← Chapters

တာအိုပြစ်ဒဏ် လာလေလော့

Vol. 96 Ch. 1338

တာအိုပြစ်ဒဏ် လာလေလော့

Vol. 96 Ch. 1338

အလင်းစက်သည် ကြယ်တာရာကောင်းကင်တစ်ခုလုံးကို အလင်းရောင်မပေးနိုင်သော်လည်း ... ဤအခိုက်အတန့်တွင် ပထမတောင်ပင်လယ်မှ သတ္တမတောင်ပင်လယ်မှ ကျင့်ကြံသူအားလုံး ၎င်းကို မြင်သွားကြလေပြီ။

သတ္တမတောင်ပင်လယ်၊ ကျားလှောင်အိမ်ဂြိုဟ်မှာ အုတ်အော်သောင်းနင်း ဖြစ်နေသည်။ ပထမတောင်ပင်လယ်လည်း ထိုနည်းတူပင်။ ထိုနေရာ၊ စစ်တပ်၏အလယ်တည့်တည့်၌ ရပ်နေသော အက်ရှလွန်ကျင့်ကြံသူတာအိုကောင်းကင်သည် အလင်းစက်ကို မော့ကြည့်ပြီး သူ့ပတ်ဝန်းကျင်ရှိ လူအများနည်းတူ တုန်လှုပ်သွား၏။

ပထမတောင်ပင်လယ်မှ သတ္တမတောင်ပင်လယ်တစ်လျှောက်လုံးရှိ ကျင့်ကြံသူများ အလင်းစက်ကို မော့ကြည့်နေကြစဉ် ရုတ်တရက် ၎င်းက ပိုမိုတောက်ပလာသည်။

အလင်းစက်သည် နှစ်ဆကြီးမားလာသဖြင့် တဂျိန်းဂျိန်းမြည်သံများ ပဲ့တင်ထပ်လာ၏။

ထိုအခိုက်အတန့်တွင် မန်ဟို့ကို ဝန်းရံနေသော အသေးစားနေအရေအတွက်က လေးထောင်မှ ရှစ်ထောင်သို့ ရောက်ရှိသွားလေသည်။

အလျှံတညီးညီး တောက်ပနေသော အသေးစားနေရှစ်ထောင်။ အလင်းရောင်သည် နေအစစ်၏အလင်းရောင်နှင့် မယှဉ်နိုင်သော်လည်း မြင်တွေ့ရသည့် ကြယ်တာရာများအကြား၌ အလင်းထိန်ဆုံး ဖြစ်ပေ၏။

ကျင့်ကြံသူများမှာ ဆူညံပွက်လောရိုက်နေကြပြီး အပြင်သူများမှာတော့ တုန်လှုပ်ချောက်ချားလာကြသည်။

ကိုယ်ပွားများစွာ ခွဲခဲ့သော အပြင်သူတာအိုဥသျှောင်မှာ တုန်ရီနေပြီး အလင်းစက်ကို စိုက်ကြည့်နေသည့် သူ၏မျက်ဝန်းများတွင် အံ့ဩမှုတို့ ပြည့်နှက်နေသည်။ ခိတိဂဗ္ဗကို တိုက်ခိုက်နေသော အပြင်သူအင်ပါယာသခင်လည်း ရင်တဒိန်းဒိန်းခုန်လာသည်ကို ခံစားလိုက်ရ၏။

အပြင်သူပါရာဂွန်အောဂူလည်း ထိုနည်းပင်။

ဆန့်ကျင်ဘက်တွင် ခိတိဂဗ္ဗ၊ ပင်လယ်အိပ်မက်နှင့် တောင်ပင်လယ်သခင်များသည် ရုတ်တရက် စိတ်အားတက်ကြွလာကြပြီး သူတို့၏အပြင်သူပြိုင်ဘက်များ တိုက်ပွဲထဲမှ ထွက်မသွားနိုင်အောင် အစွမ်းကုန်တားကြတော့သည်။

တဂျုန်းဂျုန်းထစ်ချုန်းနေပြီး ပေါက်ကွဲသံများ လေထဲတွင် ပြည့်နှက်နေသည်။ မန်ဟို့ကို ဝန်းရံလှည့်ပတ်နေသော အသေးစားနေအရေအတွက် ရှစ်ထောင်သို့ မြင့်တက်သွားသောအခါ အဋ္ဌမတောင်ပင်လယ်ရှိ ကျင့်ကြံသူများလည်း အပေါ်ရှိ နေတစ်စင်းကို မြင်သွားကြသည်။

အဋ္ဌမတောင်ပင်လယ်တွင် ဖြစ်ပွားနေသော စစ်ပွဲက ထိုနေရာရှိ ကျင့်ကြံသူများအတွက်ဖြစ်စေ၊ အပြင်သူများအတွက်ဖြစ်စေ ဧရာမကြိတ်ဆုံကြီးထဲ ထည့်ထောင်းခံနေရသကဲ့သို့ ခံစားနေရစေသည်။ သို့သော် ကျင့်ကြံသူများသည် ထိုအလင်းစက်ကို သတိထားမိသည်နှင့် ပါးစပ်အဟောင်းဖြစ်ကုန်ကြ၏။

“အဲ့ဒါ ဘာကြီးလဲ”

“ဘာကြောင့် အလင်းစက်က ကောက်ကာငင်ကား ပေါ်လာတာတုန်း။ နေဦး ... အပေါ်ကို တဟုန်ထိုး ပျံတက်နေသလိုပဲ”

“မှော်ပစ္စည်းတစ်ခုခုများ ဖြစ်နိုင်မလား။ ကြည့်ရတာ ... ကောင်းကင်ဘုံ ၁ ကို ဦးတည်နေတဲ့ပုံရတယ်”

လူအုပ်ကြီး အုံးအုံးကျွက်ကျွက် ဆူညံနေစဉ် မန်ဟို့အဘိုး၊ အဋ္ဌမတောင်ပင်လယ်သခင်သည် ရုတ်တရက် တုန်ရီသွား၏။ သူက ခေါင်းမော့ကြည့်၍ အလင်းစက်ကို မြင်သောအခါ မျက်လုံးများ ဝိုင်းစက်သွားသည်။

“ဟိုအာရဲ့ အရှိန်အဝါ... အဲ့ဒါ ဟိုအာကိုး ...” သူသည် ရုတ်တရက် ဝမ်းသာကြည်နူးလာသဖြင့် ခေါင်းနောက်လှန်ကာ တဟားဟား အော်ရယ်တော့၏။ အလင်းစက်မြင့်တက်သွားသည်ကို ဆက်လက်ကြည့်နေစဉ် သူ၏မျက်လုံးများတွင် မျှော်လင့်ရိပ်များ ဖြတ်ပြေးသွားသည်။

ထိုအချိန် မန်ဟို့ကို ဝန်းရံထားသော အသေးစားနေအရေအတွက်သည် နောက်တစ်ဖန် ကြောက်ခမန်းလိလိ မြင့်တက်သွားပြန်၏။ ရှစ်ထောင်မကတော့ဘဲ တစ်သောင်းပြည့်သွားလေပြီ။ အသေးစားနေတစ်သောင်း၏ အလင်းရောင်သည် အတူတကွပေါင်းစုရင်း အပေါ်ရှိ မြေထုကြီးထံသို့ တဟုန်ထိုး တက်သွား၏။ နောက်ဆုံးတော့ ... အလင်းစက်ကား နဝမတောင်ပင်လယ်တွင်လည်း ထင်ရှားပေါ်လွင်လာသည်။

ဆေးလုံးမိစ္ဆာသည် ၎င်းကို မြင်လိုက်ရ၏။ ဖန်မျိုးနွယ်ဝင်များလည်း မြင်ကြရသည်။ မန်ဟို့မိဘနှစ်ပါးလည်း မြင်သည်၊ ဘွားဘွားမန်တို့လည်း မြင်သည်၊ ဖက်တီး၊ ချန်ဖန်း၊ ဖန်းတုံးအာ၊ စွန်းဟိုက်၊ ဖန်ယုနှင့် သူ သိသမျှလူတိုင်း၊ နဝမတောင်ပင်လယ်ရှိ ကျင့်ကြံသူတိုင်း ... ၎င်းကို မြင်လိုက်ကြရ၏။

စစ်၏မီးတောက်မီးလျှံသည် ကျန်နေရာများနည်းတူ နဝမတောင်ပင်လယ်တွင်လည်း ပူပြင်းစွာ လောင်မြိုက်လျက်ရှိပြီး တိုက်ပွဲများသည်လည်း အလားတူစွာပဲ သွေးချောင်းစီးပြင်းထန်၏။ သို့သော် အလင်းစက်မြင်သာလာလျှင်ချင်း မန်ဟိုနှင့် ရင်းနှီးသူတိုင်း ... သူ၏အရှိန်အဝါကို ခံစားလိုက်ရသည်။

“အဲ့ဒါ ... မန်ဟိုပဲ”

“မြတ်စွာဘုရား။ ဒါ... ဘယ်လိုလုပ် ဖြစ်နိုင်မှာတုန်း။ နေဦး အဲဒီအလင်းက ဘာကြောင့် မန်ဟို့ကို တွေးမိစေတာပါလိမ့်”

“တကယ်ကြီး မန်ဟိုများ ဖြစ်နေမလား”

လူအုပ်ကြီးသည် ပွက်ပွက်ညံနေကြ၏။ တောင်ကောင်းကင်ဂြိုဟ်ပေါ်တွင် ရွှေတုန်းလျှိုသည် ကောင်းကင်ကြီးကို မော့ကြည့်လျက် တောင်ထိပ်ပေါ်၌ ရပ်နေဆဲဖြစ်သည်။ ကောက်ကာငင်ကာ သူက ပျော်ရွှင်မှုနှင့် မျှော်လင့်မှုအပြည့်အဖြင့် ရယ်လိုက်သည်။

“ငါ လူရွေးမှန်သွားတဲ့ပုံပဲ.... သူက ပြစ်ဒဏ်ကို တွန်းလှန်မယ့်သူ ... မန်ဟိုတဲ့လေ” ရွှေတုန်းလျှို ထိုနေရာတွင် ရပ်လျက် ရယ်မောနေစဉ် နွေးထွေးကြင်နာသောအမူအရာကို သူ့မျက်နှာပေါ်တွင် မြင်ရနိုင်သည်။

ဤအခိုက်အတန့်တွင် တောင်ကိုးလုံးနှင့်ပင်လယ်ကိုးစင်းလုံးရှိ ကျင့်ကြံသူအားလုံး စောင့်ကြည့်နေကြလေပြီ။

တစ်ချိန်တည်းမှာပင် မန်ဟိုသည် ကောင်းကင်ဘုံ (၁) မြေထုကြီးနှင့် ပိုမိုနီးကပ်သွားနေ၏။ သူကား ယခုတွင် အာကာသ၏ အမြင့်ဆုံးအမှတ်အနား ချဉ်းကပ်နေပြီဖြစ်ပြီး သူ၏အမြန်နှုန်းက တဂျုန်းဂျုန်းမြည်သံများကို ပဲ့တင်ထပ်နေစေသည်။

နီးကပ်သထက် နီးကပ်လာသည်နှင့်အမျှ သူ၏မျက်ဝန်းများတွင် ခိုင်မာပြတ်သားမှုတို့ တဟုန်းဟုန်းတောက်လောင်လာသည်။

သို့သော် သူ ကောင်းကင်ဘုံ (၁) အနား ရောက်သွားသည့်အချိန်မှာပင် ၎င်းထံမှ အပြင်သူများစွာက သူ့ကို ရင်ဆိုင်ရန် ပျံထွက်လာကြသည်။ ထို့အပြင် မြေထုကြီးကို ကာကွယ်ဖို့ မရေမတွက်နိုင်သော ဒိုင်းအကာအကွယ်များလည်း မြောက်တက်လာကြသည်။

ဤမြေထုသည် အပြင်သူများ၏အိမ်ဖြစ်၍ အကာအကွယ်များ စီရင်ထားမည်မှာ မလွဲမသွေပင်။ မန်ဟို့ကို တားဖို့ ထွက်လာကြသည့်အပြင်သူများ တစတစများပြားလာသည်။

မန်ဟို့နှုတ်ခမ်းထောင့်တွင် သွေးအေးအေးအပြုံးတစ်စ တွန့်ချိုးသွားသည်။ တိုက်ခိုက်တော့မည့်အချိန်မှာပဲ သူက ရုတ်တရက် မျက်မှောင်ကြုတ်လိုက်သည်။ ယခုလေးတင် ပျံထွက်လာခဲ့ကြသော အပြင်သူများလည်း ကရောသောပါး နောက်ဆုတ်ကုန်ကြ၏။ အဘယ်ကြောင့်ဆိုသော် ... တာအိုပြစ်ဒဏ်၏ ကြောက်မက်ဖွယ်စွမ်းအားကား ပေါ်လာခဲ့လေပြီ။

ဤသည်မှာ မန်ဟို၏ တာအိုပြစ်ဒဏ်၊ အပြင်အားကိုယ်တာအိုပြစ်ဒဏ် ဖြစ်ချေ၏။

ပြစ်ဒဏ်သည် စောစောက အရိပ်အယောင်မျှပေါ်လာခဲ့သော်လည်း သက်ဆင်းမလာခဲ့ဘဲ ပုန်းကွယ်နေခဲ့သည်။ မန်ဟို ပြောနိုင်သလောက် တောင်ပင်လယ်လောက၏စိတ်ဆန္ဒက သူ့အား ၎င်းကို ဖယ်ရှားစေနိုင်ခဲ့ခြင်း ဖြစ်လိမ့်မည်။

သို့သော် ယခုတော့ ၎င်းကား ဤနေရာတွင် ပေါ်လာပြန်လေပြီ။ ဆိုလိုသည်က .... ဤသည်မှာ တောင်ပင်လယ်လောကမှမဟုတ်ဘဲ ကောင်းကင်ဘုံ (၁) မှ လာသော ပြစ်ဒဏ်ဖြစ်သည်။

“ကောင်းကင်ဘုံ (၁) က သူ့ရဲ့ကိုယ်ပိုင်သက်ရှိသတ္တဝါတွေနဲ့ ကမ္ဘာတစ်ကမ္ဘာပဲ” မန်ဟိုက ခပ်တိုးတိုး ရေရွဝ်လိုက်သည်။ “အဲဒီလိုပဲ သူ့မှာလည်း တောင်ပင်လယ်လောကလို စိတ်ဆန္ဒတစ်ခု ရှိတယ်။ ပြစ်ဒဏ်ဟာ ကံတရားကို သွေဖယ်တဲ့အခါ ကျရောက်လာတဲ့အရာဖြစ်တယ်။ ကောင်းကင်ဘုံ (၁) က ပြစ်ဒဏ်ကံကြွေး ငါ့အပေါ်မှာ တင်နေတာတွေ့လို့ ပြန်သိမ်းဖို့ ကြိုးစားနေတာလား” သူသည် နားလည်သွားသည့်တိုင် မကြောက်ဘဲ ဟားတိုက်ရယ်လိုက်၏။

သူ့ဘဝတွင် ကောင်းကင်ဘုံလာပြစ်ဒဏ်ကို ကြိမ်ဖန်မနည်း ကျော်ဖြတ်ခဲ့ဖူးပြီးချေပြီ။ အကြိမ်တိုင်း မယုံနိုင်လောက်အောင် ခက်ခဲခဲ့စေကာမူ ဤကောင်းကင်ဘုံလာပြစ်ဒဏ်ကိုလည်း သစ်ကိုင်းခြောက်လေးလို အလွယ်တကူဖျက်စီးပစ်နိုင်မည်ဟု သူ ယုံကြည်ချက်အပြည့်အဝရှိ၏။

ပြစ်ဒဏ်တိမ်တိုက်များက မန်ဟို့အရှေ့တွင် တဂျိန်းဂျိန်းမြည်လျက် စုဝေးလာကြသည်။ ပြစ်ဒဏ်မိုးကြိုး ထစ်ချုန်းလိုက်သည်ကို ကြားလိုက်ရစဉ် မရေမတွက်နိုင်သောမိုးကြိုးတန်းများက မန်ဟို့ထံ တန်းတန်းမတ်မတ် သွားနေကြလေပြီ။

ထိုမိုးကြိုးတန်းအားလုံးတွင် လူပုံသဏ္ဍာန်များ ရှိနေပုံရပြီး မိုးကောင်းကင်ကို ချေမှုန်း၍ ကမ္ဘာမြေကို မီးလောင်ပြာချပစ်နိုင်သော စွမ်းအားတို့ ပြည့်ဝနေသယောင်ပင်။ ၎င်းတို့က ချဉ်းကပ်သွားနေစဉ် မန်ဟိုနှင့် သူ၏နေတစ်သောင်းကို လွှမ်းခြုံရင်း အရပ်လေးမျက်နှာသို့ ပြန့်ကားဖြာထွက်သွားသည့် မိုးကြိုးပင်လယ်တစ်စင်း အသွင်ပြောင်းလိုက်သည်။ အောက်ရှိ တောင်ပင်လယ်ကိုးခုမှ ကျင့်ကြံသူတစ်ယောက်မကျန် ဖြစ်ပျက်နေသောအရာကို မြင်လိုက်ကြရသည်။

“မကောင်းတော့ဘူး။ ကောင်းကင်ဘုံ (၁) က ကိုယ်ပိုင်ပြစ်ဒဏ်စွမ်းအားနဲ့ အပြည့်အစုံကမ္ဘာတစ်ကမ္ဘာလေ”

“အဲဒီအလင်းစက်က မန်ဟိုဆိုရင် သူ ရှုံးနိမ့်တော့မယ်...”

“သေစမ်း ကောင်းကင်ဘုံ (၁) ကို ငါတို့ ဘယ်လိုမှ မတိုက်ခိုက်နိုင်တော့ဘူးလားကွာ” တောင်ကိုးလုံးနှင့်ပင်လယ်ကိုးစင်းရှိ ကျင့်ကြံသူအားလုံး အော်ဟစ်နေကြသည်။ သူတို့မှာ စိုးရိမ်နေကြသည်၊ စိတ်ပူနေကြသည်၊ ထိတ်လန့်နေကြသည်၊ ထိုခံစားချက်အားလုံးမှာလည်း မန်ဟို့ကြောင့် ပေါက်ဖွားလာခြင်းဖြစ်သည်။

မှန်သည်၊ လူအုပ်များထဲတွင် အေးစက်စက်ကြည့်နေကြသော လူတစ်ချို့လည်း ရှိသည်။ တောင်ပင်လယ်လောက၌ လူအမျိုးမျိုးအထွေထွေ သောင်းပြောင်းနေသည်မဟုတ်ပါလော။ ကပ်ဆိုက်သည်နှင့် လူတိုင်းသေရလိမ့်မည်ဟု ယုံကြည်သည်မှာလည်း မထူးဆန်းချေ။

အင်အားအစစ်အမှန်ကို သိုဝှက်လျက် အစွမ်းကုန်မတိုက်ခိုက်ဘဲ တောင်ပင်လယ်လောကမှ ထွက်ပြေးနိုင်မည့် အခွင့်ကောင်းကို ရှာဖွေနေကြသော ဂိုဏ်းများ၊ မျိုးနွယ်စုများပင် ရှိကြသည်။ အမှန်တွင် တချို့ဆိုလျှင် ... ကောင်းကင်ဘုံ (၃၃) ကို သစ္စာခံရန် ခိုးကြောင်ခိုးဝှက် ပြင်နေကြလေသည်။

သို့ပင်ငြား လူနည်းစုသာ ဖြစ်ပါ၏။ တောင်ပင်လယ်လောကအများစုက ဇွဲမလျှော့ကြပေ။ သူတို့တွင် ဂုဏ်သိက္ခာရှိသည်၊ မာနရှိသည်၊ ဘယ်တော့မှ အညံ့ခံမည်မဟုတ်။ ထိုကျင့်ကြံသူများက ကြယ်တာရာကောင်းကင်ကို စိုးရိမ်ပူပန်စွာ မော့ကြည့်နေကြသူများ ဖြစ်သည်။

ခိတိဂဗ္ဗကို တိုက်ခိုက်နေသော အပြင်သူအင်ပါယာသခင်က အထင်သေးစွာ ခနဲ့သည်။

“ပြစ်ဒဏ်ကံကြွေးတင်နေတာတောင်မှ သူက ငါတို့ ကောင်းကင်ဘုံ (၁) ကို ရန်စရဲသေးတယ်ပေါ့လေ။ သေမင်းကို လက်ယပ်နေတာပဲ”

အလားတူစကားလုံးများကို ပါရာဂွန်အောဂူက ပါရာဂွန်ပင်လယ်အိပ်မက်အား ပြောသည်။ တောင်ပင်လယ်သခင်များနှင့် ရင်ဆိုင်နေသော အပြင်သူတာအိုဥသျှောင်ကိုယ်ပွားများလည်း ထိုနည်းတူပင်။ သူတို့အားလုံး စိတ်သက်သာရာရသွားကြ၏။

တချို့က စိတ်ပူနေသည်။ တချို့က လှောင်နေသည်။ သို့သော် ၎င်းက အဆုံးမဲ့ပြစ်ဒဏ်မိုးကြိုးကို ရင်ဆိုင်နေသော မန်ဟို သူ၏လက်ကို မြှောက်လိုက်သော အခိုက်အတန့်ဖြစ်သည်။ သူသည် မျက်လုံးများ လင်းလက်တောက်ပနေလျက် မုဒြာလက်ကွက်တစ်ကွက်ဖော်ကာ လက်ညှိုးထိုးလိုက်၏။

“မန္တန်”

အဋ္ဌမမိစ္ဆာချုပ်နှောင်မန္တန်

သူ့အပြင်အားကိုယ်ခွန်အားက ဝုန်းခနဲ ပေါ်ထွက်လာသည်။ သူ၏ကျင့်ကြံခြင်းအခြေခံသည် အုံကြွလာပြီး တောင်ပင်လယ်စွမ်းအား၏ ထောက်ပံ့မှုနှင့်အတူ အဋ္ဌမမန္တန်မှာ ထုတ်လွှတ်ခံလိုက်ရလေပြီ။ ချက်ချင်းဆိုသလို အရာအားလုံး ပြင်းပြင်းထန်ထန် တုန်ခါစပြုလာသည်။ မန်ဟို လက်ကို အောက်သို့ ဝှေ့ယမ်းလိုက်သည့်အခါ ကြယ်တာရာကောင်းကင်ထဲရှိ ပြစ်ဒဏ်မိုးကြိုးအားလုံးသည် လှုပ်ရှားနေခြင်း ရပ်တန့်ကုန်ကြ၏။

သတ္တမမိစ္ဆာချုပ်နှောင်မန္တန်

မန်ဟိုက သူ့လက်ချောင်းကို ဝှေ့ယမ်းလိုက်သည်။ ဤတစ်ခေါက်တွင် ကံကြွေးမန္တန်က ပြစ်ဒဏ်မိုးကြိုး၏ကံကြွေးကို ဖြတ်တောက်လိုက်၏။ ထို့နောက် သူက အင်္ကျီလက်စကို ခါလိုက်သည်။

ပဉ္စမမိစ္ဆာချုပ်နှောင်မန္တန်

အတွင်း-အပြင်မန္တန်

လာရာနေရာသို့ ပြန်ရောက်သွားစေခြင်း။

ပြစ်ဒဏ်မိုးကြိုးအားလုံး ဦးတည်ရာပြောင်း၍ ၎င်းတို့ထွက်လာခဲ့သော ပြစ်ဒဏ်မိုးကြိုးတိမ်တိုက်များထံသို့ အံ့မခန်းအမြန်းနှုန်းဖြင့် ပြန်လည်ဦးတည်သွားကြသည်။

မရေမတွက်နိုင်သော ပြစ်ဒဏ်မိုးကြိုးတိမ်တိုက်များ တစစီ ပြိုကွဲသွားသဖြင့် နားကွဲလုဖွယ် ပေါက်ကွဲသံကြီး ရိုက်ညောင်းသွားသည်။ ပြစ်ဒဏ်မိုးကြိုးတန်းများ ပြစ်ဒဏ်မိုးကြိုးတိမ်များကို ပြန်ရိုက်ခတ်ရင်း အလျှင်းဖယ်ရှားလိုက်သော မြင်ကွင်းကား အလွန်တရာရင်သပ်ရှုမောဖွယ်ကောင်းပေသည်။

ဤမြင်ကွင်းက ကျင့်ကြံသူများနှင့်အပြင်သူများထံ အာမေဍိတ်သံများ ထွက်လာစေသည်။ မျက်လုံးအပြူးသား၊ ပါးစပ်အဟောင်းသားဖြစ်ကုန်စေ၏။

“ဘယ်လို” အပြင်သူတာအိုဥသျှောင်က မယုံကြည်နိုင်စွာ အော်သည်။

အပြင်သူအားလုံး မန်ဟို့ကြောင့် ဖိန့်ဖိန့်တုန်နေကြလေပြီ။ ထိုအလင်းစက်မှာ ယခုတော့ သူတို့အတွက် အိပ်မက်ဆိုးတစ်ခုထက် မလျော့တော့ပေ။

ဤအခိုက်အတန့်တွင် ကောင်းကင်ဘုံ (၁) မြေထုကြီးထံမှ ဒေါသတကြီးဟိန်းဟောက်သံများ ကြားလိုက်ရသည်။ တိမ်တိုက်များသည် မန်ဟို့ကို အရှင်းသုတ်သင်တော့မည့် ဧရာမတိမ်ပြင်ကြီးအဖြစ် အလိပ်လိပ်ထလျက် စုဝေးသွားကြ၏။

မန်ဟို့ကို ဝိုင်းထားသော ထိုပြစ်ဒဏ်မိုးကြိုးတိမ်ပြင်ကြီးမှ ဖိအားကြီး ဖြာထွက်လာကာ ကြယ်တာရာကောင်းကင်အား တသိမ့်သိမ့်တုန်နေစေတော့သည်။ ဒေါသတကြီးဟိန်းဟောက်သံ ဆက်လက်မြည်ဟည်းနေစဉ် ပြစ်ဒဏ်မိုးကြိုးတိမ်ပြင်ထဲ၌ ဧရာမလက်သည်းလက်ကြီး ပေါ်လာနေသည်ကို မြင်ရနိုင်သည်။

ဖွတ်အနွယ်တူတစ်ကောင်၏ လက်သည်းလက်လို ထိုလက်သည်းလက်ကြီးကား မည်းနက်နေပြီး အကြေးခွံများနှင့် ဖုံးလျက်ရှိသည်။

ဤပြစ်ဒဏ်မှာ ... တောင်ပင်လယ်လောကမှမဟုတ်ဘဲ ကောင်းကင်ဘုံ (၁)မှ လာနေခြင်းမဟုတ်ပါလော။

လက်သည်းလက်တွင် ယခင်ထက် အဆများစွာပို၍ အားကောင်းသော အဆုံးမဲ့ပြစ်ဒဏ်မိုးကြိုးများ ဖုံးလွှမ်းနေသည်။ လက်သည်းလက်ကြီးက မန်ဟို့ထံ ပြေးဝင်လာပြီး ထိုသို့ပြေးဝင်လာနေစဉ် ပတ်ဝန်းကျင်တွင် ပို၍များပြားသော မိုးကြိုးတိမ်များ စုဝေးလာရာ ပြစ်ဒဏ်အား ပို၍ပင်ကြီးကျယ်ခမ်းနားသွားစေတော့၏။

မန်ဟို့အမူအရာက မပြောင်းလဲပေ။ သူ့မျက်လုံးများက လင်းလက်တောက်ပနေသည်။ သူသည် တစ်ချက်လေးပင် မရပ်ဘဲ ပြစ်ဒဏ်မိုးကြိုးနှင့် မိုးကြိုးလွှမ်းခြုံလက်သည်းလက်ကြီးထံသို့ ပျံသန်းသွား၏။ အနားရောက်သွားသည့်အခါ သူက မိုးခြိမ်းသံသဖွယ် ဟိန်းထွက်သွားသောအသံဖြင့် စကားပြောလိုက်သည်။

“မင်းကို ဒီနေရာမှာ စုဝေးနိုင်တယ်လို့ ငါ ပြောသလား။ ပြိုကွဲစမ်း"

ဒုတိယမိစ္ဆာချုပ်နှောင်မန္တန်၊ အစစ်အမှန်-အတုအယောင်မန္တန်သည် ပြစ်ဒဏ်တိမ်တိုက်ထံသို့ ဦးတည်၍ အစစ်အမှန်ကို အတုအယောင်အဖြစ် ပြောင်းလဲကာ၊ အတုအယောင်ကို အစစ်အမှန်ဖြစ်စေလိုက်သည်။ မန်ဟို့အတွက် လုပ်စရာလိုသည်မှာ တွေးလိုက်ရုံံသာ။

ဤအခိုက်အတန့်တွင် သူသည် အစစ်အမှန်ဖြစ်သော ပြစ်ဒဏ်ကို အတုအယောင်အဖြစ် ပြောင်းလဲလိုက်၏။ စုဝေးနေသော ပြစ်ဒဏ်မှာ ချက်ချင်း ပြိုကွဲသွားတော့သည်။

All Chapters