်မပူနဲ့ဦး"
"ဒါဆို ဘာလို့ ဘာမှမထူးခြားရတာလဲ"
သခင်မလေးရွန့်သည် ဝေခွဲမရ ဖြစ်နေ၏။
"ကျွန်မ နတ်သမီးမယ်တော်ကျောင်းကိုလည်း ခဏခဏသွားပြီး အလှူငွေတွေ အများကြီး လှူခဲ့တာပဲ၊ အခုဆိုရင် ကိုယ်ဝန်ရှိသင့်နေပြီကို ဘာလို့ အရိပ်အယောင်တောင် မရှိရတာလဲ၊ ဘာကြောင့်များလဲဟင်"
သားသမီးရရန်အတွက် နတ်ဘုရားကျောင်းတွင် အမွှေးတိုင်ထွန်းရုံဖြင့်မထူးခြားနိုင်ပေ။လင်မယားနှစ်ဦး လက်တွဲညီညီဖြင့် အိမ်ထောင်ရေးသုခကို ပိုမိုခံစားမှသာရနိုင်လေသည်။
ထိုအချက်သည် သခင်မလေးရွန့်တွင် အလိုအပ်ဆုံးအရာ ဖြစ်၏။
သူမသည် ပညာတတ်မိသားစုမှ ဆင်းသက်လာသော မိန်းကလေးတစ်ဦး ဖြစ်သဖြင့် ထိုသို့သော ကိစ္စရပ်များကို ပြောဆိုရန် အလွန်ရှက်ရွံ့တတ်သူ ဖြစ်လေသည်။
ထို့အပြင် သူမတွင် နားမလည်နိုင်သော တားမြစ်ချက်များလည်း ရှိနေ၏။
ဥပမာအားဖြင့် လဆန်း ၁ ရက်နှင့် ၁၅ ရက်များတွင် လင်မယားအတူမနေရခြင်းနှင့် အဖိတ်နေ့ ဥပုသ်နေ့များတွင် လုံးဝရှောင်ကြဉ်ခြင်းတို့ ဖြစ်လေသည်။
"ဇနီးလေးရယ်၊ ကလေးရဖို့အကြောင်း ပြောနေရုံနဲ့ ဘာထူးမှာလဲ"
ဝူကျိရှန်းက ရယ်မောရင်း သူမ၏ ဖြူဖွေးသော ခန္ဓာကိုယ်လေးကို အသာအယာ ပွတ်သပ်လိုက်၏။
"တကယ့် လက်တွေ့ လုပ်ဆောင်ချက်တွေလည်း လိုတာပေါ့"
လက်ထပ်ခါစလင်မယားများသည် ပုံမှန်အားဖြင့် မီးနှင့် လောင်စာကဲ့သို့ မခွဲနိုင်မခွာနိုင် ရှိတတ်ကြသော်လည်း သခင်မလေးရွန့်မှာ ရှက်တတ်လွန်းလှ၏။ လင်မယားဖြစ်ပြီးသည့်တိုင်အောင် သူမဘက်မှ မည်သည့်အခါမျှ စတင်လေ့မရှိပေ။
ဝူကျိရှန်း၏ နူးညံ့သော အထိအတွေ့ကြောင့် သူမ၏ စိတ်ရိုင်းများ နိုးထလာလေသည်။ သူမသည် ရှက်သွေးဖြာကာ ပါးလေးရဲတက်လာပြီး ဝူကျိရှန်း၏ နားရွက်ကို အသာကိုက်ကာ တိုးတိုးလေး ပြောလိုက်၏။
"ဒါဆိုရင်လည်း မြန်မြန် လေ့ကျင့်ခန်း လုပ်ကြရအောင်လေ"
ဝူကျိရှန်းသည် ရယ်မောကာ ဇနီးသည်၏ ကိုယ်ပေါ်သို့ တက်လိုက်လေသည်။ သခင်မလေးရွန့်သည်လည်း အဆင်သင့် ဖြစ်နေ၏။
၎င်းတို့နှစ်ဦး ခန္တာကိုယ်ပေါင်းစည်းရန် ပြင်ဆင်နေစဉ်မှာပင် ရုတ်တရက် စူးရှသော အော်ဟစ်သံကြီး တစ်ခုကို ကြားလိုက်ရလေသည်။
ထိုအော်သံသည် တိတ်ဆိတ်သော ညဥ့်ဦးယံတွင်ကျယ်လောင်စွာထိုးဖောက်ထွက်ပေါ်လာလေသည်။
သူ၏ ပထမဆုံး အတွေးမှာ အိမ်ထဲသို့ သူခိုးဝင်နေပြီဟူ၍ ဖြစ်သည်။
သူသည် အိပ်ရာပေါ်မှ အလွန်လျင်မြန်စွာ ခုန်ထွက်လိုက်၏။ အဝတ်အစားပင် သေသပ်စွာပြင်မဝတ်နိုင်ဘဲ အိပ်ရာခင်းတစ်ခုကိုသာ ကိုယ်တွင် ပတ်လိုက်ပြီး ပြောလိုက်လေသည်။
"အိမ်ထဲကို သူခိုးဝင်နေပြီ၊ ရှင်မအခန်းထဲမှာပဲ ပုန်းနေပါ၊ ဘာပဲဖြစ်ဖြစ် အပြင်မထွက်လာနဲ့"
ထိုသို့ပြောပြီးနောက် ဝူကျိရှန်းသည် တံခါးမင်းတုတ်ကို ဆွဲယူကာ အပြင်သို့ ပြေးထွက်သွားလေသည်။
အကယ်၍ သူခိုးဝင်သည်ဆိုလျှင် အဖိုးတန်ပစ္စည်းများ ဆုံးရှုံးရသည်မှာ ကိစ္စမရှိသော်လည်း ဝူကျိရှန်းသည် ချင်းချင်းအတွက် အလွန်စိုးရိမ်နေမိ၏။
သူသည် တံခါးမင်းတုတ်ကို ကိုင်ကာ ဘေးခန်းတံခါးဆီသို့ တန်းတန်းမတ်မတ် ပြေးသွားလေသည်။ သူ တံခါးခေါက်ရန် ပြင်လိုက်စဉ်မှာပင် ချင်းချင်းသည် အပြင်သို့ ပြေးထွက်လာပြီးသား ဖြစ်နေ၏။
အခန်းထဲတွင် တုန်ရင်ကာ ပုန်းနေသော သခင်မလေးရွန့်နှင့် မတူဘဲ ချင်းချင်း၏ တုံ့ပြန်မှုမှာ ဝူကျိရှန်းနှင့် ထပ်တူပင် ဖြစ်လေသည်။
သူမသည်လည်း ထိုအော်သံကြောင့် အိပ်နေရာမှ လန့်နိုးလာခြင်း ဖြစ်သဖြင့် သူခိုးဝင်သည်ဟု ထင်နေ၏။
အဝတ်အစားကိုပင် သေချာမပြင်ဆင်နိုင်ဘဲ အတွင်းခံအင်္ကျီပါးနှင့် အပေါ်ဝတ်ရုံကိုသာ ကမန်းကတန်း ဝတ်ကာ တုတ်တစ်ချောင်းကို ကိုင်လျက် ရင်ပြင်သို့ ပြေးထွက်လာခြင်း ဖြစ်လေသည်။
"ချင်းချင်း၊ နင် အဆင်ပြေသလား"
"ပြေပါတယ် သခင်လေး"
ချင်းချင်း ဘာမှမဖြစ်သည်ကို သိလိုက်ရသဖြင့် ဝူကျိရှန်းသည် စိတ်တစ်ဝက် အေးသွားလေသည်။ သူသည် မှောင်မည်းနေသော အပြင်ဖက်ကို ဂရုတစိုက် ကြည့်ရင်း အော်ပြောလိုက်၏။
"ချင်းချင်း၊ အခန်းထဲကို မြန်မြန်ပြန်ဝင်တော့၊ သူခိုးက နင့်ကို ရန်မူမှာ စိုးရတယ်"
အမှောင်ထဲတွင် သူခိုးက မည်သည့်နေရာမှ ထွက်လာမည်ကို မသိနိုင်သဖြင့် ချင်းချင်းအတွက် အန္တရာယ်ရှိနိုင်၏။
ယခုအချိန်တွင် ဝူကျိရှန်းကိုယ်တိုင်လည်း အနည်းငယ် ထိတ်လန့်နေမိ၏။ ညနက်သန်းခေါင် ဖြစ်နေသည့်အပြင် မည်သည့်နေရာတွင် ပုန်းနေသည်ကို သူ မသိပေ။
ထို့ကြောင့်သူသည် လက်ထဲမှ မင်းတုတ်ကို ကိုင်ကာ ဟန်ကိုယ်ဖို့ဖြင့် အော်ဟစ်လိုက်လေသည်။
"လမ်းပေါ်က မိတ်ဆွေ ဒုက္ခရောက်နေတာဆိုရင် ပုန်းမနေပါနဲ့၊ ထွက်လာခဲ့စမ်း၊ ငါ ဝူကျိရှန်းက မင်း နွေးနွေးထွေးထွေး ဧည့်ခံပါ့မယ်"
ညလေညင်းက တိုက်ခတ်လာပြီး သစ်ရွက်လှုပ်သံများသာ ကြားရ၏။ ထိုမှလွဲ၍ အခြားအသံ မကြားရပေ။
"ငါ ဝူကျိရှန်းဟာ ရှေးခေတ်က မုန့်ချန်းသခင်ကြီးနဲ့ မနှိုင်းသာပေမဲ့ မိတ်ဆွေဖွဲ့ရတာ ဝါသနာပါတဲ့သူပါ၊ မင်းတို့က ဘယ်လမ်းကြောင်းက ညီအစ်ကိုတွေပဲဖြစ်ဖြစ် ခရီးစရိတ် လိုနေတာဆိုရင် ငွေစတစ်ဆယ်ကတော့ ငါ့အတွက် ပြဿနာ မဟုတ်ပါဘူး"
မည်သူမျှ ပြန်မထူးသဖြင့် သူသည် လေထဲကို စကားပြောနေရသကဲ့သို့ ဖြစ်နေ၏။
"ငါ မင်းတို့ကို မြင်နေရတယ်၊ ထွက်လာခဲ့စမ်း"
သူသည် ဆက်လက် ဟန်ရေးပြရင်း အနောက်ဘက်ခြံဝန်းဆီသို့ လျှောက်သွားလေသည်။
စောစောက အော်သံသည် အနောက်ဘက်ခြံဝန်းဆီမှ ထွက်ပေါ်လာခြင်း ဖြစ်၏။
ထိုအချိန်တွင် ချင်းချင်းသည် မီးအိမ်တစ်လုံးကို ထွန်းကာ ဂရုတစိုက် လျှောက်လာလေသည်။
"နင့်ကို အခန်းထဲမှာ ပုန်းနေပါဆို၊ ဘာလို့ ပြန်ထွက်လာတာလဲ"
ချင်းချင်းအတွက်မူ ထိုအခြေအနေမျိုးကို တစ်ခါမျှ မကြုံဖူးသေးချေ။ သူမ အလွန်ကြောက်ရွံ့နေ သော်လည်းသတ္တိမွေးကာ ပြန်ပြောလိုက်၏။
"ပတ်ဝန်းကျင်က အရမ်းမှောင်နေတာလေ၊ သခင်လေး သူခိုးအန္တရာယ်ပြုတာနှင့်ကြုံမှာ စိုးလို့ပါ၊ ကျွန်မ သခင်လေးအတွက် လမ်းပြဖို့ မီးအိမ် ကိုင်ပေးမယ်၊ တကယ်လို့ ရန်ပွဲဖြစ်လာရင်လည်း ကျွန်မက သခင်လေးဘက်ကနေ အားပေးလို့ ရတာပေါ့"
ချင်းချင်းက မီးအိမ်ကို မြှောက်ကိုင်ကာ အလင်းပြပေးပြီး ဝူကျိရှန်းက မင်းတုတ်ကို ကိုင်ထားလေသည်။ ၎င်းတို့နှစ်ဦးသည် ပုခုံးချင်းယှဉ်ကာ အနောက်ဘက်ခြံဝန်းသို့ ရောက်ရှိလာကြ၏။
လက်ဖဝါးခန့်သာရှိသော အနောက်ဘက်ခြံဝန်းလေးထဲတွင် ပုန်းကွယ်စရာ နေရာများများစားစားမရှိပေ။မီးအိမ်ဖြင့် ရှာဖွေကြည့်သောအခါ သူခိုးမပြောနှင့်၊ တစ္ဆေတစ်ကောင်ကိုပင် မ တွေ့ရပေ။
ထင်းထားသည့်အခန်းတံခါးကြီးသာ ဟင်းလင်းပွင့်နေသည်ကို တွေ့လိုက်ရ၏။
သခင်နှင့် အစေခံနှစ်ဦးသည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကာ ခြေဖျား ထောက်၍ ထင်းခုတ်ခန်းဆီသို့ လျှောက်သွားကြလေသည်။ သူခိုးသည် အထဲတွင် ရှိနေသေးပါက အိုးထဲက ဆန် ခွက်ထဲက ရေကဲ့သို့ အမိဖမ်းနိုင်ရန်ဖြစ်သည်။
ဝူကျိရှန်းနှင့် ချင်းချင်းတို့သည်ေနရာအနှံ့ဂရုတစိုက်ရှာဖွေခဲ့ကြသော်လည်း ဘာမျှမတွေ့ရပေ။
ထင်းထားသည့်အခန်းထဲတွင် ကွဲအက်နေသော ကြွေအိုးတစ်လုံးသာ တွေ့ရပြီး ထောင့်တစ်နေရာတွင်မူ သူခိုးက နံရံကို ကျော်တက်ကာ ထွက်ပြေးသွားသော ခြေရာများကို တွေ့လိုက်ရလေသည်။
"အသုံးမကျတဲ့ သူခိုးပဲ၊ ဘာမှလည်း မခိုးနိုင်ဘဲ ထွက်ပြေးသွားပြီ၊ ကဲ... ပြန်အိပ်ကြစို့"
ဘာပဲဖြစ်ဖြစ် ဘာမျှမဆုံးရှုံးသွားသဖြင့် ကိစ္စမရှိတော့ပေ။ သူခိုးက ထွက်ပြေးသွားပြီ ဖြစ်သဖြင့် အားလုံး အဆင်ပြေသွားလေပြီ။
ရိုးအသော ချင်းချင်းနှင့် မတူဘဲ ဝူကျိရှန်းကမူ သတိကြီးသူ ဖြစ်လေသည်။
သူခိုးဆိုတာ လက်ချည်းဗလာနဲ့ မပြန်တတ်ဘူး ဟူသော စကားအတိုင်း ယခုတစ်ခေါက် မအောင်မြင်ပါက နောက်တစ်ကြိမ် ထပ်လာနိုင်သေး၏။
ချင်းချင်းကဲ့သို့ မိန်းကလေးငယ် တစ်ယောက်တည်း ဘေးခန်းတွင် အိပ်နေရသည်ကို စဉ်းစားမိသောအခါ ဝူကျိရှန်း စိတ်မအေးနိုင်ဖြစ်ရလေသည်။
"သူခိုးက နောက်တစ်ခါ ပြန်လာမှာကို ငါ စိုးရိမ်တယ်၊ နောက်ရက်တွေမှာ နင်နဲ့ သခင်မလေးက အိမ်မကြီးထဲမှာ အတူအိပ်ကြပါ"
ချင်းချင်းနှင့် သူ၏ဇနီးသည် အတူအိပ်မည်ဆိုပါက တစ်ဦးကိုတစ်ဦး စောင့်ရှောက်နိုင်သဖြင့် ပို၍ စိတ်ချရမည် ဖြစ်လေသည်။
"ကျွန်မနဲ့ သခင်မလေးကလား၊ ဒါဆို သခင်လေးကရော ဘယ်မှာ အိပ်မှာလဲ"
"ငါက နင့်ရဲ့ ဘေးခန်းမှာ အိပ်မယ်၊ တကယ်လို့ သူခိုး နောက်တစ်ခါ လာရင် ငါ ပိုပြီး သတိထားလို့ ရတာပေါ့"
ချင်းချင်းနှင့် ဝူကျိရှန်းတို့သည် နေရာချင်း လဲလိုက်ကြလေသည်။ ချင်းချင်းက အိမ်မကြီးသို့သွားကာ သခင်မလေးရွန့်နှင့်အတူ အိပ်စက်ပြီး ဝူကျိရှန်းကမူ တံခါးမင်းတုတ်ကိုကိုင်ကာ ချင်းချင်း၏ အခန်းထဲတွင်နံရံကျော် သူခိုး၏ အန္တရာယ်ကို စောင့်ကြည့်နေလေသည်။
ချင်းချင်းသည် သခင်မလေးရွန့်၏ ဘေးတွင် လှဲလျောင်းနေရင်း ဝူကျိရှန်း၏ ကိုယ်ငွေ့များ ကျန်ရှိနေသေးသော အိပ်ရာထက်တွင် အတွေးပေါင်းစုံဖြင့် စိတ်ကူးယဉ်နေမိလေသည်။ထိုညတွင် ချင်းချင်းတစ်ယောက် အိပ်မပျော်နိုင်ဘဲ ရှိနေခဲ့လေသည်။
************