အခန်း ၁၉၁
Vol. 20 Ch. 191
အခန်း (၁၉၁)
ညှိနှိုင်းခြင်း
ဟွာကျွင်းသည် မုန့်ဆိုင်ကို အားမန်နှင့် ဟွာရှန့်တို့ထံ အပ်နှံခဲ့ပြီးနောက် ငွေအိတ်ကို ဆွဲကာ အပြင်သို့ ထွက်လာခဲ့သည်။
ဒေါ်လေးပန်းနှင့် ရှို့ယွန်းတို့လည်း နောက်မှ လိုက်လာကြရာ စုစုပေါင်း လူငါးယောက်သည် မြို့ထဲရှိ ပြည့်တန်ဆာရုံဆီသို့ ဦးတည်သွားကြတော့သည်။
ပြည့်တန်ဆာရုံသို့ ရောက်သောအခါ လူစုလူဝေးနှင့် ရောက်လာကြောင်း အသိပေးလိုက်၏။ ထို့နောက် သူတို့ကို ချွေမားမားရှိရာသို့ ခေါ်ဆောင်သွားကြ၏။
ချွေမားမားသည် အလွန်အံ့ဩသွားပြီး အားမောက်ကို ကြည့်ကာ ပြောလိုက်၏။
“ငါ နင့်ကို အထင်သေးမိသွားတာပဲ။ ဒီလောက်မြန်မြန် ငွေရှာနိုင်လိမ့်မယ်လို့ မထင်ထားဘူး”
အားမောက်က ခေါင်းညိတ်ပြီး ပြန်ဖြေလိုက်သည်။
“ခင်ဗျားကိုယ်တိုင် (၃၀၀) တေးလို့ ပြောခဲ့တာနော်။ အခု တစ်နာရီတောင် မပြည့်သေးဘူး၊ ခင်ဗျား ကတိမပျက်ရဘူး”
ချွေမားမားက စကားမပြောဘဲ သူ့နောက်က လူအုပ်ကို ဝေ့ကြည့်လိုက်သည်။ ဟွာကျွင်းသည် အလယ်တည့်တည့်တွင် ထူးခြားသော ကိုယ်ဟန်အနေအထားဖြင့် ရပ်နေ၏။
သူမက ဟွာကျွင်းကို ကြည့်ပြီး မေးလိုက်သည်။
“ဒါက ဘယ်သူလဲ”
“ကျွန်မက အားမောက်ရဲ့ သူဌေးပါ။ သူ့ကို ငွေချေးပေးထားတာ”
“ကြည့်ရတာ တစ်နေရာရာမှာ မြင်ဖူးသလိုပဲ။ မင်းရဲ့ မျိုးရိုးအမည်က ဘာလဲ”
“ကျွန်မ မျိုးရိုးက ဟွာ ပါ”
ချွေမားမား ရုတ်တရက် သဘောပေါက်သွားပြီး ခေါင်းညိတ်ကာ ပြော၏။
“ဪ... မြို့ပြင်က ‘ဟွာကျွင်း မုန့်ဆိုင်’ ရဲ့ သူဌေးမဟွာ ကိုး။ ဒါကြောင့်လည်း သူ ဒီလောက် ငွေအမြောက်အမြားကို အချိန်တိုအတွင်း ရှာနိုင်တာပေါ့”
ရှင်းအာသည် သတင်းရရချင်း ဤအခန်းသို့ ပြန်ရောက်လာရာ လူအများကြီးကို တွေ့သဖြင့် လန့်သွား၏။
အားမောက် ပြန်ရောက်လာသည်ကို မြင်သောအခါ သူမက လှမ်းခေါ်လိုက်သည်။
“အစ်ကို...”
အားမောက် စကားမပြောရသေးခင် ဒေါ်လေးပန်းက အလျင်အမြန် ကြားဖြတ်ပြောလိုက်၏။
“ယောက်မလေး ရှင်းအာ၊ မကြောက်ပါနဲ့၊ ငါတို့တွေ နင့်ကို ရွေးဖို့ ငွေယူလာပြီ”
ရှင်းအာသည် ဒေါ်လေးပန်းနှင့် ရှို့ယွန်းကို မြင်သောအခါ မနေ့က အရိုက်ခံရသည်ကို သတိရပြီး အနည်းငယ် ကြောက်လန့်နေဆဲ ဖြစ်သည်။
ဒေါ်လေးပန်း ဆက်ပြော၏။
“မနေ့က နားလည်မှုလွဲတာပါ။ နောက်မှ ယောင်းမဖြစ်တဲ့ ငါက တောင်းပန်ပါ့မယ်...”
ချွေမားမားက ဟွာကျွင်းကို မေးလိုက်သည်။
“ဒါတွေက မင်းရဲ့ အစေခံတွေလား”
“သူတို့က အစေခံတွေ မဟုတ်ဘူး။ ကျွန်မရဲ့ ဆိုင်ခန်းတွေကို ကူညီစီမံပေးနေတဲ့သူတွေပါ။ ချွေမားမား... ကျွန်မ အခုလာတာက ဒီ (၃၀၀) တေးဆိုတဲ့ ဈေးနှုန်းကို ညှိနှိုင်းလို့ ရမလားလို့ မေးချင်လို့ပါ။ ကျွန်မ သိသလောက်တော့ ရှင်းအာက ဧည့်သည်လက်မခံရသေးဘူးဆိုတော့ ဒီဈေးက နည်းနည်း များလွန်းသလိုပဲ”
ချွေမားမားက ပြုံးပြီး ပြန်ပြောလိုက်သည်။
“မင်းက ဆိုင်ကလူတွေအပေါ် အရမ်းကောင်းတယ်လို့ ကြားဖူးတယ်၊ ဒါက တကယ်ပဲကိုး။ သူတို့အတွက်နဲ့ ပြည့်တန်ဆာရုံအထိ လာပြီး ငါနဲ့ ဈေးဆစ်ပေးတယ်ဆိုတော့ ဟားဟား”
ချွေမားမားက ဟွာကျွင်းကို ထိုင်ရန် ဖိတ်ခေါ်ပြီးနောက် ပြောလိုက်၏။
“အမှန်တော့ (၃၀၀) တေး ဆိုတာက ကျွန်မ အပျော်သဘော နောက်ပြောင်ခဲ့တာပါ၊ သူဌေးမဟွာ အတည်ယူနေစရာ မလိုပါဘူး”
ထိုစကားကြောင့် အခန်းထဲရှိ လူတိုင်း ဇဝေဇဝါ ဖြစ်သွားကြသည်။
ဟွာကျွင်းက တစ်ခုခုကို ခန့်မှန်းမိသဖြင့် မေးလိုက်၏။
“ချွေမားမားက ရှင်းအာကို လူမှားဆီ အပ်နှံမိမှာ စိုးရိမ်နေတာလား”
ချွေမားမားက သဘောတကျ ခေါင်းညိတ်လိုက်၏။
“သူဌေးမဟွာက စီးပွားရေး အကြီးအကျယ် လုပ်နိုင်တာ မဆန်းပါဘူး။ ဟုတ်ပါတယ်၊ ဒါက ကျွန်မအတွက်တော့ ထူးဆန်းတဲ့ ကိစ္စမဟုတ်ဘူး”
သူမက ဆက်ပြော၏။
“ကျွန်မ (၃၀၀) တေး မယူပါဘူး၊ ဒါပေမဲ့ ဒီဈေးနှုန်းက စိတ်မပါတဲ့သူတွေကိုတော့ ခြောက်လှန့်ပြီးသား ဖြစ်သွားတာပေါ့”
လွန်ခဲ့သော နှစ်ပေါင်းများစွာက သူမတွင် မိန်ရှန်းအမည်ရှိ မိန်းကလေးတစ်ဦး ရှိခဲ့ဖူး၏။ သူမက ချစ်သူနှင့်အတူ နေထိုင်ရန် ကိုယ့်ကိုယ်ကိုယ် ရွေးချယ်ခဲ့သည်။ နှစ်ယောက်သား (၈၀) တေး စုဆောင်းနိုင်ခဲ့သဖြင့် ချွေမားမားက သဘောတူညီချက်အတိုင်း လွှတ်ပေးခဲ့သည်။ သို့သော် မကြာမီမှာပင် မိန်ရှန်းသည် ပြည့်တန်ဆာရုံသို့ ပြန်ရောက်လာပြီး လုပ်ငန်းဟောင်းကို ပြန်လုပ်ခဲ့ရသည်။ ထိုအချိန်တွင် သူမ၌ ပိုက်ဆံလည်းမရှိတော့သလို စိတ်ရော လူပါ ပင်ပန်းနွမ်းနယ်နေခဲ့သည်။
ထိုအချိန်မှစ၍ သူမက ဤစည်းကမ်းကို သတ်မှတ်ခဲ့ခြင်းဖြစ်၏။ အကယ်၍ တစ်စုံတစ်ယောက်က မိန်းကလေးတစ်ဦးကို တကယ်ရွေးချင်လျှင် နည်းလမ်းမျိုးစုံသုံးပြီး သူမထံ အကြိမ်ကြိမ် လာတောင်းဆိုလိမ့်မည်။ ထိုအခါမှသာ သူမက လွှတ်ပေးမည်ဖြစ်သည်။
မထင်မှတ်ဘဲ ဤနှစ်များတစ်လျှောက် သူမသည် (၃၀၀) တေး တစ်ခါမှ မရခဲ့ဖူးသလို မည်သူ့ကိုမှလည်း လွှတ်မပေးခဲ့ဖူးပေ။
သို့သော် ယနေ့မှာတော့ ထူးခြားသွားသည်။
“ပြည့်တန်ဆာတစ်ယောက်ကို ရွေးဖို့ (၃၀၀) တေး ယူလာနိုင်တဲ့သူဟာ သူ့အပေါ် သေချာပေါက် ကောင်းကောင်း ဆက်ဆံပါလိမ့်မယ်။ သွားနိုင်ပါပြီ”
အားမောက်၊ ဒေါ်လေးပန်းနှင့် ရှင်းအာတို့မှာ အလွန်စိတ်လှုပ်ရှားနေသဖြင့် စကားပင် မပြောနိုင်ကြပေ။ အတော်ကြာမှ ဒေါ်လေးပန်းက ခေါ်လိုက်၏။
“ယောက်မလေး ရှင်းအာ၊ နင့်ရဲ့ ယောက်မ ဘက်ကို လာခဲ့လေ”
ရှင်းအာသည် ဒေါ်လေးပန်း၏ ရင်ခွင်ထဲ တိုးဝင်ကာ ရှိုက်ကြီးတငင် ငိုကြွေးတော့သည်။
“ကျွန်မ တကယ်ကြီး ထွက်သွားလို့ ရပြီ...”
ဟွာကျွင်းက ငွေ (၈၀) တေးကို ထုတ်ယူကာ ချွေမားမား၏ စားပွဲပေါ် တင်လိုက်သည်။ ချွေမားမားက ၎င်းကို ကောက်ယူကြည့်ရှုပြီး လက်ခံလိုက်သည်။
“သွားကြတော့၊ သွားကြတော့၊ နောက်တစ်ခါ ပြန်မလာကြနဲ့ဦး”
အားမောက်က အံ့ဩတကြီးပြောတော့၏။
“ဟင်၊ ဒါက...”
ဟွာကျွင်း အရင်ဦးဆုံး ထွက်သွားသည်။ မော့ချွမ်းက နောက်မှ ကပ်လိုက်၏။ အားမောက်ကလည်း ချက်ချင်း ပါးစပ်ပိတ်ကာ ဒေါ်လေးပန်းနှင့် ရှင်းအာကို ဆွဲပြီး လိုက်ထွက်လာခဲ့တော့သည်။
မုန့်ဆိုင်သို့ ရောက်သောအခါ အားမောက် ဇဝေဇဝါ ဖြစ်နေသောကြောင့် မေးမြန်းလိုက်၏။
“သူဌေးမဟွာ ချွေမားမားက (၃၀၀) တေး လိုချင်တယ်ဆိုပြီး ဘာလို့ ခင်ဗျားဆီက (၈၀) တေးပဲ လက်ခံလိုက်တာလဲ”
ဟွာကျွင်းက ငွေစက္ကူများကို သူမ၏ သေတ္တာထဲသို့ ပြန်ထည့်ရင်း ရှင်းပြ၏။
“သူက အဲဒီလောက်အထိ တကယ်မလိုချင်ပါဘူး။ (၃၀၀) တေး ဆိုတာက လူအချို့ကို ခြောက်လှန့်ဖို့ပဲ”
အားမောက် နားမလည်သေးသလို ဒေါ်လေးပန်းနှင့် ရှင်းအာတို့လည်း နားမလည်ကြပေ။
ဟွာကျွင်း ဆက်ရှင်းပြသည်။
“ချွေမားမားက ရှင်တို့ ရှင်းအာအပေါ် ကောင်းကောင်းမဆက်ဆံမှာ စိုးလို့ တမင်တကာ ဈေးကြီးပေးထားတာ၊ ရှင်တို့ လက်လျှော့သွားမလားလို့ပေါ့။ ရှင်တို့က လက်မလျှော့ဘဲ စိတ်ရင်းမှန်တာကို မြင်သွားတဲ့အခါ ရှင်းအာကို လွှတ်ပေးလိုက်တာပဲ”
“ဪ... ဒီလိုကိုး...”
“ဒီချွေမားမားက လူဆိုးတော့ မဟုတ်ပါဘူး”
ဟွာကျွင်းပြောလိုက်သည်။
ရှင်းအာ ပြန်ပြောလိုက်၏။
“မားမားက လူကောင်းပါ... ကျွန်မ တစ်နေရာပြီးတစ်နေရာ ရောင်းစားခံရပြီး ပြည့်တန်ဆာရုံထဲ ရောက်သွားတော့ ကျွန်မက အပျော်အပါး မလုပ်ချင်ဘူးဆိုတာ သူသိတယ်။ ဒါကြောင့် သူက သီချင်းဆို ကခုန်တာကိုပဲ သင်ပေးခိုင်းခဲ့တာ၊ ဒါကြောင့် ကျွန်မက စင်ကြယ်တဲ့ အနုပညာရှင်တစ်ယောက် ဖြစ်နေတာပါ။ ပြည့်တန်ဆာရုံထဲမှာ ကျွန်မလို မိန်းကလေးတွေ အများကြီးရှိတယ်၊ တစ်နေ့နေ့မှာ သူ့ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ပြန်ရပြီဆိုရင် ကျွန်မတို့ကို အကုန် လွှတ်ပေးမယ်လို့ မားမားက ပြောခဲ့တယ်”
“ဒါဆို ရှင့်ကို ရွေးဖို့ (၈၀) တေး ဆိုတာက ရှင့်ကို ဝယ်ခဲ့တဲ့ဈေးနဲ့ ဒီနှစ်တွေမှာ ကျွေးမွေးပြုစုခဲ့တဲ့ စရိတ်ပေါ့”
ရှင်းအာကိုယ်တိုင်ပင် ၎င်းကို မစဉ်းစားခဲ့မိပေ။ သူမ ရုတ်တရက် သဘောပေါက်သွား၏။
“ဒါကြောင့်လည်း တခြားညီအစ်မတွေရဲ့ ရွေးဖိုးတွေက တစ်ယောက်နဲ့တစ်ယောက် မတူကြတာကိုး”
ဒေါ်လေးပန်း ပြောလိုက်သည်။
“ဘာပဲဖြစ်ဖြစ် အတိတ်ကကိစ္စတွေ ပြီးပါပြီ။ အခု ငါတို့မိသားစု ပြန်ဆုံရတာမင်္ဂလာပဲ၊ ရှင်းအာ... အခုကစပြီး နင့်အစ်ကိုနဲ့ ယောက်မ နဲ့အတူ နေရမယ်။ ငါတို့ဘဝတွေ အဆင်ပြေနေပါပြီ၊ နင့်ရဲ့ ဒုက္ခတွေ ပြီးဆုံးသွားပြီ”
အားမောက်ကလည်း ဝင်ပြော၏။
“ရှင်းအာ... နင် ရက်နည်းနည်းလောက် အနားယူဦး၊ ပြီးမှ အစ်ကိုတို့နဲ့အတူ အကင် လိုက်ရောင်းပေါ့”
ဟွာကျွင်း တစ်ခုခုကို ရုတ်တရက် တွေးမိသွားပြီး ရှင်းအာကို မေးလိုက်သည်။
“ရှင်က သီချင်းဆို ကခုန်တာ သင်ထားတယ်ဆို”
ရှင်းအာ ခေါင်းညိတ်၏။
“ပုံမှန်ဆို ပြည့်တန်ဆာရုံမှာ နေ့ဘက် ကကွက်တွေ လေ့ကျင့်ရပြီး ညဘက်ကျရင် ကပြရတာပါ”
“သိပ်ကောင်းတာပဲ။ ရှင် အကင်ရောင်းစရာ မလိုပါဘူး၊ ရှင့်အတွက် တခြားအလုပ် ရှိတယ်”
“သူဌေးမဟွာက ကျွန်မရဲ့ ကျေးဇူးရှင်ပါ။ သူဌေးမ ခိုင်းတာမှန်သမျှ ကျွန်မ လုပ်ပါ့မယ်”
ဟွာကျွင်းက တစ်နေ့လုံး ပတ်ပြေးနေရသည့် ရှို့ယွန်းကို ပြောလိုက်၏။
“အစ်မရှို့ယွန်း... ဒါက အိပ်ချင်နေတုန်း ခေါင်းအုံး လာပေးသလိုပဲ”
ရှို့ယွန်းမှာ ဇဝေဇဝါဖြစ်သွားသည်။
“ညီမလေး... အစ်မ ဒီနေ့ ဘာဖြစ်နေတာလဲ မသိဘူး၊ အခြေအနေတွေကို လုံးဝ နားမလည်နိုင်တော့ဘူး...”
ဟွာကျွင်း မျက်တောင်တစ်ချက်ခတ်ကာ ပြောလိုက်၏။
“ကျွန်မတို့မှာ ကကွက်သင်ပေးမြဲ ဆရာမ၊ မဟုတ်ဘူး... ကျွမ်းကျင်တဲ့ ဆရာမကြီး တစ်ယောက် လိုနေတယ် မဟုတ်လား”
ရှို့ယွန်းက သူမ ခေါင်းကို ပုတ်ကာ ပြန်ပြော၏။
“ဟုတ်သားပဲ၊ ဟုတ်သားပဲ၊ ရှင်းအာက အစ်မတို့ရဲ့ ကိုယ်အလေးချိန်လျှော့ချတဲ့ အတန်း မှာ ဆရာမ လုပ်လို့ရတာပဲ”
ရှင်းအာက ဟွာကျွင်းသည် သူမကို မုန့်ဆိုင်တွင် ဧည့်သည်များအတွက် ကပြခိုင်းမည်ဟု ထင်ထားခဲ့ခြင်း ဖြစ်သည်။ ယခု ‘ကိုယ်အလေးချိန်လျှော့ချသည့် အတန်း’ အကြောင်း ကြားသောအခါ သူမက စပ်စုမိ၏။
“ဘာကို ဆိုလိုတာလဲ၊ အဲဒါက ဘာလဲဟင်”
“ဒါက မိန်းမပျိုတွေကို ကျန်းမာပြီး ပိန်သွယ်သွားအောင် ကကွက်တွေ သင်ပေးရမဲ့ ဆရာမ လုပ်ခိုင်းတာ”
“ကျွန်မ... ကျွန်မက ပြည့်တန်ဆာရုံက လာတာလေ၊ ဘယ်လိုလုပ် ဆရာမ လုပ်လို့ရမှာလဲ။ ပြီးတော့ သူဌေးမပြောတဲ့ ကကွက်မျိုးကိုလည်း ကျွန်မ မကတတ်ဘူး”
သူမ ပြည့်တန်ဆာရုံမှာ သင်ခဲ့ရသည့် အကများသည် ယောကျ်ားများကို မြူဆွယ်ဖို့အတွက်သာ ဖြစ်သဖြင့် ထုတ်ပြောရန် ခက်ခဲလှသည်။
“ရပါတယ်၊ ကျွန်မတို့တွေ ကကွက်အသစ်တစ်ခု ဖန်တီးကြတာပေါ့”
‘တကယ်လို့ အဆင်မပြေရင်လည်း အင်တာနက်ပေါ်မှာ အကဆရာမတစ်ယောက် ရှာပြီး ကကွက်တွေ ဖန်တီးခိုင်းလို့ရတယ်’
ထိုကိစ္စသည် အဆင်ပြေသွားသော်လည်း ဟွာကျွင်း၌ အခြား စဉ်းစားစရာများ ရှိသေး၏။
သူမ သေသေချာချာ စဉ်းစားနေမိ၏။
‘ပြည့်တန်ဆာရုံတစ်ခုမှာ ဘာကို အလိုအပ်ဆုံး ဖြစ်မလဲ’
သူမသည် ချွေမားမားထံ လက်ဆောင် တစ်ခုခု ပေးချင်နေသည်။
သူမ စဉ်းစားမရသဖြင့် ရှင်းအာကို ထပ်မေးလိုက်၏။
“ပြည့်တန်ဆာရုံမှာ ဘာအလိုအပ်ဆုံးလဲ”
ရှင်းအာ ခဏစဉ်းစားပြီးနောက် ပြန်ဖြေ၏။
“ပြည့်တန်ဆာရုံတစ်ခုအတွက် အရေးကြီးဆုံးက ယောကျ်ားတွေ နေ့တိုင်း လာနေဖို့ပဲလေ...”
ဟွာကျွင်း တွေးရင်း တွေးရင်းဖြင့် ထိုယောကျ်ားများကို ချွေမားမား၏ ပြည့်တန်ဆာရုံမှာပဲ စွဲလမ်းနေအောင် ဘယ်မှမသွားချင်အောင် ဘယ်လိုလုပ်ရမလဲ ဆိုသည်ကို စဉ်းစားနေတော့သည်။