အခန်း ၁၉၃
Vol. 20 Ch. 193
အခန်း (၁၉၃)
မြင်းခေါင်းလမ်းကြား
မူလတန်းကျောင်းမှ ကလေးများသည် ပညာသင်ကြားခွင့်ရရန် မလွယ်ကူမှန်း သိကြသဖြင့် အားကြိုးမာန်တက် နှစ်ဆတိုး၍ ကြိုးစားကြ၏။
သို့သော်လည်း ရွာထိပ်တွင် ကပ်ထားသော ဆရာခေါ်ယူသည့် ကြော်ငြာစာမှာ တဖြည်းဖြည်း မှေးမှိန်သွားပြီး မည်သူမျှ လာရောက်မမေးမြန်းသဖြင့် ဟွာကျွင်းမှာ ထိုကိစ္စကို အကန့်အသတ်မရှိ ရွှေ့ဆိုင်းထားလိုက်ရတော့သည်။
ထိုနေ့တွင် ဟွာကျွင်းသည် မြင်းစီးဝတ်စုံသို့ လဲလှယ်ဝတ်ဆင်လိုက်သည်။ မော့ချွမ်း သတိမထားမိခင်မှာပင် သူမသည် မြင်းကုန်းနှီးကို လဲလှယ်တပ်ဆင်ကာ မြင်းပေါ်တက်၍ မြို့ထဲသို့ ဦးတည်ထွက်ခွာခဲ့သည်။
မြင်းခွာသံကို ကြားလိုက်ရသဖြင့် မော့ချွမ်း ဆိုင်ထဲမှ ပြေးထွက်လာရာ ဟွာကျွင်း၏ နောက်ကျောကိုသာ မြင်လိုက်ရတော့၏။
သူက အကြိမ်အနည်းငယ် အော်ခေါ်သော်လည်း ဟွာကျွင်း ကြားရက်နှင့် လှည့်မကြည့်ပေ။ မည်သို့ပင်ဆိုစေ သူမသည် မြင်းစီးသင်ခန်းစာ အကြိမ်အနည်းငယ် သင်ယူထားပြီးသား ဖြစ်၏။ မော့ချွမ်းကိုယ်တိုင်လည်း စနစ်တကျ သင်တန်းတက်ထားခြင်းမဟုတ်၍ သူမကို မညွှန်ကြားနိုင်ပေ။ သူမကတော့ သူမ၏ မြင်းစီးအရည်အချင်းကို ယုံကြည်မှု အပြည့်ရှိနေ၏။
ဟွာကျွင်းသည် မှတ်ဉာဏ်ကို အားကိုးကာ လမ်းတစ်လျှောက် မေးမြန်းရင်း နောက်ဆုံးတွင် စစ်သူကြီးလု၏ အိမ်တော်သို့ ချောချောမောမော ရောက်ရှိသွားသည်။
သူမ အိမ်တော်တံခါးကို ခေါက်လိုက်ရာ တံခါးဝရှိ အစေခံလေးက ဟွာကျွင်းကို မှတ်မိနေသည်။
“သူဌေးမဟွာ၊ အခက်အခဲ တစ်ခုခု ရှိလို့လားခင်ဗျာ”
“မဟုတ်ပါဘူး၊ ဘာမှမဖြစ်ပါဘူး။ ဘွားဘွားလု အိပ်ပြီလား၊ ကျွန်မ သူ့ဆီ အလည်လာတာပါ”
အစေခံလေးသည် ဟွာကျွင်းက အိတ်အကြီးကြီးတစ်အိတ်ကို မနိုင်မနင်း သယ်လာသည်ကို မြင်သဖြင့် အမြန်ကူယူလိုက်ပြီး အဘွားလု၏ အခန်းထဲသို့ လူလွှတ်၍ အကြောင်းကြားခိုင်းလိုက်သည်။
အိတ်ထဲတွင် ဟွာကျွင်း ဝယ်လာသော တရုတ်ဆီးသီး ဆယ်ပိဿာခန့် ရှိသည်။ နေ့လယ်က ဈေးဝယ်ရင်း ဆီးသီးပေါ်ချိန်ဖြစ်သည်ကို တွေ့ရပြီး အလွန်ပင် ချိုမြိန်လှသဖြင့် အဘွားလု မြည်းစမ်းကြည့်နိုင်ရန် အထူးတလည် ယူဆောင်လာခဲ့ခြင်း ဖြစ်သည်။
မကြာမီမှာပင် ကျင်းဆဲ့ ပြေးထွက်လာပြီး ဟွာကျွင်းကို အရိုအသေပြုကာ ပြောလိုက်၏။
“သခင်မကြီး မအိပ်သေးပါဘူး။ ရှင်ရောက်လာတယ်ဆိုတာ သိတော့ သူ အရမ်းဝမ်းသာသွားပြီး ရှင့်ကို အထဲခေါ်လာဖို့ ကျွန်မကို ချက်ချင်း လွှတ်လိုက်တာပါ”
ဟွာကျွင်းသည် ကျင်းဆဲ့နောက်မှ လိုက်ပါရင်း အိမ်တော်အတွင်းပိုင်းသို့ လျှောက်လှမ်းလာခဲ့သည်။
ဟွာကျွင်းက အဘွား၏ ကျန်းမာရေးအခြေအနေကို မေးမြန်းရာ ကျင်းဆဲ့က အေးအေးဆေးဆေး ပြန်ဖြေရှာ၏။
ဟွာကျွင်း ပေးထားသော ဆွဲကြိုးလေးကို အဘွားက အလွန်နှစ်သက်ပြီး နေ့တိုင်း ထုတ်ကြည့်တတ်ကြောင်းလည်း ပြောပြသည်။
လမ်းကွေ့များစွာကို ဖြတ်ကျော်ပြီးနောက် ခြံဝင်းသို့ ရောက်ရှိသွားတော့၏။ အဘွားလု၏ အခန်းထဲတွင် ဖယောင်းတိုင်နှစ်တိုင် ထွန်းထားသဖြင့် အလင်းရောင်မှာ အနည်းငယ် မှိန်ပျပျ ဖြစ်နေသည်။
ဟွာကျွင်းကို မြင်သည်နှင့် အဘွားက သူမ၏ လက်ကို နွေးနွေးထွေးထွေး ဆုပ်ကိုင်ပြီး သေသေချာချာ အကဲခတ်ကာ စကားနှစ်ခွန်းတည်းနှင့် အကျဉ်းချုပ် ပြောလိုက်သည်။
“ပိန်သွားတယ်”
ဟွာကျွင်း စိတ်ထဲတွင် ခိုး၍ ဝမ်းသာသွား၏။ ရာသီဥတုက ပူသဖြင့် သူမ အစားအသောက်ကို ဆင်ခြင်နေခဲ့သည်မှာ အတော်လေး ထိရောက်ပုံရသည်။
“တကယ်လား ဘွားဘွားလု၊ အဲဒါ တကယ့် သတင်းကောင်းပဲ”
ဘွားဘွားလုနှင့် ကျင်းဆဲ့တို့က ရယ်မောလိုက်ကြ၏။
“ဒီကလေးမလေးကတော့ မုန့်ဆိုင်ဖွင့်ထားပြီးမှ ပိန်အောင်လုပ်နိုင်တယ်ဆိုတော့ တကယ့်ကို ဇွဲရှိတာပဲ”
ပြောပြီးနောက် သူမ ထပ်မေး၏။
“တစ်ခုခု အခက်အခဲ ကြုံနေရလို့လား”
ဟွာကျွင်း ပြုံးပြရင်း ပြန်ပြောလိုက်သည်။
“အခက်အခဲကြီးကြီးမားမား မဟုတ်ပါဘူး။ ကျွန်မ စစ်သူကြီးလုဆီ စာတစ်စောင် ပို့ထားတာ သူ မရသေးပုံရလို့... သူ့လိပ်စာက မာထို လမ်းကြားက ချန်အိမ်တော် ဆိုတာ ဟုတ်ပါသလားလို့ လာမေးတာပါ”
“ဟုတ်ပါတယ်၊ ချန်အိမ်တော်က မာထိုလမ်းကြားမှာ ရှိတာပါ။ ဘာလို့ စာမရတာပါလိမ့်”
ဟွာကျွင်း ထပ်မေး၏။
“အဲဒီ ‘မာထို’ က သင်္ဘောဆိပ် ကို ပြောတာလား”
အဘွားလု ရယ်ကာ ဖြေ၏။
“မဟုတ်ဘူး၊ မဟုတ်ဘူး။ အဲဒါက မြင်းစီးတဲ့ ‘မြင်း’ ကို ပြောတာ။ ဒါကြောင့် သူ စာမရတာနေမှာပေါ့၊ ဒီ ‘မာထို’ က ဟို ‘မာထို’ မဟုတ်ဘူးလေ”
လမ်းကြားနာမည်က မြင်းခေါင်းလမ်းကြား ဖြစ်နေလိမ့်မည်ဟု မည်သူက ထင်ပါ့မည်နည်း။
ဟွာကျွင်း ရယ်ရင်း ပြောလိုက်၏။
“ဒါကြောင့်ကိုး။ ကျွန်မက သင်္ဘောဆိပ်နားက လမ်းကြားလို့ ထင်နေတာ”
အဘွားလု သူမကို အသေးစိတ် ရှင်းပြရှာသည်။
“ပုံပြင်တွေအရတော့ အရင်ဧကရာဇ်မင်း နန်းမတက်ခင်က အဲဒီလမ်းကြားမှာ တိုက်ပွဲဝင်ခဲ့ရဖူးတယ်တဲ့။ သူက မြှားအချက်ပေါင်းများစွာ ထိမှန်ခဲ့ပေမဲ့ သူစီးတဲ့ စစ်မြင်းကြီးက ခေါင်းလှည့်ပြီး သူ့ကို စစ်စခန်းဆီ ပြန်သယ်ဆောင်သွားပေးခဲ့တယ်လေ။ ဒါကို အစွဲပြုပြီး မြင်းခေါင်းလမ်းကြား လို့ အမည်တွင်ခဲ့တာပေါ့”
ဟွာကျွင်း ရုတ်တရက် သဘောပေါက်သွား၏။ ဤအမည်တွင် သမိုင်းဝင် အကြောင်းအရာ ရှိနေခြင်းပေ။
အဘွားလုနှင့် ဆိုင်မှ စိတ်ဝင်စားစရာ အကြောင်းအရာများကို ခဏမျှ ပြောဆိုပြီးနောက် ဟွာကျွင်း နှုတ်ဆက်ကာ ပြန်ရန် ပြင်သည်။
အဘွားလုမှာ ယခုကဲ့သို့ ပျော်ပျော်ရွှင်ရွှင် စကားမပြောရသည်မှာ ကြာပြီဖြစ်၍ မခွဲနိုင်မခွာရက် ဖြစ်နေသော်လည်း အချိန်နောက်ကျနေပြီဖြစ်၍ ကျင်းဆဲ့ကို လိုက်ပို့ခိုင်းလိုက်သည်။
ဟွာကျွင်း အိမ်ရှေ့သို့ ရောက်သောအခါ မော့ချွမ်း မြင်းဘေးတွင် ရပ်နေပြီး မကျေမနပ် မျက်နှာပေးဖြင့် စောင့်နေသည်ကို တွေ့လိုက်ရသည်။
“ရှင် ဘယ်လို ရောက်လာတာလဲ”
ဟွာကျွင်း မေး၏။
“ဪ... ခင်ဗျားပဲလေ၊ ကျွန်တော့်ရဲ့ အဖိုးတန်မြင်းကို ခိုးစီးလာပြီးမှ ဘယ်လိုရောက်လာလဲ မေးနေရသေးတယ်။ ရှို့ယွန်းရဲ့ လှည်းက မြင်းကို ဖြုတ်ပြီး စီးလာရတာဗျ”
ဟွာကျွင်း သူ့ကို ချော့မော့လိုက်၏။
“ကြည့်ပါဦး၊ ကျွန်မ ဘာမှမဖြစ်ဘဲ ကောင်းကောင်းမွန်မွန် ရှိနေတာပဲကို။ ကျွန်မရဲ့ မြင်းစီးအရည်အချင်းက အခုဆိုရင် ထိပ်တန်းပဲ”
“ဒီမှာ ဘယ်လောက် အန္တရာယ်များလဲ ခင်ဗျား သိလား၊ အမျိုးသမီးတစ်ယောက်တည်း ညနက်သန်းခေါင် အပြင်ထွက်တာ လူကုန်ကူးသူတွေနဲ့ တွေ့ရင် ဘယ်လိုလုပ်မလဲ”
ဟွာကျွင်းက သူမ၏ ခါးမှ အိတ်ငယ်လေးကို ပုတ်ပြရင်း ပြောလိုက်၏။
“ကျွန်မမှာ ငရုတ်ကောင်းစပရေးနဲ့ လျှပ်စစ်တုတ် ပါတယ်၊ စိတ်မပူနဲ့”
“အဲဒါတွေက ဘာတွေလဲ”
“ကဲပါ... ရှင် ယာဉ်မောင်းလိုင်စင် ရပြီဆိုရင် ကျွန်မ ရှင့်ကို တကယ့် BMW တစ်စီး ဝယ်ပေးပြီး တောင်းပန်ပါ့မယ်၊ ဟုတ်ပြီလား”
မော့ချွမ်း ပြုံးချင်စိတ်ကို မနည်းအောင့်ထားရသည်။
“ဒါမှ ပိုနားထောင်ကောင်းတာ။ ခင်ဗျား ကတိပေးပြီးပြီနော်၊ နောက်မှ စိတ်မပြောင်းနဲ့”
နှစ်ယောက်သား ဆိုင်သို့ အတူပြန်လာကြပြီး ဟွာကျွင်းသည် ချက်ချင်းပင် စာအသစ်တစ်စောင် ရေးလိုက်၏။ ထို့နောက် လီနျန်အား မြင်းခေါင်းလမ်းကြားသို့ သွားရောက်ပို့ဆောင်ပေးရန် ခိုင်းလိုက်သည်။
သူမသည် အွန်လိုင်းမှ အကဘလော့ဂါ အချို့နှင့် ဆက်သွယ်ကာ ကိုယ်အလေးချိန်လျှော့ချရန် သင့်တော်သော အခြေခံကကွက် နှစ်မျိုးကို ဖန်တီးပေးရန် တောင်းဆိုလိုက်သည်။
ထို့နောက် မူလတန်းကျောင်းရှိ ကျောင်းသားများအတွက် စောင်း နှင့် ပုလွေတို့ကို အွန်လိုင်းမှ မှာယူလိုက်သည်။
နောက်ဆုံးတွင် အရေးကြီးသော ကိစ္စတစ်ခု ကျန်သေး၏။ သူမသည် စန္ဒရားအဟောင်းဆိုင် အချို့ကို ရှာဖွေကာ ရှေးဟောင်းစန္ဒရား အချို့ကို ဝယ်ယူချင်နေသည်။
လေလံပစ္စည်းကဲ့သို့ ရှေးကျလေ ကောင်းလေပင်။
သူမ စုံစမ်းကြည့်ရာ ဤခေတ်ကာလတွင် ဥရောပစန္ဒရားများသည် ခေတ်စားနေသော တူရိယာများ ဖြစ်နေပြီဖြစ်ရာ ပြည့်တန်ဆာရုံသို့ တစ်လုံး ပို့ပေးလိုက်ခြင်းမှာ အဆန်းတကြယ် ဖြစ်နေမည်မဟုတ်ပေ။
သို့သော် ပုံစံမှာ ခေတ်မဆန်လွန်းရန်သာ လိုအပ်သည်။
ကံမကောင်းစွာ ဆိုင်များရှိ အဟောင်းဆုံး စန္ဒရားများမှာ (၁၉၇၀) ဝန်းကျင်ကသာ ဖြစ်ပြီး ထိုစန္ဒရားများ၏ အသံနှင့် ခလုတ်တုံ့ပြန်မှုမှာ အတော်လေး ညံ့နေပြီဖြစ်သည်။
ဟွာကျွင်းမှာ အခြားနည်းလမ်း ရှာရတော့၏။
သူမ အွန်လိုင်းမှာ အတော်ကြာ ရှာဖွေပြီးနောက် ပို့စ်တစ်ခုက သူမ၏ အာရုံကို ဖမ်းစားလိုက်သည်။
ထိုပို့စ်တင်သူတွင် နှစ်ပေါင်း (၁၀၀) ကျော်ခန့် ရှိပြီဖြစ်သော စန္ဒရားအိုကြီးတစ်လုံး ရှိသော်လည်း တီးခတ်၍ မရတော့ပေ။ လွှင့်ပစ်ရန် နှမြောသော်လည်း ထားစရာနေရာ အခက်အခဲရှိသဖြင့် နည်းလမ်းကောင်းရှိမလား မေးထားခြင်းဖြစ်သည်။
ဟွာကျွင်းက သူ့ထံသို့ စာတိုပို့လိုက်၏။ ပို့စ်တင်သူက တည့်တည့်လင်းလင်းပင် ငွေ (၁၀၀၀) ယွမ် ဖြင့် ရောင်းမည်ဟု ပြောရာ ဟွာကျွင်းကလည်း ချက်ချင်းပင် ငွေလွှဲပေးလိုက်သည်။
ထို့နောက် သူမသည် စန္ဒရားစက်ရုံတစ်ခုနှင့် ညှိနှိုင်းကာ ထိုစန္ဒရားအိုကြီးကို စက်ရုံသို့ တိုက်ရိုက် ပို့ဆောင်ခိုင်းလိုက်၏။
စက်ရုံမှ ဆရာကြီးကို စန္ဒရား၏ အတွင်းပိုင်းကို အကုန်ထုတ်ခိုင်းပြီး ပစ္စည်းအသစ်များ အစားထိုး တပ်ဆင်ခိုင်းလိုက်သည်။
ပုံမှန်ဆိုလျှင် စက်ရုံက ထိုကဲ့သို့ အလုပ်မျိုးကို လက်မခံသော်လည်း ဟွာကျွင်းက ငွေအမြောက်အမြား ပေးသဖြင့် လက်ခံခဲ့ခြင်းဖြစ်သည်။
ဤလုပ်ငန်းစဉ်တစ်ခုလုံးမှာ စန္ဒရားအသစ်တစ်လုံး ဝယ်သည်ထက်ပင် ဈေးကြီးသွားကာ ဟွာကျွင်း၏ ငွေ (၁) သိန်းနီးပါး ကုန်ကျသွားခဲ့၏။
စန္ဒရားသည် မုန့်ဆိုင်သို့ ရောက်လာသောအခါ ဟွာကျွင်းက ထုပ်ပိုးမှုကို ဖွင့်ကြည့်လိုက်ရာ သူမ သုံးလိုက်ရသော ငွေမှာ တကယ်ပင် တန် လှသွား၏။
သဘာဝ သစ်သားရောင် ကိုယ်ထည်မှာ လွန်ခဲ့သော နှစ်ပေါင်းတစ်ရာကျော်က ဥရောပမှူးမတ်များ၏ ဟန်ပန်အတိုင်း အဆင့်အတန်းမြင့်ပြီး ခမ်းနားလှသည်။
ခလုတ်များမှာ အသစ်ဖြစ်သော်လည်း ရှေးဟောင်းပုံစံပေါက်အောင် ပြုပြင်ထားသဖြင့် အဖြူရောင်ခလုတ်များမှာ အနည်းငယ် ဝါကျင့်ကျင့် အရောင်သန်းနေ၏။
ဟွာကျွင်းသည် စက်ရုံမှ မထွက်ခွာမီ စန္ဒရားအသံညှိဆရာကိုလည်း အသံညှိခိုင်းထားပြီးဖြစ်ရာ လမ်းခရီးဝေးသော်လည်း အသံမှာ အပြောင်းအလဲ သိပ်မရှိပေ။
‘စန္ဒရားကို မည်သူက တီးတတ်မည်နည်း ဆိုသည်ကိုမူ’
သူမ လုံးဝ စိတ်မပူပေ။ ဤနေရာတွင် ပထမဆုံး ပေါ်ပေါက်လာသော စန္ဒရားဖြစ်သဖြင့် လူအများ၏ အာရုံစိုက်မှုကို ခံရမည်မှာ သေချာပြီး မကြာမီမှာပင် အရည်အချင်းရှိသူများက ၎င်းအတွက် ဂီတများ ဖန်တီးလာကြလိမ့်မည်။
ညနေပိုင်းတွင် သူမသည် ချွေမားမားထံသို့ လူလွှတ်ကာ လာယူခိုင်းလိုက်သည်။
ပေါင် (၆၀၀) ခန့် လေးသော စန္ဒရားကို လှည်းတစ်စီးဖြင့် တင်ဆောင်ကာ လူလေးယောက်ဖြင့် သယ်ယူခဲ့ရပြီး ပြည့်တန်ဆာရုံသို့ ရောက်ရန် နှစ်နာရီခန့် ကြာခဲ့၏။
ထိုမျှ ကြီးမားသော အရာဝတ္ထုကြီးမှာ လမ်းတစ်လျှောက်တွင် လူအများ၏ အာရုံစိုက်မှုကို များစွာ ရရှိခဲ့သည်။
လူတိုင်း၏ မေးခွန်းများကို ချွေမားမားက ပြုံးလျက် ပြန်ဖြေ၏။
“ဒါက ပင်လယ်ရပ်ခြားကနေ မှာထားတဲ့ ပစ္စည်းပဲ။ အဲဒီမှာတော့ အခမ်းနားဆုံး တူရိယာပဲလေ၊ တစ်နိုင်ငံလုံးမှာ ကျွန်မ တစ်ယောက်တည်းပဲ ရှိတာ”
“ဒီလောက်ကြီးမားတဲ့ တူရိယာကြီးက နတ်သက်ကြွေတဲ့ အသံမျိုးတွေ ထွက်လာမှာလား”