← Chapters

အခန်း ၁၉၈

Vol. 20 Ch. 198

အခန်း ၁၉၈

Vol. 20 Ch. 198

အခန်း (၁၉၈)

စာချုပ်ချုပ်ဆိုခြင်း

“ကျွန်တော်က ကိုယ့်လိပ်ပြာကိုယ် မလုံမှာဆိုးလို့ပါ။ ကျွန်တော်တို့ ဘိုးဘွားအစဉ်အဆက်က လယ်ငှားလုပ်လာတာ ဗိုက်ဝအောင် တစ်ခါမှ မစားခဲ့ရဘူး”

အားမောက်က ပြောလိုက်သည်။

“အခု သူဌေးမဟွာနောက် လိုက်ရတာ ဗိုက်ဝရုံတင်မကဘူး၊ ဆန်ဖြူတောင် စားနေရပြီ။ သေစာချုပ် လက်မှတ်ထိုးရတာက အရင်က ရှင်စာချုပ်ထက် အဆင်ပြေတာ အဆတစ်ရာမကပါဘူး”

သူတို့၏ အတွေးမှာ ရိုးရှင်းပါ၏၊ လယ်ငှားဘဝက အလွန်ပင် ဆင်းရဲလှပြီး လယ်ထွန်ခွင့်ရဖို့အတွက်တောင် နှစ်ရှည်စာချုပ်များ ချုပ်ခဲ့ကြရသည်။

‘အခုလို အခြေအနေကောင်းနေမှတော့ တစ်သက်လုံး ကျွန်ဖြစ်ရမှာက ဘာအရေးလဲ’

အချိန်အတော်ကြာ အတူရှိခဲ့ကြသဖြင့် သူဌေးမဟွာသည် အခြားသူများကို ခေါင်းပုံဖြတ်မည့်သူ မဟုတ်ကြောင်း လူတိုင်း သိကြသည်။ ထို့ပြင် စာချုပ်မရှိလျှင်လည်း သူတို့၏ အနာဂတ်အတွက် တစ်မျိုး စိတ်ပူနေကြပြန်၏။

အကင် ကင်တတ်သူများ အများကြီး ရှိသော်လည်း အကင်ဆိုင်ကမူ တစ်ဆိုင်တည်းသာ ရှိသည်။

ဟွာကျွင်း အနည်းငယ် နားလည်သွားပြီး ပြောလိုက်၏။

“ဒါတောင်မှ သေစာချုပ်တော့ လက်မှတ်မထိုးသင့်ဘူး။ မနက်ဖြန် ကျွန်မ ရုံးတော်ကို လူလွှတ်ပြီး အဲဒါကို ဖျက်ခိုင်းလိုက်မယ်။ ရှင်တို့ စိုးရိမ်တယ်ဆိုရင် ကျွန်မ ရှင်တို့နဲ့ တခြားစာချုပ်တစ်ခု ထပ်ချုပ်ပေးပါ့မယ်”

“ပိုပြီး ကြာရှည်တဲ့ သက်တမ်းနဲ့ ချုပ်လို့ရမလား”

“တစ်နှစ်ချင်းစီ ချုပ်ရအောင်၊ ပြီးမှ တစ်နှစ်တစ်ခါ သက်တမ်းတိုးတာပေါ့”

မုန့်ဆိုင်ကြီး ရုတ်တရက် ပျောက်ကွယ်သွားမလားဆိုတာ သူမလည်း မသိနိုင်ပေ။

“တစ်နှစ်က အရမ်းတိုလွန်းတယ်၊ မရဘူး၊ မရဘူး၊ တစ်နှစ်က လုံးဝ မဖြစ်နိုင်ဘူး။ ခင်ဗျားက ကျွန်တော်တို့ကို ဝေစုအများကြီး ပေးထားတာ၊ အနည်းဆုံး အနှစ်နှစ်ဆယ်တော့ ဖြစ်သင့်တယ်”

နှစ်ယောက်သား စာချုပ်သက်တမ်း မည်မျှထားမည်ကို တစ်ယောက်နှင့်တစ်ယောက် အလျှော့မပေးဘဲ အငြင်းပွားနေကြတော့သည်။

မော့ချွမ်းက ဝင်ပြောလိုက်၏။

“အနှစ်နှစ်ဆယ်ပဲ ချုပ်လိုက်ပါ။ အားလုံးလည်း စိတ်အေးလက်အေး အလုပ်လုပ်လို့ရတာပေါ့”

ဟွာကျွင်း တွေးမိ၏။

‘ဒီလောကကြီးက ဘာဖြစ်နေတာလဲ။ အကုန် ပြောင်းပြန်တွေ ဖြစ်ကုန်ပြီ...’

ဟွာကျွင်းသည် စာချုပ်ပုံစံတစ်ခု ရှာဖွေပြီး မလိုအပ်သော အချက်အလက်များကို ပယ်ဖျက်ကာ နှစ်ယောက်သား လက်ဗွေနှိပ်လိုက်ကြသည်။ စာချုပ်နှစ်စောင်ရှိရာ တစ်စောင်ကို ဟွာကျွင်းက သိမ်းထားပြီး ကျန်တစ်စောင်ကို အားမောက်က ယူလိုက်သည်။

သူသည် စာချုပ်ကို ကိုင်ထားရင်း မယုံနိုင်သလို မေး၏။

“ဒါနဲ့တင် ပြီးပြီလား”

ဟွာကျွင်းက ခေါင်းညိတ်ပြကာ ဖြေလိုက်သည်။

“ဟုတ်တယ်၊ ဒါနဲ့တင် ပြီးပြီ။ ရှင် ဒီစာချုပ်ကို ကိုင်ထားသရွေ့ ကျွန်မဆီမှာ အတည်ဖြစ်နေမှာပါ”

အားမောက်က စာချုပ်ကို သူ၏ ရင်ခွင်ထဲသို့ သေသေချာချာ ထည့်လိုက်ရင်း ဝမ်းသာအားရ ပြောတော့သည်။

“ကောင်းတယ်၊ ကောင်းတယ်၊ အခုမှပဲ ကျွန်တော် စိတ်အေးသွားတော့တယ်”

ထို့နောက် သူသည် အပြင်သို့ ထွက်သွားကာ ဒေါ်လေးပန်းကို လက်ဗွေနှိပ်ရန် ခေါ်သွင်းလိုက်သည်။

မမျှော်လင့်ဘဲ ဤကိစ္စမှာ တောမီးကဲ့သို့ ပျံ့နှံ့သွားပြီး မကြာမီမှာပင် လူတိုင်း ပြေးလာကြကာ စာချုပ်ချုပ်ပေးရန် ဟွာကျွင်းကို ဝိုင်းအုံ တောင်းဆိုကြတော့သည်။ အနှစ်နှစ်ဆယ်စာချုပ် ဆိုသည်မှာ သူတို့အတွက် ချုပ်ချယ်မှု မဟုတ်ဘဲ အာမခံချက်တစ်ခုသာ ဖြစ်နေသည်။

မကြာမီမှာပင် တည်းခိုခန်း ပုံစံပေါ်လာသည်။ အဆောက်အအုံတစ်ခုလုံး တည်ဆောက်ပြီးစီးသွားပြီး အတွင်းပိုင်း အလှဆင်ရန်သာ ကျန်တော့သည်။

ရှို့ယွန်း သူမ ဆိုင်ဖွင့်နိုင်ရန် တတိယထပ်ကို အရင်ဆုံး အပြီးသတ်ပေးရန် အတင်းတောင်းဆိုသဖြင့် ဟွာကျွင်းလည်း သဘောတူလိုက်ရသည်။

တတိယထပ်မှာ သီးသန့်နေရာဖြစ်ပြီး ပထမထပ်နှင့် ဒုတိယထပ်မှ ဧည့်သည်များကို ပေးမဝင်ပေ။ ထို့ကြောင့် အပေါ်ထပ်သို့ တက်သည်နှင့် တံခါးကြီးတစ်ချပ်ကို တွေ့ရမည်။

တံခါးထဲသို့ ဝင်လိုက်လျှင် လူတိုင်း အတူတူစားသောက်နိုင်ရန် စားပွဲအချို့ရှိသော စားသောက်ခန်းတစ်ခု ရှိသည်။

အတွင်းဘက်သို့ ထပ်ဝင်လျှင် ပိတ်ထားသော အခန်းတစ်ခုဆီသို့ ဦးတည်သည့် တံခါးကြီး နောက်တစ်ချပ်ရှိပြီး ထိုနေရာတွင် ဧည့်သည်များ အဝတ်အစားလဲရန် ဗီရိုအကြီးကြီး အချို့ရှိသည်။

အဝတ်လဲခန်း၏ အလွန်တွင် ရေချိုးခန်း ရှိသည်။ ကြမ်းပြင်တစ်ခုလုံးကို ဆွေးမြည့်ခြင်းမရှိသော သစ်သား များဖြင့် ခင်းထားပြီး အောက်ခြေတွင် ရေနုတ်မြောင်းများ ပါရှိကာ မြှုပ်ထားသော ပိုက်များမှတစ်ဆင့် အောက်ထပ်သို့ စီးဆင်းသွားစေသည်။

ထို့ပြင် ရေလှောင်ကန် အကြီးကြီး တစ်ခုလည်း ရှိ၏။ ကံမကောင်းစွာ ရေပိုက်ခေါင်း ပြဿနာမှာ မဖြေရှင်းရသေးသဖြင့် ရေပူလိုအပ်လျှင် ပထမထပ်ရှိ ရေခန်းမှနေ၍ တစ်ယောက်ယောက်က သယ်ယူပေးရမည်။

အတွင်းဘက်ဆုံးတွင်မူ အားကစားခန်းမ ရှိသည်။ ကိုယ်အလေးချိန် လျှော့ချသည့်နေရာတွင် ခုန်ပေါက်လှုပ်ရှားရန် လိုအပ်သဖြင့် ကြမ်းပြင်ခင်းပြီးနောက် သီးသန့်မှာယူထားသော အခင်းတစ်လွှာကို နှစ်ဖက်ကပ် တိပ်များဖြင့် ကပ်၍ ထပ်ခင်းပေးထားသည်။

ခြေဗလာဖြင့် နင်းလိုက်လျှင် အနည်းငယ် နူးညံ့သော်လည်း ရုန်းကန်အားရှိကာ အသံလုံသလို သက်သောင့်သက်သာလည်း ရှိလှ၏။

နံရံတစ်ဖက်တွင် မှန်ချပ်ကြီးများ တပ်ဆင်ထားပြီး တံခါးဝအနီးတွင် သင်တန်းသားများ၏ ပစ္စည်း အမျိုးမျိုး ထည့်ရန် ဗီရိုအချို့ ထားရှိသည်။

ဝိတ်မကျခင်က ဝဝကုတ်ကုတ် ပုံစံနှင့် ဝိတ်ကျပြီးနောက် ပိန်ပိန်ပါးပါး ပုံစံရှိသော ရှို့ယွန်း၏ လူပုံစံ ဆိုင်းဘုတ်များလည်း ရောက်ရှိလာ၏။ ဟွာကျွင်းက သူမကို ပြသလိုက်ရာ ရှို့ယွန်းမှာ အလွန်ရှက်သွားပြီး ၎င်းတို့ကို လိုက်ဖုံးနေတော့သည်။

“မရဘူး၊ မရဘူး၊ အစ်မက ပန်းချီကားလေးလို့ပဲ ထင်ထားတာ၊ ဒီလောက်ကြီးလိမ့်မယ်လို့ မမျှော်လင့်ထားဘူး။ ရှက်စရာကြီး”

“ဒါဆိုရင်လည်း တတိယထပ် အားကစားခန်းမထဲမှာပဲ ထားလိုက်မယ်လေ။ သင်တန်းသားတွေကို အားတက်စေတာပေါ့”

ဟွာကျွင်းက ပြောလိုက်သည်။

ရှို့ယွန်း ရယ်မောရင်း ပြန်ပြော၏။

“ကောင်းပါပြီ။ အစ်မ ဒီလောက်တောင်... ဒီလောက်တောင်... ဖြစ်သွားလိမ့်မယ်လို့ မထင်ထားခဲ့ဘူး”

“စံနမူနာပြ ဖြစ်သွားတာပေါ့”

ဟွာကျွင်းက ဖြည့်စွက်ပြောလိုက်သည်။

“ဟုတ်တယ်၊ စံနမူနာပြပဲ၊ ဒီအဆီတွေကို ဖယ်ရှားနိုင်ခဲ့တာ ညီမလေးရဲ့ ကျေးဇူးတွေပါပဲ”

ယခင်က ဝယ်ထားသော ဝတ်စုံလှလှလေးများကို မကြာမီ ဝတ်နိုင်တော့မည်ကို တွေးမိရင်း ဟွာကျွင်းကို တစ်နေ့ သုံးကြိမ် ကျေးဇူးတင်နေလျှင်ပင် အလွန်အကျွံ ဖြစ်မည်မဟုတ်ပေ။

သစ်သားအဆောက်အအုံ တစ်ခုလုံးကို ကြည့်ရင်း ဟွာကျွင်းသည် ဧည့်သည် များလာလျှင် မတော်တဆ မီးလောင်မှု ဖြစ်ပွားမည်ကို စိုးရိမ်မိ၏။ အကယ်၍ မီးလောင်ပါက အသက်အန္တရာယ်နှင့် ဆိုင်သော ကိစ္စဖြစ်သည်။

ထို့ကြောင့် သူမသည် အင်တာနက်ပေါ်တွင် အကြာကြီး ရှာဖွေလေ့လာပြီးနောက် အစီအစဉ်တစ်ခု ချမှတ်လိုက်သည်။

မီးခံဆေး (မီးမလောင်နိုင်သောဆေး) များနှင့် ပိုလီယူရီသိန်း အမြှုပ်များကို အမြောက်အမြား ဝယ်ယူပြီး အတွင်းနံရံများတွင် သစ်သားပြားများ မကပ်မီ အမြှုပ်လွှာ အထူကြီး တစ်လွှာကို အရင်ဖြန်းရန် အလုပ်သမားများကို ညွှန်ကြားလိုက်သည်။

ဤအမြှုပ်မှာ မီးခံနိုင်ရုံတင်မကဘဲ အပူဒဏ်ကိုလည်း ကာကွယ်ပေးနိုင်ကာ ဈေးကြီးသည်မှလွဲ၍ အခြား အားနည်းချက် မရှိပေ။ ထို့နောက် သစ်သားပြားများကို မီးခံဆေးဖြင့် ထပ်မံသုတ်လိုက်ရာ နှစ်ထပ်ကာကွယ်မှု ရရှိသွား၏။

ဆေးသုတ်ပြီးနောက် ဟွာကျွင်း ဝက်မွေးမြှိုက်စက် ဖြင့် စမ်းသပ်ကြည့်ရာ သစ်သားမှာ အမှန်တကယ်ပင် မီးမလောင်သည်ကို တွေ့ရသည်။ သူမသည် မီးခံဆေးဘူး အချို့ကို ထပ်မံဝယ်ယူကာ ပန်းထိုးအလုပ်ရုံတွင်လည်း တစ်လွှာ သုတ်ခိုင်းလိုက်၏။

တည်းခိုခန်း၏ မီးဖိုချောင်လေးမှာ အနောက်ဘက်ရှိ အဆောက်အအုံနိမ့် တန်းလျားတွင် ရှိရာ ဟွာကျွင်းက အားမန်ကို သူမစိတ်ကြိုက် မီးဖိုချောင် ပုံစံထုတ်ခိုင်းလိုက်သည်။

အားမန် အလွန်ပင် ဝမ်းသာသွား၏။ သူမသည် ပြန်သွားပြီး တစ်ညလုံး အချိန်ပေးကာ သူမ ဖြစ်ချင်သည်များကို စာရွက်ပေါ်တွင် ရေးချခဲ့သည်။

ကံမကောင်းစွာဖြင့် ၎င်းတို့မှာ စိတ်ကူးယဉ်မှုများသာဖြစ်ပြီး လက်တွေ့ ပုံကြမ်းများ မပါဝင်ပေ။ သူမသည် ထင်းမီးခိုးကြောင့် မည်းမှောင်မနေသော၊ ချက်ပြုတ်သည့်အခါတိုင်း မီးခိုးများဖြင့် ပြည့်မနေသော လင်းလက်သန့်ရှင်းသည့် မီးဖိုချောင်မျိုးကို လိုချင်သည်။

ဟွာကျွင်း တွေးမိသည်ကား ဤသို့ပင် ဖြစ်သည်။ ‘ဒီလိုကိစ္စမျိုးကိုတော့ ပညာရှင်တွေဆီပဲ လွှဲပေးသင့်တယ်’

ထို့ကြောင့် သူမသည် အတွင်းပိုင်း အလှဆင်ပညာရှင် တစ်ဦးကို ရှာဖွေပြီး သူမ၏ လိုအပ်ချက်များကို ရှင်းပြလိုက်ရာ ပညာရှင်က ကွန်ပျူတာပေါ်တွင် လိုအပ်သလို ပြုပြင်ညှိနှိုင်းပေးပြီး ပုံကြမ်းများကို လျင်မြန်စွာ ထုတ်ပေးခဲ့သည်။

အားမန်က မီးဖိုချောင်တွင် မီးခိုးများ မရှိစေချင်သဖြင့် ဖြေရှင်းရသည်မှာ ရိုးရှင်း၏။ မီးဖိုနှင့် ထင်းကို သီးခြားခွဲလိုက်ခြင်း ဖြစ်သည်။ မီးဖိုချောင် ဘေးတွင် ထင်းသိုလှောင်ရန်နှင့် မီးမွှေးရန်အတွက် အခန်းငယ်လေး တစ်ခုကို ကန့်လိုက်သည်။

မီးခိုးခေါင်းတိုင်ကို အလယ်နံရံတွင် ဝှက်ထားပြီး နံရံ၏ တစ်ဖက်ခြမ်းတွင် မီးဖို လေးခု ထားရှိရာ အလုပ်အများဆုံး အချိန်တွင်ပင် အဆင်ပြေစေသည်။

မီးဖိုချောင် ဧရိယာမှာ အလွန်ကျယ်ဝန်းသဖြင့် ဟွာကျွင်းက ပညာရှင်ကို အလယ်တည့်တည့်တွင် ကျွန်းခုံ အကြီးကြီး တစ်ခု ပုံစံထုတ်ခိုင်းလိုက်၏။ လူခြောက်ယောက် ဝိုင်းနေလျှင်ပင် ကျပ်ညပ်နေမည် မဟုတ်ပေ။

ကောင်တာအောက်တွင် အိုးခွက်ပန်းကန်များ သိမ်းရန် ဗီရိုများ ပါရှိပြီး ကောင်တာမျက်နှာပြင်ကို စကျင်ကျောက်ဖြင့် ပြုလုပ်ထားသဖြင့် မုန့်စိမ်း(ဂျုံ)နယ်ရန်နှင့် ဟင်းချက်စရာများ ပြင်ဆင်ရန် သင့်တော်လှသည်။ မီးဖိုများရှိသော နံရံမှလွဲ၍ ကျန်နံရံသုံးဖက်တွင် အလင်းရောင်ရရန်နှင့် ဟင်းပန်းကန်များ ထုတ်ပေးရန် ပြတင်းပေါက်များ တပ်ဆင်ထား၏။

ပြတင်းပေါက် အပြင်ဘက်တွင် ဝင်းငယ်တစ်ခုရှိရာ အားမန်က မြေဆီလွှာများကို ဆွပြီး အသုံးများသော ဟင်းသီးဟင်းရွက် အချို့ကို စိုက်ပျိုးရန် ပြင်ဆင်နေသည်။

နောက်ဆုံးတွင် အားလုံး ပြီးစီးသွားသောအခါ အားမန်မှာ အလွန်ကျေနပ်သွားပြီး သူမ မျက်ဝန်းထဲတွင် မျက်ရည်များပင် ဝဲနေသည်ကို ဟွာကျွင်း မြင်လိုက်ရသည်။

ဟွာကျွင်းကိုယ်တိုင်လည်း ဤမီးဖိုချောင်ကို အလွန်သဘောကျ၏။ သူမသည်လည်း ကျွန်းခုံ အကြီးကြီး တစ်ခုကို လိုချင်ခဲ့သော်လည်း ကံမကောင်းစွာဖြင့် မုန့်ဆိုင်၏ မီးဖိုချောင်မှာ သေးငယ်လွန်းသဖြင့် ထပ်မံမွမ်းမံရန် မဖြစ်နိုင်တော့ပေ။

တည်းခိုခန်း တည်ဆောက်ပြီးနောက် ဟွာကျွင်း အမြန်ဖွင့်လှစ်ချင်သော်လည်း လူတိုင်းက သူမကို တားကြသည်။

အဘွားကျန်းက အခိုင်အမာပြော၏။

“ဒါကို စိတ်မလောသင့်ဘူး၊ မင်္ဂလာရှိတဲ့ နေ့ရက်နဲ့ အချိန်ကို တွက်ချက်ဖို့ လူတစ်ယောက်ယောက်ကို ရှာရဦးမယ်”

ဒေါ်လေးပန်းကလည်း ထောက်ခံ၏။

“မှန်တာပေါ့၊ တည်းခိုခန်းလေးမှာ မီးဖိုချောင် ပါတာဆိုတော့ ဥစ္စာဓနနတ်မင်းကို ပင့်ဖိတ်ရုံတင်မကဘဲ မီးဖိုချောင်စောင့်နတ်မင်းကိုပါ ပင့်ဖိတ်ရဦးမယ်”

ပြောပြီးနောက် အမျိုးသမီးများသည် ပြင်ဆင်ရမည့် ပစ္စည်းများအကြောင်း ဝိုင်းဝန်းဆွေးနွေးကြတော့သည်။

“အမွှေးတိုင်နဲ့ ဖယောင်းတိုင်တွေ ပါရမယ်၊ ပြီးတော့ အမွှေးတိုင်အိုးလည်း လိုမယ်။ သူဌေးမဟွာဆီမှာ ဒါတွေ မရှိတာ သေချာတယ်၊ နောက်နေ့ကျရင် သွားဝယ်ကြတာပေါ့”

“ကောင်းပြီ၊ ပြီးတော့ ကျွန်မတို့တွေ နတ်ပူဇော်ဖို့ အသားငါး သုံးမျိုးနဲ့ သစ်သီး ငါးမျိုးလည်း ဝယ်ရဦးမယ်”

All Chapters