အခန်း (၁၆၇-၁၆၈)
Vol. 17 Ch. 167-168
အခန်း ၁၆၇ - လေလံပွဲ
အရှေ့တိုင်းနှင့် အနောက်တိုင်းကြား ကူးလူးဆက်ဆံမှုများ များပြားလာခြင်းနှင့်အတူ ပြီးခဲ့သည့်နှစ်တစ်ရာမှာ အနောက်တိုင်းအလေ့အထများ သင်ယူခြင်းက လှိုင်းလုံးတစ်လုံးလို တဖြည်းဖြည်းကျယ်ပြန့်လာသည်။ ဤအနောက်တိုင်းအလေ့အထများ သင်ယူခြင်းမှာ အနောက်ဘက်ကုန်းမြေတိုက်မှ စိတ်ကူးအယူအဆနှင့် အလေ့အထများ ပါဝင်၏။
လေလံဆွဲခြင်းသည် အနောက်တိုင်းမှ ရောက်ရှိလာသည့်အရာများထဲမှ တစ်ခုဖြစ်သည်။ စည်းမျဥ်းစည်းကမ်းကရိုးရှင်း၏။ လေလံတင်ပစ္စည်း၏ တန်ဖိုးက ပုံသေမရှိဘဲ အမြင့်ဆုံးဈေးပေးသူက ထိုပစ္စည်းကို ရရှိမည်ဖြစ်သည်။
တကယ်တော့ အရှေ့တိုင်းမှာ အရင်တုန်းက ဆင်တူသော လေလံဆွဲမှုများရှိခဲ့သော်လည်း စည်းစနစ်ကျနမှု မရှိခဲ့ပေ။ ပင်လယ်ရေကြောင်းကုန်သည်များက အနောက်တိုင်းမှ လေလံစည်းမျဥ်းစည်းကမ်းများကို မိတ်ဆက်ပေးပြီးနောက် အဲဒါက ပို၍ကျယ်ပြန့်လာခဲ့သည်။ အထူးသဖြင့် ရတနာခုနှစ်သွယ်မဏ္ဍပ်ဦးဆောင်သည့် မှောင်ခိုဈေးကွက်မှာ ပစ္စည်းများကို မကြာခဏ လေလံတင်ပေးလေ့ရှိသည်။ ချီရွှမ်းစုသည် လောကမှာ တစ်ယောက်တည်း လှည့်လည်သွားလာစဥ်က လေလံပွဲတစ်ခုမှာ ပါဝင်ခဲ့ဖူးသော်လည်း သူ့မှာ ငွေကြေးအလုံအလောက်မရှိသည့်အတွက် မည်သည့်တစ်ခုကိုမှ လေလံမအောင်ခဲ့ပေ။
တာအိုဂိုဏ်းတော်အတွင်းမှာလဲ ရှစ်ပိုခန်းမကနေ ဦးဆောင်ကျင်းပလေ့ရှိသည့် လေလံပွဲများရှိသည်။ အဓိကအားဖြင့် လိုချင်သူများပြားသော်လည်း ရှားပါးပြီး အဖိုးတန်သည့်ပစ္စည်းများကို လေလံတင်ပေးလေ့ရှိသည်။
ဟွာရှန်ခန်းမနှင့် ထျန်ကျိခန်းမကလည်း သူတို့၏ ထုတ်ကုန်များကို မြှင့်တင်ဖို့အတွက် လေလံပွဲများကျင်းပတတ်သည်။ ပေချန်ခန်းမနှင့် ထျန်ကန်းခန်းမပင်လျှင် စီရင်ချက်ချခံရသောရာဇဝတ်သားများ၏ ပိုင်ဆိုင်မှုများနှင့် သိမ်းယူထားသော ပစ္စည်းများကို ရောင်းချဖို့အတွက် ရံဖန်ရံခါမှာ လေလံပွဲများ ကျင်းပပေးတတ်သည်။
သို့သော်လည်း ကျိဝေခန်းမနှင့် စီကျိခန်းမကတော့ ဤကဲ့သို့သောလေလံပွဲများ ဘယ်တုန်းကမှ မကျင်းပခဲ့ပေ။ ကျိဝေခန်းမသည် တာအိုသရဖူများ သို့မဟုတ် အသိအမှတ်ပြုအဆောင်အယောင်များကို ရောင်းချခွင့်မရှိသလို စီကျိခန်းမကလည်း အစဥ်အလာနှင့် ဓလေ့ထုံးတမ်းပစ္စည်းများကို ရောင်းချခွင့်မရှိသောကြောင့်ဖြစ်သည်။
ဤကဲ့သို့သောလေလံပွဲများကို တက်ရောက်လာသူအများစုက အဆင့်မြင့်တာအိုဆရာများဖြစ်တတ်ကြသည်။ တစ်ခါတစ်ရံမှာ အင်ပါယာနန်းတော်နှင့် ကွန်ဖြူးရှပ်ကျောင်းတော်မှလူများကလည်း ဖိတ်ခေါ်ခံကြရသည်။
၁၂ လပိုင်း ၁၀ရက်နေ့တွင် ကျန်းယီဂိုဏ်းနှင့် ချွမ်ကျန်းဂိုဏ်းက အတူပူးပေါင်းပြီး ရှန်ချင်းနန်တော်မှာ လေလံပွဲတစ်ခုကို ကျင်းပပေးသည်။ ဤလေလံပွဲအတွက် စံသတ်မှတ်ချက်များကို ခါတိုင်းထက် များစွာလျှော့ချထားသည်။ ကောင်းကင်ဆရာသခင်၊ ကျန်းကျွီချန်နှင့် ချီကျောင်းကျန့်တို့က တက်ရောက်လိမ့်မည် မဟုတ်ပေ။
ဤလေလံပွဲကို ရန်ပုံငွေပွဲတစ်ခုအဖြစ် ကျင်းပခြင်းဖြစ်ပြီး ရရှိလာသည့်ငွေကြေးများကို အနောက်ဘက်ဒေသစစ်ပွဲမှာ အသက်ပေးခဲ့ရသည့် စိတ်ဝိညာဥ်တပ်သားများ၏ မိသားစုများကို ကူညီထောက်ပံ့ပေးမည်ဖြစ်သည်။ ကျိဝေခန်းမကနေ ခွဲဝေပေးသည့်ထောက်ပံ့ကြေးများထဲ အဲဒါကို ထပ်ပေါင်းထည့်ပေးမည်ဖြစ်သည်။
ထို့ကြောင့် ဤလေလံပွဲတက်ရောက်ဖို့အတွက် အခြေခံလိုအပ်ချက်များကိုလည်း လျှော့ချထားသည်။ ကျန်းယွဲ့လုက ဖိတ်စာတစ်စောင် လက်ခံရရှိခဲ့၏။ ပြောရမည်ဆိုလျှင် ကျန်းယွဲ့လု၏ နာမည်ဂုဏ်သတင်းနှင့် အဆင့်အတန်းအရ သူမက ဖိတ်စာကို လက်ခံရရှိသည်မှာ ပုံမှန်သာဖြစ်၏။ ဆန့်ကျင်ဘက်အနေဖြင့် သူမက ဖိတ်စာကိုမရမှသာ ထူးဆန်းနေပေလိမ့်မည်။ မည်သို့ပင်ဆိုစေ ကျန်းယွဲ့လုသည် ကျန်းယီဂိုဏ်းနှင့် ချွမ်ကျန်းဂိုဏ်းကြား ချစ်ခင်ရင်းနှီးသောဆက်ဆံရေး၏ အကောင်းဆုံးစံနမူနာဖြစ်သည်။
ကျန်းယွဲ့လုက ကျန်းမိသားစုမှဖြစ်သော်လည်း သူမကို ချွမ်ကျန်းဂိုဏ်းမှ မြေကမ္ဘာဆရာသခင်က ရာထူးတိုးမြှင့်ပေးထားသည်။ ထို့ကြောင့် ဂိုဏ်းနှစ်ဂိုဏ်း၏ သဟဇာတဖြစ်မှုကို မြှင့်တင်ပေးရန် ကျန်းယွဲ့လုက ဤကဲ့သို့သောပွဲများသို့ တက်ရောက်ရန် တိုက်တွန်းခံရပေလိမ့်မည်။
ဒါ့အပြင် ထန်ထိုက်ချုံး၊ ကျန်းကျွီချီ၊ ကျန်းယွီယွဲ့နှင့် မကြာသေးခင်ကမှ ယွင်ကျင်းတောင်ကိုရောက်ရှိလာသော တုံပိုင်ကျင်းတို့ကလည်း ဖိတ်စာများလက်ခံရရှိခဲ့ကြသည်။
အစကတော့ ချီရွှမ်းစုသည် သူက ဖိတ်ကြားခံရလိမ့်မည်မဟုတ်ဟုတွေးပြီး စိတ်ကိုကြိုတင်ပြင်ဆင်ထား၏။ သို့သော်လည်း လူတိုင်းအံ့အားသင့်သွားရသည်မှာ ချီရွှမ်းစုကလည်း ဖိတ်စာတစ်စောင်ကို လက်ခံရရှိခဲ့သည်။ ပို၍အံ့အားသင့်စရာကောင်းသည်မှာ သူ၏ ဖိတ်စာသည် ကျန်းယီဂိုဏ်းမှမဟုတ်ဘဲ ချွမ်ကျန်းဂိုဏ်း၏ သူတော်စင်တစ်ပါးထံမှဖြစ်သည်။ ထိုသူတော်စင်က ချီရွှမ်းစု၏ နာမည်ကိုပင် အထူးတလည်ရေးထိုးပေးထား၏။
ဤအချက်က ထန်ထိုက်ချုံးကို ဒွိဟဖြစ်သွားစေသည်။ ချီရွှမ်းစုက ချီကျောင်းကျန့်ရဲ့မိသားစုနဲ့ ပတ်သက်ဆက်နွယ်မှုတချို့ရှိနေမလား။ သူက ချီမိသားစုကနေ စွန့်ပစ်ခံရတဲ့ကလေးတစ်ဦးလို နောက်ကွယ်မှာ ဇာတ်လမ်းတစ်ပုဒ် ရှိကောင်းရှိနေမလားဟု သူမတွေးမိသည်။
ချီကျောင်းကျန့်က ကျန်းကျွီချန်နှင့် ဆက်ဆံရေးကောင်းတစ်ခုရှိထား၏။ ကောင်းကင်ဆရာသခင်သည် ကျန်းမိသားစု၏ မျိုးနွယ်စုခေါင်းဆောင်ဖြစ်သော်လည်း လက်တွေ့အရ ကျန်းကျွီချန်က မိသားစုကိုဦးဆောင်နေပြီး မိသားစုအရေးကိစ္စများကို ပါဝင်တက်ရောက်သည်။ မိသားစုနှစ်ခုကြား လက်ထပ်ထိမ်းမြားပေးဖို့ ရည်ရွယ်ချက်နှင့် ချီကျောင်းကျန့်က ရှေ့ထွက်လာမည်ဆိုလျှင် ကျန်းကျွီချန်က အဲဒါကို သဘောတူရနိုင်ခြေများသည်။
ထန်ထိုက်ချုံးက သူမ၏ အဆက်အသွယ်များကို အသုံးချပြီး ချီကျောင်းကျန့်နှင့် ချီရွှမ်းစု၏ ဆက်ဆံရေးကို စုံစမ်းကြည့်သောအခါ ဘာပတ်သက်မှုမှမရှိကြောင်း သိရသည်။ ချီရွှမ်းစုကို ဖိတ်ခေါ်လိုက်သည်က ချွမ်ကျန်းဂိုဏ်းမှ အခြားသော သူတော်စင်တစ်ပါးဖြစ်၏။ ဤသူတော်စင်သည် ရှုကျိုးတာအိုစံမှာ ရုံးတစ်ရုံးကို ယူထားခြင်းလည်းမရှိပေ။
ဒါ့အပြင် ချီရွှမ်းစုသည် ပိုင်သီမြို့မှာရှိခဲ့စဥ်က ရှုကျိုး စစ်ဦးစီးချုပ် ကျောက်ဖူအန်ကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သည့်သတင်းကိုလည်း ထန်ထိုက်ချုံး ကြားသိခဲ့ရသည်။ သို့သော်လည်း ကျောက်ဖူအန်သည် ပိုင်သီမြို့ကနေထွက်သည်နှင့် ချောင်းမြောင်းတိုက်ခိုက်ခံခဲ့ရသည်။ ကျောက်ဖူအန်နှင့် ထိုလူအကြား ပြင်းထန်ကြမ်းတမ်းသည့်တိုက်ပွဲကို လူတချို့က မျက်မြင်တွေ့ခဲ့ကြရသည်။ သို့သော် နောက်ဆုံးမှာ ကျောက်ဖူအန်က လက်တစ်ဖက်ကျိုးကာ ရှုံးနိမ့်၍ ထွက်ခွာသွားခဲ့သည်။
ထို့နောက် တိုက်ပွဲက ဘယ်တုန်းကမှမဖြစ်ခဲ့သည့်အလား ရှုကျိုးတာအိုစံအိမ်နှင့် ရှုကျိုးဘုရင်ခံက အဲဒါကို မသိချင်ယောင်ဆောင်ထားခဲ့ကြ၏။
ထန်ထိုက်ချုံးက ပို၍ပင် ဝေခွဲမရဖြစ်လာသည်။ ချီရွှမ်းစုက ဝမ်ရှန်တာအိုနန်းတော်မှ သာမန်မိဘမဲ့တစ်ဦးဖြစ်သည်မှာ သိသာထင်ရှားနေ၏။ တစ်ယောက်ယောက်က သူ့ဘက်ကနေ ဘာ့ကြောင့် ရုတ်တရက် ရပ်တည်ပေးလာရတာလဲ။ အဲဒါက တိုက်ဆိုင်မှုတစ်ခုပေပဲလား။ သို့မဟုတ် သူတော်စင်တစ်ပါးက ချီရွှမ်းစုကို နောက်ခံပေးထားသလား။
ထန်ထိုက်ချုံးနှင့် သူ့သမီးက တစ်ယောက်ကိုတစ်ယောက် အမြင်မကြည်ကြသော်လည်း သူ့သမီး၏ ဉာဏ်ရည်ဉာဏ်သွေးကို သူမ ဘယ်တုန်းကမှ သံသယမဝင်ခဲ့ပေ။ ချီရွှမ်းစုက သူ့သမီး၏ စိတ်အာရုံကို ရရှိနိုင်ဖို့အတွက် အတွင်းရေးဇာတ်လမ်းတစ်ခုရှိနေနိုင်သည်။ သို့သော်လည်း ထန်ထိုက်ချုံးက အချက်တစ်ချက်ကို မှားယွင်းတွက်ချက်မိသည်။ သူမသည် သူမ၏ ကိုယ်ပိုင်စံနှုန်းစံထားများဖြင့် အခြားသူများကို အကဲခတ်ရင်းအမှားပြုလုပ်မိခြင်းဖြစ်၏။
ကျန်းယွဲ့လုက အတွေ့အကြုံနုနယ်ပြီး ရိုးစင်းသည်ဟု ဆိုကောင်းဆိုနိုင်သည်။ သို့သော် ကျန်းယွဲ့လု၏ အတွးအမြင်ခံယူချက်က ချီရွှမ်းစုကို ဒုက္ခအပေးဆုံးဖြစ်သည်။ ထန်ထိုက်ချုံးသည် ကျန်းယွဲ့လု၏ အတွေးအကြံများကို အဓိပ္ပါယ်ကောက်ဖို့အတွက် သူမ၏ လက်တွေ့ကျဝါဒကို အသုံးချပြီး လုံးလုံးလျားလျားကွဲပြားခြားနားသော ကောက်ချက်ချမှုတစ်ခုကိုရရှိလာစေ၏။
ကျန်းယွဲ့လုက လူတစ်ယောက်၏ မိသားစုနောက်ခံကို ဂရုစိုက်မည်တိုလျှင် သူမက လီထျန်ကျန်းကို ရွေးချယ်ခဲ့ပေလိမ့်မည်။
ဖိတ်စာရောက်ရှိလာသည့်အတွက် ချီရွှမ်းစုကိုယ်တိုင်လည်း တုန်လှုပ်သွား၏။ သူ့ကို ဘယ်သူဖိတ်ကြားလိုက်သလဲ စဥ်းစားမရပေ။ တာအိုဆရာကျိဖြစ်မလား သို့မဟုတ် ထျန်ကန်းခန်းမသခင်ဖြစ်နိုင်မလား။ သူ့လို နောက်လိုက်ပမွှားကို သတိထားမိနိုင်သည်က ထိုသူတော်စင်နှစ်ပါးသာရှိသည်။
သို့သော်လည်း ဤသူတော်စင်နှစ်ပါးသည် ဤလေလံပွဲသို့ ချီရွှမ်းစုကို အထူးတလည်ဖိတ်ကြားစရာ အကြောင်းရင်းမရှိပေ။ ချီရွှမ်းစုသည် ထျန်ကန်းခန်းမက အမှုဆောင်များနှင့်အတူရောနှောကာ ဖိတ်ကြားခံရမည်ဆိုလျှင် အဓိပ္ပါယ်ရှိပေမည်။ သို့သော် ချီရွှမ်းစုကို တကူးတကနာမည်တပ်၍ ဖိတ်ကြားခြင်းက စဥ်းစားရခက်စေ၏။
နောက်ဆုံးမှာ ကျန်းယွဲ့လုက တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်၏။
“နင်.. သွားရင် သိရမှာပေါ့… အဲဒီသူတော်စင်က နင်နဲ့လာတွေ့လောက်တယ်”
ထိုသို့ဖြင့် ချီရွှမ်းစုသည် ရှန်ချင်းနန်တော်သို့ ကျန်းယွဲ့လုနှင့်အတူ လိုက်ပါသွား၏။ ချီရွှမ်းစုသည် တာအိုဂိုဏ်းတော်၏ အထက်ပိုင်းအကြီးအကဲများ ဘယ်လိုပုံစံမှာရှိသည်ကို ပထမဆုံးအကြိမ်တွေ့မြင်ဖူးခြင်းဖြစ်သည်။ လေလံပွဲကို ရှန်ချင်းနန်တော်မှာ ကျင်းပ၏။ ဤလေလံပွဲအတွက် အခြေခံသတ်မှတ်ချက်သည် တာ့ကျန်းစံအိမ် လာပါးပွဲတော်၏ ညစာစားသောက်ပွဲနှင့်ယှဥ်လျှင် အတော်လေးလျော့လေသည်။ သို့သော်လည်း အခြားသောပွဲတော်များနှင့်ယှဥ်လျှင် စံနှုန်းစံထားက အတော်လေးမြင့်မားနေဆဲဖြစ်၏။
ဒုတိယအဆင့် ထိုက်ယီတာအိုအကြီးအကဲများစွာနှင့် ပို၍များပြားသော ယိုယီတာအိုအကြီးအကဲများက တက်ရောက်လာကြသည်။ ဤလေလံပွဲအဓိက ကျင်းပရာနေရာမှာ ကျောက်စိမ်းနေပြည်တော်က ရွှေနန်းမြင့်မျှော်စင်နှင့် အခင်းအကျင်းဆင်တူသော ရှန်ချင်းနန်းတော်၏ ညီလာခံခန်းမဖြစ်သည်။
ရွှေနန်းမြင့်မျှော်စင်၏ ဖွဲ့စည်းပုံက ရိုးရှင်းသော်လည်း အဲဒါက ဤခန်းမထက် များစွာပိုမိုကြီးမားသည်။ အောက်ခံစင်မြင့်၏ အလယ်မှာ လက်တင်တန်းပါသည့် ရိုးရှင်းသော သစ်နက်သားကုလားထိုင်တစ်လုံးရှိပြီး အဲဒါက မဟာအကြီးအကဲအတွက် နေရာဖြစ်သည်။ သုံးချောင်းထောက် ကြေးအမွှေးနံ့သာအိုးကို ထိုင်ခုံ၏ အောက်ဘက်မှာချထား၏။ အမွှေးနံ့သာအိုး၏ အဖုံးကို ပါ့ကွားအမှတ်အသားများဖြင့် ထွင်းထုထားလေသည်။ ကြေးအမွှေးနံ့သာအိုး၏ အထက်ပိုင်း မြောက်ဘက်နံရံ၏ အလယ်မှာ ‘လောကငြိမ်းချမ်းရေး'ဟု ရေးထိုးထားသည့် ရိုးရှင်းသောဘောင်ခတ်ဆိုင်းဘုတ်တစ်ခုကို ချိတ်ဆွဲထားသည်။
မဟာအကြီးအကဲ၏ ကုလားထိုင်က တောင်ဘက်ကို မျက်နှာမူပြီး အရှေ့ဘက်၊ အနောက်ဘက်နှင့် တောင်ဘက် တစ်ဘက်ချင်းစီမှာ ထိုင်ခုံ ၁၂ လုံးစီချထားသည်။ စုစုပေါင်း ထိုင်ခုံ ၃၆ လုံးဖြစ်ပြီး တန်ခိုးရှင်သူတော်စင် ၃၆ ပါးအတွက် ရည်ရွယ်သည်။ ထိုင်ခုံ ၁၂ လုံးစီ၏ ထိပ်ဆုံးမှာ လက်ထောက်မဟာအကြီးအကဲ သုံးဦးအတွက် နောက်ထပ် ကုလားထိုင်တစ်လုံးစီရှိနေသည်။
အခြားသော မွန်မြတ်မဟာသူတော်စင်များ၏ ထိုင်ခုံများကို မဟာအကြီးအကဲ၏ အောက်ဘက် ဘယ်ဘက်နှင့်ညာဘက်မှာ ခွဲဝေ၍ နေရာချပေးထားသည်။ တန်ခိုးရှင်သူတော်စင်များအတွင် ထိုင်ခုံ ၃၆ လုံး၏နောက်ဘက်မှာ အစည်းအဝေးဝန်းများကို လေ့လာစောင့်ကြည့်မည့် သာမန်သူတော်စင်များအတွက် နောက်ထပ်ထိုင်ခုံ ၁၀၈ လုံးခန့်ရှိသည်။ ထိုင်ခုံများအားလုံးကို သေသပ်စွာနေရချထားပြီး နောက်ဘက်မှာရှိသောထိုင်ခုံများက နေရာလွတ်ပို၍ကျဥ်းမြောင်းသည်။
ရှန်ချင်းနန်တော်၏ ညီလာခံခန်းမက ထိုပုံစံနှင့် ဆင်တူသော်လည်း လက်ထောက်မဟာအကြီးအကဲ သုံးဦးအတွက် ထိုင်ခုံနေရာများကို ဖယ်ရှားထားပြီး လူ၁၂ ယောက်စာအတွက် တစ်တန်းတည်းချထားသောထိုင်ခုံများဖြင့် အစားထိုးထား၏။
ကျန်ရှိနေသောထိုင်ခုံများကိုလည်း တကူးတက သုံးပိုင်းခွဲခြားထားခြင်းမရှိပေ။ သို့သော်လည်း ချီရွှမ်းစုနှင့် ကျန်းယွဲ့လုရောက်ရှိလာသည့်အချိန်မှာ ညီလာခံခန်းမ၏ တံခါးကို ပိတ်ထားဆဲဖြစ်သည်။ စောလျင်စွာရောက်ရှိလာသည့်သူများက ညီလာခံခန်းမ၏ အပြင်ဘက်မှာ တဝဲလည်လည်ရှိနေကြ၏။ ဆရာကြီးများက အမြဲတမ်းနောက်ဆုံးမှရောက်လာလေ့ရှိပြီး သူတို့က စောင့်နေစရာလိုလိမ့်မည် မဟုတ်ပေ။
ပုံမှန်အားဖြင့် ကျန်းယွဲ့လု၏ အသက်အရွယ်မှာ အဆင့် ၄ ကျိကျိုးတာအိုအကြီးအကဲတစ်ဦး၏ ထုံးတမ်းစဥ်လာဝတ်စုံကို ဝတ်ဆင်ထားနိုင်ခြင်းသည် ဂုဏ်ယူဝင့်ကြွားစရာကောင်းသည့်အရာဖြစ်သည်။ သို့သော် ကျန်းယွဲ့လု၏ အကြံပြုချက်ဖြင့် ချီရွှမ်းစုနှင့် ကျန်းယွဲ့လုက ဓလေ့ထုံးတမ်းတာအိုဝတ်စုံများအစား ပုံမှန်ဝတ်ဆင်နေကျ တာအိုဝတ်ရုံများကိုသာ နှစ်ယောက်စလုံးဝတ်ဆင်လာကြသည်။ ထိုသို့ဖြင့် ချီရွှမ်းစုသည် လက်ရှိအဆင့်မြင့်တာအိုဆရာများ အားလုံးကြားမှာ အဆင့် ၇ တာအိုဆရာတစ်ဦးအဖြစ် သီးသန့်ကွဲထွက်နေခြင်းမရှိတော့ပေ။
အဝတ်အစားက လူကို ပြုပြင်ပြောင်းလဲပေးသည်ဆိုသော ဆိုရိုးစကားရှိသည်။ ကျန်းယွဲ့လုက ရိုးရှင်းသော အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး သူမ၏ ခါတိုင်းပုံစံနှင့် ကွဲထွက်နေ၏။ သူမသည် ထျန်ကန်းခန်းမမှာ ရှိစဥ်တုန်းကလို အေးစက်တင်းမာသည့်ပုံစံနှင့်ကွဲထွက်ပြီး နူးညံ့သိမ်မွေ့၍ ကြော့ရှင်းခံ့ညားသည့်ပုံပေါ်နေ၏။
ကျန်းယွဲ့လုက ချီရွှမ်းစုအတွက် အဝတ်အစားတစ်စုံကိုလည်း ဝယ်ပေးထားသည်။ သူက ရွှေအနားသတ်များနှင့် အကွက်အပြောက်များပါသော လရောင်ဝတ်ရုံ၊ အောက်ခံပြားအဖြူပါသော ဖိနပ်ရှည်၊ ကျောက်စိမ်းစီခြယ်ခါးပတ်နှင့် ကျောက်စိမ်းဖြူသရဖူတို့ကို ဆင်မြန်းထားသည်။ သူက ဆွေကြီးမျိုးကြီး သခင်လေးတစ်ဦးလို ကြော့ရှင်းခံ့ညားနေ၏။ ပုံမှန်တွေ့မြင်နေကျ သူ၏ ကြမ်းတမ်းမှုကလည်း ယခုအချိန်မှာ ပျောက်ကွယ်သွားပုံရ၏။
သူတို့က ဘေးချင်းယှဥ်ရပ်နေသည့်အခါ လိုက်ဖက်သည့်စုံတွဲတစ်တွဲကဲ့သို့ဖြစ်၏။ ဧည့်သည်အများစုသည် ပါရမီရှင်ကျန်းယွဲ့လုကို မှတ်မိသောကြောင့် လူအများစုက ဤလူငယ်စုံတွဲကို သတိထားမိကြ၏။ သို့သော်လည်း ချီရွှမ်းစု ဘယ်သူဘယ်ဝါဖြစ်သည်ကို သူတို့ထဲ မည်သူကမှ မသိရှိကြဘဲ ကျန်းယွဲ့လုဘေးမှ ဤလူငယ်ကို သူတို့က စူးစမ်းချင်လာကြ၏။ ထို့ကြောင့် လူတိုင်းက ချီရွှမ်းစု၏ သရုပ်သကန်ကို ခန့်မှန်းချက်များ ထုတ်လာကြသည်။
ချီရွှမ်းစုသည် ယန်မိသားစုမှဖြစ်ပြီး သူနှင့်ကျန်းယွဲ့လုက စေ့စပ်ထားပြီးပြီဟု လူတချို့က ထင်မြင်ယူဆကြသည်။ ဤတစ်ခေါက်မှာ သူက လက်ထပ်ပွဲအခမ်းအနားအတွက် ယွင်ကျင်းတောင်သို့ ရောက်လာခြင်းဖြစ်ပေမည်။
ချီရွှမ်းစုသည် ချွမ်ကျန်းဂိုဏ်းမှ ချီမိသားစု၏ သခင်လေးဖြစ်သည်ဟု တချို့က ဆိုကြသည်။ သူက ဤတစ်ခေါက်အလည်အပတ်ရောက်ရှိလာခြင်းသည် ကျန်းယီဂိုဏ်းနှင့် ချွမ်ကျန်းဂိုဏ်းကြားပေါင်းစည်းမှုကို ပိုမိုခိုင်မာလာစေဖို့ မဟာမိတ်ဖွဲ့လက်ထပ်မင်္ဂလာပွဲတစ်ခု ကျင်းပရန်ဖြစ်ပေမည်။ မည်သို့ပင်ဆိုစေ ကျန်းယွဲ့လုနှင့် ချီရွှမ်းစုသည် ကျောက်စိမ်းနေပြည်တော်မှာ ရင်းနှီးသောမိတ်ဆွေများဖြစ်ခဲ့သည်က လျှို့ဝှက်ချက်တစ်ခု မဟုတ်ပေ။
ထန်ထိုက်ချုံးနှင့် ကျန်းကျွီချီက အနည်းငယ်နောက်ကျပြီးမှရောက်ရှိလာပြီး ကျန်းယွီယွဲ့နှင့် တုံပိုင်ကျင်းကလည်း လိုက်ပါလာ၏။ သူတို့က မိသားစုဝင်လေးဦးဖြစ်ပြီး ကျန်းယွဲ့လုက ကျန်းမိသားစု၏ ပင်မလက်တက်မှဖြစ်သည်ဟု အကြောင်းမသိသူများက တွေးထင်ကြပေလိမ့်မည်။
အခန်း ၁၆၈ - အသိအကျွမ်းဟောင်းများ
ဤအချိန်မှာ ရုတ်ရုတ်သဲသဲအသံ ထွက်ပေါ်လာပြီး လူအများစုက ပင်မခန်းမ ဝင်ပေါက်ဝ ရှိရာဘက်သို့ လှည့်ကြည့်လိုက်ကြ၏။ ငယ်ရွယ်သော အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးက ခန်းမထဲသို့ လက်ချင်းတွဲကာ လျှောက်လှမ်းဝင်ရောက်လာကြသည်။
လူပေါင်းထောင်ချီကို ဆွဲဆောင်နိုင်သည့် ကျန်းယွဲ့လု၏ စီးပိုးခြယ်လှယ်နိုင်သော အော်ရာကို ဖယ်ထုတ်လိုက်မည်ဆိုလျှင် ရုပ်ရည်သွင်ပြင်သက်သက်အရ ကျန်းယွဲ့လုသည် ယခုဝင်ရောက်လာသော အမျိုးသမီးလောက် ချောမောလှပခြင်းမရှိပေ။ ကျန်းယွဲ့လုက ချစ်စဖွယ်ကောင်းသော်လည်း သူမ၏ခွန်အားသည် လူအများစု မယှဉ်နိုင်သည့် သူမ၏ တစ်မူထူးခြားသော အော်ရာမှာ ရှိနေ၏။
ယခုရောက်ရှိလာသော အမျိုးသမီးက ပကတိဖြူစွတ်သော ဝတ်စုံကို ဝတ်ဆင်ထား၏။ သူမက အရမ်းကို ချောမော၍ ကြည့်ကောင်းတင့်တယ်ပြီး လူတိုင်းက သူမထံမှ မျက်လုံးမခွာနိုင်ကြပေ။ သို့သော်လည်း သူမ၏ အမူအရာက အေးစက်၍ မှင်သေသေဖြင့် ရှိနေ၏။ သူမက နှင်းကဲ့သို့ ဖြူဖွေးသလို ရေခဲလိုလည်း အေးစက်နေ၏။ သူမ၏ စိတ်ခံစားချက်များကို မည်သူကမှ မဖတ်နိုင်ဘဲ သူမအနားကို ချဉ်းကပ်ဖို့ မလွယ်ကူသည်မှာ သိသာနေသည်။
သူမ၏ ဘေးမှာရှိသော အမျိုးသားက ထင်ရှားပေါ်လွင်သော မျက်ခုံးများ၊ လင်းယုန်မျက်လုံးများနှင့်အတူ ချီရွှမ်းစုထက် များစွာပိုမိုကြည့်ကောင်းသည်။ အမျိုးသမီး၏ ဘေးမှာ မတ်တတ်ရပ်နေစဉ် သူက တန်းတူရည်တူ ကြည့်ကောင်းတင့်တယ်ပြီး မည်သည့်နေရာတွင်မှ နိမ့်ကျနေခြင်း မရှိပေ။
ဒါ့အပြင် အမျိုးသားမှာ ကျန်းယွဲ့လုနှင့် တစ်နည်းတစ်ဖုံ ဆင်တူသည့် ထက်ရှသော စိတ်အားမာန်မျိုး ရှိနေ၏။ ကျန်းယွဲ့လုသည် နဂါးတစ်ကောင်၊ ကျားတစ်ကောင်လို ခံ့ညားသည်ဟု ချီရွှမ်းစုက အမြဲတမ်း ယုံကြည်လက်ခံထား၏။ အကြီးအကဲများ၊ ဆရာကြီးများနှင့် ယှဉ်သည့်အခါ ကျန်းယွဲ့လုက ရင့်ကျက်မှု အနည်းငယ် လိုအပ်နေသေးသော်လည်း သူမတွင် ခေါင်းဆောင်များမှာ သဘာဝအလျောက် ရှိတတ်သည့် ဩဇာညောင်း လွှမ်းမိုးနိုင်သည့် အော်ရာရှိပြီး ရည်မှန်းချက် ကြီးမားသော လူတစ်ယောက်ဖြစ်သည်။
ဤလူ၏ အော်ရာသည် ကြောက်စရာကောင်းသော ထက်ရှမှုနှင့် စီးပိုးထားသော အေးစက်မှုတစ်ခုနှင့်အတူ ဓားအိမ်ထဲကနေ ထုတ်ထားသည့် ဓားတစ်လက်နှင့် ဆင်တူနေ၏။ သူက ကျန်းယွဲ့လုလောက် ခံ့ညားခြင်းမရှိဘဲ သူရည်မှန်းထားသည့်အရာကို ရဖို့ဆိုလျှင် ဘာမဆိုကို လုပ်မည့်ပုံရှိသည်။
ချီရွှမ်းစုနှင့် ကျန်းယွဲ့လုကလည်း ထင်ရှားပေါ်လွင်သော ဤစုံတွဲကို သတိထားမိသွားကြ၏။ ကျန်းယွဲ့လုက ထိုအမျိုးသမီး၏ ချောမောလှပမှုမှာ မနာလိုခြင်းမရှိဘဲ ပြောလိုက်၏။
“အို... သူက တော်တော်လှတာပဲ... အရုပ်ကလေးနဲ့တူတယ်”
သို့သော် ချီရွှမ်းစုက စကားပြောဆိုခြင်း မရှိပေ။ ချီရွှမ်းစုသည် ထိုစုံတွဲကို မနှစ်မြို့မှုဖြင့် ငေးကြည့်နေသောကြောင့် ကျန်းယွဲ့လုက ချီရွှမ်းစုကို ထူးဆန်းစွာ ကြည့်လိုက်၏။
ကျန်းယွဲ့လုက မေးလိုက်သည်။
“ထျန်းယွမ်... သူတို့နှစ်ယောက်ကို နင် သိလို့လား”
ချီရွှမ်းစုက ဖြေလိုက်၏။
“အမ်း... ဒါပေမဲ့ သူတို့ကို ဒီနေရာမှာ မြင်ရလိမ့်မယ်လို့ ထင်မထားဘူး... ဘယ်လောက်ဆိုးဝါးတဲ့ ကံကြမ္မာပဲ”
ကျန်းယွဲ့လုသည် ချီရွှမ်းစုကို ဤကဲ့သို့သောပုံစံဖြင့် တွေ့မြင်ရခဲသည့်အတွက် ပို၍ပင် သိချင်မိလာ၏။
“နင် သူတို့နဲ့ ဘယ်လိုရန်ငြိုးရန်စတွေ ရှိထားလို့လဲ”
ချီရွှမ်းစုက စကားလုံးကို သေချာရွေးချယ်ပြီး ပြောလိုက်၏။
“မင်း ငါ့ရဲ့ ကိုယ်ရေးအချက်အလက်ကို ဖတ်ခဲ့တာပဲ... ငါ ဝမ်ရှန်းတာအိုနန်းတော်မှာတုန်းက ပင်းကျီနှစ်ရဲ့ (က)အတန်းကနေ ကျောင်းဆင်းခဲ့တယ်ဆိုတာ သိမှာပေါ့... သူတို့က ငါနဲ့တစ်သုတ်တည်းပဲ”
ကျန်းယွဲ့လုက အံ့အားသင့်သွား၏။
“အို... သူတို့က နင့်ရဲ့ အတန်းဖော်တွေပဲ... ဒါဆို နင် သူတို့နဲ့ ခင်မင်ရင်းနှီးရမယ်မလား”
“မင်းက ဝမ်ရှန်းတာအိုနန်းတော်ရဲ့ အောက်နန်းတော်ကို မရောက်ဖူးတဲ့အတွက် အဲဒီနေရာက ဘယ်လိုပုံစံလဲဆိုတာ နားလည်မှာ မဟုတ်ဘူး”
ချီရွှမ်းစုက ခေါင်းခါပြလိုက်၏။
သူက ဆက်ပြောလိုက်သည်။
“ကျောင်းမဆင်းခင် သုံးလမှာ ဝမ်ရှန်းတာအိုနန်းတော်က တာအိုဆရာတွေဖြစ်လာဖို့ ရည်ရွယ်ထားတဲ့ တာအိုလက်ထောက်တွေအတွက် အထူးသီးသန့် စမ်းသပ်စစ်ဆေးမှုတစ်ခု ပြုလုပ်ပေးတယ်... ငါတို့တွေကိ နဂါးအဖွဲ့နဲ့ ကျားအဖွဲ့ဆိုပြီးတော့ အဖွဲ့နှစ်ဖွဲ့ခွဲလိုက်တယ်”
“အဲဒီအဖွဲ့နှစ်ဖွဲ့က ဝမ်ရှန်းတာအိုနန်းတော်က ရွေးချယ်သတ်မှတ်ပေးထားတဲ့ ဧရိယာတစ်ခုထဲမှာ တစ်ဖက်နဲ့တစ်ဖက် တိုက်ခိုက်ကြရတယ်... နှစ်ဖက်စလုံးက တပ်သားတွေကို စီစဉ်နေရာချပေးဖို့အတွက် ခေါင်းဆောင်တစ်ဦးကို ရွေးချယ်တင်မြှောက်ရတယ်... ကျန်တဲ့သူတွေကတော့ အမိန့်အတိုင်း လိုက်နာပြီး သူတို့လုပ်ရမယ့် တာဝန်တွေကို ယူပေးရတယ်... ရှုံးတဲ့ဘက်က အပြစ်ပေးခံရပြီး နိုင်တဲ့ဘက်က ဆုပေးခံရတယ်... ဘာမှမရှိဘဲ ကြီးပြင်းလာတဲ့ တာအိုလက်ထောက်တွေအတွက် အဲဒီဆုလာဘ်က အရမ်းကို အရေးပါတယ်... အဲဒါကြောင့် လူတိုင်းက အနိုင်ရချင်ကြတယ်”
ကျန်းယွဲ့လုသည် ဝမ်ရှန်းတာအိုနန်းတော်၏ အောက်နန်းတော်မှ ဤကဲ့သို့သော စမ်းသပ်စစ်ဆေးမှုကို ပထမဆုံးအကြိမ် ကြားဖူးခြင်းဖြစ်၏။ သူမက စိတ်ဝင်စားသွားသည်။
“ငါ စောစောကြိုသိခဲ့ရင် အိမ်မှာ မသင်ဘဲ ဝမ်ရှန်းတာအိုနန်းတော်မှာ သွားပြီးတော့ သင်ယူခဲ့မိလိမ့်မယ်”
ချီရွှမ်းစုက ကူကယ်ရာမဲ့စွာဖြင့် ပြောလိုက်၏။
“မင်းရဲ့နောက်ခံနဲ့ဆို မင်း အောက်နန်းတော်မှာ သင်ယူတဲ့အခါ မိဘမဲ့ကလေးတွေက ဖယ်ကြဉ်ကြမှာ မစိုးဘူးလား”
ကျန်းယွဲ့လုက ပြန်မေးလိုက်၏။
“အရွယ်ရောက်ပြီးသား သူတွေကပဲ ဩဇာအာဏာရှိတဲ့သူတွေကို မျက်နှာချိုသွေးတတ်တယ်လို့ နင်ထင်လို့လား”
ချီရွှမ်းစုက ဆွံ့အသွား၏။
ကျန်းယွဲ့လုက မေးလိုက်သည်။
“ဒါပေမဲ့ ငါ အောက်နန်းတော်မှာရှိမယ်ဆိုရင် ငါက အဖွဲ့တစ်ဖွဲ့ရဲ့ ခေါင်းဆောင် ဖြစ်နိုင်တယ်မလား”
ချီရွှမ်းစုက ခေါင်းညိတ်ပြလိုက်၏။
“ဖြစ်လောက်တယ်”
ကျန်းယွဲ့လုက အကဲစမ်း မေးမြန်းလိုက်၏။
“နင်ရော ခေါင်းဆောင်တစ်ယောက် ဖြစ်ခဲ့ဖူးလား”
“ဟင့်အင်း”
ချီရွှမ်းစုက ခေါင်းခါပြီး လူငယ်စုံတွဲကို လက်ညှိုးထိုးပြလိုက်၏။
“သူတို့တွေကတော့ ဖြစ်ခဲ့တယ်”
ကျန်းယွဲ့လုက အနည်းငယ် အံ့အားသင့်သွား၏။
“သူတို့က ခေါင်းဆောင်တွေ ဖြစ်ခဲ့တာလား”
ချီရွှမ်းစုက ရှင်းပြလိုက်၏။
“အဲဒီလူရဲ့ နာမည်က ဝမ်ရှို့ဝူ... ကျားအဖွဲ့ရဲ့ခေါင်းဆောင်ပဲ... အမျိုးသမီးရဲ့နာမည်က ယွဲ့လျှိုလီ... သူက နဂါးအဖွဲ့ရဲ့ခေါင်းဆောင်... ငါက အဲဒီတုန်းက နဂါးအဖွဲ့ထဲမှာ ပါခဲ့တယ်”
“ယွဲ့လျှိုလီက ငယ်ငယ်ကတည်းက အရမ်းကို ရက်စက်တတ်တယ်”
“ကျားအဖွဲ့ရဲ့ခေါင်းဆောင်က မြင့်မားတဲ့ ကျင့်ကြံမှုအဆင့်တစ်ခုရှိပြီး အသာစီးရရှိနေခဲ့တယ်... အဲဒါကြောင့် ယွဲ့လျှိုလီက ငါတို့တွေကို ကြိုတင်အကြောင်းမကြားဘဲ ငါတို့အုပ်စုကို ငါးစာအဖြစ် အသုံးချပြီး အနိုင်ရဖို့အတွက် ချောင်းမြောင်းတိုက်ခိုက်ဖို့ လုပ်ခဲ့တာ... ငါတို့ရဲ့ နည်းပြဆရာသာ အချိန်မီ ရောက်မလာခဲ့ရင် ငါတို့အုပ်စုက အဲဒီစမ်းသပ်စစ်ဆေးမှုမှာ သေကုန်ကြလိမ့်မယ်… ဝမ်ရှို့ဝူက ငါ့ခန္ဓာကိုယ်ပေါ်မှာ ဓားချက်တစ်ခု ကျန်ခဲ့စေတယ်... ငါ လဝက်လောက် အိပ်ရာထဲမှာ လဲသွားခဲ့တယ်”
ဤအကြောင်းကို ပြောရင်း ချီရွှမ်းစုက သူ့အမာရွတ်ကို လက်ဖြင့်အလိုလို စမ်းကြည့်လိုက်၏။ သို့သော်လည်း ရွှမ်ကျောက်စိမ်း၏ အသွင်ပြောင်းလဲပေးမှုကြောင့် သူ့ခန္ဓာကိုယ်ပေါ်ရှိ အမာရွတ်များအားလုံးက လုံးဝပျောက်ကွယ်သွားပြီကို သူရုတ်တရက် အမှတ်ရသွား၏။
ကျန်းယွဲ့လုက နားလည်သဘောပေါက်သွားပြီး သူမ၏ မျက်လုံးနှစ်ဖက်ကို မှေးကျဉ်းကာ လူငယ်စုံတွဲကို ငေးကြည့်လိုက်၏။
ချီရွှမ်းစုက ဆက်ပြောလိုက်သည်။
“နောက်ဆုံးမှာတော့ ငါက ဆုလာဘ်မရခဲ့ဘူး... ငါက သူတို့လောက် အစွမ်းအစ မရှိတဲ့အတွက် အရှုံးကို စိတ်လိုလက်ရ ဝန်ခံခဲ့ရတယ်... ဒါပေမဲ့ နောက်ပိုင်းမှာ သူတို့က အတူပေါင်းမိပြီး ချစ်ကျွမ်းဝင်သွားခဲ့ကြတယ်... သူတို့က ငါတို့တွေကို နင်းတက်စရာ လှေကားထစ်တွေအဖြစ် သဘောထားခဲ့တာ... အဲဒါကြောင့် ငါ သူတို့ကို သဘောမကျဘူး”
ကျန်းယွဲ့လုက မေးလိုက်၏။
“နင် သူတို့အပေါ် အငြိုးအတေးထားတယ်ဆိုတာ သူတို့ သိလား”
ချီရွှမ်းစုက ခေါင်းခါပြလိုက်၏။
“သိမယ်လို့ ငါမထင်ဘူး... သူတို့က ဝမ်ရှန်းတာအိုနန်းတော်ရဲ့ ဂုဏ်ယူဝင့်ကြွားရတဲ့ ပါရမီရှင်တွေပဲ... အလွန်ဆုံး သူတို့က ငါရှိခဲ့တာကိုပဲ မှတ်မိလိမ့်မယ်... ဒါပေမဲ့ သူတို့အပေါ် ငါဘယ်လိုမြင်တယ်ဆိုတာကို ဂရုစိုက်မှာ မဟုတ်ဘူး”
ကျန်းယွဲ့လုက လှောင်ရယ်လိုက်၏။
“ပါရမီရှင်တွေတဲ့လား... အဲဒါက တာအိုအဖွဲ့အစည်းမှာ အပေါများဆုံးအရာပဲ... ပါရမီရှင်တွေက နေရာတိုင်းမှာရှိတယ်... သူတို့မှာ တခြားသူတွေကို အထင်သေးဖို့ ဘာအခွင့်အာဏာရှိလို့လဲ”
ချီရွှမ်းစုက ခါးသီးစွာပြုံး၍ အရွှန်းဖောက်လိုက်၏။
“မင်းက ဒီလိုစကားမျိုးပြောဖို့ အဆင့်မီတဲ့ တစ်ဦးတည်းသောသူပဲ”
“ငါ့ကိုယ်ငါ ပါရမီရှင်တစ်ဦးလို့… ဉာဏ်ကြီးရှင်တစ်ဦးလို့ ဘယ်တုန်းကမှ မသတ်မှတ်ခဲ့ဘူး”
ကျန်းယွဲ့လုက စိတ်ရင်းဖြင့် ပြောလိုက်၏။
“အစစ်အမှန် ပါရမီရှင်ဆိုတာ ထူးခြားတဲ့ ဘာအခွင့်အရေးမှ မရှိဘဲ သူ့ကိုယ်သူ အားကိုးပြီး တက်လှမ်းလာတဲ့ တုံဝမ်လို လူမျိုးပဲ... ငါတို့ရဲ့ အသက်အရွယ်မှာ သူက ကောင်းကင်သက်ရှိတစ်ဦး ဖြစ်နေပြီ... အဲဒါကြောင့် တုံဝမ်ကတော့ တခြားသူတွေကို အထင်သေးဖို့ အဆင့်မီတယ်လို့ ငါထင်တယ်... တစ်ယောက်ယောက်က သူတို့ကိုယ်သူတို့ ပါရမီရှင်လို့ အခေါ်ခံချင်တယ်ဆိုရင် ပြင်ပအကူအညီတွေကို မမှီခိုဘဲ အသက်နှစ်ဆယ်ကျော်အရွယ်မှာ ကောင်းကင်သက်ရှိတစ်ဦး အရင်ဆုံး ဖြစ်လာရမယ်”
ချီရွှမ်းစုက သက်ပြင်းချလိုက်၏။
“ဒါပေမဲ့ တုံဝမ်လို လူမျိုးက သမိုင်းတစ်လျှောက် ဘယ်လောက်များများ ရှိခဲ့လို့လဲ”
ကျန်းယွဲ့လုက ဖြေတော့မည့်ဆဲဆဲမှာ ဝမ်ရှို့ဝူနှင့် ယွဲ့လျှိုလီက သူတို့ထံသို့ လျှောက်လှမ်းလာကြ၏။
ချီရွှမ်းစုက စိတ်ကို ငြိမ်သက်စေပြီး သူ၏ မကျေမချမ်း ခံစားချက်များကို ဖိနှိမ်ကာ တည်ငြိမ်သော ဣန္ဒြေကို ပြန်ထိန်းထားလိုက်၏။
ဝမ်ရှို့ဝူနှင့် ယွဲ့လျှိုလီက အော်ရာချင်း တန်းတူရည်တူ လိုက်ဖက်ညီနေ၏။ သို့သော် ချီရွှမ်းစုက ကျန်းယွဲ့လုထက် သိသိသာသာ အားနည်းနေ၏။ အထူးသဖြင့် ချီရွှမ်းစု၏ ကျင့်ကြံမှုအဆင့်နှင့် အဆင့်အတန်းက ကျန်းယွဲ့လုထက် များစွာနိမ့်ကျနေသောကြောင့်ဖြစ်၏။
ထို့ကြောင့် ဝမ်ရှို့ဝူနှင့် ယွဲ့လျှိုလီက ကျန်းယွဲ့လုကို အာရုံစိုက်ထားကြ၏။ သူတို့က ချီရွှမ်းစုကို တစ်ချက်မျှသာ ကြည့်လိုက်ပြီး သူတို့၏ ယခင်အတန်းဖော်ဖြစ်သည်ကို မမှတ်မိသည်မှာ သိသာနေ၏။ ဝမ်ရှန်းတာအိုနန်းတော်မှာ ရှိခဲ့စဉ်ကနှင့် ယှဉ်လျှင် ချီရွှမ်းစုက များစွာပြောင်းလဲသွားသောကြောင့်လည်းဖြစ်၏။
ချီရွှမ်းစုကလည်း အာရုံစိုက်မခံချင်သည့်အတွက် အဲဒါက သူလိုချင်သည့်အရာဖြစ်သည်။
ကျန်းယွဲ့လုက ချီရွှမ်းစုအတွက် စိတ်လိုက်မာန်ပါ ရပ်တည်ပေးခြင်း မရှိပေ။ သူက ခါတိုင်းလို သွင်ပြင်ဟန်ပန်ဖြင့် တုံ့ပြန်လိုက်၏။ မည်သို့ပင်ဆိုစေ သူမက မဆင်မခြင် လုပ်တတ်သူတစ်ယောက် မဟုတ်ပေ။
ကျန်းယွဲ့လုသည် သူမနှင့် အဆင့်တူများကြားမှာ အမြင့်မားဆုံး ကျင့်ကြံမှုအဆင့် ရှိချင်မှ ရှိလိမ့်မည် ဖြစ်သော်လည်း သူမက နာမည်ဂုဏ်သတင်းအရ အမြင့်မားဆုံးမှာ ရှိနေသည်။ အဓိကအားဖြင့် အချက်သုံးချက်ကြောင့်ဖြစ်ပြီး ပထမအချက်သည် သူမက ကျန်းနန်အမှုကြီးမှာ အဓိက အကျိုးဆောင်သူ ဖြစ်ခဲ့သည်။ ဒုတိယအချက်သည် သူမက ရွှမ်အရှင်မြတ်၏ တိုက်ရိုက်မျိုးဆက်တစ်ဦး လီထျန်ကျန်းကို အနိုင်ယူခဲ့ဖူးသည်။ တတိယအချက်မှာ သူမကို ဤမျှ ငယ်ရွယ်သော အသက်အရွယ်မှာ မြေကမ္ဘာဆရာသခင်က လက်ထောက်ခန်းမသခင်အဖြစ် ခန့်အပ်ပေးထားသည်။
ထို့ကြောင့် ဝမ်ရှို့ဝူနှင့် ယွဲ့လျှိုလီက ကျန်းယွဲ့လု၏ နာမည်ကို ယခင်က ကြားဖူးထား၏။ သူတို့က ဤပါရမီရှင် မိန်းကလေး၏ ရှေ့မှာ မောက်မာဝင့်ကြွားလွန်းခြင်း မရှိဘဲ သူတို့ကိုယ်သူတို့ ကျန်းယွဲ့လုနှင့် ယှဉ်ချင်ရုံသာဖြစ်၏။
ကျန်းယွဲ့လုက အမျိုးသမီးတစ်ဦး ဖြစ်သောကြောင့် ဝမ်ရှို့ဝူက အရင်စတင် စကားပြောခြင်း မရှိဘဲ ယွဲ့လျှိုလီက ရှေ့သို့တက်ကာ ကျန်းယွဲ့လုကို စကားပြောလိုက်၏။
ကျန်းယွဲ့လုက ယဉ်ကျေးစွာဖြင့် တုံ့ပြန်ပြောဆိုလိုက်သည်။
ယွဲ့လျှိုလီက နှုတ်ဆိတ်နေသည့် ချီရွှမ်းစုကို တစ်ချက်ကြည့်လိုက်၏။ ထို့နောက် သူမက ညင်သာစွာ မေးလိုက်သည်။
“ရှင့်နာမည်ကို သိလို့ရမလား”
ချီရွှမ်းစုက နောက်ဆုံးမှာ ဖြေလိုက်၏။
“ချီရွှမ်းစု…”
ယွဲ့လျှိုလီသည် ဤနာမည်ကို မကြားဖူးသော်လည်း သူနှင့် ရင်းနှီးသလို ရှိသည်ဟု ခံစားမိသည်။ ချီရွှမ်းစုသည် သူ့ဆရာဆီကို ရောက်ပြီးမှ ဤနာမည်ကို ရရှိလာသောကြောင့် ဖြစ်သည်။ ဝမ်ရှန်းတာအိုနန်းတော်မှာတုန်းက ချီရွှမ်းစုသည် အခြားသောနာမည်နှင့် နေထိုင်ခဲ့၏။
သူ့ကို ငေးကြည့်ပြီးနောက် ယွဲ့လျှိုလီက မေးလိုက်မိသည်။
“ရှင်ကလည်း ဝမ်ရှန်းတာအိုနန်းတော်ကပဲလား”
ချီရွှမ်းစုက ခေါင်းညိတ်ပြလိုက်၏။
“ဟုတ်တယ်… ခေါင်းဆောင်… ခင်ဗျား ကျုပ်ကို မှတ်မိနေသေးတာ အံ့ဩစရာပဲ”
ယွဲ့လျှိုလီက သူမ၏ သံသယများကို နောက်ဆုံးမှာ အတည်ပြုနိုင်သွား၏။
“နင်က နာမည်ပြောင်းထားတာပဲ”
ချီရွှမ်းစုက ထပ်မံ၍ ခေါင်းညိတ်ပြလိုက်၏။
“ဟုတ်တယ်… ကျုပ်နာမည်က ချီရွှမ်းစု… ခင်ဗျား ကျုပ်ကို ထျန်းယွမ်လို့လည်း ခေါ်လို့ရတယ်”
“ထျန်းယွမ်…”
ယွဲ့လျှိုလီက ညင်သာစွာ သက်ပြင်းချလိုက်၏။
ချွမ်ကျန်းဂိုဏ်း တပည့်များ အားလုံးက ဗြဟ္မစရိယ မကျင့်ကြံကြပေ။ ဝမ်ရှို့ဝူနှင့် ယွဲ့လျှိုလီက ဝူရှုနန်းတော်သခင်၏ တပည့်များ ဖြစ်ကြသည်။ သူတို့က ယွင်ကျင်းတောင်သို့ သူတို့၏ ဆရာနှင့် လိုက်လာကြခြင်းဖြစ်သည်။ ထို့ကြောင့် သူတို့သည် ချီရွှမ်းစုကို ချွမ်ကျန်းဂိုဏ်းမှ သူတော်စင်တစ်ပါးဖြစ်သော ချီကျောင်းကျန့်နှင့် ဆက်စပ်မိလိမ့်မည် မဟုတ်ပေ။
ချီရွှမ်းစုသည် ကျားအဖွဲ့မှ မဟုတ်သောကြောင့် ဝမ်ရှို့ဝူက ချီရွှမ်းစုအပေါ် ထင်မြင်ချက် သိပ်မရှိပေ။ ဝမ်ရှို့ဝူက ဝင်ရောက်ပြောဆိုလိုက်၏။
“ငါတို့က အတန်းဖော်ဟောင်းတွေ ဖြစ်နေကြတာကိုး... ငါတို့ ဒီနေရာမှာ လာဆုံရတာ ရေစက်ပဲ ဖြစ်ရမယ်... ညီအစ်ကိုချီ... မင်းလည်း လေလံပွဲမှာ ပါဝင်တက်ရောက်ဖို့ ဖိတ်ကြားခံထားရတာလား”
ချီရွှမ်းစုက မှန်မှန်ကန်ကန် ဖြေပေးလိုက်၏။
“ကျုပ်ကို သူတော်စင်တစ်ပါးက ဖိတ်ကြားထားတာ”
ယွဲ့လျှိုလီ၏ မျက်လုံးက တဖျတ်ဖျတ်ခတ်သွား၏။ သူမ စွန့်ပယ်ခဲ့သော စစ်တုရင်အရုပ်လေးက စစ်တုရင်ခုံပေါ်မှာ ဆက်ရှိနေဦးမည်ဟု သူမ ထင်မှတ်မထားခဲ့ပေ။
ချီရွှမ်းစုကို သူတော်စင်တစ်ပါးက ဖိတ်ကြားပေးခဲ့ပြီး ချောမောလှပသော အမျိုးသမီးတစ်ဦးက သူ့ကို အဖော်ပြုပေးလာသည်။ အဲဒါသည် အရင်တုန်းကနှင့် ယှဉ်လျှင် လုံးဝကွဲပြားခြားနားသော ပြောင်းလဲမှုဖြစ်သည်။
ယွဲ့လျှိုလီက မေးမြန်းလိုက်၏။
“သခင်မလေး ကျန်းနဲ့ ထျန်းယွမ်ရဲ့ ဆက်ဆံရေးကို သိလို့ရမလား”
ကျန်းယွဲ့လုက အရင်စတင် ဖြေပေးလိုက်၏။
“ငါတို့တွေက မိတ်ဆွေရင်းချာတွေပဲ”
ဝမ်ရှို့ဝူက ဤစကားကို ကြားသောအခါ မျက်နှာတစ်ချက်ပျက်သွားသော်လည်း ချက်ချင်းပင် ထိုအမူအရာက ပျောက်ကွယ်သွား၏။
ဝမ်ရှန်းတာအိုနန်းတော်မှာတုန်းက ဝမ်ရှို့ဝူသည် အမှန်တကယ် ထိုက်တန်သည့် ခေါင်းဆောင်တစ်ယောက် ဖြစ်ခဲ့သည်။ သူ့မှာ အမြင့်မားဆုံး ကျင့်ကြံမှုအဆင့်နှင့် အလွှမ်းမိုးနိုင်ဆုံး ဩဇာတိက္ကမ ရှိခဲ့သည်။ ဩဇာအာဏာကို ကိုင်စွဲထားရသည်က ဘာနှင့်တူသည်ကို ဝမ်ရှန်းတာအိုနန်းတော်မှာတုန်းက သူ စောလျင်စွာ တွေ့ကြုံခံစားခဲ့ရပြီး နောက်ပိုင်းမှာ ချောမောလှပသော မိန်းကလေး ယွဲ့လျှိုလီ၏ နှလုံးသားကို သူသိမ်းပိုက်နိုင်ခဲ့၏။ သူ့ဘဝက ပြီးပြည့်စုံလုနီးပါး ဖြစ်သည်။
တစ်ဖက်မှာတော့ ဝမ်ရှန်းတာအိုနန်းတော်မှာ ရှိစဉ်က ချီရွှမ်းစုသည် ထူးချွန်ထက်မြက်ခဲ့ခြင်း မရှိပေ။ သူ့ကို သာမန်နှင့် အထက်မှာသာ ရှိသည်ဟု ဆိုနိုင်၏။ နောက်ဆုံး စမ်းသပ်စစ်ဆေးမှုမှာ ဝမ်ရှို့ဝူက ချီရွှမ်းစုကို ဓားဖြင့် သုံးချက်ခုတ်ခဲ့သည်။
ချီရွှမ်းစုသည် အရင်တုန်းက ဝမ်ရှို့ဝူကို မယှဉ်နိုင်သော်လည်း သူမ၏ သာမန်အတန်းဖော်က ယခုလက်ရှိမှာ သူနှင့် တန်းတူရည်တူ ရပ်တည်နေနိုင်သည်ကို ဝမ်ရှို့ဝူက ရုတ်တရက် သိရှိလိုက်ရ၏။ ဒါ့အပြင် တစ်ခါက လီထျန်ကျန်းကို ငြင်းပယ်၍ အနိုင်ယူခဲ့သော ကျန်းယွဲ့လုက နေရာတိုင်းမှာ ယွဲ့လျှိုလီထက် ရှင်းရှင်းလင်းလင်း ပိုသာနေ၏။ ဤကွာဟချက်က ဝမ်ရှို့ဝူကို ကသိကအောက် ဖြစ်သွားစေသည်။
ခဏကြာအောင် စုံတွဲနှစ်တွဲက အိုးတိုးအမ်းတမ်းဖြင့် တိတ်ဆိတ်ငြိမ်သက်သွားကြသည်။