အခန်း ၁၉၄
Vol. 20 Ch. 194
အခန်း (၁၉၄)
ပထမဆုံး စန္ဒရားတေးသွား
မကြာမီမှာပင် ပြည့်တန်ဆာရုံသို့ ထူးဆန်းကြီးမားသော အရာဝတ္ထုကြီး တစ်ခု ရောက်ရှိလာသည့် သတင်းမှာ တစ်မြို့လုံးသို့ ပျံ့နှံ့သွားတော့သည်။
ချွေမားမားသည် ဟွာကျွင်းထံ လူလွှတ်၍ ပြည့်တန်ဆာရုံတွင် စီးပွားရေး အလွန်ကောင်းနေကြောင်း ဧည့်သည်အများစုမှာ စန္ဒရားကို လာရောက်ကြည့်ရှုကြခြင်းဖြစ်ကြောင်း အကြောင်းကြားခဲ့၏။
ထို့ကြောင့် သူမသည် ဝင်ကြေးပင် စတင်ကောက်ခံနေပြီ ဖြစ်သည်။
ဤသည်ကား ပြည့်တန်ဆာရုံရှိ မိန်းကလေးများအတွက် အလုပ်အနည်းငယ် ပိုသက်သာစေခဲ့သည်။
သို့သော်လည်း လူတိုင်းမှာ စန္ဒရားကို လက်ဖြင့် တို့ထိကြည့်ရုံနှင့် ၎င်း၏ ကျယ်ပြန့်သော အသံအနိမ့်အမြင့်၊ ထူးခြားသော အသံထွက်တို့အပေါ် အံ့ဩနေကြရုံသာ တတ်နိုင်ကြ၏။
တစ်ဖက်တွင်လည်း စန္ဒရားကို နေ့စဉ်လေ့လာရန်အတွက် နှစ်အလိုက် အသင်းဝင်ကတ် ဝယ်ယူထားသည့် ဂီတဝါသနာရှင် အချို့လည်း ရှိနေသည်။
သူတို့သည် နေ့ဘက်တွင် စန္ဒရားကို တစ်လှည့်စီ တီးခတ်လေ့လာကြပြီး ညဘက်တွင်မှ အခြားဧည့်သည်များကို ဖယ်ပေးကြသည်။ အတူတကွ လေ့လာကြသဖြင့် ပြည့်တန်ဆာရုံမှာ နေ့ဘက်တွင်ပင် တိတ်ဆိတ်ငြိမ်သက်ခြင်း မရှိတော့ပေ။
မိန်းကလေးများမှာ ညဘက်တွင် အလုပ်လုပ်ပြီး နေ့ဘက်တွင် အနားယူကြသူများဖြစ်ရာ ဆူညံသံများကြောင့် နေ့စဉ် မျက်ကွင်းညိုလျက် နိုးထလာကြရ၏။
သို့သော်လည်း သူတို့ ဘာမှမတတ်နိုင်ပေ၊၊ ထိုသူများက ငွေအမြောက်အမြား ပေးထားကြသည်။
အမှန်ပင် ပညာရှင်များမှာ သာမန်လူနှင့် ကွာခြားလှသည်။ နှစ်ရက်ပင် မပြည့်သေးမီ သူတို့သည် တေးသွားတစ်ခုကို တကယ်ပင် ရေးစပ်နိုင်ခဲ့ကြသည်။
ရက်အနည်းငယ်ကြာအောင် အဆက်မပြတ် ပြုပြင်မွမ်းမံပြီးနောက်တွင်မူ တေးသွားမှာ ပုံစံတကျ ဖြစ်လာခဲ့သည်။
ဤတေးသွားမှာ အလွန်ထူးခြား၏။ ၎င်းသည် ဤခေတ်ကာလ၏ ပထမဆုံးသော စန္ဒရားတေးသွားပင် ဖြစ်သည်။
သူတို့သည် ဤတေးသွားကို ကမ္ဘာသို့ အမြန်ဆုံး ကြေညာချင်နေကြသော်လည်း ချွေမားမားက တားဆီးထားသည်။
“ဒါကို မဖြန့်ချိခင်မှာ ကျွန်မ နားထောင်ခိုင်းချင်တဲ့သူတစ်ယောက်ကို အရင် နားထောင်ခိုင်းရဦးမယ်”
ချွေမားမားက ပြော၏။
ဤဂီတဝါသနာရှင်များမှာ လုပ်ငန်းနယ်ပယ်တွင် ဩဇာရှိသူများ ဖြစ်ကြသဖြင့် ချွေမားမား၏ စကားကို အရေးတယူ မရှိကြပေ။
“မဒမ်တစ်ယောက် ဖြစ်တဲ့ မင်းက ငါတို့ကို ဘာလုပ်ရမယ်လို့ ပြောဖို့ ဘယ်တုန်းက အလှည့်ရောက်သွားတာလဲ”
ချွေမားမားကလည်း ပွင့်လင်းသူဖြစ်ရာ တိုက်ရိုက်ပင် ပြန်ပြောလိုက်သည်။
“စန္ဒရားက ကျွန်မဟာ၊ မြေကလည်း ကျွန်မဟာ။ ရှင်တို့ ရေးထားတဲ့ တေးမှတ်စုတွေကို ယူပြီး တခြား စန္ဒရား သွားရှာချင်ရင်လည်း ရပါတယ်”
သူတို့ နှုတ်ဆိတ်သွားကြသည်။
ပြည့်တန်ဆာရုံထဲတွင် တူရိယာများအပေါ် အလွန်ပါရမီပါသော ဂီတပညာရှင် မိန်းကလေးတစ်ဦး ရှိသဖြင့် ချွေမားမားက သူမကို သင်ယူခိုင်းသော်လည်း ထိုယောကျ်ားများက ထပ်မံကန့်ကွက်ကြပြန်၏။
“ဒါက အဆင့်မြင့် တူရိယာပဲ၊ ပြည့်တန်ဆာမတစ်ယောက်ကို ဘယ်လိုလုပ် ထိခွင့်ပေးနိုင်မှာလဲ”
ဤနေရာတွင် ပဋိပက္ခမှာ အထွတ်အထိပ်သို့ ရောက်သွားတော့သည်။ တစ်ဖက်တွင် မိန်းကလေးများကို အထင်သေးသော ဂီတပညာရှင်များ၊ အခြားတစ်ဖက်တွင် နေ့စဉ် အိပ်ရေးပျက်နေရသော မိန်းကလေးများရှိရာ နှစ်ဖက်စလုံး အချေအတင် ငြင်းခုံကြတော့သည်။
“မမေ့နဲ့ဦး၊ ရှင်တို့ အခုရှိနေတာ ပြည့်တန်ဆာရုံထဲမှာနော်”
“ပြည့်တန်ဆာရုံထဲမှာ ရှိနေတော့ ဘာဖြစ်လဲ။ သူရဲကောင်းဆိုတာ မျိုးရိုးနောက်ခံကို မကြည့်ဘူးကွ”
“ကျွန်မတို့နယ်မြေထဲမှာ ကျွန်မတို့မိန်းကလေးတွေကို အထင်သေးနေတာလား၊ ရှင်တို့ကို အခုချက်ချင်း ကန်ထုတ်လိုက်မယ်ဆိုတာ ယုံလား”
“မင်းတို့က အဓိပ္ပာယ်မရှိလိုက်တာ၊ ငါတို့ ရေးစပ်ထားတဲ့ ဒီတေးသွားက ဘယ်လောက် အရေးကြီးလဲဆိုတာ သိလား၊ ဒါသာ ပြန့်သွားရင် သမိုင်းမှာ မှတ်တမ်းတင်ခံရမှာ”
“ဒါဆိုရင်လည်း ရှင်တို့ကို ပြည့်တန်ဆာရုံထဲမှာ အရိုက်ခံရတဲ့ ပထမဆုံး ဂီတပညာရှင်အုပ်စုအဖြစ် သမိုင်းမှာ မှတ်တမ်းတင်ပေးလိုက်မယ်လေ”
“ငါတို့ ဧကရာဇ်မင်းမြတ်ဆီ တိုင်မယ်၊ မင်းတို့မှာ အဖိုးတန် ရတနာတစ်ခု ရှိနေပြီးတော့ အဲဒါကို ရိုးရိုးသားသား လက်မလွှတ်ဘူးလို့ ပြောမယ်”
ချွေမားမား ပြောလိုက်၏။
“အဲဒီလိုသာ ပြောမယ်ဆိုရင်တော့ ဒီနေ့ည ပြည့်တန်ဆာရုံမှာ မီးလောင်မှု ဖြစ်နိုင်တယ်နော်။ ဒီစန္ဒရားက သစ်သားနဲ့ လုပ်ထားတာဆိုတော့ မီးဘေးကနေ လွတ်မယ်မထင်ဘူး”
“မင်း... မင်းက တကယ်ပဲ... တကယ်ပဲ အဲဒီလို ပြောထွက်တယ်လား...”
ဂီတပညာရှင်များမှာ သူမက စန္ဒရားကို ဖျက်ဆီးပစ်ရဲလိမ့်မည်ဟု မယုံကြည်နိုင်ကြပေ။
“ဘာဖြစ်လဲ၊ ကျွန်မအတွက်တော့ ဒီစန္ဒရားက ငွေရှာတဲ့ ပစ္စည်းပဲ။ ရှင်တို့လောက်တော့ ကျွန်မ မနှမြောဘူး။ ကျွန်မ ပစ္စည်းကို ကျွန်မ ကြိုက်တာလုပ်လို့ရတယ်။ ဒီနေ့ ရှင်တို့ကို ပြောထားမယ်၊ လာချင်ရင် ပိုက်ဆံပေးပြီး လာလို့ရတယ်။ ဒါပေမဲ့ ဒီမှာ လာပြီး ဆရာမလုပ်နဲ့။ မမေ့နဲ့၊ စန္ဒရားက ကျွန်မဟာ”
ဂီတပညာရှင်များမှာ ဒေါသထွက်နေကြ၏။ သူတို့သည် သာမန်ရက်များတွင် စန္ဒရားကို မည်မျှတန်ဖိုးထားကြောင်း လူတိုင်း မြင်ကြသည်၊ သူတို့မှာ မတီးခတ်နေချိန်တွင် သန့်ရှင်းရေးပင် လုပ်နေကြသည်။ စန္ဒရားတစ်ခုလုံးကို သူတို့က ပြောင်လက်နေအောင် တိုက်ချွတ်ထားကြရာ ခြေနင်းတံ ပင် မချန်ပေ။
ဖိနပ်မစီးထားသူက စီးထားသည့်သူက မကြောက်ပေ။ ဂီတပညာရှင်များမှာ နောက်ဆုတ်ပေးလိုက်ရတော့၏။
[T/N ပိုဆိုင်မှုနည်းတော့ ကြောက်စရာမရှိဘူးပြောတာ]
“ဒီလိုလုပ်ရအောင်၊ နှစ်ဖက်စလုံး လျှော့ပေးကြတာပေါ့။ မင်းရဲ့လူ လာနားထောင်တာကို ငါတို့ စောင့်ပေးမယ်။ ဒါပေမဲ့ ငါကိုယ်တိုင် တီးပြမယ်၊ ဒါဆို အဆင်ပြေလား”
သူ ဆက်ပြော၏။
“ဒါပေမဲ့ ဒါတွေအားလုံးကို တိတ်တဆိတ်ပဲ လုပ်ရမယ်၊ အပြင်လူတွေ မသိစေရဘူး”
သူသည် အလွန်အမင်း လျှော့ပေးလိုက်ရသည်ဟု ခံစားနေရ၏။ သူ မည်သည့်အခါကမှ ပြည့်တန်ဆာရုံကလူများကို ဖျော်ဖြေဖို့ ဂီတတီးခတ်ပေးခဲ့ဖူးသနည်း။ အကယ်၍ ဤအကြောင်း ပေါက်ကြားသွားပါက သူ့ဆရာအတွက် အရှက်ရစရာ ဖြစ်ပေလိမ့်မည်။
“ရှင်တို့လူတွေကို ကျွန်မ တကယ် နားမလည်နိုင်ဘူး၊ ဘာလို့ ဒီလောက်တောင် ဟန်ဆောင်နေကြတာလဲ။ ယောကျ်ားရင့်မကြီးတွေက ကျွန်မတို့ ပြည့်တန်ဆာတွေလောက်တောင် စိတ်သဘောထားမကြီးတတ်ကြဘူး။ ကဲပါ... ရှင်တို့ သဘောအတိုင်းပဲ၊ လျှို့ဝှက်ထားပေးပါ့မယ်”
ထို့ကြောင့် ချွေမားမားသည် ထိုနေ့ညမှာပင် ဟွာကျွင်းထံ လူလွှတ်ကာ ဂီတတေးသွားကို လာရောက်နားထောင်ရန် အချိန်ပေးဖို့ အကြောင်းကြားခဲ့သည်။
ဟွာကျွင်း စိုးရိမ်မည်စိုးသဖြင့် သူမ စန္ဒရားကို နောက်ဖေးဝင်းရှိ ဘေးခန်းတစ်ခုသို့ ရွှေ့ထားပြီး ရှေ့ဝင်းက ဧည့်သည်များနှင့် ဝေးရာတွင် ထားရှိကြောင်း အထူးတလည် ပြောခိုင်းလိုက်သည်။
သူမ၏ အကြံမှာ ရိုးရှင်း၏၊ ဤစန္ဒရားမှာ သူဌေးမဟွာ ပေးထားသည့် အရာဖြစ်သဖြင့် ပထမဆုံး တေးသွားကို သူမအား ပထမဆုံး နားထောင်စေချင်ခြင်း ဖြစ်သည်။
ဟွာကျွင်းသည် စာကိုရရှိသောအခါ အလွန်အံ့ဩသွား၏။
“သူတို့က တကယ်ပဲ ဒီလောက်မြန်မြန် တေးသွား ရေးစပ်နိုင်ကြတာလား”
သူမသည်လည်း ဤခေတ်ဟောင်း စန္ဒရားတေးသွားကို အလွန်နားထောင်ချင်နေသည်။
ဟွာရှန့်က သူမကို ရုပ်ဖျက်ပေးခဲ့၏၊၊ ခေါင်းစွပ်ပါသော ဝတ်ရုံနှင့် မျက်နှာဖုံးပုဝါကို ဆင်မြန်းပေးကာ မည်သူမျှ သူမ မျက်နှာကို မမြင်နိုင်စေရန် သေသေချာချာ လုပ်ပေးသည်။
မြင်းလှည်းတစ်စီးက သူမကို ပြည့်တန်ဆာရုံ၏ နောက်ဖေးဝင်းသို့ လျှို့ဝှက်စွာ ခေါ်ဆောင်သွားခဲ့၏။ ချွေမားမားသည် လူလွှတ်၍ စောင့်ကြပ်ထားပြီးဖြစ်ရာ ငါးမိုင်ပတ်လည်တွင် မည်သူမျှ မရှိပေ။
ဘေးခန်းထဲသို့ လျှို့ဝှက်စွာ ခေါ်ဆောင်သွားပြီးနောက် ဟွာကျွင်းက ဝတ်ရုံနှင့် မျက်နှာဖုံးကို ချွတ်လိုက်ရင်း ပြောလိုက်၏။
“ဒီလောက်အထိ သတိထားစရာ မလိုပါဘူး၊ ကျွန်မ အသက်တောင် မနည်းရှူနေရတယ်”
သူမ သေသေချာချာ ကြည့်လိုက်ရာ အခန်းမှာ ကျယ်ဝန်းပြီး အလယ်တွင် စန္ဒရားတစ်လုံးရှိကာ ဘေးတွင် ထိုင်ခုံအပျော့အချို့ကို ယာယီချထားသည်ကို တွေ့ရသည်။
အခန်းထဲတွင် လူအများအပြား ရှိနေပြီး အားလုံးမှာ သန့်ပြန့်စွာ ဝတ်ဆင်ထားသော ယောကျ်ားများ ဖြစ်ကြ၏။ မုတ်ဆိတ်ရှည်နှင့် အဘိုးအိုတစ်ဦးမှာ စန္ဒရားဘေးတွင် ရပ်နေပြီး ဟွာကျွင်းကို ထူးဆန်းသော မျက်နှာပေးဖြင့် ကြည့်နေသည်။
သူက ချွေမားမားကို မေးလိုက်သည်။
“မင်းပြောတဲ့ အထူးဧည့်သည်က ဒီမိန်းကလေးလား”
သူက ပြည့်တန်ဆာရုံ၏ အရေးကြီးသော ဖောက်သည်တစ်ဦးဦးဟု ထင်ထားခဲ့သော်လည်း ယခုကဲ့သို့ ငယ်ရွယ်သော အမျိုးသမီးတစ်ဦး ဖြစ်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
သို့သော်လည်း ပြည့်တန်ဆာရုံထဲသို့ ဤမျှ ငယ်ငယ်ရွယ်ရွယ်နှင့် ရောက်လာသည်ဆိုလျှင် သိက္ခာရှိသော မိန်းကလေး မည်သို့ ဖြစ်နိုင်ပါ့မည်နည်း။ သူမသည်လည်း ထိုသူများထဲမှ တစ်ဦးသာ ဖြစ်ပေလိမ့်မည်။
“မှန်ပါတယ်”
ထိုသို့ ဆိုပြီးနောက် ဟွာကျွင်းကို ပြောလိုက်၏။
“သူဌေးမဟွာ၊ ဒီလိုနည်းနဲ့ ဖိတ်ကြားလိုက်ရတဲ့အတွက် တောင်းပန်ပါတယ်၊ အဓိကကတော့ ရှင့်ရဲ့ ဂုဏ်သိက္ခာကို မထိခိုက်စေချင်လို့ပါ။ ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ”
ဟွာကျွင်း နားလည်ပေးကြောင်း ပြောကြားပြီးနောက် မေးလိုက်သည်။
“ရေချိုးဆပ်ပြာရည်တွေ သုံးဖြစ်လား။ ကောင်းရဲ့လား”
ချွေမားမားက အသံကိုမြှင့်ကာ ပြောတော့သည်။
“ကောင်းလိုက်တာမှ လွန်ရော၊ မိန်းကလေးတွေက အရမ်းကြိုက်နေကြတာ။ သူတို့ဆို နှမြောလို့တောင် မသုံးရဲကြဘူး။ နေ့တိုင်း ရေချိုးရင် ရေကန်ထဲကို အစက်နည်းနည်း ထည့်လိုက်ရုံနဲ့ အနံ့က အရမ်းမွှေးနေတာပဲ”
ယောကျ်ားများအားလုံးမှာ ဆက်လက်နားမထောင်နိုင်တော့သလို ခံစားလိုက်ရ၏။
‘ဒါတွေက ဘာစကားတွေလဲ၊ ရေချိုးတဲ့ ကိစ္စတွေကို လူအများရှေ့မှာ ဒီလို ဆွေးနွေးလို့ ရပါ့မလား’
ဂီတပညာရှင်ကြီးက သူတို့စကားကို ဖြတ်ရန် ချောင်းဟန့်လိုက်၏။
“ကျွန်တော် စလို့ ရပြီလား”
ဟွာကျွင်းသည် သူ စန္ဒရားတီးနိုင်သည်ကို မြင်သဖြင့် အလွန်ပင် လေးစားမိသွားပြီး ယဉ်ကျေးစွာ ပြန်ပြောလိုက်သည်။
“ဟုတ်ကဲ့၊ ရှင့်ကို ကျေးဇူးတင်ပါတယ်”
ထို့နောက် သူမသည် ထိုင်ခုံပျော့ပေါ်တွင် ထိုင်ကာ အာရုံစိုက်၍ နားထောင်လိုက်သည်။
ဂီတပညာရှင်ကြီးသည် ဦးစွာ စန္ဒရားကိုယ်ထည်ကို ပွတ်သပ်လိုက်ပြီး ဖြည်းဖြည်းချင်း ထိုင်ကာ လက်ချောင်းများကို ခလုတ်များပေါ်သို့ ညင်သာစွာ တင်လိုက်သည်။ ထို့နောက် အပေါ်သို့ မော့ကြည့်ကာ မျက်လုံးမှိတ်လျက် အသက်ကို အကြိမ်အနည်းငယ် ပြင်းပြင်းရှူလိုက်၏။ သူ၏ အမူအရာတစ်ခုလုံးမှာ အလွန်ပင် လေးနက်နေသည်။
ရုတ်တရက် အသံတစ်ချက် ထွက်ပေါ်လာပြီးနောက် ပြတ်တောင်းပြတ်တောင်း အသံအချို့ ထွက်ပေါ်လာ၏။
သို့သော် ဟွာကျွင်း နားထောင်လေလေ အသံမှာ သာမန်ကာလျှံကာ ဖြစ်နေသည်ဟု ခံစားရလေလေ ဖြစ်သည်။ သူမက ဇီဇာကြောင်နေခြင်း မဟုတ်ပေ၊ ဤရက်ပိုင်းအတွင်း စန္ဒရားဝယ်ရန် ရှာဖွေရင်း စန္ဒရားကို သူမ စွဲလမ်းလာခဲ့ပြီး တေးသွားအများအပြားကို နားထောင်ဖြစ်ခဲ့သည်။ သို့သော် ယခု ဂီတပညာရှင်ကြီး တီးခတ်နေသည်မှာ အလွန်ပင် ရိုးရှင်းလွန်းနေ၏။