အခန်း ၁၉၆
Vol. 20 Ch. 196
အခန်း (၁၉၆)
ကိုယ်အလေးချိန်လျှော့ချရန် ဟင်းချက်နည်း
ဟွာကျွင်း ဆိုင်သို့ ပြန်ရောက်သောအခါ ဟွာရှန့်နှင့် အခြားသူများက သူမကို ဝိုင်းအုံကာ တေးသီချင်းအကြောင်း မေးမြန်းကြ၏။
“ပြုပြင်ရမှာတွေ နည်းနည်းကျန်သေးတယ်။ အားလုံးပဲ စိတ်ရှည်ရှည်နဲ့ စောင့်မျှော်ပေးကြပါဦး”
ထိုသို့သာ ဟွာကျွင်း ပြောနိုင်တော့သည်။
ဘေးကပ်လျက်မှ တည်းခိုခန်းမှာ အလွန်မြန်သောနှုန်းဖြင့် တည်ဆောက်ပြီးစီးသွားသည်။ အကြောင်းမှာ ရှို့ယွန်းက နေ့တိုင်း ထိုနေရာသို့သွားကာ ကိုယ်တိုင်ကြီးကြပ်နေသောကြောင့် ဖြစ်၏။
သူမမှာ အလွန်ပင် စိတ်လောနေပြီး ကိုယ်အလေးချိန်လျှော့ချရေး အတန်းကို မနက်ဖြန်မှာပင် စတင်ဖွင့်လှစ်ချင်နေသည်။
သီချင်းက နားထောင်ကောင်းသည်ဖြစ်စေ မကောင်းသည်ဖြစ်စေ သူမ ဂရုမစိုက်ပေ။ သူမ ဟွာကျွင်းကို ဆွဲခေါ်ကာ ပြောတော့၏။
“ညီမလေး အဲဒါတွေကို အခုလောလောဆယ် ခဏထားဦး။ ကိုယ်အလေးချိန်လျှော့ချရေး အစားအစာတွေအတွက် မီနူးကို အရင်ဆုံး သတ်မှတ်ဖို့က အရေးကြီးတယ်”
“အစ်မရှို့ယွန်း စိတ်မလောပါနဲ့ဦး။ ဒါက ရိုးရှင်းပါတယ်။ အတန်းဖွင့်ပြီးမှ ဆုံးဖြတ်လည်း နောက်မကျသေးပါဘူး”
ရှို့ယွန်း သဘောမတူစွာ ပြော၏။
“မရဘူး၊ မရဘူး။ အစ်မက မီနူးကို ယူပြီးတော့ ဧည့်သည်ဆွယ်ရဦးမှာလေ”
သူမ စိတ်ပူနေသည်ကို မြင်သောအခါ ဟွာကျွင်း စာရွက်နှင့် ဖောင်တိန်ကို ထုတ်ယူလိုက်ပြီး ပြောလိုက်သည်။
“ဒါဆိုရင်လည်း အခုပဲ အကြမ်းဖျင်း ရေးပေးပါ့မယ်။ နောက်မှ လိုတိုးပိုလျှော့ လုပ်ကြတာပေါ့”
သူမ ခဏမျှ စဉ်းစားပြီးနောက် တစ်ပတ်စာ သတ်မှတ်ချက်အတိုင်း ခုနစ်ရက်စာကို ရေးသားရန် ဆုံးဖြတ်လိုက်သည်။
ပထမဆုံးအနေဖြင့် အရေးကြီးဆုံးဖြစ်သော နေ့လယ်စာကို သူမ ရေးလိုက်၏။
တနင်္လာနေ့ - ပုစွန်နှင့် ကြက်ဥမွှေကြော်၊ သခွားသီးကြော်။
အင်္ဂါနေ့ - မုန်လာဥနီအမျှင်နှင့် အမဲသားကြော်၊ ရေနွေးဖျောထားသော ဆလပ်ရွက်။
ဗုဒ္ဓဟူးနေ့ - အရေခွံမပါသော ကြက်ပေါင်ကြော်၊ ပဲပင်ပေါက်နှင့် ကြက်သွန်မြိတ်ကြော်။
ကြာသပတေးနေ့ - မျှစ်နှင့် (အဆီမပါ)ဝက်သားကြော်၊ မုန်လာဥဖြူ ကြက်စွပ်ပြုတ်။
သောကြာနေ့ - ငါးပြေမ(ကကတစ်)ပေါင်း၊ ကျောက်ဖရုံသီး ပုစွန်ခြောက်ကြော်။
စနေနေ့ - ကြက်သားမှိုကြော်၊ ကညွတ် နှင့် မှိုဘုရင် ကြော်။
တနင်္ဂနွေနေ့ - ငါအသားလွှာ ချဥ်စပ်ဟင်း၊ ဆလတ်ရွက်ကြော်။
မနက်စာမှာ ပို၍ ရိုးရှင်း၏။
ကန်စွန်းဥ၊ နွားနို့နှင့် ကြက်ဥ၊ ပြောင်းဖူး၊ နွားနို့နှင့် ကြက်ဥ၊ အုတ်ဂျု၊ နွားနို့နှင့် ကြက်ဥ စသည့် သုံးမျိုးကို တစ်လှည့်စီ စားသုံးရသည်။
ကိုယ်အလေးချိန် လျှော့ချနေသူများအတွက် ညစာမှာ ပို၍ပင် ရိုးရှင်းပြီး များသောအားဖြင့် ပရိုတင်းဓာတ် အနည်းငယ်နှင့် ဟင်းသီးဟင်းရွက် ပြုတ်များသာ ဖြစ်သည်။
ဤဟင်းချက်နည်းများကို ရရှိသောအခါ ရှို့ယွန်း ကျေနပ်စွာ ခေါင်းညိတ်လိုက်ပြီး ပြောလိုက်၏။
“ဒီဟင်းနာမည်တွေကို ကြည့်ရုံနဲ့တင် အရသာရှိမှာ သေချာနေပြီ”
ထိုသို့ ပြောပြီးနောက် သူမသည် အကလေ့ကျင့်မှု အခြေအနေကို သွားရောက်ကြည့်ရှုရန် အာရှင်းထံသို့ ပျော်ပျော်ရွှင်ရွှင် ထွက်သွားတော့သည်။
သူမ ထွက်သွားပြီးနောက် ဒေါ်လေးပန်းက ဝင်လာပြီး ဟွာကျွင်းကို ပြော၏။
“သူဌေးမဟွာ၊ရှင်က သူနဲ့ အတူတူ ဆိုင်ဖွင့်တာ ကောင်းပါတယ်။ ဒါပေမဲ့ သူ့မိသားစုက လူကိုတော့ စားဖိုမှူးအဖြစ် အမြဲတမ်း ခိုင်းလို့မဖြစ်ဘူးနော်”
“ဘာဖြစ်လို့လဲဟင်”
ဒေါ်လေးပန်းက ဤသို့ပြောလာသဖြင့် ဟွာကျွင်း အတော်ပင် အံ့ဩသွားသည်။ ‘သူမနှင့် ရှို့ယွန်းမှာ ဆက်ဆံရေး အတော်ကောင်းသည် မဟုတ်ပါလား။’
“သူနဲ့ ဘယ်လောက်ပဲ ခင်ခင်၊ အဓိကနဲ့ သာမညကိုတော့ ခွဲခြားရမယ်လေ။ ဒါက သူဌေးမဟွာရဲ့ ဆိုင်ပဲ၊ စားဖိုမှူးက အထူးအရေးကြီးတယ်၊ ရှင်က ယုံကြည်ရတဲ့သူကိုပဲ ရွေးရမယ်။ သူက ကျွန်မတို့ရွာကလူလည်း မဟုတ်ဘူး၊ သူ့အလှည့် လုံးဝ မဟုတ်ဘူး”
“ဒေါ်လေး စိုးရိမ်တာကို ကျွန်မ နားလည်ပါတယ်၊ ဒါပေမဲ့ အခုလောလောဆယ် ဒီမှာ စားဖိုမှူး ရှာလို့မရသေးဘူးလေ”
ကိုယ်အလေးချိန်လျှော့ချရေး အတန်းမှာ တည်းခိုခန်း၏ တတိယထပ်တွင် ရှိပြီး၊ အစားအစာများကို တည်းခိုခန်း မီးဖိုချောင်တွင် ပြင်ဆင်ရမည်ဖြစ်၏။ ထို့ကြောင့် ထိုစားဖိုမှူးသည် တည်းခိုခန်း ဧည့်သည်များအတွက်ပါ တာဝန်ယူပေးလျှင် လူအပို ထပ်စီစဉ်စရာ မလိုတော့ပေ။
“အားမန် ရှိတာပဲ၊ အားမန်ကို အဲဒီ မီးဖိုချောင်လေးအတွက် တာဝန်ပေးလိုက်ပါလား”
“အားမန်လား၊ သူက နေ့ဘက်မှာ မူလတန်းကျောင်းမှာ ရှိနေရတာလေ၊ ညဘက်ကျရင်လည်း ကျွန်မဆီ လာရသေးတယ်။ သူ ဒါတွေအကုန် ဘယ်လို လုပ်နိုင်မှာလဲ”
“မူလတန်းကျောင်းမှာက နေ့လယ်စာ တစ်နပ်ပဲရှိတာ၊ အဲဒါကို လျိုရှီနဲ့ ကျွန်မ ကြီးကြပ်လို့ရတယ်။ ညဘက်ကျရင်တော့ ဧည့်သည်တွေက ဆိုင်ရှေ့ကနေ ဝယ်စားလို့ရတာပဲ။ ဒီကိုလာတဲ့ ဧည့်သည်တွေထဲမှာ ဒီမုန့်တွေကို မစားချင်တဲ့သူ ဘယ်သူရှိလို့လဲ”
ဟွာကျွင်း အားမန်ကို မေးလိုက်၏။
“ရှင် တည်းခိုခန်း မီးဖိုချောင်ကို တာဝန်ယူချင်လား၊ နည်းနည်းတော့ ပင်ပန်းလိမ့်မယ်နော်”
အားမန်က ခေါင်းကို အပြင်းအထန် ညိတ်လိုက်၏။ သူမသည် စားဖိုမှူးတစ်ဦး ဖြစ်လာရန် အမြဲ အိမ်မက်မက်နေသူဖြစ်သည်။
“ကောင်းပြီ၊ ဒါဆို အစ်မရှို့ယွန်းနဲ့ ကျွန်မ သွားပြောလိုက်မယ်”
ရှို့ယွန်းကို သွားရှာသောအခါ သူမသည် အာရှင်းနှင့်အတူ ရှိနေ၏။ ဟွာကျွင်း၏ စကားကို ကြားပြီးနောက် သူမ နားလည်သွားသည်။
“အားမန် သွားနိုင်ရင်တော့ အကောင်းဆုံးပေါ့။ အစ်မလည်း မူလတန်းကျောင်းမှာ အားမန်ရဲ့ လက်ရာကို စားဖူးတယ်။ သူ့အရည်အချင်းကို ကောင်းကောင်းသိပါတယ်”
သူမ ဆက်ပြော၏။
“အမြတ်ခွဲဝေမှုကိုလည်း ပြန်ပြင်သင့်တယ် မဟုတ်လား။ သုံးပုံ ခုနစ်ပုံ ပြောင်းလိုက်ရအောင်၊၊ အစ်မက သုံးပုံယူမယ်၊ ညီမက ခုနစ်ပုံယူ”
ဟွာကျွင်းက စားဖိုမှူးကိုပါ စီစဉ်ပေးသဖြင့် သူမတွင် တာဝန်ပိုနည်းသွားရာ ဝေစုကို လျှော့ယူရန်မှာ ကျိုးကြောင်းဆီလျော်လှသည်။
“အစ်မ အရင်အတိုင်း ငါးပုံပဲ ယူပါ။ ကျွန်မက ကျွန်မရဲ့ ငါးပုံထဲကနေ နှစ်ပုံကို အားမန်ကို ပေးလိုက်မယ်၊ သူလည်း အင်တိုက်အားတိုက် လုပ်ရမှာဆိုတော့လေ”
“ဒါဆိုရင် ညီမ ရတာ နည်းသွားမှာပေါ့။ ဘယ်လိုဖြစ်မလဲ ညီမ လေးပုံယူ၊ အစ်မ လေးပုံယူမယ်၊ ကျန်တဲ့ နှစ်ပုံကို အားမန်ကို ပေးလိုက်တာပေါ့။ အဲဒီအတိုင်းပဲ ဆုံးဖြတ်လိုက်မယ်”
ဟွာကျွင်း ဟင်းချက်နည်းနှင့် စိတ်ကူးများကို ထုတ်ပေးမည်၊၊ ရှို့ယွန်းက အထွေထွေ စီမံခန့်ခွဲမှုနှင့် ဧည့်သည်ရှာဖွေရေးကို တာဝန်ယူမည်။ အားမန်က မီးဖိုချောင်ကို တာဝန်ယူမည်။ ဤအမြတ်ခွဲဝေမှုမှာ အမျှတဆုံးပင် ဖြစ်၏။
ထိုသို့ဖြင့် ဆုံးဖြတ်ချက် ချလိုက်ကြသည်။
ဆိုင်သို့ ပြန်ရောက်သောအခါ အချိန်ရသဖြင့် ချွေမားမား ပေးလိုက်သော လက်ကောက်ကို ထုတ်ကြည့်လိုက်သည်။
ဤကျောက်စိမ်းလက်ကောက်မှာ အဘွားလု ပေးထားသော လက်ကောက်နှင့် မတူဘဲ စိမ်းစိုတောက်ပနေသော ကျောက်စိမ်းမျိုး မဟုတ်ပေ။
၎င်းမှာ တစ်ခုလုံး နီးပါး ကြည်လင်နေပြီး လက်ချောင်းများဖြင့် ထိလိုက်လျှင် လက်ကောက်၏ တစ်ဖက်မှ လက်ချောင်း၏ အသားရောင်ကိုပင် ဝိုးတဝါးဝါး မြင်နေရ၏။
အလယ်တွင် မင်ပန်းချီကားထဲမှ ဝေးကွာသော တောင်တန်းများကဲ့သို့ အစိမ်းရင့်ရောင် အစက်အပြောက် နှစ်ခု လွင့်မျောနေသည်။
ဤမျှ ကြည်လင်သော လက်ကောက်မျိုးမှာ ရှေးခေတ်တွင် ရှားပါးလှပြီး အထဲမှ ပုံရိပ်များမှာလည်း ထူးခြားလှရာ ချွေမားမားက လူမမြင်အောင် သိမ်းထားရန် ပြောခဲ့သည်မှာ မဆန်းပေ။
ပြဿနာမရှိပေ။ သူမ ၎င်းကို ရောင်းနိုင်၏။
နောက်နေ့တွင် သူမသည် ရင်းနှီးပြီးသား ရှေးဟောင်းပစ္စည်းဆိုင်သို့ သွားကာ ကျောက်စိမ်းလက်ကောက်ကို ဆိုင်ရှင်ထံပေးပြီး ရောင်းပေးရန် အကူအညီ တောင်းလိုက်သည်။
ဆိုင်ရှင်သည်လည်း ကျောက်စိမ်းအကြောင်း နားလည်သူဖြစ်ရာ တစ်ချက်ကြည့်ရုံနှင့်ပင် ၎င်းမှာ ဖန်သားအမျိုးအစား ဖြစ်ကြောင်း သိလိုက်သည်။
ဤလက်ကောက်၏ တန်ဖိုးမှာ ရှေးဟောင်းပစ္စည်း ဟုတ်မဟုတ်အပေါ်တွင် မူတည်ခြင်း မရှိတော့ပေ။
ဆိုင်ရှင်က သူ့ဖုန်းကို ထုတ်ယူကာ ဆက်သွယ်ရန် နံပါတ်များကို တစ်ခုပြီးတစ်ခု ရှာဖွေပြီး ဖုန်းခေါ်တော့၏။
“မဒမ်ဝမ်လား၊ ဟုတ်ကဲ့ ကျွန်တော်ပါပဲ။ ကျွန်တော့်ဆီမှာ အဆင့်မြင့် ဖန်သားကျောက်စိမ်း လက်ကောက်တစ်ကွင်း ရောက်နေတယ်၊ ကျွန်တော် မဒမ်ကိုပဲ အရင်သတိရလို့ပါ။ ဘယ်တော့ လာကြည့်မလဲ၊ ကျွန်တော် အကြာကြီး ဆိုင်းမထားနိုင်ဘူးနော်၊ တစ်ယောက်က ကြိုတင်မှာချင်နေပြီ၊ မြန်မြန်လာခဲ့ပါ”
“အမျိုးသမီးကျန်း၊ ကျွန်တော့်ဆီမှာ အဆင့်မြင့် ဖန်သားကျောက်စိမ်း လက်ကောက်တစ်ကွင်း ရှိနေတယ်၊ ကျွန်တော် မင်းကိုပဲ အရင်ဆုံး ဖုန်းဆက်တာနော်၊ မြန်မြန်လာကြည့်လိုက်ဦး။ ရောက်တာ ငါးမိနစ်ပဲ ရှိသေးတယ်၊ လွန်ခဲ့တဲ့ နှစ်မိနစ်ကတင် တစ်ယောက်က လာယူဖို့ လုပ်နေလို့၊ မြန်မြန်”
“ညီမလေးလျိုလား၊ အခုလေးတင် အဆင့်မြင့် ကျောက်စိမ်းလက်ကောက် ရောက်လာတယ်၊ ဖန်သားအမျိုးအစားပဲ၊ မြန်မြန်လာခဲ့ပါ၊ ကျွန်တော် တားထားနိုင်မယ် မထင်ဘူး”
ဖုန်း (၇) ခေါက်၊ (၈) ခေါက်လောက် ဆက်တိုက်ခေါ်ပြီးနောက်တွင်မှ သူသည် ကျေနပ်စွာ ထိုင်၍ အနားယူတော့၏။
နားနေစဉ်အတွင်း သူသည် လက်ကောက်ကို ကြည့်ကာ ထပ်ခါတလဲလဲ ချီးကျူးနေမိ၏။
“ဒီလောက် လှတဲ့ လက်ကောက်မျိုး မမြင်ရတာ ကြာပြီ”
နောက်ထပ် နာရီဝက်ခန့် ကြာသောအခါ ဆိုင်ရှေ့တွင် ဇိမ်ခံကား အများအပြား ဆိုက်ရောက်လာပြီး ချမ်းသာသော မဒမ်များနှင့် အမျိုးသမီးငယ် အချို့ ဆင်းလာကြသည်။
သူတို့ ဆိုင်ထဲသို့ ဝင်လာသည်နှင့် အော်ကြတော့သည်။
“မြန်မြန်၊ ဟိုဖန်သားကျောက်စိမ်းကို ကျွန်မကို ပြပါဦး”
ဆိုင်ရှင်က ပြုံးရွှင်စွာ ပြောလိုက်၏။
“တွေ့လား၊ ကောင်းတဲ့ပစ္စည်းဆိုတာ ဖုံးကွယ်ထားလို့ မရပါဘူး”
ကျောက်စိမ်းလက်ကောက်ကို ကောင်တာအလယ်တွင် အနက်ရောင် ကတ္တီပါစပေါ်၌ တင်ထား၏။
လူတိုင်းက တစ်ချက်ကြည့်ရုံနှင့်ပင် မြင်နိုင်ကြသည်။
“ကြည့်ပါဦး၊ ဒါက ဖန်သားအမျိုးအစား လက်ကောက်ပဲ၊ လွင့်မျောနေတဲ့ ပုံရိပ်လေးတွေလည်း ပါသေးတယ်။ ဒီလောက် ထူထူထဲထဲနဲ့ ဝိုင်းစက်နေတဲ့ လက်ကောက်မျိုး။ အေးမြကြည်လင်နေတာပဲ”
ဆိုင်ရှင်က မိတ်ဆက်ပေး၏။
“အရမ်းကို ကြည်လင်တာပဲ၊ အဝန်းက ဘယ်လောက်လဲ”
“ကျွန်တော် အခုပဲ တိုင်းကြည့်တာ (၅၄) ပါ၊ သိပ်မကြီးပါဘူး...”
“မဒမ်ဝမ်၊ ကျွန်မမှတ်မိသလောက်ဆို ရှင့်လက်က (၆၁) လေ။ ဒီတစ်ကွင်းကို ညီမလေးကိုပဲ ပေးလိုက်ပါလား”
မဒမ်ဝမ်က လုံးဝ သဘောမတူပေ။
“ကျွန်မက ဒါကို အမှတ်တရ သိမ်းထားဖို့ ဝယ်မှာလေ၊၊ ဆိုဒ်က ဘာအရေးကြီးလဲ၊ ပြီးတော့ ညီမလေး လျို၊ ရှင့်လက်က (၅၂) ပဲ ရှိတာကို ဘာလို့ (၅၄) ကို လုနေရတာလဲ”
“ကျွန်မလည်း သိမ်းထားဖို့ပဲလေ”
ဆိုင်ရှင်က ရယ်မောရင်း ပြော၏။
“ဒီလို လက်ကောက်မျိုးနဲ့ဆိုရင်တော့၊ ဝတ်ထားတုန်း လဲကျရင်တောင် လက်နဲ့ မထောက်ရဲလောက်အောင် တန်ဖိုးထားရမှာပဲ”
သူသည် မီးအလင်းရောင်ဖြင့် ကျောက်စိမ်း၏ ဖွဲ့စည်းပုံကို စစ်ဆေးပြကာ အက်ဆစ်ဖြင့် ဆေးကြောထားခြင်း သို့မဟုတ် အခြား ပြုပြင်ဖန်တီးထားခြင်းများ မရှိကြောင်း သေချာစေခဲ့၏။ ထို့နောက် လက်ကောက်ကို စားပွဲပေါ် ပြန်တင်လိုက်ပြီး ပြောလိုက်သည်။
“ကဲ အမျိုးသမီးတို့၊ ဈေးဖြတ်ပေးကြပါဦး”