အခန်း ၁၉၅
Vol. 20 Ch. 195
အခန်း (၁၉၅)
နိုင်ငံခြားသားတို့၏ တေးသံ
သူ၏လက်ချောင်းဆယ်ချောင်းမှာ မယဉ်ပါးသေးဘဲ ခလုတ်များပေါ်တွင် ကားယားကြီး ဖြစ်နေသလို၊ ခြေနင်းတံ များ၏ လုပ်ဆောင်ချက်ကိုလည်း အသုံးမချတတ်သေးသဖြင့် အသံများမှာ တစ်လုံးချင်း စီထွက်နေသည်။ ခြုံငုံကြည့်လျှင် သီချင်းတစ်ပုဒ်မှန်း သိရုံသာ ရှိသည်။
သို့သော်လည်း ထိုတေးသွားမှာ အတော်ပင် ရှည်လျားလှရာ ဟွာကျွင်းမှာ နားထောင်ရင်းနှင့် ငိုက်မျဉ်းလာတော့သည်။
သမ်းချင်စိတ်ကို မနည်းအောင့်ထားရင်း သူမ၏ အတွေးများက တဖြည်းဖြည်း လွင့်ပျံ့သွား၏။
နောက်ဆုံးတွင် တေးသွားပြီးဆုံးသွားပြီး ဘေးမှဂီတပညာရှင်များက လက်ခုပ်တီးကြမှသာ ဟွာကျွင်းမှာ လန့်နိုးသွားတော့သည်။
ဟွာကျွင်းလည်း လိုက်၍ လက်ခုပ်တီးပေးလိုက်၏။ ဂီတပညာရှင်ကြီးက ကျေနပ်အားရစွာ ထရပ်လိုက်ပြီး ဟွာကျွင်းကို အောင်နိုင်သူတစ်ယောက်လို ကြည့်လိုက်၏။
‘ဘယ်လိုလဲ၊ နတ်သက်ကြွေတဲ့ အသံမျိုး မဟုတ်ဘူးလား’
ချွေမားမားပင်လျှင် အံ့ဩဝမ်းသာသွားရ၏။ သူမက ဟွာကျွင်းကို မေးလိုက်သည်။
“ဘယ်လိုလဲ၊ ကောင်းရဲ့လား”
ဟွာကျွင်း ရုတ်တရက် ဘာပြန်ပြောရမှန်းမသိဘဲ “မဆိုးပါဘူး” ဆိုသည့် စကားသုံးခွန်းကိုသာ ရေရွတ်လိုက်မိသည်။
ဤစကားမှာ ဂီတပညာရှင်အားလုံးအတွက် စော်ကားမှုတစ်ခု ဖြစ်သွားပြီး သူတို့အားလုံး မကျေမနပ်နှင့် တီးတိုးရေရွတ်ကြတော့သည်။
ဂီတပညာရှင်ကြီးက တိတ်ရန် လက်ကာပြလိုက်ပြီး ဟွာကျွင်းကို မေးလိုက်၏။
“ဒီမိန်းကလေးက ဒီလောက် ယုံကြည်မှုရှိရှိ ပြောနိုင်တယ်ဆိုတော့၊ ခင်ဗျားလည်း တီးတတ်လို့လား”
ဟွာကျွင်းသည် စန္ဒရားတီးရန် စနစ်တကျ မသင်ယူခဲ့ဖူးသော်လည်း နာမည်ကြီး တေးသွားတစ်ပုဒ်၏ အစပိုင်းကိုတော့ သိနေသည်။
လူတိုင်းမှာ ရင်းရင်းနှီးနှီး ဖလှယ်နေကြသည်ဟုသာ သူမ ထင်ထားပြီး ထိုဂီတပညာရှင်များ၏ နောက်ကြောင်းကိုလည်း မသိသဖြင့် နေရခက်စွာ ပြောလိုက်၏။
“ကျွန်မ အနည်းအကျဉ်းပဲ သိတာပါ”
ဂီတပညာရှင်ကြီးက ဘေးသို့ဖယ်ပေးပြီး “ဖိတ်ခေါ်ပါတယ်” ဆိုသည့် အမူအရာကို အထင်အမြင်သေးသော မျက်နှာပေးဖြင့် လုပ်ပြလိုက်သည်။
ဟွာကျွင်း လျှောက်သွားကာ ထိုင်လိုက်ပြီး စတင်တီးခတ်လိုက်၏။
“Für Elise” ဆိုသည်မှာ စန္ဒရားသင်စ ကလေးငယ်များအတွက် မသင်မနေရ တေးသွားဖြစ်ပြီး နားထောင်၍ ကောင်းသလို အထင်ကြီးစရာလည်း ကောင်းသည်။ ပထမပိုင်းမှာ တီးခတ်ရ ရိုးရှင်းပြီး ပုံသေနည်းအတိုင်း သွားခြင်းဖြစ်သည်။
သူမ တေးသွားနှစ်ပိုဒ်မျှသာ တီးလိုက်ရသေး၏။ အခန်းထဲရှိ လူအားလုံး မှင်တက်သွားကြတော့သည်။
‘ဒါကမှ တကယ့် နတ်သက်ကြွေတဲ့ အသံပဲ’
စန္ဒရားဆိုသည်မှာ လက်နှစ်ဖက်စလုံး အတူတကွ လုပ်ဆောင်ရခြင်း ဖြစ်သည်ကို သူတို့ သိသွားကြသည်။ ဘယ်ဘက်လက်က အသံနိမ့်ပိုင်းနှင့် ကော်ဒ်ကြိုးခလုတ် များကို တာဝန်ယူပြီး ညာဘက်လက်က အသံမြင့်ပိုင်းကိုသာ တီးခတ်ရခြင်း ဖြစ်သည်။
ထို့ပြင် အနိမ့်အမြင့်၊ ဘယ်နှင့်ညာတို့မှာ စီးဆင်းနေသော ရေလှိုင်းများကဲ့သို့ ချောမွေ့ကာ သဘာဝကျလှသည်။
သူတို့မှာ မနေနိုင်ဘဲ အနားသို့ တိုးကြည့်ကြရာ ဟွာကျွင်း၏ လက်ချောင်းအထားအသိုမှာလည်း သူတို့နှင့် ကွာခြားနေသည်ကို တွေ့လိုက်ရသည်။
အချို့မှာ အမြန်ပင် စုတ်တံများကို ထုတ်၍ မှတ်တမ်းတင်ကြ၏။ လက်ချောင်းများကို အမြင့်ကြီး မြှောက်ထားစရာမလို၊ လက်ရွှေ့သည့်အခါ လက်မကို အထိုင်ပြု၍ လက်ခလယ် သို့မဟုတ် လက်ညှိုးကို ကျော်ခွသွားနိုင်သည်။
‘သူတို့လို လက်နှစ်ဖက်ကို ခုန်ပေါက်နေစရာ မလိုပါလား’
စန္ဒရားသံ ရုတ်တရက် ရပ်တန့်သွားပြီး ဟွာကျွင်းက ထရပ်ကာ ပြောလိုက်၏။
“တောင်းပန်ပါတယ်၊ ကျွန်မ ဆက်မတီးတတ်တော့ဘူး...”
သူမ နောက်ပိုင်းကို မသိတော့ပေ။
ဂီတပညာရှင်များက သူမ၏ အဓိပ္ပာယ်ကို နားလည်မှုလွဲသွားပြီး အမြန်ပင် ခေါင်းညိတ်ကြ၏။
“နားလည်ပါတယ်၊ နားလည်ပါတယ်၊ ခင်ဗျား ဆက်တီးလို့ မဖြစ်ဘူးပေါ့”
‘ဤမျှ ကောင်းမွန်သော တေးသွားကို မဖြန့်ချိရသေးခင် သူတို့လို အပြင်လူတွေကို အကုန်နားထောင်ခွင့် မပေးသင့်ပေ’
ဂီတပညာရှင်ကြီး၏ မျက်နှာမှာ ပျက်ယွင်းသွားသည်။ သူသည် အခုလေးတင် လူပြက်တစ်ယောက်လို ဖြစ်သွားရ၏။ သူ့အရည်အချင်းမှာ အပြောင်မြောက်ဆုံးဟု ထင်ထားခဲ့သော်လည်း အထက်တွင် အထက်ဆင့်ရှိသည်ကို မသိခဲ့ပေ။
ဟွာကျွင်းကို မေးလိုက်၏။
“ကျေးဇူးပြုပြီး ဒီတေးသွားရဲ့ အမည်က ဘာလဲဆိုတာ မေးပါရစေ”
“ကျွန်မက ဆရာကြီး မဟုတ်ပါဘူး၊ သိတာလည်း နည်းနည်းလေးပါ။ ဒီတေးသွားရဲ့ အမည်က အရေးမကြီးပါဘူး၊ ဒီလောကထဲမှာ ပေါ်လာမှာ မဟုတ်လို့ပါ”
သူမ၏ စကားအရ သူမသည် လူမသိသူမသိ ပုန်းအောင်းနေသော ပညာရှင်တစ်ဦး ဖြစ်ရမည်။
“ခင်ဗျားက ဒီလောက် လှပတဲ့ တေးသွားကို ရေးစပ်နိုင်ပါရက်နဲ့ မြို့ထဲမှာ ဒီလို ပုန်းအောင်းနေတာ မြင်တော့ ကျွန်တော်တို့ ရှက်တောင် ရှက်မိပါတယ်”
ဟွာကျွင်း အမြန်ပင် ပြန်ပြောလိုက်၏။
“ရှင်တို့ နားလည်မှု လွဲနေပါပြီ။ ဒီတေးသွားကို ကျွန်မ ရေးစပ်ထားတာ မဟုတ်ဘူး။ ဒါက ပင်လယ်ရပ်ခြားက နိုင်ငံခြားသားတွေရဲ့ တေးသွားပါ။ နိုင်ငံခြားသားတွေအကြောင်း ရှင်တို့ သိလား၊ သူတို့ ပစ္စည်းတွေက ဒီက လူတွေနဲ့ အမြဲတမ်း ကိုက်ညီချင်မှ ကိုက်ညီမှာပါ။ ရှင်တို့လည်း ကျွန်မတို့တွေရဲ့ ကိုယ်ပိုင်ဟန်နဲ့ တေးသွားတွေ ဖန်တီးနိုင်မယ်၊ တစ်နိုင်ငံလုံးမှာတင်မက ကမ္ဘာအနှံ့မှာပါ နာမည်ကြီးလာလိမ့်မယ်လို့ ကျွန်မ ယုံကြည်ပါတယ်”
လူအချို့မှာ စိတ်လှုပ်ရှားစွာ နားထောင်နေကြပြီး ဟွာကျွင်းကို ဝိုင်းအုံကာ စန္ဒရားအကြောင်း ထပ်မံမေးမြန်းကြ၏။
ဟွာကျွင်းက စန္ဒရား၏ ဘယ်ဘက်လက်မှာ ကော်ဒ်များကို ကိုင်တွယ်ပြီး ညာဘက်လက်က တေးသွားကို တီးရကြောင်း၊ လက်နှစ်ဖက် အချိတ်အဆက်မိမိ လုပ်ဆောင်ရကြောင်း ရှင်းပြခဲ့သည်။
ခြေနင်းတံများကိုလည်း လက်တွေ့ပြသခဲ့သော်လည်း မည်သည့်အချိန်တွင် မည်ကဲ့သို့ အသုံးပြုရမည်မှာမူ သူတို့၏ နားလည်နိုင်စွမ်းပေါ်တွင်သာ မူတည်ပေလိမ့်မည်။
“ဒီတူရိယာက ကျွန်တော်တို့ သိထားတဲ့ တူရိယာတွေနဲ့ လုံးဝ ကွဲပြားတာပဲ၊ ကျွန်တော်တို့က အရမ်း ရိုးရှင်းမယ်လို့ ထင်ထားခဲ့တာ”
ဟွာကျွင်းက ရှင်းပြ၏။
“ဒီတူရိယာမှာ ခလုတ်တွေ အများကြီး ရှိတယ်၊ ရှင် လိုချင်တဲ့ အသံအတွက် ခလုတ်ကို နှိပ်လိုက်ရုံပဲ။ စောင်း ထက် ပိုလွယ်သလို၊ ပိုပြီးတော့လည်း အပြောင်းအလဲ များတယ်။ ဒါက ရှင် ဘယ်လို တီးမလဲ ဆိုတာပေါ်မှာပဲ မူတည်တာပါ”
သူမ အချိန်ကို ကြည့်လိုက်ပြီး ချွေမားမားကို ပြောလိုက်၏။
“အချိန်တော်တော် နောက်ကျနေပြီ။ ကျွန်မ မုန့်ဆိုင်ကို ပြန်ရတော့မယ်။ နောက်မှပဲ အေးအေးဆေးဆေး စကားပြောကြတာပေါ့”
ချွေမားမားက သူမ၏ ဝတ်ရုံကို ကူညီဝတ်ပေးကာ တံခါးဝအထိ လိုက်ပို့ရင်း ပြောလိုက်သည်။
“သူဌေးမဟွာ... ရှင်က ရွှေတွေ ငွေတွေထက် အိုးခွက်ပန်းအိုးတွေကို ပိုကြိုက်တယ်လို့ ကျွန်မ ကြားဖူးတယ်။ ဒါပေမဲ့ ကျွန်မရဲ့ ပြည့်တန်ဆာရုံက သာမန်နေရာဆိုတော့ အဲဒီလို ပစ္စည်းတွေ မရှိဘူး...”
သူမ ဘေးဘီကို ဝေ့ကြည့်လိုက်ပြီး မည်သူမျှ မရှိသည်ကို မြင်သောအခါ အင်္ကျီလက်ထဲမှ ကျောက်စိမ်းလက်ကောက်တစ်ကွင်းကို ထုတ်ယူကာ ဟွာကျွင်း၏ လက်ထဲသို့ ထည့်ပေးလိုက်၏။
“ဒါက ကျွန်မတို့ မိသားစု အဖမ်းခံရတုန်းက အမေက ကျွန်မကို လျှို့ဝှက် ပေးခဲ့တာ၊ အခုထိ သိမ်းထားတာပါ။ အခုတော့ ရှင့်ကို ပေးစရာ ဘာမှမရှိလို့ ဒါလေးကိုပဲ လက်ခံပေးပါ”
ဟွာကျွင်းသည် လက်ထဲမှ နွေးထွေးချောမွေ့သော လက်ကောက်လေးကို ခံစားမိပြီး သေသေချာချာပင် မကြည့်ရဲဘဲ အမြန်ပြောလိုက်သည်။
“ဒါက ရှင့်အမေ ထားခဲ့တဲ့ ပစ္စည်းပဲ၊ ကျွန်မ မယူနိုင်ပါဘူး”
“သိမ်းထားလည်း အပိုပါပဲ။ ကျွန်မကို စောင့်ကြည့်နေတဲ့ မျက်လုံးတွေ အများကြီး ရှိတယ်၊ ဝတ်လည်း မဝတ်ရဲသလို၊ ရောင်းဖို့လည်း မဝံ့ရဲဘူး။ ဒါကို ရှင့်ကို ပေးပြီး စန္ဒရားဖိုးအဖြစ် အစားထိုးတာက ပိုကောင်းပါတယ်... ရှင်က ဒါကို ရောင်းနိုင်တဲ့ နည်းလမ်းရှိတယ်လို့ အားလုံးက ပြောကြလို့သာ ကျွန်မ ပေးရဲတာပါ။ မဟုတ်ရင် ဒီလို နောက်ကြောင်းရှိတဲ့ ပစ္စည်းကို ရှင့်ရှေ့ လာမတင်ရဲပါဘူး”
သူမက အတင်းပေးနေသဖြင့် ဟွာကျွင်းလည်း လက်ခံလိုက်ရတော့သည်။
“ကျွန်မမှာတော့ ရောင်းနိုင်တဲ့ နည်းလမ်း ရှိပါတယ်။ ဒါပေမဲ့ ရှင် အမှတ်တရ အနေနဲ့ မသိမ်းထားချင်ဘူးလား”
သူမက ကိုယ့်ကိုယ်ကိုယ် လှောင်ပြုံးပြုံးကာ ဖြေ၏။
“ဒီလက်ကောက်က ကျွန်မဆီမှာ ရှိနေရင် ညစ်နွမ်းသွားမှာ စိုးရတယ်။ အချို့အရာတွေနဲ့ အချို့လူတွေကို စိတ်ထဲမှာပဲ သိမ်းထားတာ အကောင်းဆုံးပါ၊ ဒီသက်မဲ့ ပစ္စည်းတွေက ဘာအမှတ်တရ ဖြစ်နိုင်မှာလဲ”
လွန်ခဲ့သော ဆယ်စုနှစ်တစ်ခုကျော်အတွင်း များစွာ ကြုံတွေ့ခဲ့ရသဖြင့် သူမမှာ အရာရာကို နားလည်လက်ခံနိုင်နေပြီ ဖြစ်သည်။
ဟွာကျွင်း၏ မြင်းလှည်း လမ်းကြားထဲမှ ထွက်ခွာသွားသည်ကို ကြည့်ပြီးနောက် သူမသည် အခန်းထဲသို့ ပြန်ဝင်လာခဲ့၏။
ဂီတပညာရှင် အချို့က ငွေအိတ်ကြီး အချို့ကို ချပေးလိုက်ရင်း ပြောကြ၏။
“အခုကစပြီး ဒီစန္ဒရားကို ငါတို့ပဲ သီးသန့် သုံးမယ်၊ ဒီအခန်းထဲမှာပဲ ထားမယ်။ ငါတို့ သေချာပေါက် တေးသွားကောင်းတစ်ခု ဖန်တီးပြမယ်”
ချွေမားမားသည် ငွေအိတ်များကို ချိန်တွယ်ကြည့်ကာ သူတို့၏ စိတ်အားထက်သန်မှုကို ခံစားမိသည့်အပြင်၊ စန္ဒရားကို တံခါးပိတ်ထားရှိခြင်းက မိန်းကလေးများကိုလည်း ကောင်းကောင်း အိပ်ပျော်စေနိုင်မည်ဟု တွေးကာ သဘောတူလိုက်သည်။
သို့သော် လဆန်း (၁) ရက်နှင့် (၁၅) ရက် ညများတွင်မူ စန္ဒရားကို ရှေ့ဝင်းရှိ ခန်းမဆောင်ကြီးသို့ ရွှေ့ပေးရမည် ဖြစ်၏။ ပြည့်တန်ဆာရုံအနေဖြင့် ဧည့်သည်ဆွယ်ရန် ၎င်းကို လိုအပ်နေသေးသည်ကို ဂီတပညာရှင်များလည်း နားလည်ပေးကြသည်။
ဂီတပညာရှင်ကြီးက မေးလိုက်သည်။
“အခုနက မင်း အဲဒီအမျိုးသမီးကို သူဌေးမဟွာလို့ ခေါ်တာ ကြားလိုက်တယ်။ သူက ဘယ်ပြည့်တန်ဆာရုံက မဒမ်လဲ”
ချွေမားမားက နှာခေါင်းရှုံ့ကာ ပြော၏။
“ကျွန်မ ပေါင်းသင်းတဲ့သူတိုင်းက ပြည့်တန်ဆာမတွေလို့ ရှင် ထင်နေတာလား။ သူက သိက္ခာရှိတဲ့ လူတန်းစားထဲကပဲ၊ စိတ်သဘောထား ပွင့်လင်းပြီး ကျွန်မတို့လို လူမျိုးတွေကို အထင်မသေးတတ်လို့သာ ကျွန်မ ပေါင်းတာ”
ဂီတပညာရှင်ကြီးက တစ်ခုခုကို ခန့်မှန်းမိသွား၏။
“နာမည်ကြီးတဲ့ ‘ဟွာကျွင်း မုန့်ဆိုင်’ က သူဌေးမဟွာလား”
ချွေမားမားက ပြန်မဖြေဘဲ နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး သူတို့ကို မှာကြားလိုက်သည်။
“တစ်ခုတော့ ရှင်းရှင်းပြောထားမယ်၊ ဒီငွေတွေက ရှင်တို့ရဲ့ ထမင်းသုံးနပ်ဖိုး မပါဘူးနော်။ စားစရိတ်ကို သီးသန့် ပေးရမယ်”
ထို့နောက် သူမသည် သူတို့ကို ထားခဲ့ပြီး ထွက်ခွာသွားတော့သည်။
သူတို့ကတော့ ဂရုမစိုက်ကြပေ။ ပုံမှန်အားဖြင့် သူတို့ တေးသွားတစ်ပုဒ် ရေးစပ်ပြီးလျှင် ဂီတအိမ်တော်များစွာက လုယူကြပြီး အမြင့်ဆုံးဈေး ပေးကြစမြဲ ဖြစ်၏။ နန်းတွင်းကသာ သဘောကျသွားမည်ဆိုလျှင် ရွှေတေးပေါင်း ဆယ်ဂဏန်းဖြင့် ရောင်းချရန်မှာ အလွန်လွယ်ကူလှပေသည်။