အခန်း (၁၄၅-၁၄၆)
Vol. 15 Ch. 145-146
ပြိုင်ဘက်ကင်း အင်ပါယာ။
စာစဉ် ၁၅ ၊ အတွဲ ၁ ၊ အပိုင်း ၁၄၅
ဘာသာပြန် - Author Ko Yoohtoo
True Immortal Team
ကွဲပြားခြားနားလှသည့် စစ်သည်အမျိုးအစားများမှာ အချင်းချင်း ဟန်ချက်ညီညီ ပူးပေါင်းကာ စက်ယန္တရားတစ်ခုလည်ပတ်နေသကဲ့သို့ အလွန်တရာ တိကျသေချာစွာဖြင့် ဖုတ်ကောင်တပ်မတော်အား ထိုးစစ်ဆင်နေကြ၏။
အကယ်၍သာ တစ်ဦးချင်း တိုက်ခိုက်မည်ဆိုပါက ဖုတ်ကောင်များ၏ စွမ်းအားမှာ လင်းချန် ဆင့်ခေါ်ထားသည့် တော်ဝင်စစ်သည်များထက် များစွာ သာလွန်နေပေလိမ့်မည်။
အကြောင်းမူကား လင်းချန် ဆင့်ခေါ်ထားသည့် ထိုစစ်သည်များမှာ ဟွာရှာအင်ပါယာ၏ အဆင့်အနိမ့်ဆုံး စစ်သည်များသာ ဖြစ်နေသေးသောကြောင့်ပင်။
ထိုသို့တိုင်အောင် ယခုကဲ့သို့ အစုလိုက်အပြုံလိုက် သတ်ဖြတ်ရသည့် စစ်မြေပြင်မျိုး၌မူ ဖုတ်ကောင်တပ်မတော်၏ ကြမ်းတမ်းလှသော ခွန်အားသည် ဟွာရှာအင်ပါယာ တော်ဝင်တပ်မတော်၏ စနစ်ကျလှသည့် တိုက်ခိုက်မှုအား မည်သို့လျှင် ယှဉ်ပြိုင်နိုင်ပါမည်နည်း။
"တောက်..." ထိုမြင်ကွင်းအား မြင်တွေ့လိုက်ရသောအခါ နန်ရှင်းက ဒေါသတကြီး အော်ဟစ်လိုက်သည်။ "သေစမ်းကွာ...။"
သူ၏ မျက်လုံးအိမ်အတွင်းမှ ခရမ်းရောင်မီးတောက်များမှာ ရူးသွပ်စွာ တုန်ခါနေ၏။ နန်ရှင်း၏ အော်ဟစ်သံနှင့်အတူ ခရမ်းရောင်မြူခိုးများမှာ သူ၏ မျက်လုံးများထဲမှ ထွက်ပေါ်လာပြီးလျှင် ဖုတ်ကောင်တပ်မတော် တစ်ခုလုံးအား ချက်ချင်းဆိုသလို လွှမ်းခြုံသွားတော့သည်။
နောက်တစ်ခဏ၌ တိုက်ခိုက်နေဆဲဖြစ်သော ဖုတ်ကောင်များမှာ ခရမ်းရောင်အလင်းတန်းများအောက်တွင် ရုတ်တရက် ရပ်တန့်သွားကြ၏။ ထို့နောက် သူတို့က လက်သီးများကို တင်းတင်းဆုပ်ကာ ခါးကို ကိုင်းချလိုက်ကြပြီး အသံနက်ကြီးများဖြင့် ဟိန်းဟောက်လိုက်ကြသည်။
“ဂျွတ်... ဂျွတ်...”
ထို့နောက်တွင်မူ ဖုတ်ကောင်များ၏ ခန္ဓာကိုယ်များအတွင်းမှ အရိုးများ ကျိုးပဲ့သွားသည့် အသံများ ထွက်ပေါ်လာကာ ခန္ဓာကိုယ် အရွယ်အစားများမှာလည်း ကြီးထွားလာကြပြီး ဒိုင်းကိုင်စစ်သည်များနှင့် တစ်ရွယ်တည်း တူညီသွားကြသည်။
ကွာခြားချက်မှာကား ဒိုင်းကိုင်စစ်သည်များ၏ အရွယ်အစားမှာ တစ်ပုံစံတည်း တူညီနေကြသော်ငြား ဖုတ်ကောင်များမှာမူ မူလအရွယ်အစားများ မတူညီကြသည့်အတွက် အနည်းငယ် ကွာခြားမှု ရှိနေခြင်းပင်။
အရိုးများ ကြီးထွားလာရုံသာမကဘဲ ခရမ်းရောင်မြူခိုးများ ပျောက်ကွယ်သွားသည့်နောက်တွင် ဖုတ်ကောင်များ၏ ဖြူဆွတ်နေသော အသားအရေများမှာ ခရမ်းဖျော့ရောင်သို့ ပြောင်းလဲသွားကြသည်။
ကြွက်သားများမှာလည်း ပိုမို၍ ထွားကြိုင်းသန်မာလာကြ၏။ သူတို့၏ မျက်လုံးအိမ်များအတွင်းမှ စိမ်းဖန်ဖန် မီးတောက်များမှာလည်း ပိုမိုပြင်းထန်စွာ တောက်လောင်လာကြသည်။
နန်ရှင်းက ဖုတ်ကောင်များ ပြောင်းလဲမှု ပြီးဆုံးသွားသည်နှင့် ရက်စက်သော မျက်နှာထားဖြင့် လင်းချန်ရှိရာဘက်သို့ လက်ညှိုးထိုးပြလိုက်ကာ အမိန့်ပေးလိုက်သည်။
"သတ်ကြစမ်း...။"
“ဝါးးး ဝါးးး ဝါးးး”
ချက်ချင်းဆိုသလိုပင် ရူးသွပ်နေသည့် ဖုတ်ကောင်များမှာ နန်ရှင်း၏ အမိန့်ကို နာခံလျက် ဒိုင်းကိုင်စစ်သည်များ၏ ဒိုင်းတံတိုင်းဆီသို့ တစ်ဖန် ပြန်လည်၍ ပြေးဝင်တိုက်ခိုက်ကြပြန်သည်။
လင်းချန်နှင့် သူ၏ အဖွဲ့သားများမှာလည်း ဖုတ်ကောင်များ၏ သိသာထင်ရှားလှသည့် ပြောင်းလဲမှုကြီးအား သတိထားမိလိုက်ကြတော့၏။
“ဒုန်း...”
ပြောင်းလဲသွားကြသည့် ဖုတ်ကောင်များမှာ ဒိုင်းတံတိုင်းအား နောက်တစ်ကြိမ် ထပ်မံ ဝင်ဆောင့်လိုက်ကြရာ မူလက မတုန်မလှုပ် ရှိနေခဲ့သည့် ဒိုင်းတံတိုင်းကြီးမှာ အနည်းငယ်မျှ တုန်ခါသွားရသည်။
အနောက်ဘက်မှ ဖုတ်ကောင်များမှာလည်း ဒိုင်းတံတိုင်းကြီးအား ကျော်တက်မည့် ရည်ရွယ်ချက်ဖြင့် မြင့်မားစွာ ခုန်တက်လိုက်ကြ၏။
ယီစင်းက ထိုမြင်ကွင်းကို မြင်တွေ့လိုက်ရသည့်အခါ စိုးရိမ်တကြီးဖြင့် အော်ဟစ်လိုက်သည်။ "ဒုက္ခပဲ...။"
နှစ်ထပ်ဒိုင်းတံတိုင်းကြီးမှာ အတော်အတန် မြင့်မားလှသော်ငြား ပြောင်းလဲသွားကြသည့် ဖုတ်ကောင်များ၏ ခုန်ပျံနိုင်စွမ်းမှာ သိသိသာသာကို တိုးတက်လာသည်။
အကယ်၍သာ သူတို့အား မတားဆီးနိုင်ခဲ့ပါလျှင် ဒိုင်းတံတိုင်း၏ အတွင်းဘက်သို့ မုချ ဝင်ရောက်လာကြပေလိမ့်မည်။
သို့သော်လည်း ဒိုင်းတံတိုင်းအနောက်ဘက်မှ လှံကိုင်စစ်သည်များမှာလည်း အထက်သို့ ခုန်တက်လိုက်ကြကာ လေဟုန်အလယ်၌ ဖုတ်ကောင်များနှင့် ထိပ်တိုက် တွေ့ဆုံသွားကြသည်။
လှံကိုင်စစ်သည်များမှာ အနည်းငယ်မျှ တွေဝေခြင်း မရှိဘဲ လှံရှည်များဖြင့် ဖုတ်ကောင်များ၏ ဦးခေါင်းများဆီသို့ ရိုက်ချလိုက်ကြ၏။ တစ်ချိန်တည်းမှာပင် ဖုတ်ကောင်များကလည်း သူတို့၏ လက်မောင်းများဖြင့် လျင်မြန်စွာ ကာကွယ်လိုက်ကြသည်။
လေပေါ်သို့ ရောက်ရှိနေသည့် ဖုတ်ကောင်များမှာ လှံကိုင်စစ်သည်များ၏ ပြင်းထန်လှသော ရိုက်ချချက်များကြောင့် ရော်ဘာဘောလုံးများပမာ နောက်သို့ လွင့်စင်ကာ ပြန်ကန်ထွက်သွားကြသည်။
ထိုသို့ လွင့်စင်သွားရာမှ အနောက်ဘက်မှ ခုန်တက်လာကြသည့် ဖုတ်ကောင်များနှင့် ဝင်တိုက်မိသွားပြီး အောက်သို့ ပြုတ်ကျကုန်ကြကာ ဖုတ်ကောင်တပ်မတော် အတွင်း၌ ဗရမ်းဗတာ ရှုပ်ထွေးသွားစေတော့၏။
အောက်သို့ ပြန်လည် ကျဆင်းလာကြသည့် လှံကိုင်စစ်သည်များ၏ ပါးစပ်ထောင့်များ၌လည်း သွေးစများ စီးကျလာရသည်။
အကြောင်းမှာ ပြောင်းလဲသွားကြသည့် ဖုတ်ကောင်များမှာ စွမ်းအားများ တိုးလာရုံသာမကဘဲ တိုက်ခိုက်မှုများကိုပါ ပြင်းထန်စွာ ပြန်လည်ခုခံနိုင်စွမ်း ရှိလာကြသည့်အတွက် လှံကိုင်စစ်သည်များ ဒဏ်ရာရရှိသွားကြခြင်းပင်။
“ဒုန်း... ဒုန်း... ဒုန်း...”
ဖုတ်ကောင်များက ဒိုင်းတံတိုင်းကြီးအား ဝင်ဆောင့်လိုက်ကြသည့် အသံများ ထပ်မံ ထွက်ပေါ်လာပြန်သည်။
ဒိုင်းကိုင်စစ်သည်များ၏ ခန္ဓာကိုယ်များမှာ တုန်ခါသွားရသော်ငြား ကံကောင်းထောက်မစွာဖြင့်ပင် အဝါရင့်ရောင် စိတ်ဝိညာဉ်စွမ်းအင်များမှာ ဆက်တိုက်ဆိုသလို စီးဆင်းကာ အားဖြည့်ပေးနေသဖြင့် ဒိုင်းတံတိုင်းကြီးမှာ ပြိုကျသွားခြင်း မရှိသေးချေ။
"အင်း...။" ရှေးဟောင်းဂိုဏ်းကြီးတစ်ခု၏ ဂိုဏ်းချုပ်ဖြစ်ကာ အတွေ့အကြုံ ရင့်ကျက်သူတစ်ဦးဖြစ်သည့် ကျန်းကျွင်းချန်မှာ ထိုစိတ်ဝိညာဉ်စွမ်းအင်၏ ထူးခြားမှုကို ချက်ချင်း သတိထားမိလိုက်ပြီး ရေရွတ်လိုက်သည်။ "ထူးဆန်းလိုက်တဲ့ စိတ်ဝိညာဉ်စွမ်းအင်ပါလား...။ မတူညီတဲ့ လူတွေရဲ့ စိတ်ဝိညာဉ်စွမ်းအင်တွေကို လူတစ်ယောက်တည်း ပိုင်ဆိုင်သလိုမျိုး ပေါင်းစပ်ပေးနိုင်တယ်။ ပြီးတော့ တစ်ယောက်နဲ့တစ်ယောက် ချိတ်ဆက်လိုက်ရင် စွမ်းအားတွေက တိုးလာသေးတယ်ပေါ့..."
"ဟုတ်တယ်။" လင်းချန်က ခေါင်းတစ်ချက် ညိတ်လိုက်ကာ ပြန်လည် ရှင်းပြလိုက်သည်။ "စီနီယာကျန်းရဲ့ မျက်လုံးတွေက တကယ်ကို စူးရှတာပဲဗျာ...။ ကျွန်တော့် စစ်သည်တွေရဲ့ စိတ်ဝိညာဉ်စွမ်းအင်ကို ဟွာရှာလို့ ကျွန်တော် နာမည်ပေးထားတယ်။ လူတစ်ယောက်တည်း ပိုင်ဆိုင်သလိုမျိုး ပေါင်းစပ်နိုင်ပြီး တစ်ယောက်ပေါ်တစ်ယောက် ထပ်ဆင့်လိုက်ရင် စွမ်းအားတွေ ပိုတိုးလာစေတယ်လေ...။"
လင်းချန် တစ်ယောက် အေးဆေးတည်ငြိမ်နေသည်ကို တွေ့လိုက်ရသဖြင့် ယီစင်းက စိုးရိမ်တကြီး မေးလိုက်သည်။ "ဒါပေမဲ့ ချန်လေး... အခြေအနေက သိပ်မကောင်းတော့ဘူး။ နင် စိတ်မပူဘူးလား...။ ငါ ဝင်ကူပေးရမလား..."
"ဟဲဟဲ။" လင်းချန်က ပြုံးလိုက်ပြီး ယီစင်းအနားသို့ လျှောက်သွားကာ သူမ၏ ပါးပြင်လေးကို ဖွဖွလေး ကိုင်တွယ်လျက် နူးညံ့စွာ ပြောလိုက်သည်။ "ကိုယ့်ရဲ့ စင်းစင်းလေးကို ဒီဖုတ်ကောင်တွေနဲ့ ပေးမတိုက်ရက်ပါဘူးဗျာ...။"
"ဟွန့်...။" ယီစင်း၏ ပါးပြင်လေးများမှာ နီရဲသွားကာ နှုတ်ခမ်းဆူ၍ စူပုတ်ပုတ်ဖြင့် ပြောလိုက်သည်။ "ချန်လေး...။ ဒီလိုအချိန်ကြီးမှာကို..."
အဝေးမှ ဖုတ်ကောင်တပ်မတော်၏ အထက်ကောင်းကင်ယံ၌ ရပ်တန့်နေသည့် နန်ရှင်းသည်လည်း ဒိုင်းတံတိုင်းကြီးအား ကျော်လွန်ကာ လင်းချန်ရှိရာဘက်ဆီသို့ လှမ်းကြည့်နေသည်။ သူ၏ မျက်နှာထားမှာ ယခင်ကလောက် တင်းမာခက်ထန်နေခြင်း မရှိတော့ဘဲ လေးစားမှု အရိပ်အယောင်များပင် စွက်ဖက်လာပြီ ဖြစ်၏။
ခရမ်းရောင်မီးတောက်များ တောက်လောင်နေသည့် သူ၏ မျက်လုံးများဖြင့် လင်းချန်အား စိုက်ကြည့်ကာ နန်ရှင်းက မောက်မာဝင့်ကြွားသော အမူအရာဖြင့် ပြောလိုက်သည်။ "လူသားကောင်လေး... ငါဝန်ခံပါတယ်လေ။ မင်း လေထဲကနေ ဆင့်ခေါ်လိုက်တဲ့ တပ်မတော်က တကယ်ကို ထူးခြားပါတယ်။ ဒါပေမဲ့ ဒီလောက်နဲ့တော့ အကြွင်းမဲ့ အင်အားရှေ့မှာ အလကားပါပဲကွာ။ နောက်ဆုံးကျရင် မင်း သေချာပေါက် ရှုံးမှာပဲ...။"
စင်မြင့်ထက်မှ ကျန်းကျွင်းချန်၏ မျက်နှာထားမှာလည်း ကောင်းမွန်နေခြင်း မရှိလှချေ။ လက်ရှိအခြေအနေများအရ လင်းချန်၏ဘက်မှ အသာစီး မရနိုင်တော့မှန်းကို သူလည်း ရှင်းလင်းစွာ မြင်တွေ့နေရသည်။
လင်းချန် ဆင့်ခေါ်ထားသည့် စစ်သည်များမှာ မသေဆုံးကြသေးသော်ငြား ဖုတ်ကောင်တပ်မတော်နှင့် တိုက်ခိုက်ရာ၌ ဖုတ်ကောင်များကသာ အသာစီး ရယူထားနိုင်ကြောင်းမှာ အလွန်ပင် ထင်ရှားနေ၏။ လင်းချန်တို့ ဘက်မှ အထိနာနေလေပြီ။
အချိန်ကြာမြင့်လာသည်နှင့်အမျှ လင်းချန်တို့ ရှုံးနိမ့်သွားရန်မှာ မလွဲမသွေပင် ဖြစ်လာတော့ပေမည်။ မည်သို့ပင် ဆိုစေကာမူ ဖုတ်ကောင်တပ်မတော်ကြီးမှာ ပြောင်းလဲမှုများ ဖြစ်ပေါ်ပြီးသည့်နောက်တွင် လင်းချန်၏ တပ်ဖွဲ့ထက် ပိုမို၍ အားကောင်းလာခဲ့ပြီ ဖြစ်သည်။
အကယ်၍သာ သာမန် သိုင်းဝိညာဉ်တပ်ဖွဲ့မျိုးသာ ဖြစ်ခဲ့မည်ဆိုပါက ယခုအချိန်၌ လုံးဝ ပြိုလဲသွားလောက်ပြီ ဖြစ်သော်လည်း လင်းချန်၏ တပ်ဖွဲ့က ယခုအချိန်အထိ တောင့်ခံထားနိုင်စွမ်း ရှိနေခြင်းမှာပင် အံ့ဖွယ်ရာ တစ်ခု ဖြစ်နေ၏။
ဒိုင်းတံတိုင်းကြီး ကျိုးပေါက်သွားခဲ့လျှင်ပင် ဖုတ်ကောင်တပ်မတော် အနေဖြင့် ဤမျှ အဆင့်အတန်း မြင့်မားလှသည့် တပ်ဖွဲ့ကြီးအား ကျော်ဖြတ်နိုင်ရန်အတွက် ကြီးမားလှသော ပေးဆပ်မှုများကို ပြုလုပ်ရလိမ့်မည်ဟု ကျန်းကျွင်းချန်က တွက်ဆထားသည်။
"ဟားဟားဟား" နန်ရှင်း၏ ယုံကြည်မှု အပြည့်ရှိနေသော ဟန်ပန်ကို ကြည့်ပြီး လင်းချန်က ရယ်ချင်စိတ်ကို ထိန်းချုပ်မရတော့ဘဲ ရယ်မောကာ ပြန်မေးလိုက်သည်။ "ငါရှုံးမယ် ဟုတ်လား...။ ဟားဟား... မင်းရဲ့ ဖုတ်ကောင်တပ်မတော်ကို စွမ်းအားမြှင့်တင်ပေးနိုင်ရုံလေးနဲ့တင် ငါ့ဘက်က ပြန်မတုံ့ပြန်နိုင်တော့ဘူးလို့ ထင်နေတာလား...။"
လင်းချန်၏ စကားကြောင့် ကျန်းကျွင်းချန်နှင့် ယီစင်းတို့၏ မျက်လုံးများမှာ မျှော်လင့်ချက်များဖြင့် အရောင်တောက်သွားကြသည်။ တစ်ဖက်၌မူ နန်ရှင်း၏ မျက်နှာမှာ ချက်ချင်း ပျက်ယွင်းသွားပြီး ကြည့်ရဆိုးသွားတော့၏။
နန်ရှင်း၏ အမြင်၌ ထိုလူသားကောင်လေးမှာ အလွန်တရာ ဉာဏ်များလွန်းလှသူ တစ်ဦးဖြစ်သည်။ သူ ဤသို့ ပြောထွက်လာမှတော့ သေချာပေါက် လုပ်နိုင်မည့် နည်းလမ်း တစ်ခုခု ရှိနေလောက်ပေမည်။
လင်းချန်က ပခုံးတစ်ချက်ကို တွန့်ပြလိုက်ပြီး ရုတ်တရက်ဆိုသလို ရှေ့သို့ လက်ကို ဝှေ့ယမ်းလိုက်ကာ အေးဆေးစွာ ပြောလိုက်သည်။ "အရှိန်အဝါ စွမ်းရည်ဆိုတာမျိုး ရှိတယ်လေကွာ...။ ဒါပေမဲ့ ငါ ရှင်းပြနေရင်လည်း မင်းနားလည်မှာ မဟုတ်ပါဘူးလေ...။"
ချက်ချင်းဆိုသလိုပင် အထွတ်အထိပ် ဧကရာဇ်အရှိန်အဝါများမှာ လင်းချန်၏ ခန္ဓာကိုယ်ထဲမှ အဆက်မပြတ် ထွက်ပေါ်လာပြီး အရပ်မျက်နှာ အနှံ့အပြားသို့ ပျံ့နှံ့သွားတော့သည်။ ရွှေရောင်အလင်းများက နေမင်းအလား တောက်ပနေသော်ငြား မျက်စိမကျိန်းစေနိုင်သည့် စွမ်းအင်အလင်းတန်းများ ဖြစ်ကြသည်။
လင်းချန်က သူ၏ ဧကရာဇ်စွမ်းရည်အား အပြည့်အဝ ထုတ်ဖော်ပြသလိုက်သည့်အခါ၌ ဖုတ်ကောင်တပ်မတော်၏ အထက်၌ ရှိနေသော နန်ရှင်းမှာ အထက်ကောင်းကင်ယံမှ ပြုတ်ကျလုနီးပါးပင် ဖြစ်သွားရသည်။
စင်မြင့်ထက်မှ ကျန်းကျွင်းချန်မှာလည်း သူ၏ နှလုံးသားပတ်လည်၌ ရှိနေသော အစီအရင်သံကြိုးများ တုန်ခါသွားပြီး သတ္တုချင်း ရိုက်ခတ်သံများ ထွက်ပေါ်လာသည်ကို ရှင်းလင်းစွာ ခံစားလိုက်ရ၏။
နှစ်ပေါင်းများစွာ ကြာမြင့်အောင် ရှင်သန်လာခဲ့ကြသည့် ရှေးဟောင်းသတ္တဝါကြီး နှစ်ကောင်အား ဤမျှအထိ တုန်လှုပ်သွားစေနိုင်သည့် အဓိက အကြောင်းရင်းမှာကား လင်းချန်၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော စွမ်းအင်အလင်းတန်း ဆယ့်နှစ်သွယ်ကြောင့်ပင် ဖြစ်တော့သည်။
နန်ရှင်းက ကြောက်လန့်တကြား အော်ဟစ်လိုက်သည်။
"ဒါ... ဒါ လုံးဝ မဖြစ်နိုင်ဘူး... မဖြစ်သင့်ဘူး...။"
"ဟ..." ထိုနည်းတူစွာပင် စင်မြင့်ထက်မှ ကျန်းကျွင်းချန်မှာလည်း မယုံကြည်နိုင်စွာဖြင့် ရေရွတ်လိုက်မိ၏။ "ရှေးဟောင်းခေတ် ကုန်ဆုံးပြီးတဲ့နောက် လူသားမျိုးနွယ်မှာ ဒီလောက်ကြီးမားတဲ့ ကံကြမ္မာနဲ့ ပါရမီရှင်မျိုး ပေါ်ထွက်လာတာလား...။ ဒီကောင်လေးက ဘယ်က ရောက်လာတာလဲ..."
ပြိုင်ဘက်ကင်း အင်ပါယာ။
စာစဉ် ၁၅ ၊ အတွဲ ၁ ၊ အပိုင်း ၁၄၅ ပြီး။
ဘာသာပြန် - Author Ko Yoohtoo
True Immortal Team
ပြိုင်ဘက်ကင်း အင်ပါယာ။
စာစဉ် ၁၅ ၊ အတွဲ ၁ ၊ အပိုင်း ၁၄၆
ဘာသာပြန် - Author Ko Yoohtoo
True Immortal Team
ကျန်းကျွင်းချန်နှင့် နန်ရှင်းတို့မှာ အလွန်အမင်း တုန်လှုပ်သွားကြရ၏။ အကြောင်းမူကား လင်းချန်၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသည့် စွမ်းအင်အလင်းတန်း ဆယ့်နှစ်လွှာမှာ နိဗ္ဗာန်စက်ဝန်း ဆယ့်နှစ်သွယ်အား ကိုယ်စားပြုနေသောကြောင့်ပင်။
ဤသည်မှာ စဉ်းစားတွေးတောကြည့်ရန်ပင် လုံးဝ မဖြစ်နိုင်လောက်အောင် အလွန်တရာမှပင် အံ့ဩဖွယ်ရာ ကောင်းလှသည်။
ယီစင်းက သူတို့နှစ်ဦး၏ အံ့အားသင့် တုန်လှုပ်နေကြပုံအား မြင်တွေ့လိုက်ရသောအခါ စပ်စုလိုစိတ် အပြည့်ဖြင့် မေးလိုက်သည်။ “စီနီယာက ရှေးဟောင်းခေတ်က ပညာရှင်တစ်ယောက် ဖြစ်တာတောင်မှ... နိဗ္ဗာန်စက်ဝန်း ဆယ့်နှစ်သွယ်ကို ရောက်တဲ့သူမျိုး တစ်ခါမှ မမြင်ဖူးဘူးလား...”
ယီစင်း၏ မေးခွန်းအား ကြားလိုက်ရသောအခါ ကျန်းကျွင်းချန်က သက်ပြင်းတစ်ချက် ချလိုက်ပြီး စိတ်လှုပ်ရှားစွာဖြင့် ရှင်းပြလိုက်သည်။ “နိဗ္ဗာန်စက်ဝန်း ကိုးသွယ်ဆိုတာက လူအများစုအတွက် ကန့်သတ်ချက်ပဲလေ...။ ပါရမီရှင်တစ်ယောက် ဖြစ်ဖို့အတွက် အခြေခံ လိုအပ်ချက်ပေါ့...”
“ဒါပေမဲ့ နိဗ္ဗာန်နယ်ပယ်ကို ရောက်ပြီးတဲ့နောက်မှာ တကယ့် ပါရမီရှင်တွေက ဖြည့်စွက်နည်းလမ်းတွေကို သုံးပြီးတော့ ဆယ်သွယ်အထိ ရောက်အောင် ကြိုးစားနိုင်ကြတယ်...။ ကန့်သတ်ချက်ကို ကျော်လွန်တာပေါ့လေ...”
“ဒါပေမဲ့... နိဗ္ဗာန်နယ်ပယ်အဆင့်မှာ ဖြည့်စွက်နည်းလမ်းသုံးပြီး ဆယ်သွယ်ရောက်တာက အမြင့်ဆုံး ကန့်သတ်ချက် ဖြစ်နေပြီ။ ဆယ့်တစ်သွယ်အထိ ရောက်တဲ့သူတောင်မှ တစ်ခါမှ မပေါ်ဖူးဘူး...။ ဆယ့်နှစ်သွယ်ဆိုတာကတော့ ဝေလာဝေးပေါ့ကွယ်...”
“အင်း...။” သူက ခဏတာ ရပ်တန့်သွားပြီးနောက် ထပ်မံ၍ ရေရွတ်လိုက်သည်။ “တစ်ခါမှ မမြင်ဖူးသလို... တစ်ခါမှလည်း မကြားဖူးဘူး...”
ကျန်းကျွင်းချန်၏ စကားများကြောင့်ပင် လင်းချန်၏ နိဗ္ဗာန်စက်ဝန်း ဆယ့်နှစ်သွယ်မှာ မည်မျှတိုင်အောင် ထူးခြားအံ့ဖွယ် ကောင်းနေကြောင်းကို ယီစင်း တစ်ယောက် နားလည်သဘောပေါက်သွားတော့၏။
မူလက သူမ ထင်မှတ်ထားခဲ့သည်မှာ ကမ်းရိုးတန်းပြည်နယ်ကဲ့သို့သော နေရာသေးသေးလေး ဖြစ်နေသောကြောင့်သာ လင်းချန်၏ ဆယ့်နှစ်သွယ်မှာ အံ့ဩစရာ ဖြစ်နေရခြင်းဖြစ်ပြီး အခြားသော ကျယ်ပြန့်သည့် နယ်မြေများမှ ပါရမီရှင်များဆိုသည်လည်း ထိုအဆင့်သို့ ရောက်ရှိနိုင်ကြလိမ့်မည်ဟူ၍ တွေးတောထားခဲ့မိသည်။
သို့သော် ယခုအခြေအနေကို ကြည့်ရသည်မှာ လင်းချန်၏ အောင်မြင်မှုသည် တကယ့်ကို ဒဏ္ဍာရီဆန်လွန်းလှပြီး ခေတ်အဆက်ဆက် ပြိုင်ဘက်ကင်းလှသည့် စွမ်းဆောင်ရည်တစ်ခု ဖြစ်နေပုံရ၏။
“တိုက်စစ်ဖွင့်စမ်း...။”
ရုတ်တရက်ဆိုသလိုပင် လင်းချန်၏ အမိန့်ပေးသံက ယီစင်း၏ အာရုံအား ဖမ်းစားသွားသည်။
လင်းချန်၏ အော်ဟစ်သံနှင့်အတူ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးအား တောက်ပနေသည့် ရွှေရောင် စိတ်ဝိညာဉ်စွမ်းအင်များက လွှမ်းခြုံသွားပြီး ဧကရာဇ်အရှိန်အဝါများမှာ စစ်သည်များ အားလုံးအပေါ်သို့ ချက်ချင်းဆိုသလို လွှမ်းမိုးသွားတော့သည်။
ပြောင်းလဲသွားကြသည့် ဖုတ်ကောင်များနှင့် ယှဉ်ကြည့်မည်ဆိုပါက စစ်သည်များ၏ ခန္ဓာကိုယ် အချိုးအစားများမှာ မည်သို့မျှ ပြောင်းလဲသွားခြင်း မရှိကြောင်းကို ယီစင်း သတိပြုမိလိုက်၏။ သို့သော်လည်း သူတို့ ခန္ဓာကိုယ်များပေါ်ရှိ အဝါရောင်ဖျော့ဖျော့ ဟွာရှာစိတ်ဝိညာဉ်စွမ်းအင်များမှာ ရုတ်တရက်ဆိုသလို မီးတောက်များအလား တောက်လောင်လာကြသည်။
ထို့နောက် စစ်သည်များ၏ မျက်လုံးများအတွင်း၌ ရွှေရောင်အလင်းတန်းများ လက်ခနဲ တောက်ပသွားပြီးလျှင် နားကွဲမတတ် ကျယ်လောင်လှသော အသံကြီးများဖြင့် ပြိုင်တူ အော်ဟစ်လိုက်ကြ၏။ “အရှင်မင်းမြတ် သက်တော်ရာကျော် ရှည်ပါစေ...။”
မြေအောက်ခန်းမကြီး တစ်ခုလုံးမှာ စစ်သည်များ၏ အော်ဟစ်သံများဖြင့် ပဲ့တင်ထပ်သွားရသည်။ ထို့နောက်တွင်မူ မူလက တည်ဆောက်ထားခဲ့သော ဒိုင်းတံတိုင်းကြီးမှာ အလိုအလျောက် ပြိုကျပျက်စီးသွား၏။
သို့သော်လည်း ဒိုင်းတံတိုင်း ပြိုကျသွားသည်နှင့် တပြိုင်နက် ဒိုင်းကိုင်စစ်သည်များမှာ နှစ်ယောက်တစ်တွဲ ပေါင်းစည်းသွားကြကာ ဒိုင်းကြီးများကို ကိုင်ဆောင်လျက် ဟိန်းဟောက်ရင်း ရှေ့သို့ ပြေးဝင်တိုက်ခိုက်လိုက်ကြသည်။
ဒိုင်းကိုင်စစ်သည်များမှာ သွေးနှင့်အသားဖြင့် ပြုလုပ်ထားသော လူသားများအလား မဟုတ်တော့ဘဲ ဖျက်ဆီး၍မရနိုင်သော စစ်ရထားကြီးများပမာ ပြေးဝင်တိုက်ခိုက်ကြရာ ပြောင်းလဲသွားကြသော သန်မာလှပါသည် ဆိုသည့် ဖုတ်ကောင်များပင်လျှင် ထိုအရှိန်အား မခံနိုင်တော့ဘဲ လွင့်စင်လဲကျကုန်ကြတော့၏။
တစ်ချိန်တည်းမှာပင် လှံကိုင်စစ်သည် အများအပြားမှာ ရှစ်ယောက်တစ်ဖွဲ့ ဖွဲ့စည်းလိုက်ကြကာ ဒိုင်းကိုင်စစ်သည်များ၏ အနောက်မှ ကပ်၍ လိုက်ပါလာကြပြီး လဲကျသွားသော သို့မဟုတ် ဒဏ်ရာရသွားသော ဖုတ်ကောင်များအား လှံရှည်များဖြင့် အဆက်မပြတ် ထိုးစိုက်သတ်ဖြတ်လိုက်ကြသည်။
ဖုတ်ကောင်များ၏ ခန္ဓာကိုယ်များမှာ ယခင်ကထက် ပိုမို၍ မာကျောလာကြသော်ငြား လှံကိုင်စစ်သည်များ၏ လှံချက်များအောက်တွင် ဒန်တျန်များ ထိုးဖောက်ခံရကာ အတုံးအရုံး သေဆုံးကုန်ကြရသည်။
အကြောင်းမှာ သူတို့မှာ အဆင့်နိမ့်ဆုံး စစ်သည်များ ဖြစ်နေကြသေးသော်လည်း သူတို့၏ လက်နက်ကိရိယာများနှင့် နည်းပညာများကိုကား အမြင့်ဆုံးအဆင့်အထိ အဆင့်မြှင့်တင်ထားပြီး ဖြစ်သောကြောင့်ပင်။ မည်သို့ပင် ဆိုစေကာမူ အရင်ဘဝတုန်းက လင်းချန်သည် ငွေကိုရေလိုသုံးနိုင်ခဲ့သော သူဌေးသားတစ်ယောက် ဖြစ်ခဲ့ဖူးသည် မဟုတ်ပါလော။
ဒိုင်းကိုင်စစ်သည်များနှင့် လှံကိုင်စစ်သည်များ၏ ခန္ဓာကိုယ်များပေါ်တွင် အဝါရောင်မီးတောက်များ တောက်လောင်နေချိန်၌ လေဟုန်စစ်သည်များမှာမူ စိတ်ဝိညာဉ်စွမ်းအင် အတက်အကျ လုံးဝမရှိဘဲ စစ်မြေပြင်ပေါ်တွင် အရိပ်များအလား တိတ်ဆိတ်စွာ လှုပ်ရှားနေကြ၏။
သူတို့ တိုက်ခိုက်ခွင့်ရမည့် အချိန်ကျရောက်လာမှသာ သူတို့၏ ခန္ဓာကိုယ်များမှာ မီးတောက်လောင်သွားသကဲ့သို့ ဖြစ်သွားရပြီး လျှပ်စီးပမာ လျင်မြန်စွာ တိုက်ခိုက်လိုက်ကြကာ ချက်ချင်းဆိုသလို ပြန်လည် ပျောက်ကွယ်သွားကြသည်။ ပတ်ဝန်းကျင်ရှိ ဖုတ်ကောင်များမှာ မည်သည့်အရာ ဖြစ်ပျက်သွားမှန်း မသိလိုက်ရခင်မှာပင် လေဟုန်စစ်သည်များမှာ သူတို့၏ မြင်ကွင်းထဲမှ ပျောက်ကွယ်သွားကြလေပြီ။
ထို့ကြောင့် ဖုတ်ကောင်များ ကြောင်တောင်တောင်ဖြင့် ပစ်မှတ်ရှာဖွေနေကြစဉ်မှာပင် ဒိုင်းကိုင်စစ်သည်များက ပြင်းထန်စွာ ဝင်တိုက်လိုက်ကြသည်။
လင်းချန်၏ တပ်ဖွဲ့မှာ စစ်ပွဲအခြေအနေ တစ်ခုလုံးအား ချက်ချင်းဆိုသလို ထိန်းချုပ်လိုက်နိုင်ပြီ ဖြစ်သည်။
လေ့ကျင့်သားပြည့်ဝကာ စနစ်ကျလှသော ဟွာရှာအင်ပါယာ၏ တော်ဝင်တပ်မတော်နှင့် ရင်ဆိုင်လိုက်ရသောအခါ၌ ဖုတ်ကောင်တပ်မတော်မှာ ပြန်လည်တိုက်ခိုက်နိုင်စွမ်း မရှိတော့ဘဲ တစ်ဖက်သတ် အသတ်ဖြတ်ခံနေရတော့သည်။
လင်းချန်၏ ကျောပြင်အား ကြည့်နေရင်းဖြင့် ယီစင်း၏ စိတ်ထဲတွင် လုံခြုံနွေးထွေးမှုများကို ခံစားလိုက်ရ၏။
လင်းချန်၏ သိုင်းဝိညာဉ် မနိုးထလာသေးခင် ၊ ကျင့်ကြံ၍ မရနိုင်သေးခင် ၊ ဆွေမျိုးသားချင်းများ၏ အနိုင်ကျင့်စော်ကားမှုများကို ခံခဲ့ရစဉ်က အကြောင်းအရာများကို သူမ ပြန်လည်တွေးတောမိလိုက်သည်။ ထိုအချိန်များတုန်းကမူ သူမသည် လင်းချန်အား ကာကွယ်ပေးနိုင်ရန်အတွက် ကြိုးစားကျင့်ကြံမည်ဟူ၍ ဆုံးဖြတ်ချက် ချခဲ့ဖူးသည်။
ထို့နောက် လင်းချန်မှာ နတ်ဓားဂိုဏ်း၏ လူငယ်ဧကရာဇ် ဖြစ်လာခဲ့ပြီး ကျင့်ကြံနိုင်ပြီဖြစ်ကြောင်း သိလိုက်ရသောအခါ သူမ အလွန်ပင် ဝမ်းသာကြည်နူးခဲ့ရ၏။ သို့သော် ယခုအခါ၌မူ လင်းချန်မှာ သူမ ကာကွယ်ပေးရမည့်သူ မဟုတ်တော့ဘဲ သူမအား ပြန်လည်၍ ကာကွယ်စောင့်ရှောက်ပေးမည့်သူ တစ်ဦး ဖြစ်လာခဲ့လေပြီ။
ဘာရှန်းမြို့ရှိ ယီမိသားစု အိမ်တော်၌ သူမ၏ သိုင်းဝိညာဉ် မနိုးထခင်ညက လင်းချန်သည် သူမအား တစ်သက်လုံး ကာကွယ်စောင့်ရှောက်ပေးမည်ဖြစ်ကြောင်း ယုံကြည်မှုရှိရှိ ပြောကြားခဲ့သည်များကိုလည်း သူမ ပြန်လည်၍ သတိရသွားသည်။
သို့သော်လည်း နောက်ပိုင်းတွင် လင်းချန်၏ သိုင်းဝိညာဉ်မှာ နိုးထမလာခဲ့သည့်အတွက် သူ အလွန်အမင်း စိတ်ဓာတ်ကျခဲ့ရသည် မဟုတ်ပါလော။
“ချန်လေး...။” ယီစင်းက ရှေ့သို့ တိုးသွားလိုက်ပြီး လင်းချန်၏ ခါးအား အနောက်ဘက်မှ သိုင်းဖက်လိုက်ကာ ချိုသာစွာ ပြောလိုက်သည်။ “ရှင်... တကယ် လုပ်နိုင်ခဲ့ပြီပဲ...။”
ထို့နောက် သူမက မျက်လုံးလေးများကို မှိတ်ထားလိုက်ပြီး လင်းချန်၏ ကျောပြင်ပေါ်တွင် ခေါင်းမှီကာ ငြိမ်းချမ်းမှုများကို ခံစားလိုက်သည်။
ယီစင်းက ထိုသို့ ဖက်လိုက်သောအခါ လင်းချန်က သူ၏ ခါးပေါ်ရှိ သူမ၏ လက်ကလေးအား သူ၏ လက်ကြီးဖြင့် ဖွဖွလေး အုပ်ကိုင်လိုက်သည်။ ထို့နောက် သူ ပြုံးလိုက်ပြီး ဟွာရှာအင်ပါယာ တော်ဝင်တပ်မတော်၏ အဆုံးသတ်တိုက်ပွဲအား ဆက်လက်၍ ကြည့်ရှုနေလိုက်သည်။
စင်မြင့်ထက်မှ ကျန်းကျွင်းချန်မှာ ဖုတ်ကောင်များ အသတ်ခံနေရသည်ကို ကြည့်ရှုရင်း သက်ပြင်းတစ်ချက် ချလိုက်မိသည်။
အကြောင်းမှာ ထိုဖုတ်ကောင်များသည် တစ်ချိန်က တန်ယွမ်ဂိုဏ်း၏ တပည့်များ ဖြစ်ခဲ့ဖူးကြပြီး ဂြိုဟ်သား၏ ယုတ်မာလှသော စိတ်ဝိညာဉ်စွမ်းရည်ကြောင့် ယခုကဲ့သို့သော ဘဝသို့ ရောက်ရှိခဲ့ရသူများ ဖြစ်နေသောကြောင့်ပင်။
ယခုအခါ၌ လင်းချန်၏ တပ်မတော်က သူတို့အား သတ်ဖြတ်ပေးလိုက်ခြင်းမှာ သူတို့၏ ခန္ဓာကိုယ်များကို ဂြိုဟ်သားက ဆက်လက်၍ အသုံးချခြင်းမှ ကာကွယ်ပေးလိုက်ခြင်း ဖြစ်သည့်အတွက် ကောင်းမွန်သော ကိစ္စတစ်ရပ်ပင် ဖြစ်တော့သည်။
ထိုအချိန်၌ပင် ဖုတ်ကောင်တပ်မတော်၏ အနောက်ဘက်မှ သတ်ဖြတ်လိုသော အော်ဟစ်သံကြီးများ ရုတ်တရက်ဆိုသလို ထွက်ပေါ်လာတော့သည်။ “သတ်ကြစမ်း...။”
နန်ရှင်းက အံ့ဩတကြီးဖြင့် လှည့်ကြည့်လိုက်ရာ နဂါးနက်သံချပ်ကာကို ဝတ်ဆင်ထားသည့် စစ်သူကြီးတစ်ဦး ဦးဆောင်လာသည့် လှံကိုင်တပ်ဖွဲ့တစ်ဖွဲ့မှာ လှံသွားတစ်ခုအလား ဖုတ်ကောင်တပ်မတော်၏ နောက်ကျောဆီသို့ ထိုးဖောက် ဝင်ရောက်လာသည်ကို မြင်တွေ့လိုက်ရ၏။
အထူးသဖြင့် ခေါင်းဆောင်ဖြစ်သူ စစ်သူကြီးမှာ လှံရှည်အား နဂါးတစ်ကောင်အလား ဝှေ့ယမ်းကစားနေပြီး လှံတစ်ချက် ထိုးလိုက်တိုင်း၌ ဖုတ်ကောင် တစ်ဒါဇင်ကျော်အား ထိုးဖောက်သတ်ဖြတ်နိုင်စွမ်းရှိသည့် ကြောက်မက်ဖွယ် တိုက်ခိုက်စွမ်းရည်ကို ပြသနေသည်။
နာရီဝက်ခန့် ကြာမြင့်သွားပြီးနောက်တွင်မူ တိုက်ပွဲမှာ အပြီးတိုင် ပြီးဆုံးသွားခဲ့ပြီဖြစ်ပြီး ဖုတ်ကောင်များ အားလုံးမှာလည်း အသတ်ခံလိုက်ရလေပြီ။ ထို့နောက် ကျောက်လုံ ဦးဆောင်သော စစ်သည်များ အားလုံးမှာ လင်းချန်၏ ရှေ့မှောက်၌ ဒူးထောက်လိုက်ကြပြီး အရိုအသေ ပြုလိုက်ကြသည်။
“ဧကရာဇ်မင်းမြတ်...။ သက်တော် ရာကျော်ရှည်ပါစေ...။”
လင်းချန်က ကျေနပ်စွာဖြင့် ခေါင်းတစ်ချက် ညိတ်လိုက်ပြီး ချီးကျူးစကား ဆိုလိုက်သည်။ “မင်းတို့တွေ တာဝန်ကျေတယ်ကွာ...။ ကဲ... ကိစ္စလည်း ပြီးသွားပြီဆိုတော့ မင်းတို့ ပြန်နားလို့ရပြီ...။”
“အမိန့်တော်အတိုင်းပါ...။”
ကျောက်လုံနှင့် စစ်သည်များက ပြန်လည် ဖြေကြားလိုက်ကြပြီးနောက် သူတို့၏ ခန္ဓာကိုယ်များမှ အဖြူရောင်အလင်းတန်းများ ထွက်ပေါ်လာကာ ပျောက်ကွယ်သွားကြပြီးလျှင် ဟွာရှာအင်ပါယာဆီသို့ ပြန်လည် ရောက်ရှိသွားကြတော့သည်။
ထိုမြင်ကွင်းကြောင့် ယီစင်း တစ်ယောက် ကြောင်အမ်းအမ်း ဖြစ်သွားရပြီး လင်းချန်အား မျက်တောင်လေး ခတ်ကာ မေးလိုက်သည်။ “သူတို့ ဘယ်ရောက်သွားကြတာလဲဟင်...”
“ဟဟ” ယီစင်း၏ အံ့ဩနေသော မျက်နှာလေးအား ကြည့်ပြီး လင်းချန်က သူမ၏ နှာခေါင်းလေးကို ဖွဖွလေး ဆွဲလိုက်ကာ ပြုံးစစဖြင့် ပြောလိုက်သည်။ “ပြန်သွားကြပြီလေ...။ တစ်နေ့ကျရင်တော့ မိန်းကို နေရာကောင်းလေးတစ်ခုဆီ လိုက်ပြမယ်နော်...။”
ယီစင်းမှာ သေချာစွာ နားမလည်သေးသော်ငြား လင်းချန် ပြောဆိုလိုက်သော နေရာကောင်း ဆိုသည်မှာ ထိုစစ်သည်များ လာရာနေရာ ဖြစ်ပေလိမ့်မည်ဟု ခန့်မှန်းမိလိုက်ပြီး မျှော်လင့်တကြီး ဖြစ်သွားရ၏။
ထို့နောက် လင်းချန်က နန်ရှင်းဘက်သို့ လှည့်ကာ လှောင်ပြောင်လိုက်သည်။ “အခု မင်းရဲ့ ဖုတ်ကောင်တပ်မတော်ကြီးလည်း မရှိတော့ဘူးဆိုတော့... ငါ့ကို ဘယ်လိုများ တားဦးမလဲကွ...။”
လေထဲ၌ ပျံဝဲနေသည့် နန်ရှင်းမှာ လင်းချန်အား မဲမှောင်နေသော မျက်နှာထားဖြင့် စိုက်ကြည့်နေပြီး မည်သည့်စကားကိုမျှ ပြန်လည် ပြောဆိုခြင်း မရှိချေ။
“လာစမ်းပါ...။” လင်းချန်က အလင်းတန်းအတားအဆီး အပြင်ဘက်သို့ ရဲရဲတင်းတင်း လှမ်းထွက်လိုက်ကာ နန်ရှင်းကို လာခဲ့ရန် လက်ယပ်ခေါ်လိုက်ရင်း ဆက်ပြောလိုက်သည်။ “အစကနေ အဆုံးအထိ... မင်းက ဖုတ်ကောင်တွေကို စွမ်းအားမြှင့်ပေးတာကလွဲရင် ကိုယ်တိုင် ဘာမှ ဝင်မလုပ်ဘူး။ ဆိုလိုတာက မင်း ကိုယ်တိုင် မတိုက်ခိုက်နိုင်ဘူးပေါ့...။ ဒါက မင်းခန္ဓာကိုယ်အစစ် မဟုတ်လို့ ဖြစ်မှာပါကွာ...။”
သို့သော်လည်း လင်းချန်၏ စကားဆုံးသည်နှင့် တပြိုင်နက် နန်ရှင်းမှာ လေထဲမှနေ၍ ပျောက်ကွယ်သွားခဲ့ပြီး လင်းချန်၏ ရှေ့တည့်တည့်၌ ရုတ်တရက် ပြန်ပေါ်လာ၏။
ဖြူဆွတ်နေသည့် မျက်နှာကြီးက လင်းချန်နှင့် အလွန်ပင် နီးကပ်စွာ ရှိနေပြီး တွင်းနက်ကြီးကဲ့သို့ နက်ရှိုင်းလှသော မျက်လုံးအိမ်များထဲမှ ခရမ်းရောင်မီးတောက်များမှာ ပြင်းထန်စွာ တောက်လောင်နေရင်း နန်ရှင်းက မာန်ဖီလိုက်သည်။ “ကောင်လေး... ငါ ကိုယ်တိုင် မတိုက်ခိုက်နိုင်ဘူးလို့ ဘယ်သူက ပြောလဲကွ...။”
ထိုသို့ ပြောဆိုနေစဉ်မှာပင် နန်ရှင်း၏ လက်ကြီးမှာ လင်းချန်၏ ဒန်တျန်ဆီသို့ ထိုးဖောက် ဝင်ရောက်နေပြီ ဖြစ်သည်။
ပြိုင်ဘက်ကင်း အင်ပါယာ။
စာစဉ် ၁၅ ၊ အတွဲ ၁ ၊ အပိုင်း ၁၄၆ ပြီး။
ဘာသာပြန် - Author Ko Yoohtoo
True Immortal Team