အခန်း (၁၆၁-၁၆၂)
Vol. 17 Ch. 161-162
အခန်း ၁၆၁ - ထန်ထိုက်ချုံး
ကျန်းယွဲ့လုက သူမအဖေပြောချင်သည်ကို နားလည်သဘောပေါက်သည်။
“ကောင်းကင်မှာ နေနှစ်စင်းရှိမနေနိုင်ဘူး”
ချီရွှမ်းစုက မဝင့်မရဲဖြင့်မေးလိုက်သည်။
“ဦးလေး.. ခင်ဗျားက အင်ပါယာနန်းတော်အကြောင်း ပြောနေတာလား”
ကျန်းကျွီချီက ခေါင်းညိတ်ပြီးပြောလိုက်၏။
“အရင် ဝေမင်းဆက်တုန်းက ကွန်ဖြူးရှပ်ကျောင်းတော်က ဖြစ်ရပ်တွေရဲ့နောက်ကွယ်မှာ ပုန်းကွယ်ပြီး အင်ပါယာနန်းတော်ကို ထိန်းချုပ်ခဲ့ကြတယ်… သူတို့ သဘောမကျတာတစ်ခုခု ရှိလာမယ်ဆိုရင် သူတို့က ဧကရာဇ်ကို ပြောင်းလဲပစ်ကျလိမ့်မယ်… ဧကရာဇ်ဆိုတဲ့သူက သူတို့လက်ထဲက ရုပ်သေးရုပ်သာသာပဲ”
သူက အင်ပါယာနန်းတော်၊ ကွန်ဖြူးရှပ်ကျောင်းတော်နှင့် တာအိုဂိုဏ်းတော်၏ သမိုင်းကြောင်းများကို ပြောပြနေ၏။
[ကွန်ဖြူးရှပ်ဝါဒသည် ဝေမင်းဆက်နှင့် ခွဲခြားမရအောင် ပေါင်းစည်းနေခဲ့သည်။ ကွန်ဖြူးရှပ်များက တိုက်ရိုက်ဝင်ရောက်စွက်ဖက်ခြင်းမရှိသော်လည်း သူတို့သည် အရပ်ဖက်ဆိုင်ရာအရာရှိများနှင့် တိတ်တိတ်ပုန်းနည်းလမ်းများစွာကနေတစ်ဆင့် တော်ဝင်မိသားစုအပေါ် ကန့်သတ်ချုပ်ချယ်မှုများ ပြုလုပ်ထားကြသည်။
ယခင်ဧကရာဇ်များ ထိုက်ကျူးနှင့် ထိုက်ကျုံးတို့လက်ထက်က တော်ဝင်မိသားစုကို နောက်ခံပေးထားသည့် ဆွေကြီးမျိုးကြီးများက အရပ်ဘက်ဆိုင်ရာအရာရှိများနှင့် ယှဥ်နိုင်လောက်အောင် ဩဇာညောင်းသည့်အတွက် အခြေအနေက ထိန်းချုပ်၍ ရနေခဲ့သေးသည်။
သို့သော်လည်း ဧကရာဇ်ယန်ကျုံးနှင့် ရွှမ်ကျုံးတို့ လက်ထက်များမှာ အရပ်ဘက်ဆိုင်ရာအရာရှိများက ဆွေကြီးမျိုးကြီးစစ်ဘက်ဆိုင်ရာအရာရှိများကို တဖြည်းဖြည်းဖိနှိမ်လာခဲ့သည်။ ဧကရာဇ်ရှန်ကျုံး၊ ရှောင်ကျုံးနှင့် ဝူကျုံးတို့လက်ထက်များမှာ အရပ်ဘက်ဆိုင်ရာအရာရှိများ၏ ဩဇာအာဏာက အထွတ်အထိပ်ကို ရောက်ရှိလာခဲ့သည်။ ဧကရာဇ်ရွှမ်ကျုံးကလွဲလျှင် ဧကရာရှောင်ကျုံးနှင့် ဧကရာဇ်ဝူကျုံးတို့၏ သေဆုံးမှုများအားလုံးက ကွန်ဖြူးရှပ်များနှင့် ပတ်သက်ဆက်စပ်နေ၏။
ဥပမာအားဖြင့် ထိုစဥ်တုန်းက အင်ပါယာဆေးဝါးရုံးမှ သမားတော်ခေါင်းဆောင်က ကွန်ဖြူးရှပ်သူလျှိုတစ်ဦးဖြစ်သည်။ သူက ဧကရာဇ်နှစ်ပါးကို အောင်မြင်စွာဆက်တိုက်လုပ်ကြံနိုင်ခဲ့၏။ သို့သော်လည်း သူက မထိမခိုက်လွတ်မြောက်နိုင်ခဲ့လေသည်။ ထိုစဥ်တုန်းက ပြည်နယ်ဝန်ကြီးသည် အင်ပါယာသမားတော်ခေါင်းဆောင်နှင့် အချေအတင်ဖြစ်ပြီးနောက် ထိုသူသည် ရုံးကနေ ဖြုတ်ချခံခဲ့ရသည်။
ဧကရာဇ်ရှစ်ကျုံးသည် ထီးနန်းအမွေကိုဆက်ခံခဲ့သည့် အပြင်လူတစ်ယောက်ဖြစ်ခဲ့သည်။ သူက နန်းတော်မှာ ဖွားမြင်ခဲ့ခြင်းမဟုတ်ပေ။ သူက မြေကမ္ဘာဆရာသခင် ရှူဝူကွေ့၏ ညီဖြစ်သည်။ သူတို့နှစ်ယောက်စလုံးက လိမ်မာပါးနပ်ကြသော်လည်း ဧကရာဇ်ရှစ်ကျုံးက ကွန်ဖြူးရှပ်များ၏ ထိန်းချုပ်ခြင်းခံခဲ့ရ၏။
ဧကရာဇ်ရှစ်ကျုံး၏ ဆရာလည်းဖြစ်၊ မဟာဗျူဟာမှူးလည်းဖြစ်သူက ဧကရာဇ်ရှစ်ကျုံးနန်းတက်နိုင်အောင် ကြီးမားစွာ ကူညီထောက်ပံ့ပေးခဲ့သည်။ ဧကရာဇ်ရှစ်ကျုံးသည် သူ့ကို တော်ဝင်မိသားစု၏ မဟာသမိုင်းပညာရှင်ရာထူးကနေ နန်းတွင်းဝန်ကြီးများအဖွဲ့၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ထုံးတမ်းစဥ်လာရေးရာ ဝန်ကြီးအဖြစ် တိုးမြှင့်ပေးခဲ့သည်။ သို့သော်လည်း သူက လေးလအတွင်း အပြင်းအထန်ဖျားနာပြီး ကွယ်လွန်သွားခဲ့သည်။
ဧကရာဇ်ရှစ်ကျုံးက အသက်၁၄ နှစ်မှာ နန်းတက်ခဲ့သော်လည်း ဆယ်နှစ်ကျော်ကြာပြီးတာတောင် သူ့မှာ အမွေဆက်ခံသူရှိမလာခဲ့ပေ။ သူက တာအိုဂိုဏ်းတော်ကနေ အကူအညီယူ၍ တာအိုဆေးလုံးများကို မှီဝဲပြီးနောက် နောက်ဆုံးမှာ အသက် ၂၆ နှစ်တွင် သူ၏ ပထမဆုံးသားကို ရရှိခဲ့သည်။ ဧကရာဇ်ရှစ်ကျုံးသည် တာအိုဂိုဏ်းတော်ထံမှ အကူအညီသွားတောင်းခဲ့ခြင်းမရှိလျှင် သူက အမွေဆက်ခံသူမရှိဘဲ ကွယ်လွန်သွားသည့် ဧကရာဇ်ဝူကျုံး၏ နောက်ကို လိုက်ရပေလိမ့်မည်။
ထိုသို့ဆိုလျှင်တောင် ဧကရာဇ်ရှစ်ကျုံး၏ အကြီးဆုံးသားနှင့် ဒုတိယသားတို့က ဆက်တိုက်သေဆုံးသွားခဲ့သည်။ ဧကရာဇ်ရှစ်ကျုံးမှာ သား ၈ ယောက်နှင့် သမီး ၅ ယောက်ရှိသော်လည်း သူ အသက်အရွယ်အိုမင်း၍ ကွယ်လွန်သွားသည့်အချိန်မှာ သူ့တွင် သားတစ်ယောက်နှင့် သမီးတစ်ယောက်သာကျန်ခဲ့သည်။ ကျန်ကလေးများက သေဆုံးသွားခဲ့ကြပြီဖြစ်သည်။ သာမန်မိသားစုများမှာပင် ဤမျှအထိ အရွယ်မတိုင်ခင် ကလေးများစွာသေဆုံးခြင်းက တကယ့်ကို ရှားရှားပါးပါးဖြစ်သည်။]
“နောက်ပြီး ဧကရာဇ်ရှစ်ကျုံးက နန်းတွင်းအာဏာသိမ်းမှုတွေ၊ လုပ်ကြံသတ်ဖြတ်ကြိုးပမ်းမှုတွေနဲ့ ရင်ဆိုင်ခဲ့ရတယ်… သူက သေဘေးကနေ ပွတ်ကာသီကာလွတ်မြောက်ခဲ့တယ်… သူက အိပ်ရာထဲလဲသွားပြီး သေတော့မယ့်အချိန်မှာ လူတိုင်းက အကြောင်းပြချက်အမျိုးမျိုးပေးပြီး သူ့ကို ဘယ်သူကမှ ကယ်တင်မပေးကြဘူး.. ကံကောင်းစွာနဲ့ တာအိုဆရာသူတော်စင်တစ်ပါးက ဧကရာဇ်ရှစ်ကျုံးကို ကယ်တင်ပေးခဲ့တယ်”
“လအတော်များများကြာပြီးတဲ့နောက် အဲဒီတာအိုဆရာသူတော်စင်က ရုတ်တရက် ကွယ်လွန်သွားခဲ့တယ်… သူက ကြောက်လန့်ပြီး သေသွားတယ်လို့ သတင်းထွက်လာတယ်”
“နန်းတော်ထဲမှာ မီးလောင်တာနဲ့ ရေနစ်တာလို မတော်တဆဖြစ်ရပ်တွေအများကြီးလဲ ရှိနေခဲ့တယ်… အဲဒီဖြစ်ရပ်တွေအများကြီးမှာ အားလုံးက တကယ်ပဲ မတော်တဆဖြစ်တာလား… အဲဒီကနေ ကြည့်မယ်ဆိုရင် ကွန်ဖြူးရှပ်တွေက အင်ပါယာနန်းတော်ကို ဘယ်လောက်ထိ ထဲထဲဝင်ဝင်ထိန်းချုပ်ထားလဲ တွေ့ရလိမ့်မယ်… ဒါပေမဲ့ ဧကရာဇ်တွေကလည်း ဖီးနစ်စိမ်းတပ်ဖွဲတွေ… မိန်းမစိုးတွေနဲ့ ပြန်ပြီးတော့ တိုက်ခိုက်ခဲ့ကြတာပဲ… တာအိုဂိုဏ်းတော်ရဲ့ ထောက်ပံ့မှုကိုတောင်မှ ယူခဲ့ကြတယ်”
“အင်ပါယာနန်းတော်နဲ့ ကွန်ဖြူးရှပ်တွေက သူတစ်ပြန်ကိုယ်တစ်ပြန် ရုန်းကန် တိုက်ခိုက်နေခဲ့ကြတယ်… အတိုင်းအတာတစ်ခုထိတော့ သူတို့က ကွန်ဖြူးရှပ်ဝါဒရဲ့လွှမ်းမိုးမှုကို ဖိနှိမ်နိုင်ခဲ့ကြတယ်… ရလဒ်အနေနဲ့ တာအိုဂိုဏ်းတော်က နန်းတွင်းနိုင်ငံရေးတွေထဲမှာ ပါဝင်လာနိုင်ပြီး နောက်ပိုင်း ကွန်ဖြူးရှပ်ဝါဒကို လွှမ်းမိုးဖို့ တာအိုဝါဒရဲ့ အခြေခံအုတ်မြစ်ကို ချခင်းနိုင်ခဲ့ကြတယ်”
ကျန်းယွဲ့လုက ဤအကြောင်းများကို သိရှိထားခဲ့ပြီးသားဖြစ်ပြီး သူမက အံ့အားသင့်သွားခြင်းမရှိပေ။ သူမက လက်ဖက်ရည်ကိုသာ သောက်ပြီး အနည်းငယ် ပျင်းရိငြီးငွေ့နေပုံပေါ်သည်။
တစ်ဘက်မှာတော့ ချီရွှမ်းစုသည် ဤဇာတ်ကြောင်းများကို ပထမဆုံးအကြိမ်ကြားဖူးခြင်းဖြစ်သည်။ သူက တုန်လှုပ်နေပြီး ကျန်းကျွီချီဘာဆက်ပြောမည်ကို ခပ်ရေးရေးခန့်မှန်းမိနေ၏။
ကွန်ဖြူးရှပ်များက ဤဖြစ်ရပ်များ၏ နောက်ကွယ်ကနေ ဝေမင်းဆက်ကို ထိန်းချုပ်ခဲ့ကြပြီး ထိုသို့ဖြင့် တာအိုဂိုဏ်းတော်က မဟာရွှမ်မင်းဆက်ကို ထိန်းချုပ်လာနိုင်ခဲ့ခြင်းဖြစ်သည်။
မဟာရွှမ်ဧကရာဇ်များကရော တာအိုဝါဒကို ဘယ်လိုမြင်မလဲ။
ချီရွှမ်းစုက သက်ပြင်းချပြီး ကျန်းယွဲ့လု၏ စကားကို ဆက်ပြောလိုက်၏။
“ကောင်းကင်မှာ နေနှစ်စင်းမရှိနိုင်ဘူးပဲ”
ကျန်းကျွီချီက ပြုံးနေခြင်းမရှိတော့ပေ။
“ကောင်းကင်မှာ နေတစ်စင်းပဲရှိတယ်… ဒါပေမဲ့ နေအပြင် လောကကို အလင်းပေးမယ့် လတစ်စင်းလည်းရှိနေတယ်”
ချီရွှမ်းစုသည် ဝမ်ရှန်းတာအိုနန်းတော်ကနေ အတော်များများကို သင်ယူခဲ့သော်လည်း သူက ကိုယ်ကာယလေ့ကျင့်ခြင်းမှာသာ အာရုံစိုက်ခဲ့ပြီး စာပေပညာမှာ သိပ်ပြီး ကျွမ်းကျင်မှုမရှိပေ။ သို့သော် ကျန်းကျွီချီပြောချင်သည့်အရာကို သူက နားလည်နေဆဲဖြစ်၏။
“ဦးလေး… မြစ်တစ်ထောင်မှာ လရဲ့ရောင်ပြန်ဟပ်မှုဆိုတဲ့ ကွန်ဖြူးရှပ်အခြေခံသဘောတရားကို ခင်ဗျားပြောနေတာလား”
ကျန်းကျွီချီက ချီရွှမ်းစုကို ချီးကျူးလိုစိတ်ဖြင့် တစ်ချက်ကြည့်လိုက်၏။
“ဟုတ်တယ်… မြစ်ထဲမှာ လရဲ့ရောင်ပြန်ဟပ်မှုတွေ မြောက်မြားစွာရှိတယ်… ဒါပေမဲ့ တကယ်တမ်းမှာတော့ လက တစ်စင်းတည်းပဲ… အဲဒါကြောင့် အားလုံးက တူညီတဲ့အခြေခံသဘောတရားကနေ အရင်းခံလာတယ်ဆိုတာကို ပြပေးနေတယ်”
ချီရွှမ်းစုက တွေဝေနေပြီးနောက် မေးလိုက်သည်။
“ဦးလေး… တာအိုဂိုဏ်းတော်က လမင်းဖြစ်တယ်လို့ပြောတာလား… အဲဒါက နေရဲ့ လောင်းရိပ်မိထားပေမဲ့ ရေထုရှိနေသရွေ့ ရောင်ပြန်ဟပ်နိုင်သေးတယ်မလား”
ကျန်းကျွီချီက ပြောလိုက်၏။
“တာအိုဂိုဏ်းတော်က ဘယ်လိုပုံစံဆိုတာကို ငါ မဆင်မခြင်မပြောရဲဘူး… လက်ထောက်မဟာအကြီးအကဲတွေတောင် အဲဒါကို အခိုင်အမာပြောဆိုရဲမှာ မဟုတ်လောက်ဘူး… ဒါပေမဲ့ အဲဒါက အင်ပါယာနန်းတော်က တာအိုဂိုဏ်းတော်ကို ဘယ်လိုရှုမြင်သလဲဆိုတာ ဖြစ်လိမ့်မယ်… ကမ္ဘာမြေက လမင်းတွေအများကြီးကို လက်ခံပေးနိုင်မှာလား”
ချီရွှမ်းစုက ကျန်းယွဲ့လု တစ်ခါပြောခဲ့ဖူးသည်ကိုအမှတ်ရသွားပြီး ငှားရမ်းပြီးပြောလိုက်၏။
“ဟန်ချက်ညီညီနဲ့ အတူယှဥ်တွဲရှိနေတဲ့ ယင်နဲ့ယန်လိုမျိုး အင်ပါယာနန်းတော်က နေ… တာအိုဂိုဏ်းတော်က လဖြစ်တယ်… အဲဒါက ရွှမ်အရှင်မြတ်နဲ့ ဧကရာဇ်ကောင်းကျူတို့ရဲ့ အစစ်အမှန်ရည်ရွယ်ချက်ဖြစ်မလား”
လက်ဖက်ရည်သောက်နေသော ကျန်းယွဲ့လုက ထိုစကားနှင့် ရင်းနှီးသည်ဟုတွေးပြီး ချီရွှမ်းစုကို တစ်ချက်လှမ်းကြည့်လိုက်၏။
ချီရွှမ်းစုက သူမ၏ အကြည့်ကို မသိချင်ယောင်ဆောင်ထား၏။
“ဒါပေမဲ့ လူတချို့က အဲလိုမထင်ကြဘူးဆိုရင်ရော…”
ကျန်းကျွီချီက မေးလိုက်၏။
“လူတချို့က ရွှမ်အရှင်မြတ်နဲ့ ဧကရာဇ်ကောင်းကျူတို့ရဲ့ မူလရည်ရွယ်ချက်တွေကို အသိအမှတ်မပြုကြဘူးဆိုရင်ရော…”
ချီရွှမ်းစုက ဘာပြောရမယ်မသိဖြစ်သွား၏။
ကျန်းယွဲ့လုက ကြားဖြတ်ပြောလိုက်၏။
“ဘယ်လိုပဲဖြစ်ဖြစ် လက်တွေ့မှာ ပြဿနာအများစုကို အင်အားသုံးပြီး ဖြေရှင်းကြရတယ်.. လူတစ်ယောက်က တိုက်ပွဲထဲမှာ အနိုင်မရဘူးဆိုရင် ဘယ်လောက်ထိ ဆွေးနွေးငြင်းခုန်နေပါစေ အလကားပဲ”
ကျန်းကျွီချီက သူ့သမီးကို ကူကယ်ရာမဲ့စွာဖြင့်ကြည့်လိုက်၏။
“ဒါဆို… ငါတို့ဒီစကားဝိုင်းကို ဆက်လို့မရတော့ဘူးပေါ့”
ကျန်းယွဲ့လုက စကားလမ်းကြောင်းပြောင်းပြီး သူမ ပြင်ဆင်လာသည့် ချန်ချိုးအလင်းမင်ကို ထုတ်ယူလိုက်၏။
ကျန်းယွဲ့လုက လက်ဆောင်နှစ်ခုစလုံးကို ဝယ်လာခဲ့သော်လည်း တစ်ခုကို ချီရွှမ်းစု၏ အမည်ခံပေးထားပြီး ဓလေ့ထုံးတမ်းကြောင့် ကျန်းကျွီချီက အဲဒါကို ဧည့်သည်ရှေ့မှာ ဖွင့်မကြည့်နိုင်ပေ။ သို့သော်လည်း သူ့သမီးပေးသည့်လက်ဆောင်ကိုတော့ သူက အချိန်မရွေးဖွင့်ကြည့်နိုင်သည်။
အဲဒါကို ဖြည်ကြည့်ပြီးနောက် သူ့မျက်လုံးက ဝင်းလက်သွား၏။
“နင့်ရဲ့ခဲအိုကိုလည်း ဒီလိုမင်တစ်တုံးလက်ဆောင်ပေးခဲ့တယ်လို့ နင့်အစ်မဝမ်းကွဲပြောတာ ငါကြားတယ်… သူ့ကိုတော့ ဘာမှမပေးလို့ စိတ်မကောင်းဖြစ်နေတာတဲ့… အဲဒါကြောင့် ငါ့အတွက်လည်း လက်ဆောင်ပါမလာလောက်ဘူးလို့ ထင်နေတာ”
ကျန်းယွဲ့လုက နှာတစ်ချက်မှုတ်လိုက်၏။
“သူတို့တွေက အတူတူပဲကို လက်ဆောင်တစ်ခုပေးရင် တော်ပြီပေါ့… နောက်ပြီး ယွီယွဲ့က လူချမ်းသာပဲ… သူ့မှာ လိုအပ်နေတာ ဘာမှမရှိဘူး… သူ့အတွက် ဘာပေးရမလဲ ကျွန်မ တကယ်ပဲစဥ်းစားမရဘူး”
“ဒါက သက်သက်ဆင်ခြေပေးတာပဲ”
ကျန်းကျွီချီက ခေါင်းခါပြလိုက်၏။
“ချင်းရှောင်…. မင်းရဲ့စိတ်သဘောထားကို ပြောင်းလဲသင့်တယ်”
ကျန်းယွဲ့လုက ဂရုမစိုက်ပေ။
ဤအဖေနှင့်သမီးကြား ဆက်ဆံရေးက ကွန်ဖြူးရှပ်ဓလေ့ထုံးတမ်းများလောက် တင်းကျပ်မှုမရှိသည်မှာ သိသာနေ၏။
ကျန်းကျွီချီက အကြောင်းပြချက်ပေးလိုက်၏။
“ထျန်းယွမ်… ဒီမှာစောင့်နေဦး… ငါ စာကြည့်ခန်းဘက် သွားလိုက်ဦးမယ်”
“ဦးလေး.. ကျုပ်ကို စိတ်ထဲမထားပါနဲ့”
ချီရွှမ်းစုက မတ်တတ်ထရပ်လိုက်၏။
“အဖေ… ကျွန်မ အဖေနဲ့ လိုက်ခဲ့မယ်… လက်ဆောင်လည်းယူလာခဲ့မယ်”
ကျန်းယွဲ့လုက ဘေးမှာချထားသော လက်ဆောင်များကိုယူပြီး သူမအဖေနောက် လိုက်သွားသည်။
ကျန်းကျွီချီက ငြင်းဆန်ခြင်းမရှိပေ။ အခြားသော မိသားစုများနှင့်မတူဘဲ သူတို့မိသားစုမှာ အစေခံများစွာမရှိပေ။ သာမန် အိမ်မှုကိစ္စများကို တာဝန်ယူထားသည့် အစေခံတချို့သာရှိပြီး သူတို့၏ ဝေယျာဝိစ္စအသေးအဖွဲ့ကိစ္စများကို တတ်နိုင်သမျှ သူတို့ဘာသာသူတို့လုပ်ကြသည်။
ထို့ကြောင့် ချီရွှမ်းစုက ဧည့်ခန်းထဲမှာ တစ်ယောက်တည်းကျန်ခဲ့သည်။ သိပ်မကြာခင် ဂေဟာထဲသို့ အမျိုးသမီးနှစ်ယောက် ဝင်ရောက်လာကြ၏။
သူတို့ထဲမှတစ်ယောက်က ကျန်းယွီယွဲ့ဖြစ်သည်ကို ချီရွှမ်းစုက မှတ်မိသည်။ အခြားအမျိုးသမီးက ပို၍အသက်ကြီးပြီး ကျန်းယွဲ့လုနှင့် ရုပ်ချင်းဆင်သော်လည်း သူမ၏ အမူအရာက ပို၍အေးစက်နေသည်။
သူမမှာ နွေးထွေးမှုကင်းမဲ့ပြီး ခပ်တည်တည်ခပ်တန်းတန်းဖြစ်သည်။ တစ်ဘက်မှာတော့ ကျန်းယွဲ့လုက ပို၍ရိုးစင်းပြီး ပိုမိုရင်းနှီးဖော်ရွေသည်ဟု ထင်ရသည်။
အသစ်ရောက်လာသော ဤအမျိုးသမီးက နာမည်ကြီး သခင်မထန်ထိုက်ချုံးဖြစ်သည်။ သူမက သူမသမီးနှင့်မတူသော စိတ်နေစရိုက်ရှိပြီး ချီရွှမ်းစုပေါ် သူမ၏စိတ်သဘောထားက သူမခင်ပွန်း ကျန်းကျွီချီနှင့် ဆန့်ကျင်ဘက်ဖြစ်သည်။
သူက ဖြုံလောက်စရာ ဤအမျိုးသမီးနှင့် ဤကဲ့သို့သောအခြေအနေမှာ ရင်ဆိုင်ရလိမ့်မည်ဟု ထင်မှတ်မထားပေ။
ထန်ထိုက်ချုံးက ချီရွှမ်းစုကို အူမြူးအားရစွာဖြင့် ကြည့်နေသည့် ကျန်းယွီယွဲ့ကို လက်ပြပြီး ဧည့်ခန်းထဲကနေ ထွက်ခွာလို၏။ သူတို့ကိုကြည့်ပြီး ချီရွှမ်းစုက မတ်တတ်ထရပ်လိုက်ကာ ထန်ထိုက်ချုံးကို ရိုသေလေးစားစွာ ဦးညွှတ်လိုက်၏။
ထန်ထိုက်ချုံးက အရမ်းကာရော မောက်မာဝင့်ကြွားခြင်းမရှိသော်လည်း သူမက တဲ့တိုးဆန်ဆန်ပြောလိုက်၏။
“မင်းက ချီရွှမ်းစုဖြစ်ရမယ်… ငါမှတ်မိတာ မမှားဘူးဆိုရင် မင်းက အသက် ၂၄ နှစ်.. ဝမ်ရှန်းတာအိုနန်းတော်ကနေ လာတယ်… မင်းက လက်ရှိမှာ ထျန်ကန်းခန်းမရဲ့ အမှုဆောင်တစ်ဦး… အဆင့် ၇ တာအိုဆရာတစ်ဦး… ဒါပေမဲ့ မင်းက သိပ်မကြာခင် အဆင့် ၆ ကို တိုးမြှင့်ပေးခံရပြီး အဆင့် ၅ ရဲ့ ခံစားခွင့်ကိုရလိမ့်မယ်… မင်းရဲ့ဆရာက တည်းခိုခန်းက လုပ်ကြံသတ်ဖြတ်သူတွေလက်ချက်နဲ့ အသတ်ခံခဲ့ရတဲ့ အဆင့် ၄ ကျိကျိုးတာအိုတရာ ချီဟောက်ရန်ပဲ”
ချီရွှမ်းစုက ခေါင်းညိတ်ပြလိုက်၏။
“ဒေါ်လေး… ခင်ဗျား တော်တော်လေ့လာထားတဲ့ပုံပဲ”
ထန်ထိုက်ချုံး၏ လေသံက တည်ငြိမ်နေပြီး မည်သည့်စိတ်ခံသားချက်ကိုမှ ပြသခြင်းမရှိပေ။
“ဝမ်ရှန်တာအိုနန်းတော်က မိဘမဲ့ကလေးတစ်ဦးအနေနဲ့ လေးလလောက်နဲ့ အဆင့် ၇ ကနေ အဆင့် ၅ ခံစားခွင့်ကိုရဖို့ဆိုတာ သေချာပေါက်မလွယ်ကူဘူး”
အကြောက်တရားကို စဥ်းစားတွေးတောနေရခြင်းက လက်တွေ့အကြောက်တရားထက် ပို၍ကြောက်စရာကောင်းသည်ကို ချီရွှမ်းစု ရုတ်တရက်နားလည်သိရှိသွားသည်။ ဓားထိုးခံရမည်ကို တွေးကြောက်နေရခြင်းသည် လက်တွေ့ဓားထိုးခံရသည်ထက် ပို၍ဆိုးဝါးသည်။ ထန်ထိုက်ချုံးနှင့်မတွေ့ခင်က သူက စိုးရိမ်ပူပန်နေခဲ့သော်လည်း သူမကိုတွေ့မြင်ရပြီးနောက် သူက တစ်နည်းတစ်ဖုံ စိတ်သက်သာရာရသွား၏။
သူက ခေါင်းညိတ်ပြလိုက်သည်။
“ဟုတ်ပါတယ်… တကယ်ပဲမလွယ်ပါဘူး… ကျုပ် သေဘေးနဲ့ ဆံတစ်ခြည်မျှင်စာလောက် နီးကပ်ခဲ့တဲ့အချိန်များစွာရှိခဲ့တယ်.. အဲဒါကို မရှောင်လွှဲနိုင်တော့သလောက်နီးပါးပဲ… ဒါပေမဲ့ တကယ်မရှောင်နိုင်ခဲ့ရင် ပိုကောင်းမယ်ထင်တယ်… ခင်ဗျားအတွက် ပြဿနာတွေအများကြီး လျော့သွားတာပေါ့”
ထန်ထိုက်ချုံးက ဟန်လုပ်အပြုံးတစ်ခုကို ထုတ်ဖော်လိုက်၏။
“အန္တရာယ်တွေနဲ့အခွင့်လမ်းတွေက အမြဲတမ်းအတူယှဥ်တွဲရှိနေတယ်… အခုမင်းက ငါ့ရှေ့မှာ ကောင်းကောင်းမတ်တတ်ရပ်ပြီး အသက်ရှင်နေတယ်… မင်းရဲ့ ကျင့်ကြံမှုအဆင့်ကလည်း ပိုပြီးတော့ တိုးတက်လာတယ်… နောက်ထပ် ဖြစ်ရပ်တချို့အပြီးမှာ ငါ့ထက် ပိုမြင့်သွားတဲ့မင်းကို ငါ ဦးညွှတ်နေရမှာ… အဲဒီအချိန်ကျရင် ငါဒီလိုစကားမျိုး ထပ်ပြောရဲမှာ မဟုတ်တော့ဘူး”
ချီရွှမ်းစုက အနည်းငယ်ဦးညွှတ်ပြီးပြောလိုက်၏။
“ဒေါ်လေး… ခင်ဗျားက ချဲ့ကားပြောဆိုနေတာပဲ”
ထန်ထိုက်ချုံးက ပခုံးတွန့်ပြလိုက်၏။
“လောလေဆယ်မှာ ငါချဲ့ကားပြောဆိုနေတယ်လို့ ပြောလို့မရဘူး… ဒါပေမဲ့ ဒီနေရာမှာ မင်းက ချင်းရှောင်နဲ့ တကယ်ကိုအတော်လေးတူတာပဲ… ငါသူ့ကို တစ်ခုခုပြောရင် သူက ငါ့ကိုအမြဲတမ်း ပြန်ခံပြောတတ်တယ်… သူ မင်းကို သဘောကျတာ မထူးဆန်းတော့ဘူးပဲ… ဘာပဲပြောပြော မျိုးတူရာ စုတတ်ကြတာပဲလေ”
ထန်ထိုက်ချုံး၏ စကားလုံးများက သူ့ကို ချီးကျူးနေတာလား ထေ့ငေါ့နေတာလား မပြောနိုင်ဘဲ ချီရွှမ်းစုက နှုတ်ဆိတ်နေ၏။ သို့သော်လည်း ချီးကျူးလိုသည်ထက် နှိမ့်ချသည်က ပိုသည်ဟု သူခံစားနေရသည်။ ကျန်းယွဲ့လုက သူမသမီးဆိုတာထက် သူမ၏ ရန်သူတစ်ဦးဖြစ်သလို ပြောဆိုနေ၏။
ထန်ထိုက်ချုံးက ထပ်ပြောလိုက်သည်။
“ငါ့သမီးအကြောင်းငါ ကောင်းကောင်းသိတယ်… သူက ငါဝင်စွက်ဖက်တာကို မကြိုက်တဲ့အတွက် ဒီတစ်ခေါက် ငါ့ကိုအရူးလုပ်ဖို့ ကြုံရာကျပန်းလူတစ်ယောက် ခေါ်လာလိမ့်မယ်လို့ ငါတွေးထားတာ… သူက အရွယ်ရောက်ကြီးပြင်းပြီး မြေကမ္ဘာဆရာသခင်ရဲ့ အသိအမှတ်ပြုမှုကို ရရှိထားပြီဆိုတော့… မတတ်နိုင်ဘူးလေ… သူ့ရဲ့ ဝတ်ကျေတန်းကျေဆက်ဆံတာတွေကို ငါသည်းခံရမှာပဲ.. သူက အခုဆိုရင် ဩဇာအာဏာရှိတဲ့ ထျန်ကန်းခန်းမရဲ့ လက်ထောက်ခန်းမသခင်တစ်ဦးတောင် ဖြစ်နေပြီ”
“သူက ငါနဲ့အဆင့်တူလာပြီဆိုတော့ ငါ့ကိုအရူးလုပ်ဖို့ သိပ်ပြီးတော့ ကြိုးစားအားထုတ်နေမှာ မဟုတ်လောက်ဘူး… သူက လက်ထပ်မင်္ဂလာပွဲကိုအချိန်ဆွဲပြီး ထျန်ကန်းခန်းမက သူ့ရဲ့အလုပ်တာဝန်တွေကို ဆက်လုပ်နေလို့ရတယ်… ငါကလည်း သူ့ကို ထိန်းချုပ်နိုင်မှာမဟုတ်ဘူး… ဒါပေမဲ့ ငါ့ကို အံ့အားသင့်သွားစေတာကတော့ သူက ဒီတစ်ခေါက် တကယ်အလေးအနက်ထား လုပ်နေတဲ့ပုံပဲ။”
အခန်း ၁၆၂ - စိတ်ထိခိုက်စရာစကားလုံးများ
ထန်ထိုက်ချုံးပြောသည့်စကားက ချီရွှမ်းစုကို အံ့အားသင့်မသွားစေပေ။ ထန်ထိုက်ချုံးက ကျန်းယွဲ့လု၏ လှည့်ကွက်များကို တစ်ချက်ကြည့်ရုံနှင့် သိမြင်သောကြောင့် ဤတစ်ခေါက် ကျန်းယွဲ့လု၏ မူလစိတ်ကူးက မလွဲမသွေ အလုပ်ဖြစ်လိမ့်မည်မဟုတ်ပေ။
အားလုံးက ဟန်ပြသက်သက်သာဖြစ်သောကြောင့် ကျန်းယွဲ့လုသည် သူမ၏ မိခင်ကို အရူးလုပ်ဖို့ များစွာစဥ်းစားမထားခဲ့ပေ။ သူမသည် သူမအမေ၏ စကားကို အတိုင်းအတာတစ်ခုထိ နာခံသော်လည်း လွန်ကဲလာပြီဆိုလျှင် သူမက ချွမ်ကျန်းဂိုဏ်းမှာ သီလရှင်ဝတ်သွားပေလိမ့်မည်။
ချီရွှမ်းစုက ထန်ထိုက်ချုံးကို ဘာပြန်ပြောရမည်မသိဘဲ နှုတ်ဆိတ်နေ၏။
ထန်ထိုက်ချုံးက ဆက်ပြောလိုက်၏။
“ချင်းရှောင်က ကလေးကတည်းက အမှီအခိုကင်းမဲ့တယ်… အဲဒါက ကောင်းတဲ့အချက်ပဲ…တခြားကလေးတွေက ဘယ်လမ်းကိုလျှောက်ရမလဲ တွေဝေရှုပ်ထွေးနေတဲ့အချိန် ချင်းရှောင်မှာ ရှင်းလင်းတဲ့ရည်မှန်းချက်ရှိနေပြီ… သူက သူနဲ့ရွယ်တူတန်းတူတွေထဲကနေ ကွဲထွက်နေပြီ… သူက တစ်ဆင့်ပြီးတစ်ဆင့်ကြိုးစားခဲ့ပေမဲ့ မြန်မြန်ဆန်ဆန်ပဲ တက်လှမ်းလာခဲ့တယ်”
“ဒါပေမဲ့ အဲဒါနဲ့ပတ်သက်ပြီးမကောင်းတဲ့အချက်ကတော့ သူက အရမ်းကိုခေါင်းမာလာတာပဲ… တခြားသူတွေရဲ့ ထင်မြင်ချက်တွေကို လက်မခံတော့ဘူး… သူ့အမေကိုယ်တိုင်ပြောရင်တောင် မရတော့ဘူး… သူ ဆုံးဖြတ်ချက်ချပြီးတာနဲ့ အဲဒါကို နောင်တမရဘဲ အဆုံးထိ ဆက်လုပ်လိမ့်မယ်… ငါအခုပြောတာတွေကို မင်း သတိထားမိလား”
ချီရွှမ်းစုက စဥ်းစားတွေးတောပြီး ခေါင်းညိတ်ပြလိုက်၏။
“ကျုပ် သတိထားမိပါတယ်”
ထန်ထိုက်ချုံးက ချီရွှမ်းစုကို အကဲခတ်ကြည့်လိုက်၏။
“မင်း သတိထားမိတယ်ဆိုမှတော့ ချင်းရှောင်က မင်းကို ဘာလို့ရွေးချယ်ခဲ့လဲဆိုတာ နားလည်လောက်ရောပေါ့… သူ့ကို ထိန်းချုပ်မဲ့ သန်မာတဲ့ယောကျ်ားတစ်ယောက်ကို သူ မလိုဘူး… အဲဒါကြောင့် လီထျန်ကျန်းနဲ့ အခြားသူတွေမှာ အခွင့်အရေးမရှိခဲ့တာပဲ”
“သူက သူနဲ့အဆင့်တူတဲ့ ယောကျ်ားတစ်ယောက်ကိုလည်း မလိုဘူး… အဲဒါကြောင့် သူက ငယ်ရွယ်ပြီးတော့ ပါရမီအရည်အချင်းရှိတဲ့ လေလွင့်အင်မော်တယ်တွေအားလုံးကို ငြင်းဆန်ခဲ့တယ်… သူ့အမိန့်ကိုနာခံပြီး သူ့ကို မခြွင်းမချန်ထောက်ခံပေးမယ့် ယောကျ်ားကောင်းတစ်ယောက်ကိုပဲ သူလိုတယ်”
“သူ့ရဲ့လက်တွဲဖော်က သူ့အတွက် ဝန်ထုပ်ဝန်ပိုးလဲ မဖြစ်ရအောင် သူ့ရဲ့ခြေလှမ်းနောက်ကို အတိုင်းအတာတစ်ခုထိတော့ လိုက်နိုင်ရမယ်… အဲဒါကြောင့် သူက မင်းကိုရွေးချယ်ခဲ့တာပဲ… မင်းက သူ့ရဲ့လိုအပ်ချက်တွေနဲ့ ကိုက်ညီတဲ့သူပဲ”
သူ့အမေ၏ စိတ်နာစရာစကားလုံးများကို သည်းခံပေးဖို့ ကျန်းယွဲ့လုက ကြိုတင်တောင်းပန်ခဲ့သည်ကို ချီရွှမ်းစုက ရုတ်တရက်အမှတ်ရသွား၏။
သခင်မထန်ထိုက်က ချီရွှမ်းစုကို ပေါ်ပေါ်ထင်ထင်ချိုးနှိမ်နေခြင်းမရှိပေ။ သူမက အဆင့်အတန်းဖြင့် စိုးမိုးဗိုလ်ကျတတ်သည့် ကျန်းယွီယွဲ့နှင့်မတူဘဲ သူ၏အစွမ်းအစများကိုလည်း အသိအမှတ်ပြုပေးထားသည်။ သခင်မထန်ထိုက် လိုချင်သည့်အရာမှာ ချီရွှမ်းစုရှေ့တွင် ကျန်းယွဲ့လု၏ အစစ်အမှန်အရောင်အစင်းကို ထုတ်ပြနိုင်ရန်ဖြစ်သည်။
ထန်ထိုက်ချုံးသည် သူမ၏ သမီးကို သူ့နည်းသူ့ဟန်ဖြင့် ခွဲခြမ်းစိတ်ဖြာပြပြီး ကျန်းယွဲ့လု၏ စံနမူနာပုံရိပ်ကိုခွာချကာ သူမ၏ သမီးကို စိုးမိုးခြယ်လှယ်တတ်ပြီး အတ္တဆန်သူအဖြစ် ဖော်ပြနေသည်။
ချီရွှမ်းစုက ကျန်းယွဲ့လုကို သဘောကျသည်ဆိုလျှင် ဤကဲ့သို့ ရက်စက်ကြမ်းတမ်းသော ဝေဖန်ဆန်းစစ်မှုများမှာ ယိမ်းယိုင်သွားပေလိမ့်မည်။ ကျန်းယွဲ့လုက သူ့ကိုလှည့်စားပြီး အသုံးချနေသည်ဟု ခံစားလာရနိုင်သည်။ မည်သို့ပင်ဆိုစေ ကျန်းယွဲ့လု၏ မိခင်ကိုယ်တိုင်က သူမအပေါ် ဤကဲ့သို့သောထင်မြင်ချက် ရှိနေပြီး လူအများစုက အဲဒါကို လက်ခံယုံကြည်သွားကြပေလိမ့်မည်။ ထန်ထိုက်ချုံး စောစောက ပြောခဲ့သလိုပင် မိခင်တစ်ဦးက သူ့သမီးအကြောင်းကို အသိဆုံးဖြစ်သည်။
ချီရွှမ်းစုက ဤကဲ့သို့သော ဝေဖန်ဆန်းစစ်မှုအောက်မှာ ယိမ်းယိုင်သွားခြင်းမရှိလျှင် ချီရွှမ်းစုသည် သူမ၏နောက်ခံကြောင့်သာ ကျန်းယွဲ့လုကို သဘောကျနေခြင်းဖြစ်ကြောင်း ထန်ထိုက်ချုံးက သက်သေပြနိုင်မည်ဖြစ်သည်။ သူက ကျန်းယွဲ့လုကို နင်းတက်စရာလှေကားထစ်အဖြစ် အသုံးပြုနေခြင်း ဖြစ်သွားပေမည်။ ထိုအခါ ကျန်းမိသားစုက သူတို့၏ လက်ထပ်မင်္ဂလာပွဲကို သဘောတူတော့မည်မဟုတ်ပေ။
အထူးသဖြင့် ရှေ့မှာ လီမင်ဟွမ်၏ သာဓကရှိထားသည်။
ချီရွှမ်းစုက ကျင်းထဲကျပ်ထဲ ကျရောက်သွားပြီး ခဏကြာအောင် ဘာပြောရမည်မသိဖြစ်နေသည်။ သို့သော်လည်း ကောင်းကောင်း သရုပ်ဆောင်တတ်သူအနေဖြင့် မျက်နှာအမူအရာမှာ သူ၏ တွေဝေရှုပ်ထွေးမှုများကို ဖော်ပြထား၏။
ထန်ထိုက်ချုံးက ချီရွှမ်းစုကိုကြည့်ပြီး သူ ဘာတွေးနေသည်ကို ဖော်ထုတ်ဖို့ကြိုးစားနေ၏။ ထိုသို့ဖြင့် သူမက အခြေအနေကို ထိန်းချုပ်နိုင်မည်ဖြစ်သည်။ သို့သော်လည်း ချီရွှမ်းစု၏ တုံ့ပြန်မှုက သူမထင်မြင်ချက်ထက် ကျော်လွန်နေ၏။ လူငယ်တစ်ဦးမှာ ဤမျှအချိန်တိုအတွင်း ဤမျှများပြားသော မျက်နှာအမူအရာများ ရှိနေလိမ့်မည်ဟု သူမ ထင်မှတ်မထားပေ။ သူ့မျက်နှာပေါ်မှာ တုန်လှုပ်မှု၊ ဝမ်းနည်းမှု၊ နာကျင်မှု၊ ကူကယ်ရာမဲ့မှု၊ စိတ်သက်သာရာရမှုနှင့် တမ်းတလွမ်းဆွတ်မှုတို့က တရိပ်ရိပ်ဖြတ်ပြေးနေ၏။
တကယ်တော့ သူမ သမီး မျက်နှာသာပေးထားသည့် လူငယ်တစ်ဦးက အချစ်နာကျနေသော အရူးတစ်ယောက်ဖြစ်လိမ့်မည်ဟု ထန်ထိုက်ချုံးက မှတ်ယူမထားပေ။ ဤကောင်လေးက အတော်လေး စိတ်ဝင်စားစရာကောင်းသည်ဟု သူမ ဝန်ခံရပေမည်။ သူက ဤအမူအမူအရာများအားလုံးကို ဘယ်သူ့ဆီကနေ သင်ယူလာသလဲ စဥ်းစားနေမိ၏။
ချီရွှမ်းစုမှာ မိဘများမရှိသော်လည်း သူ့မှာဆရာတစ်ဦးနှင့် အစ်မချီရှိသည်။ တကယ်တော့ ဤအရာများအားလုံးကို အစ်မချီထံကနေ သူသင်ယူထားခြင်းဖြစ်၏။ ဤသည်မှာ သူ့ကို ကျန်းယွဲ့လု ပြင်စေချင်သည့် သူ့အကျင့်ဆိုးများထဲမှတစ်ခုလည်းဖြစ်သည်။
ထန်ထိုက်ချုံးက နောက်ဆုံးမှာ မီးထဲကို လောင်စာထပ်ထည့်ဖို့ ဆုံးဖြတ်လိုက်၏။
“ဝမ်ရှန်တာအိုနန်းတော်က လာတဲ့သူတွေနဲ့ ဂုဏ်သတင်းကြီးမားတဲ့ မိသားစုတွေက လာတဲ့သူတွေမှာ လုံးဝကိုကွဲပြားတဲ့ စိတ်ဓာတ်ခံယူချက်တွေရှိကြတယ်… မိသားစုကြီးတွေက ကလေးတချို့မှာ သာမန်လူတွေမယှဥ်နိုင်တဲ့ တာဝန်သိစိတ်ရှိကြတယ်… သူတို့အတွက်တော့ တာအိုဂိုဏ်းတော်ဆိုတာ တိုက်ပွဲပေါင်းများစွာကနေ သူတို့ရဲ့ဘိုးဘေးတွေ လက်ဆင့်ကမ်းလာခဲ့တဲ့အမွေတစ်ခုပဲ”
“အဲဒါကြောင့် အဲဒီအမွေကိုထိန်းသိမ်းဖို့အတွက် သာမန်တပည့်ဂိုဏ်းသားတွေထက် သူတို့မှာ ပိုပြီးတာဝန်ရှိတယ်လို့ ခံယူထားကြတယ်… အကျိုးဆက်အနေနဲ့ နာမည်ဂုဏ်သတင်းကြီးမားတဲ့မိသားစုတွေက အဲဒီသခင်လေးတွေက သူတို့ကိုယ်သူတို့အထင်ကြီးပြီး ဥပဒေအထက်မှာရှိတယ်လို့တောင် အထင်ရောက်နေကြတယ်… အဲလိုနဲ့ သူတို့က ပိုပြီးတော့ရဲတင်းလာကြတယ်… ဒါပေမဲ့ တခြားသူတွေကတော့ စည်းမျဥ်းစည်းကမ်းတွေနဲ့ ကျင့်ဝတ်ထုံးတမ်းတွေကို လိုက်နာသင့်တယ်လို့ သူတို့ယုံကြည်ထားကြတယ်”
“ဝမ်ရှန်တာအိုနန်းတော်ကနေ လာတဲ့သူတွေကတော့ သူတို့က ကျင့်ဝတ်ထုံးတမ်းတွေကို ရွံရှာစက်ဆုပ်တဲ့အတွက် အဲဒါတွေကို မလိုက်နာကြဘူး.. သူတို့ရဲ့သွင်ပြင်ဟန်ပန်ကို အမြဲတမ်းထိန်းထားတဲ့ ဆွေကြီးမျိုးကြီး သခင်လေးတွေနဲ့ယှဥ်ရင် မိဘမဲ့ကလေးတွေက ကျောက်ဆောင်တွေကြားက အက်ကွဲကြောင်းတွေကြားမှာ အမြစ်တွယ်ရရင်တောင် ဇွဲနပဲကြီးကြီးနဲ့ ယှဥ်သန်ကြီးပြင်းနိုင်တဲ့ ပေါင်းပင်တွေလို သူတို့က လိုက်လျောညီထွေနေနိုင်ကြတယ်… အဲဒါကြောင့် ဆွေကြီးမျိုးကြီးသခင်လေးအများစုက အခက်အခဲအမျိုးမျိုးနဲ့ကြုံတွေ့ပြီးရင် ပြိုလဲသွားတတ်ကြတယ်… ဝမ်ရှန်းတာအိုနန်းတော်က မိဘမဲ့ကလေးတွေကတော့ ဇွဲနပဲကြီးကြီးနဲ့ ရှေ့ဆက်တက်နိုင်ကြတယ်”
“မိဘမဲ့ကလေးတွေက အဲဒီဆင်းရဲဒုက္ခတွေနဲ့ ကြုံတွေ့ထားပြီးသားဖြစ်လို့ ချမ်းသာကြွယ်ဝမှုကိုရဖို့ခက်တယ်ဆိုတာ နားလည်ထားလို့ သူတို့က အဲဒါကို ဖမ်းဆုပ်မိမယ်ဆိုရင် ဘယ်တော့မှလက်လွှတ်ပေးမှာ မဟုတ်ဘူး… သူတို့ရဲ့ ပြင်းထန်တဲ့စိတ်ဆန္ဒတွေကြောင့် သူတို့မှာ သန်မာတဲ့ စိတ်စွမ်းအားရှိကြတယ်… အဲဒါကြောင့် သူတို့ကိုယ်သူတို့ အပေါ်ရော.. တခြားသူတွေအပေါ်ရော ရက်စက်ကြမ်းတမ်းနိုင်ကြတယ်… သူတို့က အောင်မြင်ဖို့အတွက် ဘာကိုမဆို လုပ်နိုင်ကြတယ်”
“ဆွေကြီးမျိုးကြီးမိသားစုက သခင်လေးတွေနဲ့ယှဥ်ရင် သူတို့က ပိုလောဘကြီးပြီး ရည်မှန်းချက်ကြီးကြတယ်… ဒါပေမဲ့ ကြီးကျယ်ခမ်းနားတဲ့အရာတွေကို တကယ်တမ်းအောင်မြင်ရရှိတဲ့သူတွေနဲ့ မတူတာကတော့ ဝမ်ရှန်းတာအိုနန်းတော်ကသူတွေက ရှေ့ကိုဆက်တက်ဖို့ပဲ အာရုံစိုက်လွန်းပြီး ဘဝမှာ အရေးကြီးဆုံးအရာတချို့ကို လျစ်လျူရှုထားတတ်ကြတယ်… အဲဒါကြောင့် သူတို့က နောက်ဆုံးမှာတော့ တကယ့်ဆရာကြီးတွေလည်း ဖြစ်မလာတတ်ကြဘူး”
ချီရွှမ်းစုက ခဏမျှစဥ်းစားပြီးပြောလိုက်၏။
“ကျုပ်က သူတို့ထဲကတစ်ယောက်လို့ ခင်ဗျားထင်ပြီးပြောနေတာဆိုရင်တော့ ခင်ဗျား ကျုပ်ကို အထင်ကြီးလွန်းနေတာပဲ… ကျုပ်မှာ မည်မည်ရရ ရည်မှန်းချက်မရှိဘဲ အသပြာနဲနဲရလာတာနဲ့ ရောင့်ရဲကျေနပ်တတ်လို့ ချင်းရှောင်က ကျုပ်ကိုအမြဲတမ်းအပြစ်တင်ပြောဆိုတယ်”
ထန်ထိုက်ချုံးက ချီရွှမ်းစုကို ကြည့်လိုက်၏။
“ချင်းရှောင်ရဲ့ အကဲဖြတ်မှုကို ငါ သံသယမဝင်ဘူး… ဒါပေမဲ့ သူက ငယ်သေးတော့ သူ့မှာ ဘဝအတွေ့အကြုံမရှိဘူး… အဲဒါကြောင့် သူက လူတွေရဲ့အပေါ်ယံကိုကြည့်ပြီး ထွင်းဖောက်မြင်နိုင်မှာ မဟုတ်လောက်ဘူး… အခုချိန်မှာ သူ့ကို မှန်ကန်တဲ့လမ်းကြောင်းကို ညွှန်ပြပေးမယ့် အကြီးအကဲတစ်ယောက်လိုနေတယ်… အဲဒါမှ သူက လမ်းလွဲတွေကို ရှောင်လွှဲနိုင်မယ်”
ချီရွှမ်းစုက ခေါင်းညိတ်ပြလိုက်၏။
“ဒေါ်လေး… အခုလိုပြောပြပေးတာ… ကျေးဇူးပါပဲ… ကျုပ်အများကြီး သင်ယူမိသွားပြီ… ခင်ဗျားမှာ ကျုပ်ကို ဆုံးမပေးစရာ တခြားဘာများရှိဦးမလဲမသိဘူး”
ထန်ထိုက်ချုံးက လှောင်ရယ်လိုက်၏။
“မင်းမှာ ချင်းရှောင်ရဲ့အဖေလို သိမ်မွေ့မှုနဲ့ ကြင်နာမှုမရှိဘူး… မင်းက အခု အပေါ်ယံမှာ သိမ်မွေ့မှုနဲ့ရည်မွန်မှုကို ပြထားပေမယ့် မင်းဆီမှာ တကယ်တော့ ပြင်းထန်ကြမ်းတမ်းတဲ့ စိတ်ဝိညာဥ်နဲ့ သတ်ဖြတ်ခြင်းအော်ရာရှိနေတယ်… မင်း ငါ့ရှေ့မှာ ဟန်ဆောင်မနေစမ်းပါနဲ့… မင်းရဲ့အစစ်အမှန်ပုံစံအတိုင်းနေလို့ရတယ်”
ချီရွှမ်းစုက ပြုံးမနေတော့ပေ။
“ခင်ဗျားက ခင်ဗျားခင်ပွန်းနဲ့ သမီးပေါ်မှာလည်း ကျုပ်ကို အခုဆက်ဆံသလိုမျိုး ဆက်ဆံတာပဲလား”
“မင်း ဘာစကားပြောတာလဲ”
ထန်ထိုက်ချုံးက မျက်မှောင်အနည်းငယ်ကြုတ်လိုက်၏။
ချီရွှမ်းစုက ပွင့်ပွင့်လင်းလင်းပင် ပြောလိုက်သည်။
“ခင်ဗျားက ကောင်းကင်ဆရာသခင်နဲ့ စကားပြောရင်ကော ဒီလိုမျိုး တင်တင်စီးစီးပုံစံနဲ့ ဆိုဆုံးမနေသလို ပြောတာပဲလား… အဲဒါဆိုရင်တော့ ကျုပ်မှာ ပြောစရာဘာမှမရှိတော့ဘူး.. မဟုတ်ရင်တော့ ခင်ဗျားလည်း ဟန်ဆောင်နေတာပဲမဟုတ်ဘူးလား”
ထန်ထိုက်ချုံးက သူ့မျက်လုံးကိုမှေးကျဥ်းပြီး ချီရွှမ်းစုကို စိုက်ကြည့်လိုက်၏။
သူက ဆက်ပြောလိုက်သည်။
“ဒေါ်လေး… ခင်ဗျားက တစ်ဘက်သူပေါ်မူတည်ပြီး ခင်ဗျားရဲ့ စိတ်သဘောထားကို ပြောင်းလဲတတ်တယ်ဆိုတာ ကျုပ်သေချာပြောနိုင်တယ်…အဲဒါဆို ကျုပ်ကလည်း ဘာလို့လုပ်လို့မရရမှာလဲ.. ကျုပ်က ကျုပ်ရဲ့မိတ်ဆွေတွေကို သတ်ဖြတ်လိုစိတ်နဲ့ဆက်ဆံပြီး ကျုပ်ရဲ့ရန်သူတွေကို ဖော်ရွေပြရမှာလား… ဟန်ဆောင်မနေစမ်းနဲ့ဆိုတဲ့ ခင်ဗျားပြောတဲ့အဓိပ္ပါယ်က အဲဒါပဲလား”
“မင်းက လီမိသားစုက ဟိုလူတွေလိုပဲ… တော်တော်လျှာစောင်းထက်တာပဲ… ဒါပေမဲ့ မင်းက လီမိသားစုကမဟုတ်တာ နှမြောစရာပဲ”
ထန်ထိုက်ချုံးက အေးစက်စွာဖြင့် ချေပပြောဆိုလိုက်၏။
ချီရွှမ်းစုက ဘာမှမပြောတော့ဘဲ နောက်တစ်ဖန်နှုတ်ဆိတ်သွားပြီး ထန်ထိုက်ချုံးသည် ဝါဂွမ်းများကို ထိုးနေရသလို ခံစားရသည်။ ဤလူငယ်ကို လျှော့တွက်မိကြောင်း ထန်ထိုက်ချုံး ဝန်ခံရသည်။ ချီရွှမ်းစုက သရုပ်ဆောင်တတ်ပြီး သူ့အစစ်အမှန်ပုံစံကို ဖုံးကွယ်ထားသော်လည်း သူက အတော်လေး အစွမ်းအစရှိ၊ ရုပ်ရည်သန့်ပြန့်ပြီး စိတ်ကို ကောင်းကောင်းထိန်းချုပ်နိုင်သည်။ သူ့မှာ သူတို့နှင့်ဆင်တူသော မိသားစုနောက်ခံရှိမည်ဆိုလျှင် သူက သူမ၏ သားမက်ဖြစ်လာဖို့ တကယ်ပင်သင့်လျော်သည့်သူဖြစ်သည်။
ကံဆိုးစွာနှင့် တောင့်တင်းခိုင်မာသော မိသားစုနောက်ခံတစ်ခုမရှိသည့်အခါ သူ၏ ခွန်အားများအားလုံးက အဓိပ္ပါယ်မဲ့လေသည်။ အစွမ်းအစရှိသည့်သူက ပေါများသော်လည်း တောင့်တင်းသည့် မိသားစုနောက်ခံက လူနည်းစုမှာသာရှိသည်။ ဤသည်က ရိုးရှင်းသော အမှန်တရားဖြစ်သည်။
မည်သိုပင်ဆိုစေ ကျန်းယွဲ့လုကို ကောင်းကင်တရာသခင်၏ မြေးဟု ဆိုနိုင်သည်။ ကျန်းယွဲ့လု၏ အနာဂတ်လက်တွဲဖော်သည် သူမ၏ မိဘများထံမှ အကျိုးအမြတ်များစွာမရရှိနိုင်လျှင်တောင် တာ့ကျန်းစံအိမ်၊ မြေကမ္ဘာတရာသခင်နှင့် သူတော်စင်စီဟန်တို့၏ ခွန်အားကို သေချာပေါက်မှီခိုနိုင်ပေမည်။
ထန်ထိုက်ချုံးက သက်ပြင်းချလိုက်၏။
“ဘယ်လောက်နှမြောဖို့ကောင်းလဲ… မင်းရဲ့ မျိုးရိုးနာမည်က တကယ်လို့ လီဖြစ်နေမယ်ဆိုရင် မင်းရဲ့အားနည်းချက်တွေအားလုံးက အားသာချက်တွေအဖြစ် ပြောင်းလဲသွားမှာ… ငါလည်း မင်းကို စိတ်လိုလက်ရအရှုံးပေးမိမှာပဲ… ဘာပဲပြောပြော မင်းက အက်ကွဲကြောင်းထဲမှာတောင် ဇွဲနပဲကြီးကြီးနဲ့ ရှင်သန်ပေါက်ရောက်နိုင်တဲ့ လိုက်လျောညီထွေရှိတဲ့ ပေါင်းပင်တစ်ပင်ပဲ… ဆွေကြီးမျိုးကြီးသခင်လေးတွေက ဒီစကားတွေကိုကြားရင် စိတ်ဆိုးမာန်ဆိုးနဲ့ ထွက်သွားလိမ့်မယ်… ဒါပေမဲ့ မင်းကတော့ ကောင်းကောင်းသည်းခံနိုင်တယ်”
ချီရွှမ်းစုက သူမ၏ စကားကို ရုတ်တရက်ဖြတ်ပြောလိုက်၏။
“ခင်ဗျား လူသတ်ဖူးလား”
ထန်ထိုက်ချုံးက မှင်တက်သွား၏။ သူမက စိတ်ထဲမှာ ထောင်းခနဲထသွားပြီး သက်ဖြတ်လိုစိတ်ကို မထိန်းချုပ်နိုင်တော့ဘဲ ပြန်မေးလိုက်၏။
“ငါ လူသတ်ဖူးတာ မသတ်ဖူးတာက ဘာကိစ္စရှိလို့လဲ”
ချီရွှမ်းစုက သူမ၏ ဒေါသကို မသိချင်ယောင်ဆောင်ပြီး မှင်သေသေဖြင့် ပြောလိုက်သည်။
“ခင်ဗျား အရင်ကသတ်ခဲ့ဖူးမယ်လို့ ကျုပ်ယုံတယ်… လူသတ်ဖို့အတွက် တည်ငြိမ်ဖို့၊ တိကျဖို့နဲ့ လျင်မြန်ဖို့လိုတယ်.. လူတစ်ယောက်က တိုက်ပွဲကို ဆွဲဆန့်နေမယ့်အစား ရန်သူရဲ့ အားနည်းချက်ကိုရှာပြီး တစ်ခါတည်းနဲ့သတ်ပစ်ရမယ်”
“ကျုပ်ပြောချင်တာက ခင်ဗျားကျုပ်ကို သတ်ဖို့ကြိုးစားနေတာဆိုရင် ကျုပ်က ခင်ဗျားရဲ့ပစ်မှတ်မဟုတ်ဘူး.. ခင်ဗျားကျုပ်ကို ဘယ်နှကြိမ်ပဲတိုက်ခိုက်တိုက်ခိုက် အလကားဖြစ်နေဦးမှာပဲ… ဘာလို့လဲဆိုတော့ ခင်ဗျားကျုပ်ကို မောင်းထုတ်နိုင်မယ်ဆိုရင်တောင် ကျုပ်ရဲ့ပုံစံနဲ့ တခြားသူတွေက ပေါ်လာဦးမှာပဲ… ခင်ဗျား သူတို့အားလုံးကိုသတ်နိုင်မှာလား”
ထန်ထိုက်ချုံးက ပထမဆုံးအကြိမ်အဖြစ် ဆွံ့အသွား၏။ သူမက ဤအခြေခံသဘောတရားကို သိရှိထားသည်။ ပြဿနာက ကျန်းယွဲ့လုခေါ်လာသည့်လူမဟုတ်ဘဲ ကျန်းယွဲ့လုကိုယ်တိုင်ဖြစ်သည်။ သို့သော် ကျန်းယွဲ့လုက အရွယ်ရောက် ကြီးပြင်းလာပြီး အမှီအခိုကင်းမဲ့လာသည့်အတွက် ထန်ထိုက်ချုံးက သူမကို မထိန်းချုပ်နိုင်တော့ပေ။
ဤအချိန်မှာ အေးစက်စက်အသံတစ်သံက ကြားဖြတ်ဝင်ရောက်လာ၏။
“ချီရွှမ်းစုရဲ့ ပုံစံနဲ့ဆိုတာမျိုးမရှိဘူး… အရင်တုန်းကလည်း မရှိဘူး… နောက်လည်းရှိလာမှာမဟုတ်ဘူး.. ငါ့စိတ်ကို ငါပြောင်းလဲပစ်ခဲ့တာ ချီရွှမ်းစုကြောင့်ပဲ”
ချီရွှမ်းစုနှင့် ထန်ထိုက်ချုံးက အသံထွက်ပေါ်လာရာဘက်သို့လှည့်ကြည့်ပြီး တံခါးဝမှာရပ်နေသည့် ကျန်းယွဲ့လုကို တွေ့မြင်လိုက်ရသည်။
ကျန်းယွဲ့လုက သူမ၏ ဒေါသကို ဖုံးဖိထားခြင်းမရှိဘဲ အေးစက်နေသောမျက်နှာထားဖြင့် ချီရွှမ်းစုကို စိုက်ကြည့်နေ၏။ ချီရွှမ်းစုက သူမနှင့် အကြည့်ချင်းမဆုံရဲဘဲ ခေါင်းငုံ့လိုက်ရသည်။ တစ်ချိန်တည်းမှာ သူက ခါးသက်စွာပြုံးလိုက်၏။
သူ၏ စကားလုံးများက ကျန်းယွဲ့လု၏ စိတ်ကိုမောင်းဖြုတ်ပေးလိုက်ပုံရသည်။ မည်သို့ပင်ဆိုစေ သူမက ရှေးရိုးဆန်ပြီး ချွမ်ကျန်းဂိုဏ်းမှာ သီလရှင်ဝတ်ဖို့ပင် စဥ်းစားထားလေသည်။ သူမမှာ တခြားရွေးချယ်စရာ ဘယ်လိုရှိနိုင်မှာလဲ။
သို့သော်လည်း အဲဒါက ချီရွမ်းစု၏ မူလစိတ်ကူးမဟုတ်ပေ။
ဤအချိန်မှာ စကားလုံးများနှင့် တရစပ်တိုက်ခိုက်နေသည့် ထန်ထိုက်ချုံးကို တုံ့ပြန်ချေပဖို့အတွက် သူက အမှတ်တမဲ့ပြောဆိုလိုက်ခြင်းသာဖြစ်သည်။
ကျန်းယွဲ့လုပြောသည့်စကားက အမေနှင့်သမီးအကြား ပဋိပက္ခကို ကောင်းကောင်းပေါ်ထွက်လာစေ၏။ သို့သော်လည်း မိခင်သဘာဝအရ ထန်ထိုက်ချုံးသည် သူမ၏ အမျက်ဒေါသကို သမီးအပေါ်မဟုတ်ဘဲ ချီရွှမ်းစုအပေါ်ကိုသာ ပုံချပေလိမ့်မည်။