အခန်း (၁၄၁-၁၄၂)
Vol. 15 Ch. 141-142
ပြိုင်ဘက်ကင်း အင်ပါယာ။
စာစဉ် ၁၅ ၊ အတွဲ ၁ ၊ အပိုင်း ၁၄၁
ဘာသာပြန် - Author Ko Yoohtoo
True Immortal Team
"အာ..."
စင်မြင့်ပေါ်ရှိ ဦးချိုနှစ်ချောင်းပါ ဂြိုဟ်သားဖုတ်ကောင်ကြီးထံမှ ရုတ်တရက် စကားသံထွက်ပေါ်လာသဖြင့် ယီစင်းတစ်ယောက် လန့်ဖျပ်သွားရပြီး နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ရာ မျက်လုံးမှိတ်ထားဆဲဖြစ်သော လင်းချန်၏ အနီးသို့ ရောက်ရှိသွားတော့၏။
ထို ဖုတ်ကောင်ကြီး စကားပြောလာခြင်းက နန်ရှင်းကိုပါ အလွန်တရာ အံ့အားသင့်သွားစေသည်။
သူသည်လည်း ဖုတ်ကောင်တပ်မတော်ကြားထဲသို့ အလျင်အမြန် နောက်ဆုတ်သွားပြီးမှသာ အနည်းငယ် စိတ်အေးသွားဟန်ပေါ်၏။
"ဟမ်..." ဖုတ်ကောင်တပ်မတော်၏ အလယ်ဗဟိုသို့ ရောက်ရှိသွားပြီးနောက် နန်ရှင်းက ဂြိုဟ်သားအလောင်းကောင်ကြီးအား သံသယအပြည့်ဖြင့် လှမ်းကြည့်လိုက်ပြီး မေးလိုက်၏။ "ဒီလောက် နှစ်တွေအကြာကြီး နေမှ... မင်း နိုးလာတာ ဒါပထမဆုံးအကြိမ်ပဲ..."
"ဟက်..." ဂြိုဟ်သားဖုတ်ကောင်က ခနဲ့တဲ့တဲ့ဟန်ဖြင့် ပြန်ပြောလာ၏။ "မင်းရဲ့ စိတ်ဝိညာဉ်က အကြီးအကျယ် ထိခိုက်ထားလို့ ငါ့ဘက်က အစီအရင်ကို အပြည့်အဝ အားဖြည့်ပေးစရာ မလိုတော့လို့သာ ငါက အာရုံပြောင်းနိုင်ခဲ့တာလေ။ မဟုတ်ရင် ငါက ဘယ်လိုလုပ်ပြီး နိုးလာနိုင်မှာလဲ..."
ထိုသို့ပြောဆိုပြီးနောက် ဂြိုဟ်သားဖုတ်ကောင်မှာ တဖြည်းဖြည်းချင်း မျက်လုံးများ ဖွင့်လာနေပြီဖြစ်သော လင်းချန်ဘက်သို့ လှည့်ကြည့်လိုက်သည်။
"အင်း..." ထို့နောက် သူက ဆက်လက်၍ မှတ်ချက်ချလိုက်၏။ "ကြည့်ရတာ ငါတို့ လူသားမျိုးနွယ်ထဲက ဒီလူငယ်လေးက တော်တော်လေးကို အစွမ်းထက်တဲ့ပုံပဲ။ မင်းကိုတောင်မှ ဒီလို အခြေအနေမျိုး ရောက်သွားအောင် လုပ်နိုင်တယ်ဆိုတော့ကာ..."
ထိုအခါ နန်ရှင်း၏ မျက်လုံးအိမ်အတွင်းရှိ ခရမ်းရောင်မီးတောက်များမှာ ပြင်းထန်စွာ တုန်ခါသွားပြီး လင်းချန်အား အငြိုးအတေး ကြီးမားလှစွာဖြင့် စူးစိုက်ကြည့်လိုက်ရင်း ပြောလာ၏။ "ဒီကောင်လေးက... သိပ်ကို ထူးဆန်းလွန်းတယ်..."
ထိုစဉ် ယခုမှ နိုးထလာသည့် လင်းချန်သည်လည်း ဂြိုဟ်သားဖုတ်ကောင်၏ စကားသံများကို ကြားလိုက်ရသဖြင့် လွန်စွာမှပင် အံ့အားသင့်သွားရတော့သည်။
စင်မြင့်ပေါ်က ဖုတ်ကောင်ကြီးက မသေသေးဘဲ ပြန်လည် နိုးထလာခဲ့သည်လော။ ထို့အပြင် သူ၏ အပြောအဆို လေသံများအရ လူသားမျိုးနွယ် တစ်ဦး ဖြစ်နေသည်လော။
နန်ရှင်း၏ လက်ရှိ စိတ်ဝိညာဉ်ပုံစံနှင့် ဆက်စပ်၍ တွေးတောကြည့်လိုက်သောအခါ လင်းချန်မှာ တစ်စုံတစ်ခုအား ရုတ်တရက် ရိပ်မိသဘောပေါက်သွား၏။
"ချန်လေး..." ထိုအချိန်၌ ယီစင်းသည် လင်းချန်အနားသို့ အလျင်အမြန် ပြေးလာခဲ့ပြီး သူ၏ မျက်နှာအား ကိုင်တွယ်ကာ စိုးရိမ်တကြီးဖြင့် မေးမြန်းလိုက်၏။ "နင်... နင် ဘယ်လိုနေသေးလဲ... အဆင်ပြေရဲ့လား..."
"ဟားဟား..." လင်းချန်က ပြုံးရွှင်စွာဖြင့် ပြန်လည် ဖြေကြားလိုက်၏။ "ကိုယ် အဆင်ပြေတာပေါ့"
ယီစင်းတစ်ယောက် အလွန်အမင်း စိုးရိမ်ပူပန်နေသည်ကို မြင်တွေ့လိုက်ရသောအခါ လင်းချန်က သူမအား ပြုံးပြ၍ နှစ်သိမ့်ပေးလိုက်ပြီးနောက် သူ၏ ခန္ဓာကိုယ်ပေါ်မှ ရွှေရောင်အလင်းတန်းများအားလုံးကို မျက်ခုံးနှစ်ခုကြားသို့ တဖြည်းဖြည်းချင်း ပြန်လည် သိမ်းဆည်းလိုက်တော့သည်။
အကြောင်းမူကား အစောက နန်ရှင်း၏ စိတ်ဝိညာဉ် ထွက်ပြေးသွားခဲ့သည်ကို မြင်တွေ့လိုက်ရသောအခါ လင်းချန်က ယီစင်းအား ဒုက္ခပေးလာမည်ကို စိုးရိမ်သဖြင့် သူ၏ စိတ်ဝိညာဉ်စွမ်းအင်အချို့ကို ထုတ်လွှတ်ကာ ယီစင်းအား ကြိုတင် ကာကွယ်ပေးထားခဲ့ခြင်းပင်။
နန်ရှင်း၏ စိတ်ဝိညာဉ်သည် လင်းချန်၏ လက်ချက်ကြောင့် အကြီးအကျယ် ဒဏ်ရာရရှိထားခဲ့သည် မှန်သော်ငြား ယီစင်းမှာမူ လင်းချန်နှင့် မတူညီပေ။ သူမ၌ နိုင်ငံတော်ကံကြမ္မာ၏ အကာအကွယ်ပေး စောင့်ရှောက်မှုမျိုး လုံးဝ ရှိမနေချေ။
"ဟူး..." လင်းချန် အမှန်တကယ်ပင် အဆင်ပြေနေကြောင်း သေချာသွားမှသာ ယီစင်းမှာ ရင်ဘတ်ကို ဖိကာ သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်ရင်း ပြောလာ၏။ "နင် ဘာမှမဖြစ်လို့ တော်ပါသေးတယ်..."
"ဟီးဟီး..." လင်းချန်က လျှို့ဝှက်ဆန်းကြယ်သော အပြုံးတစ်ခုအား ပြုံးလိုက်ပြီးနောက် ဆိုလိုက်၏။ "မိန်း အတွက် လက်ဆောင်တစ်ခုရှိတယ်..."
ထိုသို့ပြောဆိုရင်း လင်းချန်က သူ၏ လက်ညှိုးကို မျက်ခုံးနှစ်ခုကြားသို့ တိုက်ရိုက်ပင် ထောက်လိုက်သည်။ ထို့နောက် လက်ညှိုးအား ပြန်လည် ဆွဲထုတ်လိုက်သောအခါ မျက်ခုံးနှစ်ခုကြားမှ ဖြူဖွေးသန့်စင်နေသည့် အလုံးငယ်လေးတစ်လုံး ပါလာ၏။
"ဟမ်..." နန်ရှင်းမှာ ထို အလုံးငယ်လေးအား ကြည့်လိုက်မိပြီး နေရာ၌ပင် ကြောင်အမ်းအမ်း ဖြစ်သွားရကာ ရေရွတ်လိုက်၏။ "သန့်စင်ထားပြီးသား စစ်မှန်တဲ့ စိတ်ဝိညာဉ်အမြုတေလား..."
"အားးး" ထို့နောက် ချက်ချင်းဆိုသလိုပင် အခြေအနေကို သဘောပေါက်သွားလေရာ ဒေါသတကြီးဖြင့် အော်ဟစ်လိုက်တော့သည်။ "မင်း... မင်းက ငါ့ရဲ့ စိတ်ဝိညာဉ်အမြုတေကို သန့်စင်လိုက်တာလား..."
နန်ရှင်း ဒေါသကြောင့် ခုန်ဆွခုန်ဆွ ဖြစ်သွားရတော့သည်။
စိတ်ဝိညာဉ်အမြုတေဆိုသည်မှာ သက်ရှိတစ်ယောက်၏ စိတ်ဝိညာဉ်အတွက် အခြေခံအကျဆုံးသော အမြစ်တွယ်ရာ နေရာပင်။
အကယ်၍ စိတ်ဝိညာဉ်စွမ်းအင်များ ကုန်ခမ်းသွားခဲ့လျှင် အိပ်စက်အနားယူလိုက်ရုံဖြင့် ပြန်လည် ပြည့်ဝလာနိုင်သည်။ သို့သော်လည်း စိတ်ဝိညာဉ်အမြုတေသာ ထိခိုက်သွားခဲ့မည်ဆိုလျှင် ကုစားရန် လုံးဝ မလွယ်ကူတော့ချေ။ ပထမတန်းအဆင့် ဆေးလုံးမျိုး မရှိဘဲနှင့် ကုသနိုင်ရန်မှာ လုံးဝကို မဖြစ်နိုင်သလောက်ပင်။
ထို့အပြင် နန်ရှင်း၏ လက်ရှိ အခြေအနေမျိုးဖြင့် ပထမတန်း အဆင့် ဆေးလုံးကို မည်သည့်နေရာ၌ သွားရောက် ရှာဖွေနိုင်မည်နည်း။ တန်ယွမ်ဂိုဏ်း၏ ရတနာသိုက်မှာ အစီအရင်ဖြင့် ချိတ်ပိတ်ထားခြင်း ခံရပြီး သူကိုယ်တိုင်သည်လည်း ထိုအစီအရင်အား ဖျက်ဆီးနိုင်စွမ်း ရှိမနေချေ။
ထို့အပြင် ယခု သူ အသုံးပြုနေသော ခန္ဓာကိုယ်မှာ သူ၏ ခန္ဓာကိုယ်အစစ် မဟုတ်သောကြောင့် ဆေးလုံး ရှိနေခဲ့လျှင်တောင်မှ သောက်သုံး၍ ရနိုင်မည် မဟုတ်ပေ။
ထို့အတွက်ကြောင့်ပင် သူ၏ စိတ်ဝိညာဉ်အမြုတေအား လင်းချန်က သန့်စင်လိုက်ပြီး သူ၏ချစ်သူကောင်မလေးအား ပေးအပ်လိုက်သည်ကို မျက်မြင်ကိုယ်တွေ့ မြင်တွေ့လိုက်ရသောအခါ နန်ရှင်းတစ်ယောက် ရင်နာလွန်းလှသဖြင့် သေချင်စိတ်ပင် ပေါက်သွားရတော့သည်။
"ဟားဟားဟား..." စင်မြင့်ပေါ်ရှိ ဂြိုဟ်သားခန္ဓာကိုယ် အတွင်းမှ လူသားက အားရပါးရ ရယ်မောလိုက်ပြီးနောက် လှောင်ပြောင်ပြောဆိုလာ၏။ "နန်ရှင်း... နန်ရှင်း... ကြက်ခိုးမလို့ ကြံကာမှ ဆန်တစ်ပြည်ပါ ရှုံးသွားတယ်ဆိုတာက ဒါမျိုးကို ပြောတာပဲ... တကယ့်ကို ကျေနပ်စရာ ကောင်းလိုက်တာကွာ..."
"ဟမ်..." ယီစင်းကမူ စင်မြင့်ပေါ်မှ သက်ရှိနှင့် ဖုတ်ကောင် တပ်မတော်ကြားထဲ၌ ရှိနေသော နန်ရှင်းကို တစ်လှည့်စီ စိုက်ကြည့်လိုက်ပြီး နားထင်ကို ဖိကာ နားမလည်နိုင်စွာဖြင့် မေးမြန်းလိုက်၏။ "ဘာတွေလဲ.."
"အင်း..." လင်းချန်က စင်မြင့်ပေါ်ရှိ လူနှင့် နန်ရှင်းတို့အား လက်ညှိုးထိုးပြလိုက်ရင်း ရှင်းပြလိုက်၏။ "ကိုယ်ထင်တာ မမှားဘူးဆိုရင်... နန်ရှင်းဆိုတဲ့ကောင်က ဂြိုဟ်သားပဲ။ သူ့စိတ်ဝိညာဉ်က လူသားမျိုးနွယ် အကြီးအကဲတစ်ယောက်ရဲ့ ခန္ဓာကိုယ်ထဲကို ရောက်နေတာ။ ဟို စင်မြင့်ပေါ်က ဂြိုဟ်သားခန္ဓာကိုယ်ထဲမှာ ရှိနေတာကတော့... လူသားအကြီးအကဲရဲ့ စိတ်ဝိညာဉ်ပဲ ဖြစ်လောက်တယ်..."
"ဪ..." ထိုစကားကြောင့် ယီစင်းမှာ သေချာစွာ စဉ်းစားကြည့်လိုက်လေရာ အမှန်တကယ်ပင် ဖြစ်န်ုင်သည်ဟု တွေးတောမိသွားပြီး မေးလိုက်ပြန်၏။ "ဒါဆို... သူတို့က ခန္ဓာကိုယ်ချင်း လဲလိုက်ကြတာပေါ့ ဟုတ်လား..."
"အမ်..." လင်းချန်က ပခုံးတစ်ချက် တွန့်ပြလိုက်ကာ ပြန်လည်ဖြေကြားလိုက်၏။ "အဲဒါတော့ ကိုယ်လည်း မသိသေးဘူးလေ..."
"ဟားဟား..." ထိုအခိုက် စင်မြင့်ပေါ်မှ လူက ကြားဖြတ်၍ ဝင်ရောက် ပြောလာသည်။ "လူငယ်လေး... မင်းပြောတာက တစ်ဝက်လောက်တော့ မှန်တယ်။ အခု ဒီဂြိုဟ်သား အသုံးပြုနေတဲ့ ခန္ဓာကိုယ်က ငါ့ခန္ဓာကိုယ် အစစ်ပဲ..."
ထို့နောက် သူက ခဏတာမျှ ရပ်တန့်လိုက်ပြီး ဆက်ပြောလာ၏။ "တကယ်တော့... ငါက ဒီဂြိုဟ်သားရဲ့ စိတ်ဝိညာဉ်ကို ငါ့ခန္ဓာကိုယ်နဲ့ ချိတ်ပိတ်ထားလိုက်တာ။ ပြီးတော့မှ ငါ့စိတ်ဝိညာဉ်က ဒီအစီအရင်ထဲ ဝင်ပြီး သူ့ခန္ဓာကိုယ်ကို ဖိနှိပ်ထားလိုက်တာပဲ..."
ထိုစကားများကြောင့် လင်းချန်နှင့် ယီစင်းတို့ နှစ်ဦးသားမှာ လွန်စွာမှ အံ့အားသင့်သွားရတော့သည်။ အမှန်တရားက ဤကဲ့သို့ ဖြစ်နေလိမ့်မည်ဟု သူတို့ လုံးဝ ထင်မှတ်မထားခဲ့ကြချေ။
လူသားအကြီးအကဲသည် ဂြိုဟ်သားအား နှိမ်နင်းနိုင်ရန်အတွက် ကိုယ့်ကိုယ်ကိုယ် ဤမျှလောက်အထိ စွန့်လွှတ်အနစ်နာခံခဲ့သည်လော။
လင်းချန်က ဤမျှလောက်အထိ ရဲရင့်သတ္တိရှိသည့် လူသားအကြီးအကဲအပေါ် လေးစားသွားမိသည့်ဟန်ဖြင့် မေးမြန်းလိုက်၏။ "အကြီးအကဲက ဘယ်သူများလဲ..."
"ဟူး..." ကျန်းကျွင်းချန်က သက်ပြင်းတစ်ချက်ချလိုက်ရင်း ပြန်လည်ဖြေကြားလာ၏။ "ငါက ကျန်းကျွင်းချန် ပါ။ တန်ယွမ်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်ပေါ့လေ...။ ကံဆိုးတာက ဒီဂြိုဟ်သားက အရမ်းကို စွမ်းအားကြီးလွန်းတယ်။ အစတုန်းက ငါတို့နှစ်ယောက်လုံး ဒဏ်ရာအပြင်းအထန် ရခဲ့ကြပေမဲ့ ငါကပဲ အရေးနိမ့်နေခဲ့ရတယ်။ ဒါကြောင့် မတတ်သာတဲ့အဆုံး ဒီနည်းလမ်းကို အသုံးပြုပြီးတော့ သူ့ကို ချိတ်ပိတ်ထားလိုက်ရတာပဲ။ ဒါမှသာ ငါ့ဂိုဏ်းသားတွေ ထွက်ပြေးနိုင်ကြမှာလေ..."
ထိုသို့ပြောဆိုရင်းနှင့်ပင် ကျန်းကျွင်းချန်က နန်ရှင်း၏ အနောက်ဘက်၌ ရပ်တန့်နေသော ဖုတ်ကောင်တပ်မတော်ကြီးကို ကြည့်ရှုလိုက်ကာ လွန်စွာ ဝမ်းနည်းခံပြင်းသည့်ဟန်ဖြင့် ဆက်လက် ပြော၏။ "သနားစရာကောင်းတဲ့ ငါ့တပည့်တွေ...။ နောက်ဆုံးမှာတော့ သူ့ရဲ့ လက်ချက်နဲ့ အသက်မဲ့ လမ်းလျှောက်နေတဲ့ ဖုတ်ကောင်တွေ ဘဝကို ရောက်သွားကြရရှာတယ်..."
တန်ယွမ်ဂိုဏ်း၏ ဂိုဏ်းချုပ်လော။ လင်းချန်နှင့် ယီစင်းတို့မှာ နောက်ထပ်တစ်ကြိမ် အံ့အားသင့်သွားရပြန်သည်။ ဂြိုဟ်သားခန္ဓာကိုယ်အတွင်းသို့ ရောက်ရှိနေသည့် လူသားစိတ်ဝိညာဉ်သည် အစွမ်းထက်လှသည့် ရှေးဟောင်းဂိုဏ်းကြီးတစ်ခု၏ ဂိုဏ်းချုပ် ဖြစ်နေလိမ့်မည်ဟု လုံးဝ ထင်မှတ်မထားခဲ့မိကြချေ။
"အကြီးအကဲ..." လင်းချန်က ဒေါသတကြီးဖြင့် အံတကြိတ်ကြိတ် ဖြစ်နေသည့် နန်ရှင်းအား တစ်ချက်လှမ်းကြည့်လိုက်ပြီး မေးမြန်းလိုက်၏။ "ဒါဆို... ဘာဖြစ်လို့ သူ့စိတ်ဝိညာဉ်က ခန္ဓာကိုယ်ထဲကနေ ထွက်ပြီး တခြားလူတွေကို ဝင်ပူးလို့ ရနေရတာလဲ..."
ထိုအခါ ကျန်းကျွင်းချန်က နန်ရှင်းကို ကြည့်လိုက်ပြီး ခါးသက်သက် ပြုံးလိုက်ကာ ဖြေကြားလာ၏။ "အင်း...။ မတတ်နိုင်ဘူးလေ။ သူက ငါ့ထက်ကို အများကြီး ပိုပြီး စွမ်းအားကြီးတာကိုး။ ဒါကြောင့်မို့ သူက ဒီလိုမျိုး လုပ်နိုင်နေတာပဲ။ ဒါပေမဲ့ သူ့ရဲ့ စိတ်ဝိညာဉ်က ခန္ဓာကိုယ်ကနေ ၁၀ လှမ်းအကွာ ဒါမှမဟုတ် တစ်နာရီထက်ပိုပြီး ထွက်နေမယ် ဆိုရင်တော့ ပျက်စီးသွားလိမ့်မယ်..."
ကျန်းကျွင်းချန် စကားပြောဆိုပြီးသည်နှင့် တစ်ပြိုင်နက် ယီစင်း၏ မျက်လုံးများမှာ တဖြည်းဖြည်း ဝေဝါးလာပြီး အိပ်ချင်စိတ်များ အလွန်အမင်း ဝင်ရောက်လာတော့၏။
"ချန်လေး..." ယီစင်းက ခပ်တိုးတိုး ရေရွတ်လိုက်၏။ "မိန်း... ဘာဖြစ်တာလဲ မသိဘူး..."
"ဟားဟား..." ကျန်းကျွင်းချန်က အတွေ့အကြုံ ရင့်ကျက်လှသည့် လူကြီးတစ်ယောက်ပီပီ ပြုံးရွှင်စွာဖြင့် ရှင်းပြလာ၏။ "လူငယ်လေး... မင်း ပေးလိုက်တဲ့ စိတ်ဝိညာဉ်အမြုတေက မင်း ကောင်မလေးရဲ့ စိတ်ဝိညာဉ်နဲ့ ပေါင်းစပ်သွားပြီးတော့ အပြောင်းအလဲတွေ စတင်နေပြီ ထင်တယ်။ သူက ရက်အနည်းငယ်လောက်တော့ အိပ်ပျော်သွားလိမ့်မယ်..."
အကြောင်းရင်းမှန်အား သေချာစွာ သိရှိလိုက်ရသဖြင့် ယီစင်းမှာ စိတ်အေးလက်အေးဖြင့် စိတ်လျှော့လိုက်လေရာ အိပ်ချင်စိတ်က သူမအား အလုံးစုံ လွှမ်းမိုးသွားခဲ့ပြီး လင်းချန်၏ ရင်ခွင်ထဲသို့ အသာအယာ လဲကျသွားတော့သည်။
"အားးး" တစ်ချိန်တည်းမှာပင် နန်ရှင်းက ဒေါသတကြီးဖြင့် အော်ဟစ် ကြိမ်းဝါးလိုက်၏။ "လူသားကောင်လေး... ငါ မင်းကို သေချာပေါက် အပိုင်းပိုင်းအစစ ဆွဲဖြဲပစ်မယ်ကွ... အားးး"
လင်းချန် သန့်စင်လိုက်သော သူ၏ စိတ်ဝိညာဉ်အမြုတေသည် ယခုအခါ၌ သူနှင့် လုံးဝ မသက်ဆိုင်တော့ဘဲ ထိုကောင်မလေးအတွက် အလွန်ကောင်းမွန်လှသော အားဖြည့်ဆေးတစ်ခွက် ဖြစ်သွားခဲ့လေပြီ။
ထိုသို့ဖြစ်ရာ နန်ရှင်းတစ်ယောက် မည်သို့လုပ်ပြီး ဒေါသ မထွက်ဘဲ နေနိုင်ပါတော့မည်နည်း။
အချိန်အနည်းငယ် ကြာပြီးနောက် နန်ရှင်းက ဒေါသများအား ချုပ်တည်းကာ အံကြိတ်လိုက်သည်။ "ဒီဖုတ်ကောင်တပ်မတော်နဲ့ဆိုရင်... မင်းက ငါ့ရဲ့ စိတ်ဝိညာဉ်တိုက်ခိုက်မှုကို ခုခံနိုင်ခဲ့ရင်တောင်မှ ဒီမှာတင် သေရမှာပဲကွ..."
"ကျစ်..." လင်းချန်ကမူ နန်ရှင်းကို စိတ်ပျက်လက်ပျက်ဟန်ဖြင့် တစ်ချက် ကြည့်လိုက်ပြီးနောက် လှောင်ပြောင် ပြောဆိုလိုက်၏။ "ဒီအကောင်တွေကိုများ... တပ်မတော်လို့ ခေါ်နေရသေးတယ်လို့... တကယ့်ကို တောသားကျနေတာပဲ..."
ပြိုင်ဘက်ကင်း အင်ပါယာ။
စာစဉ် ၁၅ ၊ အတွဲ ၁ ၊ အပိုင်း ၁၄၁ ပြီး။
ဘာသာပြန် - Author Ko Yoohtoo
True Immortal Team
ပြိုင်ဘက်ကင်း အင်ပါယာ။
စာစဉ် ၁၅ ၊ အတွဲ ၁ ၊ အပိုင်း ၁၄၂
ဘာသာပြန် - Author Ko Yoohtoo
True Immortal Team
"မင်း... မင်းလို ရေတွင်းထဲက ဖားသူငယ်လို ကောင်စုတ်လေးကများ ငါ့ကို တောသားလို့ ပြောရဲတယ်ပေါ့လေ..."
နန်ရှင်းက လင်းချန်ကို လက်ညှိုးထိုးကာ ဒေါသတကြီး အော်ဟစ်လိုက်၏။
လင်းချန်၏ နှုတ်ခမ်းထောင့်တို့ကမူ အနည်းငယ် ကွေးတက်သွားသည်။ ထို့နောက် လင်းချန်က လှည့်ထွက်သွားပြီး နန်ရှင်းကို ထပ်၍ ဂရုမစိုက်တော့ချေ။
သူက လက်တစ်ချက် ဝှေ့ယမ်းလိုက်ရာ ဟွာရှာအင်ပါယာအတွင်းမှ ကန့်လန့်ကာပါသော ကုတင်တစ်လုံး ရုတ်တရက် ထွက်ပေါ်လာ၏။
ထို့နောက် ရှင်းရှင်းအား ကုတင်ပေါ်သို့ ဖြည်းညင်းစွာ တင်ပေးလိုက်ပြီး ကန့်လန့်ကာများကို အသာအယာ ချပေးလိုက်သည်။
ဟွာရှာအင်ပါယာအတွက်မူ လင်းချန်သည် အကြွင်းမဲ့ အရှင်သခင်ပင် ဖြစ်၏။ စိတ်တစ်ချက် ကူးလိုက်ရုံဖြင့် အင်ပါယာတစ်ခုလုံးကိုပင် ဖျက်ဆီးပစ်နိုင်စွမ်း ရှိနေသည်။
ရှင်းရှင်းအား နေရာချပေးပြီးနောက် လင်းချန် စင်မြင့်အစွန်းနားသို့ ဖြည်းဖြည်းချင်း လျှောက်သွားလိုက်ပြီး မခန့်ဟန်ဖြင့် ထိုင်ချလိုက်၏။
စင်မြင့်ပတ်လည် ဆယ်ကိုက်အကွာအဝေးအား အပေါ်ဘက်ရှိ ဗဟိုအစီအရင်မှ ကျဆင်းလာသော အလင်းတန်းက အပြည့်အဝ လွှမ်းခြုံထားလျက် ရှိသည်။
နန်ရှင်းနှင့် ဖုတ်ကောင်တပ်မတော်မှာမူ ထိုအလင်းတန်း၏ အပြင်ဘက်၌သာ စုဝေးနေကြရ၏။
အစီအရင်အလင်းတန်းသည် ဖုတ်ကောင်များကို ကြီးမားစွာ ထိခိုက်စေနိုင်သော်ငြား လင်းချန်နှင့် ရှင်းရှင်းတို့ကဲ့သို့ လူသားများကိုတော့ အန္တရာယ်မပြုနိုင်သည်မှာ သိသာလှသည်။
စင်မြင့်ပေါ်မှ ကျန်းကျွင်းချန်က အချိန်ကိုက် ဝင်ရောက် ရှင်းပြလာ၏။ "ဖုတ်ကောင်တွေဆိုတာ ဒီဂြိုဟ်သားက လျှို့ဝှက်နည်းလမ်းတွေသုံးပြီး ဖန်တီးထားတာမို့ သေမင်းအငွေ့အသက်နဲ့ မကောင်းဆိုးဝါး အငွေ့အသက်တွေ အပြည့် လွှမ်းခြုံနေတာ။ ဒီအစီအရင်ထဲက အငွေ့အသက်ကတော့ ယန်စွမ်းအင် အရမ်းများပြီး ပြင်းထန်တယ်။ ဖုတ်ကောင်တွေသာ ဝင်လာရင် သေလမ်းကို ကိုယ်တိုင်ရှာသလို ဖြစ်သွားလိမ့်မယ်။ နန်ရှင်းကလည်း ငါနိုးလာပြီဆိုတော့ ဝင်ရဲမှာ မဟုတ်ဘူး..."
"ဪ... ဒါကြောင့်ကိုး..."
နန်ရှင်း ရှေ့တိုးမလာရဲခြင်းနှင့် ဖုတ်ကောင်များ ဝိုင်းထားသော်လည်း အနားသို့ မကပ်ရဲကြသည်ကို မြင်တွေ့ရကတည်းက လင်းချန် ရိပ်မိပြီးသား ဖြစ်၏။
ယခု ကျန်းကျွင်းချန် ရှင်းပြလိုက်သောအခါ လင်းချန် ပို၍ သေချာသွားကာ စိတ်အေးသွားရတော့သည်။
"ဟျောင့်..." ချက်ချင်းဆိုသလိုပင် လင်းချန်၏ နှုတ်ခမ်းထောင့်တို့က ကောက်ကျစ်ဟန်ဖြင့် ကွေးတတ်လာကာ နန်ရှင်းအား လက်ညှိုးကွေးကာ စိန်ခေါ်လိုက်၏။ "ကျုပ်ကို အပိုင်းပိုင်း ဆွဲဖြဲပစ်မယ်ဆို... လာလေ... ဝင်ခဲ့လေ..."
လင်းချန်၏ စိန်ခေါ်မှုကြောင့် နန်ရှင်း၏ မျက်နှာမှာ ချက်ချင်းပင် မဲမှောင်သွားတော့သည်။
"ဟက်..." ခဏကြာသောအခါ သူက အေးစက်စက် ရယ်မောလိုက်ပြီး ဆိုလာ၏။ "ကောင်လေး... မင်း အခုတော့ ဘဝင်မြင့်နေတာပေါ့လေ။ ဒါပေမဲ့ အဲဒီ အစီအရင်အလယ်မှာ သဘာဝစွမ်းအင် မရှိတာကို မင်း သတိမထားမိဘူးလား..."
ထိုစကားကြောင့် လင်းချန် ဘာမှပြန်မပြောသော်လည်း စင်မြင့်ပေါ်မှ ကျန်းကျွင်းချန်မှာ စိုးရိမ်သွားရသည်။
"ဒုက္ခပဲ... ပြဿနာတော့ တက်ပြီ..."
"ဟားဟား..." နန်ရှင်းက လင်းချန်ကို ကြည့်ကာ လှောင်ပြောင် ရယ်မောရင်း ပြောလာ၏။ "နိဗ္ဗာန်အဆင့် သိုင်းဝိညာဉ်ပညာရှင်တွေက အစာမစား ရေမသောက်ဘဲ သဘာဝစွမ်းအင်ကို မှီခိုပြီး အသက်ရှင်နိုင်တယ်ဆိုပေမဲ့... အဲဒီ အစီအရင်အလယ်မှာ သဘာဝစွမ်းအင်မှ မရှိရင်... မင်း ဘာကို မှီခိုပြီး အသက်ရှင်မလဲ... ငါ့အထင်တော့ တစ်နှစ် ၊ ဒါမှမဟုတ် နှစ်ဝက်လောက်ဆိုရင်ပဲ မင်း သေချာပေါက် ငတ်သေသွားလိမ့်မယ်..."
"ဟားဟားဟား..."
ပြောပြီးသည်နှင့် တစ်ပြိုင်နက် နန်ရှင်းက ခေါင်းမော့ကာ ရူးသွပ်စွာ ရယ်မောလိုက်တော့သည်။
"ဟူး..." စင်မြင့်ပေါ်မှ ကျန်းကျွင်းချန်ကမူ လွန်စွာ အားနာနေပုံရကာ ပြောလာ၏။ "တောင်းပန်ပါတယ် လူငယ်လေးရာ။ ငါသာ သဘာဝစွမ်းအင်တွေကို ဒီထဲ ဝင်ခွင့်ပေးလိုက်ရင် အစီအရင် တစ်ခုလုံး ပျက်စီးသွားလိမ့်မယ်။ ဒါကြောင့်..."
လင်းချန်တစ်ယောက်တည်းအတွက်နှင့် အစီအရင်ကို ဖျက်ဆီးကာ ဂြိုဟ်သားအား လွတ်မြောက်ခွင့်ပေးမည် မဟုတ်ကြောင်းမှာ ထင်ရှားနေသည်။
လင်းချန် ခဏတာ တိတ်ဆိတ်နေလိုက်၏။ သူ၏ မျက်နှာကလည်း ညိုးငယ်သွားကာ တုန်လှုပ်သွားတော့သည်။
အော်စကာဆုမရလျှင်ပင် စကာတင်စာရင်းထဲ ကျိန်းသေပေါက် ဝင်လောက်မည့် သရုပ်ဆောင်စွမ်းရည်ပင်။
သူ စိတ်ပျက်အားငယ်နေသည်ဟု ထင်မှတ်သွားစေရန် ဟန်ဆောင်လိုက်ပြီး တစ်ဖက်လူအား စိတ်ကြိုက် ရယ်မောခွင့် ပြုထားလိုက်သည်။
စင်မြင့်အပေါ်၌မူ ကျန်းကျွင်းချန်မှာ အလွန်တရာ အားနာနေပုံရပြီး ခေါင်းတခါခါ ဖြစ်နေတော့၏။
"ခင်ဗျား..." ရုတ်တရက် လင်းချန်၏ အသံက ကျယ်လောင်စွာထွက်ပေါ်လာပြီး နန်ရှင်း၏ ရယ်မောသံကို ဖြတ်တောက်လိုက်သည်။ "ကျုပ်ကို သေလမ်းရောက်နေပြီလို့ ထင်ပြီး ကျေနပ်နေတာလား..."
နန်ရှင်း ပြန်မပြောနိုင်ခင်မှာပင် လင်းချန်က လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ရာ သုံးကိုက်ခန့်ရှိသည့် လေးထောင့်စားပွဲကြီးတစ်လုံး သူ့ရှေ့၌ ချက်ချင်း ပေါ်လာ၏။
ထို့နောက် လင်းချန်က လေဟာပြင်မှ လက်လှမ်းကာ ကုလားထိုင်တစ်လုံးကို ဆွဲထုတ်လိုက်ကာ ထိုင်ချလိုက်ပြီး လက်ခုပ်နှစ်ချက် တီးလိုက်၏။
"ဖတ်... ဖတ်..."
ပြတ်သားလှသော လက်ခုပ်သံနှင့်အတူ စားပွဲပေါ်တွင် အရသာရှိသော ဟင်းပွဲပေါင်း ဒါဇင်ချီ ထွက်ပေါ်လာပြီး လင်းချန်ရှေ့၌ တူတစ်စုံ ရောက်လာတော့သည်။
နောက်တစ်ခဏတွင် လင်းချန်က ဘာမှ ရှင်းပြမနေတော့ဘဲ စတင် စားသောက်လေတော့၏။
"အင်း... ကောင်းလိုက်တာ..."
လင်းချန်က မျက်လုံးမှိတ်၍ အရသာခံကာ ညည်းတွားလိုက်သည်။ "ဒီ ကုန်းပေါင်ကြက်သားဟင်းကို မစားရတာ တော်တော် ကြာနေပြီ။ တကယ့်ကို အရသာရှိတာပဲ..."
ကျန်းကျွင်းချန်နှင့် နန်ရှင်းတို့ နှစ်ဦးစလုံးမှာ သူတို့ရှေ့မှ မြင်ကွင်းကြောင့် အလွန်အမင်း အံ့အားသင့်သွားကြရသည်။
"ဒါကို မန်ချူးဟန် အင်ပါယာစားပွဲတော်လို့ ခေါ်တယ်။ အစစ်မဟုတ်ပေမဲ့ ဗိုက်ဝပြီး အရသာရှိတယ်လေ..."
လင်းချန်က အစားအစာကို မြည်းစမ်းရင်း နန်ရှင်းအား ပြုံးပြလိုက်၏။
"ဟဲ ဟဲ... ငါ့မှာ စားချင်တာ အကုန်လုံး ရှိတယ်။ တစ်သက်လုံး စားလို့ရတယ်..."
လင်းချန် ပြောသည်မှာ အလွန်အကျွံ ပိုပြောနေခြင်း မဟုတ်ပေ။ ကျယ်ပြောလှသော ဟွာရှာအင်ပါယာကြီးအတွင်း၌ စစ်သားများကဲ့သို့ပင် သာမန်အရပ်သားများလည်း ရှိကြသည်။
လင်းချန်က ဟွာရှာအင်ပါယာ၏ အထွတ်အထိပ် ဧကရာဇ် မဟုတ်ပါလော။ သူက ငတ်သေမည် ဟုတ်လား။ ထိုသည်က ဟာသ တစ်ပုဒ်ထက် မပိုချေ။
"မင်း... မင်း ရူးနေတာလား..."
အခြေအနေအားလုံးကို စောင့်ကြည့်ပြီးနောက် နန်ရှင်း ဒေါသတကြီး အော်ဟစ်လိုက်၏။ သူ၏ မျက်နှာကြီးမှာ နီရဲနေလေပြီး မျက်လုံးများကလည်း ပြူးကျယ်နေသည်။ ခန္ဓာကိုယ်မှာလည်း တစ်ဆတ်ဆတ်ဖြင့် ဒေါသကြောင့် တုန်ယင်နေ၏။
"ဘယ်သူက သိုလှောင်ခန်းထဲမှာ အစားအစာတွေ အဲဒီလောက် အများကြီး သိမ်းထားမှာလဲ။ မင်းမှာ တကယ်ပဲ တစ်သက်လုံး စားလောက်အောင် ရှိတယ်ဆိုတာကို... ငါ လုံးဝ မယုံဘူး..."
"ဝုန်း..."
နောက်တစ်ခဏတွင် လင်းချန်၏ ခန္ဓာကိုယ်မှ ချွေးပေါက်များအားလုံး ပွင့်သွားပြီး သန့်စင်လှသည့် သဘာဝစွမ်းအင်များ အဆက်မပြတ် ထွက်ပေါ်လာကာ အစီအရင်ဗဟိုချက် တစ်ခုလုံးကို ချက်ချင်း ပြည့်နှက်သွားစေတော့၏။
"ဒါက..."
ချက်ချင်းဆိုသလိုပင် ကျန်းကျွင်းချန် လန့်သွားရသည်။ သူ မယုံနိုင်ဖြစ်သွားရပြီး အစီအရင်များ ပျက်စီးသွားပြီလားဟုပင် သံသယ ဝင်သွားမိ၏။
သို့သော်လည်း ထပ်ခါတလဲလဲ စစ်ဆေးကြည့်လိုက်ပြီးနောက် အစီအရင်မှာ ပျက်စီးမသွားကြောင်း တွေ့လိုက်ရသည်။ သန့်စင်သည့် သဘာဝစွမ်းအင်များသည် လင်းချန်၏ ခန္ဓာကိုယ်ထဲမှ အမှန်တကယ် ထွက်ပေါ်လာနေခြင်းပင် ဖြစ်သည်။
အစီအရင် အလယ်ဗဟိုရှိ အလင်းတန်းအောက်တွင် အပြင်ဘက်မှ စွမ်းအင်များကို တားဆီးထားသဖြင့် သဘာဝစွမ်းအင် မရှိပေ။
သို့သော်လည်း လင်းချန်၏ ခန္ဓာကိုယ်မှ သဘာဝစွမ်းအင်များ အဆက်မပြတ် ထွက်ပေါ်နေသော်ငြား အစီအရင်ကို လုံးဝ ထိခိုက်ခြင်း မရှိချေ။
လင်းချန်သည် သူ့ရှေ့မှ အစားအစာများကို ဆက်လက်စားသောက်နေပြီး သူ၏ခန္ဓာကိုယ်မှ သဘာဝစွမ်းအင်များကို အဆက်မပြတ် ထုတ်လွှတ်နေကာ စွမ်းအင်သိပ်သည်းဆကို ပို၍ တိုးမြှင့်ပေးနေသည်။
တစ်ချိန်တည်းမှာပင် သဘာဝစွမ်းအင်များသည် ရှင်းရှင်း အိပ်စက်နေသော ကုတင်ဆီသို့ တဖြည်းဖြည်းချင်း စီးဆင်းသွား၏။
ရှင်းရှင်းသည် စိတ်ဝိညာဉ်အမြုတေကို သန့်စင်နေစဉ်အတွင်း၌ စိတ်ဝိညာဉ်စွမ်းအင်များကို အသုံးပြုရန် လိုအပ်သည်။ သူမ၏ ကျင့်စဉ်သည် အလိုအလျောက် လည်ပတ်နေပြီး ဤသဘာဝစွမ်းအင်များကို အသုံးပြုကာ ပြန်လည်ဖြည့်တင်းနေခြင်းပင်။
"ဟက်..." လင်းချန်က အံ့ဩမှင်တက်နေသော နန်ရှင်းအား မေးငေါ့ပြလိုက်၏။ ထို့နောက် အစာကို မျိုချလိုက်ပြီး ရိုးသားစွာ ပြုံး၍ ပြောလိုက်သည်။ "သဘာဝစွမ်းအင် မရှိလည်း ကိစ္စမရှိပါဘူးလေ။ ကိုယ့်ဟာကိုယ် ထုတ်လုပ်လို့ ရတာပဲဟာကို..."
လင်းချန်၏ ဒန်တျန်ထဲတွင် ကောင်းကင်လက်မှုပညာဌာနက တိကျစွာ တွက်ချက်၍ ထည့်သွင်းပေးထားသော သဘာဝစွမ်းအင်များ အပြည့်အဝ ရှိနေသည်။
ထို့ကြောင့်ပင် လင်းချန်အနေဖြငွ ယခုကဲ့သို့ သဘာဝစွမ်းအင်များကို သန့်စင်နေစရာ မလိုတော့ဘဲ တိုက်ရိုက် ထုတ်လွှတ်နိုင်ခြင်းပင် ဖြစ်တော့၏။ လင်းချန်၏ အမြင်တွင် နန်ရှင်း၏ သူ့အား ပိတ်လှောင်ထားမည့် အကြံအစည်ဆိုသည်မှာ ဟာသသက်သက်သာ ဖြစ်သည်။
"ထူးဆန်းတဲ့ ကောင်လေးပဲ... ဒီလို ထူးဆန်းတာတွေ လုပ်နိုင်အောင် သူက ဘယ်ကနေများ ရောက်လာတာလဲ..."
စင်မြင့်ပေါ်မှ ကျန်းကျွင်းချန်သည်လည်း လင်းချန်ကြောင့် အလွန်တရာ အံ့ဩသွားရတော့၏။ လူတစ်ယောက်က သူ၏ ခန္ဓာကိုယ်ထဲမှ သဘာဝစွမ်းအင်များ ထုတ်လွှတ်နိုင်သည်ဆိုသည်ကို သူ တစ်ကြိမ်တစ်ခါမျှ မမြင်ဖူးခဲ့ချေ။ နန်ရှင်းကို ကြည့်လိုက်ရာ တစ်ဖက်လူမှာလည်း ကြောင်အမ်းအမ်း ဖြစ်နေသည်ကို တွေ့လိုက်ရသည်။ သူသည်လည်း လင်းချန်ကြောင့် အကြီးအကျယ် လန့်သွားပုံရသည်။
"ကျစ်... မင်း လုပ်နိုင်တော့ရော ဘာဖြစ်လဲ..." နန်ရှင်းက အံကြိတ်ကာ လင်းချန်အား စိုက်ကြည့်ပြီး အော်ဟစ်လိုက်၏။
"ဒါဆိုရင်... မင်းကို တစ်သက်လုံး ပိတ်လှောင်ထားမယ်။ ဒီကမ္ဘာငယ်လေးရဲ့ မြေအောက်ထဲမှာ ထာဝရ နေစေရမယ်ကွ။ ငါ့ရဲ့ ဖုတ်ကောင် တပ်မတော်ကို မင်းက ဘယ်လို ဖောက်ထွက်မလဲဆိုတာ ကြည့်ရသေးတာပေါ့..."
"မိတ်ဆွေလေး...။" ကျန်းကျွင်းချန်က စိုးရိမ်ပူပန်သော မျက်နှာထားဖြင့် ခေါင်းခါကာ သတိပေးလိုက်၏။ "မင်းက ထူးခြားတယ်ဆိုပေမဲ့... ဒီနေရာက အစီအရင်က မင်းခန္ဓာကိုယ်ထဲက သဘာဝစွမ်းအင်တွေကို စုပ်ယူနေဦးမှာပဲ။ ဒါကြောင့် အသက်ရှင်နေနိုင်ပေမဲ့ မင်းရဲ့ ကျင့်ကြံခြင်းအရှိန်က အရမ်းကို နှေးကွေးသွားလိမ့်မယ်။ ဒီလိုဆိုရင် မင်း တကယ်ပဲ ဒီမှာ တစ်သက်လုံး ပိတ်မိနေပြီး သေဆုံးသွားနိုင်တယ်..."
လင်းချန်က သူ၏ ကျောက်စိမ်းတူကို မြှောက်ပြလိုက်ပြီး ကျန်းကျွင်းချန်အား စိတ်မပူရန် အချက်ပြလိုက်၏။
"စီနီယာ..." ထို့နောက် သူက ယုံကြည်မှုအပြည့်ဖြင့် ပြောသည်။ "သိပ်စိတ်မပူပါနဲ့။ အချိန်တန်ရင်... တကယ့် တပ်မတော်ဆိုတာ ဘာလဲဆိုတာ ဒီတောသားကြီး သေချာ သိသွားအောင် ကျွန်တော် ကိုယ်တိုင် ပြလိုက်ပါ့မယ်..."
ပြောပြီးသည်နှင့် လင်းချန်က အေးအေးဆေးဆေးပင် ဆက်လက်စားသောက်နေလိုက်လေရာ ကျန်းကျွင်းချန်တစ်ယောက်သာ နားမလည်နိုင် ဖြစ်ကျန်ရစ်ခဲ့ရသည်။
"တကယ့် တပ်မတော်... ဟုတ်လား..."
ပြိုင်ဘက်ကင်း အင်ပါယာ။
စာစဉ် ၁၅ ၊ အတွဲ ၁ ၊ အပိုင်း ၁၄၂ ပြီး။
ဘာသာပြန် - Author Ko Yoohtoo
True Immortal Team.