← Chapters

အခန်း (၁၄၃-၁၄၄)

Vol. 15 Ch. 143-144

အခန်း (၁၄၃-၁၄၄)

Vol. 15 Ch. 143-144

ပြိုင်ဘက်ကင်း အင်ပါယာ။

စာစဉ် ၁၅ ၊ အတွဲ ၁ ၊ အပိုင်း ၁၄၃

ဘာသာပြန် - Author Ko Yoohtoo

True Immortal Team

ဖုတ်ကောင်တပ်မတော်ရှေ့တွင် ရပ်နေသည့် နန်ရှင်းကမူ လင်းချန်အား ကြည့်ကာ မျက်မှောင်ကြုတ်နေ၏။

လင်းချန်၏ အလွန်တရာ အေးဆေးတည်ငြိမ်နေသော အမူအရာက နန်ရှင်းအား အကြီးအကျယ် စိတ်သက်မသာ ဖြစ်စေသည်။

ဤသို့သော အခြေအနေမျိုး၌ပင် လင်းချန်က မည်သို့ အေးဆေးနေနိုင် နေသေးသနည်း။ မည်သည့်နည်းလမ်းဖြင့် လွတ်မြောက်အောင် လုပ်မည်နည်း... သူ လုံးဝ စဉ်းစား၍မရနိုင်တော့ချေ။

နန်ရှင်း၏ နားမလည်နိုင်ဖြစ်နေသော မျက်နှာထားကို မြင်လိုက်ရသောအခါ လင်းချန်ကမူ မဲ့ပြုံးတစ်ချက် ပြုံးလိုက်ပြီး ဆိတ်ဆိတ် နေလိုက်၏။

သို့သော် ရှင်းရှင်းဘက်သို့ လှည့်ကြည့်လိုက်သောအခါတွင်မူ သူ၏ မျက်လုံးများထဲ၌ အလွန်တရာ နူးညံ့သိမ်မွေ့သော အကြည့်များ ပေါ်လွင်လာသည်။

အကြောင်းမူကား ရှင်းရှင်းသည် လက်ရှိတွင် စိတ်ဝိညာဉ်အမြုတေကို ပေါင်းစပ်နေဆဲဖြစ်လေရာ လင်းချန်သည်လည်း ဘာမှမလုပ်သေးဘဲ ပေါင်းစပ်မှု ပြီးဆုံးသွားသည်အထိ တိတ်ဆိတ်စွာ စောင့်ဆိုင်းနေရန်သာ ဆုံးဖြတ်လိုက်သည်။

တစ်ချိန်တည်းမှာပင် သူသည် စိတ်ချင်းဆက်သွယ်မှုမှတစ်ဆင့် ကျောက်လုံအား အမိန့်ပေး ညွှန်ကြားနေ၏။

**--**--**--**--**--**--**--**

မြေအောက်ခန်းမကြီး၏ အပေါ်ဘက်၌မူ ကျောက်လုံ ဦးဆောင်သော တပ်ဖွဲ့ ရုတ်တရက် ထွက်ပေါ်လာသည်။ လေချန်တို့အား လိုက်လံတိုက်ခိုက်နေသော ဖုတ်ကောင်များကိုလည်း သူတို့ အကုန်အစင် ရှင်းလင်းပြီး ဖြစ်သည်။

ဖုတ်ကောင်များအား အကုန်အစင် ရှင်းလင်းပြီးနောက် လေချန်တို့အဖွဲ့သည် ထိုနေရာတစ်ဝိုက်ရှိ ပစ္စည်းများကို သိမ်းဆည်းရန် လက်မနှေးကြပေ။

သို့သော် ပစ္စည်းများကို သိမ်းဆည်းနေစဉ်မှာပင် လေချန်တို့ အံ့ဩဖွယ်ရာ အချက်တစ်ခုကို တွေ့ရှိသွားကြသည်။ ထိုသည်မှာ ရှေးဟောင်းအမွေအနှစ်နယ်မြေ၏ တစ်ဖက်တစ်ချက်စီ၌ရှိသော သေမင်းနယ်မြေနှစ်ခုသည် အချင်းချင်း ချိတ်ဆက်နေခြင်းပင်။

ထို့ကြောင့်ပင် လင်းချန် အခြားသေမင်းနယ်မြေဘက်သို့ စေလွှတ်လိုက်သည့် ကျောက်လုံတို့အဖွဲ့က လေချန်တို့၏ နောက်ကျောဘက်မှ ရုတ်တရက် ထွက်ပေါ်လာနိုင်ခြင်း ဖြစ်သည်။

နည်းဗျူဟာမှန်ပြင်ပေါ်မှ ပေးပို့ချက်များအရ လင်းချန်သည်လည်း ထိုအချက်ကို ကြိုတင်သိရှိထားပြီးဖြစ်ရာ လေချန်တို့၏ လုံခြုံရေးအတွက် လုံးဝ စိတ်ပူမနေခဲ့ချေ။

ကျောက်လုံက ပစ္စည်းသိမ်းနေသော လေချန်တို့အနားသို့ ဖြည်းညင်းစွာ လျှောက်လာပြီး ပြောလိုက်၏။ “အရှင်မင်းမြတ်က ကိစ္စရှိနေလို့ မင်းတို့ စောင့်မနေဘဲ ဒုတိယနယ်မြေကို အရင်သွားနှင့်ဖို့ မှာလိုက်တယ်။”

“ဪ” ခဏတာ တိတ်ဆိတ်သွားပြီးနောက် လေချန်က ကျောက်လုံအား ကြည့်၍ ခေါင်းညိတ်လိုက်သည်။ “ကောင်းပြီလေ။”

ထို့နောက် လေချန် မတ်တတ်ရပ်ကာ တင်းကျစ်ရုံတို့ကို လက်ပြ၍ ထွက်ခွာရန် ပြင်ဆင်လိုက်၏။

“ငါတို့က... ဒီအတိုင်း ထွက်သွားကြတော့မှာလား။” လီလဲ့ထျန်က လေချန်အား နားမလည်နိုင်ဟန်ဖြင့် မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။ “ခေါင်းဆောင်ကရော ဘယ်လိုလုပ်မလဲ။”

“မပူပါနဲ့ကွာ...။” လေချန်က ခေါင်းခါပြလိုက်ပြီး ရသမျှပစ္စည်းများကို သိုလှောင်အိတ်ထဲသို့ အမြန်ထည့်လိုက်ကာ ပြော၏။ “ခေါင်းဆောင်က ငါတို့ကို သွားနှင့်ဆိုမှတော့... သူ့မှာ အကြောင်းရှိလို့နေမှာပေါ့။ ပြီးတော့... သူတို့လည်း ရှိနေတာပဲလေ။”

ပြောရင်းဆိုရင်းပင် လေချန်က ကျောက်လုံနှင့် သူ၏ အနောက်ဘက်ရှိ တပ်ဖွဲ့ကို မေးဆတ်ပြလိုက်သည်။

တင်းကျစ်ရုံနှင့် အခြားသုံးယောက်သည်လည်း လေချန် ညွှန်ပြရာဘက်သို့ လှမ်းကြည့်လိုက်ကြသည်။ အထူးသဖြင့် ခေါင်းဆောင်ဖြစ်သူ ကျောက်လုံကို ကြည့်မိလိုက်သောအခါ အစောက တိုက်ပွဲတွင် ပြသခဲ့သော ကြောက်မက်ဖွယ် စွမ်းရည်များကို ပြန်လည်သတိရသွားကာ သူတို့အားလုံး တံတွေး မြိုချလိုက်ကြရ၏။

လင်းချန်၏ ညွှန်ကြားချက်အတိုင်းပင် လေချန်တို့အဖွဲ့အား သေမင်းနယ်မြေ အပြင်ဘက်သို့ ရောက်သည်အထိ လိုက်ပို့ပေးလိုက်သည်။ ထိုသို့ လိုက်ပို့ပြီးနောက်မှ ကျောက်လုံက နောက်သို့ လှည့်ပြန်လာကာ သစ်ပင်ခြောက်တောအုပ်ထဲသို့ တဖန် ပြန်ဝင်လာသည်။

ကျောက်လုံတို့ ပြန်ထွက်သွားသည်ကို ငေးကြည့်ပြီးနောက် လေချန်သည်လည်း လှည့်ထွက်လာကာ ကျန်လူများအား အချက်ပြလိုက်သည်။

“သွားကြစို့...။” လေချန်က ကျန်လူများအား အချက်ပြလိုက်သည်။ “ခေါင်းဆောင်က ငါတို့နောက်ကနေ လိုက်လာလိမ့်မယ်။”

လေချန်တို့အဖွဲ့နှင့် လမ်းခွဲပြီးနောက်၌မူ ကျောက်လုံ သစ်ပင်ခြောက်တောအုပ် အလယ်ဗဟိုရှိ တွင်းဝ ရှိရာဆီသို့ ပြန်လည်ရောက်ရှိလာ၏။

ထို့နောက် သူ၏ လက်ထဲမှ လှံရှည်ကြီးကို မြေကြီးပေါ်သို့ အားပါပါဖြင့် စိုက်ထူလိုက်ပြီး အလွန်တိတ်ဆိတ်ငြိမ်သက်စွာဖြင့်ပင် အစောင့်များကို စနစ်တကျ နေရာချထားလိုက်သည်။

**--**--**--**--**--**--**--**

မြေအောက်ခန်းမကြီးထဲ၌မူ လင်းချန်တစ်ယောက် မန်ချူးဟန် အင်ပါယာစားပွဲတော်ကို မြိန်ယှက်စွာ စားသောက်ပြီးစီးသွားပြီဖြစ်၍ ပန်းကန်များကို သိမ်းဆည်းလိုက်သည်။ ထို့နောက် ကျန်းကျွင်းချန်အနားသို့ ဖြည်းညင်းစွာ လျှောက်သွားပြီး အစီအရင်အကြောင်းကို စတင်မေးမြန်းလိုက်၏။

“ဟားဟား...။” ကျန်းကျွင်းချန်က တဟားဟား ရယ်မောကာ သဘောကျစွာ ပြုံးလိုက်ပြီး ပြောလာသည်။ “ကြည့်ရတာ လူငယ်လေးက တန်ယွမ်ဂိုဏ်းရဲ့ ရတနာသိုက်ကို မျက်စိကျနေတဲ့ပုံပဲ။”

“ငါတို့က ရေစက်ပါလို့ တွေ့ကြတာပဲလေ...။” ကျန်းကျွင်းချန်က သူ၏ မုတ်ဆိတ်မွေးများကို ပွတ်သပ်ရင်း ဆက်ပြောလာ၏။ “မင်းသာ... ဒီရတနာသိုက်ရဲ့ အစီအရင်ကို ဖျက်ဆီးနိုင်ရင်... အဲဒါ မင်းရဲ့ အရည်အချင်းပဲပေါ့။ အထဲက ပစ္စည်းတွေကိုလည်း မင်း စိတ်ကြိုက် ယူလို့ရတယ်။”

ထို့နောက် ကျန်းကျွင်းချန်သည် လင်းချန်အား အစီအရင်၏ အလွန်ရှုပ်ထွေးပွေလီလှသော အချက်အလက်များကို တစ်ခုချင်းစီ အသေးစိတ် ရှင်းပြလိုက်သည်။

**--**--**--**--**--**--**--**

အခြားတစ်ဖက်၌ ဟွာရှာအင်ပါယာ၏ ကောင်းကင်လက်မှုပညာဌာနအတွင်း၌မူ ကျူးကော့မင်သည်လည်း ဧရာမ နည်းဗျူဟာမှန်ပြင်ကြီးရှေ့တွင် ရပ်ကာ လင်းချန် ဖွင့်ပေးထားသော ဆက်သွယ်ရေးလမ်းကြောင်းမှတစ်ဆင့် သေသေချာချာ အာရုံစိုက် နားထောင်နေ၏။

ရှင်းရှင်း ချထားပေးခဲ့သော စောင့်ကြည့်မှန်ပြင်နှင့် ကျန်းကျွင်းချန်၏ ရှင်းပြချက်များမှတစ်ဆင့် ကျူးကော့မင်သည် အလွန်တိကျသော တွက်ချက်မှုများကို စတင် ပြုလုပ်နေလေပြီ။

“အင်း...။” စင်မြင့်ပေါ်တွင် ရပ်နေသော ကျူးကော့မင်၏ မျက်လုံးများက အရောင်လက်သွားကာ ဘေးနားရှိ ပညာရှင်များကို လှည့်၍ ပြောလိုက်သည်။ “အဲဒီလောကရဲ့ အဆင့်မြင့် အစီအရင်တစ်ခုက... ငါတို့ရဲ့ လေ့လာသုတေသနပြုမှုအတွက် အများကြီးကို အထောက်အကူ ဖြစ်စေတာပဲ။”

ကျူးကော့မင်၏ စကားကို ကြားသောအခါ အခြားသော ပညာရှင်များကလည်း အပြည့်အဝ သဘောတူညီစွာဖြင့် ခေါင်းညိတ်လိုက်ကြ၏။

ဟွာရှာအင်ပါယာ၏ အစီအရင်ပညာရပ်သည် ရှေးဟောင်းဂိုဏ်း၏ အစီအရင်ပညာရပ်ထက် များစွာ သာလွန်ကောင်းမွန်သည်ဆိုသော်ငြား လောကနှစ်ခု၏ အစီအရင် ဖွဲ့စည်းတည်ဆောက်ပုံများကမူ လုံးဝ ကွဲပြားခြားနားလျက် ရှိနေကြသည်။

“အဖြေကို အမြန်ဆုံး ရှာကြစမ်း...။” ကျူးကော့မင်က အသံကျယ်ကျယ်ဖြင့် ပြတ်သားစွာ အမိန့်ပေးလိုက်သည်။ “အရှင်မင်းမြတ်ရဲ့ လက်ရှိပြဿနာကို ငါတို့ အမြန်ဆုံး ဖြေရှင်းပေးရမယ်။”

ထိုအမိန့်သံ ထွက်ပေါ်လာသည်နှင့် ကောင်းကင်လက်မှုပညာဌာနမှ ပညာရှင်များအားလုံး ချက်ချင်းပင် အလုပ်စလုပ်ကြလေတော့၏။

**--**--**--**--**--**--**--**

မြေအောက်ခန်းမကြီးထဲ၌မူ လင်းချန်နှင့် ကျန်းကျွင်းချန်တို့သည် တဟားဟား ရယ်မောကာ စကားပြောနေကြပြီး အပြင်ဘက်ရှိ နန်ရှင်းကိုမူ လုံးဝ လျစ်လျူရှုထားကြသည်။ ထိုမြင်ကွင်းကြောင့် နန်ရှင်းမှာ ဒေါသထွက်လွန်းလှသဖြင့် အံကြိတ်ထားရ၏။

ထိုစဉ် ရုတ်တရက်ပင် ရှင်းရှင်း အိပ်စက်နေသော ကုတင်ပေါ်မှ ခန်းဆီးများသည် လေပြင်းတိုက်ခတ်ခံရသကဲ့သို့ ပြင်းထန်စွာ လှုပ်ခတ်သွားကြသည်။

ထိုအခြေအနေအား တွေ့မြင်လိုက်ရသောအခါ လင်းချန် ကုတင်ဘေးဆီသို့ ချက်ချင်း အပြေးအလွှား သွားလိုက်သည်။

ရှင်းရှင်း၏ မျက်ခွံလေးများ တဖြည်းဖြည်း လှုပ်ရှားသွားပြီး မျက်လုံးများ ပွင့်လာသောအခါ သူမ၏ ဘေးနား၌ စိုးရိမ်တကြီး ကြည့်နေသော လင်းချန်ကို တွေ့လိုက်ရ၏။

“အွမ်း...။” မျက်လုံးပွင့်လာပြီးနောက် ရှင်းရှင်းက သူမ၏ နဖူးကို ပွတ်သပ်ရင်း တိုးတိုးလေး မေးလာသည်။ “မိန်း... ဘယ်လောက်တောင် ကြာကြာ အိပ်ပျော်သွားတာလဲ။”

“မိန်း...။” လင်းချန်က ရှင်းရှင်းအား ညင်သာစွာ ထူပေးလိုက်ပြီး အပြုံးလေးဖြင့် ပြောလိုက်၏။ “အိပ်ပျော်သွားတာ ၇ ရက်တိတိ ရှိသွားပြီ။ တော်တော်လေးကို ကြာသွားတယ်။”

“ဟင်...။” လင်းချန်၏ စကားကြောင့် ရှင်းရှင်း အကြီးအကျယ် လန့်သွားရပြီး မျက်လုံးပြူးကာ ရေရွတ်လိုက်သည်။ “၇ ရက်တောင်လား။”

သူမ အနေဖြင့် ဤမျှလောက် အချိန်ကြာမြင့်စွာ အိပ်ပျော်သွားလိမ့်မည်ဟု လုံးဝ ထင်မှတ်မထားခဲ့ချေ။

“အခု ဘယ်လိုနေလဲ...။” ကုတင်ဘေးတွင် ထိုင်နေသော လင်းချန်က သူမအား သတိထား၍ စူးစမ်းစွာ မေးလိုက်၏။ “ဘာတွေများ ထူးခြားလာသေးလဲ။”

အကြောင်းမူကား စိတ်ဝိညာဉ်အမြုတေကို ပေါင်းစပ်ခြင်းသည် စိတ်ဝိညာဉ်နှင့် တိုက်ရိုက် သက်ဆိုင်သော ကိစ္စဖြစ်လေရာ တစ်ခုခုများ လွဲချော်သွားမည်ကို သူ လွန်စွာ စိုးရိမ်နေမိခြင်းပင်။

အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးနောက် ရှင်းရှင်းက မျက်လုံးများကို မှိတ်၍ ခံစားကြည့်လိုက်သည်။

“ဝါး...။” ခဏကြာသောအခါ သူမက မျက်လုံးများ ပြန်ဖွင့်လာကာ အံ့ဩဝမ်းသာစွာဖြင့် ပြောလာ၏။ “မိန်းကျင့်စဉ်မှာ အရင်က နားမလည်နိုင်ခဲ့တဲ့ အပိုင်းတွေအကုန်လုံး... အခု ရှင်းရှင်းလင်းလင်းကို ဖြစ်သွားပြီ။ ပြီးတော့လေ... မိန်းရဲ့ နှလုံးသားနယ်ပယ်ကလည်း အရင်ကထက် ပိုပြီး သန့်စင်ပြီး ပွင့်လင်းလာသလိုမျိုး ခံစားရတယ်။”

“မှန်တယ်...။” ကျန်းကျွင်းချန်ကလည်း ထိုအခြေအနေကို သဘောကျစွာ ပြုံး၍ ခေါင်းညိတ်ထောက်ခံလိုက်သည်။ “စိတ်ဝိညာဉ်အမြုတေကို အောင်မြင်စွာ ပေါင်းစပ်နိုင်သွားပြီဆိုရင်... စိတ်ဝိညာဉ်က အရင်ကထက် ပိုပြီးတော့ကို သန်မာလာတတ်တယ်လေ။”

“ဟားဟား...။” သူက လင်းချန်အား အဓိပ္ပာယ်ပါပါ ကြည့်ကာ တဟားဟား ရယ်မောရင်း ဆက်ပြောလာ၏။ “ဒီနည်းနဲ့ဆိုရင်တော့ မင်းကောင်မလေးအတွက်... ဒါက တကယ့်ကို အခွင့်အရေးကောင်းကြီး တစ်ရပ်ပဲပေါ့။”

ကျန်းကျွင်းချန်၏ နောက်ဆုံးစကားကြောင့် ရှင်းရှင်း ချက်ချင်းပင် ရှက်သွေးဖြာသွားရပြီး မျက်နှာလေး ရဲတက်လာကာ ခေါင်းငုံ့သွားရသည်။

အဝေးတစ်နေရာရှိ ဖုတ်ကောင်တပ်မတော်ကြားတွင် ရပ်နေသော နန်ရှင်း၏ မျက်နှာကြီးမှာမူ ယခုချိန်၌ တစ်ခဲနက် မဲမှောင်နေလေပြီ။ ရှင်းရှင်း ရရှိသွားခဲ့သော ထိုအခွင့်အရေးကြီးမှာ သူ၏ လက်ထဲမှ လုယူခံလိုက်ရခြင်း ဖြစ်နေသောကြောင့်ပင်။

“ဟာ... ဒုက္ခပါပဲ...။” ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့် ရှင်းရှင်းက အလန့်တကြား အော်ဟစ်လိုက်သည်။ “၇ ရက်တောင် ကြာသွားပြီဆိုတော့... မိန်းတို့ ပထမနယ်မြေရဲ့ စမ်းသပ်မှုကို ကျရှုံးသွားပြီပေါ့။ ဒါပေမဲ့... ဘာလို့များ မိန်းတို့ကို အပြင်မထုတ်သေးတာလဲ။”

“ဟားဟားဟား...။” စင်မြင့်ပေါ်မှ ကျန်းကျွင်းချန်က သူမ၏ အလန့်တကြား အော်ဟစ်သံကြောင့် မနေနိုင်တော့ဘဲ တဟားဟား ရယ်မောလိုက်တော့သည်။ “ကောင်မလေးရ... ဒီအစီအရင်ကြီးကို ထိန်းချုပ်ထားတာက ငါ့ရဲ့ စိတ်ဝိညာဉ်လေ။ အစီအရင်ရဲ့ ဖွဲ့စည်းပုံ အတိုင်းအတာက ဒီကမ္ဘာငယ်လေး တစ်ခုလုံးကို ဖြန့်ကျက် လွှမ်းခြုံထားတာ။ ဒီတော့... ဒီမှာ ဘယ်သူက ဒိုင်လူကြီး လုပ်နေတယ်လို့ မင်း ထင်လို့လဲ။”

ကျန်းကျွင်းချန်၏ စကားကြောင့် ရှင်းရှင်း၏ မျက်လုံးများ ချက်ချင်း အရောင်တောက်သွားရပြီး အရာအားလုံးကို သဘောပေါက် နားလည်သွားတော့၏။ ရှေးဟောင်းအမွေအနှစ်နယ်မြေ၏ စမ်းသပ်မှုများအားလုံးကို လူမရှိဘဲ အလိုအလျောက် လည်ပတ်နေနိုင်စေခြင်းမှာ ကျန်းကျွင်းချန်၏ ထူးခြားဆန်းကြယ်လှသော အခြေအနေကြောင့်ပင် ဖြစ်သည်။

“ကဲ...။” လင်းချန်က ရှင်းရှင်းအား ကြည့်ကာ ပြုံး၍ ပြောလိုက်သည်။ “မိန်းလည်း နိုးပြီဆိုတော့... ကိုယ်တို့ အလုပ်စလုပ်ကြတာပေါ့။”

ထို့နောက် သူ၏ မျက်လုံးများမှာ ရုတ်ချည်း စူးရှသွားပြီး လက်တစ်ဖက်ကို ဆန့်ထုတ်ကာ ကောင်းကင်ယံဆီသို့ ရုတ်တရက် လက်ညှိုးထိုး ညွှန်ပြလိုက်၏။

“ဟွာရှာအင်ပါယာရဲ့...။” လင်းချန်က ကောင်းကင်သို့ လက်ညှိုးထိုးကာ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ “တော်ဝင်တပ်မတော်...”

လင်းချန်၏ အော်ဟစ်သံ အဆုံးတွင် ကျန်းကျွင်းချန်၏ မျက်နှာထားမှာ ချက်ချင်း ပြောင်းလဲသွားရတော့၏။ အကြောင်းမူကား အစီအရင်၏ ဗဟိုချက် အလင်းတန်းထဲမှနေ၍ ပြင်းထန်လှသော တုန်ခါမှုတစ်ခုကို သူ အထင်းသား အာရုံခံလိုက်မိသောကြောင့်ပင်။

ကျန်းကျွင်းချန်တစ်ယောက် အပေါ်သို့ မော့မကြည့်နိုင်ခင်မှာပင် ကောင်းကင်ထက်ဆီမှ လူရိပ်ပေါင်းများစွာသည် ဆက်တိုက် ဆင်းသက်လာကြ၏။

“အရှင်မင်းမြတ်...။” သူတို့အားလုံးက ကြမ်းပြင်ပေါ်သို့ ပြင်းထန်သောအရှိန်ဖြင့် ကျရောက်လာပြီးနောက် တစ်ခဲနက် ပြိုင်တူ ဟစ်ကြွေးလိုက်ကြသည်။ “သက်တော်ရာကျော်ရှည်ပါစေ...။”

ပြိုင်ဘက်ကင်း အင်ပါယာ။

စာစဉ် ၁၅ ၊ အတွဲ ၁ ၊ အပိုင်း ၁၄၃ ပြီး။

ဘာသာပြန် - Author Ko Yoohtoo

True Immortal Team

ပြိုင်ဘက်ကင်း အင်ပါယာ။

စာစဉ် ၁၅ ၊ အတွဲ ၁ ၊ အပိုင်း ၁၄၄

ဘာသာပြန် - Author Ko Yoohtoo

True Immortal Team

‘’ကောင်းကင်ပေါ်ကနေ ထပ်ပြီး ဆင့်ခေါ်လိုက်ပြန်ပြီ။”

ရှင်းရှင်းမှာ လင်းချန်၏ဘေး၌ ရပ်နေရင်း ရှေ့မှ မြင်ကွင်းအား ကြည့်ကာ အံ့ဩမှင်သက်နေမိသည်။

အစပိုင်း၌ လင်းချန်အနေဖြင့် ဤမျှ ထူးဆန်းလှသည့် လက်အောက်ငယ်သားများကို မည်သည့်နေရာမှ ဆင့်ခေါ်နိုင်ခဲ့သနည်းဆိုသည်ကို ရှင်းရှင်း သိချင်နေခဲ့သည်။

ယခုမူ သူမ သဘောပေါက်သွားလေပြီ။ လင်းချန်က ထိုစစ်သည်များအား အထက်ကောင်းကင်ယံဆီမှ ဆင့်ခေါ်လိုက်ခြင်းပင်။

ထို့အပြင် ယခု ထွက်ပေါ်လာသည့် စစ်သည်များမှာ ယခင်က တွေ့ခဲ့ရသည့် အနက်ရောင် သံချပ်ကာအပျော့စား ဝတ်ဆင်ထားသူများနှင့် လုံးဝ ကွဲပြားခြားနားနေကြောင်း သူမ သတိထားမိလိုက်သည်။

ထိုအနက်ရောင် သံချပ်ကာဝတ်စုံရှင်များမှာ တစ်ချက်ကြည့်လိုက်ရုံဖြင့် အလွန် ပေါ့ပါးသွက်လက်မည့်ပုံ ပေါ်လွင်နေသည်။ သို့သော် ယခု ပေါ်လာသည့် စစ်သည်များကမူ လုံးဝကို ကွဲပြားခြားနားနေပြန်၏။

လင်းချန်၏ ရှေ့မှောက်၌ ဒူးထောက်နေကြသည့် စစ်သည်များအားလုံးသည် သံချပ်ကာအပြည့်အစုံကို ဝတ်ဆင်ထားကြသည်။ ထို့အပြင် ရှင်းရှင်း သတိထားမိလိုက်သည့် အချက်မှာ ထိုစစ်သည်များသည် အုပ်စုနှစ်စု ကွဲပြားနေခြင်းပင်။

လင်းချန်နှင့် အနီးဆုံး၌ ရှိနေသည့် စစ်သည်များ၏ အရပ်အမောင်းမှာ သာမန်မျှသာရှိပြီး လှံရှည်များကို ကိုင်ဆောင်ထားကြသည်။ သူတို့၏ စိတ်ဝိညာဉ်စွမ်းအင်မှာ အဝါရင့်ရောင်ဖြစ်ပြီး အခြား ထူးခြားချက်များ မရှိပေ။

ကျနိသည့် စစ်သည်များကမူ ပိုမိုလေးလံသည့် သံချပ်ကာကြီးများကို ဝတ်ဆင်ထားကြပြီး အရပ်ရှစ်ပေခန့် မြင့်မားကာ ဝက်ဝံကြီးများကဲ့သို့ သန်မာထွားကြိုင်းကြသည်။

သူတို့၏ ကျောပြင်ထက်၌ တံခါးချပ်ခန့်ရှိသည့် ဒိုင်းကာကြီးများကို လွယ်ထားကြပြီး စိတ်ဝိညာဉ်စွမ်းအင်မှာလည်း အဝါရင့်ရောင်ပင်။

“မိတ်ဆွေလေး...။ ဒါက တကယ့်ကို...” လုံးဝကို မှင်သက်အံ့ဩသွားသော ကျန်းကျွင်းချန်က စင်မြင့်ထက်မှနေ၍ ရေရွတ်လိုက်သည်။

စစ်သည်များ၏ အရှိန်အဝါမှာ နိဗ္ဗာန်အဆင့်ကိုး၌သာ ရှိသော်ငြား သူတို့၏ ထူးခြားမှုကို သူ ကောင်းစွာ သိမြင်နေနိုင်သည်။

ထိုစစ်သည်များ၏ ဝတ်စုံများမှာ တစ်ပုံစံတည်းဖြစ်နေပြီး အရည်အသွေးမြင့်မားသည့် ကိရိယာတန်ဆာပလာများကို တပ်ဆင်ထားကြသည်။ ထို့အပြင် သူတို့၏ မျက်လုံးများကလည်း ရေခဲတမျှ အေးစက်နေကြ၏။

သေချာစွာ အကဲခတ်ကြည့်လိုက်သည့်အခါ စစ်သည်များ၏ မျက်နှာသွင်ပြင်များ ကွဲပြားနေသော်လည်း ခန္ဓာကိုယ် အရွယ်အစားများမှာမူ တစ်ပုံစံတည်း တူညီနေသည်ကို တွေ့လိုက်ရသဖြင့် ကျန်းကျွင်းချန်မှာ ပို၍ အံ့ဩသင့်သွားရသည်။

ထို့အပြင် ထိုစစ်သည်များ၏ စိတ်ဝိညာဉ်စွမ်းအင်များမှာ အလွန်တရာ ထူးခြားလှ၏။ သူတို့၏ စွမ်းအားများကို သံမဏိပြားကြီးတစ်ခုသဖွယ် စုစည်းချိတ်ဆက်ထားနိုင်ပြီး သံမဏိကဲ့သို့ ခိုင်မာသည့် စိတ်ဓာတ်များကို ပိုင်ဆိုင်ထားကြသည်။

‘တူညီတဲ့ ခန္ဓာကိုယ် ၊ တူညီတဲ့ စိတ်ဝိညာဉ်စွမ်းအင် ၊ ပြီးတော့ ထူးခြားတဲ့ ချိတ်ဆက်မှု... တကယ့်ကို ပြီးပြည့်စုံတဲ့ တပ်မတော်ပဲ...’ ကျန်းကျွင်းချန်က စိတ်ထဲမှ တွေးလိုက်မိသည်။

ဤကဲ့သို့သော တပ်မတော်မျိုးသာ တိုက်ပွဲဝင်မည်ဆိုပါက သူတို့၏ တိုက်ခိုက်နိုင်စွမ်းမှာ သာမန်ထက် များစွာ သာလွန်နေပေလိမ့်မည်။

တစ်ဖက်၌လည်း နန်ရှင်းက မယုံကြည်နိုင်စွာဖြင့် အော်ဟစ်လိုက်သည်။ “မဖြစ်နိုင်ဘူး...။ မင်း ဒီလူတွေကို ဘယ်ကနေ ခေါ်ထုတ်လာတာလဲ။”

“ဟက်...။” လင်းချန်က လှောင်ပြုံးတစ်ချက် ပြုံးကာ ဆိုလိုက်သည်။ “မင်းအပူ မပါဘူး။ တကယ့် တပ်မတော်ဆိုတာ ဘယ်လိုမျိုးလဲဆိုတာ မင်းလို တောသားကောင် သိအောင် အခု ပြပေးမယ်။”

ထို့နောက် လင်းချန်က နန်ရှင်း၏ ဖြူဆွတ်နေသည့် မျက်နှာအား ဂရုမစိုက်တော့ဘဲ လက်ကိုဝှေ့ယမ်းကာ ပြတ်သားစွာ အမိန့်ပေးလိုက်သည်။ “သတ်...။”

“သတ်...။” စစ်သည်များက မတ်တတ်ရပ်ကာ ပြိုင်တူ ဟစ်ကြွေးလိုက်ကြပြီးနောက် ဖုတ်ကောင်တပ်မတော်ဆီသို့ ဦးတည် ပြေးဝင်သွားကြတော့၏။

ဟွာရှာအင်ပါယာမှ ဆင့်ခေါ်ထားသည့် ထိုစစ်သည်များသည် ဗရမ်းဗတာ ပြေးဝင်တိုက်ခိုက်ကြခြင်း မဟုတ်ဘဲ စနစ်တကျ တန်းစီကာ ချီတက်သွားကြခြင်းပင်။

သန်မာထွားကြိုင်းလှသည့် ဒိုင်းကိုင်စစ်သည်များသည် ကျောပေါ်မှ ဒိုင်းကြီးများအား ဆွဲယူလိုက်ကြပြီးနောက် စက်ဝိုင်းပုံသဏ္ဍာန် တန်းစီကာ အလင်းတန်းအတားအဆီး၏ အစွန်း၌ နေရာယူလိုက်ကြသည်။

“ဒုန်း... ဒုန်း... ဒုန်း...”

လူတစ်ရပ်ထက်မြင့်သည့် ဒိုင်းကြီးများကို ဒိုင်းကိုင်စစ်သည်များက မြေကြီးပေါ်သို့ အားပါပါ ဆောင့်ချကာ မတ်မတ်ထောင်လိုက်ကြသည်။ ထို့နောက် သူတို့က ဒိုင်းများကို အချင်းချင်း ချိတ်ဆက်လိုက်ကြပြီး အဝါရင့်ရောင် စိတ်ဝိညာဉ်စွမ်းအင်များကို ဒိုင်းများထဲသို့ စီးဆင်းသွားစေသည်။

ချက်ချင်းဆိုသလိုပင် ဒိုင်းကိုင်စစ်သည်များ၏ စိတ်ဝိညာဉ်စွမ်းအင်များမှာ ထိုဒိုင်းကြီးများကို အခြေပြုကာ တစ်သားတည်း ပေါင်းစပ်သွားပြီး ဖြိုဖျက်၍မရနိုင်စွမ်းသည့် ဒိုင်းတံတိုင်းကြီးတစ်ခုကို တည်ဆောက်လိုက်ကြ၏။

ပထမ စက်ဝိုင်းပုံ ဒိုင်းတံတိုင်း ဖြစ်ပေါ်လာပြီးနောက် နောက်ထပ် ဒိုင်းကိုင်စစ်သည်တစ်ဖွဲ့ ပြေးထွက်လာကာ ရှေ့မှ သူတို့ရဲဘော်များ၏ ပခုံးပေါ်သို့ တက်၍ ဒုတိယအလွှာ ဒိုင်းတံတိုင်းကို ထပ်မံ တည်ဆောက်လိုက်ကြပြန်သည်။

ရှင်းရှင်း ၊ ကျန်းကျွင်းချန်နှင့် နန်ရှင်းတို့၏ အံ့ဩမှင်သက်နေသော မျက်လုံးများရှေ့၌ပင် နှစ်ထပ် ဒိုင်းတံတိုင်းကြီးတစ်ခု အထင်အရှား ထွက်ပေါ်လာ၏။

သို့သော် ရှင်းရှင်းမှာ ဇဝေဇဝါဖြစ်နေဆဲပင်။ အကြောင်းမူကား ဒိုင်းကြီးနှစ်ခုကို ဆက်ထားသည့် နေရာ၏ တစ်ဖက်တစ်ချက်စီ၌ စက်ဝိုင်းပုံ အပေါက်သုံးပေါက်စီ ရှိနေပြီး ထိုအရာများကို မည်သည့်အတွက် အသုံးပြုရမှန်း သူမ လုံးဝ စဉ်းစား၍မရနိုင်သောကြောင့်ပင်။

“ဝါးးး ဝါးးး”

ထိုအချိန်တွင် ဒိုင်းကိုင်စစ်သည်များသည် အလင်းတန်းအတွင်းဘက်၌ ရှိနေသော်ငြား သူတို့၏ ဒိုင်းကြီးများမှာမူ အပြင်ဘက်သို့ ရောက်ရှိနေပြီဖြစ်သည်။ ထိုအခါ ဒိုင်းတံတိုင်းအရှေ့မှ ဖုတ်ကောင်များသည် ရုတ်တရက် ဂယောက်ဂယက်ဖြစ်လာပြီး ဟိန်းဟောက်ကာ တံတိုင်းဆီသို့ ပြေးဝင်ဆောင့်ကြတော့သည်။

သို့သော် အလွန်သန်မာသည့် ဒိုင်းကိုင်စစ်သည်များမှာကား တောင်ကြီးများပမာ မတုန်မလှုပ် ရှိနေကြသည်။

ဒိုင်းကိုင်ထားသည့် သူတို့၏ လက်မောင်းများမှာ အနည်းငယ်မျှပင် တုန်ခါသွားခြင်း မရှိချေ။

“ကောင်းလိုက်တာ...။” စင်မြင့်ထက်မှ ကျန်းကျွင်းချန်က သဘောကျစွာ အော်ဟစ်လိုက်သည်။ “မိတ်ဆွေလေး... မင်းရဲ့ စစ်သည်တွေက တကယ် ထူးခြားတာပဲ။ ဒိုင်းတံတိုင်းက အချင်းချင်း ချိတ်ဆက်ထားပြီး သံမဏိပြားကြီးတစ်ခုလို ခိုင်မာနေတယ်။ ဝင်ဆောင့်လိုက်တဲ့ အရှိန်တွေတောင် ပြန့်ကျဲသွားတယ်။ တကယ် မိုက်တယ်ကွာ။”

“ဒါပေါ့...။” လင်းချန်က ခေါင်းတငြိမ့်ငြိမ့်ဖြင့် ဂုဏ်ယူဝင့်ကြွားစွာ ပြောလိုက်သည်။ “ဟွာရှာအင်ပါယာရဲ့ တပ်မတော်က လောကမှာ ပြိုင်ဘက်ကင်းပဲ။”

“ဟားဟား...။” လင်းချန်၏ ယုံကြည်မှုအပြည့်ရှိနေသည့် ဟန်ပန်ကို ကြည့်ပြီး ကျန်းကျွင်းချန်က ဘဝင်မြင့်နေသည်ဟု မထင်မှတ်ဘဲ သဘောကျစွာ ဆိုလိုက်သည်။ “မင်းက တကယ် မနှိမ့်ချတတ်ပါလား လူငယ်လေး...။”

“ကျွန်တော့် စစ်သည်တွေကို ယုံကြည်လို့ပါ။” လင်းချန်က ပြုံးကာ ပြောလိုက်သည်။ “တူညီတဲ့ အခြေအနေအောက်မှာဆိုရင် သူတို့က လုံးဝ ပြိုင်ဘက်ကင်းတယ်။ သူတို့ကို ကျွန်တော် ဂုဏ်ယူတယ်။ ဘာလို့ ဟန်ဆောင်နေရမှာလဲ။ စွမ်းရင် စွမ်းတယ်ပေါ့။”

“ကောင်းတယ်။” ကျန်းကျွင်းချန်က တိတ်ဆိတ်စွာ ခေါင်းညိတ်လိုက်သည်။ “စွမ်းရင် စွမ်းတယ်တဲ့။ ငါလည်း မင်းရဲ့ တပ်ဖွဲ့တွေ စွမ်းတယ်လို့ ခံစားရတယ်။”

“ချွမ်...”

လင်းချန်နှင့် ကျန်းကျွင်းချန်တို့ စကားပြောနေစဉ်မှာပင် လှံကိုင်စစ်သည်များ လှုပ်ရှားလာကြလေပြီ။ သူတို့သည် တစ်ယောက်ပြီးတစ်ယောက် ရှေ့သို့ တိုးလာကြပြီး ဒိုင်းကိုင်စစ်သည်များ၏ ကြား၌ နေရာယူကာ ဒိုင်းတံတိုင်းရှိ စက်ဝိုင်းပုံအပေါက်များမှတစ်ဆင့် လှံရှည်များဖြင့် အားပါပါ ထိုးသွင်းလိုက်ကြသည်။ ထိုအခါ ဒိုင်းတံတိုင်းရှေ့တွင် ဝင်ဆောင့်နေသည့် ဖုတ်ကောင်များမှာ အလစ်အငိုက် မိသွားကြတော့သည်။ ရုတ်တရက် ထိုးထွက်လာသည့်

လှံရှည်များက သူတို့၏ ဒန်ထျန်များကို ထိုးဖောက်သွားသဖြင့် စုစည်းထားသည့် စိတ်ဝိညာဉ်စွမ်းအင်များ ပေါက်ကွဲသွားကာ ဝမ်းဗိုက်များ ပွင့်ထွက်သွားတော့သည်။

“ဪ...။” ထိုမြင်ကွင်းအား ကြည့်ပြီး ရှင်းရှင်းက ချက်ချင်း သဘောပေါက်သွားကာ ရေရွတ်လိုက်သည်။ “ဒိုင်းတံတိုင်းက အပေါက်တွေရဲ့ အသုံးဝင်ပုံက ဒါကိုး။”

အကြောင်းမူကား ဒိုင်းတံတိုင်း ချိတ်ဆက်မှုကြောင့် ဖြစ်ပေါ်လာသည့် ထိုအပေါက်သုံးပေါက်မှာ လှံကိုင်စစ်သည်များ၏ လှံရှည်များ ထိုးထွက်ရန်အတွက် ဖြစ်ပြီး ၊ အနိမ့်အမြင့် မတူညီသည့် အပေါက်များက လှံကိုင်စစ်သည်များအား လွတ်လပ်စွာ တိုက်ခိုက်ခွင့် ပေးထားသောကြောင့်ပင်။

ထိုအချိန်မှာပင် နောက်ထပ် ဒိုင်းကိုင်စစ်သည်များနှင့် လှံကိုင်စစ်သည်များ ကောင်းကင်ယံမှ ဆင်းသက်လာပြီး လင်းချန်၏ ရှေ့မှောက်၌ နေရာယူလိုက်ကြသည်။

ဒိုင်းကိုင်စစ်သည်များသည် မြေကြီးပေါ်သို့ ကျရောက်လာသည်နှင့်တစ်ပြိုင်နက် ကျောပေါ်မှ ဒိုင်းကြီးများကို ဆွဲယူလိုက်ကြပြီး ဒူးကွေးကာ အသင့်ပြင်လိုက်ကြ၏။

“သတ်...။” ထိုခဏ၌ ဒိုင်းတံတိုင်း ဖွဲ့စည်းထားသည့် ဒိုင်းကိုင်စစ်သည်များက ပြိုင်တူ ဟစ်ကြွေးလိုက်ကြပြီး အားကုန်သုံးကာ ရှေ့သို့ တွန်းတိုက်လိုက်ကြသည်။

ဒိုင်းတံတိုင်းရှေ့၌ ဝိုင်းရံနေသည့် ဖုတ်ကောင်များမှာ လှံကိုင်စစ်သည်များ၏ လက်ချက်ကြောင့် ရှေ့တန်းတစ်လျှောက်လုံး မျိုးပြုတ်သွားလေပြီ။

အနောက်မှ ပြေးဝင်လာသည့် ဖုတ်ကောင်များမှာမူ ဒိုင်းကိုင်စစ်သည်များ၏ ပြင်းထန်သည့် တွန်းတိုက်မှုကြောင့် အဝေးသို့ လွင့်စင်ထွက်သွားကြသည်။

ထိုသို့ ပြုလုပ်လိုက်ခြင်းဖြင့် ဒိုင်းတံတိုင်းကြီးသည် ရှေ့သို့ တဖြည်းဖြည်း တိုးဝင်သွားပြီး အစီအရင် အလယ်ဗဟိုရှိ အလင်းတန်းနှင့် ဝေးကွာသွား၏။

ထိုသို့ ရှေ့သို့ တိုးသွားစဉ်မှာပင် နောက်ထပ် ရောက်လာသည့် ဒိုင်းကိုင်စစ်သည်များက ဟာလာဟင်းလင်း ဖြစ်သွားသည့် နေရာလွတ်များကို ချက်ချင်း ဝင်ရောက်ဖြည့်ဆည်းပေးလိုက်ကြသည်။

ဒိုင်းတံတိုင်းကြီး နှစ်ဆခန့် ကျယ်ပြန့်လာသည့်အချိန်တွင် လင်းချန် ထပ်မံ ဆင့်ခေါ်လိုက်သည့် ဒိုင်းကိုင်စစ်သည်များသည် ကွေးထားသည့် ဒူးများကို ဆန့်ထုတ်ကာ အပေါ်သို့ ခုန်တက်လိုက်ပြီး ရှေ့တန်းမှ ဒိုင်းကိုင်စစ်သည်များ၏ ပခုံးထက်သို့ ရောက်ရှိသွားကြ၏။

“ဒုန်း... ဒုန်း... ဒုန်း...”

အပေါ်နှင့် အောက်ရှိ ဒိုင်းကိုင်စစ်သည်များက ဒိုင်းကြီးများကို အချင်းချင်း ပေါင်းစပ်လိုက်သဖြင့် ကျယ်လောင်သည့် အသံများ ထွက်ပေါ်လာကာ နှစ်ထပ် ဒိုင်းတံတိုင်းကြီး ချက်ချင်း ဖြစ်ပေါ်လာပြန်သည်။

ထို့နောက် ရှင်းရှင်း မြင်တွေ့ဖူးထားသည့် အနက်ရောင်ဝတ်စုံနှင့် လူများ ထပ်မံ ပေါ်ထွက်လာသည်။ ထိုသူများမှာ လေဟုန်စစ်သည်များပင်။

လေဟုန်စစ်သည်များ အပြင်ဘက်သို့ စက်ဝိုင်းပုံသဏ္ဍာန် ပြေးထွက်သွားကြပြီး အတွင်းဘက်ရှိ ကြမ်းပြင်ပေါ်၌ ပြန့်ကျဲနေသည့် ဖုတ်ကောင် အစိတ်အပိုင်းများအား စုစည်းလိုက်ကြသည်။

ထို့နောက်... လေဟုန်စစ်သည်များသည် ဘောလုံးပုံစံ ပစ္စည်းတစ်ခုကို ထုတ်ယူလိုက်ပြီး ပူပြင်းသည့် အလင်းတန်းများ ပစ်လွှတ်ကာ ဖုတ်ကောင် အစိတ်အပိုင်းများအား ပြာကျသွားစေသည်။

ဖုတ်ကောင်အချို့ မသေသေးဘဲ လှုပ်ရှားနိုင်စွမ်း ရှိနေသေးလျှင်ပင် လေဟုန်စစ်သည်များက ဓားတစ်ချက်တည်းဖြင့် အပြတ်ရှင်းလင်းလိုက်ကြသည်။ ထို့နောက် ထူးဆန်းသည့် ဘောလုံးများဖြင့် စစ်မြေပြင်အား ရှင်းလင်းလိုက်ကြသည်။

လေဟုန်စစ်သည်များ၏ လှုပ်ရှားမှုများမှာ အလွန်တရာ လျင်မြန်လှသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူတို့၏ လုပ်ငန်းဆောင်တာများ ပြီးဆုံးသွားကာ နောက်သို့ဆုတ်ပေးလိုက်ပြီး လှံကိုင်စစ်သည်များအား ရှေ့သို့ တက်လာခွင့်ပြုလိုက်သည်။

ဤမျှ သေသပ်ဟန်ချက်ညီလှသည့် ပူးပေါင်းဆောင်ရွက်မှုနှင့် ညီညာလှသည့် လှုပ်ရှားမှုများက ရှင်းရှင်းနှင့် ကျန်းကျွင်းချန်တို့အား လွန်စွာ အံ့အားသင့်သွားစေသည်။

တကယ့် တပ်မတော်ဆိုတာ ဘယ်လိုမျိုးလဲ ပြသမည်ဟု လင်းချန် ပြောခဲ့သည်ကို ကျန်းကျွင်းချန် ပြန်လည် သတိရသွားသည်။ ယခုမူ သူတို့ မျက်ဝါးထင်ထင် တွေ့လိုက်ရလေပြီ။

ပြိုင်ဘက်ကင်း အင်ပါယာ။

စာစဉ် ၁၅ ၊ အတွဲ ၁ ၊ အပိုင်း ၁၄၄ ပြီး။

ဘာသာပြန် - Author Ko Yoohtoo

True Immortal Team

All Chapters