← Chapters

ဒဏ္ဍာရီထဲကနေမင်းကျမ်းဂန်အမွေအနှစ်

Vol. 33 Ch. 468

ဒဏ္ဍာရီထဲကနေမင်းကျမ်းဂန်အမွေအနှစ်

Vol. 33 Ch. 468

အခန်း (၄၆၈) ဒဏ္ဍာရီထဲကနေမင်းကျမ်းဂန်အမွေအနှစ်

ရန်ကျောကက်ကဲက အရှေ့တက်နေဝန်းအရှင်နှင့် အခြားသူများကို လှမ်းကြည့်လိုက်သည်။

အရှေ့တက်နေဝန်းအရှင်၏ ခံစားချက်ကင်းမဲ့သောမျက်ဝန်းများဖြင့် အကြည့်ချင်းဆုံသွားသည့်အခါ ရန်ကျောက်ကဲ ပြုံးလိုက်မိ၏။

ထိုအချိန် ကောင်းကင်ထက်မှ မိုးခြိမ်းသံများထွက်ပေါ်လာသဖြင့် အားလုံးက အတူတကွ ခေါင်းမော့ကြည့်လိုက်ကြသည်။ ချန်လီခေါင်းဆောင်လာသော ကောင်းကင်မိုးကြိုးခန်းမမှ ထိပ်တန်းသိုင်းသမားအချို့  ချောက်နက်ဆီသို့ ဆင်းသက်လာသည်ကို တွေ့ရသည်။

အန္တရယ်ချီများဖုံးလွှမ်းနေသည့် နက်ရှိုင်းသောနေရာသို့ ဂေဟာသခင်မအန်းချင်လင်သည်လည်း လှိုင်းနက်ဂေဟာမှ အကြီးအကဲများကို ဦးဆောင်လျှက် တစ်ဖက်မှ ရောက်ရှိလာသည်ကို တွေ့ရသည်။

ဟွမ်ကွမ်လီနှင့် ယွမ်ကျန်းဖုန်းတို့က သူတို့ကို အနည်းငယ်ခေါင်းညိတ်ပြရင်း နှုတ်ဆက်လိုက်သလို ချန်လီနှင့် အန်းချင်လင်တို့ကလည်း အချင်းချင်း ခေါင်းညိတ်နှုတ်ဆက်လိုက်ကြ၏။

ထိုစဉ် ချောက်နက်ကြီးအောက်ဘက်မှ အနက်ရောင်အခိုးအငွေ့များ ပြင်းထန်စွာမြင့်တက်လာပြီး ကြောက်မက်ဖွယ်ရာ စွမ်းအားအတက်အကျများလည်း ဖြစ်ပေါ်လာသည်။

ယွမ်ကျန်းဖုန်းနှင့် အခြားသောသိုင်းသူတော်စင်များမှလွဲပြီး ကျန်ရှိသော အမတလက်ဖွဲ့အဆင့် သိုင်းဆရာသခင်များမှာ ကြီးမားသောဖိအားကို ခံစားလိုက်ရပြီး ကိုယ်စီမျက်မှောင်ကြုတ်လိုက်မိကြသည်။

ဤနေရာ၌ ရှိသူများထဲတွင် ရန်ကျောက်ကဲတစ်ယောက်သာလျှင် အမတလက်ဖွဲ့အဆင့် သိုင်းဆရာသခင်အောက် ကျင့်ကြံခြင်းအဆင့်ရှိသူဖြစ်၏။ ထို့ကြောင့် ရန်ကျောက်ကဲ ခံစားရသည့်ဖိအားက အခြားသူများထက် ပိုမိုထင်ရှားပြီး များပြားလွန်းသည် အမှန်ပင်။

အန္တရယ်ချီများ သူ့ခန္ဓာကိုယ်ထဲ ဝင်ရောက်လာသည်နှင့် ရန်ကျောက်ကဲ၏ ခန္ဓာကိုယ်မှ သွေးကြောဆုံချက်များ ၊ အသွေးများ ၊ အသားများအားလုံး ညှိုးနွမ်းခြောက်သွေ့လာသည်ကို ထင်ထင်ရှားရှား ခံစားရသည်။ ပိုပြီးအန္တရယ်များသည်မှာ အန္တရယ်ချီဖြင့်တိုက်ခိုက်ခံရသည့်အခါ သူ၏ခန္ဓာကိုယ်မှ ကြယ်တာရာချီစွမ်းအားအနှစ်သာရက မြင့်တက်လာပြီး ခန္ဓာကိုယ်ကို ပြန်လည်တွန်းကန်လိုသည့် လက္ခဏာများ ပြသလာခြင်း ဖြစ်၏။

“ငရဲကိုးထပ်က အန္တရယ်ချီတွေက တကယ့်ကို ဂုဏ်သတင်းကျော်ကြားတာနဲ့ ထိုက်တန်တာပဲ”

ရန်ကျောက်ကဲက အနည်းငယ် ခေါင်းခါယမ်းရင်း သူ့ခန္ဓာကိုယ်ထဲမှ ပရမ်းပတာချီစွမ်းအားများကို လှည့်ပတ်စီးဆင်းစေလိုက်သည်။ ထို့နောက် ငရဲကိုးထပ်ချောက်နက်အတွင်းမှ အန္တရယ်ချီများ သူ့ကို ဒုက္ခမပေးနိုင်ရန် တားဆီးထားလိုက်၏။

ရန်ကျောက်ကဲက သလင်းကျောက်စိမ်းအဆက်အနွယ်မှဆင်းသက်လာသော ပြိုင်ဘက်ကင်းကောင်းကင်ကျမ်းစာကို ကျင့်ကြံခဲ့သူ ဖြစ်သည်။ ထိုကျမ်းစာက မဟာကပ်ဘေးမတိုင်ခင်က ထိပ်တန်းနံပါတ် (၁) ကျမ်းစာဖြစ်သည်။ ထိုကျမ်းစာက အရာအားလုံးကို မွေးဖွားဖြစ်တည်နိုင်သည် ၊ အရာခပ်သိမ်းကို သည်းခံနိုင်စွမ်းရှိသလို အရာအားလုံးကို ထိန်းချုပ်နိုင်စွမ်းလည်းရှိသည်။ ထို့ကြောင့် အန္တရယ်ချီများကိုလည်း အကြောက်အရွံ့မရှိ ထိန်းချုပ်နိုင်စွမ်း ရှိ၏။

သို့သော် သူ၏ ကျင့်ကြံခြင်းအဆင့်နှင့် နှိုင်းဆာလျှင် သူ့အရှေ့မှ ငရဲကိုးထပ်အန္တရယ်ချီများက အလွန်တရာ များပြားလွန်းသည်။

ရန်ကျောက်ကဲအနေဖြင့် ထိုအန္တရယ်ချီများကို စုပ်ယူကျင့်ကြံနိုင်သော်လည်း အတော်လေး အချိန်ယူရမည် ဖြစ်သည်။ ထို့ကြောင့် သူက လောလောဆယ်တွင် ထိုချီစွမ်းအားများကို စုပ်ယူခြင်းမပြုလုပ်ဘဲ ထိန်းချုပ်ထားရန်သာ တတ်နိုင်သည်။ ငရဲကိုးထပ်မှ အန္တရယ်ချီများသည် ရန်ကျောက်ကဲတည်ရှိနေရာကို တိုက်ခိုက်ခြင်းမရှိဘဲ ရှောင်လွှဲသွားခဲ့လေသည်။

အခြားသော ထိပ်သီးသိုင်းဂိုဏ်းကြီးများမှ လူအများက ရန်ကျောက်ကဲကို အကဲခတ်နေကြသည်။ အမတလက်ဖွဲ့အဆင့် မရောက်သေးသော ရန်ကျောက်ကဲအနေဖြင့် အန္တရယ်ချီများကို ခံနိုင်ရည်ရှိပါမည်လားဟု သူတို့အားလုံး သံသယဝင်ကြသည်။ သို့သော် ထိုအန္တရယ်ချီများက ရန်ကျောက်ကဲကို ထိခိုက်နိုင်ခြင်းမရှိသည့်အခါ သူတို့အားလုံး၏ မျက်နှာအမူအရာများ ပြောင်းလဲသွားကြသည်။

လှိုင်းနက်ဂေဟာမှ လူအများက ရန်ကျောက်ကဲကို အထင်ကြီးလေးစားမှုများဖြင့် ကြည့်လိုက်ကြစဉ် နေသူတော်စင်ဂိုဏ်းနှင့် ကောင်းကင်မိုးကြိုးခန်းမမှ လူအများကတော့ မျက်နှာများ မှောင်မှိုင်းလျှက်ရှိကြ၏။

သူတို့အားလုံး အတူတကွ ချောက်နက်ထဲသို့ ဆက်လက်ဆင်းသက်သွားကြချိန် အောက်ဘက်မှ ရုတ်တရက် တောက်ပလာသော ရွှေရောင်အလင်းတန်းတစ်ခု တွေ့မြင်လိုက်ကြရသည်။

ထိုရွှေရောင်အလင်းတန်းများနှင့် ထိတွေ့လိုက်မိသည်နှင့် ရန်ကျောက်ကဲနှင့် အခြားသူများမှာ ဆောင်းရာသီတွင် နွေးထွေးသည့်နေရောင်ခြည် ထိတွေ့ရသည့်ပမာ ခံစားလိုက်ကြရသည်။ ငရဲကိုးထပ်မှစိမ့်ထွက်လာသော အပျက်သဘော လွှမ်းမိုးခြင်းများသည် ချက်ချင်းဆိုသလို ပျောက်ကွယ်သွားသည်။

‌ကောင်းကင်ထက်မှ အစစ်အမှန်နေရောင်ခြည်ကိုတော့ သူတို့အားလုံး တွေ့မြင်ရခြင်းမရှိပေ။ နေရောင်ခြည်က အနက်ရောင်အခိုးအငွေ့များကို ထိုးဖောက်ကျဆင်းလာနိုင်ခြင်း မရှိခဲ့ပေ။

သို့သော် အောက်ဘက်မှ ချောက်နက်ကြီးထဲတွင်တော့ နောက်ထပ်နေတစ်စင်း ရှိနေဟန်ပင်။

ထိုနေမင်းက သူတို့နှင့်အလွန်တရာနီးကပ်နေပြီး အနက်ရောင်မြူခိုးအလွှာများကို ထိုးဖောက်လျှက် နွေးထွေးမှုနှင့် တောက်ပမှုကို ခံစားကြရပြီး သူတို့အားလုံး အလင်းရောင်ကို တွေ့မြင်ခွင့်ရကြသည်။

နေရောင်က အောက်ဘက်မှ တောက်ပနေသဖြင့် မိုးမြေ ပြောင်းပြန်လန်သွားသည့်ပမာ ခံစားကြရသည်။

ဟွမ်ကွမ်လီမျက်ဝန်းများ မရပ်မနား လင်းလက်သွားပြီး ညနေခင်းအရှင်နှင့် အရှေ့တက်နေဝန်းအရှင်အပါအဝင် အခြားသော နေသူတော်စင်ဂိုဏ်းမှ သိုင်းကျင့်ကြံသူများအားလုံးသည်လည်း အလားတူပင် ဖြစ်ကြသည်။ သူတို့က အခြားသူများထက် ချောက်နက်ကြီးအတွင်းမှ နေရောင်ခြည်၏ စွမ်းအားအတက်အကျများကို နက်နက်ရှိုင်းရှိုင်း ခံစားကြရသည်။

သို့သော် ထိုရွှေရောင်အလင်းတန်းများက နေသူတော်စင်ဂိုဏ်းမှ သိုင်းပညာများနှင့် မတူညီသောအဓိပ္ပါယ်တစ်ခုရှိနေကြောင်း သူတို့အားလုံး အာရုံခံနိုင်သည်။ ချောက်နက်ကြီးအတွင်းမှ ထွက်ပေါ်လာသော နေရောင်ခြည်လွှမ်းခြုံခံရသည်နှင့် သူတို့အားလုံး သက်‌သောင့်သက်သာ ခံစားလိုက်ကြရလေသည်။

သိုင်းသူတော်စင်တစ်ယော်ကဖြစ်သော ဟွမ်ကွမ်လီအတွက် ထိုနေရောင်ခြည်စွမ်းအားက မသိသာလှသော်လည်း ထိုရွှေရောင်အလင်းတန်းမှ ထွက်ပေါ်နေသော အဆုံးမရှိသည့် နက်ရှိုင်းသောတန်ခိုးစွမ်းအားနှင့် အတွင်းပိုင်းသဘောတရားများကို အလေးအနက်ခံစားရသည်။

ရန်ကျောက်ကဲကတော့ မျက်လုံးများ အသာကျဉ်းမြောင်းလိုက်၏။

သူ မြေကမ္ဘာနယ်မြေသို့ အကြိမ်ပေါင်းများစွာ လာရောက်ခဲ့ပြီး ထိုနေရောင်ခြည်ကို ရင်းနှီးနေသလို ခံစားနေရခြင်းအတွက် အဖြေမရှာနိုင်ခဲ့ပေ။

သို့သော် ယနေ့တော့ သူ နားလည်သွားခဲ့သည်။

ရန်ကျောက်ကဲ အသက်တစ်ချက်ရှူထုတ်ရင်း တွေးလိုက်သည်။

“ရင်းနှီးနေတယ်လို့ ခံစားရတာ အံ့သြစရာမရှိတော့ဘူး... အဲဒါက ဒဏ္ဍာရီထဲကနေမင်းကျမ်းဂန်အမွေအနှစ်ပဲ”

ရန်ကျောက်ကဲလက်ထဲတွင် ရှေးဟောင်းသားရဲသရေဖြင့်ပြုလုပ်ထားသာ စာလိပ်တစ်ခုပေါ်လာပြီး သူက ထိုအရာကို ဆုပ်ကိုင်ထားသည်။

ထိုစာလိပ်က လွတ်လပ်သမားတော်’ဟယ်၏ ၏ သီးခြားကမ္ဘာငယ်ထဲသို့ ဝင်ရောက်စဉ်က အမတကြိုးကြာတောင်ပံနှင့်အတူ ရရှိခဲ့သော ရတနာပစ္စည်း ဖြစ်၏။ ထိုသီးခြားကမ္ဘာငယ်သည် မဟာကပ်ဘေးကြီးထိခိုက်နိုင်ခြင်းမရှိသော စကြာဝဠာ၏ထောင့်တစ်နေရာတွင် တည်ရှိနေခဲ့လေသည်။

သူက အမတကြိုးကြာတောင်ပံများကို အားဟူကို ပေးလိုက်သော်လည်း ဤရှေးဟောင်းသားရဲစရေစာလိပ်ကိုတော့ ဆက်လက်သိမ်းဆည်းထားခဲ့သည်။ သားရဲသရေစာလိပ်မျက်နှာပြင်တစ်ခုလုံးက ဗလာဖြစ်သော်လည်း အလယ်ဗဟိုတွင် စည်းတံဆိပ်တစ်ခုပမာ စတုရန်းသဏ္ဌန်တစ်ခု ရှိနေသည်။

ထိုစည်းတံဆိပ်ပုံစံက နေရောင်ခြည်နှင့် ဆင်တူ၏။

ထိုစဉ်ကပင် ရန်ကျောက်ကဲက ထိုသားရဲသရေစာလိပ်ကို စမ်းစစ်ခဲ့လေရာ မဟာကပ်ဘေးမတိုင်ခင်က ‘နေမင်းကျမ်းဂန်’ ဖြင့် ဆင်တူကြောင်း သတိပြုခဲ့မိသည်။

မဟာကပ်ဘေးကြီးမတိုင်မီက နေမင်းကျမ်းဂန်ကို ဖန်တီးရေးသားနေသူမှာ ထိုကျမ်းဂန် ပြီးဆုံးအောင် ရေးသားနိုင်ခဲ့ခြင်း မရှိပေ။ သူရေးသားနေစဉ်မှာပင် မဟာကပ်ဘေးကြီးကျရောက်ခဲ့ပြီး အရာအားလုံး ဖရိုဖရဲ ဖြစ်သွားခဲ့သည်။

ကောင်းကင်ဘုံနန်းတော်စာကြည့်တိုက်တွင် ရန်ကျောက်ကဲ စာကြည့်တိုက်မှူးလုပ်စဉ်ဘဝက ထိုနေမင်းကျမ်းဂန် တစ်ပိုင်းတစ်စကို ဖတ်ရှုခဲ့ဖူးသည်။ သို့သော် ရန်ကျောက်ကဲ ဖတ်ရှုရသည်က ဟိုတစ်စ ဒီတစ်စ ပြန့်ကျဲနေပြီး ပြီးပြည့်စုံခြင်းမရှိသော နေမင်းကျမ်းဂန်သာလျှင် ဖြစ်သည်။

မဟာကပ်ဘေးကြီးပြီးဆုံးသည့်နောက် နေသူတော်စင်ဂိုဏ်းက တူးဖော်ရရှိသော ရှေးဟောင်းသိုင်းကျမ်းများကို ပေါင်းစပ်လျှက် ကိုယ်ပိုင်သိုင်းပညာများ တီထွင်ခဲ့ကြသည်။ ထိုသိုင်းပညာများထဲတွင် နေမင်းကျမ်းဂန်၏ သဲလွန်စ အနည်းငယ်မျှသာ ပါဝင်သည်။

သို့သော် ယခု သူတို့အရှေ့မှ ရွှေရောင်အလင်းတန်းများကို အာရုံခံမိသည့်အခါ ထိုအရာက ပြီးပြည့်စုံပြီး အဓိကကျသော နေမင်းကျမ်းဂန်ဖြစ်ကြောင်း ရန်ကျောက်ကဲ အာရုံခံမိ၏။

ရန်ကျောက်ကဲ ကောင်းကင်ဘုံစာကြည့်တိုက်တွင် သိရှိခဲ့သော ပြီးပြည့်စုံခြင်းမရှိသည့် နေမင်းကျမ်းဂန်သည်ပင် အလွန်အစွမ်းထက်လှပေသည်။ ပြီးပြည့်စုံပြီး အဓိကကျသည့် “နေမင်းကျမ်းဂန်” ဆိုလျှင် မည်မျှအစွမ်းထက်မည်လဲ ပြောနေစရာပင် မလိုတော့ပေ။

ရန်ကျောက်ကဲက ချောက်နက်ကြီးအတွင်းမှ ထွက်ပေါ်နေသည့် ရွှေရောင်အလင်းတန်းများကို ဂရုတစိုက် ခွဲခြမ်းစိပ်ဖြာကြည့်သည့်အခါ ထိုအလင်းတန်းများက ချောက်နက်ကြီးထက်ပင် ပိုမိုနက်ရှိုင်းသည်ဟု အာရုံခံမိသည်။

“အရင်တုန်းက နေမင်းကျမ်းဂန်အပြည့်အစုံကို ငါ မသိခဲ့ရတာ စိတ်မကောင်းစရာပဲ ၊ မဟုတ်ရင် အခုချိန် တွက်ချက်မှုတွေ အများကြီးပြုလုပ်နိုင်မှာ”

ရန်ကျောက်ကဲ တွေးလိုက်သည်။

“ဒါပေမဲ့... ငါ အမှတ်မမှားဘူးဆိုရင် ကောင်းကင်ဘုံနန်းတော် စာကြည့်တိုက်မှာတုန်းက နေမင်းကျမ်းဂန်က တကယ်ပဲ ပြီးပြည့်စုံခြင်းမရှိသေးဘူး ၊ ကြည့်ရတာ မဟာကပ်ဘေးကြီးအတွင်းမှာ အဲဒီကျမ်းစာက ပျက်ဆီးမသွားဘဲ ကပ်ဘေးကြီးပြီးဆုံးတဲ့နောက်မှာ တစ်ယောက်ယောက်က အဲဒါကို ပြီးပြည့်စုံတဲ့အဆင့်ရောက်အောင် ဆက်လက်ရေးသားခဲ့တာ ဖြစ်နိုင်တယ်”

သို့သော် အစွန်းရောက်ရှစ်ပါးကမ္ဘာတွင် ထိုသို့သောပုဂ္ဂိုလ်‌ကျော်တစ်ယောက်ရှိသည်ဟု သူ တစ်ခါမှ မကြားဖူးခဲ့ပေ။

မည်သို့ပင်ဖြစ်စေ လက်ရှိတွင် လူသားများနေထိုင်နိုင်ခြင်းမရှိသော မီးတောက်မိစ္ဆာကမ္ဘာအပြင် လူသားများအုပ်စိုးသော အခြားကမ္ဘာများတည်ရှိသည်ကို ရန်ကျောက်ကဲ မျက်မြင်သိရှိခဲ့ပြီး ဖြစ်သည်။ မျောလွင့်ဝိညာဉ်ကမ္ဘာနှင့် သမုဒ္ဒရာကမ္ဘာများကဲ့သို့ အခြားကမ္ဘာများရှိကြောင်း အတည်ပြုနိုင်နေပြီဖြစ်သည်။ ထို့ပြင် ကမ္ဘာများစွာအလွန်က အထက်ဘုံကမ္ဘာဆိုသော ဒဏ္ဍာရီဆန်သော စကားကိုလည်း ကြားခဲ့ဖူးပြီဖြစ်ရာ နေမင်းကျမ်းဂန်ကို ဆက်လက်ရေးသားသည်ဆိုသောအချက်မှာ မဖြစ်နိုင်စရာ အကြောင်းမရှိပေ။

အထူးသဖြင့် ကောင်းကင်ဘုံနန်းတော်ထောက်တိုင်ကြီးကို သန့်စင်ချိန်အတွင်း သူ့စိတ်အာရုံတွင် ထူးကဲယင်သရဖူကိုဆောင်းထားသည့် မိန်းမပျိုကို တွေ့ရသည့်အခါ မဟာကပ်ဘေးကြီးမှ လွတ်မြောက်သွားသူများ သေချာပေါက်ရှိရမည်ဟု ရန်ကျောက်ကဲ ယုံကြည်ထားသည်။

ရန်ကျောက်ကဲ အတွေးများကို ဖြတ်တောက်လိုက်ပြီး သူ့မျက်စိရှေ့ ချောက်နက်ကြီးအတွင်းမှ ထွက်ပေါ်နေသော ရွှေရောင်အလင်းတန်းများကို အာရုံပြန်စိုက်လိုက်သည်။

“ဒီ စည်းတံဆိပ်က ရတနာပစ္စည်းတစ်ခုခုကို မှီခိုနေပုံရတယ်”

ထိုနေရာတွင် ရွှေရောင်အလင်းတန်းများနှင့် အနက်ရောင်အခိုးအငွေ့များ အဆက်မပြတ် ရိုက်ခတ်လျှက် ရှိကြ၏။ ငရဲကိုးထပ်မှ အန္တရယ်ချီများက ပိုမိုထူထပ်ကြမ်းတမ်းလာပြီး အထက်သို့ အဆက်မပြတ် ထိုးဖောက်လာကြသည်။

အနက်ရောင်မြူခိုးများ ပြင်းထန်လာသည်နှင့်အမျှ ရွှေရောင်အလင်းတန်းများသည်လည်း ပိုမို အရှိန်ပြင်းလာဟန်ရှိသော်လည်း သေသေချာချာ လေ့လာကြည့်မည်ဆိုလျှင် ရွှေရောင်အလင်းတန်းများထဲမှ မတည်ငြိမ်သော အတွင်းပိုင်းပြောင်းလဲမှုများကို ထင်ထင်ရှားရှား ခံစားရနိုင်သည်။

အားလုံး နားလည်သွားကြသည်မှာ အောက်ဘက်တွင် ချိတ်ပိတ်ထားသော စည်းတံဆိပ်သည် စွမ်းအားပြင်းထန်ဆဲဟု ယူဆရသော်လည်း အချိန်ကြာလာသည့်အခါ ငရဲကိုးထပ်မှ အန္တရယ်ချီများ၏ တိုက်ခိုက်မှုအောက်တွင် တဖြည်းဖြည်း ယိုယွင်းအားနည်းလာပြီဆိုသောအချက်ပင် ဖြစ်၏။

သို့တိုင် လူတိုင်းပင့်သက်ရှိုက်ချီးမွမ်းကြရလောက်အောင် အံ့သြစရာကောင်းနေဆဲပင်။

အဆုံးသတ်မှာတော့ ငရဲ၏ ပြင်းထန်သောတိုက်ခိုက်မှုကို အချိန်ကြာမြင့်စွာ ခုခံထားခဲ့ပြီး ထိုစည်းတံဆိပ်သည် ယခုချိန်ထိတိုင် ခိုင်မာနေဆဲ ဖြစ်လေသည်။

သူတို့ အောက်သို့ဆင်းသက်လာစဉ် ယွမ်ကျန်းဖုန်းမျက်ဝန်းများ ရုတ်တရက် တောက်ပသွားပြီး...

“ဖန်ကျွင်း...”

ဟု ခေါ်လိုက်သည်။

ထို့နောက်မှာ‌တော့ အဘိုးအို အကြီးအကျယ် မျက်နှာပျက်သွားခဲ့သည်။

အရှေ့ဆီတွင်ရှိနေသော တပည့်ဖြစ်သူ ဖန်ကျွင်း၏ခန္ဓာကိုယ်သည် အန္တရယ်ချီများနှင့် ရွှေရောင်အလင်းတန်းများကြား လုံးလုံးလျားလျား နစ်မြုပ်သွားသည်ကို တွေ့မြင်လိုက်ရလေသည်။

ဖန်ကျွင်းသည် မြေကမ္ဘာနယ်မြေတွင် အပြောင်းအလဲများကို စောင့်ကြည့်ရင်း ရှေ့တန်းတွင် ကျန်ရစ်နေခဲ့သူ ဖြစ်သည်။ ချောက်နက်ထဲတွင် အခြေအနေပြင်းထန်လာပြီဖြစ်ကြောင်း သူတို့အားလုံးကို သတင်းပေးပို့သူလည်း ဖြစ်၏။

ယခုတော့ ဖန်ကျွင်းသည် ချောက်နက်ထဲတွင် ပိတ်မိနေပေပြီ။

သို့တိုင် ဖန်ကျွင်း၏ မျက်နှာအမူအရာက တည်ငြိမ်နေပြီး သူ့ကိုယ်သူ ဂရုမစိုက်နိုင်အားဘဲ အောက်ဘက်မှ ချောက်နက်ကြီးကိုသာ စူးစိုက်ကြည့်နေသည်။

ရန်ကျောက်ကဲ ၊ ယွမ်ကျန်းဖုန်းနှင့် အခြားသူများ ရောက်လာသည်ကိုတွေ့တော့ သူက အသံမြှင့်ကာ အော်ဟစ်လိုက်သည်။

“အဲဒါတွေ လာနေပြီ”

သူ့စကားမဆုံးခင်မှာပင် အောက်ဘက်မှတစ်စုံတစ်ခုက အပေါ်သို့ တွန်းထုတ်လိုက်သည့်အလား ရွှေရောင်အလင်းတန်းများ ပေါက်ကွဲထွက်သွားလေ၏။

All Chapters