← Chapters

အခန်း ၄၀၀

Vol. 40 Ch. 400

အခန်း ၄၀၀

Vol. 40 Ch. 400

အခန်း (၄၀၀)

အိမ်တော်သို့ ပြန်လည်ရောက်ရှိပြီးနောက် ရှောင်မိုသည် ဧကရာဇ်စာကြည့်ဆောင်အတွင်း၌ ချင်တိုင်းပြည်ရဲ့ဘုရင်နှင့် ပြောဆိုခဲ့သော စကားများကို ပြန်လည်စဉ်းစားရင်း သူ၏ စာကြည့်ခန်းအတွင်း၌ ထိုင်နေခဲ့လေ၏။

ရိုးရိုးသားသားပြောရလျှင် သူအနေဖြင့် ထိုစကားများကို ယခုအချိန်တွင် မပြောခဲ့သင့်ဟု ရှောင်မို ခံစားနေရပေသည်။

အဘယ်ကြောင့်ဆိုသော် ဤပြုပြင်ပြောင်းလဲရေးက ကဏ္ဍပေါင်းစုံ ပါဝင်ပတ်သက်နေပြီး ပြုပြင်ပြောင်းလဲရေးသမား အများစုမှာလည်း အဆုံးသတ် မလှတတ်ကြသောကြောင့်ပင်။

သို့သော် ယခုအချိန်တွင် ချင်တိုင်းပြည်သည် ဉာဏ်ပညာကြီးမားသော အုပ်စိုးရှင်တစ်ပါးနှင့် ကြုံတွေ့နေရပြီး အုပ်စိုးရှင်နှင့် လက်အောက်ခံတို့အကြား အပြန်အလှန် ယုံကြည်မှုများလည်း ရှိနေသဖြင့် ပြုပြင်ပြောင်းလဲရေးလုပ်ရန် အကောင်းဆုံးအချိန်ဖြစ်သည်ဟု ရှောင်မို ခံစားခဲ့ရလေ၏။ ၎င်းကို အပြည့်အဝ အကောင်အထည် မဖော်နိုင်လျှင်တောင်မှ အနည်းဆုံးတော့ အုတ်မြစ်တစ်ခု ချထားနိုင်မည်သာ ဖြစ်ပေသည်။

မဟုတ်ပါက နောက်ထပ်အုပ်စိုးရှင်တစ်ပါးလက်ထက်အထိ စောင့်ဆိုင်းရမည်ဆိုလျှင် အမှန်တကယ်ပင် ပြောရခက်သွားမည်သာ ဖြစ်လေသည်။

သူ၏ ကိုယ်ပိုင်လုံခြုံရေးနှင့် ပတ်သက်၍ကား။

ရှောင်မို၏ အမြင်တွင် ချင်တိုင်းပြည်၌ သူရရှိထားသော ဂုဏ်သတင်းနှင့် ဩဇာတိက္ကမတို့အပြင် နှင်းနင်းနဂါးမြင်းသည်တော် သောင်းချီရှိနေသဖြင့် သူ့ကို မည်သူတစ်ဦးတစ်ယောက်ကမျှ ထိပါးရဲမည်မဟုတ်ဟု ယူဆထားပေသည်။

သို့သော် အရှင်မင်းမြတ်အနေဖြင့် ပြုပြင်ပြောင်းလဲရေးကို အကောင်အထည်ဖော်မည်လား၊ မဖော်ဘူးလား ဆိုသည်ကိုမူ ရှောင်မို မသိရှိခဲ့ချေ။

သို့သော် မည်သို့ပင်ဆိုစေကာမူ သူသည် ချင်တိုင်းပြည်ရဲ့ဘုရင်၏ နှလုံးသားထဲတွင် မျိုးစေ့တစ်စေ့ကို ချပေးခဲ့ပြီး ဖြစ်လေ၏။

ကျန်သည်များကိုတော့ နောက်မှသာ ဆက်လက်ဆွေးနွေးရမည် ဖြစ်ပေသည်။

"ဟွန့်... ခမည်းတော် အပုပ်ကြီး... ဒုတိယအစ်ကို အပုပ်ကြီး... ကျွန်မ သူတို့ကို ဂရုမစိုက်တော့ဘူး၊ ဘယ်တော့မှလည်း စကားမပြောတော့ဘူး။"

ရှောင်မို တွေးတောနေစဉ်မှာပင် မိန်းကလေးတစ်ဦး၏ ဒေါသတကြီး အော်ဟစ်သံက လွင့်ပျံလာခဲ့လေ၏။

သိပ်မကြာမီမှာပင် ချင်စီယောင်သည် ဒေါသအမျက်ချောင်းချောင်းထွက်လျက် ရှောင်မို၏ စာကြည့်ခန်းအတွင်းသို့ မုန်တိုင်းတစ်ခုအလား ဝင်ရောက်လာခဲ့ချေပြီ။

"ဒုတိယမင်းသားက ဘာဖြစ်ပြန်ပြီလဲ" ဟု ရှောင်မိုက အပြုံးဖြင့် မေးလိုက်လေသည်။

ချင်စီယောင်က ရှောင်မို၏ဘေးတွင် ဝင်ထိုင်လိုက်ပြီး သူမ၏ ခြေထောက်များကို စုကာ လက်သေးသေးလေးများကို ပေါင်ပေါ်တွင် တင်ထားလိုက်ပြီးနောက် သူမ၏ ပန်းရောင်သန်းနေသော ပါးမို့မို့လေးများကို ဖောင်းကားလိုက်ကာ ဆိုလေ၏ "ခုလေးတင် အစ်ကိုကြီးက ကျွန်မကို စာအုပ်တချို့ လာပေးသွားတယ်၊ အားလုံးက ဇနီးကောင်းတစ်ယောက် ဘယ်လိုဖြစ်အောင် နေရမလဲ၊ ခင်ပွန်းကို ဘယ်လို ပြုစုစောင့်ရှောက်ရမလဲ ဆိုတာတွေချည်းပဲ။ ပြီးတော့ ခမည်းတော်နဲ့ ဒုတိယအစ်ကို့အပေါ် ခွင့်လွှတ်ပေးဖို့နဲ့ စိတ်မဆိုးဖို့တောင် သူက ကိုယ်တိုင်ကိုယ်ကျ ပြောသွားသေးတယ်။

ဒါ ဘာသဘောလဲ။

အစ်ကိုကြီး ပြောချင်တာက ကျွန်မက ဇနီးတစ်ယောက်နဲ့မတူဘဲ ကလေးမလေးလို ဖြစ်နေသေးတယ်၊ ပြီးတော့ သဘောထားသေးသိမ်တယ်လို့ ပြောချင်တာမလား။

ရှင်းနေတာပဲ... ကျွန်မတို့ရဲ့ မင်္ဂလာပွဲရက်ကို လုယူသွားတာ ဒုတိယအစ်ကိုလေ။"

"ဒါက ကိစ္စသေးသေးလေးပါကွာ" ရှောင်မိုက ပြုံးလျက် ဆိုလေသည်။ "ဒုတိယမင်းသားက တမင်သက်သက် လုပ်ခဲ့တာမှ မဟုတ်တာ။ ဘာပဲဖြစ်ဖြစ် ချင်နဲ့ ကျင်း မဟာမိတ်လက်ထပ်ပွဲက သေးငယ်တဲ့ကိစ္စမှ မဟုတ်တာ၊ ဒါကြောင့် သဘာဝကျကျပဲ အမြန်ဆုံး ပြီးပြတ်သွားတာ ပိုကောင်းတာပေါ့။ ဒါ့အပြင် ငါတို့ စောစောလက်ထပ်ရရ နောက်ကျမှ လက်ထပ်ရရ အတူတူပါပဲ။ ဘာလဲ... စီယောင်ကများ ထွက်ပြေးချင်လို့လား။ ငါ့ကို လက်မထပ်ချင်တော့ဘူးလား။"

"ကျွန်မ ထွက်မပြေးပါဘူး။" ချင်စီယောင်က ရှောင်မို၏ အနီးသို့ တိုးကပ်သွားပြီး သူ၏ အင်္ကျီလက်စကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်လေ၏။ "ရှင် ကမ္ဘာမြေရဲ့ အဆုံးစွန်ထိ ပြေးသွားရင်တောင်မှ ရှင့်နောက်ကို ကျွန်မ လိုက်လာမှာ။ ရှင် ဒီမင်းသမီးလေးကို လွှတ်ချထားခဲ့လို့ မရတော့ဘူး။"

"ကောင်းပါပြီကွာ၊ ကောင်းပါပြီ။"

ရှောင်မိုက ပြုံးလိုက်ပြီး သူမ၏ ဆံပင်တစ်မျှင်ကို နားရွက်နောက်သို့ သပ်တင်ပေးလိုက်လေသည်။

ရှောင်မို၏ မျက်နှာကို ကြည့်ရင်း ချင်စီယောင်၏ ပါးပြင်များမှာ အနည်းငယ် နီမြန်းလာပြီး သူမက ရှက်ရွံ့စွာဖြင့် ခေါင်းငုံ့သွားလေ၏။

စာကြည့်ခန်းအတွင်း၌ ရှောင်မိုနှင့် ချင်စီယောင်တို့ နှစ်ဦးတည်းသာ ရှိနေပြီး မည်သည့်အနှောင့်အယှက်မျှ မရှိချေ။ ချစ်မြတ်နိုးရသူ၏ လက်မှ နွေးထွေးမှုတို့နှင့် ပေါင်းစပ်သွားသောအခါ မိန်းကလေး၏ ပါးပြင်ထက်မှ လှပသော နီမြန်းမှုလေးသည် နားရွက်ဖျားလေးများအထိ တဖြည်းဖြည်း ပျံ့နှံ့သွားလေတော့သည်။

ချင်စီယောင်၏ နှလုံးခုန်သံများမှာ တစ်ဟုန်ထိုး မြန်ဆန်လာခဲ့ချေပြီ။ သူမက ခေါင်းမော့လိုက်ပြီး ချစ်မြတ်နိုးရသူ၏ အနီးသို့ တိုးကပ်သွားလိုစိတ်များကို မထိန်းချုပ်နိုင်တော့ချေ။

"စီယောင်... မနေ့က နှင်းထပ်ကျတယ်လေ။ ငါ နေရာတစ်ခုကို သတိရသွားတယ်၊ မင်း အတူတူ သွားကြည့်ချင်လား။"

ချင်စီယောင်၏ စိတ်အာရုံများ အနည်းငယ် ဝေဝါးသွားချိန်မှာပင် ရှောင်မိုက စကားစလိုက်လေ၏။

"ဘာ... ဘယ်နေရာလဲ" ချင်စီယောင်က အသိစိတ်ပြန်ဝင်လာပြီး ရှောင်မို၏ အင်္ကျီလက်စကို တိတ်တဆိတ် လွှတ်ပေးလိုက်လေသည်။

"ဟိုရောက်ရင် မင်း သိသွားလိမ့်မယ်၊ သွားကြစို့။"

ရှောင်မိုက ချင်စီယောင်ကို စာကြည့်ခန်းထဲမှ ဆွဲခေါ်သွားပြီး နှင်းနင်းမြင်းတစ်ကောင်ပေါ်သို့ တက်ကာ မြို့ပြင်ဘက်သို့ ဒုန်းစိုင်းထွက်ခွာသွားလေတော့သည်။

နှင်းနင်းမြင်းက တဖြည်းဖြည်း ရပ်တန့်သွားချိန်တွင် ရှောင်မိုသည် ချင်စီယောင်ကို တောင်တစ်တောင်၏ ခြေရင်းသို့ ခေါ်ဆောင်လာခဲ့ချေပြီ။

"မျက်လုံးမှိတ်ထား" ဟု ရှောင်မိုက ဆိုလေ၏။

"အင်း... ဟုတ်ပြီ။" ချင်စီယောင်က ခေါင်းညိတ်လိုက်ပြီး မျက်လုံးများကို လိမ္မာယဉ်ကျေးစွာ မှိတ်ထားလိုက်ပေသည်။

ရှောင်မိုက မိန်းကလေးကို ပွေ့ချီလိုက်ပြီး တောင်ထိပ်ဆီသို့ ပျံသန်းသွားလေတော့သည်။

သိပ်မကြာမီမှာပင် ရှောင်မိုက ချင်စီယောင်ကို မြေပြင်ပေါ်သို့ ညင်သာစွာ ချပေးလိုက်ရာ မိန်းကလေး၏ ခြေဖဝါးလေးများက ဖြူဖွေးနေသော နှင်းပြင်ပေါ်သို့ နင်းမိသွားပြီး "ကျွတ်ကျွတ်" ဟူသော အသံလေး ထွက်ပေါ်လာလေ၏။

"ကဲ... မင်း မျက်လုံးတွေ ဖွင့်လို့ရပြီ" ဟု ရှောင်မိုက ဆိုလိုက်ပေသည်။

ချင်စီယောင်က မျက်လုံးများကို ဖွင့်လိုက်လေ၏။

သူမ၏ရှေ့မှောက်ရှိ မြင်ကွင်းအားလုံးကို မြင်တွေ့လိုက်ရသောအခါ မိန်းကလေး၏ လှပသော ကြွေရောင် မျက်ဝန်းအိမ်လေးများက ကြည်လင်သော တောက်ပမှုများဖြင့် လင်းလက်သွားလေတော့သည်။

တောင်တန်းများနှင့် တောင်ကြားများတစ်လျှောက်ရှိ ထင်းရူးပင်များ၊ ဝါးပင်များနှင့် ဆိုက်ပရပ်စ်ပင်များ အားလုံးမှာ ကြီးမားလှသော နှင်းပွင့်များကြောင့် မြေပြင်ဆီသို့ အလွန်အမင်း ကိုင်းညွတ်နေကြပြီး တိတ်ဆိတ်စွာ ပျပ်ဝပ်နေကြသယောင် ထင်မှတ်ရပေသည်။

သစ်ကိုင်းများပေါ်တွင် တွဲလွဲခိုနေသော ရေခဲချောင်းလေးများမှာ ကောင်းကင်မှ အလင်းရောင်များ ကျရောက်လာချိန်တွင် ဓားသွားတစ်လက်အလား အေးစက်သော တောက်ပမှုများကို ရောင်ပြန်ဟပ်နေလေ၏။

တောင်အောက်ရှိ မလှမ်းမကမ်းမှ ရေကန်ကြီးမှာ သန့်စင်သော ကျောက်စိမ်းစိမ်းတုံးကြီးတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့ပြီဖြစ်ပြီး ရေခဲပြင်ပေါ်ရှိ အက်ကွဲကြောင်းငယ်လေးများမှာ အေးခဲနေသော ကမ္ဘာမြေကြီး၏ သွေးကြောများအလား ထင်မှတ်ရပေသည်။

ဆည်းဆာအချိန်တွင် တောင်တန်းများ၏ အကြမ်းဖျင်း ပုံပန်းသဏ္ဌာန်များမှာ ပိုမိုနူးညံ့သွားပုံပေါ်ပြီး ရိုးရှင်းသော ပိုးသားပေါ်တွင် အလွန်ဖျော့တော့သော မင်ရည်ဖြင့် ရေးဆွဲထားသည့်အလား ဖြစ်နေလေ၏။

နှင်းများဖုံးလွှမ်းနေသော တောင်ရိုးတောင်တန်းများက ကွေ့ကောက်ယိမ်းနွဲ့နေပြီး မိုးကုတ်စက်ဝိုင်းရှိ သံမဏိမီးခိုးရောင် တိမ်တိုက်အောက်ခြေနှင့် ချိတ်ဆက်နေရာ တောင်တန်းနှင့် ကောင်းကင်ကို ခွဲခြားသိမြင်ရန်ပင် ခက်ခဲလှပေသည်။

ဖျော့တော့ပြီး အေးစက်သော ဆည်းဆာမြူခိုးများက တောင်ကြားချိုင့်ဝှမ်းများအတွင်းသို့ မြင့်တက်လာနေပြီဖြစ်ပြီး အေးခဲနေသော ရေကန်ကြီးနှင့် စုပြုံနေသော တောအုပ်ကြီးများဆီမှ ဖြည်းညင်းစွာ လွင့်ပျံလာကာ ဤပုံဆောင်ခဲကဲ့သို့ ကြည်လင်လှသော လောကကြီးကို သူမ၏ ဝေဝါးသော အိပ်မက်တစ်ခုအတွင်းသို့ လွှမ်းခြုံထားလိုက်သည့်အလား ထင်မှတ်ရလေတော့သည်။

"အဲဒီညက မင်းက ငါ့ကို ရေကန်ဘေးကို ခေါ်သွားပြီး ရေကန်ရဲ့ ရှုခင်းကို ပြခဲ့တယ်လေ။ ငါက မင်းကို ဘယ်လို ပြန်ဆပ်ရမလဲဆိုတာ တွေးနေခဲ့တာ။

ပြီးခဲ့တဲ့အကြိမ် ငါ မြောက်ပိုင်းကို ထွက်သွားတုန်းက အဲဒီရေကန်ဘေးကို မတော်တဆ ဖြတ်သွားရင်းနဲ့ လျှောက်သွားရင်း ဒီတောင်ထိပ်ကို ရောက်လာခဲ့တာ။ ဒီနေရာက ဆောင်းရာသီရောက်ရင် သေချာပေါက် လှပနေမှာပဲလို့ ငါ တွေးမိခဲ့တယ်။

ဘယ်လိုလဲ။ လှရဲ့လား။"

ရှောင်မိုက မိန်းကလေး၏ဘေးတွင် ရပ်လျက် တိုးတိတ်စွာ မေးလိုက်လေ၏။

"အင်း၊ လှတယ်။" ချင်စီယောင်၏ မျက်လုံးလေးများက မိုးထိအောင် မြင့်မားနေသော တောင်တန်းကြီးများကို ကြည့်ရှုရင်း ပျော်ရွှင်မှုများဖြင့် တောက်ပနေလေသည်။

အချိန်အတော်ကြာပြီးနောက် ချင်စီယောင်၏ မျက်လုံးလေးများက လှုပ်ရှားသွားပြီး အဝေးရှိ ရှုခင်းများထံမှ အကြည့်များကို ရုပ်သိမ်းလိုက်ကာ ရှောင်မိုဘက်သို့ လှည့်၍ ပြောဆိုလိုက်လေသည် "ရှောင်မို... အဲဒီမှာ ခဏလောက် ထိုင်နေဦး။"

"ဘာဖြစ်လို့လဲ" ဟု ရှောင်မိုက မေးလိုက်ပေသည်။

"ဒီအတိုင်း အဲဒီမှာသာ ထိုင်နေလိုက်။"

ချင်စီယောင်က ရှောင်မို၏ လက်ကို ဆွဲ၍ နောက်သို့ လျှောက်သွားကာ တောင်ထိပ်ရှိ ကျောက်တုံးတစ်တုံးပေါ်တွင် အတင်းအကျပ် ထိုင်ခိုင်းလိုက်လေ၏။

ရှောင်မို ထိုင်ချလိုက်ပြီးနောက် ချင်စီယောင်က ရှေ့သို့ တစ်ဖန်ပြန်လည် ပြေးထွက်သွားပြီး ချောက်ကမ်းပါးစွန်းသို့ လျှောက်သွားကာ နှင်းပြင်ထဲမှ သစ်ကိုင်းတစ်ကိုင်းကို ကောက်ယူလိုက်ပြီး လည်ချောင်းဟန့်ကာ သူမ၏ သစ်ကိုင်းခြောက်ဓား ဖြင့် ရှောင်မိုကို အရိုအသေပြုလိုက်လေသည် "ဒီလောက်လှပတဲ့ ရှုခင်းမျိုးမှာ အက တစ်ပုဒ်လောက်မပါရင် ဘယ်လိုလုပ် ဖြစ်မလဲ။ ဒီနှိမ့်ချတဲ့ မိန်းကလေးက ခပ်ရိုင်းရိုင်းပဲ ကပြဖျော်ဖြေပါရစေ။"

စကားအဆုံးတွင် ချင်စီယောင်က သစ်ကိုင်းကို ဓားတစ်လက်အဖြစ် အသုံးပြုကာ ဖြူဖွေးနေသော နှင်းပြင်ပေါ်တွင် ကျက်သရေရှိစွာ ကပြဖျော်ဖြေလေတော့သည်။

သူမ၏ ပန်းရောင်နှင့် အဖြူရောင် ရောစပ်နေသော နန်းတွင်းဝတ်စုံလေး လွင့်ဝဲသွားတိုင်း အကြည်ရောင် နှင်းပွင့်လေးများကိုပါ တစ်ပါတည်း သယ်ဆောင်သွားလေ့ရှိပေသည်။

ဖြူဖွေးသော နှင်းပွင့်လေးများက ပန်းပွင့်ဖတ်လေးများအလား မိန်းကလေး၏ ဓားထိပ်ဖျားမှနေ၍ လွင့်ပျံလာပြီးနောက် ပြန်လည်၍ ဖြည်းညင်းစွာ ကျဆင်းသွားကြလေ၏။

အထက်သို့ မော့ကြည့်လိုက်ပါက အပြာရောင်ကောင်းကင်ယံထက်တွင် အဖြူရောင်တိမ်တိုက် အစုအဝေးများ ယှက်နွယ်နေသည်ကို မြင်တွေ့ရမည်ဖြစ်ပြီး၊

အောက်သို့ ငုံ့ကြည့်လိုက်ပါက ငွေရောင်လွှမ်းခြုံထားသော ခမ်းနားထည်ဝါလှသည့် တောင်တန်းကြီးများကို မြင်တွေ့ရမည် ဖြစ်လေသည်။

ရှေ့သို့ တည့်တည့်ကြည့်လိုက်ပါက ကျက်သရေရှိပြီး ဆွဲဆောင်မှုအပြည့်ရှိသော မိန်းကလေးတစ်ဦးက ဓားအက ကပြဖျော်ဖြေနေသည်ကို မြင်တွေ့ရမည်ဖြစ်ပြီး သူမ၏ လှုပ်ရှားမှုတိုင်းက ကျက်သရေရှိမှုနှင့် နူးညံ့သိမ်မွေ့မှုများကို ထုတ်လွှတ်နေပေသည်။

"ဘယ်လိုလဲ။ လှရဲ့လား။"

မိန်းကလေး၏ ဂါဝန်အစွန်းလေးက နောက်ဆုံးအကြိမ်အဖြစ် အောက်သို့ ကျဆင်းသွားချိန်တွင် နှင်းပြင်ထဲရှိ မိန်းကလေးက ညင်သာစွာ ပြုံးလိုက်ရာ "ဆောင်းရာသီက လှရဲ့လား" ဟု နှင်းနတ်သမီးလေးတစ်ပါးက မေးမြန်းနေသည့်အလား ထင်မှတ်ရလေတော့သည်။

"လှတယ်။" ရှောင်မိုက အသိစိတ်ပြန်ဝင်လာပြီး ခေါင်းညိတ်လိုက်လေ၏။

ချစ်မြတ်နိုးရသူ၏ ချီးကျူးစကားကို ကြားလိုက်ရသောအခါ မိန်းကလေးက ပျော်ရွှင်စွာဖြင့် ရှေ့သို့ လျှောက်လှမ်းလာခဲ့ပေသည်။

သို့သော် သိပ်မကြာမီမှာပင် တစ်စုံတစ်ခုကို သတိရသွားသည့်အလား မိန်းကလေးက အနည်းငယ် စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းငုံ့သွားကာ သူ၏ အင်္ကျီလက်စကို ဆုပ်ကိုင်လျက် ဆိုလေ၏။

"ရှောင်မို... တကယ်တော့ ကျွန်မ သိပါတယ်။

ကျွန်မက စောင်းတီးတာ၊ စစ်တုရင်ကစားတာ၊ စာရေးတာနဲ့ ပန်းချီဆွဲတာလောက်ပဲ ကျွမ်းကျင်တယ်ဆိုတာ ကျွန်မ သိပါတယ်။

အခြားကိစ္စတော်တော်များများကို ကျွန်မ သေချာ မလုပ်နိုင်ဘူးလေ။

အရင်တုန်းက အန်တီကျိုးဆီမှာ ဟင်းချက်တာကို အကြာကြီး သင်ယူခဲ့ပေမယ့်လည်း အရသာက အရမ်းဆိုးနေတုန်းပဲ။

ရှင့်အတွက် ဖိနပ်တစ်ရံ ချုပ်ပေးချင်ခဲ့ပေမယ့် ကျွန်မ ဘယ်လိုပဲချုပ်ချုပ် အရုပ်ဆိုးနေတုန်းပဲ။

ပြီးတော့ ဇနီးတစ်ယောက်အနေနဲ့ ကျွန်မက သဘောထားမကြီးနိုင်ခဲ့ဘူးလေ၊ ဘာလို့လဲဆိုတော့ ကျွန်မတို့ရဲ့ မင်္ဂလာပွဲ ရွှေ့ဆိုင်းသွားတဲ့ကိစ္စနဲ့ပတ်သက်ပြီး ကျွန်မ ရက်အတော်ကြာအောင် ဒေါသထွက်နေခဲ့လို့ပါပဲ။

ဒါပေမဲ့"

မိန်းကလေးက ခေါင်းမော့လိုက်ပြီး ရှောင်မို၏ မျက်လုံးများကို စိုက်ကြည့်လိုက်လေ၏။

"ဒါပေမဲ့ ရှောင်မို... ကျွန်မ သေချာပေါက် သေချာသင်ယူပါ့မယ်။

ကျွန်မ ဟင်းချက်တာကိုလည်း သင်ယူပါ့မယ်။

ရှင့်အတွက် ဖိနပ်တွေ၊ အဝတ်အစားတွေကိုလည်း ချုပ်ပေးပါ့မယ်။

ကျွန်မ ပိုပြီး သဘောထားကြီးဖို့၊ ဒေါသတွေကို ထိန်းချုပ်ဖို့နဲ့ အခြေအနေတွေကို နားလည်ပေးနိုင်တဲ့ ဆီးနှင်းမင်းသားကတော် ဖြစ်လာဖို့လည်း ကြိုးစားပါ့မယ်။

ရှောင်မို ရှင်က...

ကျွန်မကို အထင်သေးမှာလား။"

"ငါက အထင်သေးချင်ရင်တောင်မှ အလကားပါပဲ။ အရှင်မင်းမြတ်က လက်ထပ်မိန့် ချီးမြှင့်ထားပြီးသားလေ" ဟု ရှောင်မိုက နောက်ပြောင်လိုက်လေသည်။

"ရှင်..." ချင်စီယောင်က နှုတ်ခမ်းဆူလိုက်ရာ သူမ၏ မျက်လုံးထောင့်များတွင် မျက်ရည်များ ရစ်သိုင်းလာပြီး အချိန်မရွေး ကျဆင်းလာတော့မည့်အလား ဖြစ်နေပေသည်။

"အရူးမလေး၊ ငါက နောက်နေတာပါ။" ရှောင်မိုက ပြုံးလိုက်ပြီး သူ၏ လက်ချောင်းလေးဖြင့် ချင်စီယောင်၏ မျက်လုံးထောင့်မှ မျက်ရည်များကို သုတ်ဖယ်ပေးလိုက်လေ၏။ "ငါက မင်းကို ဘယ်လိုလုပ်ပြီး အထင်သေးရက်မှာလဲ။"

"တကယ်လား။" ချင်စီယောင်က ရှောင်မိုကို ကြည့်ရင်း မျက်လုံးလေး ပုတ်ခတ်ပုတ်ခတ် လုပ်လိုက်ပေသည်။

"သေချာတာပေါ့ တကယ်ပါပဲ" ဟု ရှောင်မိုက ပြန်ဖြေလိုက်လေသည်။ "ပြီးတော့ မင်းက အသုံးမကျဘူးလို့ ဘယ်သူပြောလဲ။ စီယောင်ရဲ့ ဓားအကကလည်း အရမ်းလှတာပဲလေ။"

"ဒါပေမဲ့ ဓားအက ကြည့်ရတာ တစ်ချိန်ချိန်ကျရင် ငြီးငွေ့လာနိုင်တယ်လေ။"

"ငါကတော့ ငြီးငွေ့မှာ မဟုတ်ဘူး။"

"ဒါပေမဲ့ ရှင်သာ တကယ် ငြီးငွေ့သွားခဲ့ရင်ကော။"

"ဒါဆိုရင် စီယောင်က ငါတို့ ဘာလုပ်သင့်တယ်လို့ ထင်လဲ။"

"အင်း..."

ချင်စီယောင်က တစ်ခဏမျှ လေးနက်စွာ စဉ်းစားလိုက်ပြီးနောက် သူမ၏ မျက်လုံးလေးများက တောက်ပသွားလေသည်။

"ကျွန်မ သိပြီ။

အကယ်၍ ရှင်သာ ကျွန်မ ဓားအက ကပြတာကို ကြည့်ရတာ ငြီးငွေ့သွားပြီဆိုရင် ရှင် ကျွန်မကို တစ်သက်လုံး ချစ်နေရမယ်၊ ပြီးတော့ ဘယ်တော့မှ ငြီးငွေ့သွားလို့ မရဘူး။"

All Chapters