အခန်း (၁၄၉-၁၅၀)
Vol. 15 Ch. 149-150
ပြိုင်ဘက်ကင်း အင်ပါယာ။
စာစဉ် ၁၅ ၊ အတွဲ ၁ ၊ အပိုင်း ၁၄၉
ဘာသာပြန် - Author Ko Yoohtoo
True Immortal Team
နန်ရှင်း တစ်စုံတစ်ရာမှ ပြုလုပ်နိုင်ခြင်း မရှိသေးခင်မှာပင် သူ၏ စိတ်ဝိညာဉ်အား မမြင်ရသော အားတစ်ခုမှ ဆွဲထုတ်လိုက်သကဲ့သို့ ခံစားလိုက်ရပြီး အစီအရင်အလယ်ရှိ စင်မြင့်ဆီသို့ အတင်းအဓမ္မ ဆွဲခေါ်သွားခြင်း ခံလိုက်ရ၏။
တစ်ချိန်တည်းမှာပင် စင်မြင့်ပေါ်ရှိ ကျန်းကျွင်းချန်က သဘောပေါက်သွားပြီး ရယ်မောလိုက်သည်။
"ဟားဟား..." သူက ရယ်မောလျက် ပြောလိုက်သည်။ "မိတ်ဆွေလေး... မင်းရဲ့ နည်းလမ်းက တကယ်ကို ပါးနပ်တာပဲ..."
ကျန်းကျွင်းချန် ပြောဆိုပြီးသည်နှင့် တပြိုင်နက် စင်မြင့်ပေါ်ရှိ ဂြိုဟ်သားခန္ဓာကိုယ်ထဲမှ လူသားပုံသဏ္ဍာန် စိတ်ဝိညာဉ်အရိပ်တစ်ခု ထွက်ပေါ်လာသည်ကို လင်းချန်၏ ဘေးနားရှိ ယီစင်းမှ ရှင်းလင်းပြတ်သားစွာ မြင်တွေ့လိုက်ရသည်။
ထိုနည်းတူစွာပင် နန်ရှင်း၏ လူသားခန္ဓာကိုယ်ထဲမှလည်း ဦးချိုနှစ်ချောင်းပါသော ဂြိုဟ်သားစိတ်ဝိညာဉ်အရိပ် ထွက်ပေါ်လာ၏။
မျက်နှာကြက် အစီအရင်မှ ကျဆင်းလာသော အလင်းတန်းအောက်၌ မမြင်ရသည့် ဆွဲငင်အားတစ်ခုက သူတို့နှစ်ဦး၏ စိတ်ဝိညာဉ်များအား ဖိနှိပ်ကာ နေရာချင်း လဲလှယ်ပေးလိုက်ခြင်းပင်။
ခရမ်းရောင် ဦးချိုနှစ်ချောင်းပါ ဂြိုဟ်သားစိတ်ဝိညာဉ်သည် စင်မြင့်ပေါ်ရှိ သူ၏ မူလခန္ဓာကိုယ်ထဲသို့ တန်းတန်းမတ်မတ် ဝင်ရောက်သွား၏။
ကျန်းကျွင်းချန်၏ စိတ်ဝိညာဉ်သည်လည်း သူ့မူလ လူသားခန္ဓာကိုယ်ထဲသို့ ပြန်လည်ရောက်ရှိသွားပြီးနောက် လေထဲမှနေ၍ မြေကြီးပေါ်သို့ ပြုတ်ကျသွားတော့သည်။
စင်မြင့်ပေါ်ရှိ ဦးချိုနှစ်ချောင်းပါ ဂြိုဟ်သားခန္ဓာကိုယ်သည် ဖြည်းညင်းစွာဖြင့် ခေါင်းထောင်လာ၏။ ကျန်းကျွင်းချန် ရှိစဉ်က မဲနက်နေခဲ့သော မျက်လုံးများမှာ ယခုအခါ၌ ခရမ်းရင့်ရောင်သို့ ပြောင်းလဲသွားပြီ ဖြစ်သည်။
တစ်ဖက်၌မူ မြေကြီးပေါ်သို့ ပြုတ်ကျသွားသော ကျန်းကျွင်းချန်သည် ဖြည်းညင်းစွာ ထရပ်လိုက်သည်။ ပင်ပန်းနွမ်းနယ်နေပုံ ပေါက်နေသော်ငြား သူ၏ မျက်လုံးများမှာကား တက်ကြွလန်းဆန်းနေလျက် ရှိ၏။
"ဟူး..." ကျန်းကျွင်းချန်က သူ၏ လက်နှစ်ဖက်အား ငုံ့ကြည့်ကာ လက်သီးဆုပ်ပြီး မျက်လုံးများ မှိတ်ထားလိုက်ရင်း ပြောလိုက်သည်။ "နောက်ဆုံးတော့လည်း ကိုယ့်ခန္ဓာကိုယ်က အကောင်းဆုံးပဲ..."
"ဒုန်း... ဒုန်း..."
ရုတ်တရက် စည်တီးသံကဲ့သို့ ကျယ်လောင်လှသော နှလုံးခုန်သံများ ထွက်ပေါ်လာသဖြင့် လင်းချန်နှင့် ယီစင်းတို့မှာ အလျင်အမြန် လှည့်ကြည့်လိုက်ကြသည်။
နှလုံးခုန်သံ ကျယ်လောင်လာသည်နှင့်အမျှ ကျန်းကျွင်းချန်၏ ဖြူဆွတ်နေခဲ့သော အသားအရည်များမှာ ကျန်းမာသော အသားအရောင်သို့ ပြန်လည်ပြောင်းလဲလာတော့၏။
"အို..." ယီစင်းက အံ့ဩတကြီးဖြင့် ရေရွတ်လိုက်သည်။ "မိုက်လိုက်တာ..."
ဘေးနားရှိ လင်းချန်သည်လည်း ခေါင်းညိတ်လိုက်ပြီး စိတ်ထဲမှပင် ချီးကျူးလိုက်မိသည်။ ရှေးဟောင်းဂိုဏ်းချုပ်ကြီး ဆိုသည့်အတိုင်းပင်။
သူ၏ ခန္ဓာကိုယ်ထဲသို့ ပြန်လည်ရောက်ရှိသွားသည်နှင့် တပြိုင်နက် နှလုံးအား လှုံ့ဆော်ကာ တစ်ကိုယ်လုံးကို ပြန်လည် အသက်သွင်းလိုက်နိုင်သည် မဟုတ်ပါလော။
ထိုစည်တီးသံကဲ့သို့သော နှလုံးခုန်သံအား နားထောင်ရုံမျှဖြင့်ပင် ကျန်းကျွင်းချန် မည်မျှအထိ စွမ်းအားကြီးမားကြောင်း ခန့်မှန်းနိုင်သည်။
ယခုအခါ၌ နန်ရှင်းသည် သူ၏ မူလခန္ဓာကိုယ်ထဲသို့ ပြန်လည်ရောက်ရှိနေပြီ ဖြစ်သော်ငြား နှလုံးသားတည်ရှိရာ နေရာ၌မူ အစီအရင်မှ ဖြစ်ပေါ်လာသော သလင်းကျောက်သံကြိုးဖြင့် ထိုးဖောက်ချိတ်ဆက်ခံထားရသဖြင့် မလှုပ်ရှားနိုင်တော့ချေ။
ထိုသို့တိုင်အောင် သူ၏ ခန္ဓာကိုယ်ပေါ်၌ ခရမ်းရောင် စိတ်ဝိညာဉ်စွမ်းအင်များ လှုပ်ရှားနေကာ စွမ်းအားများ ပြန်လည်ပြည့်လာနေပြီ ဖြစ်သည်။
"ဟမ့်..." နန်ရှင်းက နှာခေါင်းရှုံ့ကာ လှောင်ပြောင်လိုက်သည်။ "မင်းရဲ့ အကြံက ခန္ဓာကိုယ်ချင်း ပြန်လဲပြီး ကျန်းကျွင်းချန် အစွမ်းပြန်ပြည့်လာတဲ့အခါကျရင် ငါ့ကို သတ်ခိုင်းမလို့မလား... ဒါပေမဲ့ ငါက သူ့ထက် ပြန်ကောင်းတာ ပိုမြန်တယ်လေ... ပြီးတော့ ငါ့ရဲ့ အထွတ်အထိပ် အချိန်တုန်းကဆိုရင် သူက ငါ့ပြိုင်ဘက်တောင် မဟုတ်ခဲ့ဘူး..."
"ဟားဟား..." အစီအရင်အလင်းတန်းအတွင်းရှိ လင်းချန်၏ ဘေးနားသို့ ကျန်းကျွင်းချန် ရောက်ရှိလာပြီး ပြောလိုက်၏။ "ကံဆိုးတာက ဒီလူငယ်လေးရဲ့ အစီအစဉ်မှာ ငါဝင်ပါဖို့ မလိုဘူးကွ..."
ယခုအချိန်တွင် ကျန်းကျွင်းချန်သည် သာမန်လူတစ်ဦးကဲ့သို့ ကျန်းမာသန်စွမ်းနေပြီ ဖြစ်သော်ငြား သူ၏ အရှိန်အဝါမှာမူ အနည်းငယ် လျော့နည်းနေသေးသည်။
"အစက မင်းရဲ့ ကျင့်ကြံခြင်းအဆင့်က ငါ့ထက် မြင့်နေလို့ ငါက မတတ်သာတဲ့အဆုံး ဒီနည်းလမ်းကို သုံးပြီး မင်းကို ချိတ်ပိတ်ထားခဲ့ရတာ... ဒါပေမဲ့ ဒီလူငယ်လေး ခေါ်လာတဲ့ ပုဂ္ဂိုလ်တွေက အစီအရင်ပညာရပ်မှာ နှိုင်းယှဉ်လို့မရနိုင်အောင် ကျွမ်းကျင်ကြတယ်လေ... သူတို့က မင်းကို အရှင်လတ်လတ် သန့်စင်ပစ်ကြလိမ့်မယ်..."
ကျန်းကျွင်းချန် ပြောဆိုပြီးသည်နှင့် တပြိုင်နက် အလင်းတန်းအစွန်း၌ ရပ်နေကြသော ပညာရှင်များမှာ စုရုံးလာကြပြီး သူတို့ ကိုင်ဆောင်ထားသော သတ္တုပြားများအား တစ်ခုတည်းအဖြစ် ပေါင်းစပ်ကာ လင်းချန်ထံသို့ ပေးအပ်လိုက်ကြ၏။
ခေါင်းဆောင် ပညာရှင်က ကြေးနီပြားအား ကိုင်ဆောင်လျက် လင်းချန်၏ အနားသို့ လျှောက်လာကာ ရိုသေစွာ လျှောက်တင်လိုက်သည်။ "အရှင်မင်းမြတ်... အစီအရင်ကို စတင်လို့ ရပါပြီ..."
ထိုကြေးနီပြားပေါ်၌ မျက်နှာကြက်ရှိ အစီအရင်ပုံစံနှင့် ထပ်တူညီသော ပုံစံတစ်ခု ပေါ်လာခဲ့ပြီး တောက်ပလှသော အလင်းရောင်များ ထွက်ပေါ်နေကြသည်။
"ဘာ..." စင်မြင့်ပေါ်မှ နန်ရှင်းက မယုံကြည်နိုင်စွာဖြင့် အော်ဟစ်လိုက်သည်။ "အရှင်လတ်လတ် သန့်စင်မယ် ဟုတ်လား... မဖြစ်နိုင်တာတွေ ပြောမနေပါနဲ့... ဒီအစီအရင်က ကာကွယ်ရေး အစီအရင် သက်သက်ပဲလေ... တိုက်ခိုက်ဖို့အတွက် မဟုတ်ဘူး... ဘယ်လိုလုပ် ငါ့ကို သန့်စင်ပစ်နိုင်မှာလဲ..."
ထိုအခါ လင်းချန်က နန်ရှင်းအား ကြည့်ကာ ပြုံးလိုက်ပြီးနောက် ပြောလိုက်၏။ "အင်း... စိတ်မကောင်းပါဘူး... ငါ့လူတွေက ဒီအစီအရင်ကို တိုက်ခိုက်ရေး အစီအရင်အဖြစ် မတော်တဆ ပြောင်းလဲလိုက်မိတယ်လေ... ဒါကြောင့် မင်း ကံတရားကိုသာ ပုံချလိုက်တော့..."
ပြောဆိုပြီးသည်နှင့် လင်းချန်က တွေဝေခြင်း အလျဉ်းမရှိဘဲ ကြေးနီပြားအား ရိုက်ချလိုက်ကာ သူ၏ ဧကရာဇ် စိတ်ဝိညာဉ်စွမ်းအင်များအား ထည့်သွင်းလိုက်တော့သည်။
"ဝုန်း... ဝုန်း... ဝုန်း..."
လင်းချန်မှ အစီအရင်အား စတင်လိုက်သည်နှင့် တပြိုင်နက် ဒုတိယအလွှာ တစ်ခုလုံးမှာ နားကွဲမတတ် ကျယ်လောင်လှသော အသံများနှင့်အတူ တုန်ခါသွား၏။
အစီအရင် လှိုင်းဂယက်များမှာ အစီအရင် လမ်းကြောင်းများအတိုင်း စီးဆင်းသွားပြီး သလင်းကျောက်သံကြိုးများမှ တစ်ဆင့် နန်ရှင်း၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားတော့သည်။
ထို့နောက် အပြာရောင် မီးတောက်များမှာ နန်ရှင်း၏ နှလုံးသားမှ ထွက်ပေါ်လာကာ ခန္ဓာကိုယ်တစ်ခုလုံးသို့ ပျံ့နှံ့သွားပြီး လောင်ကျွမ်းစေတော့၏။
"အားးးးးး"
နန်ရှင်း၏ စူးစူးဝါးဝါး အော်ဟစ်သံကြီး ထွက်ပေါ်လာသော်ငြား လင်းချန်ကမူ သနားစိတ် အနည်းငယ်မျှပင် ဖြစ်ပေါ်မလာခဲ့ချေ။
အဘယ်ကြောင့်ဆိုသော် တစ်ဖက်လူမှာ လူသားမျိုးနွယ် မဟုတ်ရုံသာမက ရက်စက်ကြမ်းကြုတ်လှသော နည်းလမ်းများဖြင့် လူသားများအား ဖုတ်ကောင်များအဖြစ် ပြောင်းလဲပစ်ခဲ့သူ ဖြစ်သောကြောင့်ပင်။
ထို့အတွက်ကြောင့် လင်းချန်၏ အမြင်၌ အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခြင်းမှာပင် သက်ညှာလွန်းရာ ရောက်နေသေးသည်ဟု ထင်မိ၏။
"ဟူး..." လင်းချန်က သက်ပြင်းချကာ ဘေးနားရှိ ပညာရှင်တစ်ဦးအား အမိန့်ပေးလိုက်သည်။ "သူ့အသံကို ပိတ်လိုက်... ဆူလွန်းတယ်..."
ထိုပညာရှင်က ကြေးနီပြားအား အနည်းငယ် ချိန်ညှိလိုက်ရာ စင်မြင့်ပေါ်မှ အသံများ ရုတ်ချည်း တိတ်ဆိတ်သွားတော့သည်။
ထိုကိစ္စများ ပြီးစီးသွားသောအခါ လင်းချန်က ပညာရှင်များအား ဟွာရှာအင်ပါယာသို့ ပြန်လွှတ်လိုက်၏။
ပညာရှင်များ ထွက်ခွာသွားပြီးနောက်၌ ကျန်းကျွင်းချန်က လင်းချန်အား လက်သီးဆုပ်ကာ ကျေးဇူးတင်စကား ပြောကြားလိုက်သည်။ "ငါ့အသက်ကို ကယ်တင်ပေးရုံသာမက တန်ယွမ်ဂိုဏ်းအတွက် လက်စားချေပေးခဲ့တဲ့ မိတ်ဆွေလေးကို တကယ်ကို ကျေးဇူးတင်ပါတယ်..."
"အာ..." လင်းချန်က နားမလည်ဟန်ဖြင့် မေးလိုက်၏။ "စီနီယာကျန်း... ဘာကို ဆိုလိုတာလဲ..."
ထိုအခါမှ ကျန်းကျွင်းချန်က အကြောင်းရင်းအား သေချာစွာ ရှင်းပြလိုက်မှသာ လင်းချန် တစ်ယောက် နားလည်သွားတော့သည်။
အကြောင်းမူကား နန်ရှင်းအား ချိတ်ပိတ်ထားရခြင်းက ကျန်းကျွင်းချန်၏ စွမ်းအင်များအား များစွာ ကုန်ခမ်းစေခဲ့သည် မဟုတ်လော။ အကယ်၍ လင်းချန်သာ ရောက်ရှိမလာခဲ့ပါက နောက်ထပ် နှစ်တစ်ထောင်ခန့် အကြာတွင် သူ၏ စိတ်ဝိညာဉ်မှာ ပျက်စီးသွားလောက်ပြီ ဖြစ်သည်။
ထို့အပြင် နန်ရှင်းသည် တန်ယွမ်ဂိုဏ်း ပျက်စီးလုနီးပါး ဖြစ်ရသည့် အဓိက တရားခံပင် ဖြစ်ချေသည်။ ယခုအခါ၌ လင်းချန်မှ သူ့အား အဆုံးသတ်ပေးလိုက်ခြင်းမှာ တန်ယွမ်ဂိုဏ်းအတွက် လက်စားချေပေးလိုက်ခြင်းပင် ဖြစ်၏။
"ကျေးဇူးဆပ်တဲ့အနေနဲ့ တန်ယွမ်ဂိုဏ်းရဲ့ ရတနာသိုက်တစ်ခုလုံးကို မိတ်ဆွေလေး ပိုင်ဆိုင်ခွင့်ရှိပါတယ်..." ကျန်းကျွင်းချန်က အနည်းငယ် တွန့်ဆုတ်သွားကာ ဆက်ပြောလိုက်သည်။ "ဒါပေမဲ့... ငါ့မှာ ရိုင်းပျတဲ့ တောင်းဆိုမှုလေး တစ်ခုတော့ ရှိပါတယ်..."
"ဟုတ်..." လင်းချန်က ခေါင်းညိတ်ပြလိုက်ပြီး ပြောလိုက်သည်။ "ပြောပါ စီနီယာ..."
"ရတနာသိုက်ထဲက ဆေးလုံးတွေနဲ့ ပတ်သက်ပြီးတော့ပါ..." ကျန်းကျွင်းချန်က အားနာဟန်ဖြင့် ပြောသည်။ "ပထမတန်းအဆင့် အထက်တန်းစားနဲ့ အဲ့ဒီအထက် ဆေးလုံးတွေကို ငါ့ရဲ့ ဆုံးရှုံးသွားတဲ့ စွမ်းအင်တွေ ပြန်ဖြည့်ဖို့အတွက် ယူလို့ရမလား..."
"ဟားဟား..." လင်းချန်က ရယ်မောလိုက်ပြီး ခေါင်းတငြိမ့်ငြိမ့်ဖြင့် ပြန်လည်ဖြေကြားလိုက်သည်။ "ဒါတွေက တန်ယွမ်ဂိုဏ်းပိုင် ပစ္စည်းတွေပဲလေ... ဘာလို့ မရရမှာလဲ... ဒါပေမဲ့ အမျိုးအစားတစ်ခုစီထဲက တစ်လုံးစီတော့ ကျွန်တော် လိုချင်ပါတယ်..."
"ရတာပေါ့..." ကျန်းကျွင်းချန်က ဝမ်းသာအားရဖြင့် ခေါင်းညိတ်ကာ ပြောလိုက်သည်။ "ကိစ္စမရှိပါဘူး..."
လင်းချန်၏ ပညာရှင်များမှ အစီအရင်အား ပြုပြင်ပြောင်းလဲလိုက်ပြီ ဖြစ်သည့်အတွက် ရတနာသိုက်၏ အစီအရင်များမှာ အလိုအလျောက် ပွင့်သွားခဲ့လေပြီ။
ကျန်းကျွင်းချန်သည် လိုအပ်သော ဆေးလုံးများအား ရယူပြီးနောက်၌ လင်းချန်က လက်တစ်ချက် ဝှေ့ယမ်းလိုက်ရုံမျှဖြင့် ကြီးမားလှသော ခန်းမဆောင်ကြီးများမှာ လေထဲတွင် ပျောက်ကွယ်သွားအောင် လုပ်ဆောင်လိုက်သည်ကို မြင်တွေ့လိုက်ရသောအခါ အလွန်အမင်း အံ့ဩသွားရတော့၏။
"အို..." သူက အံ့ဩတကြီးဖြင့် ရေရွတ်လိုက်သည်။ "မိတ်ဆွေလေး... မင်းရဲ့ သိုလှောင်နယ်မြေက တော်တော်ကို ကျယ်တာပဲနော်..."
ကျန်းကျွင်းချန် အံ့ဩနေသည်အား မြင်တွေ့လိုက်ရသောအခါ လင်းချန်က ပခုံးတွန့်ပြလိုက်သည်။ ဟွာရှာအင်ပါယာ တည်ရှိရာ ကမ္ဘာဂြိုဟ်ကြီးက ဤခန်းမဆောင်လောက်ကိုပင် မဆံ့ဘူးဆိုလျှင် ရယ်စရာ ဟာသတစ်ပုဒ် ဖြစ်နေပေလိမ့်မည်။
"အင်း..." ကျန်းကျွင်းချန်က လင်းချန်အား ပြုံးကာ ကြည့်ရင်း ပြောလိုက်သည်။ "မိတ်ဆွေလေးလို သားတစ်ယောက် ရှိတာ မိဘတွေတော့ တော်တော်လေးကို ဂုဏ်ယူနေကြမှာပဲ..."
"ဟူး..." လင်းချန်က မျက်မှောင်ကြုတ်ကာ သက်ပြင်းချလိုက်ရင်း ပြန်ပြော၏။ "ဟုတ်ပါတယ်... ဒါပေမဲ့ ကံဆိုးတာက သူတို့တွေ ကျွန်တော့်ရဲ့ အခြေအနေကို မသိကြသေးဘူးလေ... ပြီးတော့ ကျွန်တော် ကိုယ်တိုင်လည်း ဘေးကင်းပါ့မလားဆိုတာ မသေချာသေးဘူး..."
ခဏတာ တိတ်ဆိတ်သွားပြီးနောက် သူက ဆက်ပြောလိုက်သည်။ "သူတို့က ကျွန်တော့်ကို ကျင့်ကြံလို့မရတဲ့ ကံဆိုးတဲ့ ကလေးတစ်ယောက်လို့ပဲ ထင်နေကြပြီး စိတ်ပူနေကြမှာ..."
ပြိုင်ဘက်ကင်း အင်ပါယာ။
စာစဉ် ၁၅ ၊ အတွဲ ၁ ၊ အပိုင်း ၁၄၉ ပြီး။
ဘာသာပြန် - Author Ko Yoohtoo
True Immortal Team
ပြိုင်ဘက်ကင်း အင်ပါယာ။
စာစဉ် ၁၅ ၊ အတွဲ ၁ ၊ အပိုင်း ၁၅ဝ
ဘာသာပြန် - Author Ko Yoohtoo
True Immortal Team
ရတနာသိုက်တစ်ခုလုံးကို လင်းချန် သိမ်းယူလိုက်သည့်အပေါ် ရှင်းရှင်း၏ မျက်နှာထက်၌ မကျေနပ်သည့် အရိပ်အယောင် အနည်းငယ်မျှပင် မတွေ့ရချေ။
အဘယ်ကြောင့်ဆိုသော် သူမအနေဖြင့် အစမှအဆုံးတိုင်အောင် လက်ဖျားနှင့်ပင် မတို့လိုက်ရသလို တစ်စုံတစ်ရာလည်း ကူညီပေးနိုင်ခဲ့ခြင်း မရှိသောကြောင့်ပင်။
"ရှင်းရှင်း..." လင်းချန်က ရှင်းရှင်းအနားသို့ လျှောက်သွားလိုက်ပြီး ပြောသည်။ "မိန်း တစ်ခုခု လိုချင်တာရှိရင် ပြောနော်..."
"အွန်း... ဒါပေါ့..." ရှင်းရှင်းက ခေါင်းညိတ်လိုက်ပြီး ပြန်ပြောလိုက်သည်။ "အခု ကိုက သူဌေးကြီး ဖြစ်နေပြီပဲ..."
ရှင်းရှင်း၏ စကားကြောင့် လင်းချန် အားရပါးရ ရယ်မောလိုက်သော်ငြား တစ်ချိန်တည်းမှာပင် ခေါင်းခါပြလိုက်၏။
အမှန်တကယ်၌မူ တန်ယွမ်ဂိုဏ်း၏ ရတနာသိုက်ဆိုသည်မှာ လင်းချန်အတွက် ဘာမျှမဟုတ်လှချေ။ ဟွာရှာအင်ပါယာ၏ ကြီးမားလှသော ကြွယ်ဝချမ်းသာမှုမှာ တန်ယွမ်ဂိုဏ်းတစ်ခုတည်းနှင့် ယှဉ်ပြိုင်နိုင်သည့်အရာမျိုး မဟုတ်ချေ။
ထိုသို့တိုင်အောင် တန်ယွမ်ဂိုဏ်းရှိ ဆေးလုံးများ၊ မူလလက်နက်များ၊ စိတ်ဝိညာဉ်ပစ္စည်းများနှင့် ကျမ်းစာအုပ်များမှာမူ ဟွာရှာအင်ပါယာ၏ သုတေသနလုပ်ငန်းများအတွက် မရှိမဖြစ်သော အခန်းကဏ္ဍမှ ပါဝင်နေသည်။
"စီနီယာကျန်း..." လင်းချန်က နောက်သို့လှည့်ကာ ကျန်းကျွင်းချန်အား မေးလိုက်၏။ "ဘာဆက်လုပ်ဖို့ အစီအစဉ်ရှိလဲ..."
ကျန်းကျွင်းချန်က ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် ပြန်လည်ဖြေကြားလိုက်သည်။ "ဒီမှာပဲနေပြီး အားအင် ပြန်ဖြည့်လိုက်ဦးမယ်... အတော်အတန် ပြန်ကောင်းလာပြီဆိုမှ ဒီလောကထဲမှာ တန်ယွမ်ဂိုဏ်းရဲ့ မျိုးဆက်တွေ ကျန်နေသေးလားဆိုတာ သွားရှာကြည့်ရမယ်..."
လင်းချန်က တိတ်ဆိတ်စွာဖြင့် ခေါင်းညိတ်လိုက်ပြီး အစီအရင်၏ အလယ်ဗဟိုအား လက်ညှိုးထိုးပြလိုက်ကာ ပြောလိုက်၏။ "စီနီယာကျန်း... နန်ရှင်းကို သန့်စင်ပြီးသွားရင် ကျန်ခဲ့မယ့် အမြုတေအနှစ်သာရတွေကို အသုံးပြုပြီး စီနီယာ့ရဲ့ စွမ်းအားတွေကို ပြန်လည်ဖြည့်တင်းနိုင်ပါတယ်..."
ထိုအခါ ကျန်းကျွင်းချန်၏ မျက်လုံးများမှာ အရောင်တောက်ပသွားတော့၏။ အဘယ်ကြောင့်ဆိုသော် နန်ရှင်းသည် အခြားမျိုးနွယ်စုမှ စွမ်းအားကြီးမားလှသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်ရုံသာမက တစ်ချိန်က သူ့ထက်ပင် စွမ်းအားကြီးမားခဲ့သူ ဖြစ်သောကြောင့်ပင်။
အကယ်၍ နန်ရှင်း၏ အသားနှင့်သွေးမှ ရရှိလာသော အနှစ်သာရများအား စုပ်ယူသန့်စင်နိုင်မည်ဆိုပါက သူလျင်မြန်စွာ ပြန်ကောင်းလာပေလိမ့်မည်။ ထို့အပြင် အထွတ်အထိပ် အချိန်တုန်းက ထက်ပင် ပို၍ သန်မာလာနိုင်သေးသည်။
"ကျေးဇူးကြီးလှပါတယ် မိတ်ဆွေလေး..."
ကျန်းကျွင်းချန်က လင်းချန်အား စိတ်ရင်းဖြင့် ဦးညွှတ်လိုက်ပြီး အစီအရင် အလယ်ဗဟိုသို့ ပြန်သွားကာ တင်ပျဉ်ခွေထိုင်ပြီး သူ၏ စွမ်းအားများအား ပြန်လည်ဖြည့်တင်းရန် ကျင့်ကြံလိုက်တော့သည်။
"အခု မိန်းတို့ ဘာဆက်လုပ်ကြမလဲ..." ရှင်းရှင်းက သက်ပြင်းချလိုက်ပြီး လင်းချန်၏ အဝတ်အစားများအား သပ်ရပ်သွားအောင် ပြင်ပေးရင်း ပြောလိုက်သည်။ "ဒီမှာ အချိန်တွေအကြာကြီး ကုန်သွားပြီဆိုတော့ ကျန်တဲ့ စမ်းသပ်မှုတွေကို ဝင်ပြိုင်ဖို့ နောက်ကျသွားလောက်ပြီ...
"အစက လေ့ကျင့်ဖို့ လာတာ... နောက်ဆုံးတော့ ကို့ရဲ့ စွမ်းဆောင်ရည်တွေကိုပဲ ထိုင်ကြည့်နေလိုက်ရတယ်..."
"ဟီးဟီး... မိန်းရဲ့ အနာဂတ် ခင်ပွန်းလောင်းက ဘယ်သူလဲဆိုတာ ကြည့်လိုက်ဦးလေ..." လင်းချန်က ရယ်မောလိုက်ပြီး ရှင်းရှင်းအား ပွေ့ချီကာ တစ်ပတ်လှည့်လိုက်သဖြင့် သူမလေးမှာ လန့်ဖျပ်သွားရသည်။
ထိုသို့ စနောက်ပြီးနောက် လင်းချန်က ရှင်းရှင်းအား အောက်သို့ ပြန်ချပေးလိုက်ပြီး ဘေးဘီဝဲယာသို့ ကြည့်ကာ ပြောလိုက်၏။
"နောက်ပိုင်း စမ်းသပ်မှုတွေကို သွားမနေနဲ့တော့... ပြီးတော့ စမ်းသပ်မှုရလဒ် ကောင်းရင်တောင် ရမယ့်ဆုလာဘ်တွေက ကိုယ်တို့ အခုရထားတာလောက် ကောင်းမှာမို့လို့လား..."
ထို့နောက် လင်းချန်က သူ၏နဖူးကို ပြန်ရိုက်လိုက်ပြီး ရယ်မောလိုက်သည်။
"အာ... ကိုယ် မေ့နေတာ... ကြည့်ရတာ ရှေးဟောင်းအမွေအနှစ်နယ်မြေက နောက်နောင် ပြန်ဖွင့်တော့မယ် မထင်ဘူး..."
"ဟင်... ဘာဖြစ်လို့လဲ..." လင်းချန်၏ စကားကြောင့် ရှင်းရှင်း အံဩသွားရသည်။
လင်းချန်က လက်နှစ်ဖက်ကို ဖြန့်ကားပြလိုက်ပြီး ရှင်းရှင်းကို ပတ်ဝန်းကျင်အား ကြည့်ရှုရန် အချက်ပြလိုက်သည်။
ရှင်းရှင်းက ဘေးဘီဝဲယာသို့ ကြောင်တောင်တောင်ဖြင့် လိုက်လံကြည့်ရှုလိုက်၏။ ရတနာသိုက် ခန်းမဆောင်ကြီးများကို လင်းချန် သိမ်းယူသွားခဲ့ပြီဖြစ်သဖြင့် ဘာမှ မကျန်လေတော့ဘဲ ပြောင်ရှင်းလင်းနေသော မြေပြင်ကြီးကိုသာ တွေ့မြင်လိုက်ရတော့သည်။
ထို့နောက် ရှင်းရှင်းမှာ တစ်စုံတစ်ရာကို စဉ်းစားမိသွားဟန်ဖြင့် ပါးစပ်ကိုအုပ်ကာ တစ်ခစ်ခစ် ရယ်မောလိုက်မိ၏။
"ဟီးဟီး... ဟုတ်သားပဲ... ချန်လေးက အကုန် သိမ်းလိုက်တော့ သူတို့တွေ စမ်းသပ်မှုအောင်မြင်ရင်တောင် ဘာမှ ရတော့မှာ မဟုတ်ဘူးလေ..."
ပုံမှန်အားဖြင့် ကမ်းရိုးတန်းပြည်နယ်မှ လူများသည် ရှေးဟောင်းအမွေအနှစ်နယ်မြေ၏ စမ်းသပ်မှုများကို အောင်မြင်ပြီးမြောက်ပါက သူတို့၏ စွမ်းဆောင်ရည်အလိုက် ဆေးလုံးများ၊ မူလလက်နက်များ၊ စိတ်ဝိညာဉ်ပစ္စည်းများနှင့် ကျမ်းစာအုပ်များကို ဆုလာဘ်အဖြစ် ရရှိကြကြောင်း သိရှိထားကြသည်။
သို့သော်ငြား ထိုဆုလာဘ်များ မည်သည့်နေရာမှ ရောက်ရှိလာသည်ကိုမူ မည်သူကမှ တိကျစွာ သိရှိထားခြင်း မရှိကြချေ။
ယခု မြေအောက်ဒုတိယအလွှာသို့ ရောက်ရှိလာခဲ့မှသာ စမ်းသပ်မှုအောင်မြင်သူများအတွက် ဆုလာဘ်များမှာ ဤရတနာသိုက်ထဲမှ ဖြစ်ကြောင်းကို ရှင်းရှင်း သဘောပေါက်သွားတော့သည်။
ယခုအခါ၌ ရတနာသိုက်တစ်ခုလုံးကို ကျန်းကျွင်းချန်က လင်းချန်ထံ ပေးအပ်လိုက်ပြီဖြစ်ရာ နောင်လာမည့် ရှေးဟောင်းအမွေအနှစ်နယ်မြေ စမ်းသပ်မှုများအတွက် မည်သို့လုပ် ဆုလာဘ်များ ထပ်မံပေးအပ်နိုင်တော့မည်နည်း။
ထို့အပြင် ကျန်းကျွင်းချန်သည်လည်း စမ်းသပ်မှုများကို ဆက်လက် ထိန်းချုပ်တော့မည် မဟုတ်ချေ။ လင်းချန်နှင့် ရှင်းရှင်းတို့ ထွက်ခွာသွားပြီးသည်နှင့် တပြိုင်နက် ကျန်းကျွင်းချန်သည် ဤကမ္ဘာငယ်လေးကို လုံးဝအပြီးတိုင် ပိတ်သိမ်းလိုက်တော့မည်သာ ဖြစ်ချေသည်။
"ဟားဟား..." လင်းချန်က ပြောင်ရှင်းနေသော မြေပြင်ကြီးကို ကြည့်ကာ ရယ်မောလျက် ပြောလိုက်သည်။ "အပြင်ရောက်ရင်တော့ လေချန်တို့ကို ပစ္စည်းကောင်းလေးတွေ ပေးလိုက်မယ်လေ... ကျန်တဲ့လူတွေကတော့ ကံဆိုးတာပဲလို့ မှတ်ရမှာပေါ့..."
"အို..." ရှင်းရှင်းက တစ်စုံတစ်ရာကို ရုတ်တရက် သတိရသွားဟန်ဖြင့် လင်းချန်ကို မေးလိုက်သည်။ "ဒါနဲ့ ချန်လေး... ဦးလေးနဲ့ အဒေါ်တို့ကို အကြောင်းကို မကြားရသေးဘူးလား..."
ရှင်းရှင်း၏ စိုးရိမ်နေသော ပုံစံကို မြင်လိုက်ရသောအခါ လင်းချန်က သဘောကျစွာဖြင့် ခေါင်းခါယမ်းလိုက်သည်။
"လွန်ခဲ့တဲ့ ရက်ပိုင်းတုန်းက ဘယ်သူမှန်းမသိရတဲ့ တစ်ယောက်ယောက်က ဂမ္ဘီရပညာရပ်တစ်ခု သုံးပြီး ကိုယ့်ကို လာစုံစမ်းဖို့ ကြိုးစားခဲ့တယ်... ဒါပေမဲ့ ကိုယ် ပြန်ရိုက်ပေးလိမ့်တယ်..."
"ဒါပေမဲ့..." သူက မျက်မှောင်ကြုတ်လျက် ဆက်ပြောသည်။ "တစ်ဖက်လူက တုံ့ပြန်တာ မြန်တယ်လေ... ဒါပေမဲ့ အဆက်အသွယ် မပြတ်သွားခင်မှာ ပုံရိပ်တစ်ခုကို မြင်လိုက်ရတယ်..."
"ကိုယ့် အဖေက ရေအကျဉ်းထောင်တစ်ခုထဲမှာ အချုပ်ခံထားရပြီး ဒဏ်ရာတွေနဲ့လေ... ဘာဖြစ်ခဲ့လဲဆိုတာကိုလည်း သေချာမသိရသေးဘူး... ပြီးတော့ ကိုယ့်မိဘတွေရဲ့ နောက်ကြောင်းကလည်း ရိုးရှင်းမယ် မထင်ဘူး..."
ထိုသို့ပြောဆိုရင်း ဘာရှန်းမြို့အပြင်ဘက်ရှိ အပျက်အစီးများအကြောင်းနှင့် သူ၏ဖခင်ဖြစ်သူက တောင်နံရံကို လှံဖြင့် ထိုးဖောက်ခဲ့သည့် အကြောင်းအရာများကို ရှင်းရှင်းအား သေချာစွာ ပြောပြလိုက်သည်။
ရှင်းရှင်းက လင်းချန်ကို ညင်သာစွာ နှစ်သိမ့်ပေးလိုက်၏။ "တကယ်လို့ ဦးလေးနဲ့ အဒေါ်က အဲ့ဒီလောက် ထူးခြားတဲ့ ပုဂ္ဂိုလ်တွေဆိုရင် အခု ချန်လေး ဘယ်လောက်တောင် စွမ်းအားကြီးလာပြီလဲဆိုတာကို တွေ့ရင် သေချာပေါက် ဂုဏ်ယူကြမှာပါ..."
"ဟုတ်တယ်..." လင်းချန်က ပြတ်သားသော မျက်နှာထားဖြင့် ပြောသည်။ "ဒါကြောင့်မို့လို့ ကိုယ် အမြန်ဆုံး ပိုသန်မာလာအောင် ကျင့်ကြံပြီး သူတို့ကို သွားရှာရမယ်... ကိုယ့်မိဘတွေကို ဒီလိုလုပ်ရဲတဲ့ကောင် ဘယ်သူလဲဆိုတာ သိရရင် အဲ့ဒီကောင်တွေကိုကို အပိုင်းပိုင်းအစစ ဆွဲဖြဲပစ်မယ်..."
ရှင်းရှင်းသည်လည်း လင်းချန်၏လက်ကို တင်းကြပ်စွာ ဆုပ်ကိုင်လိုက်ပြီး ပြတ်သားစွာ ပြောလိုက်သည်။ "အွန်း... ကျွန်မလည်း ကြိုးကြိုးစားစား ကျင့်ကြံပြီးတော့ ဦးလေးနဲ့ အဒေါ်ကို ကယ်တင်ဖို့ ချန်လေးနဲ့အတူ လိုက်ခဲ့မယ်လေ..."
"ဟူး..." လင်းချန်က ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုကာ အကြံပြုလိုက်သည်။ "ဒီအကြောင်း ခဏထားလိုက်... ဒီမှာ သဘာဝစွမ်းအင်တွေ အတော်များတယ် ဆိုတော့ ဒီမှာပဲ ခဏလောက် နေကြတာပေါ့..."
အစီအရင်ကို ပြုပြင်ပြောင်းလဲပြီးနောက် ဤနေရာသည် သဘာဝစွမ်းအင်များ အလွန်တရာ ကြွယ်ဝနေပြီဖြစ်သဖြင့် ကျင့်ကြံအားထုတ်ရန် အလွန်ပင် သင့်တော်လှသည်။
"ဟင်..."
"ဒီမှာနေပြီး ကျင့်ကြံကြမလို့လား..."
ထိုအခါ လင်းချန်က ပြုံးကာ လက်ကာပြလျက် ပြန်ဖြေလိုက်သည်။ "ဟားဟား... အတိအကျကြီးတော့လည်း မဟုတ်ပါဘူး... ဇနီးသည် ပျိုးထောင်ရေး စီမံကိန်း ကို စတင်တော့မလို့လေ..."
"အာ..." လင်းချန်၏ စကားကြောင့် ရှင်းရှင်းမှာ မျက်နှာတစ်ခုလုံး နီရဲသွားကာ ရှက်သွေးဖြာလျက် ခေါင်းငုံ့လိုက်ရင်း ပြောလိုက်သည်။ "ရှင်နော် ဘာတွေ ပြောနေတာမှန်းလည်း မသိဘူး..."
ထိုအခါ လင်းချန်က တိုးတိုးလေး ရယ်မောလိုက်ပြီး သူ၏ရှေ့သို့ လက်တစ်ချက် ဝှေ့ယမ်းလိုက်ရာ ဟွာရှာအင်ပါယာမှ ခြံဝင်းငယ်လေးတစ်ခုက သူတို့ရှေ့မှောက်၌ ရုတ်ချည်း ပေါ်ထွက်လာတော့၏။
"အို..." ခြံဝင်းလေး ရုတ်တရက် ပေါ်ထွက်လာသည်ကို မြင်လိုက်ရသောအခါ ရှင်းရှင်းမှာ အလွန်အမင်း အံ့ဩသွားကာ ရေရွတ်လိုက်သည်။ "ဒါက..."
ခြံဝင်းလေးသည် ယီမိသားစုအိမ်တော်အတွင်း၌ လင်းချန် နေထိုင်ခဲ့ဖူးသော ခြံဝင်းလေးနှင့် တစ်ပုံစံတည်း ထပ်တူညီလျက် ရှိနေသည်။
လင်းချန်၏ မိဘများ ထွက်ခွာသွားခဲ့ပြီးနောက် သူတစ်ယောက်တည်း ကျန်ရစ်ခဲ့ရစဉ်က အထီးကျန်နေခဲ့သော သူ့ကို အဖော်ပြုပေးရန်အတွက် ရှင်းရှင်းမှာ ထိုနေရာသို့ မကြာခဏ လာရောက်လည်ပတ်လေ့ ရှိခဲ့သည်။ သူတို့နှစ်ဦး၏ သံယောဇဉ်သည်လည်း ထိုအချိန်ကာလများမှစတင် ပေါက်ဖွားလာခဲ့ခြင်း ဖြစ်သည်။
ထို့ကြောင့် ရှင်းရှင်း မတုံ့ပြန်နိုင်သေးခင်မှာပင် လင်းချန်က ရှေ့သို့တိုးလာပြီး သူမ၏ ခါးကို သိုင်းဖက်ပွေ့ချီလိုက်ပြီး ခြံဝင်းလေးဆီသို့ လျှောက်သွားလိုက်သည်။
"အာ..." ရှင်းရှင်းမှာ ရှက်လွန်းလှသဖြင့် မျက်နှာနီရဲနေကာ လင်းချန်၏ ရင်ဘတ်ကို လက်သီးဖြင့် ဖွဖွလေးထုလျက် အော်ပြောလိုက်သည်။ "ရှင် ဘာလုပ်တာလဲ... ကျွန်မကို ပြန်ချပေး..."
"ဟားဟား..." လင်းချန်က ရှင်းရှင်းကို ပွေ့ချီထားလျက် ရယ်မောကာ ခြံဝင်းလေးဆီသို့ ဆက်လျှောက်သွားရင်း ပြောလိုက်သည်။ "ဇနီးသည် ပြုစုရေး စီမံကိန်းက သေချာပေါက် လုပ်ရမှာပဲလေ... မိန်း... မငြင်းနဲ့တော့..."
နောက်ဆုံး၌မူ ရှင်းရှင်းသည် ဘာမျှမတတ်နိုင်တော့ဘဲ လင်းချန်၏ လည်ပင်းကို လက်နှစ်ဖက်ဖြင့် သိုင်းဖက်လိုက်ကာ သူ့ကို ဆက်မကြည့်ရဲတော့ဘဲ ခေါင်းငုံ့ထားလိုက်ရတော့သည်။
**--**--**--**--**--**--**--**
ခြံဝင်းငယ်လေးအတွင်းရှိ အခန်းထဲ၌ လင်းချန်နှင့် ရှင်းရှင်းတို့မှာ စားပွဲတစ်ခုတွင် မျက်နှာချင်းဆိုင် ထိုင်နေကြသည်။
ရှင်းရှင်းက လင်းချန်ကို ကြည့်ကာ မေးလိုက်၏။ "ချန်လေး... ဘာဖြစ်လို့ ဒီလောက်တောင် စဥ်းစားနေရတာလဲ..."
ရှင်းရှင်း၏ ရှေ့မှောက်၌ ထိုင်နေသော လင်းချန်၏ မျက်နှာအမူအရာမှာ အလွန်တရာ လေးနက်နေပြီး အရေးကြီးလှသော ဆုံးဖြတ်ချက်တစ်ခု ချမှတ်နေပုံရသည်။
ခဏတာ တိတ်ဆိတ်သွားပြီးနောက် လင်းချန်က သက်ပြင်းချကာ မေးလိုက်သည်။ "ကိုယ့်အကြောင်းတွေကို မိန်း မသိချင်ဘူးလား..."
ထိုအခါ ရှင်းရှင်းက သူမ၏ ပါးလေးနှစ်ဖက်ကို လက်ဖြင့်ထောက်ကာ လင်းချန်ကို ကြည့်လျက် ခေါင်းညိတ်ပြလိုက်ပြီး ပြန်ဖြေသည်။ "အွန်း... သိချင်တာပေါ့..."
"ဒါဆို ဘာလို့ မမေးတာလဲ..."
"ဟီးဟီး..." ရှင်းရှင်းက ပြုံးကာ ပြန်ပြောလိုက်သည်။ "ချန်လေး ပြောချင်ရင် မေးစရာမလိုဘဲ ပြောမာပေါ့"
ရှင်းရှင်း၏ နူးညံ့လှသော အပြုံးလေးကို ကြည့်ကာ လင်းချန်မှာ ပြုံးလိုက်မိပြီး ပြောလိုက်သည်။ "မိန်းက အရင်အတိုင်းပဲ..."
ရှင်းရှင်းက ပြုံးလျက် လင်းချန်ကို တိတ်ဆိတ်စွာပင် ကြည့်နေလိုက်သည်။ လင်းချန် တစ်ခုခု ပြောတော့မည်ကို သူမ ကောင်းစွာ သိရှိနေပြီဖြစ်သည်။
"အင်း..." လင်းချန်က သက်ပြင်းချကာ ရှင်းပြလိုက်သည်။ "အကြောင်းအရာတွေ များတော့ နည်းနည်း ရှုပ်ထွေးလွန်းတယ်လေ... ဒါပေမဲ့ ကိုယ် ပြောနိုင်တာကတော့ အခု ကိုယ်က အရမ်းကို အစွမ်းထက်တဲ့ အင်ပါယာတစ်ခုရဲ့ ဧကရာဇ်တစ်ပါး ဖြစ်နေပြီဆိုတာပဲ... အဲ့ဒီအင်ပါယာနဲ့လည်း အဆက်အသွယ် လုပ်လို့ရသလို အချိန်မရွေး ပြန်သွားလို့လည်း ရတယ်..."
ပြိုင်ဘက်ကင်း အင်ပါယာ။
စာစဉ် ၁၅ ၊ အတွဲ ၁ ၊ အပိုင်း ၁၅ဝ ပြီး။
ဘာသာပြန် - Author Ko Yoohtoo
True Immortal Team
မသိတဲ့သူတွေ ရှိနေမာ ဆိုးလို့ဗျ။ ရေအကျဥ်းထောင်ဆိုတာက ရိုးရိုးအကျဥ်းထောင်ကိုမှ ခါးလောက်အထိ ရေဖြည့်ထားတာတာကို ပြောတာပါ။ ရေက ဘယ်ထိလဲ ပုံသေတော့ မရှိပါဘူး။ ရင်ဘတ် ၊ တစ်ကိုယ်လုံးအမြုပ် အမျိုးမျိုးရှိကြတတ်ပါတယ်။- Yue