အခန်း (၁၆၃-၁၆၄)
Vol. 17 Ch. 163-164
အခန်း ၁၆၃ - ကျောက်သားထဲက ကျောက်စိမ်း
အခြေအနေက တင်းမာလာစဉ် ကျန်းကျွီချီက အရှေ့ကိုထွက်ပြီး အဆင်ပြေချောမွေ့စေရန် ဝင်ပြောလိုက်၏။
“ချင်းရှောင်က အိမ်ကိုရောက်လာခဲတယ်... ဧည့်သည်လည်း ပါလာတယ်ဆိုတော့ ငါတို့ ပြေပြေလည်လည် နေကြရအောင်”
ထန်ထိုက်ကျုံးက သူမ၏ ရင်ထဲက ဒေါသကို ဖိနှိပ်ပြီး အသက်ရှူသံကို ထိန်းညှိကာ တည်ငြိမ်စွာ ပြောလိုက်၏။
“ကောင်းပြီလေ”
ထိုသို့ပြောပြီးနောက် သူမက ဧည့်ခန်းထဲကနေ လှည့်ထွက်သွား၏။
ကျန်းကျွီချီက ချက်ချင်း ထွက်ခွာမသွားဘဲ ချီရွှမ်းစုကို ပြောလိုက်သည်။
“သူက အမြဲတမ်း အဲ့လိုပဲ…. စိတ်နည်းနည်းကြီးတယ်... ထျန်းယွမ် မင်း အဲ့ဒါကို စိတ်ထဲထားမနေနဲ့”
ချီရွှမ်းစုက ထန်ထိုက်ကျုံး၏ စကားလုံးများကို သိပ်ပြီး အတည်အတံ့ မှတ်ယူမထားပေ။ သူက ကျန်းယွဲ့လု၏ ဒေါသကိုသာ ပို၍ဂရုစိုက်သည်။ ကံကောင်းစွာဖြင့် ကျန်းယွဲ့လုက မြန်မြန်ဆန်ဆန် တည်ငြိမ်သွားပြီး ချီရွှမ်းစုကို တစ်ချက်သာ စိုက်ကြည့်လိုက်၏။ “ငါ နင်နဲ့ နောက်မှ စာရင်းရှင်းမယ်” ဟု ပြောနေသည့်အလားပင်။
ဤသည်ကို ကြည့်ပြီး ချီရွှမ်းစုက သူ့ပါးစပ်ကို ခပ်ဖွဖွရိုက်ကာ သူက ပေါက်တက်ကရ ပြောဆိုမိသည့်အတွက် တောင်းပန်ကြောင်း ပြလိုက်၏။
အခြေအနေနှင့် အချိန်အခါကို မကြည့်ဘဲ ပြောဆိုတတ်သည့်အကျင့်ကို သူပြင်ရမည်ဖြစ်သည်။ သို့သော်လည်း နှစ်ပေါင်းများစွာ စွဲမြဲလာသော အကျင့်ဟောင်းများကို ပြောင်းလဲဖို့က ခက်ခဲနေ၏။
ကျန်းကျွီချီက သူတို့၏ တုံ့ပြန်ပြောဆိုပုံကို သတိထားမိပြီး စိတ်ဝင်စားစရာကောင်းသည်ဟု ခံစားမိသည်။ ဤလူငယ်က ထန်ထိုက်ကျုံးကို မကြောက်ရွံ့သော်လည်း ကျန်းယွဲ့လုကို ကြောက်ရွံ့လေသည်။ သူ့ဇနီးက ရန်လိုခက်ထန်ပြီး ပြောရဆိုရ လက်ပေါက်ကပ်သည်ဟု ကျန်းကျွီချီ တွေးထင်ထား၏။ တစ်ဖက်မှာ သူ့သမီးကတော့ ပို၍ အကျိုးသင့်အကြောင်းသင့် ရှိသည်။ ကြမ်းတမ်းသော ချဉ်းကပ်ပုံက ဤလူငယ်အပေါ် ထိရောက်မှု မရှိပုံရ၏။
တကယ်တော့ ဤအတွက် အကြောင်းပြချက်က ရိုးရှင်းသည်။ ခေါင်းဆောင်တစ်ဦးက မှန်ကန်ဖြောင့်မတ်မည်ဆိုလျှင် အခြားလူများက သူ့နောက်ကို လိုက်ကြပေလိမ့်မည်။ ခေါင်းဆောင်က အကျိုးသင့်အကြောင်းသင့်မရှိလျှင် အခြားသူများက သူ့အမိန့်ကို နာခံလိမ့်မည် မဟုတ်ပေ။ ကျန်းယွဲ့လုက အကျိုးသင့်အကြောင်းသင့် ရှိသောကြောင့် ချီရွှမ်းစုက သူမကို ကြောက်ရွံ့ခြင်းဖြစ်သည်။
ထန်ထိုက်ကျုံးက ချီရွှမ်းစုနှင့် ယခုမှ တွေ့ဆုံခါစသာ ဖြစ်သော်လည်း သူနှင့် မသိကျွမ်းခင်မှာပင် သူ့ကို အရင်စတင် စော်ကားပြောဆိုခဲ့သည်။ ချီရွှမ်းစုက သူမကို ဘယ်လိုလုပ် လေးစားနိုင်ပါ့မလဲ။ တစ်ဖက်မှာ ကျန်းယွဲ့လုကတော့ အဆင့်အတန်းအပေါ် အခြေခံ၍ ချီရွှမ်းစုကို ဘယ်တုန်းကမှ အထင်မသေးခဲ့ပေ။ ကျန်းယွဲ့လုက ချီရွှမ်းစုကို ပြောင်းလဲပေးချင်သည်ဆိုလျှင်ပင် သူမ လိုချင်သည့်အတိုင်း အတင်းအကျပ် ပုံစံသွင်းမည် မဟုတ်ဘဲ မသိမသာ ပြောင်းလဲပေးပေလိမ့်မည်။ ထို့ကြောင့်ပင် ချီရွှမ်းစုက သူမကို ဦးညွှတ်ထားခြင်းဖြစ်၏။
တကယ်တော့ ချီရွှမ်းစု၏ ဘဝနေထိုင်မှုပုံစံက မရှုပ်ထွေးပေ။ သူ့အကျိုးစီးပွားကို တစ်ယောက်ယောက်က ထိပါးမလာသရွေ့ သူက အမြဲတမ်း ရည်ရည်မွန်မွန် ပြန်လည်တုံ့ပြန်မည် ဖြစ်သည်။ သူတို့က သူ၏ အထိမခံနိုင်သော နေရာများကို ထိုးဆွမလာသရွေ့ ချီရွှမ်းစုက တုံ့ပြန်လိမ့်မည် မဟုတ်ဘဲ သူတို့အပေါ်မှာ အပေါ်ယံ လေးစားမှုကို သူက ဆက်ထိန်းထားပေလိမ့်မည်။ သူ၏ ထင်မြင်ချက်ကိုတော့ သူ့ရင်ထဲမှာ သိမ်းထားပေမည်။
သို့သော်လည်း ကျန်းယွဲ့လုကတော့ မတူပေ။ သူမမှာ အတ္တဆန်သော အတွေးစိတ်ကူးတချို့ ရှိသော်လည်း သူမသည် ဖြောင့်မတ်မှုနှင့် စိတ်ရင်းမှန်ကန်မှုနှင့်အတူ လူအများစုထက် သေချာပေါက် ပိုတော်သည်။ ထို့ကြောင့် သူမကို အခြားသူများက ဆူးတစ်ချောင်းအဖြစ် သတ်မှတ်ထားခြင်းဖြစ်၏။
ကျန်းယွဲ့လုသည် မဟုတ်မဟတ် လျှို့ဝှက်ချက်များစွာရှိသော ချီရွှမ်းစုထက် ပို၍မှန်ကန်ဖြောင့်မတ်သည်။ ထို့ကြောင့် ကျန်းယွဲ့လုနှင့် ရင်ဆိုင်ရသည့်အခါ အထူးသဖြင့် ကျန်းယွဲ့လုက မှန်ကန်ပြီး သူက မှားသည့်ဘက်မှာ ရှိနေသည့်အခါ ချီရွှမ်းစုက မလွဲမသွေ မလုံမလဲ ခံစားရပြီး ယုံကြည်မှု ပျောက်ဆုံးနေပေလိမ့်မည်။
ကျန်းယွဲ့လုက စတင်၍ အကျိုးသင့်အကြောင်းသင့် မရှိတော့ဘဲ ကိုယ်ကျိုးရှာလာမည်ဆိုလျှင် သူမ၏ သြဇာအာဏာဖြင့် အခြားသူများကို ဖိနှိပ်ပြီး ချီရွှမ်းစုကို အထင်သေးလာမည်ဆိုလျှင် သူကလည်း သူမအပေါ်မှာ ဤကဲ့သို့ ခံစားရတော့မည် မဟုတ်ပေ။
ကျန်းမိသားစု ဂေဟာ၏ နောက်ဖေးဘက်မှာ ဒုတိယ တံခါးပေါက်ကနေ ဧည့်ခန်းတစ်ခုစီ ဆက်သွယ်ထားသည့် ကျောက်စရစ်ခင်း လမ်းသွယ်တစ်ခုရှိသည်။ အစေခံများအားလုံးက ထိုနေရာကို ရှောင်ကြ၏။
ထန်ထိုက်ကျုံးက မှန်တင်ခုံရှေ့မှာ ထိုင်ပြီး မှန်ကို မမှိတ်မသုန် စိုက်ကြည့်နေ၏။ သို့သော်လည်း အပြင်ဘက်က လှုပ်ရှားမှုတစ်ခုခုအတွက် သူမက နားစွင့်ထားသည်မှာ သိသာနေ၏။
ကျန်းယွီယွဲ့က ထန်ထိုက်ကျုံး၏ နောက်မှာ မတ်တပ်ရပ်ပြီး မကျေမနပ် ပြောလိုက်၏။
“ဒေါ်လေး… အဲ့ဒီကောင်လေးကို မြင်ပြီးသွားပြီပဲ… သူက လူကောင်းမဟုတ်ဘူး ဟုတ်တယ်မလား... အချိန်တန်ရင် သူက နောက်ထပ် လီမင်ဟွမ် ဖြစ်လာလိမ့်မယ်... ကျွန်မတို့ သူ့ကို လက်ခံပေးလို့ မဖြစ်ဘူး”
ထန်ထိုက်ကျုံးက ခေါင်းညိတ်ပြလိုက်၏။
“သူက လူကောင်းမဟုတ်ဘူးဆိုတာ ငါသိတယ်... သူသာ ရိုးသားတဲ့လူတစ်ယောက် ဖြစ်မယ်ဆိုရင် ချင်းရှောင်ရဲ့ စိတ်အာရုံကို ရရှိဖို့နေနေသာသာ သူက ဒီနေရာကိုတောင် ရောက်လာမှာ မဟုတ်ဘူး... အထူးသဖြင့် ဘယ်သူကမှ သူ့ကို ကူညီထောက်ပံ့ပေးမနေတဲ့ အချိန်မှာပေါ့”
ကျန်းယွီယွဲ့က မချင့်မရဲ ခံစားနေရ၏။
ကျန်းယွဲ့လုက တကယ်တမ်း အပျင်းပြေဖို့အတွက် အပျော်ကောင်လေး ထားချင်သည်ဆိုလျှင် အဆင်ပြေပေလိမ့်မည်။ သူမကို ဖျောင်းဖျဖို့အတွက် သူတို့မှာ နည်းလမ်းတစ်ခု ရှိနေသောကြောင့်ဖြစ်၏။ သူတို့ကြောက်ရွံ့သည်မှာ ချီရွှမ်းစုလို လူမျိုးဖြစ်သည်။ သူက သူတို့၏ စံနှုန်းစံထားများနှင့် မကိုက်ညီသော်လည်း လုံးဝ အသုံးမကျဟု ပြော၍မရအောင် အစွမ်းအစ ရှိနေသေးသည်။
ထန်ထိုက်ကျုံးက ဝေဖန်လိုက်၏။
“သူက ငါတို့ရဲ့ ပစ်မှတ် မဟုတ်ဘူးလို့ သူ ငါ့ကို သတိပေးသွားတယ်... ငါတို့က သူ့ကို သတ်မယ်ဆိုရင်တောင် ချင်းရှောင်က သူ့ရဲ့စိတ်ကို ပြောင်းလဲပစ်မှာ မဟုတ်ဘူး... အဓိကကျတာက ချင်းရှောင် ဖြစ်နေလို့ပဲ... ချင်းရှောင်က အဲ့ဒါကို သူ့ဘာသာသူ ပုံဖော်မိမယ်ဆိုရင် ငါတို့ ဘာမှလုပ်စရာတောင် မလိုဘူး... သူက အရင်စပြီး အဲ့ဒီကောင်လေးကို ကန်ထုတ်ပစ်လိမ့်မယ်”
“ဒေါ်လေး... ဒါပေမဲ့ အဲ့ဒါက ကျွန်မတို့ရဲ့ ပြဿနာပဲလေ... ကျွန်မတို့က ချင်းရှောင်ကိုမှ ဖျောင်းဖျလို့ မရတာ”
ကျန်းယွီယွဲ့က ကူကယ်ရာမဲ့စွာဖြင့် ပြောလိုက်၏။
“ချင်းရှောင်က ခေါင်းမာလွန်းတယ်... သူ ဆုံးဖြတ်ချက်ချပြီးသွားတာနဲ့ ဘယ်သူ့စကားကိုမှ နားထောင်မှာ မဟုတ်တော့ဘူး”
ထန်ထိုက်ကျုံးက ရေရွှတ်လိုက်၏။
“အတိအကျပြောလို့တော့ မရဘူး... ငါတို့က နည်းလမ်းတချို့ သုံးဖို့ပဲလိုတယ်”
ကျန်းယွီယွဲ့က မှင်တက်သွား၏။
“ဘာနည်းလမ်းလဲ”
ထန်ထိုက်ကျုံးက စဉ်းစားတွေးတောသွားပြီး ကျန်းယွီယွဲ့၏ စကားကို ချက်ချင်းမဖြေပေ။
တစ်ဖက်မှာတော့ ချီရွှမ်းစုကို ဧည့်သည်ဆောင်သို့ ခေါ်သွားဖို့ ကျန်းကျွီချီက ကျန်းယွဲ့လုကို ပြောလိုက်၏။ မည်သို့ပင်ဆိုစေ သူတို့က နှစ်ကူးပြီးမှ ရှန်ချင်းမြို့ကနေ ထွက်ခွာသွားပေလိမ့်မည်။ ဧည့်သည်ကို တည်းခိုခန်းမှာ နေခိုင်းဖို့က မယဉ်ကျေးရာကျပေမည်။
သူတို့၏ နောက်ထပ်ဧည့်သည် ကျန်းယွီယွဲ့က တာ့ကျန်းစံအိမ်က သူမ၏ အပျိုဘဝ မိသားစုနေအိမ်မှာ တည်းခိုပေလိမ့်မည်။
ကျန်းကျွီချီသည် ဇနီးပြောသမျှ မခြွင်းမချန် နာခံသည့် တုံပိုင်ကျင်းနှင့် မတူပေ။ ကျန်းကျွီချီက မိသားစုအရေးကိစ္စများမှာ ဆုံးဖြတ်ချက်ချရဲဆဲဖြစ်သည်။
သူတို့၏ ဂေဟာမှာ ဝင်းနှစ်ထပ်ရှိပြီး ဧည့်သည်ဆောင်က ရှေ့ဘက်ခြံဝင်းထဲမှာ ရှိသည်။ ကျန်းယွဲ့လုက ချီရွှမ်းစုကို ပရိဘောဂ အစုံအလင်နှင့် ကောင်းကောင်းသန့်ရှင်းထားသည့် ဧည့်သည်ဆောင်သို့ ခေါ်ဆောင်သွား၏။ သို့သော်လည်း ဤနေရာတွင် လူမနေသည်မှာ နှစ်ပေါင်းများစွာ ကြာပြီဖြစ်သည့်အတွက် နေရာက အနည်းငယ် မွန်းကျပ်ဖွယ်ကောင်းနေ၏။
ကျန်းယွဲ့လုက လေဝင်လေထွက်ကောင်းစေရန် ပြတင်းပေါက်ကို ဖွင့်လိုက်သည်။
ချီရွှမ်းစုက ညင်သာစွာ ချောင်းဟန့်လိုက်၏။
“စောစောက ဖြစ်ခဲ့တဲ့အရာတွေအတွက် ငါတောင်းပန်ပါတယ်”
ကျန်းယွဲ့လုက သူ့ကို မျက်စောင်းတစ်ချက်ထိုးလိုက်၏။
“နောက်တစ်ခါဆိုရင်တော့ ငါ့ကို ရိုင်းတယ်ဆိုပြီး အပြစ်မတင်နဲ့”
“နောက်ထပ် မဖြစ်ရတော့ပါဘူး”
ချီရွှမ်းစုက ချက်ချင်းပင် ထပ်ပြောလိုက်၏။
ကျန်းယွဲ့လုက ထိုကိစ္စကို အစွဲမထားတော့ဘဲ သက်ပြင်းချလိုက်၏။
“ထျန်းယွမ်… ငါ နင့်ကို ဒုက္ခပေးမိတာ တောင်းပန်ပါတယ်... ငါ့အမေက အဲ့လောက်ထိ စိုးမိုးဗိုလ်ကျလိမ့်မယ်လို့ ငါ ထင်မထားခဲ့ဘူး”
“မင်း ဘယ်လောက်တောင် ကြားခဲ့ရလဲ”
ချီရွှမ်းစုက မေးလိုက်၏။
ကျန်းယွဲ့လုက ပြန်ဖြေလိုက်သည်။
“ငါ နင့်ကို ရွေးချယ်ရတဲ့ အကြောင်းရင်းကို သူရှင်းပြနေတဲ့ အချိန်တုန်းကပဲ... ငါလည်း ဒီတိုင်း စောင့်ကြည့်ချင်လို့တော့ မဟုတ်ဘူး... ငါတို့ရဲ့ ဆက်ဆံရေးကို မရပ်တန့်ဘူးဆိုရင် အဲ့ဒါက အနှေးနဲ့အမြန် ကြုံတွေ့ရမှာပဲမို့ နင့်အနေနဲ့ အဲ့ဒါကို စောစောစီးစီး ရင်ဆိုင်လိုက်တာက ပိုကောင်းမယ်ထင်လို့”
ချီရွှမ်းစုက မျက်တောင်ခတ်ကာ ပြောလိုက်၏။
“ဒါပေါ့... ဒါပေမဲ့ ငါတို့ရဲ့ ဆက်ဆံရေးက ဘယ်လိုမျိုးလဲ”
ကျန်းယွဲ့လုက အမူအရာ ပြောင်းလဲခြင်းမရှိဘဲ ပြောလိုက်၏။
“မိတ်ဆွေတွေပေါ့... တခြားဘာဖြစ်ရဦးမှာလဲ”
“ငါလည်း အဲ့လိုပဲ တွေးထားတာပါ”
ချီရွှမ်းစုက ပြုံးပြလိုက်၏။
ကျန်းယွဲ့လုက ရယ်မော၍ တီးတိုးရေရွတ်လိုက်၏။
“အရူးပဲ”
ချီရွှမ်းစုက ပြောလိုက်သည်။
“ချမ်းသာကြွယ်ဝတဲ့ မိန်းကလေးတစ်ဦးနဲ့ အောင်အောင်မြင်မြင် လက်ထပ်နိုင်ခဲ့တဲ့ ဆင်းရဲသားကောင်လေးတွေအကြောင်း ငါ ဝတ္ထုတွေထဲမှာ ဖတ်ဖူးတယ်... သူတို့ အဲ့လိုလက်ထပ်နိုင်တာ အဓိက အကြောင်းရင်း နှစ်ခုရှိတယ်... အကြောင်းရင်းတစ်ခုကတော့ ကောင်လေးက ရည်မှန်းချက်အရမ်းကြီးမားပြီး နန်းတွင်းစာမေးပွဲမှာ ပထမဆုရ အဆင့်မြင့်အရာရှိ တစ်ဦးအဖြစ် အိမ်ကို ပြန်လာနိုင်ခဲ့တာပဲ”
“ဒုတိယ အကြောင်းရင်းကတော့ အမျိုးသမီးက အဲ့ဒီလူကို မရမက လက်ထပ်ဖို့ ဆုံးဖြတ်ထားတာပဲ... သူက တခြား ဘယ်ယောက်ျားနဲ့မှ လက်မထပ်ဘဲ သူ့ရဲ့လူ နန်းတွင်းအရာရှိတစ်ဦးအဖြစ် ပြန်လာမယ့်အချိန်အထိ စောင့်ဖို့ သစ္စာဆိုထားတယ်... ဒါပေမဲ့ တိုက်တိုက်ဆိုင်ဆိုင်ပဲ… မိန်းကလေးတွေရဲ့ အရွယ်ကောင်းမှာ ယောက်ျားလေးတွေက ဘာမှဖြစ်မလာကြသေးဘူး... အသက် ၂၀ အရွယ် ရွှမ်အရှင်မြတ်တောင်မှ အသက် ၇၀ အရွယ် ရွှမ်အရှင်မြတ်နဲ့ ယှဉ်နိုင်မှာ မဟုတ်ဘူး”
ကျန်းယွဲ့လုက ခေါင်းညိတ်ပြလိုက်၏။
“အမှန်ပေါ့... အသက် ၂၀ အရွယ် ရွှမ်အရှင်မြတ်ကို လူငယ်ပါရမီရှင်တစ်ဦးလို့ပဲ ဆိုနိုင်သေးတယ်... သူက သိပ်ပြီးတော့ သြဇာလွှမ်းမိုးမှု မရှိသေးဘူး... အသက် ၇၀ အရွယ် ရွှမ်အရှင်မြတ်ကတော့ ဂိုဏ်းကြီးသုံးဂိုဏ်းကို ပေါင်းစည်းဖို့ သူ့ရဲ့ စိတ်ကူးအိပ်မက်ကို စတင်ပြီး ဗုဒ္ဓဂိုဏ်းကို ဖိနှိပ်ခဲ့တယ်... သူက ဗုဒ္ဓဂိုဏ်းနဲ့ တာအိုဂိုဏ်းတော်ကြား ငြိမ်းချမ်းရေးရအောင် ညှိနှိုင်းပေးခဲ့တယ်”
သူမက ချီရွှမ်းစုကို ကြည့်ပြီး မျက်တောင်ခတ်ကာ ပြောလိုက်၏။
“အို... နင်က ငါတို့အကြောင်း ပြောနေတာပဲ... ငါက တာအိုသီလရှင် ဝတ်ဖို့တောင် ဆုံးဖြတ်ထားခဲ့တာဆိုတော့ စောင့်နေဖို့ကို ဝန်မလေးပါဘူး... နင်က အခုချိန်မှာ တကယ်ပဲ သြဇာအာဏာ မရှိသေးဘူး... ဒါပေမဲ့ အသက် ၇၀ အရွယ် ချီရွှမ်းစုက အသက် ၂၀ အရွယ် ချီရွှမ်းစုထက် သေချာပေါက် အများကြီး ပိုသာလာလိမ့်မယ်လို့ ငါယုံကြည်တယ်… နင်က အသက် ၇၀ကျရင် မဟာအကြီးအကဲတောင် ဖြစ်ချင်ဖြစ်နေမယ်”
ချီရွှမ်းစုက ခေါင်းခါပြလိုက်၏။
“ငါ့ကို စနောက်မနေပါနဲ့... ငါက သာမန်သူတော်စင်တစ်ပါး ဖြစ်လာရင်ပဲ ကျေနပ်ပြီ... မင်း မဟာအကြီးအကဲ ဖြစ်လာနိုင်ရင် အကောင်းဆုံးပဲ... ငါ မင်းကို ဘေးကနေ ကူညီပေးမယ်”
“မသိရင် မဟာအကြီးအကဲနေရာက ငါတို့ရဲ့ လက်တစ်ကမ်းအတွင်းမှာ ရှိနေသလိုပဲ... ဒီစကားသာ ပျံ့နှံ့သွားရင် ငါတို့ကို နေ့ခင်းကြောင်တောင် အိပ်မက်မက်နေတယ်ဆိုပြီး လူတွေက လှောင်ရယ်ကြလိမ့်မယ်”
ကျန်းယွဲ့လုက ရယ်မောလိုက်၏။
ချီရွှမ်းစုက တစ်စုံတစ်ရာကို တွေးမိသွားသည်။
“ဒါနဲ့ ငါ့ရဲ့ အထုပ်ဘယ်မှာလဲ”
ကျောက်စိမ်းနေပြည်တော်ကနေ သူတို့ ထွက်လာစဉ်က ချီရွှမ်းစုသည် သူ့အထုပ်ကို ကျန်းယွဲ့လု၏ မှော်သိုလှောင်ပစ္စည်းထဲမှာ ထည့်သိမ်းခိုင်းထားသည်။
ကျန်းယွဲ့လုက သူမ၏ မှော်သိုလှောင်ပစ္စည်းထဲကနေ သူ့အထုပ်ကို ထုတ်ယူပြီး ပေးလိုက်သည်။ ချီရွှမ်းစုက အထုပ်ကို ယူပြီး အထဲကနေ လက်တစ်ဖဝါးအရွယ် သစ်သားဘူးလေးတစ်လုံးကို ထုတ်ယူကာ ကျန်းယွဲ့လုကို ပေးလိုက်သည်။
ကျန်းယွဲ့လုက ဘူးကို အလိုလိုလက်ခံယူပြီး မေးလိုက်၏။
“ဒါက ဘာလဲ”
ချီရွှမ်းစုက အနည်းငယ် ရှက်ရွံ့စွာဖြင့် ပြောလိုက်၏။
“မင်းအတွက် လက်ဆောင်…”
ကျန်းယွဲ့လုက ဘူးကို ဖွင့်ပြီး အထဲမှာ ဇီးစေ့အရွယ် ကျောက်တုံးလေးများကို တွေ့မြင်လိုက်ရသည်။
ချီရွှမ်းစုက ရှက်ကိုးရှက်ကန်းဖြင့် ပြုံးပြလိုက်၏။
“ငါ အဲ့ဒါတွေကို ခွန်လွင်တောင်ကနေ ကောက်ယူလာတာ... အထဲမှာ ကျောက်စိမ်းရှိမယ်လို့ ငါ့ဆရာ ပြောတယ်... အဲ့ဒါတွေက သိပ်ပြီးတော့ အဖိုးတန်တာ မဟုတ်ပေမဲ့ မင်း ကျောက်သွေးသမားတစ်ယောက်ရှာပြီး အပေါ်ယံအလွှာကို ဖယ်ထုတ်လိုက်ရင် ကျောက်စိမ်းပုတီးလေးတွေ ရလိမ့်မယ်”
ခွန်လွင်က ကျောက်စိမ်းထွက်သည့်နေရာအဖြစ် နာမည်ကြီးသည်။ လူတို့က မြစ်ကမ်းနံဘေးမှာပင် ကျောက်စိမ်းများကို ကောက်ယူရရှိနိုင်၏။ ထိုနေရာက တွင်းထွက်ရတနာ ဘယ်လောက်ကြွယ်ဝသလဲ ပြနေသည်။ ကျောက်စိမ်းရှာဖွေသူများသည် ကျောက်တုံးများကို ရှာဖွေကောက်ယူခြင်းဖြင့် နှစ်ပေါင်းများစွာကြာအောင် အသက်မွေးဝမ်းကျောင်း ပြုခဲ့ကြသည်။
သို့သော်လည်း တာအိုဂိုဏ်းက ခွန်လွင်တောင်မှာ သူတို့၏ အခြေစိုက်စခန်းကို တည်ဆောက်လိုက်ပြီးကတည်းက အဲ့ဒါကို ပိတ်ပင်တားမြစ်ခဲ့သည်။ ကျောက်စိမ်းရှာဖွေသူ အများစုက တာအိုယုံကြည်သူများ ဖြစ်လာပြီး အခြားသော နည်းလမ်းများဖြင့် အသက်မွေးဝမ်းကျောင်းရသည်။ သို့သော်လည်း တာအိုဂိုဏ်းတော်သည် အပျော်သက်သက် ကျောက်တုံးများ ကောက်ယူခြင်းကို ပိတ်ပင်တားမြစ်ထားခြင်း မရှိပေ။ အတိုင်းအတာ ကြီးမားသည့် သတ္တုတူးဖော်ခြင်းများကိုသာ ပိတ်ပင်တားမြစ်ထား၏။
ကျောက်စိမ်းတချို့သည် မြစ်၏ တိုက်စားမှုကြောင့် ချီရွှမ်းစု ကောက်ယူလာသော ကျောက်တုံးများကဲ့သို့ အပြင်အလွှာက ချောမွတ်နေ၏။
ကျန်းယွဲ့လုက ချောမွတ်နေသော ကျောက်တုံးတစ်တုံးကို ကောက်ယူပြီး လက်ဖြင့် ညင်သာစွာ ပွတ်သပ်လိုက်၏။ သူမက ရယ်မောကာ ပြောလိုက်သည်။
“နင့်မှာ ဒီလို ဝါသနာမျိုးလည်း ရှိတယ်ဆိုတာ ငါမသိခဲ့ဘူး”
ချီရွှမ်းစုက ရေရွတ်ပြောဆိုလိုက်၏။
“ငါ အဲ့ဒါတွေကို ကောက်ယူထားတာ ကြာခဲ့ပြီ... အဲ့ဒါတွေက ကျောက်စိမ်းနေပြည်တော် အပြင်ဘက်မှာလည်း ပေါများတယ်ဆိုတော့ မင်း သဘောကျမှာ မဟုတ်လောက်ဘူး ထင်တယ်”
“ငါ ဘာလို့ သဘောမကျရမှာလဲ”
ကျန်းယွဲ့လုက ဘူးကို ပိတ်ပြီး စိတ်ရင်းဖြင့် ပြောလိုက်၏။
“နင်က ဒီကျောက်တုံးတွေကို တစ်တုံးချင်း ကောက်ယူထားတာပဲ… ငါ အများကြီး သဘောကျတယ်... ကျေးဇူးပဲ”
ချီရွှမ်းစုက လက်ကာပြလိုက်၏။
“ကျေးဇူးတင်နေစရာ မလိုပါဘူး... အဲ့ဒါက သိပ်ပြီး အဖိုးတန်တာမှ မဟုတ်တာ”
ကျန်းယွဲ့လုက သစ်သားဘူးကို လက်နှစ်ဖက်ဖြင့် ကိုင်ထားသည်။ ဘာကြောင့်ရယ်မသိ သူမက ရုတ်တရက် စိတ်တထင့်ထင့် ခံစားလာရပြီး ထိုခံစားချက်ကို လွှတ်မချနိုင် ဖြစ်နေ၏။
ချီရွှမ်းစုက မေးလိုက်သည်။
“ဘာများဖြစ်လို့လဲ”
“ဘာမှ မဖြစ်ပါဘူး”
ကျန်းယွဲ့လုက ထူးဆန်းသည်ဟု ခံစားနေရ၏။ တာအိုဂိုဏ်းတော်မှ လူများ၊ အထူးသဖြင့် ခရမ်းရောင် ကြယ်တာရာနက္ခတ်ဗေဒင်ကို အရင်က သင်ယူဖူးသည့်သူများမှာ စိတ်တထင့်ထင့် ခံစားချက်များ ပေါ်ထွက်လာတတ်သည်။ နာမ်စိတ်ဝိညာဉ်ကျင့်စဉ်ကို ကျင့်ကြံသည့် ဘုန်းကြီးများသည် အိပ်မက်ထဲမှာ အနာဂတ်ကို ကြိုမြင်နိုင်သည်ဟု ဆိုကြသည်။
ဤအချိန်မှာ ကျန်းကျွီချီက ပြတင်းပေါက်ကို ရောက်လာပြီး ပြောလိုက်၏။
“ငါ မြို့ထဲက ထိုက်ကျင်းတည်းခိုခန်းကနေ စားစရာတချို့ မှာထားတယ်”
ချီရွှမ်းစုက အလောတကြီး ပြောလိုက်၏။
“ကျေးဇူးတင်ပါတယ် ဦးလေး”
ကျန်းယွဲ့လုကလည်း ပြုံး၍ ပြောလိုက်၏။
“အားလုံးအတွက် ကျေးဇူးပါပဲ အဖေ”
ကျန်းကျွီချီက ပြုံး၍ လှည့်ထွက်သွား၏။
ထျန်တိုက်ကျုံးနှင့် မတူဘဲ ကျန်းကျွီချီက သူ့သမီးကို သိပ်ပြီး ရည်မှန်းချက် ကြီးမားမနေစေချင်ပေ။ သူ့သမီးက ဘဝမှာ ပျော်ပျော်ရွှင်ရွှင်နေနိုင်ဖို့သာ သူမျှော်လင့်ထားသည်။
အခန်း ၁၆၄ - ရတနာရှစ်ပါးယာဂု
တစ်ခဏချင်းမှာပင် ၁၂ လပိုင်း ၈ ရက်နေ့ကို ရောက်လာခဲ့ပြီဖြစ်ပြီး ထိုနေ့မှာ ရတနာရှစ်ပါးယာဂုကို စားသုံးကြသည့် ရိုးရာပွဲတော်တစ်ခုရှိသည်။ အဲ့ဒါကို လာပါးပွဲတော်ဟု ခေါ်ပြီး ဗုဒ္ဓ၏ သဗ္ဗညုတဉာဏ်တော် ရရှိမှုကို ချီးကျူးဂုဏ်ပြုပေးရာကနေ ဆင်းသက်လာခဲ့သည်။
ဗုဒ္ဓဝါဒနှင့် တာအိုဝါဒ ပေါင်းစည်းပြီးနောက် တာအိုဆရာများက ဤပွဲတော်ကို ထိန်းသိမ်းခဲ့ကြသည်။ သို့သော်လည်း ဘာသာကြီးနှစ်ခုက တစ်ခုနှင့်တစ်ခု အတိုက်အခံဖြစ်လာကြပြီးနောက် တာအိုအဖွဲ့အစည်းသည် ဗုဒ္ဓ၏ သဗ္ဗညုတဉာဏ်တော်ရရှိမှုအစား ရှေးဦးမူလ တာအိုဘိုးဘေး၏ လောကီကနေ လွန်မြောက်ခြင်းအဖြစ် ပွဲတော်ကို ကျင်းပကြသည်။
လာပါးပွဲတော်တိုင်းမှာ တာ့ကျန်းစံအိမ်သည် ရတနာရှစ်ပါးယာဂုအိုးကို ကြိုချက်ပြီး ပွဲတော်ကို အတူတကွ ဆင်နွှဲရန် မိတ်ဆွေများနှင့် ဆွေမျိုးများကို ဖိတ်ခေါ်ကြသည်။ အဲဒါကို နှစ်ကုန်ပွဲတော်တစ်ခုဟု ဆိုနိုင်၏။ သို့သော်လည်း ဆွေမျိုးများအားလုံးက ဖိတ်ကြားမခံရပေ။ ဖိတ်ကြားခံရဖို့အတွက် စံနှုန်းစံထားကို တင်းကျပ်ထားသည်။
ဖိတ်ကြားခံရဖို့အတွက် တတိယအဆင့် ယိုယီတာအိုအကြီးအကဲတစ်ဦး၊ ကျန်းမိသားစု၏ ပင်မလက်တက်မှ တိုက်ရိုက်မျိုးဆက်တစ်ဦး သို့မဟုတ် ကောင်းကင်ဆရာသခင်ကိုယ်တိုင် အထူးတလည်ဖိတ်ကြားထားသူ ဖြစ်ရပေမည်။
တကယ်တော့ တာ့ကျန်းစံအိမ်က ရတနာရှစ်ပါးယာဂုသည် သာမန်လူများ စားသုံးသည့် သာမန်ယာဂုနှင့် မတူပေ။ ရိုးရာရတနာရှစ်ပါးယာဂုမှာ အနီရောင်စွန်ပလွံသီး၊ ကြာစေ့၊ မုယောစပါး၊ လုံငန်းသီးခြောက်၊ ပဲနီနှင့် အစရှိသည်တို့ ပါဝင်သည်။ သို့သော်လည်း တာ့ကျန်းစံအိမ်သည် အဖိုးတန်သော သစ်သီးနီအပါအဝင် ရှားရှားပါးပါး ဆေးဖက်ဝင်ပစ္စည်းများကို ထပ်ပေါင်းထည့်ထားသည်။
သစ်သီးနီသည် နှစ်တစ်ရာမှာ တစ်ကြိမ်သာ သီးသည်ဟူသော ကောလာဟလရှိသည်။ သာမန်လူများက ဤသစ်သီးကို စားသုံးမည်ဆိုလျှင် သစ်သီးထဲတွင် ပါဝင်သည့် ပြင်းထန်သော တေဇောဓာတ်ဖြင့် သူတို့၏ ကိုယ်တွင်းအင်္ဂါများက လောင်ကျွမ်းသွားပေလိမ့်မည်။ သို့သော်လည်း သူတို့က တေဇောဓာတ်ကို ခုခံနိုင်မည်ဆိုလျှင် သစ်သီးနီ၏ ဆေးစွမ်းအားကို အသုံးချကာ သူတို့၏ ကျင့်ကြံမှုအဆင့်ကို မြှင့်တင်နိုင်သည်။
လောကမှာ ဤကဲ့သို့သော သစ်သီးနီပင် အနည်းအကျဉ်းသာ ရှိသည်။ နှစ်တစ်ထောင်ကျော် သက်တမ်းရှိသည့် ရှားရှားပါးပါး ဤအပင်များသည် ယွင်ကျင်းတောင်နှင့် ခွန်လွင်လိုဏ်ဂူမှာ ရှိပြီး သာမန်လူများက သူတို့ကို တွေ့မြင်ရဖို့ အခွင့်အရေးမရပေ။ သူတို့က ကံကောင်းထောက်မစွာဖြင့် ထိုကဲ့သို့သော သစ်သီးတစ်လုံး ကောက်ရမည်ဆိုလျှင်ပင် အဲ့ဒါကို မဆင်မခြင် စားရဲလိမ့်မည် မဟုတ်ပေ။
တာ့ကျန်းစံအိမ်က ရတနာရှစ်ပါးယာဂုထဲ ထပ်ပေါင်းထည့်သော သစ်သီးနီက အခြားသော ဆေးဖက်ဝင်ပစ္စည်းများနှင့် ပေါင်းစပ်၍ တေဇောဓာတ်တချို့ကို ဖယ်ထုတ်ထားပြီးသား ဖြစ်သည်။ ဤယာဂုသည် မဟာအားဆေးတစ်ပါးဖြစ်ပြီး စားသုံးခွင့်ရရှိသူများက ကံကောင်းလှသည်။ တာ့ကျန်းစံအိမ် လာပါးပွဲတော်ကို ဖိတ်ခေါ်ခံရသည်က တကယ့်ကို ဂုဏ်ယူဖွယ်ရာဖြစ်၏။
ထျန်ထိုက်ချုံး၊ ကျန်းယွီယွဲ့နှင့် ကျန်းယွဲ့လုတို့က တာ့ကျန်းစံအိမ်မှ ဖိတ်ခေါ်ချက်ကို ရရှိခဲ့ကြသည်။ ထျန်ထိုက်ချုံးက တတိယအဆင့် ယိုယီတာအိုအကြီးအကဲတစ်ဦးဖြစ်ပြီး ကျန်းယွီယွဲ့က ကျန်းမိသားစု၏ ပင်မလက်တက်မှ တိုက်ရိုက်မျိုးဆက်တစ်ဦးဖြစ်သည်။ ကျန်းယွဲ့လုကတော့ ကောင်းကင်ဆရာသခင်၏ အထူးတလည် ဖိတ်ကြားခြင်း ခံရသည်။ ထို့ကြောင့် အမျိုးသမီးသုံးဦးက ရတနာရှစ်ပါးယာဂုပွဲတော်အတွက် တာ့ကျန်းစံအိမ်သို့ သွားရောက်ကြသည်။
ကျန်းကျွီချီနှင့် ချီရွှမ်းစုသာလျှင် အိမ်မှာ ကျန်ခဲ့ကြ၏။ ချီရွှမ်းစုသည် နောက်လိုက်ပါမွှား အဆင့် ၇ တာအိုဆရာတစ်ဦးမျှသာ ဖြစ်သောကြောင့် အဲ့ဒါကို စိတ်ကွက်ခြင်း မရှိပေ။ သူက ဤကဲ့သို့ ကြီးကျယ်ခမ်းနားသော ပွဲတော်တစ်ခုသို့ တက်ရောက်ဖို့ အဆင့်မမီသည်မှာ ဖြစ်သင့်လေသည်။ ဆန့်ကျင်ဘက်အနေဖြင့် သူက ဖိတ်ကြားခံရမည်ဆိုလျှင် အဆင့်မြင့် တာအိုဆရာများကြားမှာ ဘာလုပ်လို့ ဘာကိုင်ရမည်မသိ ကြောင်တိကြောင်တောင် ဖြစ်နေပေမည်။
ကျန်းကျွီချီက ဖိတ်ကြားမခံရသည်မှာ ထူးဆန်းသည်ဟု ချီရွှမ်းစု ခံစားမိသည်။ ကျန်းကျွီချီသည် တတိယအဆင့် ယိုယီတာအိုအကြီးအကဲတစ်ဦး မဟုတ်သော်လည်း သူက အဆင့် ၄ မှာ ရှိပြီး ကျန်းမိသားစုမှ ဖြစ်သည်။ ပို၍အရေးပါသည်မှာ သူ့ဇနီးနှင့် သူ့သမီးနှစ်ဦးစလုံးက ဖိတ်ကြားခံထားရသည်။ သူတစ်ယောက်သာ ကွက်ကျန်ခဲ့ပြီး အတော်လေး ရှက်ဖွယ်ရာ ဖြစ်၏။
ထိုသို့ဆိုလျှင်တောင် ကျန်းကျွီချီသည် ဤကဲ့သို့သော ပုံစံနှင့် အတန်ကြာအောင် အသားကျနေခဲ့ပြီဖြစ်သည့်အလား ဂရုစိုက်ခြင်း ရှိပုံမရပေ။ သူက စိတ်ပျက်လက်ပျက် သို့မဟုတ် မကျေမချမ်း ဖြစ်မနေပေ။ ထို့အစား တာ့ကျန်းစံအိမ်သို့ ဖိတ်ကြားမခံရသော သူ့မိတ်ဆွေအပေါင်းအသင်းများနှင့် စစ်တုရင်ကစားပြီး သောက်စားဖို့အတွက် အပြင်သို့ ထွက်ခွာသွားသည်။
ဤအချက်သည် ကျန်းကျွီချီက လာပါးပွဲတော်အတွက် တာ့ကျန်းစံအိမ်သို့ ဖိတ်ကြားမခံရသည်မှာ တစ်နှစ် နှစ်နှစ် မကတော့သည်ကို ညွှန်ပြနေ၏။ ကျန်းကျွီချီက အဆင့် ၄ မှာ အချိန်တစ်ခုကြာအောင် ရပ်တန့်နေခဲ့ပြီး သူက ကျန်းမိသားစုနှင့် ပဋိပက္ခတချို့ ရှိထားနိုင်သည်ဟု ချီရွှမ်းစု သံသယဝင်မိသည်။
အမျိုးသမီးများ ထွက်ခွာသွားပြီးနောက် ချီရွှမ်းစုက ဘာမှလုပ်စရာမရှိဘဲ ယွင်ကျင်းတောင်သို့ တစ်ယောက်တည်း ထွက်ခွာသွား၏။ မည်သို့ပင်ဆိုစေ ဤနေရာကို ရောက်ရှိလာခြင်းက ရှားရှားပါးပါး အခွင့်အရေးဖြစ်ပြီး သူက ထူးထူးခြားခြား မြင်ကွင်းများကို လက်လွှတ်မခံလိုပေ။ တကယ်တော့ တောင်ပေါ်မှာ တားမြစ်နယ်မြေအချို့ ရှိသော်လည်း သူတို့ကို သီးသန့်အမှတ်အသားပြု၍ စောင့်ကြပ်ထားပြီး ချီရွှမ်းစုက ထိုကန့်သတ်နယ်မြေများသို့ လမ်းမှားကာ ဝင်ရောက်သွားမည်ကို စိုးရိမ်နေစရာ မလိုပေ။
ချီရွှမ်းစုက ချောက်ကမ်းပါးတစ်ခုသို့ ရောက်ရှိလာသည်။ ထိုနေရာမှာ တာအိုဘုရားကျောင်းတစ်ကျောင်း ရှိနေ၏။ ဘုရားကျောင်းကနေ အပြင်ဘက်ကို ကြည့်မည်ဆိုလျှင် တောင်တန်းများ ဝန်းရံထားသည့် တိမ်စိုင်ပင်လယ်ကို တွေ့မြင်နိုင်သည်၊ အဲ့ဒါက သဘာဝရှုခင်းကို ခံစားဖို့အတွက် အတော်လေးကောင်းမွန်သည့် နေရာတစ်ခုဖြစ်၏။ သို့သော်လည်း ရွှမ်အရှင်မြတ်က တောင်ထွတ်ကို ဖျက်ဆီးခဲ့ကတည်းက တာအိုဘုရားကျောင်း၏ အစိတ်အပိုင်းတချို့က အောက်ဘက်မှာ ရှိသော ချောက်နက်ထဲသို့ လျှောကျသွားပြီး ပြိုကျနေသော ချောက်ကမ်းပါးထိပ်မှာ ဘုရားကျောင်း၏ အပျက်အစီးနေရာတချို့နှင့် ခေါင်းလောင်းမျှော်စင်တစ်ခုသာ ကျန်ခဲ့သည်။
ချီရွှမ်းစုက ခေါင်းလောင်းမျှော်စင်သို့ တက်သွားပြီး အပြင်ဘက်ရှိ ကျယ်ပြောသော တိမ်စိုင်ပင်လယ်ကို ငေးကြည့်နေ၏။ သူက တိမ်စိုင်များကို စိတ်ဝင်စားခြင်း မရှိပေ။ သူတကယ်တမ်း စိတ်ဝင်စားနေသည်မှာ ဤကဲ့သို့သော မြင်ကွင်းတစ်ခုကို ဖန်တီးခဲ့သည့် ကြီးကျယ်ခမ်းနားသော စွမ်းအား ဖြစ်သည်။ ရွှမ်အရှင်မြတ်သည် အမျက်ဒေါသဖြင့် တောင်တစ်လုံးကို ဖျက်ဆီးပြီး ဤနေရာမှာရှိသော ရှုခင်းများကို ပြောင်းလဲသွားစေခဲ့သည်။ ဤသည်မှာ တောင်တန်းများကို ရွှေ့ပြောင်းပြီး ပင်လယ်များကို ရုပ်လုံးဖော်နိုင်သည့် အင်မော်တယ်စွမ်းအား ဖြစ်သည်။
သူက ဤကဲ့သို့ စွမ်းအားကြီးမားလာနိုင်မလား သိချင်မိသည်။ သူ့မှာ ဤကဲ့သို့သော စွမ်းအား ရှိလာမည်ဆိုလျှင် တာ့ကျန်းစံအိမ်ကပင် သူ့ကို ဦးညွှတ်ရပေလိမ့်မည်။ ဤကဲ့သို့ ကြီးကျယ်ခမ်းနားသော စွမ်းအားနှင့်ဆိုပါက ချင်းဖျင်အသင်းသည် သူ့ကို ဖိအားပေးနိုင်တော့မည် မဟုတ်ဘဲ အရာရာတိုင်းက သူ့အလိုဆန္ဒအတိုင်း တိမ်းညွှတ်လာကြပေလိမ့်မည်။
တကယ်တော့ ချီရွှမ်းစုက ကျေးဇူးကန်းတတ်သူ မဟုတ်ပေ။ အစ်မချီက သူ့အသက်ကို ကယ်တင်ပေးခဲ့ပြီး သူက ထိုအကြွေးကို အမြဲတမ်း မှတ်သားထားသည်။ သို့သော်လည်း အစ်မချီနှင့် ချင်းဖျင်အသင်းက တစ်ဖက်တည်းမှာ ရှိသည်ဟု သူ ဘယ်တုန်းကမှ မသတ်မှတ်ခဲ့ပေ။ တစ်နေ့မှာ သူက အရာရာကို ထိန်းချုပ်နိုင်သည့် ဆရာကြီးတစ်ပါး ဖြစ်လာမည်ဆိုလျှင် အစ်မချီကို ချင်းဖျင်အသင်း၏ ခေါင်းဆောင် ခန့်အပ်ပေးပေလိမ့်မည်။ ထိုအခါ စိတ်ဝင်စားစရာ အလှည့်အပြောင်းများ ဖြစ်လာပေမည်။
ချီရွှမ်းစုက စိတ်ကူးယဉ်နေစဉ် သူ့နောက်ဘက်မှ ခြေသံတချို့ကို ကြားလိုက်ရ၏။ သူက လှည့်ကြည့်လိုက်စဉ် ပထမထပ်လှေကားမှာ အမျိုးသမီးတစ်ဦး ပေါ်လာသည်ကို တွေ့မြင်လိုက်ရ၏။ သူမက ခေါင်းလောင်းမျှော်စင်ပေါ်သို့ တက်လာတော့မည့်ပုံ ရှိသည်။
ဤအမျိုးသမီးက ရမ္မက်ပြင်းပြင်း မျက်လုံးများနှင့် ချောမောလှပသည်။ သူမ လမ်းလျှောက်လာစဉ် သူမ၏ တင်ပါးများက ညင်သာစွာ လှုပ်ခါပြီး ပို၍ဆွဲဆောင်မှု ရှိနေစေ၏။ သို့သော်လည်း ချီရွှမ်းစုက သမ္ဘာရင့် ခရီးသွားတစ်ဦးဖြစ်သည်။ အစ်မချီ၏ ဂမ္ဘီရဉာဏ် နည်းစနစ်များမှ အနည်းငယ်ကို သူ သင်ယူထားလေသည်။
ဤအမျိုးသမီး၏ မျက်နှာသွင်ပြင်အရ ရက်စက်ကြမ်းတမ်းသည့် လူဆိုးတစ်ဦး မဟုတ်သော်လည်း သူ့ထံသို့ ချဉ်းကပ်လာခြင်းတွင် သူမမှာ ကောင်းမွန်သော ရည်ရွယ်ချက် မရှိသည်ကို ချီရွှမ်းစု ပြောနိုင်၏။
ရှင်းရှင်းပြောရလျှင် ဤမိန်းမက လူကောင်းတစ်ယောက် ဟုတ်ပုံမရပေ။
ချီရွှမ်းစုက ချက်ချင်းပင် စိုးရိမ်ပူပန်လာပြီး လှေကားနှင့် ဝေးရာသို့ ဖြည်းဖြည်းချင်း ဆုတ်ခွာသွား၏။
အတွေ့အကြုံရှိ ခရီးသွားတစ်ဦးအနေဖြင့် သူက လူတိုင်းပေါ် သံသယထားတတ်သည်။ သူသည် ကိုင်တွယ်ရ မလွယ်ကူသည့် ထျန်ထိုက်ချုံးနှင့် ကျန်းယွီယွဲ့ကို အတိုက်အခံပြုလုပ်မိထား၏။ ထို့ကြောင့် သူတို့၏ တုံ့ပြန်နိုင်မှုများအတွက် သူက ကြိုတင်ပြင်ဆင်ထားရသည်။
သူက ယွင်ကျင်းတောင်မှာ ရှိနေစဉ် ထျန်ထိုက်ချုံးက သူ့ကို သတ်လိမ့်မည် မဟုတ်သော်လည်း သူ့ကို ကန်ထုတ်ဖို့အတွက် အခြားသော နည်းလမ်းတချို့ အသုံးပြုလာနိုင်ခြေရှိသည်ကို သူ သိထား၏။
နိုင်ငံရေးကစားကွက်များ သို့မဟုတ် လမ်းကြားများထဲမှာ လူအများစု အသုံးပြုတတ်သည့် ညစ်ပတ်သော လှည့်ကွက်တချို့ ရှိလေသည်။
ချီရွှမ်းစုက ဤအမျိုးသမီးကို တွေ့မြင်သည့်အချိန်မှာပင် ‘အလှမယ်ထောင်ချောက်’ ဟူသော စကားလုံးက သူ့စိတ်ထဲမှာ ပေါ်ထွက်လာ၏။ အဲ့ဒါသည် ယောကျ်ားများထံမှ ငွေညှစ်ရန် ငါးစာအဖြစ် ချောမောလှပသော အမျိုးသမီးများကို အသုံးချသည့် တွေ့မြင်နေကျ လှည့်ကွက်တစ်ခု ဖြစ်သည်။ သို့သော်လည်း ချီရွှမ်းစုက နောက်ထပ် ဖြစ်နိုင်ခြေတစ်ခုကို တွေးမိသွား၏။ အတင်းအဓမ္မပြုကျင့်ခံရသည်ဟု စွပ်စွဲခြင်း…။
မိန်းမတစ်ယောက်က သူမ၏ ဂုဏ်သိက္ခာကို မငဲ့ကွက်ဘဲ ယောကျ်ားတစ်ယောက်ကို သူမနှင့် ဖောက်ပြန်နေသည်ဟု စွပ်စွဲမည်ဆိုလျှင် သက်သေအထောက်အထား မရှိရင်တောင် ထိုသူ၏ ဂုဏ်သိက္ခာက ကျဆင်းသွားပေလိမ့်မည်။ ဤအလေ့အထသည် ကွန်ဖြူးရှပ်ဝါဒက အဓိက ယုံကြည်ကိုးကွယ်မှု ဖြစ်ခဲ့သည့်အချိန်အတွင်း ဆင်းသက်လာခဲ့သည်။
ကွန်ဖြူးရှပ်များသည် အမျိုးသမီးများ၏ အရှက်သိက္ခာနှင့် ကိုယ်ကျင့်သီလကို တန်ဖိုးထားပြီး မိန်းမတစ်ဦးက အတင်းအဓမ္မပြုကျင့်ခံရသည်ဟု ယောကျ်ားတစ်ဦးကို စွပ်စွဲမည်ဆိုလျှင် ထိုယောကျ်ားထက် သူမက ပို၍ထိခိုက်နစ်နာရပေလိမ့်မည်။ ထို့ကြောင့် မဟုတ်မဟတ် စွပ်စွဲပြောဆိုမှုများက တော်ရုံ ရှိမလာတတ်ပေ။ အဲ့ဒါနှင့်ပတ်သက်၍ တိကျရှင်းလင်းသော စည်းမျဉ်းစည်းကမ်းများ ရှိမထားသော်လည်း အတင်းအဓမ္မပြုကျင့်ခြင်းက ရွံရှာစက်ဆုပ်ဖွယ်ရာ ဖြစ်နေဆဲပင်။
သို့သော်လည်း ယနေ့ခေတ်မှာ အမျိုးသမီးတစ်ဦး၏ အရှက်သိက္ခာနှင့် ကိုယ်ကျင့်သီလက အရင်တုန်းကလောက် အရေးမပါတော့ဘဲ အတင်းအဓမ္မပြုကျင့်ခံရသည်ဟု စွပ်စွဲရာတွင် အမျိုးသမီးများအတွက် နောက်ပိုင်းအကျိုးဆက်က သိပ်ပြီး မပြင်းထန်တော့ပေ။ ထို့ကြောင့် လူတချို့က မဟုတ်မဟတ် စွပ်စွဲပြောဆိုမှုများကို စတင်ပြုလုပ်လာကြသည်။
ယောကျ်ားတစ်ယောက်နှင့် မိန်းမတစ်ယောက်က အခန်းထဲမှာ အတူရှိနေသရွေ့ အတင်းအဓမ္မပြုကျင့်ခံရသည်ဟူသော စွပ်စွဲချက်ကို ငြင်းပယ်ရန် ခက်လှသည်။ အဆင့်မြင့် တာအိုဆရာတစ်ဦး၏ နာမည်ဂုဏ်သတင်းကပင် ဖျက်ဆီးခံရပေလိမ့်မည်။ ဩဇာအာဏာရှိသော သူများသာလျှင် ဤကဲ့သို့သော စွပ်စွဲမှုများကို ဖိနှိမ်နိုင်မည်။ ထို့ကြောင့် ချီရွှမ်းစုလို အဆင့်နိမ့် တာအိုဆရာတစ်ဦးက ထွက်ပြေးတိမ်းရှောင်နိုင်မည် မဟုတ်ပေ။ ထျန်ထိုက်ချုံးသည် သူ့ကို ရှင်းထုတ်ဖို့အတွက် ဤကဲ့သို့ ရွံရှာစက်ဆုပ်ဖွယ်ရာ နည်းလမ်းများကို အသုံးပြုလာနိုင်သည်ဟု ယုံကြည်ထားသောကြောင့် ချီရွှမ်းစုက ဤအမျိုးသမီးကို သတိထားနေ၏။
ချီရွှမ်းစုက လှည့်ပတ်ကြည့်ရှုပြီး ခေါင်းလောင်းမျှော်စင်သို့ အတက်အဆင်းပြုလုပ်ရာ တစ်ခုတည်းသော လှေကားကို တွေ့မြင်ရသော်လည်း ထိုနေရာကို ထိုမိန်းမက ယူထားပြီဖြစ်သည်။ အခြားတစ်ဖက်က ကုတ်တွယ်စရာ အဖုအထစ် နည်းနည်းပင် မရှိသည့် ပြောင်ချောနေသော ကျောက်ထရံ ဖြစ်သည်။ သူ့အောက်ဘက်မှာက ချောက်နက်ကြီး ရှိလေသည်။
သူက ရုတ်တရက် အကျပ်ရိုက်သွား၏။ အမျိုးသမီးက လှေကားကနေ ဖြည်းဖြည်းချင်း တက်လာစဉ် သူမ ခြေတစ်လှမ်းလှမ်းတိုင်း ချီရွှမ်းစုက ရင်တထိတ်ထိတ် ခုန်လာသည်ဟု ခံစားရသည်။
နောက်ဆုံးမှာ ခေါင်းလောင်းမျှော်စင်၏ ဒုတိယထပ်ကနေ အမျိုးသမီး၏ ကိုယ်အပေါ်ပိုင်းကို တွေ့မြင်နေရပြီဖြစ်၏။ ထိုအချိန်မှာ ချီရွှမ်းစုက ခေါင်းလောင်းမျှော်စင်၏ အစပ်ကို ဆုတ်ခွာသွားပြီဖြစ်ပြီး လက်ရန်းကို ကျောမှီထား၏။
အမျိုးသမီးက ဒုတိယထပ်ကို ရောက်ရှိလာပြီး ချီရွှမ်းစုနှင့် မျက်နှာချင်းဆိုင်လိုက်ချိန်မှာ သူမက ပြုံး၍ သူ့ကို နှုတ်ဆက်လာ၏။ သို့သော်လည်း ချက်ချင်းဆိုသလို သူမ၏ အမူအရာက တင်းမာသွား၏။
ချီရွှမ်းစုက အမျိုးသမီးကို ငေးကြည့်နေရင်း အောက်ဘက်မှာရှိသော ချောက်နက်ထဲသို့ ခုန်ချလိုက်၏။ တကယ်တော့ ချီရွှမ်းစုက သူ့ကိုယ်သူ အဆုံးစီရင်ခြင်း မဟုတ်ပေ။
ပြုတ်ကျသွားသည့်အချိန်မှာ သူက ဓားတိုချင်းယွမ်ကို ခါးကနေ ထုတ်ထားပြီဖြစ်ပြီး သူ၏ကိုယ်နေဟန်ထားကို ထိန်းညှိ၍ ခေါင်းလောင်းမျှော်စင်၏ အောက်တည့်တည့်မှာရှိသော ကျောက်ထရံကို ထိုးစိုက်လိုက်၏။
ကိုယ်ခံပညာသိုင်းသမားတစ်ဦးနှင့် ယှဉ်နိုင်သည့် တစ်မူထူးခြားသော သူ၏ ကိုယ်ကာယကို မှီခိုကာ ပြုတ်မကျအောင် ထိန်းထားသည်။ ထို့နောက် သူ၏ လက်ချောင်းများကို ကွေးညွှတ်၍ လက်သည်းများဖြင့် ကျောက်ထရံကို ထိုးစိုက်ကာ သူ့ခန္ဓာကိုယ် ရွှေ့ပြောင်းအားဖြင့် ဓားကို ဆွဲနှုတ်လိုက်၏။
သူ၏ တုံ့ပြန်မှုက မထင်မှတ်ထားလောက်အောင် မြန်ဆန်သည်။ ထိုသို့ဖြင့် ချီရွှမ်းစုက လက်ချောင်းများကို သုံးပြီး တောက်တဲ့တစ်ကောင်ကဲ့သို့ ကျောက်ထရံမှာ တွယ်တက်နေ၏။
ခဏနေပြီးနောက် အမျိုးသမီးက အသိစိတ်ပြန်ကပ်လာပြီး လက်ရန်းရှိရာသို့ အပြေးအလွှား သွားလိုက်၏။ သူမက ကိုယ်ကို စောင်းငဲ့ပြီး ငုံ့ကြည့်လိုက်သော်လည်း တိမ်စိုင်များကလွဲပြီး ချီရွှမ်းစု၏ ပုံရိပ်ကို လုံးဝ မတွေ့မြင်ရတော့ပေ။
အမျိုးသမီးက ခပ်ပြင်းပြင်း ဖနောင့်ဆောင့်ချလိုက်၏။
“ဘယ်လိုလူပါလိမ့်... သူ့ကိုယ်သူ သတ်သေရလောက်အောင် ငါက ကြောက်စရာကောင်းနေလို့လား”
သူမ ပြင်ဆင်လာသည့် အရာများအားလုံးက သဲထဲရေသွန်ဖြစ်သွားသည့်အတွက် သူမက ဘာလုပ်လို့ ဘာကိုင်ရမည်မသိ ဖြစ်နေ၏။ ခဏနေပြီးနောက် လှေကားကနေ တက်လာသည့် နောက်ထပ် ခြေသံများကို ကြားလိုက်ရသည်။
ကျန်းယွီယွဲ့ ဦးဆောင်၍ လူသုံးယောက်က လှေကားကနေ တက်လာကြသည်။ သူမက ရတနာရှစ်ပါးယာဂုကို ဂရုမစိုက်သည့်အတွက် လာပါးပွဲတော်သို့ သွားရောက်ခဲ့ခြင်း မရှိပေ။
လိုက်လာသည့် အခြားနှစ်ယောက်သည် ချီရွှမ်းစုကို ဖမ်းဆီးရန် တာ့ကျန်းစံအိမ်ကနေ ကျန်းယွီယွဲ့ ငှားရမ်းလာသည့် အကူများ ဖြစ်သည်။
သို့သော်လည်း ကျန်းယွီယွဲ့က လှည့်ပတ်ကြည့်ရှုပြီး ချီရွှမ်းစု၏ မည်သည့်အရိပ်အယောင်ကိုမှ မတွေ့မြင်ရသောအခါ မျက်မှောင်ကြုတ်ပြီး မေးလိုက်၏။
“သူဘယ်မှာလဲ”
အမျိုးသမီးက နှုတ်ခမ်းကို တင်းတင်းစေ့ပြီး လက်ရန်းရှိရာဘက်သို့ ခေါင်းဆတ်ပြလိုက်၏။
“ကျွန်မ သူနဲ့တောင် စကားမပြောလိုက်ရဘူး... အောက်ကို ခုန်ဆင်းသွားတယ်... တကယ့်လူပါပဲ”
ကျန်းယွီယွဲ့က လက်ရန်းဆီသို့ ပြေးသွားပြီး အပြင်ဘက်သို့ ကိုယ်ကိုစောင်းငဲ့ကာ ကြည့်လိုက်သော်လည်း တိမ်စိုင်များကိုသာ တွေ့မြင်ရသည်။ ချီရွှမ်းစုက ထွက်ပြေးလွတ်မြောက်သွားပြီဖြစ်၏။
ကျန်းယွဲ့လုက မချင့်မရဲဖြင့် လက်ရန်းကို ရိုက်ချလိုက်၏။
“တော်တော် ဉာဏ်များတဲ့ ကောင်စုတ်ပဲ... သူက တကယ့်ကို ကိုင်တွယ်ရ မလွယ်ဘူး”