← Chapters

အခန်း ၁၉၇

Vol. 20 Ch. 197

အခန်း ၁၉၇

Vol. 20 Ch. 197

အခန်း (၁၉၇)

ဖန်သားကျောက်စိမ်းလက်ကောက်

မဒမ်များနှင့် အမျိုးသမီး အချို့မှာ ထိုင်ခုံများတွင် ထိုင်ကာ လက်ဖက်ရည်သောက်ရင်း စကားစမြည် ပြောဆိုနေကြ၏။ သူတို့ စကားပြောနေကြသည်မှာ မျက်တောင်တစ်ခတ်အတွင်း နှစ်နာရီခန့် ကုန်ဆုံးသွားပြီး နောက်တွင်မှ ဈေးနှုန်းအကြောင်း စတင်ဆွေးနွေးကြတော့သည်။

သူတို့သည် တစ်သန်းမှ စတင်ကာ ထိုတစ်သန်းကို သိန်းဂဏန်း၊ သောင်းဂဏန်း၊ ထောင်ဂဏန်းနှင့် နောက်ဆုံးတွင် ရာဂဏန်းအထိ တစ်ဆင့်ချင်း တိုးမြှင့်ပေးခဲ့ကြသည်။ အားလုံးမှာ တည်ငြိမ်အေးဆေးစွာ ရှိနေကြပြီး ရယ်မောပျော်ရွှင်နေကြသော်လည်း ဈေးနှုန်းမှာမူ (၃.၇၅) သန်းအထိ မြင့်တက်သွားခဲ့၏။

ဟွာကျွင်းမှာ ဗဟုသုတ များစွာ ရရှိခဲ့သည်။ အထူးသဖြင့် မဒမ်ဝမ်ဆီမှ ဖြစ်၏။ မဒမ်ဝမ်မှာ သရုပ်ဆောင်ခြင်း၊ ခြိမ်းခြောက်ခြင်းနှင့် ပုံပြင်များလုပ်ကြံဖန်တီးခြင်းတို့ကို ကျွမ်းကျင်စွာ အသုံးပြုခဲ့သည်။ အခြားသူများက သူမ၏ လှည့်ကွက်ကို ရိပ်မိသွားသည့်တိုင် သူမမှာ စိတ်လှုပ်ရှားခြင်းမရှိဘဲ လိုရာရောက်ရန် အခြားပုံပြင်တစ်ခုကို ထပ်မံလုပ်ကြံပြောဆိုခဲ့၏။

သူမ၏ ပြတ်သားသော ဆုံးဖြတ်ချက်ကြောင့် နောက်ဆုံးတွင် ကျောက်စိမ်းလက်ကောက်ကို (၃.၈၂၅) သန်းဖြင့် အောင်မြင်စွာ ရရှိသွားခဲ့သည်။ သူမသည် ကျောက်စိမ်းလက်ကောက်ကို ဂုဏ်ယူစွာ ပြသပြီးနောက် ပြောလိုက်၏။

“ဒီတစ်ခါတော့ အချစ်အတွက် ဆိုဒ်ကို လျှော့ပစ်လိုက်တာကို ကြည့်ထားကြပါဦး”

“ဆိုဒ် (၆၁) ကနေ (၅၄) ကို လျှော့ဝတ်ဖို့ဆိုတာ မဒမ်ဝမ်ကတော့ တကယ့်ကို သတ္တိရှိတာပဲ”

အမျိုးသမီးလျို မနာလိုဝန်တိုမှု အပြည့်ပါသော လေသံဖြင့် ခနဲ့တဲ့တဲ့ ပြောလိုက်သည်။

သူတို့ ထွက်သွားပြီးနောက် ဆိုင်ရှင်သည် ကော်မရှင်ခ (၃၈၀၀၀၀) ယွမ်ကို နုတ်ယူကာ ကျန်ရှိသောငွေများကို ဟွာကျွင်းထံ လွှဲပေးလိုက်သည်။

ဤငွေနှင့် ပတ်သက်၍ ဟွာကျွင်းတွင် ကိုယ်ပိုင် အစီအစဉ်များ ရှိ၏။ သူမသည် ဦးစွာ ဆိုင်ထဲမှ ယွမ် တစ်သိန်းခန့် တန်ဖိုးရှိသော ဟယ်ထျန်ကျောက်စိမ်းလက်ကောက် တစ်ကွင်းကို ရွေးချယ်ခဲ့သည်။ ထို့နောက် မြို့တွင်းရှိ ကုန်တိုက်သို့ သွားကာ နာမည်ကြီး တံဆိပ်အမျိုးမျိုးမှ အရောင်းရဆုံး ရေမွှေးသုံးပုလင်းစီကို ဝယ်ယူခဲ့၏။

ဥပမာအားဖြင့် (Chanel No. 5၊ Girl in Berlin၊ After Morning၊ Rose of No Man’s Land၊ Garden of the Nile၊ Mulan Poetry Rain၊ Northland Cedar) စသည်တို့ ဖြစ်သည်။ သူမသည် တံဆိပ်မျိုးစုံမှ နှုတ်ခမ်းနီ အမြောက်အမြားကိုလည်း ဝယ်ယူခဲ့သည်။ ခေတ်သစ်နှုတ်ခမ်းနီ အရောင်များမှာ ရှေးခေတ်ကထက် ပိုမိုလှပနေသည်ကို ဝန်ခံရပေလိမ့်မည်။ သူမသည် တစ်ခဏ စဉ်းစားပြီးနောက် ချွေမားမားနှင့် အခြားသူများ နှုတ်ခမ်းနီဆိုးရာတွင် အသုံးပြုနိုင်ရန် ဂွမ်းတံ အထုတ်ပေါင်း ဒါဇင်ချီ၍ ဝယ်ယူခဲ့သည်။

ပြန်ရောက်သောအခါ ဟွာကျွင်းသည် အပြင်ဘက် ထုပ်ပိုးမှုအားလုံးကို ဖယ်ရှားခြင်း၊ နှုတ်ခမ်းနီများကို အပူပေး အရည်ဖျော်ကာ အသစ်ပြန်လည် ထုပ်ပိုးခြင်းတို့အတွက် အားလုံးကို အကူအညီ တောင်းလိုက်ရတော့သည်။ ရေမွှေးများကိုလည်း အထူးပြုလုပ်ထားသော ကြွေအိုးငယ်များထဲသို့ ပြောင်းထည့်ရသည်။ သူမသည် တံဆိပ်များကိုယ်တိုင် ရေးသားကာ တစ်ခုချင်း လိုက်ကပ်ရသေး၏။

ထို့ကြောင့် အိမ်တစ်ခုလုံး ရေမွှေးနံ့များဖြင့် ပြည့်နှက်နေတော့သည်။ အစပိုင်းတွင် လူတိုင်းမှာ ထိုကဲ့သို့ မွှေးကြိုင်သော ပတ်ဝန်းကျင်တွင် အလုပ်လုပ်ရခြင်းကို ထူးဆန်းတကြယ် ဖြစ်နေကြ၏။ သို့သော် မကြာမီမှာပင် ဟွာရှန့် ခေါင်းမူးလာကြောင်း စတင်ညည်းညူလာပြီး မော့ချွမ်းကလည်း သူ၏နှာခေါင်းမှာ မည်သည့်အနံ့ကိုမျှ မရတော့ကြောင်း ပြောလာသည်။

ဟွာကျွင်းက ဟွာရှန့်ကို အနားယူခိုင်းလိုက်ပြီး မော့ချွမ်းကို နှာခေါင်းစည်း တစ်ခု ပေးကာ သူမကိုယ်တိုင်လည်း တစ်ခု တပ်ဆင်လိုက်သည်။ နှစ်ယောက်သား အလုပ်ကို ဆက်လုပ်ကြသည်။ မကြာမီမှာပင် နှာခေါင်းစည်းများမှာ အသုံးမဝင်တော့ပေ။ ဟွာကျွင်း နေရာအနှံ့ အနံ့များဖြင့် ဖုံးလွှမ်းနေသည်ဟု ခံစားရပြီး အန်ချင်စိတ်ပင် ပေါက်လာတော့သည်။

သူမသည် ကော်ဖီစေ့အချို့ကို ယူကာ ကြိတ်ခြေပြီး နှာခေါင်းစည်းထဲသို့ ထည့်လိုက်မှ အနည်းငယ် သက်သာရာ ရသွား၏။ ရေမွှေးများကို ပုလင်းသွတ်ရန် တစ်နာရီခန့် ကြာခဲ့ပြီး အခန်းထဲမှ အနံ့မှာ ဖော်ပြ၍မရနိုင်လောက်အောင်ပင် ဖြစ်နေသည်။ သို့သော် အလုပ်က မပြီးသေးပေ။ နောက်ထပ် နှုတ်ခမ်းနီ အလှည့် ရောက်လာပြန်သည်။

ဟွာကျွင်းသည် အထူးမှာယူထားသော ကြွေအိုးငယ်များထဲသို့ နှုတ်ခမ်းနီအတုံးလေးများကို ထည့်ကာ လျှပ်စစ်မီးဖိုပေါ်တွင် ဖြည်းဖြည်းချင်း အပူပေးလိုက်၏။ အချောင်းလိုက်ရှိသော နှုတ်ခမ်းနီများမှာ ဖြည်းဖြည်းချင်း အရည်ပျော်လာပြီး အိုးငယ်ထဲတွင် လျင်မြန်စွာ ပြည့်သွားသည်။ ဟွာကျွင်းက အဖုံးပိတ်ကာ တံဆိပ်ကပ်လိုက်ခြင်းဖြင့် ပြီးဆုံးသွားသည်။

၎င်းတို့အားလုံး ပြီးသွားသောအခါ ဟွာကျွင်း တောင့်တင်းနေသော သူမ၏ လည်ပင်းကို နှိပ်နယ်ရင်း အပြင်ဘက်သို့ ကြည့်လိုက်ရာ ကောင်းကင်မှာ တော်တော်ပင် မှောင်နေပြီဖြစ်သည်။

“အားးး ညနေ ရောက်ပြန်ပြီ”

သူမသည် ကိုယ်လက်လှုပ်ရှားကာ မျက်နှာကို ရေအေးအေးဖြင့် သစ်လိုက်ပြီး စိတ်ကြည်လင်အောင် ကြိုးစားလိုက်၏။

ဟွာရှန့် သူမ၏ အဘိုးအဘွားများနှင့် မောင်လေးကို ပြန်တွေ့ရတော့မည်ဖြစ်၍ ပျော်ရွှင်စွာဖြင့် ဆိုင်ဖွင့်ရန် ပြင်ဆင်နေသည်။ မော့ချွမ်းမှ တည်ငြိမ်သော မျက်နှာပေးနှင့် ရှိနေသည်။ ဟွာကျွင်း စဉ်းစားကြည့်မိရာ သူသည်‌ ရှေးခေတ်အပေါ် မည်သည့်အခါမှ မျှော်လင့်ချက် ကြီးကြီးမားမား ရှိပုံမရပေ။

“ရှင် ရှေးခေတ်ကို မလွမ်းဘူးလား”

သူမက မော့ချွမ်းကို မေးလိုက်သည်။

“ကျွန်တော်က ဘာလို့ ရှေးခေတ်ကို လွမ်းရမှာလဲ”

မော့ချွမ်းက သိချင်စိတ်ဖြင့် ပြန်မေး၏။

“ရှင့် မိသားစုတွေ အဲ့ဒီမှာ ရှိတယ်လေ”

မော့ချွမ်း ခဏစဉ်းစားပြီး ဖြေ၏။

“ကျွန်တော့်မှာ အစ်ကိုကြီးနဲ့ မရီးပဲ ရှိတာပါ။ သူတို့က တကယ်မိသားစုအရင်းအခြာတွေလို ရင်းနှီးတာမျိုး မဟုတ်ပါဘူး”

ဆိုင်ဖွင့်ပြီးနောက် ဟွာကျွင်းသည် ရွာရှိ နွားလှည်းမောင်းသမားကို ချွေမားမားထံ ပစ္စည်းများ ပို့ဆောင်ခိုင်းလိုက်၏။ လှည်းမောင်းသမားမှာ ဈေးကွက်လိုအပ်ချက်အရ ရွာတွင် ပေါ်ပေါက်လာသော အလုပ်အကိုင်သစ်တစ်ခု ဖြစ်သည်။ အားမောက်မှာ ပစ္စည်းဝယ်ရန် မြို့ထဲသို့ နေ့တိုင်း သွားလာနေသည်ကို သူ မြင်တွေ့ခဲ့ရသဖြင့် ဟွာကျွင်းထံမှ ငွေချေးကာ နွားတစ်ကောင်ဝယ်၍ လှည်း ဆင်ခဲ့ခြင်းဖြစ်သည်။

သူဌေးမဟွာ၏ အကြံပြုချက်အရ သူသည် လှည်းရှေ့တွင် ခရီးစဉ်အစနှင့် အဆုံးကို ဖော်ပြထားသော ဆိုင်းဘုတ်တစ်ခုကိုလည်း ချိတ်ဆွဲထားသည်။ ယခင်က ရွာသားများကို မြို့သို့ ပို့ပြီးနောက် သူတို့ ဈေးဝယ်ပြီးသည်အထိ လျှောက်သွားရင်း စောင့်နေခဲ့ရသည်။ သို့သော် ဆိုင်းဘုတ်ချိတ်လိုက်ပြီးနောက်တွင်မူ မြို့မှ ပြန်ထွက်ချင်သော လူအများအပြားနှင့် တွေ့ဆုံရသဖြင့် အပိုခရီးစဉ်အချို့ကို ပြေးဆွဲနိုင်ခဲ့၏။

ရလဒ်အနေဖြင့် သူ၏ စီးပွားရေးမှာ တဖြည်းဖြည်း ကောင်းမွန်လာခဲ့သည်။ သူသည် နှစ်လအတွင်း ဟွာကျွင်း၏ ငွေများကို ပြန်ဆပ်နိုင်ခဲ့ပြီး ကတိပေးထားခဲ့၏။

“သူဌေးမဟွာ၊ ခင်ဗျား လှည်းအသုံးပြုဖို့ လိုအပ်ရင် ကျွန်တော့်ကိုသာ အချိန်မရွေး ခေါ်လိုက်ပါ။ ကျွန်တော် အခကြေးငွေ မယူပါဘူး”

ထိုအချိန်တွင် ဟွာကျွင်းက ပြည့်တန်ဆာရုံသို့ ပစ္စည်းများ ပို့ချင်သည်ဟု ကြားသဖြင့် သူသည် ဘာပစ္စည်းတွေလဲဟု မမေးမြန်းသလို လက်မှတ်ထိုးရန်ပင် မပြောပေ။ အပြန်အလှန် ယုံကြည်မှုဖြင့် ပစ္စည်းများကို ကူညီတင်ဆောင်ပေးခဲ့သည်။

သူ ထွက်သွားပြီးနောက် ဟွာကျွင်းတွင် လုပ်စရာများ တစ်ခုပြီးတစ်ခု ပေါ်လာတော့သည်။

ရှို့ယွန်း ပြေးဝင်လာပြီး စိတ်လှုပ်ရှားစွာဖြင့် ပြောတော့သည်။

“ညီမလေးဟွာ၊ အစ်မ သူတို့ကို ဟင်းချက်နည်းတွေ ပြလိုက်တော့ သူတို့ အရမ်းကျေနပ်သွားကြတယ်။ မနက်ဖြန် လာဖို့တောင် မစောင့်နိုင်တော့ဘူးတဲ့”

ဟွာကျွင်းကလည်း ပြန်ပြော၏။

“အစ်မ လူတွေ ပိုစုမိအောင် နည်းလမ်းရှာရဦးမယ်။ အစ်မ အခု ကျွန်မတို့ ဆိုင်ရဲ့ သက်ရှိဆိုင်းဘုတ်ပဲလေ”

ဤသို့ပြောလိုက်ရာ ရှို့ယွန်းမှာလည်း စိတ်မကောင်းဖြစ်သွားပုံရသည်။

“အစ်မ အရမ်းနောင်တရမိတယ် အဲဒီတုန်းက ပန်းချီဆရာကို ပုံတွေ အများကြီး ဆွဲခိုင်းထားခဲ့ရင် ကောင်းမှာပဲ”

“အစ်မ မကန့်ကွက်ဘူးဆိုရင်၊ ဆိုင်ထဲမှာ အစ်မရဲ့ ဝိတ်မကျခင်နဲ့ ဝိတ်ကျပြီး ပုံတွေကို နှိုင်းယှဉ်ပြဖို့ လူပုံစံ ဆိုင်းဘုတ်တစ်ခု လုပ်ပေးလို့ ရတယ်”

“နှိုင်းယှဉ်ပြတာကတော့ အကောင်းဆုံးပေါ့၊ ဒါပေါ့၊ အစ်မ မကန့်ကွက်ပါဘူး။ ဒီအသက်အရွယ်ရောက်မှ ဘာကို ကြောက်နေရဦးမှာလဲ”

“အစ်မဆီမှာ ပုံဟောင်းတွေ ရှိသေးလား၊ နောက်နေ့ကျရင် ကျွန်မဆီ ယူလာပေးပါဦး”

“ရှိတယ်၊ ရှိတယ်၊ နောက်နေ့အထိ ဘာလို့ စောင့်နေမှာလဲ၊ ခဏစောင့်”

ရှို့ယွန်းသည် ပုံများကို ယူရန် အိမ်သို့ ချက်ချင်း ပြေးပြန်သွားတော့သည်။

သူမ ထွက်သွားပြီးနောက် ဟွာရှန့် ပြေးဝင်လာပြန်၏။

“အစ်မ၊ သမီး အဘိုးရဲ့ ကြက်တွေ ကြီးလာပြီ။ အဘိုးက စားလို့ရပြီတဲ့၊ အစ်မဆီ ဘယ်တော့ လာပို့ပေးရမလဲလို့ မေးခိုင်းလိုက်တယ်”

ဟွာကျွင်း ဝမ်းသာသွားပြီး ပြောလိုက်၏။

“အချိန်မရွေး ရပါတယ်လို့။ ညီမလေး ပြန်သွားရင် ယူသွားဖို့ ငွေအချို့ ပေးလိုက်မယ်နော်”

“အဘိုးက အစ်မဆီက ငွေမယူဘူးတဲ့။ အဘိုးတို့တွေက မိသားစုတွေပဲကို၊ အားနာနေစရာ မလိုပါဘူးတဲ့”

ထိုသို့ဆိုကာ သူမ၏ ဆံပင်ကျစ်ဆံမြီးလေးကို ခါယမ်းလျက် ပြေးထွက်သွားပြန်သည်။

နောက်ထပ် ဝင်လာသူမှာ အားမောက် ဖြစ်၏။ ဟွာကျွင်း အားလပ်နေသည်ကို မြင်သောအခါ သူသည် ဖောက်သည်များကို အမြန်တောင်းပန်ပြီး ဟွာကျွင်းထံသို့ လာခဲ့သည်။ စကားတစ်ခွန်းမှ မပြောဘဲ စက္ကူနှစ်ရွက်ကို ဟွာကျွင်းရှေ့တွင် ချထားလိုက်သည်။

ဟွာကျွင်း ဖွင့်ကြည့်လိုက်ရာ ၎င်းတို့မှာ သူနှင့် ဒေါ်လေးပန်းတို့၏ သေစာချုပ်များ ဖြစ်နေပြီး ရုံးတော်၏ တံဆိပ်တုံးပင် ခတ်နှိပ်ထားသည်။

“ရှင်... ရှင် ဘာလုပ်တာလဲ”

အားမောက်က ဖြေ၏။

“အာရှင်းရဲ့ အသက်ကို ကယ်တင်ပေးခဲ့တဲ့အတွက် သူဌေးမဟွာကို ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့မှာ ပြန်ဆပ်စရာ ဘာမှမရှိလို့ ဒီနည်းလမ်းကိုပဲ စဉ်းစားမိတာပါ”

“ငွေ ခုနစ်ဆယ်ဆိုတာ သိပ်အများကြီး မဟုတ်ပါဘူး။ ရှင်တို့ လအနည်းငယ်အတွင်း ပြန်ဆပ်နိုင်မှာပဲကို။ ဘာလို့ ကိုယ့်ကိုယ်ကိုယ် သေစာချုပ်နဲ့ ရောင်းလိုက်ရတာလဲ...”

အားမောက်က မျက်ရည်များကို သုတ်ရင်း ပြောလိုက်သည်။

“လအနည်းငယ်အတွင်း ပြန်ဆပ်နိုင်မယ်ဆိုတာကလည်း သူဌေးမဟွာရဲ့ ကျေးဇူးကြောင့်ပဲလေ၊ ခင်ဗျားရဲ့ စေတနာသာမရှိရင် ကျွန်တော်တို့ ဘယ်တော့ ငွေအလုံအလောက် ရှာနိုင်မှာလဲ။ တစ်သက်လုံးတောင် ရှာနိုင်မှာ မဟုတ်ပါဘူး”

ဟွာကျွင်း သက်ပြင်းချလိုက်ပြီး ပြောလိုက်၏။

“ရှင်တို့ တစ်ခုခု လက်မှတ်ထိုးချင်တယ်ဆိုရင် အလုပ်သမား စာချုပ်ပဲ ဖြစ်သင့်တာပေါ့။ ဘယ်လိုလုပ် သေစာချုပ်ကို လက်မှတ်ထိုးရတာလဲ”

ဤခေတ်ရှိ စာချုပ်များကို နှစ်မျိုးခွဲထား၏။ ရှင်စာချုပ်နှင့် သေစာချုပ် ဖြစ်သည်။ ရှင်စာချုပ်မှာ အလုပ်သမားနှင့် အလုပ်ရှင်အကြား ချုပ်ဆိုနိုင်သော်လည်း သေစာချုပ်မှာမူ အစိုးရ၏ တံဆိပ်တုံး လိုအပ်သည်။ သေစာချုပ်ကို လက်မှတ်ထိုးလိုက်သည်နှင့် တစ်သက်လုံး ကျွန်ဖြစ်သွားရတော့သည်။

ဟွာရှန့်၏ အဘိုး ပေးပို့လိုက်သော စာချုပ်မှာလည်း ဟွာရှန့်၏ သေစာချုပ်ပင် ဖြစ်နေခဲ့၏။

All Chapters