အခန်း (၈၇-၈၈)
Vol. 8 Ch. 87-88
`
အခန်း ၈၇ ငါသည် အထောက်တော်တစ်ယောက်ဖြစ်သည်
ထိုခေတ်ကာလ၏ ဆာလဖျူရစ်အက်စစ်မှာ ရေဖျော်ရည်မျှသာဖြစ်သည့်အတွက် ကျောက်ပင်တိန့်၏ အသက်ကို ဆက်လက်ထိန်းထားနိုင်ခြင်းဖြစ်သည်။
ဆာလဖျူရစ်အက်စစ်နှင့် ထိတွေ့ခဲ့သော သူ၏ညာလက်မှာ အက်စစ်စားခံရသဖြင့် အရေပြားများ ဆိုးဆိုးရွားရွား ပျက်စီးသွားပြီး မီးလောင်ထားသကဲ့သို့ မည်းတူးနေလေသည်။
သူသည် ဒဏ်ရာကို ရေဖြင့် အကြိမ်ကြိမ် ဆေးကြောပြီးနောက် ဝက်ဝံဆီအချို့ကို လူးကာ ဂွမ်းစဖြင့်သာ ပတ်ထားနိုင်လေ၏။
လက်မှဒဏ်ရာမှာ အပေါ်ယံမျှဖြစ်၍ သည်းခံနိုင်သော်လည်း ပါးစပ်နှင့် လျှာအတွင်း ဆာလဖျူရစ်အက်စစ်ကြောင့် ဖြစ်ပေါ်လာသော ပျက်စီးမှုမှာမူ သူ၏အသက်တစ်ဝက်ကို နုတ်ယူသွားသကဲ့သို့ ခံစားရလေသည်။
ပါးစပ်အတွင်းရှိ အရေပြားများမှာ ဆိုးဆိုးရွားရွား အနာဖြစ်နေပြီး လျှာမှာလည်း ဆီပူလောင်ထားသကဲ့သို့ ရောင်ကိုင်းနေသဖြင့် စကားပြောရန်ပင် အလွန်ခက်ခဲနေလေ၏။
"ဒါက ပြင်းထန်တဲ့ အဆိပ်မဟုတ်ပါဘူး၊ သံချေးချွတ်တဲ့နေရာမှာ သုံးတဲ့ မီးကန့်ဆီလို့ ခေါ်တဲ့အရာပဲ"
သူနှင့် ဆက်သွယ်နေသော ကျင်းယီဝေ အစောင့်တပ်သားက ဗဟုသုတရှိပုံဖြင့် ပြောလိုက်လေသည်။
"မင်းကတော့ တကယ်ပါပဲ၊ ဒီလို ကိစ္စအသေးအမွှားလေးကိုတောင် မလုပ်နိုင်ဘူးလား"
အစမ်းခန့်ကာလ တွင်သာ ရှိသေးသော အရန်ကျင်းယီဝေ အဖွဲ့ဝင်တစ်ဦးအနေဖြင့် ကျောက်ပင်တိန့်သည် ခါးသောဆေးကို မျိုချထားရသကဲ့သို့ပင်။ ဝူကျိရှန်း၏ အိမ်တွင် ထိုမျှလောက် များပြားသော မီးကန့်ဆီများ ရှိနေမည်ဟု သူဘယ် လိုသိနိုင်မှာလဲ။
သူ၏လျှာမှာ ဒဏ်ရာရထားသဖြင့် စကားကို ဗလုံးဗထွေးဖြင့်သာ ပြောနိုင်လေသည်။
"အရှင်... ကျွန်တော်... ဝူကျိရှန်းရဲ့အိမ်မှာ... မီးကန့်ဆီတွေ အများကြီး ရှိနေတယ်၊ ဒါက မဟုတ်သေးဘူး"
သာမန်လူတစ်ယောက်၏ အိမ်တွင် မီးကန့်ဆီ ကျင်းရာနှင့်ချီ၍ သိုလှောင်ထားရန်မှာ မဖြစ်နိုင်ပေ။ ထို့ကြောင့် စုံစမ်းစစ်ဆေးရန် လိုအပ်သည်ဟု ကျောက်ပင်တိန့်က ခံစားနေရ၏။
ဝမ်းနည်းစရာမှာ ထိုကျင်းယီဝေ အရာရှိသည် မီးကန့်ဆီများကို အရေးမစိုက်ဘဲ သူ၏တာဝန်ကိုသာ အာရုံစိုက်နေခြင်း ဖြစ်လေသည်။
"အဲဒီ အစုတ်အပဲ့ မီးကန့်ဆီတွေကို မေ့လိုက်စမ်းပါ၊ ကိုးခေါင်းပါ ခရမ်းရောင်မှိုအကြောင်းပဲ ပြောစမ်း၊ တစ်ခုခု ရှာတွေ့ခဲ့လား"
ညဉ့်ဦးယံ ဝူကျိရှန်းအိမ်သို့ သွားရောက်ခြင်း စစ်ဆင်ရေးမှာ ဆာလဖျူရစ်အက်စစ်ကြောင့် ဒဏ်ရာရကာ အနည်းငယ် အမှားအယွင်းရှိခဲ့သော်လည်း အချည်းနှီးတော့ မဟုတ်ပေ။ သူသည် အရေးကြီးသော သက်သေအချို့ကို ရရှိခဲ့လေသည်။
ကျောက်ပင်တိန့်သည် သူ၏ရင်ဘတ်ထဲမှ ခြောက်သွေ့နေသော မှိုတစ်ပွင့်ကို ထုတ်ယူလိုက်ကာ ဗလုံးဗထွေး အသံဖြင့် ပြောလိုက်၏။
"သက်သေ... ဒါက ဝူကျိရှန်းရဲ့ အိမ်မှာ ကျွန်တော် တွေ့ခဲ့တဲ့... သက်သေပဲ"
နန်းတော်က ကိုးခေါင်းပါ ခရမ်းရောင်မှိုကိစ္စကို စေ့စေ့စပ်စပ် စုံစမ်းချင်နေသည် ။ ယခု ဝူကျိရှန်း၏ အိမ်တွင် မှိုတစ်ပွင့်ကို တွေ့ရှိခဲ့ပြီ ဖြစ်သဖြင့် ဤသည်မှာ သက်သေပင် ဖြစ်လေသည်။
ကျင်းယီဝေ အရာရှိသည် သေးငယ်ကာ ခြောက်သွေ့နေသော မှိုကို ကိုင်ကြည့်ရင်း အေးစက်စက် ပြောလိုက်၏။
"ဒါက ဘာသက်သေလဲ၊ မဟုတ်တာ"
"ကျွန်တော် ဒီမှိုကို ခက်ခက်ခဲခဲ ရလာတာပါ၊ ဘာလို့ သက်သေ မဟုတ်ရမှာလဲ"
ထိုအရာကိုသုံး၍ဝူကျိရှန်းသည် ကိုးခေါင်းပါ ခရမ်းရောင်မှို နိမိတ်ကောင်း ဖြစ်ရပ်နှင့် ပတ်သက်နေသည်ဟု မသက်သေပြနိုင်ချေ။
ဝူကျိရှန်းသည်သမားတော်တစ်ဦးဖြစ်ပြီး ဆေးဘက်ဆိုင်ရာဌာနအတွက် ဆေးဖက်ဝင်ပစ္စည်းများကို ဝယ်ယူစုဆောင်းရသူ ဖြစ်၏။
အကယ်၍ သူကထိုမှိုကို ဆေးဆိုင်တစ်ဆိုင်မှ ဝယ်ယူထားသော ဆေးမြစ်တစ်ခုသာ ဖြစ်သည်ဟု ခေါင်းမာမာဖြင့် ပြောဆိုနေပါက မည်သူမျှ ဘာမျှမတတ်နိုင်ပေ။
ဤသည်မှာ သားသတ်သမား၏ အိမ်တွင် သားသတ်ဓားတစ်ချောင်း တွေ့ရှိခြင်းနှင့် တူလေသည်။ ၎င်းကို လူသတ်လက်နက်ဟု မယူဆနိုင်ဘဲ သာမန်လုပ်ငန်းသုံး ကိရိယာဟုသာ သတ်မှတ်နိုင်သဖြင့် သက်သေအဖြစ် အသုံးမပြုနိုင်ခြင်း ဖြစ်၏။
ဝူကျိရှန်း၏ အိမ်တွင် ကိုးခေါင်းပါ ခရမ်းရောင်မှိုအများအပြားကို တွေ့ရှိမှသာလျှင် ခိုင်လုံသောသက်သေဖြစ် ပေပမည်။သာမန်မှိုခြောက်လေးမှာ ဘာကိုမျှ သက်သေမပြနိုင်ပေ။
"ဘာပဲဖြစ်ဖြစ် ဝူကျိရှန်းကတော့ ဘာမှ မရိပ်မိသေးဘူး၊ ဒါကြောင့် နောက်တစ်ကြိမ် ခိုးဝင်ဖို့ အခွင့်အရေး ထပ်ရှာဦး၊ နောက်တစ်ခါမှာတော့ သူ့ဆီက တကယ့် ကိုးခေါင်းပါ ခရမ်းရောင်မှိုကို ရှာတွေ့နိုင်ဖို့ ငါ မျှော်လင့်တယ်"
တာဝန်ပေးပြီးနောက် ထိုကျင်းယီဝေ အရာရှိသည် ကျောက်ပင်တိန့်ကို အားပေးစကား ပြောရန်လည်း မမေ့ပေ။
"မင်းမှာ အရည်အချင်းရှိတယ်၊ အစမ်းခန့်အရာရှိအဖြစ် လုပ်လာတာလည်း နှစ်အနည်းငယ် ရှိပြီပဲ၊ ဒီတာဝန်ကိုသာ အောင်အောင်မြင်မြင် လုပ်နိုင်မယ်ဆိုရင် ကျင်းယီဝေထဲမှာ ရာထူးတစ်ခု ရစေရမယ်လို့ ငါ အာမခံတယ်"
ကျောက်ပင်တိန့်သည် ကျင်းယီဝေအဖွဲ့ဝင်မဟုတ်သေးဘဲယာယီအဆင့်မျှသာ ရှိသေးသူ ဖြစ်၏။
ထို့ကြောင့်ကျင်းယီဝေ ရာထူးမှာ သူ့အတွက် အလွန်ပင်ဆွဲဆောင်မှုရှိသည်။
"အခုကစပြီး ဝူကျိရှန်းနဲ့ ပတ်သက်တဲ့ သတင်းမှန်သမျှ ငါ့ကို တိုက်ရိုက် သတင်းပို့ပါ"
ထိုကျင်းယီဝေ အရာရှိသည် သူ၏အမည်ရင်းကို ကျောက်ပင်တိန့်အား ပထမဆုံးအကြိမ် ထုတ်ဖော်ပြောကြားလိုက်၏။
"ငါ့နာမည်က အန်းကျန့်ကျိုး၊ ကျင်းယီဝေရဲ့ ချီကျုံး ရာထူးကိုရထားတယ်"
ချီကျုံး ဆိုသည်မှာ ကျင်းယီဝေအတွင်းရှိ သတ္တမအဆင့် အရာရှိငယ်တစ်ဦးဖြစ်ပြီး အဖွဲ့ခေါင်းဆောင် သို့မဟုတ် နယ်မြေကြီးကြပ်ရေးမှူးနှင့် ညီမျှလေသည်။
"အန်း... အရှင်၊ ကျွန်တော် သေချာပေါက်"
လျှာမှာ အလွန်နာကျင်နေသဖြင့် ကျောက်ပင်တိန့်သည် ခက်ခဲစွာဖြင့် ပြောလိုက်ရ၏။
"ကျွန်တော် အစွမ်းကုန် ကြိုးစားပြီး ဒီတာဝန်ကို အပြည့်အဝ ပြီးမြောက်အောင် လုပ်ပါ့မယ်"
၎င်းတို့နှစ်ဦး စကားပြောနေစဉ်မှာပင် အပြင်ဘက်မှ ရင်းနှီးသော အသံတစ်ခု ထွက်ပေါ်လာလေသည်။
"ဂိုဒေါင်မှူး အိမ်မှာ ရှိသလား"
ဝူကျိရှန်း၏ အသံပင် ဖြစ်လေသည်။
ကျင်းယီဝေလျှို့ဝှက်အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ကျောက်ပင်တိန့်မှာလည်း ဆေးဘက်ဆိုင်ရာဌာနတွင်တာဝန်ထမ်းနေသောလျှို့ဝှက်အထောက်တော် တစ်ဦးသာ ဖြစ်၏။
သူသည် မနေ့ညကမှ ဝူကျိရှန်း၏ အိမ်သို့ သွားခဲ့ပြီး ယနေ့တွင် ဝူကျိရှန်းက တံခါးဝသို့ ရောက်လာခြင်း ဖြစ်သဖြင့် တစ်ခုခုကို ရိပ်မိသွားပြီလားဟု သူ တွေးလိုက်မိလေသည်။
ကျင်းယီဝေ အရာရှိ အန်းကျန့်ကျိုး၏ မျက်နှာမှာ ချက်ချင်းပင် ပြောင်းလဲသွား၏။
စိတ်ဓာတ်ခိုင်မာလှသော ကျောက်ပင်တိန့်ကမူ ကျင်းယီဝေ အရာရှိကို မဆင်မခြင် မလုပ်ရန် လက်ဟန်ဖြင့် အချက်ပြလိုက်လေသည်။
ထို့နောက် သူက ပြန်ထူးလိုက်၏။
"ဝူအရာရှိ၊ ကျွန်တော် နေလို့မကောင်းလို့ အပြင်ထွက်ပြီး မကြိုဆိုနိုင်တာ ခွင့်လွှတ်ပါ"
သူ စကားပြောနေစဉ်မှာပင် ဝူကျိရှန်းသည် ကာရံထားသော လိုက်ကာကို မကာ အထဲသို့ ဝင်လာလေသည်။
"ဂိုဒေါင်မှူး၊ ကျွန်တော် ကြားတာကတော့"
သူ တစ်ခုခု ပြောရန် ပြင်လိုက်စဉ်မှာပင် ကျောက်ပင်တိန့်၏ ဘေးတွင် ထိုင်နေသော သူစိမ်းကို မြင်လိုက်ရသဖြင့် ဝူကျိရှန်းက ကမန်းကတန်း ပြောလိုက်၏။
"ဩော်... ဂိုဒေါင်မှူးမှာ ဧည့်သည် ရောက်နေတာကိုး"
"ဧည့်သည်တော့ မဟုတ်ပါဘူး၊ သူက"
ကျောက်ပင်တိန့်က ပေါ့ပေါ့ပါးပါးပင် ပြောလိုက်သည်။
"သူက ကျွန်တော့်ရဲ့ဝမ်းကွဲပါ၊ ထိုက်ယွမ်မြို့ကို ဖြတ်ရင်း ဝင်နှုတ်ဆက်တာပါ၊ အရာရှိဝူ ကျွန်တော့်ဆီ ဘာကိစ္စများ ရှိလို့လဲ"
"ကိစ္စတစ်ခု ရှိလို့ပါ"
ဝူကျိရှန်းက အလျင်အမြန်ပင်ပြောလိုက်၏။
"ဆေးဘက်ဆိုင်ရာဌာနက လူတွေဆီက ကြားတာတော့အရာရှိကျောက် အအေးမိပြီး ခွင့်ယူထားတယ် ဆိုလို့ပါ၊ ကျွန်တော် မနှောင့်ယှက်သင့်မှန်း သိပေမဲ့ နောက်ဆုံးအသုတ် ဆေးပစ္စည်းတွေ ရောက်လာပြီလေ၊ ဆေးပစ္စည်းတွေ အပြည့်တင်ထားတဲ့ လှည်းတစ်ဆယ်ကျော်လောက် ဆေးဘက်ဆိုင်ရာဌာန အပေါက်ဝမှာ ဂိုဒေါင်ထဲ သွင်းဖို့ စောင့်နေကြတယ်"
ကျောက်ပင်တိန့်သည် ဆေးဘက်ဆိုင်ရာဌာန၏ ဂိုဒေါင်မှူး ဖြစ်လေသည်။
သူ မရှိဘဲနှင့် ထိုပစ္စည်းများကို ဂိုဒေါင်ထဲသို့ သွင်းရန်မှာ မဖြစ်နိုင်ပေ။
လူဆိုသည်မှာ အနာနှင့် ဆေးဖြစ်သဖြင့် ဖျားနာခြင်း၊ ဆေးခွင့်ယူခြင်းမှာ သာမန်ကိစ္စဖြစ်သော်လည်း ကျောက်ပင်တိန်၏ ဆေးခွင့်မှာမူ အချိန်အခါ မသင့်လှပေ။
စောစောလည်း မယူ၊ နောက်ကျလည်း မယူဘဲ ဆေးပစ္စည်းများ သိုလှောင်ရမည့် အချိန်ကျမှ ဆေးခွင့်ယူနေခြင်းမှာ အရေးကြီးသော ကိစ္စရပ်များကို နှောင့်နှေးစေမည် ဖြစ်လေသည်။
ဝူကျိရှန်းမှာမနေ့ညက သူခိုး သည် သူ၏ရှေ့တည့်တည့်တွင် ရှိနေပြီး သူနှင့် စကားပြောနေရသည်ဟု အိပ်မက်ပင် မမက်ခဲ့ပေ။
"နေမကောင်းတာ ဘယ်လိုနေသေးလဲ"
"ဩော်... အင်း..."
သူသည် ဆာလဖျူရစ်အက်စစ်ကို "မြည်းစမ်း ခဲ့သဖြင့် လျှာမှာ အလွန်ရောင်ကိုင်းနေပြီး စကားကိုပင် ရှင်းရှင်းလင်းလင်း မပြောနိုင်ဘဲ
"သက်သာပါတယ်" ဟုသာ မပီမသ ပြောနိုင်လေသည်။
ယခုအချိန်အထိ ဝူကျိရှန်းသည် ကျောက်ပင်တိန့်၏ လျှာတွင် ပြဿနာရှိနေသည်ကို မသိသေးဘဲ ပါးစပ်နာ ဖြစ်နေသည်ဟုသာ ထင်နေ၏။
"ဂိုဒေါင်မှူး၊ ပါးစပ်က ဘာဖြစ်တာလဲ၊ ပါးစပ်ထဲမှာ အပူကန်နေတာလား၊ အဲဒါက ကိစ္စမရှိပါဘူး၊ ကိစ္စမရှိပါဘူး"
"အင်း... အင်း"
ကျောက်ပင်တိန့်သည် အပြစ်ရှိသူ ဖြစ်သဖြင့် ဝူကျိရှန်း၏ အကြည့်ကို မရင်ဆိုင်ရဲဘဲ ဘာမှမဖြစ်သကဲ့သို့ ဟန်ဆောင်ကာ ပြောလိုက်၏။
"ကောင်းပါပြီ၊ ကောင်းပါပြီ၊ ကျွန်တော်... အခုပဲ သွားလိုက်ပါ့မယ်"
ဝူကျိရှန်း ပြန်ရန် ပြင်လိုက်စဉ်မှာပင် ကျောက်ပင်တိန့်၏ ညာလက်ကို ပတ်တီးများ ကျပ်ကျပ်စည်းထားသည်ကို သတိပြုမိသွားလေသည်။ ဒဏ်ရာရထားသည်မှာ မကြာသေးပုံပင်။
သူက အအေးမိတာဆို၊ ဘယ်လိုဖြစ်ပြီး လက်မှာ ဒဏ်ရာရနေရတာလဲ။
"ဂိုဒေါင်မှူး၊ လက်မှာ ဒဏ်ရာရထားတာလား၊ ကျွန်တော့်ကို ပြစမ်းပါဦး"
"မ... မဟုတ်ပါဘူး"
ကျောက်ပင်တိန့်သည် နောက်သို့ တွန့်ဆုတ်သွားလေသည်။
ထိုလုပ်ရပ်မှာ ဝူကျိရှန်း၏ သံသယကို ပိုမိုကြီးထွားစေ၏။တစ်နယ်လုံးက ဝူကျိရှန်းကို နတ်သမားတော်အဖြစ် သိထားကြလေသည်။
ပုံမှန်အားဖြင့် ဆေးဘက်ဆိုင်ရာဌာနရှိ လူတိုင်းသည် အနည်းငယ် ခေါင်းကိုက်၊ ကိုယ်ပူဖြစ်လျှင်ပင် အခြားသမားတော်ထံ မသွားဘဲ ဝူကျိရှန်းထံသို့သာ လာပြလေ့ရှိကြ၏။
ကျောက်ပင်တိန့်သည်လည်း ယခင်က ဝူကျိရှန်းထံတွင် ဆေးကုသဖူးပြီး သူ၏ဆေးပညာကို အမြဲပင် ချီးမွမ်းခဲ့သူ ဖြစ်သည်။ သို့သော် ယနေ့တွင်မူသူ့ကိုပြသရန်တွန့်ဆုတ်နေ၏။
သူသည် ဘာကြောင့် ငါ့ကိုရှောင်ဖယ်နေတာလဲ။
သူ၏စိတ်ထဲတွင် သံသယများ ဖြစ်ပေါ်နေသော်လည်း အတင်းအဓမ္မ ပတ်တီးကို ဖြေကြည့်ရန်မှာလည်း မသင့်တော်ပေ။
သူသည် လုပ်ငန်းသဘောအရသာ ပြောကြားလိုက်လေသည်။
"ဒီဆေးပစ္စည်းတွေက အရမ်းအရေးကြီးတယ်၊ ဒါကြောင့် ဂိုဒေါင်မှူး တစ်ခေါက်လောက် လိုက်ခဲ့ပေးပါဦး၊ အနည်းဆုံးတော့ စာရွက်စာတမ်း ကိစ္စတွေ ပြီးသွားမှပဲ အိမ်ပြန်ပြီး အနားယူပါ၊ ဘယ်လိုလဲ"
"အင်း... အင်း..."
ကျောက်ပင်တိန့်က ခေါင်းကို အဆက်မပြတ်ငြိမ့်ပြလိုက်လေသည်။
***********
`
အခန်း ၈၈ သူဌေးမလေး
ဝူကျိရှန်းသည် ရုံးတော်မှ အလုပ်ကိစ္စများကို အပြီးသတ်ကာ အိမ်သို့ ပြန်ရောက်သောအခါ ဟိုင်ရှီချန် ပထမတစ်ချက်တီးခန့် ရှိနေပြီဖြစ်၏။
စားပွဲပေါ်တွင် ဟင်းလျာများကို ပြင်ဆင်ထားပြီး ဖြစ်ကာ ချင်းချင်းနှင့် သခင်မလေးရွန့်တို့မှာလည်း စောင့်နေကြသည်မှာ ကြာလှပြီ ဖြစ်လေသည်။
ဝူကျိရှန်း၏ အရိပ်အယောင်ကို အဝေးမှ မြင်လိုက်သည်နှင့် ချင်းချင်းသည် ချက်ချင်းပင် ပြေးထွက်ကြိုဆိုလိုက်၏။
"သခင်လေး... ဘာလို့ အဲဒီလောက်တောင် နောက်ကျနေရတာလဲ၊ ဟင်းတွေကို နှစ်ခါတောင် ပြန်နွှေးထားရတယ်"
ဆေးပစ္စည်း အမြောက်အမြားကို အမျိုးအစားခွဲခြားခြင်း၊ မှတ်တမ်းတင်ခြင်းနှင့် သိုလှောင်ခြင်းများ ပြုလုပ်ရသည့်အပြင် စိုထိုင်းဆ၊ မီးဘေး၊ ကြွက်နှင့် ပိုးမွှားအန္တရာယ်များမှ ကာကွယ်ရန် စီစဉ်ရသဖြင့် နာရီပေါင်းများစွာ အလုပ်ရှုပ်ခဲ့ရခြင်း ဖြစ်လေသည်။
သူသည် အလွန်ပင် ပင်ပန်းနွမ်းနယ်နေသော်လည်း အိမ်ပြန်ရောက်၍ ဇနီးသည်နှင့် ချင်းချင်းတို့ကို မြင်လိုက်ရသောအခါ စိတ်ကြည်လင်သွား၏။ အရသာရှိသော ဟင်းလျာများ ပြည့်နှက်နေသည့် စားပွဲဝိုင်းကြီးက သူ၏ ဆာလောင်မှုကို နှိုးဆွပေးလိုက်လေသည်။
ယခုနောက်ပိုင်းတွင် ချင်းချင်းသည် ဝူကျိရှန်းတို့ လင်မယားနှင့် စားပွဲတစ်ဝိုင်းတည်းတွင် အတူစားသောက်ရသည်ကို ကျင့်သားရနေပြီ ဖြစ်၏။ သူမသည် အစေခံမလေး တစ်ယောက်ကဲ့သို့ မဟုတ်ဘဲ မိသားစုဝင် တစ်ဦးကဲ့သို့ပင် ဖြစ်နေလေသည်။
အခြားချမ်းသာသော အိမ်များတွင်မူ အစေခံတစ်ဦးက သခင်နှင့် သခင်မတို့နှင့်အတူ စားပွဲတစ်ဝိုင်းတည်း ထိုင်စားရန်မှာ စိတ်ကူးပင် ယဉ်၍မရသော ကိစ္စဖြစ်၏။
ယနေ့တွင် ချင်းချင်းမှာ ထူးထူးခြားခြား စိတ်လှုပ်ရှားနေပုံရပြီး ထမင်းစားနေစဉ်တစ်လျှောက်လုံး တတွတ်တွတ် ပြောနေလေသည်။
"သခင်လေး... သခင်လေး၊ ဒီနေ့ သခင်မလေးရွန့်ကို ကြည့်ရတာ တခြားနေ့တွေနဲ့ မတူဘူးဆိုတာ သတိထားမိလားဟင်"
ဝူကျိရှန်းသည် ဇနီးသည်ကို အသာအယာ ကြည့်လိုက်၏။ သူမသည် အရင်ကကဲ့သို့ပင် နူးညံ့သိမ်မွေ့သော အသွင်အပြင်ရှိကာ ထူးထူးခြားခြား ပြောင်းလဲသွားခြင်း မရှိပေ။
ဩော်... မှန်သားပဲ၊ သူမ၏ ဆံပင်ထက်တွင် ပုလဲကို ငုံထားသော ရွှေဖီးနစ်ပုံစံ ငွေဆံထိုးလေး တစ်ချောင်း ထိုးထားလေသည်။
ငွေဆံထိုးများသည် သာမန်အဆင်တန်ဆာသာ ဖြစ်သဖြင့် တန်ဖိုးကြီးလှသည် မဟုတ်ပေ။
ထိုငွေဆံထိုးမှာမူ အလွန်ပင် လက်ရာမြောက်လှပြီး ပုံစံမှာလည်း ထူးခြားလှသဖြင့် ကျွမ်းကျင်သော ပန်းထိမ်ဆရာတစ်ဦး၏ လက်ရာဖြစ်ကြောင်း သိသာလှ၏။
အထူးသဖြင့် ဖီးနစ်ငှက်၏ နှုတ်သီးတွင် ငုံထားသော ပုလဲလုံးလေးမှာ သေးငယ်သော်လည်း အလွန်ပင် လုံးဝန်းကာ ကြည်လင်တောက်ပနေလေသည်။ အကောင်းဆုံးအဆင့် မဟုတ်သည့်တိုင်အောင် သာမန်ပုလဲမျိုးတော့ မဟုတ်သည်မှာ သေချာလှ၏။
ဇနီးသည်တွင် အဆင်တန်ဆာအသစ် ရရှိထားသဖြင့် ဝူကျိရှန်းကလည်း ယဉ်ကျေးစွာပင် ချီးမွမ်းလိုက်လေသည်။
"ဒီဆံထိုးလေးက တကယ်ကို လက်ရာမြောက်တာပဲ၊ရှင်မနှင့်လည်း အရမ်းလိုက်ဖက်တယ်၊ ကြည့်ရတာ ပိုပြီးတော့တောင် ကျက်သရေရှိသွားသလိုပဲ"
"ဒီဆံထိုးကကျွန်မကို ချင်းချင်းပေးတာပါ"
ချင်းချင်းက ပေးတာ။မဖြစ်နိုင်ဘူး။ဆံထိုးမှာ ငွေအတော်အတန် တန်ဖိုးရှိရမည် ဖြစ်၏။ ချင်းချင်းက အစေခံမလေး တစ်ယောက်မျှသာ ဖြစ်ရာ ဤကဲ့သို့ တန်ဖိုးကြီးပစ္စည်းကို ဝယ်ရန် ငွေဘယ်က ရတာလဲ။
အစေခံများကို အခြေခံအားဖြင့် အမျိုးအစား နှစ်မျိုး ခွဲခြားနိုင်၏။ ပထမတစ်မျိုးမှာ အလုပ်ခန့်ထားသော ဆက်ဆံရေးမျိုး ဖြစ်ပြီး လစဉ် လစပုံမှန် ရရှိကြသူများ ဖြစ်သည်။
ဒုတိယတစ်မျိုးမှာ သခင်၏အိမ်တွင် လုံးဝ မှီခိုနေရသော အမျိုးအစားဖြစ်ပြီး သခင်က အဝတ်အစားနှင့် အစားအသောက်ကိုသာ တာဝန်ယူကာ လစာ သီးခြား ပေးလေ့မရှိပေ။
ချင်းချင်းမှာ ဒုတိယအမျိုးအစားထဲတွင် ပါဝင်လေသည်။
ချင်းချင်းနှင့် သခင်မလေးရွန့်တို့မှာ ဆက်ဆံရေး အလွန်ကောင်းမွန်သဖြင့် သခင်မလေးရွန့် စိတ်ကြည်လင်သောအခါမျိုးတွင် သူမကို မုန့်ဖိုးအနည်းငယ် ပေးလေ့ရှိ၏။
သို့သော် ချင်းချင်း ရရှိသော မုန့်ဖိုးမှာ အလွန်ပင် နည်းပါးလှသဖြင့် မုန့်အနည်းငယ် ဝယ်စားရုံမျှသာ ရှိလေသည်။သူမအနေဖြင့် တန်ဖိုးကြီး အဆင်တန်ဆာများကို ဝယ်ရန် ငွေမလုံလောက်နိုင်ပေ။
သခင်မလေးရွန့်က ပြုံးရင်း နှုတ်ခမ်းလေးကို စေ့ကာ ပြောလိုက်၏။
"ချင်းချင်းက အခုသူဌေးမလေး ဖြစ်နေပြီလေ၊ သူ့မှာ ကိုယ်ပိုင်စုငွေတွေ အများကြီး ရှိနေပြီ"
ချင်းချင်းက သူဌေးမလေး ဖြစ်သွားပြီ ဟုတ်လား။ သခင်မလေးရွန့်အတွက် အဆင်တန်ဆာ ဝယ်ပေးနိုင်ရုံတင်မကဘဲ ကိုယ်ပိုင်စုငွေတွေပါ ရှိနေသည် ဆိုပါလား။သူမဆီကို ငွေတွေ ဘယ်က ရောက်လာတာလဲ။
ထိုငွေများသည် လုကျန်းရှင်းက ပေးထားခြင်း ဖြစ်လေသည်။
ဝူကျိရှန်းသည် လုကျန်းရှင်းကို မှိုစိုက်ပျိုးနည်းပညာကို လွှဲပြောင်းပေးရန် သဘောတူထားပြီး ဖြစ်၏။
ချင်းချင်းသည် မှိုစိုက်ပျိုးခြင်းဆိုင်ရာ နည်းပညာရပ်တိုင်းကို ကျွမ်းကျင်စွာ သိရှိထားသူ ဖြစ်သဖြင့် သူမကို လုကျန်းရှင်းအား နည်းပညာသင်ကြားပေးရန်တာဝန်ပေးထားခြင်း ဖြစ်လေသည်။
လုကျန်းရှင်းသည်ထိုနည်းပညာ၏ အကျိုးအမြတ်ကို သိရှိထားသဖြင့် သင်ယူရန်အတွက် ငွေကြေးကို ရက်ရက်ရောရော ပေးကမ်းလေသည်။
"ဒီနေ့ လုကျန်းရှင်း လာသေးလား"
သခင်မလေးရွန့်က ခေါင်းငြိမ့်ပြလိုက်၏။
"လာပါတယ်၊ ရှင်တို့ နှစ်ယောက် သဘောတူထားတဲ့ နည်းပညာလွှဲပြောင်းခကိုလည်း ကျွန်မ လက်ခံရရှိထားပြီးပါပြီ"
မှိုစိုက်ပျိုးနည်းပညာ သင်ယူရန်မှာ လုကျန်းရှင်းအတွက် အလွန်အရေးကြီးသဖြင့် သူသည် အချိန်မဆွဲဘဲ နည်းပညာသင်ကြားခကို ချက်ချင်းပင် လာရောက်ပေးအပ်ခြင်း ဖြစ်လေသည်။
"ကျွန်မက သူ့ကို မျိုးစေ့စုဆောင်းနည်းလေးပဲ သင်ပေးရသေးတာ၊ သခင်ကြီးလုက ကျွန်မကို ငွေတုံးတစ်တုံးတောင် ပေးခဲ့တယ်လေ"
ချင်းချင်းသည် တစ်ခါမျှ ငွေအများကြီး မပိုင်ဆိုင်ဖူးသဖြင့် မျက်နှာတစ်ခုလုံး ပြုံးဖြီးနေလေသည်။
"ငွေတုံးအလတ်စား တစ်တုံးတောင်နော်၊ အဲဒါ ငွေစင် ၂၅ ကျပ်တိတိပဲ"
"နင်က ငွေလေးရတာနဲ့ နင့်ရဲ့ သခင်မလေးရွန့်အတွက် လက်ဆောင် ဝယ်ပေးတယ်ပေါ့"
ဝူကျိရှန်းက စနောက်လိုက်၏။
"ငါကလည်း နင့်ကို ကောင်းကောင်း ဆက်ဆံတာပဲလေ၊ ဘာလို့ ငါ့အတွက်ကျ လက်ဆောင် မပါရတာလဲ"
ထိုစကားကို ကြားသောအခါ ချင်းချင်းမှာ စကားစမရှိဘဲ ဗလုံးဗထွေးဖြင့် ပြန်ပြောလိုက်လေသည်။
"သခင်မလေးကို ပေးတာက သခင်လေးကို ပေးတာနဲ့ အတူတူပါပဲ၊ ဘာပဲဖြစ်ဖြစ်...သခင်လေးတို့က လင်မယားတွေပဲလေ၊ ဘယ်သူ့ကို ပေးပေး မထူးပါဘူး မဟုတ်လား"
"ကဲပါ၊ တော်ပါတော့၊ ချင်းချင်းလည်း အခုမှ ကိုယ်ပိုင်စုငွေလေး ရတာပါ၊ ရှင်က လက်ဆောင်တွေ လိုချင်မနေပါနဲ့ဦး"
သခင်မလေးရွန့်က ပြုံးရင်း နောက်ထပ် ကိစ္စတစ်ခုကို တင်ပြလိုက်၏။
"ဒီနေ့ သခင်ကြီးလု လာတုန်းက ကျွန်မ သူ့ကို ပြောထားပြီးပြီ၊ မနက်ဖြန်ကျရင် သူတို့ရဲ့ လုံဖုန့်အဖွဲ့မြင်းလှည်းနှင့်ကျွန်မရဲ့ မိဘတွေဆီ ခဏ ပြန်ချင်လို့ပါ၊ သခင်လေး ခွင့်ပြုပေးဖို့ မျှော်လင့်ပါတယ်"
သူတို့ လက်ထပ်ပြီးသည်မှာ လအနည်းငယ် ကြာမြင့်ခဲ့ပြီ ဖြစ်ရာ ဇနီးသည်အနေဖြင့် မိဘအိမ်သို့ ရက်အနည်းငယ်ကြာပြန်ခြင်းမှာမထူးဆန်း ပေ။ သို့သော်လည်း သူမသည် ဝူကျိရှန်း၏ ခွင့်ပြုချက်ကို ရယူရန် ဂရုတစိုက် မေးမြန်းနေခြင်း ဖြစ်လေသည်။
ယင်းမှာ ရှေးရိုးစွဲ ကျင့်ဝတ်များ၏ တိုက်ရိုက် သက်ရောက်မှုပင် ဖြစ်၏။
ရှေးခေတ် အမျိုးသမီးများသည် လင်ဝတ်မယားဝတ်နှင့် ကျင့်ဝတ်များကို အလွန်တန်ဖိုးထားကြပြီး လက်ထပ်ပြီးလျှင် လင်သား၏ စကားကို နားထောင်ရမည် ဟူသော အချက်ကို အစဉ်အမြဲ လိုက်နာကြရလေသည်။
အိမ်ထောင်ကျပြီးသော သမီးပျိုသည် သွန်ပြီးသားရေနှင့် တူလှ၏။ မိဘအိမ်သို့ ပြန်မည့် ကိစ္စလေးကိုပင် လင်သား၏ သဘောတူညီချက် ရယူရလေသည်။
ဝူကျိရှန်းကမူ ထိုကျင့်ဝတ်များကို အရေးမစိုက်လှသဖြင့် ပေါ့ပေါ့ပါးပါးပင် ပြောလိုက်၏။
"ရှင်မအနေနဲ့ မိဘတွေကို သွားတွေ့ချင်တာ သဘာဝပဲလေ၊ နောင်မှာ ဒီလိုကိစ္စမျိုးဆိုရင် ကိုယ့်ဘာသာ ဆုံးဖြတ်ပါ၊ ငါ့ကို မေးနေဖို့ မလိုပါဘူး"
"ကျင့်ဝတ်အရတော့ မေးရမှာပဲလေ၊ ဒါက လုပ်သင့်တဲ့ ကိစ္စပါ"
ဝူကျိရှန်းက အရေးမစိုက်သော်လည်း သခင်မလေးရွန့်ကမူ ထိုကျင့်ဝတ်များကို အလွန်အရေးကြီးသည်ဟု မှတ်ယူထားလေသည်။
"ဩော်... ဒါနဲ့၊ ပြန်သွားတုန်းမှာအဖေ့ဆီကိုလည်း ဝင်ကြည့်ခဲ့ဦးနော်"
အဘိုးအိုတင်မှာ အသက်ကြီးနေပြီဖြစ်ကာ ခရိုင်မြို့လေးတွင် တစ်ယောက်တည်း နေထိုင်နေရသဖြင့် စိတ်ပူ နေရ၏။
သခင်မလေးရွန့်က ချိုသာစွာ ပြုံးလိုက်၏။
"မိဘအပေါ် သိတတ်ဖို့ဆိုတာ လူ့တာဝန်ပဲလေ၊ သခင်လေး သတိပေးနေစရာတောင် မလိုပါဘူး"
သခင်မလေးရွန့်၏ နူးညံ့သိမ်မွေ့သော စိတ်နေစိတ်ထားအရ သူမသည် အဘိုးအိုတင်ဆီသို့ သေချာပေါက် သွားမည်ဖြစ်ရာ ဝူကျိရှန်းအနေဖြင့် စိုးရိမ်စရာ မလိုပေ။
"ရှင်မ။သွားပြီးရင် ဘယ်တော့လောက် ပြန်လာဖြစ်မလဲ"
"အမြန်ဆုံးဆို ၁၀ ရက်၊ မဟုတ်ရင်တော့ လဝက်လောက် ကြာမယ် ထင်တယ်"
ဤခေတ်တွင် အမြန်ရထားများ၊ ကားများ မရှိဘဲ မြင်းလှည်းကိုသာ အသုံးပြုရသဖြင့် ခရီးလမ်းမှာပင် အချိန်အတော်အတန် ကုန်ဆုံးရလေသည်။
မိဘများနှင့် အချိန်ကုန်ဆုံးခြင်း၊ အခြားသော ကိစ္စအသေးအမွှားလေးများကို ဖြေရှင်းခြင်းများ ပြုလုပ်ရမည် ဖြစ်ရာ မိဘအိမ်သို့ ပြန်ခြင်းမှာ ၁၀ ရက်မှ လဝက်ခန့်အထိ ကြာမြင့်နိုင်လေသည်။
ချင်းချင်းသည် သခင်မလေးရွန့်၏ အနီးကပ် အစေခံဖြစ်သဖြင့် မိဘအိမ်သို့ ပြန်ရာတွင် သူမလည်း လိုက်သွားရမည် ဖြစ်၏။
သို့သော် ချင်းချင်းသည် ယခင်ကကဲ့သို့ ခရိုင်ဝန်မင်းနှင့် သခင်မကြီးတို့အား နေ့စဉ် ဂါရဝပြုရခြင်းနှင့် စည်းကမ်းများကြားတွင် နေထိုင်ရသော ဘဝကို မနှစ်သက်တော့ပေ။ ထိုကိစ္စများကို တွေးမိရုံနှင့်ပင် သူမ စိတ်ညစ်နေမိလေသည်။
သူမသည် လက်ရှိ လွတ်လပ်သော ဘဝကို ပို၍ နှစ်သက်လာသော်လည်း သူမ၏ အဆင့်အတန်းအရ လိုက်သွားရန်မှတစ်ပါး အခြားမရှိပေ။
"ဒါဆိုရင်... ကျွန်မလည်း မနက်ဖြန် သခင်မလေးနဲ့ လိုက်ဖို့ အဝတ်အစားတွေ သွားပြင်လိုက်ဦးမယ်"
ချင်းချင်း၏ စိတ်ကူးကို ရိပ်မိသကဲ့သို့ သခင်မလေးရွန့်က အသာအယာ ပြုံးလိုက်၏။
"ကျွန်မ သွားနေတုန်းမှာ သခင်လေးကို ပြုစုစောင့်ရှောက်မယ့်သူ မရှိရင် မဖြစ်ဘူးလေ၊ ချင်းချင်း... နင် လိုက်မလာနဲ့တော့၊ အိမ်မှာပဲ နေပြီး သခင်လေးကို ပြုစုပေးပါ"
ထိုစကားကို ကြားသောအခါ ချင်းချင်းမှာ ချက်ချင်းပင် ဝမ်းသာအားရ ဖြစ်သွားလေတော့သည်။
************