← Chapters

အခန်း (၁၆၉-၁၇၀)

Vol. 17 Ch. 169-170

အခန်း (၁၆၉-၁၇၀)

Vol. 17 Ch. 169-170

အခန်း ၁၆၉ - ဘဝစံအိမ်

ဤအချိန်မှာ ညီလာခံခန်းမတံခါးက ဖြည်းဖြည်းချင်းပွင့်သွား၏။ လူတိုင်းက တစ်ယောက်ပြီးတစ်ယောက်စတင်ဝင်ရောက်လိုက်ကြသည်။

ညီလာခံခန်းမသို့ဝင်ရောက်ဖို့ အထူးဧည့်သည်များအတွက် ဘေးဘက်တံခါးတစ်ပေါက်လည်း ရှိ၏။

ကျန်းယွဲ့လုက ချီရွှမ်းစုကို ညီလာခံခန်းမထဲသို့ ဦးဆောင်ကာခေါ်သွားပြီး ခပ်တိုးတိုးပြောလိုက်၏။

“ဒီလေလံပွဲက သိပ်မကြီးဘူးလို့ဆိုရမယ်… နင် ပေချန်ခန်းမက လေလံပွဲတွေကို မြင်ဖူးသင့်တယ်… တကယ့်ကိုစည်ကားလွန်းတယ်… ကျောက်စိမ်းနေပြည်တော်၊ ကျင်းနန်စီရင်စုနဲ့ အင်ပါယာနေပြည်တော်က အိမ်ခြံမြေယာတွေအပါ ပိုင်ဆိုင်မှုစာချုပ်တွေကို လေလံတင်ရောင်းချပေးတယ်… သူတော်စင်တွေအတော်များများ ရှေ့ထွက်ပြီးတော့ အပြိုင်အဆိုင်လေလံဈေးပေးကြတယ်”

သူမက ပေချန်ခန်းမမှာ တာဝန်ထမ်းဆောင်ခဲ့ဖူးပြီး ပေချန်ခန်းမ၏ လေလံပွဲများအပေါ် နက်ရှိုင်းသည့်ထင်မြင်ချက်ရှိထား၏။

ခန်းမထဲမှာ ထိုင်ခုံများကို အတည်တကျသတ်မှတ်ပေးထားခြင်း မရှိပေ။ ရှေ့ဆုံးတန်းတချို့ကလွဲလျှင် ထိုင်ခုံများက အလုံအလောက်ရှိနေပြီး ကြိုက်သည့်နေရာကို ရွေးချယ်ကာဝင်ထိုင်နိုင်သည်။

ကျန်းယွဲ့လုနှင့် ချီရွှမ်းစုက မပေါ်လွင်သောနေရာတစ်ခုကိုရှာပြီး ဘေးချင်းယှဥ်ထိုင်လိုက်ကြ၏။ ခဏနေပြီးနောက် တာအိုဆရာတစ်ဦးရောက်လာကာ စာမျက်နာနှစ်မျက်နှာအပြည့် ရေးထားသည့် လေလံတင်ပစ္စည်းများ၏ စာရင်းကို ကမ်းပေးလာ၏။ ချီရွှမ်းစုက အဲဒါကိုယူပြီး ကျန်းယွဲ့လုကို တစ်ရွက်ပေးလိုက်၏။ ထိုသို့ဖြင့် သူတို့က လဲလှယ်ကာဖတ်နိုင်မည်ဖြစ်သည်။

ပထမစာမျက်နှာမှာ လောကသစ်ကနေ မွန်မြတ်သန့်စင်နန်းတော်ရလာသည့် ရွှေသရဖူကဲ့သို့ ပစ္စည်းငယ်များကို အဓိကအားဖြင့် စာရင်းပြုစုထား၏။ သရဖူက ၆ကီလိုဂရမ်ခန့်အလေးချိန်ရှိသည်။ အနုပညာလက်ရာကို ဖယ်ထုတ်ပြီး သရဖူကို အရည်ကျိုမည်ဆိုလျှင်ပင် ရွှေသားချည်းသက်သက် ၅ကီလိုဂရမ်ရှိပေမည်။

လက်ရှိပေါက်ဈေးအရ ရွှေတစ်ဆယ်ကီလိုဂရမ်ကို ထိုက်ဖျင်ဒင်္ဂါး တစ်ထောင်ဖြင့် လဲလှယ်နိုင်သည်။ ထို့ကြောင့် ဤပစ္စည်းအတွက် ကြမ်းခင်းဈေး ထိုက်ဖျင်ဒင်္ဂါး ၉၀၀ ကို အတော်လေးနိမ့်သည်ဟုဆိုရပေမည်။ သို့သော် နောက်ဆုံးဈေးက သိသိသာသာမြင့်တက်လာပေလိမ့်မည်။

ချီရွှမ်းစုက ထိုပစ္စည်းကို လေလံဆွဲဖို့ စိတ်ကူးမရှိပေ။

ကီလိုမီတာရာချီကို ကြည့်ရှုနိုင်သည့် ဆယ်ပေခန့်ရှည်သော ကြီးမားသည့် အဝေးကြည့်မှန်ပြောင်းတစ်လက်လည်းရှိသည်။ အရှေ့တိုင်းမှသေနတ်များနှင့်မတူသည့် သေနတ်ရှည်အသစ်တစ်မျိုးလည်းရှိ၏။ ဤသေနတ်များသည် ကျည်ဆန်ကိုအဓိကမထားဘဲ သေနတ်၏ ပစ်အားကို မြှင့်တင်ထား၏။ အဲဒါက ကျည်ဆန်များစွာထည့်ပြီး ဆက်တိုက်ပစ်ခတ်နိုင်သည်။

အနောက်တိုင်းသည် ကျည်ဆန်များကို အသုံးမပြုရသည့် သေနတ်ရှည်အမျိုးအစားအသစ်များကို စတင်၍စမ်းသပ်တီထွင်လာကြသည်။ အစောပိုင်းရလဒ်များကတော့ မီးသေနတ်များနှင့် လေဆာသေနတ်များဖြစ်၏။ သူတို့က မှော်လက်နက်များနှင့်ဆင်တူသော်လည်း ဤလက်နက်များကို အလွန်တရာလျှို့ဝှက်ထားပြီး အပြင်လောကမှာ ရောင်းချခြင်းမရှိပေ။ တစ်ယောက်ယောက်က ထိုလက်နက်များကို အမှတ်မထင်ဝယ်ယူရရှိလာမည်ဆိုလျှင်ပင် ထိုလက်နက်များကို ထျန်ကျိခန်းမနှင့် နတ်ဘုရားလက်နက်တိုက်က သိမ်းယူသွားပေလိမ့်မည်။

ဤပစ္စည်းများကို လေလံတင်ရောင်းချလိမ့်မည်လည်း မဟုတ်ပေ။

ကျန်းယွဲ့လုသည် အစက အပျော်သက်သက်တက်ရောက်လာခြင်းသာဖြစ်ပြိး မည်သည့်ပစ္စည်းကိုမှ ဝယ်ယူဖို့ ရည်ရွယ်မထားပေ။ သို့သော်လည်း ကြမ်းခင်းဈေးအနိမ့်နှင့် ပစ္စည်းငယ်များစွာကို တွေ့မြင်ရသောအခါ သူမက အနည်းငယ်စိတ်ပါလာ၏။

သူမသည် ရုပ်ဖျက်ဖို့အတွက် အသုံးပြုနိုင်သည့် မျက်နှာဖုံးတစ်ခုကို မျက်စိကျနေ၏။ ထိုပစ္စည်းအတွက် ကြမ်းခင်းဈေးက ထိုက်ဖျင်ဒင်္ဂါး ၅၀၀ ဖြစ်ပြီး သူတတ်နိုင်သည့် အတိုင်းအတာအတွင်းမှာ ရှိနေသေးသည်။

ဒုတိယစာမျက်နှာမှာတော့ ရှေးဟောင်းပန်းချီကားများ၊ လက်ရေးလှများ၊ ရှေးဟောင်းကြွေထည်ပစ္စည်းများနှင့် အဆင့်မြင့် ကျောက်စိမ်းများအပါအဝင် လူကုံထံများသဘောကျမည့် ပစ္စည်းတချို့ကို စာရင်းပြုစုထား၏။

အမြင်အာရုံကို ဖမ်းစားနိုင်ဆုံးမှာ နောက်ဆုံးပစ္စည်းနှစ်ခုဖြစ်သည်။ တစ်ခုကို တာ့ကျန်းစံအိမ်က ပေးလှူထားခြင်းဖြစ်ပြီး အဲဒါသည် ပြုပြင်ထားသော သစ်သီးနီဖြစ်ကာ မည်သူမဆို စိုးရိမ်စရာမလိုဘဲ စားသုံးနိုင်သည်။ သစ်သီးနီအတွက် ကြမ်းခင်းဈေးက ထိုက်ဖျင်ဒင်္ဂါး ၅၀၀၀ ဖြစ်၏။ စာရင်းစာရွက်ထဲမှာ နောက်ဆုံးပစ္စည်းသည် ကြမ်းခင်းဈေး ထိုက်ဖျင်ဒင်္ဂါးတစ်သောင်းရှိသော အရည်အသွေးမြင့် မှော်သိုလှောင်ပစ္စည်းတစ်ခုဖြစ်သည်။

မှော်သိုလှောင်ပစ္စည်းများက ဘယ်လောက်တန်ဖိုးရှိသလဲ ချီရွှမ်းစုက ပထမဆုံးအကြိမ်သတိထားမိသွားခြင်းဖြစ်၏။ သူက ကျန်းယွဲ့လု၏ လက်ကောက်ဝတ်က မှော်သိုလှောင်ပစ္စည်းကို ကြည့်မိသွား၏။ မှော်သိုလှောင်ပစ္စည်းထဲက ကျန်းယွဲ့လုထည့်ထားသည့် ပစ္စည်းများနှင့်ယှဥ်လျှင် မှော်သိုလှောင်ပစ္စည်းသပ်သပ်က ပို၍ တန်ဖိုးကြီးနေ၏။

ကျန်းယွဲ့လုက သူမ၏ လက်ကောက်ဝတ်ကို ခါပြလိုက်၏။

“ကြည့်မနေနဲ့… ဒါကို တာအိုဂိုဏ်းတော်ကနေ ထုတ်ပေးထားတာ… အဲဒါကို စိတ်ရှိတိုင်း ရောင်းလို့ဝယ်လို့မရဘူး”

ချီရွှမ်းစုက အကြည့်လွှဲပြီး သက်ပြင်းချလိုက်၏။

“ငါ အလကားသက်သက် ဒီကိုရောက်လာသလို ခံစားရတယ်… ငါတတ်နိုင်တာ ဘာမှမရှိဘူး”

ကျန်းယွဲ့လုက ရယ်မောလိုက်၏။

“လေလံပွဲရဲ့ အဓိကရည်ရွယ်ချက်က လူတစ်ယောက်ရဲ့ သဒ္ဒါတရားနဲ့ နှလုံးသားကို ပြသဖို့ပဲ… နင်ကအဲဒါကို တတ်နိုင်မယ်ဆိုရင်တောင် ပစ္စည်းတွေကို ဝယ်ယူဖို့သက်သက်နဲ့ လေလံပွဲကို ရောက်လာစရာမလိုဘူး”

“အဲဒါက အဓိပ္ပါယ်တော့ရှိသားပဲ”

ချီရွှမ်းစုက သဘောတူစွာဖြင့် ခေါင်းညိတ်ပြလိုက်၏။

သူတတ်နိုင်တာ ဘာမှမရှိသည့်အတွက် ချီရွှမ်းစုက လေလံပွဲကိုအာရုံမစိုက်ဘဲ ကျန်းယွဲ့လုနှင့်သာ စကားပြောနေ၏။

သူတော်စင်များနှင့် တတိယအဆင့် ယိုယီတာအိုအကြီးအကဲတစ်အုပ်စုက ညီလာခံခန်းမထဲသို့ ဝင်ရောက်လာသည်ကိုပင် သူတို့သတိမထားမိကြပေ။

သူတော်စင်များက သူတို့၏ ထိုင်ခုံများတွင် ဝင်ထိုင်ပြီးနောက် လေလံပွဲကို တရားဝင်စတင်လိုက်သည်။ လူအများစု၏ စိတ်အာရုံက လေလံပွဲကို ရောက်ရှိနေသော်လည်း လူတချို့က ချီရွှမ်းစုနှင့်ကျန်းယွဲ့လုကို အာရုံစိုက်ထားကြ၏။

ထိုအထဲမှာ ထန်ထိုက်ချုံးနှင့် ကျန်းယွီယွဲ့ ပါဝင်၏။ ထန်ထိုက်ချုံးက ပို၍ပိပိရိရိရှိပြီး သူ့သမီးကို ရံဖန်ရံခါခိုးကြည့်နေ၏။ သူမက အပေါ်ယံမှာတည်ငြိမ်ပြီး မျက်နှာပေါ်မှာ အပြုံးတစ်ခုကို ထုတ်ဖော်ထား၏။ သို့သော်လည်း ကျန်းယွီယွဲ့က ချီရွှမ်းစုကို စိမ်းစိမ်းဝါးဝါးစိုက်ကြည့်နေ၏။ အကြောင်းမသိသည့်သူများသည် ချီရွှမ်းစုက ကျန်းယွီယွဲ့ကို သစ္စာဖောက်ခဲ့သည့် လီမင်ဟွမ်ဖြစ်မည်ဟု အမှတ်မှားကြပေလိမ့်မည်။

ဝမ်ရှို့ဝူနှင့် ယွဲ့လျှိုလီကလည်း ချီရွှမ်းစုနှင့် ကျန်းယွဲ့လုကို စောင့်ကြည့်နေကြ၏။

အတွဲနှစ်တွဲကြား ခဏမျှတွေ့ဆုံပြီးနောက် ယွဲ့လျှိုလီသည် ချီရွှမ်းစု တွေ့ကြုံခဲ့ပုံများနှင့် လေလံပွဲသို့ သူ့ကိုဘယ်သူဖိတ်ကြားခဲ့သလဲ သိချင်နေမိ၏။ တစ်ဘက်မှာတော့ ဝမ်ရှို့ဝူက လီထျန်ကျန်းကိုပင် ငြင်းဆန်ခဲ့သော ချဥ်းကပ်ရမလွယ်ကူသည့် ကျန်းယွဲ့လုကို ချီရွှမ်းစုက ဘယ်လိုနည်းလမ်းသုံးပြီး ဝင်လုံးခဲ့သလဲ စဥ်းစားကြည့်နေ၏။

သူတို့အားလုံးက တောင့်တင်းသည့် မိသားစုနောက်ခံမရှိဘဲ ဝမ်ရှန်းတာအိုနန်းတော်ကနေ လာခဲ့ကြသည်။ ချီရွှမ်းစုက ကျန်းယွဲ့လုကို ကပ်ပါးရပ်ပါးလုပ်နေခြင်းမျှသာဖြစ်နေမလား။ ချီရွှမ်းစုသည် ရုပ်ရည်သွင်ပြင်အရ သာမန်အထက်မှာ တကယ်ပင်ရှိသော်လည်း သူက ရုပ်ရည်ရူပကာသပ်သပ်ဖြင့် ချူစားနိုင်လောက်အောင် ချောမောခြင်းမရှိပေ။

သူက ဟန်ဆောင်နေခြင်းမျှသာဖြစ်သည်ကို ချီရွှမ်းစုသာ သိရှိထား၏။ သူက သူတော်စင်တစ်ပါးနှင့် သိကျွမ်းဖို့နေနေသာ သူ့ကို ဘယ်သူဖိတ်ခေါ်ခဲ့သလဲပင် မသိရှိပေ။

ဤအချိန်မှာ ဒုတိယအဆင့် ထိုက်ယီတာအိုအကြီးအကဲတစ်ဦးသည် နောက်ကျမှရောက်ချလာ၏။ သူက အခြားသောအထူးဧည့်သည်များကဲ့သို့ ဘေးဘက်တံခါးကနေ ဝင်ရောက်ခြင်းမရှိဘဲ ပင်မဝင်ပေါက်ကနေ ညီလာခံခန်းမထဲသို့ လျှောက်လှမ်းဝင်ရောက်လာ၏။

လူတိုင်းက ထိုင်ခုံများမှာ နေရာယူထားကြပြီဖြစ်ပြီး ပင်မဝင်ပေါက်ကို ကျောပေးထားကာ ဤသူတော်စင်ရောက်ရှိလာခြင်းကို သတိမထားမိကြပေ။

ဤနေရာကို တာဝန်ယူထားသည့် တာအိုဆရာတချို့ကသာ ကြာပန်းသရဖူနှင့် သူတော်စင်ကို တွေ့မြင်သွားကြ၏။ သူတို့က တုန်လှုပ်သွားပြီး သူ့ကို ဦးညွှတ်နှုတ်ဆက်တော့မည့်ဆဲဆဲမှာ သူက တိုးတိုးတိတ်တိတ်နေရန် သူ့နှုတ်ခမ်းဝမှာ လက်ညှိုးကပ်ပြလိုက်၏။

တာအိုဆရာများက အသံတစ်ချက်မထွက်ရဲတော့ဘဲ ညီလာခံခန်းမထဲသို့ သူတော်စင်ဝင်ရောက်ဖို့ လမ်းဖယ်ပေးလိုက်ကြ၏။

သူတော်စင်က လှည့်ပတ်ကြည့်ရှုပြီးနောက် ထောင့်တစ်နေရာမှ လူငယ်စုံတွဲကို တွေ့မြင်သွား၏။ သူက ညင်သာစွာပြုံး၍ သူတို့ရှိရာသို့ တိတ်တဆိတ်လျှောက်လှမ်းသွား၏။ သူ့ဘေးသို့ သူတော်စင်ရောက်ရှိမလာခင်အချိန်ထိ ချီရွှမ်းစုက ထိုလူ၏ တည်ရှိမှုကို သတိမထားမိခဲ့ပေ။

သို့သော်လည်း ချီရွှမ်းစုကို အာရုံစိုက်ထားသည့်လူတချို့က ဤသူတော်စင်ကို သတိထားမိကြသည်။ လျှို့ဝှက်ဆန်းကြယ်မှုက သူ့ဘာသာသူ နောက်ဆုံးမှာ ပေါ်ထွက်လာပြီဖြစ်၏။ ဤသူတော်စင်သည် ချီရွှမ်းစုကို ဖိတ်ခေါ်ခဲ့သည့်သူ ဖြစ်ရပေမည်။

ထန်ထိုက်ချုံးက ခပ်တိုးတိုး မေးလိုက်၏။

“ယွီယွဲ့… အဲဒီသူတော်စင်ကိုသိလား”

ကျန်းယွီယွဲ့က သူတော်စင်ကို စေ့စေ့စပ်စပ်ကြည့်ပြီး ခေါင်းခါပြလိုက်၏။

“ကျွန်မ သူ့ကိုမသိဘူး… ဒါပေမဲ့ သူက ဦးလေး ၁၃ နဲ့ မိတ်ဆွေတွေဖြစ်တဲ့ပုံပဲ”

ကျန်းကျွီဖျင်သည် သူ့မျိုးဆက်မှာ အဆင့် ၁၃ တွင် ရပ်တည်ပြီး ကျန်းကျွီရှီက အဆင့် ၁၂ ဖြစ်သည်။

ထန်ထိုက်ချုံးက ခေါင်းညိတ်ပြီး ဘာမှမပြောတော့ပေ။

ဝမ်ရှို့ဝူနှင့် ယွဲ့လျှိုလီကလည်း ဤသူတော်စင်ကို တွေ့မြင်ရပြီး အံ့အားသင့်သွားကြ၏။

ဝမ်ရှို့ဝူက ခပ်တိုးတိုးပြောလိုက်၏။

“အဲဒါ သူတော်စင်ဖေးပဲ”

ယွဲ့လျှိုလီက တည်တံ့သွား၏။

“သူက သူတော်စင်ဖေးနဲ့ တကယ်ပဲ မိတ်ဆွေတွေဖြစ်နေတာလား”

ချီရွှမ်းစုကလည်း အမှတ်မထင်ဆုံတွေ့ခဲ့သည့် ဤလူကို မှတ်မိသည့်အတွက် အံ့အားသင့်သွား၏။ ဤသူတော်စင်၏ နာမည်က ဖေးရှောင်လိုဖြစ်သည်ကို ချီရွှမ်းစုက မှတ်မိနေဆဲဖြစ်သည်။

ချီရွှမ်းစု ပထမဆုံးလိုက်ပါစီးနင်းသည့် ဝေဟင်ပျံသင်္ဘောပေါ်မှာ သူတို့ တွေ့ဆုံခဲ့ကြသည်။

အစတုန်းက ဖေးရှောင်လိုသည် တတ်ယောင်ကားဆရာတစ်ဦးဖြစ်မည်ဟု ချီရွှမ်းစုက တွေးထင်ခဲ့၏။ ထိုလူက ဒုတိယအဆင့် ထိုက်ယီတာအိုအကြီးအကဲတစ်ဦးဖြစ်လိမ့်မည်ဟု သူဘယ်တုန်းကမှ မထင်မြင်မိခဲ့ပေ။ ဖေးရှောင်လိုက တန်ခိုးရှင်သူတော်စင်တစ်ပါးမဟုတ်လျှင်တောင် သူ့ကို ဆရာကြီးတစ်ပါးဟု ခေါ်ဆိုရဦးမည်ဖြစ်သည်။

ဒါ့အပြင် အရင်က သူ့ကို ဖေးရှောင်လိုပြောခဲ့သည်က ပေါက်တတ်ကရ မဟုတ်ပေ။ သူက တဲ့တိုးဆန်သောလူဖြစ်ပြီး သူ၏ ပုံပန်းသဏ္ဌာန်ကြောင့် ချီရွှမ်းစုက သူ့အပေါ် မကောင်းမြင်စိတ်ပိုခဲ့ခြင်းဖြစ်သည်။

ဤအချိန်မှာ ဝေဟင်ပျံသင်္ဘောပေါ်တွင် သူ့အား ဖေးရှောင်လိုပြောခဲ့သည့်စကားများကို ချီရွှမ်းစုက အမှတ်ရသွားသည်။

[“ကျုပ်က ထွန်းတောက်တဲ့ တပည့်ဂိုဏ်းသားတစ်ယောက်တော့ မဟုတ်ခဲ့ဘူး… ကျုပ်ဘဝရဲ့ အစောပိုင်းနှစ်တွေမှာ ချုံးယန်ထာဝရနန်းတော်မှာ သင်ယူလေ့လာခဲ့တယ်… ကျုပ်က အတတ်ပညာတချို့ရရှိပြီးတဲ့နောက် လောကကို ကူညီပေးပြီး နောက်ထပ်အတတ်ပညာတွေကို ရှာမှီးဖို့ နန်းတော်ကနေ ထွက်ခွာခိုင်းခံရတယ်။”

“တစ်နေ့မှာ ကျုပ်က မြစ်ကမ်းပါးနံဘေးမှာ သူတော်စင်တန်ဟွားနဲ့ အမှတ်မထင်ကြုံတွေ့ခဲ့ရတယ်… သူတော်စင်တန်ဟွားက ကျုပ်နဲ့ အထုံရေစက်ပါတယ်လို့ ခံစားရပြီး ကျုပ်ကို ထိုက်ဝေပညာရပ် သင်ကြားပေးခဲ့တယ်… ကျုပ်အဲဒါကို မဆုတ်မနစ် သင်ယူလေ့ကျင့်နေသရွေ့ ကျုပ်က ကောင်းကင်ဘုံဆီ တက်လှမ်းရာလမ်းကို မြင်တွေ့နိုင်လိမ့်မယ်။”

“ကံဆိုးစွာနဲ့ပဲ ကျုပ်က အဲဒီပညာရပ်ကိုလေ့ကျင့်ဖို့ အားနည်းလွန်းနေခဲ့တယ်… ဒါပေမဲ့ ကျုပ်က ကောင်းချီးပေးခံရပြီး ချီကျိုးဆီ သွားတဲ့ခရီးမှာ သူတော်စင်တန်ဟွားနဲ့ ထပ်ပြီးဆုံခဲ့တယ်… ကျုပ်က ခရမ်းရောင်ကြယ်နက္ခတ်ဗေဒင်နဲ့ပတ်သက်ပြီး သူတော်စင်တန်ဟွားဆီကနေ အကြံဉာဏ်တောင်းခဲ့တယ်… ကျုပ်က ကံကောင်းတဲ့လူတစ်ယောက်ဖြစ်တယ်လို့ ခင်ဗျားမထင်ဘူးလား”]

ချီရွှမ်းစုကိုကြည့်ပြီး ဖေးရှောင်လိုက ရယ်မောကာပြောလိုက်၏။

“နောက်ဆုံးတစ်ခေါက်တုန်းက မင်းရဲ့ကံကြမ္မာအကြောင်းမပြောလိုက်ရဘူး.. ငါမင်းကို အဲဒီအကြောင်းပြောပြပြီးရင် အဲဒါက ဘယ်လောက်မှန်ကန်တယ်လို့ မင်းထင်လဲ ပြောလို့ရတယ်”

ချီရွှမ်းစုက မေးလိုက်၏။

“ခင်ဗျားရဲ့လက်တွဲဖော် ဘာလို့ပါမလာတာလဲ”

သူက ဖေးရှောင်လို၏ ဇနီးကို ရည်ရွယ်ပြောဆိုခြင်းဖြစ်၏။ ဝေဟင်ပျံသင်္ဘောပေါ်မှာတုန်းက ဖေးရှောင်လိုနောက်ကိုပြေးလိုက်သွားသည့် ထောင်ထောင်မောင်မောင်းအမျိုးသမီးကို သူမှတ်မိနေဆဲပင်။

ထိုသို့သူမေးလိုက်သည်နှင့် စကားမှားသွားပြီကို ချီရွှမ်းစုက သိရှိလိုက်၏။

ဖေးရှောင်လို၏ မျက်နှာက မာတောင့်တောင့်ဖြစ်သွားပြီး သူက ညင်သာစွာချောင်းဟန့်လိုက်၏။

“အင်း… သူ တက်ရောက်စရာကိစ္စတချို့ရှိလို့ ကျောက်စိမ်းနေပြည်တော်မှာ ကျန်နေခဲ့တယ်”

ချီရွှမ်းစုက အလျင်အမြန် စကားလမ်းကြောင်းပြောင်းလိုက်၏။

“ဒါနဲ့… နောက်ဆုံးတစ်ခေါက်တုန်းက ဝေဟင်ပျံသင်္ဘောပေါ်ကနေ ခင်ဗျားဆင်းသွားတာကို ကျုပ်ဘာလို့မမြင်လိုက်ရတာပါလိမ့်။”

ဖေးရှောင်လို၏ အမူအရာက အေးစက်တောင့်တင်းသွား၏။

“ငါ့မှာ အရေးပေါ်ကိစ္စရှိလို့ ကျောက်စိမ်းနေပြည်တော်ကို တိုက်ရိုက်ပျံသန်းသွားခဲ့တာ”

အဲဒါက အလိမ်အညာဖြစ်သည်ကို ချီရွှမ်းစု ခပ်ရေးရေးခန့်မှန်းမိ၏။ ဖေးရှောင်လိုက သူ့ဇနီးကိုရှောင်နေခဲ့ခြင်းသာဖြစ်လောက်သည်။

ဖြစ်ပျက်ခဲ့သည့်အရာကိုမသိရှိသော ကျန်းယွဲ့လုပင်လျှင် ဖေးရှောင်လို၏ အိုးတိုးအမ်းတမ်းအမူအရာကို သတိထားမိသွား၏။ သူမက ချီရွှမ်းစု၏ လက်ကိုဆိတ်ပြီး ပေါက်တက်ကရဆက်မပြောဖို့ သတိပေးလိုက်၏။

ချီရွှမ်းစုက ညင်သာစွာချောင်းဟန့်ပြီး ထိုအကြောင်းကို ဆက်လက်၍မပြောဆိုတော့ပေ။

ဖေးရှောင်လိုက စိတ်ဆိုးဒေါသထွက်ခြင်းမရှိဘဲ အနည်းငယ်ရှက်သွားရုံသာဖြစ်၏။ ခဏနေပြီးနောက် သူက ဣန္ဒြေပြန်ဆယ်လိုက်၏။

“ဒါနဲ့… နောက်ဆုံးတစ်ခေါက် ငါတို့ဆုံတွေ့ခဲ့တုန်းက ကံကြမ္မာဖတ်တဲ့အကြောင်း ငါနည်းနည်းပါးပါးသိတယ်လို့ မင်းကို ပြောခဲ့တယ်မလား… ဒါပေမဲ့ ထွက်လာတဲ့အဖြေကို ငါမင်းကို ပြောဖို့ အခွင့်အရေးမရလိုက်ဘူး… မင်းအဲဒါကို အခုကြားချင်လား”

ချီရွှမ်းစုက ခေါင်းညိတ်ပြလိုက်၏။

“ကြားချင်တာပေါ့”

ဖေးရှောင်လိုက ကျန်းယွဲ့လုအပါအဝင် သူတို့သုံးယောက်သာကြားနိုင်မည့် အသံလုံအတားအဆီးတစ်ခုကို ခင်းကျင်းလိုက်၏။ သူက ချီရွှမ်းစု၏ မျက်နှာကို အကဲခတ်ကြည့်ပြီး ပြောလိုက်သည်။

“မင်းတို့နှစ်ယောက်ရဲ့ သွင်ပြင်လက္ခဏာအရဆို မင်းတို့တွေက ထူးခြားဆန်းကြယ်တဲ့ကံကြမ္မာနဲ့ တောက်ပတဲ့အနာဂတ်ကို ရကြလိမ့်မယ်”

ဤအချိန်မှာ သူရှေ့မှလူသည် ကြာပန်းသရဖူဆောင်းထားသည့် တတ်ယောင်ကားဆရာတစ်ဦးဖြစ်မည်ဟု ချီရွှမ်းစု အမှန်တကယ် ခံစားမိလာ၏။

ကျန်းယွဲ့လုက ပြုံး၍မေးလိုက်၏။

“ရှင်ဘာလို့ ဒီလိုပြောနိုင်ရတာလဲ”

ဖေးရှောင်လိုက သူ၏ မုတ်ဆိတ်ကို ညင်သာစွာသပ်ပြီး မမေးသော မေးခွန်းကို ဖြေလိုက်၏။

“မိန်းကလေးကျန်း… မင်းက ထျန်ဖူဂြိုဟ်နဲ့ မွေးဖွားလာတယ်လို့ မင်းရဲ့ဘဝစံအိမ်ကပြနေတယ်… မင်းက အသေးအဖွဲ့ကိစ္စတွေကို ဂရုစိုက်တတ်တဲ့သူမဟုတ်ဘူး… ပိုပြီးတော့ ကြီးမားတဲ့အရာတွေကို အာရုံစိုက်ထားတတ်တယ်”

သူက ချီရွှမ်းစုကိုကြည့်ပြီး ထပ်ပြောလိုက်၏။

“တာအိုဆရာချီ… မင်းက လျန်ကျန်းဂြိုဟ်နဲ့မွေးဖွားလာတယ်လို့ မင်းရဲ့ဘဝစံအိမ်က ပြနေတယ်… မင်းက ပြတ်သားတယ်၊ စိတ်ဓာတ်မာတယ်၊ ကိုယ့်အားကိုယ်ကိုးတတ်တယ်”

ဖေးရှောင်လိုက ရှင်းပြလိုက်၏။

“ထျန်ဖူဂြိုဟ်က လျန်ကျန်းဂြိုဟ်နဲ့ တွဲဖက်သွားတဲ့အခါ ဥစ္စာဓနနဲ့ မြင့်မားတဲ့အဆင့်အတန်း နှစ်ခုစလုံးကို ညွှန်ပြတယ်… မင်းတို့နှစ်ယောက်စလုံးက ပစ္စည်းဥစ္စာတွေနဲ့ မြင့်မားတဲ့လူမှုအဆင့်အတန်းကိုရကြလိမ့်မယ်… တခြားသူတွေ အားကျရတဲ့ များပြားလှတဲ့ ဝင်ငွေလည်းရှိလာလိမ့်မယ်”

“မိန်းကလေးက သစ္စာရှိပြီး တည်ကြည်တယ်… ချမ်းသာကြွယ်ဝတဲ့ မိသားစုကနေ ဆင်းသက်လာပြီး မြင့်မြတ်တဲ့ပုဂ္ဂိုလ်တွေနဲ့ ဆွေမျိုးတွေဆီကနေ အထောက်အပံ့ကောင်းကောင်းရမယ်… လျန်ကျန်းဂြိုဟ်ကတော့ ငယ်ရွယ်စဥ်မှာ ခက်ခဲကြမ်းတမ်းလိမ့်မယ်… ဒါပေမဲ့ အသက်သုံးဆယ်ကျော်လာရင်တော့ ထင်ရှားပေါ်လွင်လာလိမ့်မယ်… ဂြိုဟ်တွေက ပေါင်းစည်းသွားတဲ့အခါ လျန်ကျန်းဂြိုဟ်နဲ့ ထျန်ဖူဂြိုဟ်နှစ်ခုစလုံးက သူတို့ရဲ့အချုပ်အနှောင်တွေကနေ ရုန်းထွက်ပြီး နောက်ဆုံး သူတို့ရဲ့ဘဝလမ်းကြောင်းမှာ အောင်မြင်လာကြလိမ့်မယ်”

“ထျန်ဖူဂြိုဟ်က ဥစ္စာဓနနဲ့ ဂုဏ်ထူးတွေရဲ့ ကောင်းချီးပေးတာခံရမယ်… သူက ပါရမီအရည်အချင်းတွေရှိပေမဲ့ ရှေးရိုးဆန်ပြီးတော့ သိုသိုသိပ်သိပ်နေတတ်တယ်… ဒါပေမဲ့ လျန်ကျန်းဂြိုဟ်နဲ့ တွဲမိပြီးတဲ့နောက် ထျန်ဖူဂြိုဟ်က ပိုပြီးတော့ လက်တွေ့ဆန်လာမယ်… ပိုပြီးတော့ တည်ငြိမ်လာမယ်… တစ်ဘက်မှာ ထျန်ဖူဂြိုဟ်က လျန်ကျန်းဂြိုဟ်ရဲ့ ဆိုးဝါးတဲ့အရာတွေကို ထိန်းကျောင်းပေးပြီး မကောင်းတဲ့သက်ရာက်မှုတွေကို ဖယ်ရှားပေးလိမ့်မယ်… အဲဒါက တကယ့်ကိုကောင်းမွန်လှတဲ့ အတွဲအဖက်ပဲ။”

အခန်း ၁၇၀ - မိတ်ဆွေဟောင်း

ချီရွှမ်းစုက ဖေးရှောင်လို၏ ဖြေရှင်းချက်ကို နားထောင်ပြီးနောက် သူ၏ ထင်မြင်ချက်ကို ဖော်ပြခြင်း မရှိပေ။ တစ်ဖက်မှာ ကျန်းယွဲ့လုက ပြောလိုက်၏။

“ပညာရှိ… ရှင့်ရဲ့ ကံကြမ္မာဖတ်က အတော်လေး တိကျတာပဲ... အဲဒီအတိုင်း အမှန်တကယ် ဖြစ်လာပါစေ”

ဖေးရှောင်လိုက ရယ်မောလိုက်၏။

“မင်းက တခြားသူတွေကို အလွယ်တကူ မချီးကျူးတတ်ဘူးလို့ ငါကြားတယ်... မင်းရဲ့အထက်လူကြီးတွေနဲ့ အကြီးအကဲတွေတောင် မရဘူးတဲ့... ဒီနေ့ မင်းဆီကနေ ဒီလို အသိအမှတ်ပြုမှုကို ရရှိတာ ငါ့အတွက် ဂုဏ်ယူစရာပဲ”

ကျန်းယွဲ့လုက ရယ်မောလိုက်၏။

“ရှင်က ချဲ့ကားပြောဆိုနေတာပဲ”

ချီရွှမ်းစုက မဝံ့မရဲဖြင့် မေးလိုက်သည်။

“ပညာရှိ... ခင်ဗျားတို့က ထိုက်ဖျင်ဂိုဏ်းကို တုံ့ပြန်တဲ့အနေနဲ့ ဒီတစ်ခေါက် ယွင်ကျင်းတောင်ကို ရောက်လာကြတာလား”

“ဟုတ်တယ်”

ဖေးရှောင်လိုက ထိုကိစ္စကို ဖုံးကွယ်မထားပေ။

“ထိုက်ဖျင်ဂိုဏ်း... အထူးသဖြင့် လီမိသားစုက ရည်မှန်းချက် အရမ်းကြီးတယ်... သူတို့က တတိယမြောက် လီမျိုးဆက်ကို တာအိုဂိုဏ်းတော်ရဲ့ မဟာအကြီးအကဲ ဖြစ်စေချင်နေတာ... အဲဒါက ကျန်းယီဂိုဏ်းနဲ့ ချွမ်ကျန်းဂိုဏ်း မလိုလားတဲ့ အရာပဲ… ရွှမ်အရှင်မြတ် ကိုယ်တိုင်တောင် သူပင်ပင်ပန်းပန်း ကြိုးစားတည်ဆောက်ထားတဲ့ တာအိုဂိုဏ်းတော်ကို မိသားစုတစ်စုက အပိုင်စီးအုပ်ချုပ်မှာကို လိုလားမှာ မဟုတ်ဘူး”

ချီရွှမ်းစုနှင့် ကျန်းယွဲ့လုက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်သော်လည်း မည်သူကမှ မဆင်မခြင် မပြောကြပေ။

ဖေးရှောင်လိုက ဆက်ပြောလိုက်၏။

“ဒါပေမဲ့ သိပ်ပြီးတော့ စိုးရိမ်မနေပါနဲ့... ငါတို့တွေအားလုံးက အကဲစမ်းနေကြရုံပဲ... အမှန်တကယ် စစ်ပွဲဖြစ်လာဖို့ ဝေးပါသေးတယ်... ဒါပေမဲ့ ကံကြမ္မာအယူဝါဒဂိုဏ်းနဲ့ လင်းရှန်စုန်းကဝေအယူဝါဒဂိုဏ်းက လှုပ်ရှားမှုတွေ နောက်တစ်ဖန် ပြုလုပ်လာကြပြီ... ငါတို့ရဲ့ တည်ငြိမ်အေးချမ်းတဲ့ နေ့ရက်တွေက အကန့်အသတ် ရှိလာမှာ စိုးမိတယ်… ထျန်ကန်းခန်းမမှာ ရှိနေတဲ့အတွက် မင်းတို့နှစ်ယောက်က သူတို့နဲ့ ရင်ဆိုင်ရလိမ့်မယ်... မင်းတို့ သွားတာလာတာ သတိထားနေကြရင် အကောင်းဆုံးပဲ”

“သတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ပညာရှိ”

ကျန်းယွဲ့လုက ပြောလိုက်သည်။

“ကျွန်မ ကျောက်စိမ်းနေပြည်တော်မှာ မရှိတာ နည်းနည်းကြာသွားပြီဆိုတော့ သတင်းတွေကို သိပ်လိုက်မမီတော့ဘူး... ကျွန်မရဲ့ အလုပ်စားပွဲပေါ်မှာ လုပ်စရာတွေ တောင်လိုပုံနေတော့မယ် ထင်တယ်”

ဖေးရှောင်လိုက ရယ်လိုက်၏။

“အဲဒါကြောင့်လည်း တန်ခိုးရှင် သူတော်စင်တွေက လက်ထောက်တွေနဲ့ အကူတွေ အများကြီး ထားထားတာပေါ့... သူတို့က စာရွက်စာတမ်းကိစ္စတွေကို တခြားသူတွေနဲ့ လွှဲလိုက်ရုံပဲ”

ကျန်းယွဲ့လုသည် လက်ထောက်များထဲမှ တစ်ဦးဖြစ်ပြီး နားလည်သဘောပေါက်သည်။ တာဝန်ကျအခန်းကို ရောက်သည့်အချိန်တိုင်း ခန်းမသခင်သည် လက်ဖက်ရည်သောက်ခြင်း၊ ပုံဆွဲခြင်းဖြင့် အေးအေးလူလူ ရှိနေတတ်သည်။ သူ့စားပွဲပေါ်မှာ ရှိသည့်အရာ အများစုက သူ့ဝါသနာနှင့်ဆိုင်သော ပစ္စည်းများ ဖြစ်တတ်သည်။ သူက စာရွက်စာတမ်းများကို ဖတ်ရှုနေသည်ကို မတွေ့မြင်ရပေ။ မည်သို့ပင်ဆိုစေ သူမက ခန်းမသခင်ထက် သေချာပေါက် ပို၍အလုပ်များသည်ကို ကျန်းယွဲ့လုက သိရှိထားသည်။

ချီရွှမ်းစုက မေးလိုက်၏။

“နှစ်သစ်ရောက်ရင် မဟာသူတော်စင်လွင်ကျစ်နေရာကို အင်ပါယာဆရာသခင် ယူရမယ့် အလှည့်ပဲ... သူတော်စင် အင်ပါယာဆရာသခင်က တာအိုဂိုဏ်းတော်မှာ ကြီးကြီးမားမား အပြောင်းအလဲတွေ လုပ်လာလိမ့်မယ်လို့ ခင်ဗျား ထင်မိလား”

ဖေးရှောင်လိုက ပြန်ဖြေလိုက်၏။

“မဟာအကြီးအကဲနေရာက လစ်လပ်နေတုန်းပဲ... မဟာအကြီးအကဲထံ လက်အောက်ခံထားတဲ့ ခန်းမကိုးဆောင်က ယာယီအားဖြင့် လက်ထောက်မဟာအကြီးအကဲသုံးဦးရဲ့ အမိန့်အောက်မှာ ရှိနေကြတယ်... ထိုက်ဖျင်ဂိုဏ်း၊ ချွမ်ကျန်းဂိုဏ်းနဲ့ ကျန်းယီဂိုဏ်းက မဟာသူတော်စင်တွေက ပေချန်ခန်းမ၊ ကျိဝေခန်းမနဲ့ ထျန်ကန်းခန်းမတို့ကို အသီးသီး ထိန်းချုပ်ထားကြတယ်”

“သူတို့တွေက တစ်ဖက်နဲ့တစ်ဖက် အကဲခတ်ပြီး မျှခြေကို ထိန်းထားကြတယ်... အဲဒါက ကျောက်စိမ်းနေပြည်တော်ရဲ့ လက်ရှိအနေအထားပဲ... ဒါပေမဲ့ မင်း အချက်တစ်ချက်ကို နားလည်သဘောပေါက်ထားရမယ်... မဟာသူတော်စင်လွင်ကျစ်မှာ ကြီးမားတဲ့ ဩဇာအာဏာ ရှိတယ်ဆိုပေမဲ့ အဲဒါက တကယ့်အစစ်အမှန် မဟာအကြီးအကဲလောက် မမြင့်မားဘူး... မဟာသူတော်စင်သုံးပါးက မဟာအကြီးအကဲအဖြစ် အလှည့်ကျ တာဝန်ယူရတာက သူတို့အတွက် ကန့်သတ်မှုပဲ”

“ကြီးကြီးမားမား ဆုံးဖြတ်ချက်ချစရာ ရှိလာမယ်ဆိုရင် သူတို့က အဲဒါကို တိုင်ပင်ဆွေးနွေးကြလိမ့်မယ်... အဲဒီထဲမှာ ခန်းမသခင်တွေကို ပြောင်းလဲတဲ့ ကိစ္စလည်း ပါဝင်တယ်... မဟာသူတော်စင်လွင်ကျစ်က အခြေအနေတစ်ရပ်လုံးအပေါ် သက်ရောက်မှု သိပ်မရှိတဲ့ လက်ထောက်ခန်းမသခင်တွေကိုပဲ ပြောင်းလဲပေးနိုင်တယ်... ပွင့်ပွင့်လင်းလင်း ပြောရရင် မဟာသူတော်စင်လွင်ကျစ်ရဲ့ အဓိကကဏ္ဍက တာအိုဂိုဏ်းတော်ရဲ့ လက်ရှိအဆင့်အတန်းကို ထိန်းထားဖို့ပဲ”

“ပြီးခဲ့တဲ့နှစ်မှာ ကောင်းကင်ဆရာသခင်နဲ့ မြေကမ္ဘာဆရာသခင်က မဟာသူတော်စင်လွင်ကျစ်နေရာကို နှစ်တစ်ဝက်စီ ယူခဲ့ကြတယ်... အဲဒီအချိန်မှာ သူတို့ထဲ ဘယ်သူကမှ ချွမ်ကျန်းဂိုဏ်းက လူတွေကို ဘာမှမလုပ်ခဲ့ကြဘူး... အကြောင်းရင်းတစ်ခုကတော့ အဲဒီဆရာသခင်နှစ်ပါးက အပြည့်အဝ ပေါင်းစည်းမှု ရှိမနေကြလို့ပဲ... နောက်ထပ် အကြောင်းရင်းကတော့ မဟာသူတော်စင်လွင်ကျစ်မှာ တကယ်ပဲ အဲ့လောက်ထိ မြင့်မားလွန်းတဲ့ ဩဇာအာဏာ မရှိလို့ပဲ”

ချီရွှမ်းစုက အနည်းငယ် စိတ်သက်သာရာ ရသွားသော်လည်း ကျန်းယွဲ့လုသည် လက်ထောက်ခန်းမသခင်တစ်ဦး ဖြစ်သောကြောင့် သူမအတွက် စိုးရိမ်နေဆဲဖြစ်သည်။ မဟာသူတော်စင်လွင်ကျစ်သည် လက်ထောက်မဟာအကြီးအကဲနှစ်ဦးနှင့် သို့မဟုတ် ရွှေနန်းမြင့်မျှော်စင်နှင့် ဆွေးနွေးညှိနှိုင်းခြင်း မရှိဘဲ သူမကို ထုတ်ပယ်နိုင်လေသည်။ ထိုက်ဖျင်ဂိုဏ်း၏ မဟာသူတော်စင်က သူ့မြေးအတွက် လက်စားချေမလာဟု ဘယ်သူက သိနိုင်မှာလဲ။

ဖေးရှောင်လိုက အသံလုံအကာအရံကို ခင်းကျင်းထားသောကြောင့် အပြင်လူများက သူတို့ပြောနေသည့် အကြောင်းအရာများကို မသိရှိကြပေ။ အပေါ်ယံမှာတော့ သူတို့သုံးယောက်က စကားအများကြီး ပြောနေသည့်ပုံရှိသည်။

ဤအချက်သည် ချီရွှမ်းစုနှင့် ဖေးရှောင်လိုအကြား ဆက်ဆံရေးနှင့် ပတ်သက်၍ အခြားသူများကို ပို၍ ဇဝေဇဝါ ဖြစ်လာစေ၏။ သူတို့ စကားပြောနေပုံကို ကြည့်ပြီး သူတို့က တကယ့်ကို မိတ်ဆွေဟောင်းများ ဖြစ်ပုံရသည်။ သို့သော်လည်း ချီရွှမ်းစုက သူတော်စင်တစ်ပါးနှင့် ဘယ်လိုလုပ် အသိအကျွမ်း ဖြစ်နိုင်ပါ့မလဲ။

ထန်ထိုက်ချုံးက ညင်သာစွာ မေးလိုက်၏။

“ယွီယွဲ့... အဲဒီသူတော်စင်ရဲ့ နာမည်က ဘာတဲ့လဲ”

“သူ့မျိုးရိုးနာမည်က ဖေးဖြစ်မယ် ထင်တယ်”

ကျန်းယွီယွဲ့က နာမည်များကို အထူးတလည် မှတ်သားထားလေ့ မရှိပေ။

“ဖေးတဲ့လား... ဟမ့်…”

ထန်ထိုက်ချုံးက သူမဘာသာသူမ ရေရွတ်လိုက်၏။

အစောပိုင်းခေတ်မှာ ဗုဒ္ဓဝါဒနှင့် တာအိုဝါဒသည် ကွန်ဖြူးရှပ်ဝါဒကို ဆန့်ကျင်တိုက်ခိုက်ဖို့အတွက် ပေါင်းစည်းခဲ့ကြသည်။ ဗုဒ္ဓသာဝကများစွာသည် တာအိုဝါဒသို့ ကူးပြောင်းခဲ့ကြ၏။ ဥပမာအားဖြင့် သူတော်စင်စီဟန်၏ မျိုးရိုးသည် ဗုဒ္ဓသာဝကများကနေ ဆင်းသက်လာခြင်း ဖြစ်၏။ နောက်ပိုင်းမှာ ဗုဒ္ဓဝါဒနှင့် တာအိုဝါဒအကြား ကွဲထွက်သွားပြီးနောက် သူတော်စင်စီဟန်၏ ဘိုးဘေးများက တာအိုဆရာများအဖြစ် ဆက်နေဖို့ ရွေးချယ်ခဲ့ကြသည်။

တာအိုနည်းစနစ်များနှင့် ဖွဲ့စည်းပုံများစွာမှာ ပန်းများကြွေနည်းစနစ်၊ ရွှေကြာပန်းနည်းစနစ်၊ ကပ်ဘေးရွှန်းရွှန်းဝေနည်းစနစ်နှင့် စီဟန်ဓားသိုင်းစဉ်မှ ကွမ်ယင်ဓားတစ်ထောင်ကဲ့သို့ ဗုဒ္ဓဝါဒ၏ လွှမ်းမိုးမှုများ ရှိနေသည်။ ဤပညာရပ်များ အားလုံးက ဗုဒ္ဓဝါဒကနေ ဆင်းသက်လာသည်မှာ သိသာနေ၏။

နောက်ပိုင်းမှာ တာအိုဂိုဏ်းတော်က ကွန်ဖြူးရှပ်ကျောင်းတော်ကို အနိုင်ယူခဲ့သည်။ ကွန်ဖြူးရှပ်ဝါဒသည် တာအိုဝါဒ၏ လက်အောက်ခံ ဖြစ်လာခဲ့၏။ ဤအချိန်အတောအတွင်း ကွန်ဖြူးရှပ် တပည့်ဂိုဏ်းသားများစွာက တာအိုဝါဒသို့ ကူးပြောင်းခဲ့ကြသည်။ ဥပမာအားဖြင့် ထန်ထိုက်မိသားစု၊ နင်မိသားစု၊ ဖေးမိသားစုနှင့် ရှဲ့မိသားစုတို့ ဖြစ်ကြသည်။

ထန်ထိုက်ချုံး၏ ဘိုးဘေးများက ကွန်ဖြူးရှပ်ပညာရှိများ ဖြစ်ခဲ့ကြ၏။ ထန်ထိုက်မိသားစုမှာ မွန်မြတ်မဟာသူတော်စင်တစ်ပါးပင် ရှိခဲ့သည်။ ထို့ကြောင့် ထန်ထိုက်ချုံးသည် ကွန်ဖြူးရှပ်နောက်ခံရှိသော မိသားစုများနှင့် ရင်းနှီးကျွမ်းဝင်မှု ရှိလေသည်။

သူတို့ထဲမှာ ဖေးမိသားစုလည်း ပါဝင်သည်။ သူတို့၏ ဘိုးဘေးများက ချီကျိုး၏ လန်လင်းစီရင်စုမှာ နေခဲ့ကြသည်။ သူတို့သည် ကွန်ဖြူးရှပ်တပည့်ဂိုဏ်းသားများ ဖြစ်ခဲ့ကြပြီး မျိုးရိုးစဉ်ဆက် နန်းတွင်းအရာရှိများအဖြစ် အမှုထမ်းခဲ့ကြ၏။ နောက်ဆုံး သူတို့၏ ဘိုးဘေးများထဲမှ တစ်ဦးသည် ရွှမ်အရှင်မြတ်နှင့် တွေ့ဆုံပြီး ရွှမ်အရှင်မြတ်၏တပည့် ဖြစ်လာခဲ့သည်။

ထို့နောက် သူက ရွှမ်အရှင်မြတ်နောက်ကို လိုက်ပြီး တာအိုဂိုဏ်းတော်ကို ပြန်လည်ဖွဲ့စည်းရာမှာ အကူအညီများစွာပေးခဲ့သည်။ သူတို့၏ ရည်မှန်းချက် အောင်မြင်အထမြောက်ပြီးနောက် ဤသူတော်စင်က ဖေးမိသားစုကို ဦးဆောင်ကာ တာအိုဝါဒအဖြစ် ကူးပြောင်းခဲ့လေသည်။

ဖေးမိသားစုသည် သူတော်စင်ခုနစ်ဦး ရှိသော လီမိသားစုနှင့် လောကရှိ မိသားစုကြီးသုံးခုထဲက တစ်ခုအဖြစ် ကျော်ကြားသော ကျန်းမိသားစုကို မယှဉ်နိုင်သော်လည်း သူတို့ကို အထင်သေး၍ မရပေ။

ချွမ်ကျန်းဂိုဏ်းမှာ ဒုတိယ ဩဇာအာဏာရှိသူ သူတော်စင်တန်ဟွားသည်လည်း ဖေးမိသားစုမှ ဖြစ်သည်။ သူတော်စင်တန်ဟွားဆိုသည်မှာ မျိုးဆက်အလိုက် လွှဲပြောင်းယူလာခဲ့သည့် ဘွဲ့တစ်ခု ဖြစ်သည်။ သူ့ဂေဟာသည် ချီကျိုးက ကျင်းအောင်တောင်မှာ တည်ရှိပြီး လန်လင်းစီရင်စုက သူတို့၏ ဘိုးဘေးဇာတိမြေနှင့် သိပ်မကွာဝေးပေ။ ပင်လယ်ပြင်ကို ဖြတ်ကျော်လျှင် မျိုးရိုးအဆက်ဆက် သူတော်စင်ချင်းဝေ နေထိုင်ရာ ဖန်းလိုင်ကျွန်းကို ရောက်လေသည်။ ထိုက်ဖျင်ဂိုဏ်း၏ လက်ရှိမဟာသူတော်စင်သည်လည်း အရင်တုန်းက သူတော်စင်ချင်းဝေဘွဲ့ကို ခံယူခဲ့ဖူးသည်။

သို့သော်လည်း အခြေအနေများက တင်းမာလာစဉ် သူတော်စင်တန်ဟွားက ချီကျိုးသို့ ပြန်သွားခဲ့ပြီး ကျောက်စိမ်းနေပြည်တော်မှာ နေလာခဲ့သည်မှာ အတန်ကြာခဲ့ပြီ ဖြစ်၏။

ညီလာခံခန်းမ၏ အခြားတစ်ဖက်မှာ ဝမ်ရှို့ဝူနှင့် ယွဲ့လျှို့လီက ချွမ်ကျန်းဂိုဏ်းတပည့်သားများ ဖြစ်ကြပြီး ဖေးရှောင်လိုအကြောင်းကို ပို၍သိကြ၏။ သူတော်စင်ဖေးသည် သူတော်စင်တန်ဟွားနှင့် တကယ်ပင် ပတ်သက်ဆက်စပ်နေပြီး သူတို့က ညီအစ်ကိုများ ဖြစ်ကြသည်။ သူက သူတော်စင်တန်ဟွားထက် တစ်ဆင့်သာ နိမ့်သည်။

“ငါတို့ ခန့်မှန်းတာ မှားနေပြီလား... ချီရွှမ်းစုက ချီမိသားစုနဲ့ တကယ်ပဲ ပတ်သက်ဆက်စပ်နေတာလား... ဒါပေမဲ့ ချီမိသားစုက ရှေ့ကို ထွက်မလာဘဲ သူတို့ကိုယ်စား ဘာလို့ သူတော်စင်ဖေးကို လွှတ်ရတာလဲ”

ဝမ်ရှို့ဝူက သူ့ဘာသာသူ မေးခွန်းထုတ်နေ၏။

ယွဲ့လျှို့လီက မျက်မှောင်အနည်းငယ်ကြုတ်လိုက်သည်။

“အဲဒါက ဖြစ်နိုင်တယ်… ဒါပေမဲ့ ကိစ္စတွေက ထင်ထားသလောက် မရိုးရှင်းဘူးလို့ ငါခံစားနေရတယ်”

ဝမ်ရှို့ဝူက သဘောတူလိုက်၏။

“အဲဒါက တကယ်ပဲ မရိုးရှင်းဘူး... ချီရွှမ်းစုက ချီမိသားစုရဲ့ တရားမဝင် သားတစ်ဦး ဖြစ်မယ်ဆိုရင်တောင် သူ့ကို ဝမ်ရှန်းတာအိုနန်းတော်ကို ပို့စရာတော့ အကြောင်းမရှိဘူး... သူတို့က သူ့ကို စွန့်ပယ်ထားပြီးပြီဆိုရင် အခုမှ ဘာလို့ သူတော်စင်ဖေးကို လွှတ်လိုက်ရတာလဲ... သူ့ကို ဘာလို့ မျိုးဆက်တစ်ဦးအဖြစ် အသိအမှတ် မပြုထားတာလဲ”

ယွဲ့လျှို့လီက ခေါင်းခါလိုက်၏။

“အဲဒီအကြောင်းကို ပြောမနေနဲ့တော့... အဲဒီအတွင်းရေးဇာတ်လမ်းကို ငါတို့ သိရင်တောင် ဘာထူးမှာလဲ… ဒီစကားက သူတော်စင်ချီရဲ့ နားဝကို ရောက်သွားမယ်ဆိုရင် ငါတို့ ဒုက္ခရောက်နိုင်တယ်”

ဝမ်ရှို့ဝူက ခေါင်းညိတ်ပြီး ဘာမှ ထပ်မပြောတော့ပေ။ တန်ခိုးရှင် သူတော်စင်တစ်ပါးအကြောင်း နောက်ကွယ်မှာ ပြောဆိုခြင်းက ပြစ်မှုဖြစ်သည်။ တန်ခိုးရှင် သူတော်စင်က စိတ်မကွက်ဘူးဆိုလျှင် သူတို့က အပြစ်တင် ဆုံးမခံရရုံနှင့် ပြီးသွားနိုင်သည်။ သို့သော်လည်း ထိုစကားက တန်ခိုးရှင် သူတော်စင်ကို စော်ကားမိသွားလျှင် သူတို့၏ ဘဝလမ်းကြောင်းက ပျောက်ဆုံးသွားပေလိမ့်မည်။ သူတို့သည် စီကျိခန်းမ၏ ဝိညာဉ်ငြိမ်းချမ်းရေးဌာနသို့ ပို့ဆောင်ခံရနိုင်သည်။

လေလံပွဲကို ဆက်လက်ကျင်းပနေစဉ် သူတော်စင်များနှင့် တတိယအဆင့် ယိုယီတာအိုအကြီးအကဲများက ပစ္စည်းများကို စတင်၍ လေလံဆွဲလာကြသည်။ နောက်ဆုံး ပစ္စည်းနှစ်ခုထဲမှ သစ်သီးနီကို ထိုက်ဖျင်ဒင်္ဂါး ၈၀၀၀ ဖြင့် ချွမ်ကျန်းဂိုဏ်းမှ သူတော်စင်တစ်ပါးထံ ရောင်းချပေးလိုက်သည်။ နောက်ဆုံးပစ္စည်း မှော်သိုလှောင်ပစ္စည်းကိုတော့ ထိုက်ဖျင်ဒင်္ဂါး ၁၅၀၀၀ ဖြင့် ကျန်းကျွီရှုထံ ရောင်းချလိုက်၏။

ဖေးရှောင်လိုက ကျန်းယွဲ့လုဘက်ကို လှည့်ပြောလိုက်သည်။

“မိန်းကလေးကျန်း... ငါ ထျန်းယွမ်နဲ့ နှစ်ယောက်တည်း စကားပြောချင်တယ်”

လေလံပွဲအတွင်း ဖေးရှောင်လိုနှင့် ချီရွှမ်းစုက တစ်ယောက်နှင့်တစ်ယောက်ပို၍ ရင်းနှီးလာကြပြီး ဖေးရှောင်လိုက သူ့ကို တာအိုဆရာချီဟု ဆက်လက်၍ မခေါ်ဆိုတော့ပေ။

ကျန်းယွဲ့လုက ခွန်းတုံ့ပြန်လိုက်၏။

“သူတော်စင်... ရှင် သူ့ကို မေးရမှာလေ… ကျွန်မကို ဘာလို့ မေးတာလဲ… ကျွန်မက သူ့အမေမှ မဟုတ်တာ”

ထိုသို့ပြောပြီးနောက် သူမက ဖေးရှာင်လုံကို ဦးညွှတ်၍ ထထွက်သွားပြီး ဖေးရှောင်လိုနှင့် ချီရွှမ်းစုကို လွတ်လွတ်လပ်လပ် ရှိသွားစေ၏။

သူတို့နှစ်ယောက်တည်း ကျန်ခဲ့သည့်အချိန်မှာ ဖေးရှောင်လိုက ပြောလိုက်သည်။

“ထျန်းယွမ်… မင်းမှာ မေးစရာ မေးခွန်းတွေ အများကြီး ရှိနေမယ်ဆိုတာ ငါသိတယ်… ဒါပေမဲ့ မိန်းကလေးကျန်းရဲ့ ရှေ့မှာ မင်း မမေးနိုင်ခဲ့ဘူးမလား… ကဲ မင်း အခု လွတ်လွတ်လပ်လပ် ပြောလို့ရပြီ”

“ဟုတ်ပါတယ်… ကျုပ် စောစောက အဲဒါကို တကယ်ပဲ မပြောရဲ့ခဲ့ဘူး”

ချီရွှမ်းစုက ပြောလိုက်၏။

သူတို့နှစ်ယောက်က ထရပ်ပြီး ညီလာခံခန်းမ၏ အပြင်ဘက် တိတ်ဆိတ်ငြိမ်သက်သော ဥယျာဉ်တစ်ခုသို့ သွားလိုက်ကြ၏။ ရှန်ချင်းနန်းတော်မှာ လူအများစုကို စိတ်ရှိတိုင်း သွားလာခွင့် ပေးမထားသော်လည်း ဖေးရှောင်လိုက ဧည့်သည်သူတော်စင်တစ်ပါးဖြစ်ပြီး အထူးအခွင့်အရေး ရထားသည်။

သူတို့က ကျောက်ခင်းလမ်းအတိုင်း လမ်းလျှောက်လာစဉ် ချီရွှမ်းစုက စကားလုံးများကို သေသေချာချာ ရွေးချယ်ပြီး စတင်၍ ပြောလိုက်သည်။

“ကျုပ်အနေနဲ့ အဲဒါကို မေးဖို့က သင့်လျော်ပါ့မလားဆိုတာ .....”

“မင်း မေးစရာရှိတာ မေးနိုင်တယ်… ဖြေတာ မဖြေတာကတော့ ငါ့အပိုင်းပဲ”

ဖေးရှောင်လို၏ စိတ်သဘောထားက ဂရုမစိုက်သည့် ပုံစံရှိသည်။

ချီရွှမ်းစုက မေးလိုက်၏။

“ကျုပ်တို့ ပထမဆုံး တွေ့ဆုံခဲ့တာက အမှတ်မထင် ကြုံကြိုက်မှုလား… ဒါမှမဟုတ် ခင်ဗျား အဲဒါကို ကြိုတင်စီစဉ်ထားတာလား”

ဖေးရှောင်လိုက ဤမေးခွန်းကို မျှော်လင့်ထားပုံရပြီး ဖြေပေးလိုက်၏။

“အဲဒါကို အမှတ်မထင် ကြုံကြိုက်မှုလို့ ဆိုနိုင်တယ်… အဲဒီတုန်းက ငါက ကျောက်စိမ်းနေပြည်တော်ကို ပြန်သွားဖို့ ဆုံးဖြတ်ထားပြီးသားပဲ… ဝေဟင်ပျံသင်္ဘောတွေ ပြေးဆွဲတဲ့ အရေအတွက်က အကန့်အသတ် ရှိတဲ့အတွက် ငါတို့နှစ်ယောက် တွေ့ဆုံရဖို့က မလွဲမသွေ ဖြစ်နေခဲ့​ပြီ”

သူက ခဏမျှ ရပ်နားပြီးနောက် ဆက်ပြောလိုက်သည်။

“ငါ မင်းကို တွေ့ပြီးတဲ့နောက် လျစ်လျူရှုထားခဲ့လို့ ရတယ်… ဒါပေမဲ့ အဲဒီအချိန်တုန်းက ငါ မင်းကို စကားလာပြောဖို့ တမင်သက်သက် ဆုံးဖြတ်ခဲ့တယ်”

ချီရွှမ်းစုက တစ်စုံတစ်ရာကို သတိထားမိလိုက်၏။

“ကျုပ်တို့ မတွေ့ဆုံခင်ကတည်းက ခင်ဗျားက ကျုပ်အကြောင်းကို သိထားတယ်လို့ ဆိုလိုတာလား... ဒါပေမဲ့ ကျုပ်က ဘာမှမဟုတ်တဲ့ လူပဲ”

ဖေးရှောင်လိုက ရယ်လိုက်၏။

“တကယ်တော့ အဲဒီမတိုင်ခင် မင်းနာမည်ကို လူတစ်ယောက် ပြောပြထားတာ… သခင်မချီနဲ့ ငါက မိတ်ဆွေဟောင်းတွေပဲ။”

All Chapters