အခန်း (၁၆၅-၁၆၆)
Vol. 17 Ch. 165-166
အခန်း ၁၆၅ - ရတနာရှစ်ပါးယာဂု (၂)
ချီရွှမ်းစုသည် ပြောင်ချောနေသော ကျောက်ထရံမှာ အတန်ကြာအောင် ကန့်လန့်ဖြတ်သွား၍ တာအိုဘုရားကျောင်း၏ အပျက်အစီးနေရာကို ကျော်လွန်လာပြီးမှ ချောက်ကမ်းပါးထိပ်ကို ဖက်တက်လိုက်သည်။
ဤအချိန်မှာ သူ့လက်ချောင်းများက သွေးများ တစ်စက်စက်စီးကျ၍ အသားများက ကွာကျနေပြီဖြစ်၏။ သူ၏ အရိုးများကိုပင် တွေ့မြင်နိုင်သည်။ လက်သည်းများက သွေးအလိမ်းလိမ်းနှင့်ဖြစ်၏။ ကံကောင်းစွာဖြင့် သူ့မှာ ကိုယ်ခံပညာသိုင်းသမားတစ်ဦး၏ သန်မာသောကိုယ်ကာယရှိထားပြီး ပြောင်ချောနေသောကျောက်ထရံမှာ ဤမျှ အကွာအဝေးထိ ဖက်တွယ်တက်လာနိုင်ခဲ့သည်။
ချီရွှမ်းစုက သက်ပြင်းရှည်တစ်ချက်ကိုထုတ်လိုက်၏။ ကျန်းယွဲ့လုသည် သူ့ကို အိမ်ကနေမထွက်ဖို့ ဘာ့ကြောင့်ပြောခဲ့သလဲ နောက်ဆုံးနားလည်သဘောပေါက်သွားသည်။ သူမက တစ်ခုခုဖြစ်လာလို့ ကြိုတွက်ထားခဲ့ပြီးသားဖြစ်သည်။
ဤသည်ကိုစဥ်းစားရင်း ချီရွှမ်းစုက မတ်တတ်ထရပ်၍ ကျန်းမိသားစုဂေဟာရှိရာသို့ လမ်းပြန်လျှောက်လာ၏။ ချီရွှမ်းစုက ကျန်းယွဲ့လု၏ အစွမ်းအစများကို အထင်ကြီးမိသွားသည်။ သူမမိခင်နှင့် ဝမ်းကွဲအစ်မသည် သူ့ကို ကိုင်တွယ်ဖို့ ဤကဲ့သို့သောလှည့်ကွက်များ အသုံးပြုလာလိမ့်မည်ဟု သူမ ကြိုသိမထားလောက်ပေ။ သူမ၏ စိုးရိမ်ပူပန်မှုသည် ဆိုင်းမဆင့်ဗုံမဆင့်ပေါ်ထွက်လာသည့် စိတ်တထင့်ထင့်ခံစားချက်ကနေ လာခဲ့သည်။
ကျန်းယွဲ့လုမှာ လီထျန်ကျန်းနှင့် ကျန်းနန်အမှုကသူများကဲ့သို့ ရန်သူများစွာရှိထားသော်လည်း ယွင်ကျင်းတောင်က သူမ၏ အခြေစိုက်စခန်းဖြစ်သည်။ ကောင်းကင်ဆရာသခင်က ယွင်ကျင်းတောင်ပေါ်ရှိ တာ့ကျန်းစံအိမ်မှာ စိုးစံနေပြီး ကျန်းယွဲ့လုကို ရန်စရဲလောက်အောင် ဘယ်သူက ရဲတင်းမှာလဲ။
အရင်တုန်းက မြေကမ္ဘာဆရာသခင်ရှုဝူကွေ့သည် ကောင်းကင်ဆရာသခင်မရှိသည့်အချိန်မှသာ တာ့ကျန်းစံအိမ်ကို ဝင်ရောက်တိုက်ခိုက်ရဲခဲ့သည်။ ထို့ကြောင့် ကျန်းယွဲ့လုက အိမ်မှာရှိနေစဥ် ဘာ့ကြောင့် မကောင်းသောနိမိတ်ကိုရရှိခဲ့သလဲ စဥ်းစားမရ ဖြစ်နေခဲ့သည်။ မကောင်းသော နိမိတ်တစ်ခုသည် လနှင့်ချီ ကြိုတင်၍ ပေါ့ထွက်မလာတတ်ဘူး မဟုတ်လား။
ဟောကိန်းထုတ်ခြင်းမှာ အချိန်ကပိုကြာလေ အလှည့်အပြောင်းများက ပို၍ရှိလာလေပင်။ ထို့ကြောင့် တိကျမှုကလည်း သိသိသာသာလျော့ကျသွားပေမည်။ ထို့ကြောင့် ကြိုတင်ခန့်မှန်းချက်အများစုက နှစ်လထက် မကျော်လွန်ရပေ။ ကျန်းယွဲ့လုသည် နောက်နှစ်လအတွင်း သူမ၏ခရီးစဥ်ကိုတွက်ကြည့်ခဲ့၏။ သူမက ယွင်ကျင်းတောင် သို့မဟုတ် ကျောက်စိမ်းနေပြည်တော်မှာ ရှိနေလိမ့်မည်ဖြစ်ပြီး ထိုနေရာနှစ်ခုစလုံးက အတော်လေး ဘေးကင်းလုံခြုံသည့်နေရာများဖြစ်သည်။
ချီရွှမ်းစုက ကျန်းမိသားစု၏ ဂေဟာကို ပြန်ရောက်လာပြီးနောက် ကျန်းကျွီချီနှင့် ဆုံမိသွား၏။ ချီရွှမ်းစုက ယဥ်ကျေးဖော်ရွေသော ဤလူကြီးအပေါ် ကောင်းမွန်သော ထင်မြင်ချက်ရှိထားပြီး ဤအကြီးအကဲကို လေးလေးစားစား ရပ်တန့်ကာ နှုတ်ဆက်လိုက်၏။
ကျန်းကျွီချီက ချီရွှမ်းစုကို တစ်ချက်ကြည့်၍ သူ၏လက်ချောင်းများကိုတွေ့မြင်သွား၏။ သူက လျှို့ဝှက်ဆန်းကြယ်သယောင်လေသံဖြင့် အကြံပေးလိုက်သည်။
“ယွင်ကျင်းတောင်က ဘေးကင်းလုံခြုံတဲ့နေရာတစ်ခုဖြစ်တယ်လို့ မင်း တွက်မထားသင့်ဘူး… လူတွေရှိတဲ့ ဘယ်နေရာမဆို ပဋိပက္ခရှိတယ်”
“ကျုပ် နားလည်ပါပြီ”
ချီရွှမ်းစုက တည်တံ့စွာဖြင့် ပြောလိုက်၏။
ကျန်းကျွီချီက ဆက်လက်၍မပြောဆိုတော့ဘဲ ထွက်ခွာသွားသည်။ ချီရွှမ်းစုက ထိုနေရာမှာမတ်တတ်ရပ်ပြီး ကျန်းကျွီချီ၏ နောက်ကျောကို တွေးတွေးဆဆဖြင့် ငေးကြည့်နေ၏။
ကျန်းကျွီချီက ထင်ထားသလောက်မရိုးရှင်းဟု သူ ဝမ်းတွင်းအသိစိတ်အရ အလိုလိုသိနေ၏။ ထိုလူမှာ လျှို့ဝှက်ထားသော ဇာတ်လမ်းတစ်ပုဒ် ရှိနေလောက်သည်။
ဤအချိန်မှာ တစ်ယောက်ယောက်က အနောက်ကနေ သူ့ကို ပခုံးလာပုတ်၏။
“နင် ဘာတွေငေးကြည့်နေတာလဲ”
ချီရွှမ်းစုက လှည့်ကြည့်ပြီး အံ့အားသင့်စွာဖြင့် ကျန်းယွဲ့လုကို တွေ့မြင်လိုက်ရသည်။
“မင်းဘာလို့ အစောကြီးပြန်ရောက်လာတာလဲ”
ကျန်းယွဲ့လုက ပြန်ဖြေလိုက်၏။
“ရတနာရှစ်ပါးယာဂုစားပြီးတာနဲ့ ငါ ထွက်လာခဲ့တာ… ငါ အဲဒီမှာနေပြီးတော့ ဟန်ဆောင်မနေချင်ပါဘူး”
“ဟန်ဆောင်တယ်… ဘယ်လိုဟန်ဆောင်မှုမျိုးလဲ”
ချီရွှမ်းစုက သိချင်သွား၏။
ကျန်းယွဲ့လုက မျက်လုံးစွေကြည့်လိုက်၏။
“ယဥ်ကျေးလိမ်မာတဲ့ မြေးမလေးလိုပေါ့… အရင်နှစ်တုန်းက ကောင်းကင်ဆရာသခင်က တာ့ကျန်းစံအိမ်မှာ ရှိမနေတဲ့အတွက် ငါ အိမ်ကိုမပြန်ခဲ့ဘူး… အဲဒီတုန်းက တာ့ကျန်းစံအိမ်က လာပါးပွဲတော်က သာမန်ပဲလို့ငါကြားတယ်… ဒါပေမဲ့ ဒီနှစ်ကတော့ မတူဘူး… ကောင်းကင်ဆရာသခင်က ဒီတစ်ခေါက်တက်ရောက်လာတယ်… အဲဒါကြောင့် ယာဂုနဲနဲစားပြီးတဲ့နောက် ကျန်းမိသားစုဝင်တွေအားလုံးက ကောင်းကင်ဆရာသခင်ကို အလုအယက် မြှောက်ပင့်ပြီး မျက်နှာချိုသွေးနေကြတာ… ကောင်းကင်ဆရာသခင်က အိမ်ထောင်မပြုတဲ့အတွက် သူ့မှာ သွေးရင်းသားရင်း သားသမီးမရှိဘူး… ဒါပေမဲ့ သူ့မှာ ဘယ်သူ့ထက်မဆိုပိုများတဲ့ မျိုးဆက်တွေရှိတယ်”
ချီရွှမ်းစုက ရယ်လိုက်၏။
“မင်း ဒီလောက်ထိ ထေ့ငေါ့ပြောဆိုတတ်လိမ့်မယ်လို့ ငါမသိခဲ့ဘူး”
ကျန်းယွဲ့လုက လက်ကာပြလိုက်၏။ ထို့နောက် ချီရွှမ်းစု၏ လက်ချောင်းများကို သတိထားမိသွားပြီး သူမက မေးလိုက်သည်။
“ဘာဖြစ်ခဲ့တာလဲ”
ချီရွှမ်းစုက ဖုံးကွယ်မထားဘဲ စောစောက ဖြစ်ပျက်ခဲ့သည့်အရာများကို ပြန်ပြောပြလိုက်၏။ သို့သော်လည်း သူ၏ ထင်မြင်ချက်ကို ပြောမပြခဲ့ပေ။ ဤကြုံတွေ့မှု၏ ထူးဆန်းပုံကိုသာ သူက ပြောပြလိုက်၏။
“ငါက အကဲပိုလွန်းနေတာလည်းဖြစ်မှာပါ”
ကျန်းယွဲ့လုက အလေးအနက်စဥ်းစားတွေးတောသွား၏။ သူမက ခေါင်းခါပြီးပြောလိုက်၏။
“နင်က အကဲပိုတာမဟုတ်ဘူး.. ကျန်းယွီယွဲ့က တာ့ကျန်းစံအိမ်က စားသောက်ပွဲမှာပေါ်မလာလို့ ငါစဥ်းစားနေတာ.. သူတို့ ဘာတွေကြံနေကြတာလဲ”
သူက ဝေဖန်ပြောဆိုခြင်း မရှိပေ။
ဤတစ်ခေါက်မှာ ကျန်းယွဲ့လုက အချက်အလက်များကို အကြမ်းဖျင်းချိတ်ဆက်မိသွား၏။ သူမ၏ လေသံက ပို၍ ရန်လိုလာပြီး အော်ပြောလိုက်၏။
“ငါ ဒါကိုသည်းမခံနိုင်ဘူး… သူတို့လွန်သွားပြီ”
ချီရွှမ်းစုက တည်ငြိမ်သောပုံစံဖြင့် ပြောလိုက်၏။
“ချင်းရှောင်.. စိတ်လိုက်မာန်ပါမလုပ်နဲ့… ငါတို့မှာ သက်သေအထောက်အထားမရှိဘူး”
ကျန်းယွဲ့လုက အမျက်ဒေါသကိုဖိနှိမ်ပြီး ခေါင်းညိတ်ပြလိုက်၏။
“ငါ့အစ်မဝမ်းကွဲမှာ ဒါကိုလုပ်ရဲတဲ့သတ္တိ သေချာပေါက်ရှိတယ်… ဒါပေမဲ့ ဒီလိုအကြံအစည်မျိုးကို စဥ်းစားမိနိုင်တဲ့ဦးနှောက် သူ့မှာမရှိဘူး… နောက်ကွယ်မှာ ကြိုးကိုင်သူတစ်ယောက်ရှိနေလောက်တယ်”
ကျန်းယွဲ့လုက အဲဒါကို ရှင်းရှင်းလင်းလင်းမပြောဆိုသော်လည်း ဘယ်သူ့ကိုရည်ညွှန်းနေသည်ကို သူတို့နှစ်ယောက်စလုံးက သိရှိထားကြသည်။
ကျန်းယွဲ့လုက ရေရွတ်ပြောဆိုလိုက်၏။
“ငါထင်တာမှန်တယ်… ငါတို့တွေ ရှန်ချင်းမြို့မှာ သိပ်ကြာကြာနေလို့မရဘူး… ငါတို့က နှစ်သစ်အကြိုမှာရောက်လာပြီး နှစ်ဆန်းတစ်ရက်နေ့မှာ ထွက်သွားမယ်ဆိုရင် အကောင်းဆုံးဖြစ်မှာ”
ချီရွှမ်းစုက ကူကယ်ရာမဲ့စွာပြုံးပြလိုက်၏။
“မင်း အဲလိုလုပ်စရာမလိုပါဘူး”
ရတနာရှစ်ပါးယာဂုကို စားသုံးပြီးနောက် ရရှိလာသော ကျန်းယွဲ့လု၏ ကောင်းမွန်သောစိတ်က လုံးဝပျက်စီးသွား၏။ ထို့နောက် သူမက ချီရွှမ်းစုကို သူမအခန်းထဲ လိုက်ခဲ့ခိုင်းလိုက်သည်။
အမျိုးသမီးတစ်ယောက်၏ အခန်းထဲကို ဝင်ရောက်ခြင်းက တားမြစ်ချက်တစ်ခု မဟုတ်တော့ပေ။ သို့သော်လည်း ချီရွှမ်းစုသည် မိန်းကလေးအပျိုတစ်ဦး၏ အခန်းထဲသို့ ပထမဆုံးအကြိမ် ခြေချမိခြင်းဖြစ်သည်။ ကျန်းယွဲ့လု၏ အခန်းက အတော်လေးရိုးရှင်းသည့်အတွက် ချီရွှမ်းစုက တစ်နည်းတစ်ဖုံ စိတ်ပျက်မိသွား၏။ အခန်းထဲမှာ ကုတင်တစ်လုံး၊ စားပွဲတစ်လုံး၊ လိုက်ကာတစ်ခုနှင့် ကြွေစည်ပိုင်းခုံနှစ်လုံးသာရှိလေသည်။ သူမ၏ ပစ္စည်းအများစုကို ကျောက်စိမ်းနေပြည်တော်က သူမ၏ ဂေဟာသို့ ရွှေ့ပြောင်းထားခဲ့သောကြောင့်ဖြစ်သည်။
ကျန်းယွဲ့လုက ချီရွှမ်းစုကို ထိုင်ခိုင်းပြီး သူမက ရှေ့တည့်တည့်မှာထိုင်ကာ သူတို့နှစ်ယောက်ကြားတွင် စားပွဲတစ်ခုခြားနေ၏။ ထို့နောက် သူမက ဟွာရှန်ခန်းမကနေ ဝယ်ယူလာသည့် အနာလိမ်းဆေးကို ထုတ်ယူလိုက်၏။
အိမ်သို့ပြန်ရောက်လာပြီးကတည်းက သူမက လိမ်းဆေးကို ပုံမှန်အသုံးပြုနေခဲ့ပြီး သူမ၏ ဒဏ်ရာအများစုက သက်သာပျောက်ကင်းသွားခဲ့ပြီဖြစ်သည်။ အရေပြားအသစ် ထွက်လာသောကြောင့် ခပ်ဖျော့ဖျော့ အနီရောင်အမာရွတ်တချို့သာကျန်ခဲ့သည်။
ချီရွှမ်းစုက ခေါင်းခါပြလိုက်၏။
“ဒါက အသေးအဖွဲ့ဒဏ်ရာပဲ… သိပ်မကြာခင် ကောင်းသွားမှာပါ”
“လက်ကိုသာ ထုတ်လိုက်စမ်းပါ”
ကျန်းယွဲ့လုက အမိန့်ပေးလိုက်၏။
ချီရွှမ်းစုက နာခံလိုက်ရ၏။
“ကဲ.. ဟုတ်ပြီ မလှုပ်နဲ့ဦး”
ကျန်းယွဲ့လုက ထထွက်သွားပြီးနောက် ရေဇလုံတစ်လုံးနှင့်အတူ ပြန်ရောက်လာသည်။
ကျန်းယွဲ့လုက အရင်ဆုံး ချီရွှမ်းစု၏လက်ကို ရေဖြင့်ဆေးပေးပြီးနောက် ဆေးကို ဂရုတစိုက်လိမ်းပေးလိုက်သည်။ သူမသည် ဤကဲ့သို့ အရင်က မပြုလုပ်ခဲ့ဖူးသည့်အတွက် အနည်းငယ်ပုံစံမကျဖြစ်နေပြီး ချီရွှမ်းစုကို မတော်တဆထိခိုက်နာကျင်သွားစေ၏။ သို့သော်လည်း ချီရွှမ်းစုအတွက်တော့ ဤနာကျင်မှုသည် ဤကဲ့သို့ ပြုစုယုယမှုကနေ ရလာသည့် နွေးထွေးမှုနှင့် စိတ်ကျေနပ်မှုနှင့်စာလျှင် ဘာမှပြောပလောက်စရာမဟုတ်တော့ပေ။
ဆေးလိမ်းပေးပြီးနောက် ကျန်းယွဲ့လုက မေးလိုက်သည်။
“ကဲ ပြီးပြီ… ပိုကောင်းသွားပြီမလား”
ချီရွှမ်းစုက သူ့လက်ချောင်းများကို အာရုံစိုက်ကြည့်လိုက်၏။ အစက စပ်ဖျင်းဖျင်းဖြစ်နေပြီးနောက် အနည်းငယ်အေးစက်လာသလိုခံစားရသည်။ လိမ်းဆေးသည် သူ့ခန္ဓာကိုယ်၏ ကုသမှုကို အတိုင်းအတာတစ်ခုထိ အရှိန်မြှင့်တင်ပေးလိုက်ပုံရသည်။
ပုံမှန်ဆို ပျောက်ကင်းဖို့ သုံးလေးရက်ယူရမည့် ဒဏ်ရာက နှစ်နာရီခန့်မှာ သက်သာပျောက်ကင်းလာတော့မည်ဖြစ်၏။
ကျန်းယွဲ့လုက ညွှန်ကြားလိုက်၏။
“နင့်လက်တွေကိုဒီလိုမျိုးမြှောက်ထား… ဆေးအာနိသင်ပြလာပြီးမှ ပြန်ချ”
ချီရွှမ်းစုက သူမပြောသည့်အတိုင်း လိုက်လုပ်ရသည်။
. . . . . . .
နှစ်သစ်ကူးတိုင်းမှာ ကျောက်စိမ်းနေပြည်တော်က လူအရေအတွက်က လျော့ကျသွားပြီး ကျန်းကျင်ပရဝဏ်၊ ချုံးယန်ထာဝရနန်းတော်နှင့် တာ့ကျန်းစံအိမ်တို့မှာ လူအရေအတွက်က ခါတိုင်းထက် များစွာပိုလာတတ်သည်။
တာ့ကျန်းစံအိမ်မှလူတိုင်းက ကျန်းမိသားစုဝင်များမဟုတ်ကြပေ။ ကျန်းမိသားစုနှင့် ပတ်သက်ဆက်စပ်သည့်သူများကလည်း ဤအချိန်အတောအတွင်း တာ့ကျန်းစံအိမ်ကို အလည်အပတ်ရောက်ရှိလာကြသည်။ ထိုသို့ဖြင့် ဝေဟင်ပျံသင်္ဘောများပြေးဆွဲမှုကိုလည်း တိုးမြှင့်ထားသည်။
ကြီးမားသည့် ဝေဟင်ပျံသင်္ဘောတစ်စင်းက တိမ်စိုင်ပင်လယ်ကိုဖြတ်ကျော်၍ ရှန်ချင်းနန်းတော်အပြင်ဘက် ရေကန်မှာ ဆိုက်ကပ်ဖို့အတွက် ဖြည်းဖြည်းချင်းနှိမ့်ဆင်းလာ၏။
ဆိပ်ကမ်းမှာ သူတို့ကိုကြိုမည့် လူတစ်အုပ်စုက မတ်တတ်ရပ်နေကြပြီဖြစ်၏။ သူတို့ထဲမှာခေါင်းဆောင်က ကျန်းယွီယွဲ့၏ ဖခင် ကျန်းကျွီချန်ဖြစ်သည်။
သူက ရှန်ချင်းနန်းတော်သခင်ဖြစ်သော ဒုတိယအဆင့် ထိုင်ယီတာအိုအကြီးအကဲတစ်ဦးလည်း ဖြစ်သည်။
ကျန်းကျွီချန်က ကောင်းကင်ဆရာသခင်၏ သားအရင်းမဟုတ်သော်လည်း ကျန်းကျွီချန်၏ ဖခင်နှင့် ကောင်းကင်ဆရာသခင်က ညီအစ်ကိုအရင်းများဖြစ်ကြသည်။
ကောင်းကင်ဆရာသခင်က အိမ်ထောင်မပြုသည့်အတွက်ကြောင့် မျိုးနွယ်ဆက်ခံထုံးတမ်းအရ ကျန်းကျွီချန်က အရိုက်အရာဆက်ခံသူဖြစ်လာပေမည်။
ထို့ကြောင့် ကျန်းကျွီချန်၏ မိသားစုကို ကျန်းမိသားစု၏ ပင်မလက်တက်ဟု ဆိုရမည်ဖြစ်သည်။
ကျန်းကျွီချန်၏ နောက်ဘက်မှာ အရင်က ချီရွှမ်းစုနှင့် တွေ့ဆုံခဲ့ဖူးသော တတိယအဆင့် ယိုယီတာအိုအကြီးအကဲ ကျန်းကျွီဖျင်အပါအဝင် အဆင့်မြင့်တာအိုဆရာ တစ်အုပ်စုရှိနေသည်။
ကျန်းကျွီချန်နှင့် သူ၏ အခြွေအရံများက ဝေဟင်ပျံသင်္ဘောလာရာဘက်ကို ကြည့်နေကြ၏။ သူတို့အားလုံးက ကောင်းကင်သက်ရှိများဖြစ်ပြီး သူတို့၏ ဝင်သက်ထွက်သက်ကပင် ဝေဟင်ပျံသင်္ဘောကနေ ဆောင်ကျဥ်းလာသည့် ရေငွေ့များကို ပျက်ပြယ်သွားစေနိုင်သည်။
ဝေဟင်ပျံသင်္ဘောဆိုက်ကပ်ပြီးနောက် ကုန်းပေါင်တံတားတစ်ခုကျဆင်းလာပြီး သင်္ဘောဝမ်းထဲမှလူများက တစ်ယောက်ပြီးတစ်ယောက် ဆင်းလာကြ၏။
ကျန်းကျွီချန်က သူတို့ကို အရင်စတင်နှုတ်ဆက်လိုက်ပြီဖြစ်သည်။ ဝေဟင်ပျံသင်္ဘောသည် ချုံးယန်ထာဝရနန်းတော်မှ အထူးသီးသန့် သင်္ဘောဖြစ်ပြီး ချွမ်ကျန်းဂိုဏ်းမှ အဆင့်မြင့်တာအိုဆရာများကို တင်ဆောင်လာသည်။
သူတို့အားလုံးသည် လာပါးပွဲတော်ဆင်နွှဲရန် ယွင်ကျင်းတောင်ပေါ်က ကောင်းကင်ဆရာသခင်ထံ အလည်အပတ်သွားဖို့ မြေကမ္ဘာဆရာသခင်၏ အမိန့်ဖြင့် ရောက်ရှိလာခြင်းဖြစ်သည်။ တကယ်တော့ သူတို့မှာ သူတော်စင်ချင်းဝေက အင်ပါယာနေပြည်တော်က ဧကရာဇ်ထံသွားရောက်လည်ပတ်သလိုမျိုး တူညီသောရည်ရွယ်ချက်ပါလာကြသည်။
လာပါးပွဲတော်ကို မနက်ပိုင်းနှင့်ညနေပိုင်းဟူ၍ နှစ်ပိုင်းခွဲခြားထားသည်။ ပထမတစ်ပိုင်းမှာ ကျန်းမိသားစုဝင်များ အဓိကအားဖြင့်တက်ရောက်ပြီး ကျန်းယွဲ့လာလည်း ပါဝင်တက်ရောက်ခဲ့သည်။ ဒုတိယပိုင်းသည် ကျန်းယီဂိုဏ်းနှင့် ချွမ်ကျန်းဂိုဏ်းမှ အဆင့်မြင့်အရာရှိများအတွက် ကျင်းပပေးခြင်းဖြစ်သည်။ အလည်အပတ်ရောက်လာသော လူအရေအတွက်က ပို၍နည်းသွားသော်လည်း ထိုအပိုင်းက ပို၍အရေးပါလေသည်။
ဤတစ်ခေါက် ရောက်လာသည့်သူများထဲမှာ ရှုကျိုးတာအိုစံအိမ်သခင်၊ ချင်ကျိုးလက်ထောက်တာအိုစံအိမ်သခင်ခေါင်းဆောင်နှင့် ဝူရှုနန်းတော်သခင်တို့ပါဝင်ပြီး သူတို့အားလုံးက ဒုတိယအဆင့် ထိုက်ယီတာအိုအကြီးအကဲများဖြစ်ကြသည်။
ကျန်းကျွီချန်က ရှုကျိုးတာအိုစံသခင် ချီကျောင်းကျန့်နှင့် အသိအကျွမ်းဖြစ်သည်။ ချီကျောင်းကျန့်ကိုမွေးထုတ်ပေးသော ချီမိသားစုသည် ချီရွှမ်းစုကို အခြားသူများ မကြာခဏအမှတ်မှားလေ့ရှိသည့် မိသားစုဖြစ်သည်။
ချီရွှမ်းစုက ထို ချီမိသားစုမှဖြစ်မည်ဆိုလျှင် သူက ကျန်းယွဲ့လုနှင့် အဆင့်အတန်းခြင်း တူညီနေပေလိမ့်မည်။ ချီရွှမ်းစုက ချီမိသားစုနှင့် သွေးသားပတ်သက်ဆက်စပ်မှုမရှိသည်မှာ နှမြောစရာပင်။ မည်သို့ပင်ဆိုစေ သူက သူ့ဆရာ၏ မျိုးရိုးနာမည်ကို ယူထားရုံသာဖြစ်၏။
ကျန်းကျွီချန်နှင့် ချီကျောင်းကျန့်က ခဏမျှအပြန်အလှန်နှုတ်ဆက်ပြီးနောက် သူတို့၏ အခြွေအရံများရှေ့ကနေ ဦးဆောင်သွား၏။
သူတို့၏ နောက်ဘက်မှာ ကျန်းကျွီချန်၏ ဝမ်းကွဲညီ ကျန်းကျွီရှုနှင့် ဝူရှုနန်းတော်သခင်တို့ ရှိနေကြသည်။
ယေဘုယျအားဖြင့်ပြောရလျှင် ဝူရှုနန်းတော်သခင်က ရှန်ချင်းနန်းတော်သခင်နှင့် တူညီသောအဆင့်မှာရှိသင့်သည်။ သို့သော်လည်း အရင်တုန်းက သူတော်စင်တန်ဟွားက ဝူရှုနန်းတော်ကို တာဝန်ယူထားစဥ် သူက ပေချန်ခန်းမသခင် ဖြစ်ခဲ့သည်။ သို့သော်လည်း သူတော်စင်တန်ဟွားကို ကျိဝေခန်းမသခင်အဖြစ် တိုးမြှင့်ပေးပြီးနောက် ဝူရှုနန်းတော်ကို သူတော်စင်အသစ်တစ်ပါးက လွှဲပြောင်း၍ယူရသည်။
ဤသူတော်စင်သည် သာမန်ဒုတိယအဆင့် ထိုက်ယီတာအိုအကြီးအကဲတစ်ဦးဖြစ်ပြီး ယခုအချိန်ထိ တန်ခိုးရှင်သူတော်စင်တစ်ပါးမဖြစ်သေးဘဲ သူက ကျန်းကျွီချန်နှင့် ချီကျောင်းကျန့်တို့ထက် အဆင့်အတန်းအရ နိမ့်ကျနေဆဲဖြစ်၏။ ထို့ကြောင့် ဤတစ်ခေါက် ချွမ်ကျန်းဂိုဏ်း တပည့်သားအုပ်စုကို ရှုကျိုးတာအိုစံသခင် ချီကျောင်းကျန့်က ဦးဆောင်လာခြင်းဖြစ်သည်။
ချွမ်ကျန်းဂိုဏ်းတပည့်ဂိုဏ်းသားများက ဝေဟင်ပျံသင်္ဘောပေါ်ကနေ တစ်ယောက်ပြီးတစ်ယောက် ဆင်းသက်လာကြသည်။
ဆိပ်ကမ်းမှာ ရောက်ရှိနေသော ကျန်းယီဂိုဏ်းတပည့်ဂိုဏ်းသားများက သူတို့နှင့် အဆင့်ချင်းတူသူများကို ဆက်လက်၍ ကြိုဆိုသွားပြီး သိပ်မကြာခင် ထိုနေရာမှာ ကျန်းကျွီဖျင်သာလျှင် ကျန်ခဲ့သည်။ ကုန်းပေါင်တံတားကို သင်္ဘောနှင့် ချိတ်ဆက်ထားဆဲဖြစ်၏။
နောက်ဆုံးမှာတော့ သင်္ဘောပေါ်မှာ တစ်ဦးတည်းသော ကျန်ရစ်သူကပေါ်ထွက်လာ၏။ ဖေးရှောင်လိုသည် တာအိုဟဲချန်ဝတ်စုံကို ဝတ်ဆင်ထားပြီး ကြာပန်းသရဖူကိုဆောင်းထားသည်။ ‘တောင်းမှာအကွပ် လူမှာအဝတ်’ဟူသောစကားအတိုင်း ဖေးရှောင်လိုသည် ချီရွှမ်းစု ပထမဆုံး ဝေဟင်ပျံသင်္ဘောစီးစဥ်က တွေ့ဆုံခဲ့သည့် တတ်ယောင်ကားဆရာတစ်ဦးနှင့် မတူတော့ပေ။ သူက အတော်လေး တည်ငြိမ်အေးဆေးသည့်ပုံပေါ်နေ၏။
ဖေးရှောင်လိုက ကုန်းပေါင်တံတားထိပ်မှာ မတ်တတ်ရပ်ပြီး တာ့ကျန်းစံအိမ်ရှိရာဘက်သို့ ငေးကြည့်နေ၏။ ထို့နောက် သူက အောက်မှာရှိသော ကျန်းကျွီဖျင်ကို ပြုံး၍လှည့်ကြည့်ပြီး ကုန်းပေါင်တံတားကနေ ဖြည်းဖြည်းချင်းဆင်းချလာ၏။
ဤကဲ့သို့ စိတ်နေစရိုက်မတူသည့်လူနှစ်ယောက်က မိတ်ဆွေများဖြစ်လာနိုင်သည်ဟု စဥ်းစားကြည့်ရန်ခက်လေသည်။
အခန်း ၁၆၆ - မဟာမိတ်ဖွဲ့ပူးပေါင်းခြင်း
ကျိုးရှီခေတ်၏ ၄၁ ခုနှစ်အကုန်မှာ တန်ခိုးရှင်သူတော်စင် ချီကျောင်းကျန့်သည် ဒုတိယအဆင့် ထိုက်ယီတာအိုအကြီးအကဲများစွာအပါအဝင် ချွမ်ကျန်းဂိုဏ်းမှ အဆင့်မြင့်တာအိုဆရာ ၃၆ ဦးကို ဦးဆောင်ကာ ယွင်ကျင်းတောင်ကို ရောက်ရှိလာသည်။
ချီကျောင်းကျန့်သည် ရှုကျိုးတာအိုစံသခင်ဖြစ်သည်။ သူသည် ချွမ်ကျန်းဂိုဏ်းကိုယ်စား ကောင်းကင်ဆရာသခင်ကို လက်ဆောင်တချို့နှင့်နှုတ်ဆက်ရန် မြေကမ္ဘာဆရာသခင်ထံမှ အမိန့်ရထား၏။ ထို့နောက် သူသည် ပထမဆုံးကောင်းကင်ဆရာသခင် ရှန့်ကွမ်ဝမ်ကို အရိုအသေပေးဖို့ တာ့ကျန်းစံအိမ်က ဘိုးဘေးဗိမာန်သို့ သွားရောက်မည်ဖြစ်သည်။ ရှန့်ကွမ်ဝမ်က ပထမဆုံးကောင်းကင်ဆရာသခင်၏ ဇနီးဖြစ်ခဲ့သည်။ ထို့ကြောင့် ချွမ်ကျန်းဂိုဏ်းနှင့် ကျန်းယီဂိုဏ်းမှာ တူညီသောဘိုးဘေးများရှိနေကြ၏။
၁၂ လပိုင်း ၈ ရက်နေ့ညမှာ ကောင်းကင်ဆရာသခင်သည် ချွမ်ကျန်းဂိုဏ်းမှ ဤအဆင့်မြင့်တာအိုဆရာအုပ်စုအတွက် တာ့ကျန်းစံအိမ်မှာ စားသောက်ပွဲတစ်ခုကျင်းပပေးသည်။ ကျန်းကျွီချန်နှင့် ကျန်းယီဂိုဏ်းမှ အခြားသော အဆင်မြင့်တာအိုဆရာတချို့ကလည်း တက်ရောက်ကြ၏။ သို့သော်လည်း ဤတွေ့ဆုံမှု၏ အကြောင်းအရာကို အပြင်လူများ အသိမခံပေ။
မြေကမ္ဘာဆရာသခင်သည် လက်ရှိမှာ မဟာသူတော်စင်လွင်ကျစ်နေရာကို ယူထားသောကြောင့် သူက ကျောက်စိမ်းနေပြည်မှာ အခြေစိုက်နေထိုင်ပြီး ဤစားသောက်ပွဲသို့ ကိုယ်တိုင်တက်ရောက်မလာနိုင်ပေ။
ကျန်းယီဂိုဏ်းမှာ ဒုတိယဩဇာအာဏာရှိသူ သူတော်စင်စီဟန်နှင့် ချွမ်ကျန်းဂိုဏ်းမှ ဒုတိယဩဇာအာဏာရှိသူ သူတော်စင်တန်ဟွားတို့က တူကျစ်ခန်းမသခင်နှင့် ကျိဝေခန်းမသခင်နေရာများကို ယူထားကြသည်။ သူတို့သည် တာအိုဂိုဏ်းတော်၏ ဘဏ္ဍာရေးနှင့် အရင်းအမြစ်များကို ထိန်းချုပ်ထားသောကြောင့် သူတို့ကလည်း ကျောက်စိမ်းနေပြည်မှာ နေထိုင်ရပြီး ဤစားသောက်ပွဲသို့ တက်ရောက်မလာကြပေ။
အနောက်ဘက်ဒေသမှာ စစ်ဖြစ်နေသောကြောင့် အနောင်ဘက်ဒေသတာအိုစံအိမ်သခင်ကလည်း ထွက်ခွာမလာနိုင်ပေ။ ချင်ကျိုးတာအိုစံအိမ်သခင်ကလည်း မြေကမ္ဘာဆရာသခင်၏ နေရာဖြစ်သော ချုံးယန်ထာဝရနန်းတော်ကို တာဝန်ယူအုပ်ချုပ်နေရသည်။ ထို့ကြောင့် ရှုကျိုးတာအိုစံသခင် ချီကျောင်းကျန့်က ဤစားသောက်ပွဲမှာ ချွမ်ကျန်းဂိုဏ်းကို ကိုယ်စားပြုရသည်။
၁၂ လပိုင်း ၉ရက်နေ့မှာ ချီရွှမ်းစုက ချီလေ့ကျင့်မှု ပြီးဆုံးသွားစဥ် သူ့အခန်းတံခါးအပြင်ဘက်ကနေ စောင့်နေသည် ကျန်းယွဲ့လုကို တွေ့လိုက်ရ၏။
“ဘာကိစ္စရှိလို့လဲ… မင်းဘာလို့ အစောကြီး ရောက်လာတာပါလိမ့်”
ချီရွှမ်းစုက တံခါးကိုဖွင့်ပြီး မေးလိုက်၏။
ကျန်းယွဲ့လုက ယာဂုပန်းကန်နှင့် ပေါက်စီနှီးပေါင်းခြင်းများထည့်ထားသော စားစရာလင်ဗန်းတစ်ဗန်းကို ကိုင်ထားသည်။ ကျန်းယွဲ့လုက အစာဖျက်ကျင့်စဥ်ကို ကျင့်ကြံနေသောကြောင့် ချက်ပြုတ်ခြင်းမရှိပေ။ ထို့ကြောင့် သူမသည် မြို့ထဲမှ နာမည်ကြီးစားသောက်ဆိုင်လည်းဖြစ်သော ထိုက်ဖျင်တည်းခိုခန်းမှ ဤစားစရာများကို ဝယ်ယူလာခြင်းဖြစ်မည်ဟု ချီရွှမ်းစု ခန့်မှန်းမိ၏။
သူမက သူ့အခန်းထဲသို့ ဝင်လာပြီး သူ့အတွက် မနက်စာကို စားပွဲပေါ်တင်ပေးလိုက်၏။ နှီးပေါင်းခြင်းများကို တစ်ခုပေါ်တစ်ခု ထပ်ဆင့်ထားပြီး အငွေ့များထွက်နေဆဲဖြစ်၏။ အဲဒါက ရိုးရှင်းသည့်ပုံပေါ်သော်လည်း အရင်တုန်းက ရွှမ်အရှင်မြတ်သည် ပေါင်းထားသော စားစရာများကို အတော်လေးကြိုက်နှစ်သက်သည့်အတွက် ဤကဲ့သို့ တမင်သက်သက် ပြင်ဆင်ကြခြင်းဖြစ်သည်။ ချီရွှမ်းစုသည် ပထမအလွှာမှာ ပုံစံနှင့်အရောင်မတူသော ပေါက်စီအသေးခြောက်ခုကို တွေ့မြင်ရသည်။ အဖြူရောင်ပေါက်စီများကို ဂျုံအနုဖြင့် ပြုလုပ်ထားပြီး အနက်ရောင်ပေါက်စီများကို ပန်းဂျုံဖြင့် ပြုလုပ်ထားကာ အဝါရောင်ပေါက်စီများကို စေးကပ်သောလူးဆန်ဖြင့် ပြုလုပ်ထားသည်။ ဤပေါက်စီများက အတော်လေးလှပသေသပ်ပြီး အသီးအနှံများ၊ အသားနှင့် အရွက်တို့ကို အစာသွပ်ထည့်ထား၏။ ချီရွှမ်းစုက စားဖို့ပြင်နေစဥ် ကျန်းယွဲ့လုက သူ့ကိုကြည့်နေ၏။ သူက လက်ဆေး၍ အစာသွပ်ထားသော ပေါက်စီတစ်လုံးကို တူဖြင့်ညှပ်ယူပြီး ပါးစပ်ထဲကိုထည့်လိုက်၏။
ကျန်းယွဲ့လုက ချီရွှမ်းစု၏ လက်ချောင်းများကို တစ်ချက်ကြည့်လိုက်၏။ ဒဏ်ရာများက သက်သာပျောက်ကင်းသွားပြီဖြစ်သည်။
ချီရွှမ်းစုမှာ အစားစားရင်း စကားပြောတတ်သော အကျင့်ရှိသည်။ ပေါက်စီတစ်လုံးကို မျိုချပြီးနောက် သူက မေးလိုက်၏။
“မင်း တစ်ခုခုဖြစ်လာတယ်လို့ ငါဘာလို့ ခံစားနေရတာပါလိမ့်… သတိထားစရာကိစ္စရှိလို့လား”
“ဟုတ်တယ်… တကယ်ပဲ ကိစ္စရှိတယ်”
ကျန်းယွဲ့လုက ဝေ့ဝိုက်မနေဘဲ လိုရင်းကို တန်းပြောလိုက်၏။
“ရှုကျိုးတာအိုစံသခင်က အဆင့်မြင့် ချွမ်ကျန်းဂိုဏ်းတာအိုဆရာ ၃၆ ဦးကို ဦးဆောင်ပြီး တာ့ကျန်းစံအိမ်ကို မနေ့ကရောက်လာတယ်လို့ ငါအခုပဲ သတင်းရတယ်”
ဒုတိယမြောက်ပေါက်စီကိုဆွဲယူတော့မည့် ချီရွှမ်းစုက ရုတ်တရက် အေးစက်တောင့်တင်းသွားပြီး ဖြည်းဖြည်းချင်းခေါင်းမော့ကာ ကြည့်လိုက်၏။
“ရှုကျိုးတာအိုစံသခင်က ချွမ်ကျန်းဂိုဏ်း အဆင့်မြင့်တာအိုဆရာ ၃၆ ဦးကို ဥိးဆောင်ပြီး တာ့ကျန်းစံအိမ်ကို အလည်ရောက်လာတယ်… တစ်ချိန်တည်းမှာပဲ သူတော်စင်ချင်းဝေကလည်း ထိုက်ဖျင်ဂိုဏ်းက အဆင့်မြင့်တာအိုဆရာ ၃၆ ဦးကို ဦးဆောင်ပြီး အင်ပါယာနေပြည်တော်က ဧကရာဇ်နဲ့သွားတွေ့တယ်… ၃၆ဆိုတဲ့ဂဏန်းက တိုက်ဆိုင်မှုတစ်ခုမဟုတ်ဘူးထင်တယ်”
“မှန်တယ်… အဲဒါက တိုက်ဆိုင်မှုမဟုတ်ဘူး”
ကျန်းယွဲ့လုက ရှင်းပြလိုက်၏။
“ထိုက်ဖျင်ဂိုဏ်းက တစ်ဘက်အဖွဲ့အစည်းတွေရဲ့တုံ့ပြန်မှုကို စမ်းသပ်ချင်တဲ့အတွက် ရွှမ်ကျန်းဂိုဏ်းနဲ့ ကျန်းယီဂိုဏ်းက ဒီလိုမျိုး တုံ့ပြန်လာတာပဲ”
ချီရွမ်းစုက ဆက်လက်၍ စားသောက်ချင်စိတ်မရှိသေးဘဲ ပြောလိုက်၏။
“မဟာအကြီးအကဲ ရွေးချယ်တင်မြှောက်မှုမှာ ဧကရာဇ်ကြားဝင်စွက်ဖက်ဖို့အတွက် ထိုက်ဖျင်ဂိုဏ်းက အင်ပါယာနေပြည်တော်နဲ့ ပေါင်းကြံမယ်ဆိုရင် ကျန်းယီဂိုဏ်းနဲ့ ချွမ်ကျန်းဂိုဏ်းကလည်း ထိုက်ဖျင်ဂိုဏ်းကို ဆန့်ကျင်ဖို့အတွက် ပူးပေါင်းကြမယ်ဆိုတဲ့သဘောလား”
“ဟုတ်တယ်… အဲဒါက မဟာမိတ်ဖွဲ့ပူးပေါင်းမှုပဲ”
ကျန်းယွဲ့လုက ခေါင်းညိတ်ပြလိုက်၏။
“ဒါဆိုရင် တာအိုဂိုဏ်းတော်က ကွဲထွက်သွားမှာလား”
ချီရွှမ်းစုက မဝံ့မရဲဖြင့် ပြောလိုက်၏။
ကျန်းယွဲ့လုက စိတ်မချမ်းမြေ့သောလေသံဖြင့် ပြောလိုက်၏။
“ငါ့အထင်တော့ ဒါက သင့်လျော်တဲ့ချဥ်းကပ်မှုမဟုတ်ဘူး… နှစ်ဖက်စလုံးက စိုးရွံ့နေကြတယ်”
“ဘာအဓိပ္ပါယ်လဲ”
ချီရွှမ်းစုကမေးလိုက်၏။
ကျန်းယွဲ့လုက စားပွဲကို လက်ဖြင့်တတောက်တောက်ခေါက်နေ၏။
“ထိုက်ဖျင်ဂိုဏ်းက တာအိုဂိုဏ်းတော်ကနေ ခွဲထွက်သွားမှာကို ငါတို့စိုးရိမ်နေသလို ထိုက်ဖျင်ဂိုဏ်းကလည်း ခွဲထွက်ရမှာကို စိုးရိမ်နေလိမ့်မယ်… ဘာပဲပြောပြော ထိုက်ဖျင်ဂိုဏ်းကို တာအိုဂိုဏ်းတော်ရဲ့အစိတ်အပိုင်းလို့ ဆိုနိုင်နေသေးတယ်”
“သူတို့က တာအိုဂိုဏ်းတော်ကို ဖျက်ဆီးချင်တာမဟုတ်ဘူး… တာအိုဂိုဏ်းတော်အတွင်းမှာပဲ အမြင့်ဆုံးဩဇာအာဏာကို ရယူချင်နေကြတာ”
“တာအိုဂိုဏ်းတော်ကွဲထွက်သွားရင် သူတို့အတွက် ဘာကောင်းကျိုးရှိမှာလဲ… တာအိုဂိုဏ်းတော်က အင်ပါယာနန်းတော်နဲ့ မျှခြေရှိတဲ့ ဩဇာအာဏာကို ထိန်းမထားနိုင်ဘူးဆိုရင် ထိုက်ဖျင်ဂိုဏ်းက မဟာအကြီးအကဲနေရာကို ရလာမယ်ဆိုရင်တောင် သူတို့က အင်ပါယာနန်းတော်ရဲ့ လက်အောက်ခံဖြစ်သွားဦးမှာပဲ… သူတို့အတွက်တော့ လက်ရှိအဆင့်အတန်းကို ထိန်းထားတာက ပိုပြီးတော့ကောင်းတယ်… အဲဒါဆိုရင် သူတို့က အနည်းဆုံးတော့ အင်ပါယာနန်းတော်နဲ့ အဆင့်အတန်းအရ တန်းတူရည်တူမှာရှိနေဦးမယ်”
ချီရွှမ်းစုက နောက်ဆုံးမှာ နားလည်သဘောပေါက်သွား၏။
“ဘယ်သူကမှ တာအိုဂိုဏ်းတော်ကို ကွဲထွက်မသွားစေချင်ဘူး… ဒါပေမဲ့ သူတို့အားလုံးက မဟာအကြီးအကဲနေရာကို ရယူချင်နေကြတာ… အဲဒါကြောင့် ထိုက်ဖျင်ဂိုဏ်းက ဧကရာဇ်ရဲ့လွှမ်းမိုးမှုနဲ့ ချွမ်ကျန်းဂိုဏ်းနဲ့ ကျန်းယီဂိုဏ်းကို အဲဒီနေရာကိုလက်လျှော့ဖို့ ဖိအားပေးချင်နေတာပဲ”
“ဒါပေမဲ့ ချွမ်ကျန်းဂိုဏ်းနဲ့ ကျန်းယီဂိုဏ်းက နောက်ဆုတ်မပေးလိုဘဲ နောက်ဆုံးအချိန်ထိ ယှဥ်ပြိုင်ချင်နေကြလိမ့်မယ်…အခုအဲဒါက ဘယ်သူကပိုပြီး ဆုံးဖြတ်ချက်ပြတ်သားသလဲပေါ် မူတည်လာပြီ… ချွမ်ကျန်းဂိုဏ်း၊ ကျန်းယီဂိုဏ်းနဲ့ ထိုက်ဖျင်ဂိုဏ်းထဲ ဘယ်သူက အရင်စပြီး အလျှော့ပေးမလဲ.. အခု ပဋိပက္ခက မလွဲမသွေ ဖြစ်လာတော့မယ်လို့ထင်တယ်”
“အဲဒါက အကြမ်းဖျင်းဆိုလိုရင်းပဲ…တစ်ဖက်အဖွဲ့က လုံလောက်အောင်ပြတ်သားခြင်းမရှိဘူးဆိုရင် ရလဒ်ကတော့ ကြိုပြီးတော့ ခန့်မှန်းလို့မရအောင် ဖြစ်လာလိမ့်မယ်”
ကျန်းယွဲ့လုက သူမ၏စိုးရိမ်ပူပန်မှုကို ဖုံးကွယ်မထားပေ။
“စစ်ပွဲဖြစ်လာမယ်ဆိုရင် ဘယ်သူက အကျိုးအမြတ်အရှိဆုံးဖြစ်မလဲ… အဲဒါက အင်ပါယာနန်းတော်ပဲ… အဲဒါကြောင့် အင်ပါယာနန်းတော်က တာအိုဂိုဏ်းတော်ထဲမှာ အတွင်းရေးပဋိပက္ခဖြစ်စေချင်နေတာ”
“ဟို လျှို့ဝှက်အဖွဲ့အစည်းတွေကလည်း အခွင့်အရေးကိုအသုံးချပြီး ထကြွလာလိမ့်မယ်… သူတို့က မီးထဲကိုလောင်စာထပ်ထည့်ပေးကြလိမ့်မယ်… အင်ပါယာနန်းတော်က တာအိုဂိုဏ်းကြီးသုံးဂိုဏ်းကြား တင်းမာမှုကို ဖန်တီးဖို့ ထိုက်ဖျင်ဂိုဏ်းကို သွေးထိုးလှုံ့ဆော်ဖို့ ကြိုးစားလာမယ်ဆိုရင် ဘာဖြစ်လာမလဲစဥ်းစားကြည့်လိုက်… သူတို့တွေက ထိုက်ဖျင်ဂိုဏ်းသားတွေယောင်ဆောင်ပြီး ကျန်းယီဂိုဏ်းနဲ့ ချွမ်ကျန်းဂိုဏ်းကိုတောင်မှ တိုက်ခိုက်လာနိုင်တယ်”
ချီရွှမ်းစုက ခဏမျှ နှုတ်ဆိတ်သွားပြီးနောက် ပြောလိုက်၏။
“ဒီလိုကိစ္စဖြစ်လာမယ်ဆိုရင် ချွမ်ကျန်းဂိုဏ်းနဲ့ ကျန်းယီဂိုဏ်းက အကျပ်ရိုက်သွားမှာပဲ… သူတို့က ပြန်ပြီးမတိုက်ခိုက်ဘူးဆိုရင် သူတို့ရဲ့ ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး သူတို့ရဲ့တပည့်ဂိုဏ်းသားတွေကို ရှင်းပြနိုင်မှာမဟုတ်ဘူး… သူတို့က ပြန်ပြီးတိုက်ခိုက်မယ်ဆိုရင် အခြေအနေက ထိန်းချုပ်မှုကနေ လွတ်ထွက်သွားလိမ့်မယ်… လက်ထောက် မဟာအကြီးအကဲသုံးဦးတောင်မှ အဲဒါကိုတားဆီးနိုင်မှာမဟုတ်ဘူး”
ကျန်းယွဲ့လုက တုန်လှုပ်စွာဖြင့် ခေါင်းခါပြလိုက်၏။
“စစ်ပွဲတစ်ပွဲ စတင်ဖို့ကလွယ်ပေမဲ့ အဆုံးသတ်ဖို့က ခက်တယ်လို့ ရွှမ်အရှင်မြတ်ပြောခဲ့ဖူးတယ်… အဲဒီရိုးရှင်းတဲ့သဘောတရားကို လက်ထောက်မဟာအကြီးအကဲသုံးဦးကလည်း နားလည်သဘောပေါက်မယ်လို့ ငါယုံတယ်… ဒါပေမဲ့ နားလည်သဘောပေါက်တာက တစ်ကဏ္ဍ… အခြေအနေက သူတို့တွက်ဆထားတဲ့အတိုင်း ဖြစ်လာ မလာက နောက်ထပ်တစ်ကဏ္ဍပဲ”
ချီရွှမ်းစုက ပေါက်စီကို နောက်တစ်ဖန်ပြန်စားလိုက်၏။ သူက တစ်လုတ်ကိုတစ်ခု ပါးစပ်ထဲကို မြန်မြန်ထိုးထည့်၍ လက်စသတ်လိုက်၏။ ယာဂုပန်းကန်ကိုလည်း လက်စသတ်ပြီးနောက် သူကပြောလိုက်သည်။
“ဒီကိစ္စက အရင်တုန်းက မင်းပြောတဲ့ ကျန်းနန်အမှုကြီးကို သွားပြီးတော့ သတိရစေတယ်။ လောဘရမ္မက်တွေနဲ့ အကျင့်ပျက်ခြစားမှုတွေက သိပ်ပြီးလွန်ကဲလို့မရဘူးဆိုတာ လူတိုင်းက နားလည်သဘောပေါက်ထားပေမဲ့ ပြဿနာကတော့ သူတို့ကလွဲပြီး တခြားသူတွေက အဲဒီစည်းမျဥ်းစည်းကမ်းကို အရင်စလိုက်နာကြလိမ့်မယ်လို့ လူတိုင်းက တွက်ဆထားကြတာပဲ”
“နောက်ပိုင်း ဘိုးဘေးကျောင်းတော်ကနေ ကွပ်မျက်တာကိုခံခဲ့ရတဲ့ အဲဒီသူတွေက သင်္ဘောတွေပျက်ကျတယ်လို့ သတင်းလွှင့်ပြီးတဲ့နောက် အခြေအနေက တွက်ဆထားသလို မဖြစ်လာတော့ဘူးဆိုတာ သူတို့သိထားကြတယ်… တူကျစ်ခန်းမ၊ ရှစ်ပိုခန်းမနဲ့ ပေချန်ခန်းမတို့ကလည်း အဲဒီတုန်းက ကျန်းနန်တာအိုစံအိမ်ရဲ့ အုပ်ချုပ်ပုံညံ့ဖျင်းတာကို သတိထားမိနေကြပြီ.. ဒါပေမဲ့ အဲဒီသူတွေက သူတို့ဖြတ်စားထားတဲ့ ကုန်စည်တွေကို ထုတ်ပေးဖို့ငြင်းဆန်ပြီး အဲဒါတွေကို တာအိုဂိုဏ်းတော်ထံ ပြန်မအပ်လိုကြဘူး”
“သူတို့က တူကျစ်ခန်းမနဲ့ ပေချန်ခန်းမရဲ့ စုံစမ်းစစ်ဆေးမှုကိုဖြတ်ကျော်ပြီးရင် ကျန်းနန်တာအိုစံအိမ်ကို ဆက်ပြီးတော့ ထိန်းချုပ်ထားနိုင်ဦးမယ်… ဒါပေမဲ့ အဲဒီလူတွေက ကပ်ဘေးကိုကျော်လွှားဖို့အတွက် သူတို့ရဲ့ ဖြတ်စားလျှပ်စားငွေတွေကိုထုတ်ပေးဖို့ကို ငြင်းဆန်နေကြသေးတယ်… နောက်ဆုံးမှာတော့ သူတို့က ကွပ်မျက်ခံရပြီး သူတို့ရဲ့ပိုင်ဆိုင်မှုတွေကလည်း သိမ်းယူခံခဲ့ရတယ်… သူတို့မသေခင်အထိ တခြားသူတွေက လောဘကိုလျှော့ချပြီး သူတို့အတွက် အနစ်နာခံပေးဖို့ သူတို့က မျှော်လင့်နေခဲ့ကြတုန်းပဲ”
“အခု… ဂိုဏ်းကြီးသုံးဂိုဏ်းကရော ဒီလိုပုံစံဖြစ်လာမယ်လို့ မင်းထင်လား”
“နောက်ဆုံးမှာ တာအိုဂိုဏ်းတော်က ကွဲထွက်သွားမယ်ဆိုရင်တောင် တစ်ဖက်အဖွဲ့က အရင်စပြီးအလျှော့ပေးဖို့ မျှော်လင့်ရင်းနဲ့ သူတို့ထဲဘယ်သူကမှ နောက်ဆုတ်ကြမှာ မဟုတ်ဘူး.. နောက်ဆုံးမှာတော့ သူတို့တွေအားလုံးက အတူတကွ သေကြေပျက်စီးရလိမ့်မယ်”
ကျန်းယွဲ့လုက ချီရွှမ်းစုကို ငေးကြည့်နေ၏။
ချီရွှမ်းစုက ထပ်ပြောလိုက်သည်။
“ဩဇာအာဏာကိုယူထားတဲ့ အဲဒီလူတတ်ကြီးတချို့က သူတို့နဲ့ သူတို့ရဲ့လက်အောက်ငယ်သားတွေကြား ကွာခြားချက်က လူသားတွေနဲ့မိစ္ဆာတွေကြား ကွာခြားချက်ထက် ပိုပြီးကြီးမားတယ်လို့ခံယူထားကြပေမဲ့ တကယ်တမ်းမှာတော့ ဩဇာအာဏာကိုယူထားတဲ့ အဲဒီလူတွေကရော ဘယ်လောက်ထိ သာလွန်မြင့်မြတ်နေနိုင်မှာလဲ”
ကျန်းယွဲ့လုက အတန်ကြာပြီးနောက် သက်ပြင်းချကာ သူပြောသည့်အခြေအနေကို သဘောတူလက်ခံလိုက်၏။
ချီရွှမ်းစုက မှတ်ချက်ပြုလိုက်သည်။
“မင်းနဲ့ငါက အဲဒီဩဇာအာဏာရှိတဲ့ နေရာတွေနဲ့ ဝေးကွာလွန်းတယ်… ငါတို့က ဒီအကြောင်းတွေပြောနေလည်းအလကားပဲ”
“ဒါဆို ငါတို့နဲ့ပတ်သက်တဲ့ကိစ္စကိုပဲ ပြောကြရအောင်”
ကျန်းယွဲ့လုက စကားလမ်းကြောင်းပြောင်းလိုက်၏။
ချီရွှမ်းစုကပြောလိုက်သည်။
“ဘယ်အကြောင်းအရာလဲ”
ကျန်းယွဲ့လုက ဖြေလိုက်၏။
“စစ်ပွဲတစ်ပွဲက ဖြစ်လာတော့မယ်ဆိုရင်တောင် အဲဒါက ချက်ချင်းဖြစ်လာမှာမဟုတ်ဘူး… သူတို့ရဲ့ အတွင်းရေးကိစ္စတွေ၊ ထောက်ပို့လမ်းကြောင်းတွေ၊ စစ်သည်အင်အားစုစည်းတာတွေ၊ ဗျူဟာတွေနဲ့ မဟာမိတ်ဖွဲ့ဖို့တွေအတွက် အားလုံးက အချိန်ယူရလိမ့်မယ်… အရင်တုန်းက ရွှမ်အရှင်မြတ်က ဗုဒ္ဓဂိုဏ်းနဲ့ စစ်ပွဲစတင်ဖို့အတွက် လေးနှစ်ကြာအောင် ပြင်ဆင်ခဲ့ရတယ်… ငါအခု ပြောမှာက ကျန်းယီဂိုဏ်းနဲ့ ချွမ်ကျန်းဂိုဏ်းက ဒီတစ်ခေါက် ဒီလောက်ထိ မြန်မြန်ဆန်ဆန် တုံ့ပြန်လာရတဲ့ အကြောင်းအရင်းတွေထဲကတစ်ခုပဲ”
“ဘာအကြောင်းလဲ”
ချီရွှမ်းစုက ပို၍သိချင်လာ၏။
ကျန်းယွဲ့လုက ရှင်းပြလိုက်၏။
“ဆဋ္ဌမမျိုးဆက် မဟာအကြီးအကဲ ကောင်းကင်ဘုံကိုတက်လှမ်းသွားပြီးကတည်းက မဟာအကြီးအကဲနေရာ လစ်လပ်နေခဲ့တယ်… လက်ထောက်မဟာအကြီးအကဲသုံးဦးက မဟာအကြီးအကဲနေရာကို အလှည့်ကျယူခဲ့ကြတယ်… မဟာအကြီးအကဲအဖြစ် တာဝန်ယူတဲ့အဲဒီနေရာကို မဟာသူတော်စင်လွင်ကျစ်လို့ ခေါ်တယ်”
“ဒီနှစ်က ကျိုးရှီခေတ်ရဲ့ ၄၁ ခုနှစ်… ၁လပိုင်း ၁ရက်နေ့ကနေ ၆ လပိုင်း ၃၀ ရက်နေ့ထိ ဒီနေ့ရဲ့ ပထမဆုံးနှစ်ဝက်မှာ ကောင်းကင်ဆရာသခင်က မဟာသူတော်စင်လွင်ကျစ်နေရာကို ယူထားခဲ့တယ်… ဒုတိယနှစ်ဝက် ၇လပိုင်း ၁ ရက်နေ့ကနေ ၁၂ လပိုင်းကုန်ထိ မြေကမ္ဘာဆရာသခင်က မဟာသူတော်စင်လွင်ကျစ်နေရာကို ယူထားလိမ့်မယ်”
“ဒီနေ့က ၁၂ လပိုင်း ၉ ရက်နေ့… နှစ်ကုန်ဖို့ ရက်သတ္တပတ်နဲနဲပဲလိုတော့တယ်.. အဲဒါပြီးရင် မြေကမ္ဘာဆရာသခင်က နှစ်ဆန်းတစ်ရက်နေ့ကစပြီး ပထမနှစ်ဝက်မှာ မဟာသူတော်စင်လွင်ကျစ်နေရာကို ယူလိမ့်မယ်”
ဤကိစ္စသည် သူတို့နှစ်ယောက်နှင့် ပတ်သက်ဆက်စပ်နေသည်ဟု ချီရွှမ်းစုက ဝန်ခံရသည်။ ဖြစ်လာမည့်ဂယက်က ခေါင်းဆောင်များပေါ် သက်ရောက်မှုရှိလာပေမည်။ ဤအခြေအနေမှာ တာအိုဂိုဏ်းတော်၏ အထက်ပိုင်းအကြီးအကဲများက အမှုထမ်းအပြောင်းအလဲတချို့ကို ပြုလုပ်လာနိုင်ခြေရှိသည်။
ချွမ်ကျန်းဂိုဏ်း၏ မဟာသူတော်စင်အဖြစ်ကျော်ကြားသော မြေကမ္ဘာဆရာသခင်က မဟာသူတော်စင်လွင်ကျစ်ဖြစ်လာသည့်အချိန်မှာ သူက ကျန်းယွဲ့လုကို ထျန်ကန်းခန်းမ၏ လက်ထောက်ခန်းမသခင်အဖြစ် ခန့်အပ်ပေးခဲ့သည်။ ထိုက်ဖျင်ဂိုဏ်း၏ မဟာသူတော်စင်အဖြစ်ကျော်ကြားသော အင်ပါယာဆရာသခင်သည် ကျန်းယွဲ့လုလို အငယ်တန်းတစ်ဦးကို စတင်အရှက်ခွဲဖို့ ဖြစ်နိုင်ခြေသိပ်မရှိသော်လည်း လောကမှာ တပ်အပ်သေချာပြောနိုင်တာ ဘာမှမရှိပေ။
လီထျန်ကျန်းနှင့် ကိစ္စကြောင့် အမှုထမ်းအပြောင်းအလဲလုပ်စဥ်အတွင်း ကျန်းယွဲ့လုက သူမ၏ ရာထူးကနေ ဖြုတ်ချခံရနိုင်သည်။ သူမက လက်ထောက်ခန်းမသခင်အဖြစ်ကနေ ဖြုတ်ချမခံရလျှင်တောင် စီကျိခန်းမ၏ ဝိညာဥ်ငြိမ်းချမ်းရေးဌာနသို့ ရွှေ့ပြောင်းပေးခံရနိုင်သည်။ ထိုနေရာမှာ သူမ၏ အနာဂတ်က တိတ်ဆိတ်ခြောက်ကပ်သွားပေလိမ့်မည်။
ထိုသို့ဖြစ်လာမည်ဆိုလျှင် ကျန်းယွဲ့လုကို ရာထူးပြန်တိုးမြှင့်ပေးဖို့အတွက် မြေကမ္ဘာဆရာသခင်က မဟာသူတော်စင်လွင်ကျစ်နေရာကို ပြန်ယူမည့် သူ့အလှည့်ထိ စောင့်ရပေလိမ့်မည်။
ချီရွှမ်းစုနှင့် ကျန်းယွဲ့လုက အတွဲလိုက်ဖြစ်သည်။ ကျန်းယွဲ့လုက ကျောက်စိမ်းနေပြည်တော်ကနေ ထွက်ခွာရမည်ဆိုလျှင် ချီရွှမ်းစုကလည်း သူမနှင့်အတူ လိုက်သွားရပေလိမ့်မည်။ မည်သို့ပင်ဆိုစေ သူကလည်း လီထျန်ကျန်းကို သွယ်ဝိုက်၍ ဆန့်ကျင်ထားမိသည်။ ထို့ကြောင့် ချီရွှမ်းစုအနေဖြင့် ကျန်းယွဲ့လုနှင့် သူ၏ ရစ်ပတ်ချည်နှောင်မှုကနေ ရုန်းထွက်ရန်ခက်ပေလိမ့်မည်။
ဂိုဏ်းသုံးဂိုဏ်းအကြား ပဋိပက္ခများ၊ တာအိုဂိုဏ်းတော်၏ အနိမ့်အမြင့်အတက်အကျနှင့် ခေတ်ရေစီးကြောင်းက သူတို့လက်လှမ်းမမီသည့်အရာများဖြစ်သည်။ သို့သော်လည်း အမှုထမ်းအပြောင်းအလဲက သူတို့နှင့်အနီးစပ်ဆုံး ကိစ္စကြီးဖြစ်သည်။
ချီရွှမ်းစုက သူ၏ ရာထူးနေရာနှင့်ပတ်သက်၍ အနည်းငယ်စိုးရိမ်ပူပန်လာသည်။
ကျန်းယွဲ့လုက သက်ပြင်းချလိုက်၏။
“ကဲပါ… ငါတို့ တစ်ဆင့်ချင်းပဲ သွားကြတာပေါ့။”