အခန်း (၁၄၇-၁၄၈)
Vol. 15 Ch. 147-148
ပြိုင်ဘက်ကင်း အင်ပါယာ။
စာစဉ် ၁၅ ၊ အတွဲ ၁ ၊ အပိုင်း ၁၄၇
ဘာသာပြန် - Author Ko Yoohtoo
True Immortal Team
သွေးများမှာ ရေတံခွန်ကဲ့သို့ပင် တရစပ် ပန်းထွက်လာ၏။ လင်းချန်၏ ခါးအောက်ပိုင်းအား ထိုးဖောက်သည့် သွေးသံရဲရဲ လက်တစ်ဖက်အား ယီစင်း အတိုင်းသား မြင်နေရသည်။
"အဟွတ်...။"
လင်းချန်မှာ မယုံကြည်ဟန်ဖြင့် နန်ရှင်းအား စိုက်ကြည့်နေရင်း သွေးတစ်ပွက် အန်ချလိုက်ရ၏။ နန်းရှင်းကမူ မဲ့ပြုံးတစ်ချက် ပြုံးလိုက်ပြီး သူ၏ လက်အား အပြင်သို့ ပြန်ဆွဲထုတ်လိုက်သည်။
ထိုအခါ လင်းချန်မှာ သူ၏ ဝမ်းဗိုက်အား ဖိထားရင်းဖြင့် အနောက်သို့ ခြေလှမ်းအနည်းငယ်ခန့်အား ယိုင်တိုင်တိုင်ဖြင့် ဆုတ်သွားရကာ ကြမ်းပြင်ပေါ်သို့ ဒူးထောက်ကျသွားရသည်။
အလင်းတန်းအတွင်း၌ ရှိနေသော စင်မြင့်ထက်မှ ကျန်းကျွင်းချန်မှာလည်း မျက်စိရှေ့မှ မြင်ကွင်းကြောင့် ကြောင်အမ်းအမ်း ဖြစ်သွားရပြီး ရေရွတ်လိုက်မိသည်။ "ဒါ... ဒါ လုံးဝ မဖြစ်နိုင်ဘူး...။"
"မင်းရဲ့ စိတ်ဝိညာဉ်ကို ငါ့ခန္ဓာကိုယ်နဲ့ ချိတ်ပိတ်ထားတာလေကွာ...။ မင်း တိုက်ခိုက်လို့ မရသင့်ဘူးလေ..."
နန်ရှင်း၏ စိတ်ဝိညာဉ်မှာ လူသားတစ်ယောက်၏ ခန္ဓာကိုယ်အတွင်း၌ ချိတ်ပိတ်ခံထားရပြီး ကိုယ်ပိုင်ခန္ဓာကိုယ် မဟုတ်သောကြောင့် အစွမ်းအစများစွာအား ထုတ်သုံး၍ မရနိုင်ချေ။ တိုက်ခိုက်စွမ်းရည်ဆိုလျှင် နေယွမ်နယ်ပယ်အောက်ပင် လျော့နည်းနေသေး၏။
ထိုသို့တိုင်အောင် ကျန်းကျွင်းချန်၏ ခန္ဓာကိုယ်အား အသုံးပြုကာ ချိတ်ပိတ်ထားသောကြောင့်သာ ရှေးဟောင်းပညာရှင်ကြီး၏ ခန္ဓာကိုယ် ဖြစ်သည့်အလျောက် အလွန်တရာ ကြံ့ခိုင်ကာ ခုန်ပျံနိုင်စွမ်း ရှိနေခြင်း ဖြစ်သည်။
သို့သော်လည်း တိုက်ခိုက်ရန်အတွက်မူ လုံးဝကို မဖြစ်နိုင်ချေ။ ထို့အတွက်ကြောင့်ပင် လင်းချန် အပြင်သို့ ထွက်သွားခဲ့စဉ်တုန်းက ကျန်းကျွင်းချန် အနေဖြင့် စိုးရိမ်ပူပန်ခြင်း မရှိခဲ့ခြင်းပင်။
သို့သော်လည်း မထင်မှတ်ထားသည်မှာ တိုက်ခိုက်နိုင်စွမ်း မရှိဟု ထင်မှတ်ထားခဲ့သည့် နန်ရှင်းသည် မယုံကြည်နိုင်လောက်အောင် လျင်မြန်လှသော အမြန်နှုန်းကို ပိုင်ဆိုင်ထားခြင်းပင်။ ထိုအမြန်နှုန်းမှာ ကောင်းကင်နယ်ပယ် အထွတ်အထိပ် ပညာရှင်တစ်ဦး၏ အမြန်နှုန်းနှင့် နှိုင်းယှဥ်နိုင်၏။
လက်ရှိအချိန်၌ နန်ရှင်းထံတွင် ကောင်းကင်နယ်ပယ် အထွတ်အထိပ် စွမ်းအားများ ရှိနေပုံရသည်။ နန်ရှင်း၏ မူလစွမ်းအားများနှင့် ယှဉ်ကြည့်မည်ဆိုပါက ကောင်းကင်နယ်ပယ် အထွတ်အထိပ် စွမ်းအားဆိုသည်မှာ ဘာမှမဟုတ်သော်ငြား ယခုကဲ့သို့ ချိတ်ပိတ်ခံထားရသော အခြေအနေမျိုး၌ ဤသို့သော စွမ်းအားမျိုး ရှိနေသည်မှာ လုံးဝ မဖြစ်နိုင်လှပေ။
"မဟုတ်ဘူး...။" ယီစင်းမှာ မျက်ရည်များ ဝဲတက်လာပြီးလျှင် ရှေ့သို့ ပြေးထွက်ရန် ပြင်လိုက်ကာ အော်ဟစ်လိုက်သည်။ "ချန်လေး...။"
"မိန်း...။" သို့သော်လည်း လင်းချန်က ကျောဘက်၌ မျက်လုံးများ ပါနေသကဲ့သို့ အော်ဟစ်ကာ တားမြစ်လိုက်၏။ "မလာ... မလာခဲ့နဲ့...။"
လင်းချန်၏ အော်ဟစ်သံအတွင်း၌ မမြင်နိုင်သော စွမ်းအားတစ်ခု ပါဝင်နေပြီး ရှေ့သို့ တိုးလာသော ယီစင်း၏ ခန္ဓာကိုယ်အား ချက်ချင်းဆိုသလို ရပ်တန့်သွားစေသည်။
"ဟက်" နန်ရှင်းကမူ ကြောင်အမ်းအမ်း ဖြစ်နေသည့် ကျန်းကျွင်းချန်အား လှမ်းကြည့်လိုက်ပြီး ဂုဏ်ယူဝင့်ကြွားစွာဖြင့် ပြောလိုက်သည်။ "နှစ်ပေါင်းများစွာ ကြာလာတော့... ငါက မင်းရဲ့ခန္ဓာကိုယ်အကြောင်းကို တော်တော်များများ နားလည်နေခဲ့ပြီလေကွာ...။ ဒီလောက် စွမ်းအားလေး ထုတ်သုံးဖို့ဆိုတာကတော့ လွယ်လွယ်လေးပါကွ...။"
"ကျန်းကျွင်းချန်ရ... မင်းသာ ဒီကိစ္စကို စောစောစီးစီး သိထားခဲ့မယ်ဆိုရင်... ဒီအရူးကောင်လေးကို အပြင်ထွက်ပြီး အသေခံခိုင်းမှာ မဟုတ်လောက်ဘူးလေ... ဟားဟား...။"
"တောက်...။" ကျန်းကျွင်းချန်မှာ ဒေါသတကြီးဖြင့် အံကြိတ်လိုက်၏။ လင်းချန်အား ကြည့်လိုက်သောအခါ၌ သူ၏ မျက်လုံးများအတွင်းတွင် အပြစ်ရှိစိတ်များဖြင့် ပြည့်နှက်နေတော့သည်။
လင်းချန်မှာတော့ ကြမ်းပြင်ပေါ်၌ သနားစဖွယ် ဒူးထောက်ထားလျက် ဝမ်းဗိုက်အား လက်ဖြင့် ဖိထားရသည်။ လက်ချောင်းများကြားမှလည်း သွေးများ အဆက်မပြတ် စီးကျနေပြီး သူ၏ ခန္ဓာကိုယ်မှာလည်း တဖြည်းဖြည်းနှင့် အားနည်းလာတော့သည်။
ထိုသို့တိုင်အောင် သူသည် ကြိုးစားပမ်းစားဖြင့် မတ်တတ်ရပ်လိုက်ကာ သူ၏ ရှေ့မှ နန်ရှင်းအား လှမ်းဆွဲလိုက်သည်။
"အဟွတ်...။ အဟွတ်...။" ထို့နောက် လင်းချန်က အားယူကာ ပြောလိုက်သည်။ "အကြီးအကဲကျန်းရဲ့ ချိတ်ပိတ်မှုကြောင့်... မင်း မတိုက်ခိုက်နိုင်ဘူးလို့... ထင်ခဲ့တာ...။ ဒါပေမဲ့... မင်းက... ဒီလောက်ထိ ဟန်ဆောင်ကောင်းလိမ့်မယ်လို့တော့.... မထင်ထားခဲ့ဘူး...။ ဖုတ်ကောင်တပ်မတော် တစ်ခုလုံး မျိုးပြုတ်သွားတာတောင်.. မင်းက အားကောင်းတုန်းပဲ... နှမြောစရာပဲ..."
"ဟက်...။" သေလုမျောပါး ဖြစ်နေသော လင်းချန်က သူ့အား လှမ်းဆွဲထားသည်ကို နန်ရှင်းက လုံးဝ ဂရုမစိုက်ဘဲ အေးစက်စွာဖြင့် ပြောလိုက်၏။ "ကောင်လေး... မင်းက ဘာများ တတ်နိုင်သေးလို့လဲကွ...။"
"ဒီဖုတ်ကောင်တွေဆိုတာက တန်ယွမ်ဂိုဏ်းရဲ့ အဆင့်နိမ့်ဆုံး အလုပ်သမားတပည့်တွေကို သုံးပြီး လုပ်ထားတာလေကွာ...။ ကုန်သွားတော့ရော ဘာဖြစ်လဲ...။ နှမြောစရာ မလိုဘူး...။"
အပေါ်ထပ်ရှိ အပျက်အစီးနယ်မြေမှာ တစ်ချိန်က အလုပ်သမားတပည့်များ နေထိုင်ခဲ့ကြသည့် နေရာပင်။ ကမ္ဘာငယ်လေးအတွင်းသို့ ပြိုကျလာသောအခါ၌ အလုပ်သမားတပည့် အများအပြား သေဆုံးသွားခဲ့ကြရသည်။
ဤဖုတ်ကောင်များမှာ နှစ်ပေါင်းများစွာ ချိတ်ပိတ်ခံထားရစဉ်အတွင်း ပျင်းရိငြီးငွေ့နေခဲ့သော နန်ရှင်းက အပျင်းပြေအဖြစ် ဖန်တီးထားသော အရုပ်များသာလျှင် ဖြစ်၏။ ထို့ကြောင့် ယခုကဲ့သို့ ပျက်စီးသွားခဲ့လျှင်ပင် သူက မည်သို့မျှ ဂရုစိုက်နေမည် မဟုတ်ချေ။
ထို့အပြင် နန်ရှင်းသည် လင်းချန်၏ ခန္ဓာကိုယ်အား မသိမ်းပိုက်နိုင်ခဲ့လျှင်တောင်မှ မုချ သတ်ပစ်မည်ဟူ၍ ဆုံးဖြတ်ချက်ချထားပြီး ဖြစ်သည်။
မည်သို့ပင် ဆိုစေကာမူ လင်းချန်သည် သူ၏ စိတ်စွမ်းအင် အများအပြားကို ဆွဲထုတ်သွားခဲ့ပြီး သန့်စင်ကာ ယီစင်းအား စုပ်ယူစေခဲ့သည် မဟုတ်ပါလော။
ထို့အတွက်ကြောင့်ပင် နန်ရှင်းမှာ လင်းချန်အပေါ်၌ အလွန်အမင်း မုန်းတီးနေရတော့သည်။
"အဟွတ်...။" လင်းချန်က မဲ့ပြုံးတစ်ချက် ပြုံးလိုက်ပြီး ပြောလိုက်သည်။ "ငါက နှမြောစရာပဲလို့ ပြောတာက... မင်းရဲ့ ဖုတ်ကောင်တပ်မတော်ကြီး ပျက်စီးသွားလို့ မဟုတ်ဘူးကွ...။ မင်း... ငါ့ကို မသတ်နိုင်ခဲ့လို့ ပြောတာ...။"
လင်းချန်၏ စကားဆုံးသည်နှင့် တပြိုင်နက် သူ၏ ခန္ဓာကိုယ် တစ်ခုလုံးမှာ အလင်းတန်းအဖြစ်သို့ ပြောင်းလဲသွားပြီး နန်ရှင်း၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားတော့၏။
ရုတ်တရက် ဖြစ်ပေါ်လာသော အပြောင်းအလဲကြောင့် ကျန်ရှိနေသေးသော လူသုံးယောက်လုံးမှာ အလွန်အမင်း အံ့ဩမှင်သက်သွားကြရသည်။
"ဝုန်း...။"
ယီစင်း၏ ရှေ့တည့်တည့်၌ လှုပ်ရှားမှုတစ်ခု ဖြစ်ပေါ်လာပြီး အလင်းတန်းများ တဖျပ်ဖျပ် လက်သွားကာ လင်းချန်၏ ပုံရိပ်မှာ ရုတ်တရက် ထွက်ပေါ်လာ၏။
လင်းချန် တစ်ယောက် ဘာမှမဖြစ်ဘဲ ပြန်လည် ပေါ်လာသည်ကို မြင်တွေ့လိုက်ရသောအခါ ယီစင်းမှာ ဝမ်းသာအားရဖြင့် ပြေးဖက်လိုက်ကာ အော်ဟစ်လိုက်သည်။ "ချန်လေး...။"
အချိန်အနည်းငယ် ကြာမြင့်သွားပြီးနောက် လင်းချန်က ပြုံးလိုက်ပြီး ယီစင်းအား ရင်ခွင်ထဲမှ ဖွဖွလေး ဆွဲထုတ်လိုက်ကာ သူမ၏ မျက်နှာပေါ်မှ မျက်ရည်များကို သုတ်ပေးရင်း ချိုသာစွာ ပြောလိုက်သည်။ "ကိုယ် တောင်းပန်ပါတယ်ကွာ...။ ကြိုမပြောဘဲ လုပ်လိုက်မိလို့ မင်းလေး စိတ်ပူသွားရပြီ...။"
သေလုမျောပါး ဖြစ်နေသော လင်းချန်မှာ အလင်းတန်းအဖြစ် ပြောင်းလဲသွားကာ သူ၏ ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်လာသည်ကို မြင်တွေ့လိုက်ရသောအခါ နန်ရှင်း တစ်ယောက် လုံးဝ နားမလည်နိုင် ဖြစ်သွားရပြီး ဒေါသတကြီး အော်ဟစ်လိုက်၏။ "ဒါ... လုံးဝ မဖြစ်နိုင်ဘူး... ငါ မင်းကို သတ်လိုက်တာ သေချာတယ်လေကွာ...။ ဘယ်လိုလုပ် ဒီလို ဖြစ်ရတာလဲ...။"
"ဟားဟား" လင်းချန်က ရယ်မောလိုက်ပြီး ဆိုသည်။ "ဘာကများ မဖြစ်နိုင်ရမှာလဲကွ...။ မင်း တကယ်ပဲ မတိုက်ခိုက်နိုင်ဘူးလား ဆိုတာကို ငါကိုယ်တိုင်လည်း မသေချာလို့... ငါကိုယ်တိုင် အပြင်မထွက်ဘဲ အစားထိုးအလင်းလုံးကို သုံးလိုက်တာလေကွာ...။"
ထိုသို့ ပြောဆိုပြီးသည်နှင့် တပြိုင်နက် လင်းချန်က လက်ဝါးအား ဖြန့်လိုက်ရာ အလင်းရောင်များ တဖျပ်ဖျပ် လက်နေသော အလင်းလုံးလေး တစ်လုံးမှာ ရုတ်တရက် ပေါ်ထွက်လာ၏။
ထိုအလုံးလေး၏ အထက်၌ အလင်းတန်းများ ထွက်ပေါ်လာပြီး ခန္ဓာကိုယ်ပုံစံတစ်ခုအား ထင်ရှားစွာ ဖော်ပြနေသည်။ အဆိုပါ ခန္ဓာကိုယ်မှာ နန်ရှင်း၏ ဝိညာဉ်အား ချိတ်ပိတ်ထားသော ကျန်းကျွင်းချန်၏ ခန္ဓာကိုယ်ပင် ဖြစ်တော့၏။
ထိုပုံရိပ်မှာ ခန္ဓာကိုယ်အတွင်းရှိ အသေးစိတ် အချက်အလက်များ အားလုံးကို ရှင်းလင်းစွာ ဖော်ပြနေပြီး သူတို့ သုံးယောက်လုံး အတိုင်းသား မြင်တွေ့နေကြရသည်။ ထိုမျှတင် မကသေးချေ။ ဟွာရှာအင်ပါယာ၏ ကောင်းကင်လက်မှုပညာဌာနမှ ကျူးကော့မင်၏ ရှေ့မှောက်ရှိ နည်းဗျူဟာမှန်ပြင်ပေါ်တွင်လည်း ထိုပုံရိပ်ကြီးမှာ ပေါ်ပေါက်လာသည်။
ကျူးကော့မင်က တန်ဖိုးရှိလှသော သတင်းအချက်အလက်များကို ရရှိလိုက်သဖြင့် အလျင်အမြန်ပင် အမိန့်ပေးလိုက်၏။ "ချက်ချင်း သုတေသန စလုပ်ကြစမ်း...။"
တစ်ချိန်တည်းမှာပင် အစီအရင် အလယ်ဗဟိုရှိ အလင်းတန်းအတွင်း၌ လင်းချန်၏ လက်ထဲမှ အလင်းလုံးမှာ ကျောက်တုံးအဖြစ်သို့ ဖြည်းဖြည်းချင်း ပြောင်းလဲသွားခဲ့ပြီး ရုတ်တရက်ဆိုသလို ကွဲကြေကာ မီးခိုးငွေ့များအဖြစ် ပျောက်ကွယ်သွားတော့၏။
"အင်း...။" လင်းချန်က ပခုံးတွန့်ကာ ပြောလိုက်သည်။ "ဒီပစ္စည်းကို စိတ်ဝိညာဉ်ပစ္စည်းလို့ပဲ ခေါ်ရမလားပဲကွာ...။ အရင်တုန်းက ပွဲတစ်ခု လုပ်တုန်းက ဟွာရှာငွေကြေး သုံးသိန်းတောင် သုံးပြီး သေတ္တာဖွင့်ဖောက်ရင်းကနေ ဒီပစ္စည်း သုံးခုကို ရခဲ့တာ...။"
သူက ခဏတာ တိတ်ဆိတ်သွားပြီးနောက် ဆက်ပြောလိုက်၏။ "အင်း... ငါဘာပြောနေလဲဆိုတာကို မင်းတို့ နားလည်မှာ မဟုတ်ပါဘူးလေ...။ ရှင်းရှင်းပြောရရင် ငါ့မှာ ပိုက်ဆံရှိလို့ ဒီ အစားထိုးအလင်းလုံးဆိုတဲ့ စိတ်ဝင်စားစရာ ပစ္စည်းလေးကို ရခဲ့တာပေါ့ကွာ...။ နှစ်ခုတော့ သုံးပြီးသွားပြီ။ ဒါက နောက်ဆုံးတစ်ခုပဲလေ...။"
"ဒီအရာကို သုံးလိုက်ရင် မူလခန္ဓာကိုယ်က ကိုယ်ပျောက်သွားပြီးတော့ အလင်းလုံးက ပုံတူကိုယ်ပွားတစ်ခု ဖန်တီးပေးတယ်...။ မူလခန္ဓာကိုယ်ရဲ့ စွမ်းအား ၊ အရှိန်အဝါ အကုန်လုံးကို တုပနိုင်တယ်လေ...။ ပြီးတော့ ပျက်စီးသွားခဲ့ရင်လည်း ရန်သူ့ခန္ဓာကိုယ်ထဲကို ဝင်ရောက်ပြီးတော့ အခြေအနေမှန်သမျှကို အကုန် စစ်ဆေးပေးနိုင်သေးတယ်..."
"ဒါကြောင့်မို့ ခုနက မင်းသတ်လိုက်တာက ငါ့ကိုယ်ပွားပဲ...။ အခုတော့ နားလည်ပြီလား..."
"အိုး...။" စင်မြင့်ထက်မှ ကျန်းကျွင်းချန်မှာ အံ့ဩတကြီးဖြင့် ရေရွတ်လိုက်ရသည်။ "အလွန်တရာကို အံ့ဩစရာကောင်းလှတဲ့ စိတ်ဝိညာဉ်ပစ္စည်း ပါလား...။"
တစ်ဖက်၌မူ နန်ရှင်း၏ မျက်နှာကြီးမှာ မဲမှောင်နေပြီး အလွန်ပင် စိတ်ပျက်သွားပုံရသည်။ ယခုကဲ့သို့ လူငယ်လေးတစ်ယောက်၏ ကစားခြင်းကို ခံလိုက်ရသည်မှာ သူ၏ ဘဝတစ်လျှောက်လုံးတွင် ပထမဆုံးအကြိမ်ပင် ဖြစ်တော့၏။
"ဟဟ" လင်းချန်က နန်ရှင်းအား ပြုံးစိစိဖြင့် ကြည့်ကာ ပြောလိုက်သည်။ "ဒါနဲ့... ဂြိုဟ်သားကြီးကို သတင်းကောင်းတစ်ခု ပြောပြရဦးမယ်...။"
"မင်းရဲ့ စိတ်ဝိညာဉ်နဲ့ အရိုးအသားတွေကို ခွဲထုတ်ပြီးတော့... အကြီးအကဲကျန်း သူ့ခန္ဓာကိုယ် ပြန်ရအောင် လုပ်ပေးနိုင်မယ့် နည်းလမ်းကို ငါရှာတွေ့သွားပြီလေ...။ ဘယ်လိုလဲ... အံ့ဩပြီး ပျော်သွားပြီမလား..."
လင်းချန်၏ စကားကြောင့်ပင် ပတ်ဝန်းကျင် တစ်ခုလုံးမှာ ချက်ချင်းဆိုသလို တိတ်ဆိတ်သွားတော့သည်။
အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးနောက်... နန်ရှင်းက ဒေါသတကြီးဖြင့် ဟိန်းဟောက်လိုက်၏။ "မင်းအဘွားကို အံ့ဩပြီး ပျော်ပါလားကွ...။"
ပြိုင်ဘက်ကင်း အင်ပါယာ။
စာစဉ် ၁၅ ၊ အတွဲ ၁ ၊ အပိုင်း ၁၄၇ ပြီး။
ဘာသာပြန် - Author Ko Yoohtoo
True Immortal Team
ပြိုင်ဘက်ကင်း အင်ပါယာ။
စာစဉ် ၁၅ ၊ အတွဲ ၁ ၊ အပိုင်း ၁၄၈
ဘာသာပြန် - Author Ko Yoohtoo
True Immortal Team
လင်းချန်၏ စကားများအား နန်ရှင်း လုံးဝ မယုံပေ။ သူ၏ အမြင်၌တွင် ဤလူသားကောင်လေးက အလွန်ဉာဏ်များလှပြီး တစ်ခုခုအား ကြံနေသောကြောင့် ဤကဲ့သို့ လှည့်စားရန် ကြိုးစားနေခြင်းဟုသာ ထင်မိသည်။
အဘယ်ကြောင့်ဆိုသော် ကျန်းကျွင်းချန် ကိုယ်၌ပင်လျှင် သူ့အား ချိတ်ပိတ်နိုင်ရန်အတွက် များစွာ ပေးဆပ်ခဲ့သည် မဟုတ်လော။ ထိုသို့တိုင်အောင် ထိုချိတ်ပိတ်မှုသည်လည်း အားနည်းလာပြီ ဖြစ်သောကြောင့် ယခုအခါ၌ သူ၏ စိတ်ဝိညာဉ်ပင် အပြင်သို့ထွက်ကာ လှုပ်ရှားနေနိုင်လေပြီ။
ဤမျှ ငယ်ရွယ်လှသော လူသားကောင်လေးက မည်သို့လုပ်၍ သူ့အား အဆုံးသတ်နိုင်မည်နည်း။ ထို့အပြင် ကျန်းကျွင်းချန်အား သူ၏ ခန္ဓာကိုယ်ကို ပြန်လည်ရရှိအောင် လုပ်ပေးမည် ဆိုသည်မှာကား ပို၍ပင် မဖြစ်နိုင်သေးချေ။
နန်ရှင်း မယုံကြည်သည်သာမက ကျန်းကျွင်းချန် ကိုယ်တိုင်လည်း ခေါင်းခါကာ ခါးသက်သက် ပြုံးလိုက်၏။
“ဟူး...” ကျန်းကျွင်းချန်က သက်ပြင်းချကာ ပြောလိုက်သည်။ “မိတ်ဆွေလေး... ဒီနည်းနဲ့ သူ့ကို လှည့်စားလို့ မရနိုင်ဘူး...”
လင်းချန်အနေဖြင့် နန်ရှင်းအား ခြိမ်းခြောက်ရုံ သက်သက်သာ လုပ်နေသည်ဟု ကျန်းကျွင်းချန်က ထင်မှတ်နေသည်။ အဘယ်ကြောင့်ဆိုသော် နန်ရှင်းကဲ့သို့သော ရှေးဟောင်းဘီလူးကြီးအား လှည့်စားရန် ဆိုသည်မှာ လွယ်ကူလှသော ကိစ္စတစ်ရပ် မဟုတ်သောကြောင့်ပင်။
နန်ရှင်းနှင့် ကျန်းကျွင်းချန်တို့ နှစ်ဦးစလုံး မယုံကြည်ကြသည်ကို မြင်တွေ့လိုက်ရသောအခါ လင်းချန်က ဆက်လက် ရှင်းပြမနေတော့ချေ။ အပြောထက် လက်တွေ့လုပ်ရပ်က ပို၍ ထိရောက်သည် မဟုတ်ပါလော။ အမှန်တရား ပေါ်ပေါက်လာသောအခါ၌ သူတို့ ယုံကြည်သွားကြမည်သာ။
တစ်ဖက်၌မူ ဟွာရှာအင်ပါယာ၏ ကောင်းကင်လက်မှုပညာဌာနအတွင်းရှိ ကျူးကော့မင်၏ ရှေ့မှောက်တွင် ကြီးမားလှသော နည်းဗျူဟာမှန်ပြင် ဆယ်ခုကျော်ခန့် ရှိနေသည်။ မှန်ပြင်များထက်၌ ရှုပ်ထွေးလှသည့် အချက်အလက်များနှင့် ပုံစံအမျိုးမျိုးတို့မှာ အဆက်မပြတ် ပြောင်းလဲပြသနေ၏။
ထိုသည်တို့မှာ လင်းချန် ရောက်ရှိနေသည့် နေရာမှ အစီအရင်၏ အချက်အလက်များပင် ဖြစ်သည်။ ယခုတစ်ခေါက် ကျူးကော့မင် ရင်ဆိုင်နေရသည့် အစီအရင်သည် ကမ္ဘာသစ်အား စတင်လေ့လာခဲ့သည့် အချိန်မှစ၍ အရှုပ်ထွေးဆုံးသော အရာဖြစ်သော်ငြား ကောင်းကင်လက်မှုပညာဌာနအတွက်မူ အခက်တွေ့စေနိုင်ခြင်း မရှိချေ။
အဘယ်ကြောင့်ဆိုသော် ကောင်းကင်လက်မှုပညာဌာန၏ နည်းပညာ တိုးတက်မှုမှာ အထွတ်အထိပ်သို့ ရောက်ရှိနေပြီ ဖြစ်သောကြောင့်ပင်။
ကျူးကော့မင်သည် ကျန်းကျွင်းချန်၏ ရှုပ်ထွေးလှသည့် အစီအရင်အား အနည်းငယ် လေ့လာပြီးသွားသည်နှင့် တပြိုင်နက် ပညာရှင်များအား ဦးဆောင်ကာ ထိုအစီအရင်ကို အောင်မြင်စွာ ရှင်းလင်းဖော်ထုတ်နိုင်ခဲ့လေပြီ။
အစီအရင်၏ လုပ်ဆောင်ချက် အားလုံးနှင့်တကွ ပြုပြင်ပြောင်းလဲနိုင်မည့် နည်းလမ်းများအားလုံးကိုပါ အပြည့်အဝ သိရှိနားလည်သွားပြီ ဖြစ်သည်။
ထိုအချက်ကို ကျန်းကျွင်းချန်ရော နန်ရှင်းပါ တွေးတောမိကြမည် မဟုတ်ပေ။
“ဒင်...”
ရုတ်တရက် ကြည်လင်ပြတ်သားသော အသံတစ်သံ ထွက်ပေါ်လာပြီးနောက် ခန်းမဆောင်အလယ်ရှိ အကြီးဆုံး နည်းဗျူဟာမှန်ပြင်ပေါ်၌ လင်းချန်၏ ပုံရိပ်မှာ ထွက်ပေါ်လာ၏။
တစ်ချိန်တည်းမှာပင် ခန်းမဆောင်အတွင်းရှိ ပညာရှင်များအားလုံးမှာ မတ်တတ်ရပ်လိုက်ကြပြီး မှန်ပြင်ပေါ်မှ လင်းချန်အား အရိုအသေ ပြုလိုက်ကြသည်။
“ဧကရာဇ်မင်းမြတ်...” မှန်ပြင်ပေါ်မှ လင်းချန်အား ဦးညွှတ်ကာ လေးစားစွာဖြင့် ကျူးကော့မင်က အစီရင်ခံလိုက်သည်။ “ဧကရာဇ်မင်းမြတ် လိုချင်တဲ့ အဖြေ ရပါပြီ...”
ရှေးဟောင်းအမွေအနှစ်နယ်မြေ ဒုတိယအလွှာရှိ အပျက်အစီးများကြား အစီအရင် အလယ်ဗဟို အလင်းတန်းအတွင်း၌ ရပ်နေသော လင်းချန်၏ မျက်လုံးများရှေ့၌ စာတိုပေးပို့မှု စနစ်အကွက်လေး ပေါ်လာပြီး ကျူးကော့မင်၏ ပုံရိပ်နှင့် အသံကိုပါ ကြားနေသည်။
ကျူးကော့မင်က အနည်းငယ် ရပ်တန့်လိုက်ပြီးနောက် ဆက်လက်၍ အစီရင်ခံ၏။ “မိဖုရားခေါင်ကြီးအတွက် ပြန်လည်မွေးဖွားခြင်း အစီအစဉ်လည်း အဆင်သင့် ဖြစ်ပါပြီ...။ ဒါပေမဲ့ တွက်ချက်မှုတွေအရ နိဗ္ဗာန်စက်ဝန်း ဆယ်သွယ်အထိပဲ ရောက်နိုင်ပါမယ်...။ ကန့်သတ်ချက်ကို ကျော်လွန်ဖို့တော့ မဖြစ်နိုင်ပါဘူး...”
အတန်ကြာပြီးနောက် သူက ထပ်မံ ပြောလိုက်သည်။ “တစ်ချိန်တည်းမှာပဲ ဧကရာဇ်မင်းမြတ်ရဲ့ ပြီးပြည့်စုံတဲ့ နိဗ္ဗာန်စက်ဝန်းဆယ်နှစ်သွယ် အောင်မြင်မှုကြောင့် ပြန်လည်မွေးဖွားခြင်း နည်းလမ်းနဲ့ ကန့်သတ်ချက်ကို ကျော်လွန်ဖို့ မလိုအပ်တော့ပါဘူး...”
ကျူးကော့မင်၏ အစီရင်ခံစာအား ကြားသိလိုက်ရပြီးနောက် လင်းချန်မှာ တိတ်ဆိတ်စွာဖြင့် ခေါင်းညိတ်လိုက်၏။ သူ ယီစင်းအား ပေးထားခဲ့သည့် ငွေကြယ်ရောင်ဂါဝန်ဖြူသည် သူမ၏ ခန္ဓာကိုယ် အချက်အလက်များအား အသေးစိတ် စုဆောင်းကာ ကောင်းကင်လက်မှုပညာဌာနသို့ ပေးပို့နိုင်စွမ်း ရှိနေသည်။
လင်းချန်သည် သူ၏ ချစ်သူအတွက် အထူးဂရုစိုက်ကာ ကျူးကော့မင်အား သူမအတွက် အသင့်တော်ဆုံးသော ကျင့်စဉ်တစ်ခု ဖန်တီးပေးရန် ညွှန်ကြားထားခဲ့ခြင်းပင်။
သို့သော်လည်း ရလဒ်မှာ သူ၏ ကျင့်စဥ်လောက် မကောင်းမွန်နိုင်မှန်းကို လင်းချန် နားလည်ထားပြီး ဖြစ်သည်။
သို့သော်ငွေကြယ်ရောင် ဂါဝန်ဖြူမှ ရရှိလာသည့် အချက်အလက်များဖြင့် ယီစင်း၏ ကျင့်ကြံခြင်း ရလဒ်သည် လေချန်တို့ထက်တော့ သေချာပေါက် သာလွန်နေလိမ့်မည်ဟု လင်းချန် ယုံကြည်ထား၏။
“အင်း...” လင်းချန်က စနစ်အကွက်ထဲမှ ကျူးကော့မင်အား ခေါင်းညိတ်ပြလိုက်ပြီး ခပ်သဲ့သဲ့ ပြောလိုက်သည်။ “စတော့”
ဟွာရှာအင်ပါယာ၏ ကောင်းကင်လက်မှုပညာဌာနအတွင်း၌ ကျူးကော့မင်က ပညာရှင်တစ်ဖွဲ့အား အလျင်အမြန်ပင် ဆင့်ခေါ်လိုက်၏။
ကောင်းကင်လက်မှုပညာဌာနမှ ပညာရှင်များမှာ ကျူးကော့မင်နှင့် မတူညီကြချေ။ ကျူးကော့မင်မှာ စစ်သည်တစ်ဦးလည်း ဖြစ်သည့်အလျောက် တိုက်ခိုက်စွမ်းရည် ရှိသော်ငြား ကျန်ပညာရှင်များမှာမူ တိုက်ခိုက်ရေးသမားများ မဟုတ်ကြသည့်အတွက် ကျင့်ကြံခြင်းအဆင့်မှာ များစွာ မမြင့်မားလှပေ။
“အသင့်ပြင်ဆင်ကြ...” ကျူးကော့မင်က ပညာရှင်များအား သေသေချာချာ တင်းကြပ်စွာ မှာကြားလိုက်သည်။ “ဧကရာဇ်မင်းမြတ်က မင်းတို့ကို ကမ္ဘာသစ်ဆီ ခေါ်ဆောင်သွားလိမ့်မယ်...”
“ဟုတ်ပြီလား...” သူက ခေတ္တရပ်ကာ ဆက်ပြောလိုက်သည်။ “တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်ကြ...။ ဧကရာဇ်မင်းမြတ် စိတ်ပျက်အောင် မလုပ်ကြနဲ့...”
“အမိန့်တော်အတိုင်းပါ...” ပညာရှင်များအားလုံးက တညီတညွတ်တည်း ပြန်လည်ဖြေကြားလိုက်ကြသည်။
ထိုသို့ ဖြေကြားလိုက်သည်နှင့် တပြိုင်နက် ကောင်းကင်လမ်းကြောင်းမှ အလင်းတန်းတစ်ခု ကျဆင်းလာကာ သူတို့အား လွှမ်းခြုံသွားပြီးနောက် ထိုနေရာမှ ရုတ်ချည်း ပျောက်ကွယ်သွားစေတော့၏။
တစ်ချိန်တည်းမှာပင် လင်းချန်၏ ရှေ့မှောက်၌ ပညာရှင် အယောက်နှစ်ဆယ်ခန့်မှာ ရုတ်တရက် ပေါ်ထွက်လာသည်။
ထိုပညာရှင်များမှာ ဧကရာဇ်မင်းမြတ်၏ ဘုန်းတော်အား မျက်ဝါးထင်ထင် တွေ့မြင်လိုက်ရသဖြင့် အလွန်အမင်း စိတ်လှုပ်ရှားသွားကြရကာ မျက်ရည်များပင် ကျဆင်းလာကြရသည်။ ထို့နောက် ခါးကို ကိုးဆယ်ဒီဂရီအထိ ကိုင်းညွှတ်ကာ နှုတ်ဆက်လိုက်ကြ၏။
“ဧကရာဇ်မင်းမြတ်ကို ဂါရဝပြုပါတယ်...” ပညာရှင်များက လေးစား ကြည်ညိုစွာဖြင့် ပြိုင်တူ ဆိုကြသည်။
“အင်း...” လင်းချန်က ပြုံးလိုက်ပြီး လက်ကာပြလိုက်သည်။
“အို...” လင်းချန်၏ ဘေးနားရှိ ယီစင်းမှာ ရုတ်တရက် ပေါ်လာသော ပညာရှင်များအား ကြည့်ကာ အံ့ဩတကြီးဖြင့် မေးလိုက်သည်။ “ချန်လေး... ဒီလူတွေက...”
သူမရှေ့မှ လူများမှာ ယခင်က တွေ့မြင်ခဲ့ရသော စစ်သည်များနှင့် လုံးဝကို မတူညီကြချေ။ သူတို့သည် ရိုးရှင်းလှသည့် ဝတ်ရုံရှည်များအား ဝတ်ဆင်ထားကြပြီး ခေါင်းပေါ်၌ ဦးထုပ်များ ဆောင်းထားကြကာ ပညာရှိဆန်သော အရှိန်အဝါများ အတိုင်းသား ထွက်ပေါ်နေကြ၏။
“အာ...” ယီစင်းအား မြင်တွေ့လိုက်ရသောအခါ ပညာရှင်များမှာ လန့်ဖျပ်သွားကြရပြီး အလျင်အမြန်ပင် ထပ်မံ ဦးညွှတ်လိုက်ကြသည်။ “ဧကရာဇ်မင်းမြတ်ကိုပဲ အာရုံစိုက်မိပြီး မိဖုရားခေါင်ကြီး ရှိနေတာကို သတိမထားမိတဲ့ ကျွန်တော်မျိုးတို့ရဲ့ အပြစ်ကို ခွင့်လွှတ်တော်မူပါ...”
“အာ...” ယီစင်းမှာ လန့်သွားရပြီး အလျင်အမြန် လက်ကာပြလိုက်၏။ “ရ... ရပါတယ်... မလိုပါဘူး... ထကြပါ...”
“ကျေးဇူးကြီးလှပါတယ် အရှင်မိဖုရား...” ယီစင်းက ခွင့်ပြုလိုက်မှသာ ပညာရှင်များမှာ မတ်တတ်ရပ်ရဲကြသည်။
ယီစင်းမှာ သက်ပြင်းတစ်ချက် ရှူထုတ်လိုက်ပြီးနောက် လင်းချန်၏ ဘေး၌ ငြိမ်သက်စွာ ရပ်နေလိုက်၏။ ထို့နောက် ဆက်မပြောရဲတော့ဘဲ ပညာရှင်များအားသာ စိတ်ဝင်တစားဖြင့် စောင့်ကြည့်နေလိုက်သည်။
လင်းချန်က တည်ငြိမ်စွာ အမိန့်ပေးလိုက်သည်။ “စကြတော့...”
ထိုအခါ ပညာရှင်များမှာ ခေါင်းညိတ်လိုက်ကြပြီး အလင်းတန်းအတားအဆီး၏ အစွန်းရှိ နေရာအသီးသီးသို့ လမ်းလျှောက်သွားကြသည်။
လင်းချန်မှ လူအသစ်များအား ထပ်မံ ဆင့်ခေါ်လိုက်သဖြင့် ကျန်းကျွင်းချန်မှာ အံ့ဩသွားရပြီး နန်ရှင်းကမူ မျက်မှောင်ကြုတ်သွားရသည်။
အဘယ်ကြောင့်ဆိုသော် မကြာသေးမီကပင် လင်းချန်သည် စစ်သည်များအား အသုတ်လိုက် ဆင့်ခေါ်ကာ ဖုတ်ကောင်တပ်မတော်ကြီးကို အပြတ်ရှင်းလင်းခဲ့သည် မဟုတ်ပါလော။
ယခုအခါ နန်ရှင်းနှင့် ပြဿနာအား အပြီးတိုင် ရှင်းလင်းမည်ဟု ပြောဆိုပြီးနောက် ဤလူထူးဆန်းများကို ထပ်မံ ဆင့်ခေါ်လိုက်ခြင်းမှာ တစ်ခုခု ဆက်စပ်မှု ရှိနေလောက်ပေမည်။
“အင်း...” ယီစင်းက တစ်စုံတစ်ခုအား စဉ်းစားမိသွားဟန်ဖြင့် မျက်လုံးများ အရောင်တောက်ပလာကာ မေးလိုက်သည်။ “ချန်လေး... ခုနက နင်ပြောတဲ့ နည်းလမ်းက သူတို့ကို အားကိုးရမှာလား...”
“အင်း...” လင်းချန်က ခေါင်းညိတ်လိုက်ပြီး အလင်းတန်းအစွန်း၌ ရပ်နေသော ပညာရှင်များအား ကြည့်ကာ ယုံကြည်မှု အပြည့်ဖြင့် ပြောလိုက်၏။ “သူတို့က ပြဿနာကို သေချာပေါက် ဖြေရှင်းပေးနိုင်လိမ့်မယ်လေ...”
လင်းချန်၏ ယုံကြည်မှုရှိလှသော စကားကြောင့် ယီစင်းမှာလည်း ပညာရှင်များအား စိတ်ဝင်တစားဖြင့် ကြည့်လိုက်မိတော့သည်။
နေရာယူပြီးသွားသည်နှင့် တပြိုင်နက် ပညာရှင် အယောက်နှစ်ဆယ်မှာ ကြေးနီရောင် သတ္တုပြားများအား အသီးသီး ထုတ်ယူလိုက်ကြပြီး စိတ်ဝိညာဉ်စွမ်းအင်များ ထည့်သွင်းကာ မျက်နှာကြက်ပေါ်ရှိ အစီအရင်ဆီသို့ ချိန်ရွယ်လိုက်ကြ၏။
ချက်ချင်းဆိုသလိုပင် ကြေးနီရောင် အလင်းတန်း နှစ်ဆယ်မှာ ကောင်းကင်သို့ ထိုးတက်သွားကာ မျက်နှာကြက် အစီအရင်အား တည့်တည့်မတ်မတ် ထိမှန်သွားတော့သည်။
ထို့နောက် ပညာရှင်များမှာ လက်ထဲမှ သတ္တုပြားများအား ကိုင်ထားလျက် လက်ညှိုးများဖြင့် ပွတ်ဆွဲကာ တစ်စုံတစ်ခုကို လုပ်ဆောင်လိုက်ကြ၏။
ထိုအခါ စင်မြင့်ပေါ်မှ ကျန်းကျွင်းချန်၏ မျက်နှာအမူအရာမှာ သိသိသာသာ ပြောင်းလဲသွားရပြီး မျက်နှာကြက်ဆီသို့ မော့ကြည့်လိုက်သည်။ ကျန်းကျွင်းချန်၏ အမူအရာအား မြင်တွေ့လိုက်ရသောအခါ နန်ရှင်းမှာလည်း အလျင်အမြန် မော့ကြည့်လိုက်ရာ သူ၏ မျက်နှာထားမှာလည်း ချက်ချင်း ပြောင်းလဲသွားရတော့၏။
မျက်နှာကြက်ပေါ်ရှိ အစီအရင်ပုံစံများမှာ မမြင်ရသည့် တစ်စုံတစ်ရာမှ ပြုပြင်ပြောင်းလဲနေသကဲ့သို့ ပုံစံများ ပြောင်းလဲသွားသော်ငြား အစီအရင်ကမူ ဆက်လက် လည်ပတ်နေဆဲပင်။
ပုံမှန်အားဖြင့်ဆိုလျှင် အစီအရင်တစ်ခုအား ပြုပြင်ပြောင်းလဲလိုပါက ဦးစွာပထမ အစီအရင်၏ လည်ပတ်မှုကို ရပ်တန့်ရမည် ဖြစ်၏။ ထိုသို့ ရပ်တန့်ပြီးမှသာ ပြင်ဆင်ကာ ပြန်လည်စတင်ရမည် ဖြစ်သည်။
ယခုကဲ့သို့ လည်ပတ်နေသော အစီအရင်တစ်ခုအား ရပ်တန့်ခြင်းမပြုဘဲ ပြုပြင်ပြောင်းလဲနေသည်ကိုမူ သူတို့ တစ်ကြိမ်တစ်ခါမျှ မမြင်ဖူးခဲ့ကြချေ။
“သေစမ်း...” နန်ရှင်း၏ မျက်နှာထက်တို့၌ ကြောက်ရွံ့မှုများ အထင်းသား ပေါ်လာပြီး ရေရွတ်လိုက်၏။ “ဒီကောင်လေး ခုနက ပြောတာတွေက အမှန်တွေ ဖြစ်နေတာလား...”
အကယ်၍ လင်းချန် ပြောသည့်အတိုင်းသာ ဖြစ်လာခဲ့မည် ဆိုပါက သူ သေချာပေါက် သေလမ်းသို့ ရောက်ရှိရတော့ပေမည်။
ပြိုင်ဘက်ကင်း အင်ပါယာ။
စာစဉ် ၁၅ ၊ အတွဲ ၁ ၊ အပိုင်း ၁၄၈ ပြီး။
ဘာသာပြန် - Author Ko Yoohtoo
True Immortal Team