← Chapters

အခန်း ၃၉၅

Vol. 40 Ch. 395

အခန်း ၃၉၅

Vol. 40 Ch. 395

အခန်း (၃၉၅)

"မင်းတို့နှစ်ယောက် ဘယ်လိုထင်လဲ... ငါသာ ဧကရာဇ်အဖြစ် ကိုယ့်ကိုယ်ကိုယ် ကြေညာလိုက်မယ်ဆိုရင် ဘာတွေဖြစ်လာမလဲ" ဟု ရှောင်ရှီက သူ၏ သားနှစ်ယောက်ကို ကြည့်ကာ မေးမြန်းလိုက်လေ၏။

ဖခင်ဖြစ်သူထံမှ ဤကဲ့သို့သော စကားမျိုးကို ကြားလိုက်ရသောအခါ ရှောင်မိုနှင့် ရှောင်ယီချွမ်တို့ နှစ်ဦးစလုံးမှာ အလွန်အမင်း အံ့အားသင့်သွားကြပြီး တစ်ယောက်ကိုတစ်ယောက် အလိုအလျောက် စောင်းငဲ့ကြည့်လိုက်မိကြပေသည်။

သူတို့ အကြားအာရုံများများ မှားယွင်းနေသလားဟုပင် သံသယဝင်သွားကြပြီး တစ်ခဏမျှ မည်သို့တုံ့ပြန်ရမည်ကိုပင် မသိတော့ချေ။

"အဖေ... သားကတော့ ဒါက မသင့်လျော်ဘူးလို့ ထင်ပါတယ်" ဟု ရှောင်ယီချွမ်က ရှေ့သို့ ဦးစွာ ထွက်လာပြီး ပြောဆိုလိုက်လေသည်။

"ရှောင်မို... မင်းကရော ဘယ်လိုထင်လဲ" ရှောင်ရှီက မျက်မှောင်ကြုတ်လိုက်ပြီး အနည်းငယ် မကျေမနပ်ဖြစ်နေပုံဖြင့် သူ၏ သားအကြီးဆုံးကို လျစ်လျူရှုကာ ရှောင်မိုကို ကြည့်၍ မေးမြန်းလိုက်ပေသည်။

"သားကလည်း အစ်ကိုကြီးလိုပဲ တွေးပါတယ်၊ ဒီကိစ္စက မသင့်လျော်ဘူးလို့ ယုံကြည်ပါတယ်။" ရှောင်မိုကလည်း ရှေ့သို့ ထွက်လာပြီး လက်ယှက်ကာ အရိုအသေပြုလိုက်လေ၏။ "အဖေ ထပ်ပြီး စဉ်းစားချင့်ချိန်ပါဦးလို့ မျှော်လင့်ပါတယ်။"

"အိုး... ဒါဆို ငါ့ကို ပြောစမ်းပါဦး... ဘာလို့ မဖြစ်နိုင်ရတာလဲ" ဟု ရှောင်ရှီက အေးစက်စွာ နှာမှုတ်လိုက်ပြီး ရှောင်မိုကို မေးလိုက်ပေသည်။

"အဖေ့ကို အကြောင်းပြန်ရမယ်ဆိုရင်" ရှောင်မိုက ခါးကို မတ်မတ်ဆန့်လိုက်ပြီး ရှောင်ရှီ၏ မျက်လုံးများကို တည့်တည့်မတ်မတ် စိုက်ကြည့်ကာ စကားလုံးများကို တစ်လုံးချင်း ပြောဆိုလိုက်လေသည်။

"ပထမအချက်က သားနဲ့ အစ်ကိုကြီးရဲ့ မျိုးဆက်ကိုပါ ထည့်တွက်မယ်ဆိုရင် ကျွန်တော်တို့ ရှောင်မိသားစုက မျိုးဆက်ငါးဆက်တိုင်တိုင် သစ္စာရှိစွာ အမှုထမ်းခဲ့တဲ့သူတွေ ဖြစ်ပါတယ်။ ကျွန်တော်တို့က ယခင် ဧကရာဇ်မင်းမြတ်နောက်ကို လိုက်ပါပြီး ချင်တိုင်းပြည်ကို တည်ထောင်ခဲ့တယ်၊ ယခင် ဧကရာဇ်မင်းမြတ်နဲ့အတူ နယ်မြေတွေကို တိုးချဲ့ခဲ့တယ်၊ ပြီးတော့ မြောက်ပိုင်းနယ်မြေကို နှစ်ပေါင်းရာချီအောင် ကာကွယ်ပေးခဲ့တယ်။ ဒီလိုအခြေအနေမှာ သစ္စာဖောက်ဖို့ အကြောင်းပြချက် ဘယ်လိုလုပ် ရှိနိုင်မှာလဲ။ အကယ်၍ ကျွန်တော်တို့ကသာ သစ္စာဖောက်ခဲ့မယ်ဆိုရင် ချင်တိုင်းပြည်ရဲ့ ဧကရာဇ်မြို့တော်မှာ ရှိနေကြတဲ့ ရှောင်အိမ်တော်ရဲ့ ပင်မနဲ့ ခွဲထွက်မိသားစုဝင်တွေအားလုံး သေချာပေါက် မျိုးဖြုတ်သတ်ဖြတ်ခံရမှာပဲ။ အဲဒီလိုဆိုရင် ကျွန်တော်တို့ရဲ့ ဘိုးဘေးတွေက ဒီကိစ္စကို ဘယ်လိုများ ကြည့်ကြမလဲ။"

"ဒုတိယအချက်က အရှင်မင်းမြတ်ဟာ ဉာဏ်ပညာကြီးမားတဲ့ အုပ်စိုးရှင်တစ်ပါး ဖြစ်ပါတယ်။ အရှင်မင်းမြတ်ရဲ့ အုပ်ချုပ်မှုအောက်မှာ ချင်တိုင်းပြည်က ငြိမ်းချမ်းနေပြီး သာမန်ပြည်သူတွေကလည်း ရောင့်ရဲတင်းတိမ်စွာနဲ့ အသက်မွေးဝမ်းကျောင်း ပြုနေကြတယ်။ ပြီးတော့ သာမန်ပြည်သူတွေက အရှင်မင်းမြတ်ကို အလွန်အမင်း ရိုသေလေးစားကြတယ်လေ။ အကယ်၍ ကျွန်တော်တို့ကသာ အခုလိုအချိန်မှာ ပုန်ကန်လိုက်မယ်ဆိုရင် ချင်တိုင်းပြည်မှာ ကြီးမားတဲ့ ကမောက်ကမဖြစ်မှုတွေ သေချာပေါက် ဖြစ်လာမှာပဲ။ အဲဒီလို ဖြစ်လာတဲ့အခါကျရင် သာမန်ပြည်သူတွေက အိုးပစ်အိမ်ပစ် ထွက်ပြေးရပြီး ဇနီးမယားတွေကို ရောင်းစား၊ သမီးတွေကို စွန့်ပစ်ကြရလိမ့်မယ်။ ဒီကိစ္စကို သာမန်ပြည်သူတွေက ဘယ်လိုများ ကြည့်ကြမလဲ။"

"တတိယအချက်က ဒီဝေ့တိုင်းပြည်ကို တိုက်ခိုက်တဲ့ စစ်ဆင်ရေးမှာ ကျွန်တော်တို့ မြောက်ပိုင်းတပ်မတော်က စစ်သည်တွေသာမကဘဲ အရှင်မင်းမြတ်က အခြားတပ်မတော်တွေက အထက်တန်းစား စစ်သည်တွေကိုပါ မြောက်ပိုင်းကို ကူညီဖို့ စေလွှတ်ပေးခဲ့တယ်။ ရိက္ခာတွေ၊ ထောက်ပံ့ရေးပစ္စည်းတွေ၊ ဆေးလုံးတွေနဲ့ စစ်မြင်းတွေဆိုတာ လုံးဝကို ပြတ်လပ်သွားခဲ့တာ မရှိဘူး။ နိုင်ငံတော်ရဲ့ အင်အားတစ်ခုလုံးကို အသုံးပြုခဲ့တယ်လို့တောင် ပြောလို့ရပါတယ်။ ချူတိုင်းပြည်က စာချုပ်ကို ဖျက်သိမ်းပြီး ကျွန်တော်တို့ရဲ့ ချင်တိုင်းပြည် နယ်စပ်ကို တိုက်ခိုက်လာချိန်မှာတောင် အရှင်မင်းမြတ်က မြောက်ပိုင်းတပ်မတော်ကို နောက်ဆုတ်ဖို့ လုံးဝ ခွင့်မပြုခဲ့ဘူးလေ။ အရှင်မင်းမြတ်က မြောက်ပိုင်းကို ဒီလောက်တောင် ရက်ရက်ရောရော ဆက်ဆံပေးခဲ့တာ။ အကယ်၍ ကျွန်တော်တို့ မြောက်ပိုင်းကသာ ပုန်ကန်လိုက်မယ်ဆိုရင် မြောက်ပိုင်းက စစ်သည်တွေက ဒီကိစ္စကို ဘယ်လိုများ ကြည့်ကြမလဲ။"

"စတုတ္ထအချက်က ကျွန်တော်တို့ရဲ့ ချင်တိုင်းပြည်က ဝေ့တိုင်းပြည်ကို သိမ်းပိုက်ပြီး မြောက်ဘက်က စိုးရိမ်စရာတွေကို ဖြေရှင်းနိုင်ခဲ့တယ်ဆိုပေမယ့် ချီ၊ ချူ၊ ယန်၊ ကျင်း နဲ့ ကျောက် စတဲ့ နိုင်ငံကြီးငါးခုက ရှိနေဆဲပဲလေ။ ဒါ့အပြင် အင်အားအကြီးမားဆုံးဖြစ်တဲ့ ချီတိုင်းပြည်ကလည်း ကျွန်တော်တို့ကို မျက်စိကျနေဆဲပဲ။ ကျွန်တော်တို့ရဲ့ ချင်တိုင်းပြည်က မကြာသေးမီကမှ စစ်ပွဲကြီးတစ်ခုကို ဖြတ်သန်းခဲ့ရတာဆိုတော့ အနားယူပြီး အင်အားပြန်လည်ဖြည့်တင်းဖို့ လိုအပ်နေတယ်။ အကယ်၍ အခုချိန်မှာသာ ပြည်တွင်းစစ် ဖြစ်ပွားခဲ့မယ်ဆိုရင် အခြားနိုင်ငံကြီးငါးခုက ဒီကိစ္စကို ဘယ်လိုများ ရှုမြင်ကြမလဲ၊ ပြီးတော့ ပတ်ဝန်းကျင်က နိုင်ငံငယ်လေးတွေကကော ဘယ်လို အတွေးမျိုးတွေ တွေးကြမလဲ။"

သူ၏ အကြောင်းပြချက်များကို ရှင်းပြပြီးနောက် ရှောင်မိုက ထပ်မံ၍ လက်ယှက်ကာ အရိုအသေပြုလိုက်လေသည် "သားက နောက်ထပ်တစ်ကြိမ် အဖေ့ကို ထပ်ပြီး စဉ်းစားချင့်ချိန်ပါဦးလို့ တောင်းဆိုပါတယ်"။

ရှောင်ယီချွမ်ကလည်း လက်ယှက်၍ ဦးညွှတ်ကာ ဩရှသောအသံဖြင့် ဆိုလေ၏ "ယီချွမ်က ကြမ်းတမ်းတဲ့ လူတစ်ယောက်ပါ၊ ညီလေးလောက် စာပေဗဟုသုတ မရှိသလို ညီလေးလိုလည်း စကားမပြောတတ်ပါဘူး။ ဒါပေမဲ့ ယီချွမ်ရဲ့ အတွေးတွေကလည်း ညီလေးရဲ့ အတွေးတွေနဲ့ အတူတူပါပဲ။ အဖေ ထပ်ပြီး စဉ်းစားချင့်ချိန်ပါဦးလို့ မျှော်လင့်ပါတယ်။"

သူ၏ သားနှစ်ယောက်ကို ကြည့်ရင်း ရှောင်ရှီက မျက်လုံးများကို ကျဉ်းမြောင်းလိုက်ပြီး မည်သည့်စကားကိုမျှ မဆိုခဲ့ချေ။ ခန်းမဆောင်ကြီး တစ်ခုလုံးမှာ လုံးဝ တိတ်ဆိတ်ငြိမ်သက်သွားလေတော့သည်။

"ဟား ဟား ဟား ဟား" တစ်ခဏအကြာတွင် ရှောင်ရှီ၏ ရယ်မောသံကြီးက ခန်းမဆောင်ကြီးအတွင်း ပဲ့တင်ထပ်သွားလေ၏။

ရှောင်မိုနှင့် ရှောင်ယီချွမ်တို့က ဖခင်ဖြစ်သူကို ခေါင်းမော့ကြည့်လိုက်ရာ ဖခင်ဖြစ်သူက သက်ပြင်းရှည်ကြီးတစ်ခု ချလိုက်သည်ကို မြင်တွေ့လိုက်ရပေသည်။

"မဆိုးပါဘူး" ရှောင်ရှီက ခေါင်းညိတ်လိုက်လေသည်။ "မင်းတို့နှစ်ယောက် ဒီလိုတွေးနိုင်တာကို အဖေ အရမ်းကို ကျေနပ်ဂုဏ်ယူမိပါတယ်။"

"အဖေ... ဒါက ဘာသဘောလဲ" ဟု ရှောင်ယီချွမ်က မေးမြန်းလိုက်ပေသည်။

"ဒီမဟာတိုက်ပွဲကြီးမှာ ငါတို့ရဲ့ မြောက်ပိုင်းတပ်မတော်က ဝေ့တိုင်းပြည်ကို အပြီးတိုင် ဖျက်ဆီးပစ်နိုင်ခဲ့တယ်၊ ဒါက အင်မတန် ကြီးမားတဲ့ အောင်မြင်မှုတစ်ခုပဲလေ။ ငါတို့ရဲ့ မြောက်ပိုင်းနယ်မြေက ဝေ့တိုင်းပြည်ရဲ့ မူလပိုင်နက်နယ်မြေတွေကိုပါ သိမ်းပိုက်နိုင်ခဲ့ပြီဆိုတော့ ငါတို့ကို ဘေးတိုက်ကနေ ဝင်ရောက်တိုက်ခိုက်ခံရမယ့် စိုးရိမ်ပူပန်မှုမျိုး လုံးဝ မရှိတော့ဘူးဆိုတာကိုတော့ ပြောနေစရာတောင် မလိုတော့ပါဘူး။

တပ်မတော်ထဲမှာ တချို့စစ်သူကြီးတွေက ပွင့်ပွင့်လင်းလင်းပဲဖြစ်ဖြစ်၊ လျှို့ဝှက်စွာပဲဖြစ်ဖြစ် ငါ့ကို ဧကရာဇ်အဖြစ် ကိုယ့်ကိုယ်ကိုယ် ကြေညာဖို့ ဖျောင်းဖျချင်နေကြတယ်။ သူတို့က နဂါးနောက်ကို လိုက်ပါရတဲ့ စွမ်းဆောင်မှုမျိုးကို ရှာဖွေချင်နေကြတာလေ။ ဒီလူတွေက စစ်ချီတက်တဲ့နေရာနဲ့ တိုက်ပွဲဝင်တဲ့ နေရာတွေမှာ အရမ်းကို ထက်မြက်ပြီး တည်ငြိမ်ကြပေမယ့် ဒီလို ကြီးမားလှတဲ့ အကျိုးစီးပွားတွေရှေ့မှာတော့ သူတို့ရဲ့ စည်းမျဉ်းစည်းကမ်းတွေကို မေ့ပျောက်သွားခဲ့ကြပြီ။

အဖေက အဲဒီစစ်သူကြီးတွေကို သူတို့ရဲ့ လုပ်ရပ်တွေရဲ့ ပြင်းထန်မှုအပေါ် မူတည်ပြီး ကိုင်တွယ်ဖြေရှင်းပြီးသွားပါပြီ။ ဒါပေမဲ့ သူတို့ကိုတော့ ကိုင်တွယ်ဖြေရှင်းလို့ ရနိုင်သေးပေမယ့် မင်းတို့နှစ်ယောက်ကသာ အဲဒီလို တွေးနေကြမယ်ဆိုရင် အဖေက ဘာဆက်လုပ်ရတော့မလဲ။

မင်းတို့နှစ်ယောက်က အဖေ အတန်ဖိုးထားဆုံး လူနှစ်ယောက်ဖြစ်သလို အနာဂတ်မှာ ရှောင်အိမ်တော်ရဲ့ ပင်မတိုင်လုံးကြီးကို သယ်ဆောင်ရမယ့် သူတွေလည်း ဖြစ်တယ်။ အကယ်၍ မင်းတို့ကသာ အဲဒီလို တွေးနေမယ်ဆိုရင် အနာဂတ် ချင်တိုင်းပြည်ရဲ့ ရှောင်အိမ်တော်က၊ အထူးသဖြင့် ဒီသာမန်ပြည်သူတွေက ကြီးမားတဲ့ အန္တရာယ်နဲ့ ရင်ဆိုင်ရလိမ့်မယ်။ ကံကောင်းထောက်မစွာနဲ့ပဲ မင်းတို့က အဖေ့ကို အခက်တွေ့အောင် မလုပ်ခဲ့ကြဘူး။"

ရှောင်ရှီက လှေကားထစ်များမှ ဆင်းလာခဲ့ပြီး သူတို့ ညီအစ်ကိုနှစ်ဦး၏ အနီးသို့ ရောက်ရှိလာကာ သူတို့၏ ပခုံးများကို ပုတ်ပေးလိုက်လေသည်။

"ဒီနေ့ပဲဖြစ်ဖြစ်၊ မနက်ဖြန်ပဲဖြစ်ဖြစ် မင်းတို့ မှတ်ထားရမှာက... ကြီးကျယ်ခမ်းနားတဲ့ ပေါင်းစည်းမှုကြီးကို မအောင်မြင်နိုင်သေးခင်၊ လက်ရှိအုပ်စိုးနေတဲ့ ဘုရင်က ကောင်းကင်ဘုံရဲ့ အမျက်ဒေါသနဲ့ ပြည်သူတွေရဲ့ မုန်းတီးမှုကို ခံရလောက်အောင် အရမ်းကို ရှုပ်ထွေးပြီး ရက်စက်ကြမ်းကြုတ်မနေသေးခင်၊ ပြီးတော့ ငါတို့ရဲ့ ရှောင်အိမ်တော်က နှိပ်စက်ညှဉ်းပန်းမှုတွေ မခံရသေးခင်အချိန်အထိ သစ္စာဖောက်ဖို့ ရည်ရွယ်ချက်မျိုး လုံးဝ မထားရှိဖို့ မှတ်ထားကြ။

မဟုတ်ရင် ချင်တိုင်းပြည်က ကွဲပြားသွားလိမ့်မယ်။ သန်းနဲ့ချီတဲ့ စစ်သည်တွေရဲ့ ကြိုးပမ်းအားထုတ်မှုတွေသာမက ငါတို့ရဲ့ ချင်တိုင်းပြည် နှစ်ထောင်ချီကြာ တည်ဆောက်ခဲ့တဲ့ အုတ်မြစ်ကြီးပါ တစ်ရက်တည်းနဲ့ ပျက်စီးသွားလိမ့်မယ်။ မင်းတို့ နားလည်လား။"

"ဟုတ်ကဲ့ပါ" ရှောင်မိုနှင့် ရှောင်ယီချွမ်တို့က ပြိုင်တူ ဖြေကြားလိုက်ကြသည် "သားတို့ မှတ်ထားပါ့မယ်။"

"အင်း။" ရှောင်ရှီက ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်လေသည်။ "ကောင်းပြီ၊ သွားပြီး အနားယူကြတော့။ နောက်ထပ် လေးရက်နေရင် ငါတို့ တပ်တွေနဲ့အတူ မြို့တော်ကို ပြန်ကြမယ်။"

"ဟုတ်ကဲ့။" ရှောင်မိုနှင့် ရှောင်ယီချွမ်တို့ နှစ်ဦးက ထပ်မံ၍ လက်ယှက်ကာ အရိုအသေပြုလိုက်ပြီးနောက် ခန်းမဆောင်ကြီးအတွင်းမှ ထွက်ခွာသွားကြလေတော့သည်။

ရှောင်မိုနှင့် ရှောင်ယီချွမ်တို့ ထွက်ခွာသွားပြီးနောက် ခန်းမဆောင်ကြီးအတွင်း၌ ရှောင်ရှီ တစ်ဦးတည်းသာ ကျန်ရစ်နေခဲ့လေ၏။

ရှောင်ရှီက နောက်သို့ လှည့်ကြည့်လိုက်ပြီး အမြင့်တွင် ခမ်းနားထည်ဝါစွာ တည်ရှိနေသော ဧကရာဇ်ပလ္လင်ကို စိုက်ကြည့်လိုက်ပေသည်။

"ဟား... ဒီအရာက ရှေးခေတ်ကနေ အခုအချိန်အထိ လူတွေကို အများကြီး သတ်ဖြတ်ခဲ့ပြီးပြီပဲ။"

ရှောင်ရှီက သူ၏ လှံရှည်ကြီးကို ကိုင်ဆောင်ကာ ဝှေ့ယမ်းလိုက်လေသည်။

"ဝုန်း"

အက်ကွဲသံကြီးတစ်ခုက ခန်းမဆောင်ကြီးအတွင်း ပဲ့တင်ထပ်သွားလေ၏။

ထိုအမျိုးသားက လှည့်ကာ ခန်းမဆောင်ကြီးအတွင်းမှ ခြေလှမ်းကျဲကြီးများဖြင့် ထွက်ခွာသွားလေတော့သည်။ လှံရှည်ကြီးမှာ နံရံတွင် တည့်မတ်စွာ စိုက်ဝင်နေခဲ့ချေပြီ။

လရောင်က ဖြာကျလာပြီးနောက် ကျိုးပဲ့သွားသော ရွှေရောင်နဂါးပလ္လင်ကြီးမှာ ကြည်လင်သော အလင်းရောင်ဖြင့် တောက်ပနေလေတော့သတည်း။

လေးရက်ကြာပြီးနောက်။ ရှောင်ရှီသည် ဝေ့တိုင်းပြည်၏ တော်ဝင်ကျောက်စိမ်းတံဆိပ်တုံးကို ယူဆောင်ကာ သူ၏ တပ်ဖွဲ့များနှင့်အတူ မြို့တော်သို့ ပြန်လည်ထွက်ခွာလာခဲ့လေ၏။

ဤအိမ်ပြန်ခရီးစဉ်တွင် လူတိုင်း၏ ခြေလှမ်းများမှာ ယခင်ကထက် များစွာ ပိုမိုမြန်ဆန်နေပြီး တပ်မတော်အတွင်းရှိ လေထုမှာလည်း ယခင်ကထက် များစွာ ပိုမိုပေါ့ပါးလွတ်လပ်နေကြောင်းကို ရှောင်မို ခံစားခဲ့ရပေသည်။

ရှောင်ရှီက ရှောင်မို၏ လက်ထဲရှိ စစ်ဘက်ဆိုင်ရာ အာဏာများကို ပြန်လည်ရုပ်သိမ်းခဲ့ခြင်း မရှိဘဲ မြို့များကို သိမ်းပိုက်ပြီးနောက် ရှောင်မို ရရှိထားခဲ့သော စစ်သည်အင်အားအားလုံးကို ဆက်လက်ထိန်းသိမ်းထားခွင့် ပြုခဲ့လေ၏။

အပြန်လမ်းတွင် ရှောင်ရှီသည် ရှောင်မို ဦးဆောင်သော တပ်မတော်ကို အထူးသီးသန့် စစ်ဆေးကြည့်ရှုခဲ့ပေသည်။

သူတို့အားလုံးက မြောက်ပိုင်းတပ်မတော်၏ အစိတ်အပိုင်းများဖြစ်ကြပြီး ယခင်က ရှောင်ရှီကိုယ်တိုင် လေ့ကျင့်ပေးခဲ့ဖူးသော်ငြားလည်း ရှောင်မို၏ ကွပ်ကဲမှုအောက်တွင် ရှိနေစဉ်ကာလအတွင်း ဤတပ်မတော်သည် ပိုမို၍ ထက်မြက်သော စိတ်ဓာတ်ခွန်အားများကို ပိုင်ဆိုင်ထားပြီး သူတို့၏ မျက်နှာအမူအရာများကလည်း ပိုမို၍ မာနထောင်လွှားနေကြကြောင်းကို ရှောင်ရှီ တွေ့ရှိခဲ့ရလေ၏။

ဝေ့တိုင်းပြည်မှ လက်နက်ချအညံ့ခံလာသော စစ်သည်များပင်လျှင် ရှောင်မိုကို အလွန်အမင်း ရိုသေလေးစားနေကြပေသည်။

မြောက်ပိုင်းသို့ ပြန်လည်ရောက်ရှိပြီးနောက် ရှောင်ရှီသည် သူ၏ အာဏာစက်အတွင်းရှိ ဆုလာဘ်များကို ချီးမြှင့်ပေးခဲ့ပြီး မြောက်ပိုင်းတပ်မတော်ကို ထိုနေရာတွင်သာ ချန်ထားရစ်ခဲ့ကာ မြောက်ပိုင်းကို စစ်ကူပေးရန် ရောက်ရှိလာသော ချင်တိုင်းပြည်မှ အခြားစစ်သည်များနှင့် သင်္ကေတသဘောအရ နှင်းနင်းနဂါးမြင်းသည်တော် ငါးရာကိုသာ ခေါ်ဆောင်၍ ဧကရာဇ်မြို့တော်သို့ ပြန်လည်ထွက်ခွာလာခဲ့လေတော့သည်။

ထို့အပြင် ဤနှင်းနင်းနဂါးမြင်းသည်တော် ငါးရာစလုံးမှာ ရှောင်မို၏ တပ်မတော်ထဲမှ ရွေးချယ်ထားသော မျက်နှာဖုံးတပ် သံချပ်ကာမြင်းသည်တော်များသာ ဖြစ်ကြလေ၏။

လအနည်းငယ် ကြာပြီးနောက် ချင်တိုင်းပြည် ဧကရာဇ်မြို့တော်၏ အပြင်ဘက်တွင် ချင်တိုင်းပြည်ရဲ့ဘုရင် ကိုယ်တိုင်က မြို့ပြင်ထွက်၍ ရှောင်ရှီကို လာရောက်ကြိုဆိုခဲ့ပေသည်။

ချင်တိုင်းပြည်ရဲ့ဘုရင်က ရှောင်ရှီကို ဧကရာဇ်ရထားလုံးပေါ်သို့ ဆွဲတင်လိုက်ပြီး သူတို့နှစ်ဦးမှာ ရင်ဖွင့်စကားများကို ကျေနပ်သည်အထိ ပြောဆိုခဲ့ကြလေ၏။

မည်သည့်အကြောင်းကြောင့်မှန်း မသိရသော်လည်း ချင်တိုင်းပြည်ရဲ့ဘုရင်က ရုတ်တရက် စိတ်ပါဝင်စားလာပြီး ရှောင်မိုနှင့် နှင်းနင်းနဂါးမြင်းသည်တော် ငါးရာတို့ကို စစ်တပ်ဖွဲ့အစီအရင်၏ ရှေ့ဆုံးမှ လျှောက်လှမ်းစေခဲ့ကာ သူတို့အားလုံးကို အာသုရာမျက်နှာဖုံးများ ဝတ်ဆင်စေခဲ့လေသည်။

ဤကိစ္စနှင့် ပတ်သက်၍ စစ်သူကြီးများအသီးသီးက မည်သည့်ကန့်ကွက်မှုမျှ မရှိခဲ့ကြချေ။ ဝေ့တိုင်းပြည်ကို ချေမှုန်းနိုင်ခဲ့သော ဤစွမ်းဆောင်မှုတွင် ရှောင်မိုက အကြီးမားဆုံးသော ဂုဏ်ပြုမှုကို ရရှိရန် အထိုက်တန်ဆုံးသူ ဖြစ်သောကြောင့်ပင်။

ရှောင်မိုမှာ အမိန့်နာခံရုံမှလွဲ၍ အခြားရွေးချယ်စရာမရှိဘဲ တပ်မတော်ကို ရှေ့ဆုံးမှ ဦးဆောင်ခဲ့ရလေ၏။

မြို့အတွင်းရှိ သာမန်ပြည်သူများက ရှောင်မိုနှင့် နှင်းနင်းနဂါးမြင်းသည်တော်များကို မြင်တွေ့လိုက်ရသောအခါ ရှောင်မို၏ နာမည်ကို အားလုံးက ကျယ်လောင်စွာ ဟစ်ကြွေးလိုက်ကြပေသည်။

မြို့လယ်သို့ ရောက်ရှိချိန်တွင် ချင်တိုင်းပြည်ရဲ့ဘုရင်က ရှောင်မိုနှင့် နှင်းနင်းနဂါးမြင်းသည်တော်များကို မျက်နှာဖုံးများ ချွတ်စေခဲ့လေ၏။

ရှောင်မိုမှာ သူ၏ နှလုံးသားထဲတွင် အပြောရခက်သွားရပြီး အရှင်မင်းမြတ်နှင့် သူ၏ညီတော်တို့မှာ တကယ်ကို တစ်ထေရာတည်း တူညီနေကြသည်ဟု တွေးတောမိသွားလေတော့သည်။

"တပ်ဖွဲ့ဝင်အားလုံး... မျက်နှာဖုံးတွေကို ချွတ်လိုက်ကြ။" ရှောင်မိုက အမိန့်ပေးလိုက်ရာ တပ်မတော်တစ်ခုလုံးက မျက်နှာဖုံးများကို ချွတ်လိုက်ကြပေသည်။

“အာားးး အိုက်စ်းးး ကိုကိုရှောင် အမလေးတော့် အိုက်စ်”

တစ်ခဏအတွင်းမှာပင် မြို့အတွင်းရှိ အမျိုးသမီးများ၏ အော်ဟစ်သံများက ပိုမိုကျယ်လောင်လာခဲ့ပြီး အချို့အမျိုးသမီးများဆိုလျှင် စိတ်လှုပ်ရှားလွန်းသဖြင့် မေ့လဲသွားခဲ့ကြလေ၏။

တစ်ချိန်တည်းမှာပင် မင်းသမီးအိမ်တော်၏ ခြံဝင်းတစ်ခုအတွင်း၌ အကျယ်ချုပ်ချခံထားရသော အမျိုးသမီးလေးသည် ဖိနပ်များ ရက်လုပ်နေခဲ့ပေသည်။

အပြင်ဘက်မှ အော်ဟစ်သံများကို ကြားလိုက်ရသောအခါ အမျိုးသမီးလေးက ခေါင်းမော့ကာ ခြံဝင်းအပြင်ဘက်သို့ လှမ်းကြည့်လိုက်လေ၏။

ဘေးတွင် ရပ်နေသော ဟွာရှန်းကလည်း လမ်းမကြီးဘက်သို့ လှမ်းကြည့်လိုက်ပြီး ပြုံးလျက် ဆိုလေသည် "ဝေ့တိုင်းပြည်နဲ့ ဒီတိုက်ပွဲအပြီးမှာတော့ သခင်လေးရှောင်ရဲ့ ဂုဏ်သတင်းက အခုဆိုရင် ကျွန်မတို့ရဲ့ ချင်တိုင်းပြည်မှာတောင် ပြောနေစရာ မလိုတော့ပါဘူး။ အခြားနိုင်ငံတွေမှာတောင် သခင်လေးရှောင်ကို တွေ့ချင်နေကြတဲ့ မိန်းကလေးတွေ အများကြီးရှိတယ်လို့ ကျွန်မ ကြားထားတယ်။ သခင်လေးရှောင်က မိန်းကလေးတွေကြားမှာ အဲဒီလောက်တောင် ရေပန်းစားနေတာကို မင်းသမီးလေး စိုးရိမ်ပူပန်မှု မရှိဘူးလား။"

"ဒါဆိုရင် အစ်မဟွာရှန်းရဲ့ အမြင်မှာ ဒီလောကကြီးထဲက ဘယ်မိန်းကလေးကများ ကျွန်မလောက် လှပလို့လဲ" ဟု ချင်စီယောင်က အစ်မဟွာရှန်းကို မေးလိုက်လေ၏။

ဟွာရှန်းမှာ အနည်းငယ် မှင်တက်သွားပြီးနောက် ခေါင်းယမ်းလိုက်ကာ အမှန်အတိုင်း ပြန်လည်ဖြေကြားလိုက်ပေသည် "တကယ်တော့ မရှိပါဘူး။"

"ဒါဆို ရှင်းသွားပြီပဲ။" ချင်စီယောင်၏ မျက်လုံးလေးများက ကွေးညွတ်သွားလေသည်။ "လောကကြီးထဲမှာ ဘယ်မိန်းကလေးကမှ ကျွန်မလောက် မလှတာဆိုတော့ ရှောင်မိုက ကျွန်မကိုပဲ ရွေးချယ်မှာပေါ့။"

All Chapters