← Chapters

အရှေ့တက်နေဝန်းအရှင်၏ဒွိဟများ

Vol. 33 Ch. 467

အရှေ့တက်နေဝန်းအရှင်၏ဒွိဟများ

Vol. 33 Ch. 467

အခန်း (၄၆၇) အရှေ့တက်နေဝန်းအရှင်၏ဒွိဟများ

မြေကမ္ဘာနယ်‌မြေတွင်ရှိနေသည့် ဖန်ကျွင်းက ယခုရက်ပိုင်းအတွင်း အန္တရယ်ချီများ ပိုမိုများပြားကာ သိပ်သည်းလာသည်ဟု သတင်းပို့သည်။ ထိုသတင်းရရှိပြီးနောက် ရန်ကျောက်ကဲနှင့် ယွမ်ကျန်းဖုန်းတို့ မြေကမ္ဘာနယ်မြေသို့သွားရောက်ရန် ပြင်ဆင်ကြသည်။

ရန်တိကတော့ တံခါးပိတ်ကျင့်ကြံရာမှ ထွက်မလာသေးသလို ဘယ်အချိန်မှထွက်လာမည်လဲ မည်သူမှ မသိနိုင်ပေ။ သို့သော် အခြေအနေက လူကိုမစောင့်သည်ဖြစ်ရာ ရန်ကျောက်ကဲနှင့် ယွမ်ကျန်းဖုန်းတို့မှာ စိတ်ထဲမှကြိတ်ပြီး သက်ပြင်းချရုံသာ တတ်နိုင်ခဲ့သည်။

“ဆရာ... ဂိုဏ်းတူမောင်လေး’ရန်’ က တံခါးပိတ်ကျင့်ကြံနေတယ် ၊ ဆရာလည်းမရှိဘူးဆိုရင် တောင်ပေါ်ကကိစ္စတွေကြီးကြပ်ဖို့အတွက် ဒုတိယဂိုဏ်းတူအစ်ကိုကို တောင်ပေါ်ပြန်လွှတ်လိုက်သင့်တယ်”

ရန်ကျောက်ကဲ ၊ ယွမ်ကျန်းဖုန်းတို့နှင့်အတူ လိုက်ပါလာသော ဖူအန်းစုက ဆိုလိုက်ခြင်းပင်။

သူမက အရှေ့ပင်လယ်သို့ ခရီးထွက်ရန် ယွမ်ကျန်းဖုန်းတို့နှင့် လိုက်လာခြင်း ဖြစ်သည်။

ယွမ်ကျန်းဖုန်းက ခေါင်းညိတ်ရင်း...

“မြေကမ္ဘာနယ်မြေက အခြေအနေကိုကြည့်ပြီးမှ ဒီကိစ္စကိုဆုံးဖြတ်တာပေါ့ ၊ ဖန်ကျွင်းက အဲဒီနယ်မြေနဲ့ပတ်သက်ပြီး ကိုင်တွယ်တဲ့နေရာမှာ ကျွမ်းကျင်တယ်လေ”

ဖူအန်းစုက သူ့နောက်မှလိုက်လာသည့် ဖန်းယွင်ရှန်းနှင့် ယင်လျိုဟွားတို့ကို လှည့်ကြည့်ရင်း...

“အရှေ့ပင်လယ်မှာ မီးတော်ကမိစ္ဆာတွေ ကြီးကြီးမားမား မလှုပ်ရှားကြသေးပေမယ့်... မင်းတို့တွေ သတိတော့ထားရမယ်နော်”

ဖူအန်းစုက...

“ထူးကဲယင်မိန်းမပျိုတွေအနေနဲ့ မီးတောက်မိစ္ဆာတွေနဲ့ များများထိတွေ့နိုင်လေ ကောင်းလေပါပဲ ၊ အဲဒါက မင်းတို့အတွက် ကြီးကြီးမားမား အထောက်အကူ ဖြစ်လိမ့်မယ်”

ယွမ်ကျန်းဖုန်းက...

“မီးတောက်မိစ္ဆာတွေမှမဟုတ်ဘူး ၊ ဘယ်အန္တရယ်ကိုမဆို သတိထားရမယ်”

ယွမ်ကျန်းဖုန်းစကားကိုနားလည်သော ဖူအန်းစုက ခေါင်းညိတ်ရင်း...

“တပည့် နားလည်ပါပြီ”

ယွမ်ကျန်းဖုန်းဘေးတွင်ရှိနေသည့် ရန်ကျောက်ကဲက ဖူအန်းစုဘေးသို့ရောက်လာပြီး အသံပို့လွှတ်စနစ်ဖြင့် စကားပြောလိုက်သည်။

“ဆရာဒေါ်လေး’ဖူ’ ၊ အရင်က ကျွန်တော်ပြောခဲ့တာကို ဘာလို့ ပြန်မစဉ်းစားရတာလဲ ၊ ဂိုဏ်းတူညီမလေး’ယင်လျိုဟွား’ နဲ့ပတ်သက်ရင် ဆရာဒေါ်လေးက နည်းနည်းအလျင်လိုနေသလိုပဲ”

ဖူအန်းစုမျက်ဝန်းများထဲ မကျေနပ်သောအရိပ်အယောင်များ လင်းလက်သွားပြီး...

“ငါ့တပည့်တွေ ဘယ်လိုအမှားမျိုးလုပ်လုပ် ၊ ဘာပြဿနာတွေရှာရှာ သည်းခံနိုင်တယ် ၊ ဒါပေမဲ့ သောက်ပျင်းထူပြီး မကြိုးစားတာကိုတော့ သည်းမခံနိုင်ဘူး”

ဖူအန်းစုက ဒေါသတကြီးဖြင့်...

“ဆရာကတော့ ငါ့ကိုသတိပေးထားပါတယ် ၊ ယွင်ရှန်းနဲ့ စစ်ခုန်ချင်းရဲ့ စံနှုန်းအတိုင်း လူတိုင်းကို မတိုင်းတာနဲ့တဲ့ ၊ ဟုတ်ပြီ... ဒါကြောင့် ငါ့မျှော်လင့်ချက်တွေကို လျှော့ချထားတယ် ၊ ပြီးတော့ ယွင်ရှန်းဖြစ်သလောက် ဖြစ်ရမယ်လို့ ငါ လျိုဟွားကို မတောင်းဆိုပါဘူး ၊ ဒါပေမဲ့ သူ့အကန့်အသတ်ဘယ်လောက်ရှိလဲဆိုတာ ဆရာတစ်ယောက်အနေနဲ့ ငါ သေသေချာချာ သိပါတယ်”

“ဒါပေမဲ့ သူက အမြဲတမ်း သူ့ကိုယ်သူလျှော့တွက်ပြီး မလုပ်နိုင်ဘူးချည်းပဲပြောနေတာ ၊ သူ အကန့်အသတ်ရောက်တဲ့အထိကျင့်ကြံတာ တစ်ရက်မှ မရှိဘူး ၊ အဲဒီအစား သူလုပ်နိုင်တာတွေကို အကုန်လျှော့ချပြီး အရည်အချင်းတွေကို ဖြုန်းတီးနေတာလေ”

ဖူအန်းစုက ရန်ကျောက်ကဲကိုကြည့်ရင်း...

“ငါက ထူးကဲယင်မိန်းမပျိုတစ်ယောက်အနေနဲ့ သူ့ကို တွန်းအားပေးနေတာ မဟုတ်ပါဘူး ၊ သိုင်းကျင့်ကြံသူတစ်ယောက်ဆိုရင်လည်း ကိုယ်တိုးတက်ဖို့အတွက် အလေးထားရမှာပဲလေ”

ရန်ကျောက်ကဲက...

“ကြည့်ရတာ... ဂိုဏ်းတူညီမလေး’ယင်’ က အေးအေးဆေးဆေး နေချင်တာလည်း ဖြစ်နိုင်တယ် ၊ ကျွန်တော် အရင်က အကြံပေးခဲ့သလို သူ့အပေါ်ထားတဲ့ ဆရာဒေါ်လေးရဲ့ မျှော်လင့်ချက်ကို နည်းနည်းလျှော့လိုက်ပါလား ၊ အဲဒါ အားလုံးအတွက် အကောင်းဆုံးပဲ”

ဖူအန်းစုက မကျေမနပ်ဖြင့်...

“အခုတော့ ယွင်ရှန်းကို အမှီလိုက်ပြီးကျော်တက်နိုင်ဖို့ ငါ ဘာမျှော်လင့်ချက်မှ မထားတော့ဘူး ၊ ပြီးတော့ သူ ယှဉ်ပြိုင်ရမယ့်သူက ယွင်ရှန်းလည်းမဟုတ်ပါဘူး ၊ အခုပုံစံနဲ့ဆိုရင်... တခြားထိပ်သီးသိုင်းဂိုဏ်းတွေက ထူးကဲယင်မိန်းမပျိုတွေနဲ့ ဘယ်လိုလုပ်ယှဉ်နိုင်မလဲ ၊ ပြီးတော... အခုတောင် ငါ့မျှော်လင့်ချက်တွေကို အတော်လျှော့ချထားတာ ၊ ထပ်လျှော့ရဦးမှာလား”

သူမက ရန်ကျောက်ကဲကို ကြည့်ရင်း...

“အမြင့်ကြီးမှန်းထားရင်တောင် အလယ်လောက်ကျတာ ၊ အလယ်လောက်မှန်းထားလို့ကတော့ ဇောက်ထိုးကျမှာပဲ ၊ အနိမ့်ဆုံးမှန်းထားရင်တော့ ဘာမှဖြစ်လာမှာ မဟုတ်တော့ဘူး ၊ မင်းလည်း အဲဒီသဘောတရားကို နားလည်တာပဲ မဟုတ်လား”

သူမစကားများကိုကြားတော့ ရန်ကျောက်ကဲ နှုတ်ခမ်းတစ်ချက်သပ်ရင်း...

“... သူ့ဆရာက ဆရာဒေါ်လေးပဲလေ ၊ ဒီကိစ္စ ကျွန်တော် ဝင်မပြောချင်တော့ပါဘူး”

ရန်ကျောက်ကဲက ခဏနားပြီးမှ ညင်သာသောလေသံဖြင့်...

“သံမဏိကောင်းနဲ့ လက်နက်သွန်းလုပ်ရတာ ကောင်းတယ်ဆိုပေမယ့် ထုနှက်တာများသွားရင် လိမ်သွားပြီး သုံးမရတဲ့သတ္တုဖြစ်သွားမှာပဲ”

ဖူအန်းစုက တိတ်ဆိတ်နေပြီး မျက်လုံးထောင့်ကပ်ကာ ယင်လျိုဟွားကို လှမ်းကြည့်သည်။

သူတို့နှစ်ယောက်က အသံပို့လွှတ်စနစ်ဖြင့် စကားပြောနေကြသဖြင့် ယင်လျိုဟွားက သူမအကြောင်းပြောနေကြသည်ကို မသိရှိရှာပေ။ အရှေ့ပင်လယ်ဒေသသို့ ပြန်လာရခြင်းကြောင့် သူမရင်ထဲတွင် ခံစားချက်များ ရှုတ်ထွေးလျှက် ရှိလေသည်။

ဖူအန်းစုက သက်ပြင်းချရင်း...

“အေးပါ... ငါ သူ့ကို အချိန်နဲ့အခွင့်အရေး နည်းနည်းလောက် ပေးလိုက်မယ်”

ရန်ကျောက်ကဲက ခေါင်းညိတ်ရင်း...

“အခုချိန် အရှေ့ပင်လယ်ကိုသွားတာ သတိကြီးကြီးထားပါ ဆရာဒေါ်လေး ၊ အရင်တစ်ခေါက်က မီးတောက်မိစ္ဆာတွေ စစ်ရှုံးသွားတာဆိုပေမယ့် သူတို့က ဆက်ပြီးလှုပ်၇ှားနေဦးမှာပဲ ၊ အခု မြေကမ္ဘာနယ်မြေ မတည်မငြိမ်ဖြစ်နေတဲ့အချိန် သူတို့ဘက်က အခွင့်အရေး ယူလာနိုင်တယ်”

ဖူအန်းစုက...

“ဟုတ်တယ်... အရှေ့ပင်လယ်မှာ ပုံမှန်မဟုတ်တဲ့အခြေအနေတွေ ဖြစ်လာနိုင်တယ် ၊ အခု အဘိုးအို’မော့’ ရော ကျောက်စိမ်းပင်လယ်မြို့တော်သခင်’စုန့်ဝူလျန်’ ရော အဲဒီနေရာကို စောင့်ကြည့်ပေးနေကြတယ် ၊ မင်းတို့လည်း မြေကမ္ဘာနယ်မြေမှာ သတိထားဦးနော်”

သူမက ဆက်ပြောသည်။

“အခု အခြေအနေက ချောက်နက်ဖျက်ဆီးရေးအဖွဲ့အစည်းတုန်းကနဲ့ မတူဘူး မဟုတ်လား ၊ ပိုပြီး အန္တရယ်များနိုင်တယ်”

ရန်ကျောက်ကဲ၏မျက်ဝန်းများက အဝေးဆီမှ မြေကမ္ဘာနယ်မြေဆီသို့ ကျရောက်သွားသည်။

“ချောက်နက်ဖျက်ဆီးရေးအဖွဲ့အစည်းက ခန့်မှန်းရခက်တယ် ၊ ရန်သူက အမှောင်ထဲမှာ ပုန်းခိုနေပြီး ဘယ်သူဘယ်ဝါမှန်း မသိရဘူး ၊ သူတို့တွေက မြူခိုးကြားမှာ ရွက်လွှင့်နေတဲ့ အမည်မသိ လူတွေလိုပဲ ၊ ဒါပေမဲ့ ဒီတစ်ခေါက်ကတော့ အခြေအနေက ပိုပြင်းထန်တယ် ၊ အန္တရယ်ဒီရေလှိုင်းတွေ ကျွန်တော်တို့ရှေ့ကို အချိန်မရွေး ကျရောက်လာနိုင်တယ်”

ဖူအန်းစုနှင့် အခြားသူများကို နှုတ်ဆက်လမ်းခွဲပြီးနောက် ရန်ကျောက်ကဲ ၊ ယွမ်ကျန်းဖုန်းနှင့် အခြားသူများ မြေကမ္ဘာနယ်မြေသို့ ရောက်လာကြသည်။ မြေကမ္ဘာနယ်မြေအစွန်အဖျားသို့ ရောက်လာသည်နှင့် ကောင်းကင်ထက်သို့ လွင့်ပျံနေသည့် အန္တရယ်ချီများကို စတင်ခံစားကြရ၏။

ချောက်နက်အတွင်းသို့ ဆက်ဆင်းသွားလေ အန္တရယ်ချီများက ပိုမိုသိပ်သည်းလာလေ ဖြစ်သည်။

ယခုမှ အမှန်တကယ်ပင် “ငရဲ” နှင့် တူနေပေပြီ။

ယခင်က မြေကမ္ဘာနယ်မြေတွင် ပတ်ဝန်းကျင်နှင့်လိုက်လျောညီထွေရှိသော ထူးဆန်းသည့် မိစ္ဆာသားရဲအချို့ နေထိုင်ကြ၏။ သို့သော် ယခုတော့ ထိုသားရဲများသည်ပင် အန္တရယ်ချီများကြား သေဆုံးသူက သေဆုံးကုန်ကြပြီး ၊ ပိုမိုအားကောင်းသော သားရဲများကတော့ ပြင်ပလောကသို့ ထွက်ပြေးလာကြသည်။

သားရဲများ အုပ်စုလိုက်ထွက်ပြေးလာကြသဖြင့် မြေကမ္ဘာနယ်မြေအစပ်တွင် သားရဲအုံကြွမှုကြီးပင် ခဏတာဖြစ်ပျက်သွားခဲ့၏။

ကံကောင်းသည်မှာ ဝါဒတောင်နှင့် အခြားသောထိပ်သီးသိုင်းဂိုဏ်းကြီးများက မြေကမ္ဘာနယ်မြေတစ်ဝိုက်တွင် အချိန်အတန်ကြာ ပြင်ဆင်မှုများ ပြုလုပ်ထားကြသဖြင့် သားရဲအုံကြွမှုကိုတားဆီးနိုင်ကာ ကြီးမားသောအပျက်အဆီးများ ဖြစ်ပေါ်ခဲ့ခြင်း မရှိပေ။

ယွမ်ကျန်းဖုန်း ၊ ရန်ကျောက်ကဲနှင့် အခြားသူများ ချောက်နက်ထဲဆင်းလာချိန် အဆုံးမရှိသောအမျောင်ထုထဲတွင် နေကဲ့သို့ထွန်းလင်းသော အလင်းရောင်ထွက်ပေါ်လာသည်ကို ရုတ်တရက် တွေ့မြင်လိုက်ကြရ၏။

“အဲဒါ နေသူတော်စင်ဂိုဏ်းပဲ”

တောက်ပသောအလင်းရောင်များထွက်ပေါ်လျှက် နေသူတော်စင်ဂိုဏ်းမှလူများ သူတို့ရှေ့ရောက်လာကြသည်။ ယွမ်ကျန်းဖုန်းတို့အုပ်စုကလည်း သူတို့ကိုတွေ့ရသဖြင့် မျက်နှာအမူအရာ ပြောင်းလဲသွားခြင်း မရှိပေ။

တောက်ပသောနေရောင်များအတွင်းမှ အဖြူရောင်ဝတ်အဘိုးအိုတစ်ဦးထွက်ပေါ်လာသည်။ ထိုအဘိုးအိုသည်ကား အခြားသူမဟုတ် ၊ နေသူတော်စင်ဂိုဏ်း၏ အဓိပတိ ၊ အရှေ့အရပ်မှထွက်သောနေသူတော်စင်’ဟွမ်ကွမ်လီ ‘ ဖြစ်၏။ သူ့နောက်တွင်တော့ နေသူတော်စင်ဂိုဏ်းမှ ထိပ်တန်းအကြီးအကဲများနှင့် ထိပ်တန်းသိုင်းသမားများ လိုက်ပါလာသည်။

နေဘုရင် (၇)ပါးတွင် အပါအဝင်ဖြစ်သော ညနေခင်းအရှင်နှင့် အရှေ့တက်နေဝန်းအရှင်တို့က ဟွမ်ကွမ်လီနောက်မှ ကပ်လိုက်လာကြသည်။ သူတို့က ခံစားချက်ကင်းမဲ့သောမျက်နှာများဖြင့် ဝါဒတောင်မှအုပ်စုကို ကြည့်လိုက်ကြ၏။

ယွမ်ကျန်းဖုန်းက ပေါ့ပေါ့ပါးပါးလေသံဖြင့်...

“အရှေ့’ဟွမ်’ ၊ မင်း ဘာပြောစရာရှိလဲ”

ဟွမ်ကွမ်လီက...

“ငါတို့တွေ အတူတူဆက်သွားရအောင်”

ယွမ်ကျန်းဖုန်းက ရှေ့သို့ခြေတစ်လှမ်းဆက်သွားရင်း...

“အေး... ငါလည်း အဲဒါ ပြောမလို့ပဲ”

သူတို့အုပ်စု နှစ်ခုပေါင်းလျှက် ရှေ့ဆက်လျှောက်လာကြသည်။

ထိုအချိန် တစ်စုံတစ်ယောက်က သူ့ကိုကြည့်နေသည်ဟု အာရုံခံမိသဖြင့် ရန်ကျောက်ကဲ လှည့်ကြည့်လိုက်သည့်အခါ  ဟွမ်ကွမ်လီအနောက်မှ သိုင်းကျင့်ကြံသူများ သူ့ကိုကြည့်နေကြကြောင်း တွေ့လိုက်ရ၏။

အထူးသဖြင့် ရှုတ်ထွေးသောခံစားချက်များဖြင့် သူ့ကိုကြည့်နေသော ‘အရှေ့တက်နေဝန်းအရှင်’။

ထိုသူက နေသူတော်စင်ဂိုဏ်း၏ အဆင့်မြင့်အကြီးအကဲတစ်ယောက်ဖြစ်ပြီး ရန်ကျောက်ကဲနှင့် တစ်ခါမှ ထိပ်တိုက်ရင်ဆိုင်ဖူးခြင်း မရှိပေ။

ဟိုးယခင်အချိန် အရှေ့ထန်တိုက်ပွဲတွင်တော့ ထိုသူက ရန်ကျောက်ကဲကိုသတ်ဖြတ်ပစ်ရန် အမှန်တကယ် ကြံစည်ခဲ့ဖူးသည်။ သို့သော် ဝါဒတောင် အရှေ့အကြီးအကဲနှင့် အရှေ့ထန်ဘုရင် ကျောက်ရှိချန်းတို့ကြောင့် အခွင့်သာခြင်း မရှိခဲ့ပေ။

သို့သော် ယခု ရန်ကျောက်ကဲနှင့် တိုက်တိုက်ဆိုင်ဆိုင် ပြန်လည်ဆုံတွေ့သည့်အခါ အရှေ့တက်နေဝန်းအရှင် သိချင်မိသည်မှာ - ထိုစဉ်က ရန်ကျောက်ကဲကို သတ်ဖြတ်နိုင်ခဲ့လျှင် အနာဂတ်အဖြစ်အပျက်များအားလုံး ပြောင်းလဲသွားမည်လား ၊ ဤအတိုင်းဆက်ရှိနေမည်လားဆိုသောအချက်ပင်။

ထိုအတွေးက လျှပ်တပြက်မျှသာ ဖြစ်သော်လည်း သူ့စိတ်ထဲ ဖိနှိပ်မထားနိုင်ခဲ့ပေ။

ထိုစဉ်အချိန်က ရန်ကျောက်ကဲက ကိုယ်ပိုင်အစွမ်းအစ သိပ်မရှိသေးပေ။ ရန်တိ၏သားအဖြစ်သာ လူသိများကြသည်။

အကယ်၍ နေဘုရင် (၇)ပါးတွင် တစ်ပါးအပါအဝင်လည်းဖြစ် ၊ အမတလက်ဖွဲ့အဆင့် သိုင်းဆရာသခင်တစ်ယောက်လည်းဖြစ်သော အရှေ့တက်နေဝန်းအရှင်က အပြင်ပိုင်းကြယ်တာရာချီ သိုင်းပညာရှင်အဆင့်မျှသာရှိသေးသော ရန်ကျောက်ကဲကို အသက်ချင်းလဲပြီး သတ်ဖြတ်လိုက်ပါက သူ့ကို ရူးသွားပြီဟု လူတိုင်းတွေးထင်ကြပေမည်။

ယခု ရန်ကျောက်ကဲကို လုပ်ကြံနိုင်မည်လားဟု အရှေ့တက်နေဝန်းအရှင် တွေးမိသည့်အခါ အနှီလူငယ်လေးသည် အမတဝိညာဉ်အဆင့်သိုင်းဆရာသခင်တစ်ယောက် ဖြစ်နေပေပြီ။

ကမ္ဘာပေါ်တွင် အချို့အရာများက အလွန်ခန့်မှန်းရခက်သည် မဟုတ်ပါလား။

All Chapters