အခန်း ၃၆၀
Vol. 31 Ch. 360
အပိုင်း (၃၆၀) - ထူးဆန်းသော အမျိုးသမီး ၂
ကူမော့၏ လက်ချောင်းထိပ်များက သူမ၏ နဖူးကို ထိတွေ့လိုက်သည့် အခိုက်အတန့်တွင်၊ အမျိုးသမီးကို ဝန်းရံနေသည့် ရက်စက်သည့်အရှိန်ဝါများ ပျောက်ကွယ်သွားပြီး ၊ ဖောင်းကြွနေသော သွေးကြောများမှာလည်း ငြိမ်သက်သွားသည်။ သူမ၏ သွေးနီရောင် မျက်လုံးများမှာလည်း ကြည်လင်သွားတော့၏။
သူမသည် တိုက်ခိုက်တော့မည့် အနေအထားအတိုင်း ရပ်နေဆဲ ဖြစ်သော်လည်း၊ မျက်တောင်များမှာ တဖျတ်ဖျတ် လှုပ်ရှားလာပြီး၊ နောက်ဆုံးတွင် ကြိုးပြတ်သွားသော ရုပ်သေးရုပ် အလား လဲကျသွားသည်။
"... ဒါက ဘယ်လို ဖြစ်နိုင်မှာလဲ..."
ကူမော့ အနည်းငယ် မျက်မှောင်ကြုတ်လိုက်၏။ ထိုအမျိုးသမီး၏ စိတ်ဝိညာဉ် စွမ်းအားမှာ အလွန် အစွမ်းထက်နေသော်လည်း တက်လှမ်းခြင်း နယ်ပယ်သို့ ရောက်ရန်တော့ အဝေးကြီး လိုနေသေးကြောင်း သူ အာရုံခံမိလိုက်လေသည်။ သို့သော်လည်း သူမ၏ ဝိညာဉ်မှာ သူမ၏ ခန္ဓာကိုယ်မှ အချိန်မရွေး ထွက်သွားနိုင်သည့် အခြေအနေသို့ ရောက်ရှိနေလေသည်။
"ဆရာကြီး ကူ... သူ ဘယ်လိုနေလဲ..."
ချန်ရှူးက အနားသို့ လျှောက်လာပြီး မေးလိုက်သည်။
"တစ်ခုခုတော့ မှားနေပြီ..."
ကူမော့က ပြောလိုက်သည်
"ဒီမိန်းကလေးရဲ့ အခြေအနေက ပုံမှန်မဟုတ်ဘူး၊ သူက ဘာကိုမှ သတိမထားမိတဲ့ ပုံစံမျိုးပဲ..."
ချန်ရှူးက အလိုအလျောက် မေးလိုက်သည်
"ရုပ်သေးရုပ် တစ်ရုပ် လား..."
"မဟုတ်ပါဘူး..."
ကူမော့က ချက်ချင်းပင် ခေါင်းယမ်းလိုက်ပြီး ပြောလိုက်သည်
"သူက ရုပ်သေးရုပ် မဟုတ်ပါဘူး... ရုပ်သေးရုပ် ဆိုတာ စိတ်ကို ထိန်းချုပ်ခံထားရတာ၊ ဒီမိန်းကလေးကတော့ အဲဒီလို မဟုတ်ဘူး... ရိုးရိုးရှင်းရှင်း ပြောရရင်တော့၊ ဒီမိန်းကလေးရဲ့ အခြေအနေက... ဉာဏ်ရည် မမှီတာ ပဲ”
ချန်ရှူးမှာမူ ဆွံ့အသွားတော့၏။
"အစ်ကို”
ထိုအခိုက်အတန့်တွင် ကူချူတုန်းက
"ကျွန်မတို့ တကယ်ပဲ အထင်လွဲသွားတာပဲ"
ချက်ချင်းပင်...
ကူမော့နှင့် ချန်ရှူးတို့သည် ကူချူတုန်းရှိရာသို့ လှမ်းကြည့်လိုက်ကြရာ၊ သူမက သကြားလုံး တစ်လုံးကို ကိုင်ဆောင်ကာ ကလေးငယ်ကို ချော့မြှူရန် ကြိုးစားနေသည်ကို တွေ့လိုက်ရ၏။
ကူမော့နှင့် ချန်ရှူးတို့ အနားသို့ လျှောက်သွားလိုက်ကြလေသည်။
ကလေးငယ်မှာ အလွန် ကြောက်လန့်နေသဖြင့် အဘွားအို၏ ရင်ခွင်အတွင်းသို့ အလျင်အမြန် တိုးဝင်သွားပြီး၊ ကလေးငယ်ကို ပွေ့ဖက်ထားသော အဘွားအိုမှာလည်း အလွန်ပင် ထိတ်လန့်နေလေသည်။
"အစ်ကို..."
ကူချူတုန်းက ပြောလိုက်သည်
"ဒီအဘွားအို ပြောတာကတော့ ဓားပြတွေက ရွာကို လာပြီး လူသတ် ကြတာတဲ့... လူတိုင်းကို သူတို့က သတ်ပစ်ကြတာ..."
သူမသည် မလှုပ်မယှက် ရပ်နေသော မီးခိုးရောင် ဝတ်စုံဝတ် အမျိုးသမီးကို လက်ညှိုးထိုးပြပြီး ဆက်ပြောသည်
"သူရယ်၊ ဒီအဘွားအိုရယ်၊ ပြီးတော့ ဒီကလေးရယ်က တောင်ပေါ်ကနေ အခုမှ ပြန်ဆင်းလာကြတာ၊ အဲဒီအချိန်မှာ ဓားပြတွေက သူတို့ကို သတ်ဖို့ လုပ်ကြတာ….
ဒီမိန်းကလေးက ရုတ်တရက် ရူးသွားသလိုမျိုး ဖြစ်ပြီး ဓားပြတွေကို သတ်ဖြတ်တော့တာပဲ... ကျွန်မတို့ တောင်ပေါ်မှာ တွေ့ခဲ့တဲ့ လူတွေက ရွာသားတွေ မဟုတ်ဘဲ ဓားပြတွေ ဖြစ်ဖို့ များတယ်"
ချန်ရှူး၏ မျက်နှာမှာ မှောင်မိုက်သွားပြီး အလျင်အမြန်ပင် အမိန့်ပေးလိုက်သည်
"မြန်မြန်... သွားရှာကြစမ်း၊ အသက်ရှင် ကျန်ရစ်သူ ရှိသေးလား ဆိုတာကို”
...
ဆန်းလန်ဓားဂိုဏ်း တပည့်များသည် ရွာအတွင်းသို့ လိုက်လံ ရှာဖွေကြလေသည်။
ကူမော့နှင့် သူ၏အဖွဲ့မှာမူ အဘွားအိုနှင့် မြေးဖြစ်သူ၊ မီးခိုးရောင် ဝတ်စုံဝတ် အမျိုးသမီးတို့ကို ဝင်းငယ်တစ်ခုအတွင်းသို့ ခေါ်ဆောင်လာခဲ့ကြ၏။
မီးခိုးရောင် ဝတ်စုံဝတ် အမျိုးသမီးမှာမူ ကူမော့ ကြောင့် အိပ်ပျော်သွားပြီ ဖြစ်ကာ၊ အဘွားအိုနှင့် မြေးဖြစ်သူမှာမူ တည်ငြိမ်သွားစေရန် အချိန်အတော်ကြာအောင် စောင့်ဆိုင်းလိုက်ရလေသည်။ အဘွားအိုက ဖြည်းညင်းစွာ ပြောပြလေသည်
"သူက ကျွန်မတို့ ရွာကို လွန်ခဲ့တဲ့ နှစ်နှစ်က ရောက်လာတာပါ... အရမ်း ညစ်ပတ်နေပြီး၊ အသက် သုံးနှစ် လေးနှစ် အရွယ် ကလေး တစ်ယောက်လိုပဲ၊ စကားလုံး အနည်းငယ်ပဲ ပြောတတ်တာ..."
"သူ့ကို ဘယ်က လာတာလဲ လို့ မေးရင်၊ ယွင်ကျိုး က တုန်းယန် ရွာ လို့ပဲ ဖြေတယ်؛ သူ့နာမည်ကို မေးရင်တော့ ရှောင်ပိုင် လို့ ဖြေတယ်... တခြား မေးခွန်းတွေကိုတော့ ဘယ်တော့မှ မဖြေဘူး၊ တခြား ဘာစကားမှလည်း မပြောတော့ဘူး... သူက ဉာဏ်ရည် မပြည့်မီဘူး ဆိုတာကို ရွာထဲက လူတိုင်း သိကြတာပေါ့..."
"ဒါပေမဲ့ ဒီမိန်းကလေးက အရမ်း လှတော့၊ ရွာထဲက အလုပ်မရှိ အကိုင်မရှိ ယောကျ်ား တချို့က သူ့ကို အနိုင်ကျင့်ချင်ကြတယ်လေ... ကျွန်မသားက သူ့ကို သနားလို့ သူ့ရဲ့ မွေးစားသမီး အဖြစ် လူသိရှင်ကြား ကြေညာခဲ့တာပါ... ကျွန်မသားက ရွာသူကြီး ဆိုတော့ ရွာထဲမှာ အားလုံးက ရိုသေကြတယ်လေ... ရှောင်ပိုင် ကို မွေးစားပြီးတဲ့နောက်မှာတော့ ဘယ်သူမှ သူ့ကို ထပ်ပြီး မနှောင့်ယှက်ရဲတော့ဘူး... နှစ်နှစ် တိတိ ပါပဲ..."
"ဒီနေ့ မွန်းတည့်ခါနီးမှာ ကျွန်မမြေး၊ ရှောင်ပိုင် နဲ့ ကျွန်မ တောင်ပေါ်ကို ဟင်းသီးဟင်းရွက် သွားတူးကြတာ... ပြန်ဆင်းလာတော့ ရွာကို ဓားပြတွေ ဝင်စီးနေတာကို တွေ့လိုက်ရတာပဲ... ကျွန်မသားက... ရွာအဝင်မှာပဲ အသတ်ခံလိုက်ရတယ်။
ရှောင်ပိုင် ဒါကို မြင်လိုက်တဲ့ အခါမှာတော့
'သူတို့ အားလုံး သေရမယ်'
လို့ အော်ဟစ်ပြီးတော့ သူ ရူးသွားသလိုမျိုး ဖြစ်ပြီး ဓားပြတွေကို စတင် သတ်ဖြတ်တော့တာပဲ"
"ရှောင်ပိုင် က ရွာသားတွေကို မသတ်ပါဘူး؛ သူက ဓားပြတွေကိုပဲ သတ်တာပါ... ကျွန်မတို့ ပြန်ရောက်တဲ့ အချိန်မှာ ရွာထဲမှာ အသက်ရှင် ကျန်ရစ်သူ တစ်ယောက်မှ မရှိတော့ဘူးလေ... ရှောင်ပိုင် က ဓားပြတွေကိုပဲ အကုန် သတ်ပစ်လိုက်တာ... ကျွန်မမြေးနဲ့ ကျွန်မကတော့ ရှောင်ပိုင် ရဲ့ ဘေးမှာပဲ တစ်ချိန်လုံး ရှိနေခဲ့တာပါ..."
ကူချူတုန်းက မေးမြန်းလိုက်သည်
"အဘွား... အဘွားတို့ ရွာမှာ ချန်လျောင် ဆိုတဲ့ နာမည်နဲ့ လူရှိလား..."
အဘွားအိုက ဇဝေဇဝါဖြင့် မေးလိုက်သည်
"ကျွန်မ... ကျွန်မသားရဲ့ နာမည်က ချန်လျောင် ပါ... သူရဲကောင်းမလေးက သူ့ရဲ့ နာမည်ကို ဘယ်လိုလုပ် သိတာလဲ..."
ချက်ချင်းပင်...
ကူချူတုန်းနှင့် အခြားသူများမှာ အခြေအနေကို ခန့်မှန်းမိသွားကြတော့၏။
ထို့နောက် ကူချူတုန်းသည် တောင်ပေါ်တွင် ၎င်းတို့ တွေ့ခဲ့ရသော လူများ၏ အသွင်အပြင်ကို အကြမ်းဖျင်း ပြောပြလိုက်လေသည်။
နားထောင်ပြီးနောက် အဘွားအိုသည် ငိုကြွေးလိုက်ပြီး၊ ချန်လျောင် အဖြစ် ဟန်ဆောင်နေသူမှာ ဓားပြခေါင်းဆောင် ဖြစ်ကြောင်းနှင့် ထိုဓားပြခေါင်းဆောင်က ရှောင်ပိုင်ကို သတ်ရန် အမိန့်ပေးခဲ့သည်ကို သူမကိုယ်တိုင် မြင်တွေ့ခဲ့ရကြောင်း ပြောလေသည်။
အခြား တစ်ဦးမှာမူ ထိုဓားပြ အဖွဲ့ထဲမှ တစ်ဦးတည်းသော အမျိုးသမီး ဖြစ်သဖြင့် သူမ မှတ်မိနေခြင်း ဖြစ်လေသည်။ ကျန်သော နှစ်ဦးကိုမူ သူမ သေသေချာချာ မမှတ်မိသော်လည်း၊ ၎င်းတို့နှင့်အတူ ပါလာသူများမှာ သေချာပေါက် ဓားပြများသာ ဖြစ်ကြလေသည်။
ချန်ရှူးသည် ဒေါသတကြီးဖြင့် စားပွဲကို ရိုက်လိုက်ကာ ပြောလိုက်သည်
"ငါ ပေါ့ဆမိသွားပြီ။အဲဒီလူတွေရဲ့ အဝတ်အစားတွေက သာမန် လူတွေရဲ့ အဝတ်အစား မဟုတ်ဘူး ... အဲဒီကောင်က သူက သိုင်းသမား တစ်ယောက်ပါလို့ ပြောတာကို ကြားတော့ ငါ
မစဉ်းစားမိခဲ့ဘူး... အခု ပြန်စဉ်းစားကြည့်တော့၊ အဲဒီလူတွေဆီမှာ ဓားပြ အငွေ့အသက်တွေ အများကြီး ရှိနေတာပဲ၊ ပြီးတော့ အဲဒီအမျိုးသမီး ကလည်း ရွှေတွေ ငွေတွေ အပြည့်ပါတဲ့ အိတ်ကြီးကို ထမ်းထားတာ အဲဒါက ဒီလို ရွာမျိုးက ရနိုင်တဲ့ အရာ မဟုတ်တာ သေချာတယ်... ငါ ဘယ်လိုလုပ် ဒီလောက်အထိ ပေါ့ဆမိသွားရတာလဲ"
ကူချူတုန်းက အလျင်အမြန်ပင် ပြောလိုက်သည်
"အကြီးအကဲ ချန်... ကိုယ့်ကိုကိုယ် အပြစ်မတင်ပါနဲ့တော့... အဲဒီအချိန်တုန်းက ကျွန်မတို့ လူအများကြီး ရှိနေတာတောင် ဘယ်သူမှ သတိမထားမိခဲ့ကြဘူးလေ"
"မဟုတ်ဘူး..."
ချန်ရှူးက ဒေါသတကြီး ပြောသည်
"အဲဒီဓားပြတွေကို လွတ်သွားတာ ငါ ခွင့်မပြုနိုင်ဘူး... အခုပဲ တောင်ပေါ်ကို ပြန်သွားပြီး သူတို့ကို ရှာမယ်... ဒီကိစ္စက ဒီမှာတင် မပြီးသွားဘူး... ငါ ဆန်းလန်ဓားဂိုဏ်း ကို ပြန်ရောက်တာနဲ့၊ ထွက်ပြေးသွားတဲ့ အဲဒီဓားပြတွေကို သတ်ဖို့ သေချာပေါက် လုပ်ရမယ်"
ထိုသို့ ပြောပြီးနောက်...
ချန်ရှူးသည် ဓားကို ဆုပ်ကိုင်ကာ တောင်ပေါ်သို့ အလျင်အမြန် ပြေးတက်ရန် ပြင်လိုက်လေသည်။
ကူမော့က ချန်ရှူးကို တားဆီးလိုက်ပြီး ပြောလိုက်သည်
"အကြီးအကဲ ချန်... အဲဒီလူတွေက ဓားပြတွေ ဆိုမှတော့ ဆန်းလန်ဓားဂိုဏ်း တံဆိပ်ကို သေချာပေါက် မှတ်မိကြမှာပါ... အခု တောင်ပေါ်ကို ပြန်သွားရင်လည်း သူတို့က မင်းကို စောင့်နေမှာ မဟုတ်တော့ပါဘူး... ထွက်ပြေးသွားကြပြီ ဖြစ်မှာပါ..."
ချန်ရှူး၏ မျက်နှာမှာ မှောင်မိုက်သွားပြီး ပြောလိုက်သည်
"သူတို့ကို ငါ သွားရှာရမယ်"
ကူမော့က ဖြည်းညင်းစွာ ပြန်ပြောလိုက်သည်
"ကျွန်တော့်ကိုပဲ လုပ်ခွင့်ပေးပါ..."
ထိုသို့ ပြောပြီးနောက် ကူမော့သည် သူ၏ လက်ကို အနည်းငယ် ဝှေ့ယမ်းလိုက်ရာ၊ ထိုက်ရွှီး ဓားသည် အလင်းတန်း တစ်ခုအဖြစ် ပြောင်းလဲသွားပြီး ပျံသန်းသွားကာ၊ မျက်စိတစ်မှိတ်အတွင်းမှာပင် ညအမှောင်ထုအတွင်း ပျောက်ကွယ်သွားတော့၏။
ထိုအခိုက်အတန့်တွင် တုန်းယန်တောင် ပေါ်၌၊ အစောပိုင်းက ဘုရားကျောင်းတွင် ဆုံတွေ့ခဲ့သော လူစုမှာ ကူမော့ ခန့်မှန်းခဲ့သကဲ့သို့ပင် ဘုရားကျောင်းပျက်အတွင်း၌ မရှိတော့ချေ။ ၎င်းတို့သည် လမ်းမကြီးများကို ရှောင်ရှားကာ သစ်တော၏ အနက်ပိုင်းအတွင်းသို့ ထွက်ပြေး သွားခဲ့ကြလေသည်။
ထိုလူစုသည် မိုးဒဏ်ကို အံတုလျက် အမှောင်ထုအတွင်း ပြေးလွှားနေကြ၏။
၎င်းတို့ ပြေးနေစဉ်မှာပင် အမျိုးသမီးမှာ မြေကြီးပေါ်သို့ ထိုင်ချလိုက်ပြီး သူမ၏ ပုခုံးပေါ်တွင် ထမ်းလာသော အထုတ်ကြီးကို ဘေးသို့ ပစ်ချလိုက်လေသည်။ သူမက
"ကျွန်မ ဆက်မပြေးနိုင်တော့ဘူး... ခဏလောက် အနားယူကြရအောင်”
သက်လတ်ပိုင်း အမျိုးသားသည် အထုတ်ကို အလျင်အမြန် ကောက်ယူကာ သူ၏ ပုခုံးပေါ်သို့ တင်လိုက်ပြီး ပြောလိုက်သည်
"နင် နားချင်ရင် နားနေခဲ့လေ... ငါတို့ကတော့ နင့်ကို စောင့်မှာ မဟုတ်ဘူး... ဘုရားကျောင်းထဲက လူတွေကို နင် မမှတ်မိဘူးလား... သူတို့က ဆန်းလန်ဓားဂိုဏ်း က လူတွေလေ... သူတို့ ရွာကို ရောက်တာနဲ့ ငါတို့ လိမ်ပြောခဲ့တာကို သေချာပေါက် သိသွားကြမှာ၊ အဲ့အခါ သေချာပေါက် ငါတို့ နောက်ကို လိုက်လာကြမှာပဲ... နင်ကတော့ ဒီမှာပဲ သေဖို့ စောင့်နေလိုက်တော့"
ထိုသို့ ပြောပြီးနောက် သက်လတ်ပိုင်း အမျိုးသားသည် ထွက်ပြေးသွားလေသည။၊ သန်မာသော လူငယ် နှစ်ဦးမှာလည်း စကားတစ်ခွန်းမျှ မဆိုဘဲ အနောက်မှ ကပ်လျက် လိုက်သွားကြ၏။
အမျိုးသမီးမှာ အကူအညီမဲ့စွာဖြင့် ချက်ချင်း ထရပ်လိုက်ပြီး လိုက်ပြေးရန် ပြင်လိုက်လေသည်။
ထိုအခိုက်အတန့်မှာပင်...
သူမသည် အလင်းတန်းလေး တစ်ခု သူမဆီသို့ တဟုန်ထိုး ပျံသန်းလာသည်ကို ရုတ်တရက် မြင်တွေ့လိုက်ရ၏။ သူမ မတုံ့ပြနိုင်ခင် အလင်းတန်းလေးမှာ သူမ၏ အနောက်ဘက်သို့ ရောက်ရှိသွားပြီ ဖြစ်သည်။
အမျိုးသမီး၏ ခန္ဓာကိုယ်မှာ အနည်းငယ် တုန်ခါသွားပြီးနောက် ငြိမ်သက်စွာ ရပ်နေတော့၏။
ထိုအခိုက်အတန့်တွင် သက်လတ်ပိုင်း အမျိုးသားသည် နောက်ပြန်လှည့်လာကာ အမျိုးသမီး၏ လက်ကို ဆွဲကိုင်လိုက်ပြီး ပြောလိုက်သည်
"လာပါ... နင် နားချင်ရင် တောင်အပြင် ရောက်မှ နားတော့... အဲ့ဒီလူတွေ သာ ငါတို့ နောက်ကို လိုက်လာရင် အကုန် သေရလိမ့်မယ်”
ထိုသို့ ပြောပြီးနောက် သက်လတ်ပိုင်း အမျိုးသားက အမျိုးသမီးကို ဆွဲလိုက်ရာ...
"ဘုန်း" ဟူသော အသံနှင့်အတူ အမျိုးသမီး၏ ဦးခေါင်းမှာ မြေကြီးပေါ်သို့ ပြုတ်ကျသွားပြီး၊ သက်လတ်ပိုင်း အမျိုးသား၏ ခြေရင်းတွင် ကျဆင်းသွားတော့၏။
ချက်ချင်းပင် အမျိုးသမီး၏ လည်ပင်းမှ သွေးများ ပန်းထွက်လာသော်လည်း၊ ခေါင်းမပါသော ရုပ်အလောင်းမှာမူ ထိုနေရာတွင်ပင် မလှုပ်မယှက် ရပ်နေဆဲ ဖြစ်လေသည်။
"အား……"
သက်လတ်ပိုင်း အမျိုးသားသည် ထိတ်လန့်တကြား အော်ဟစ်လိုက်ရာ၊ အခြား လူငယ် နှစ်ဦးမှာလည်း လန့်ဖျပ်သွားကြပြီး ပြေးလာကြလေသည်။
သုံးဦးစလုံး၏ မျက်နှာများတွင် ထိတ်လန့်မှုများ ပြည့်နှက်နေတော့၏။
ထိုအခိုက်အတန့်မှာပင်...
မိုးရွာနေသော ညအမှောင်ထုအတွင်း ကောင်းကင်မှ အလင်းတန်းလေး တစ်ခု ဆင်းသက်လာပြီး၊ စစ်မှန်သော ပုံစံကို ထုတ်ဖော်လိုက်လေသည်။၎င်းမှာ ဓားတစ်လက် ဖြစ်ပြီး ထိုက်ရွှီး ဓား ပင် ဖြစ်လေသည်။
ဤမြင်ကွင်းမှာ ထိုဓားပြ သုံးဦး၏ နားလည်နိုင်စွမ်းထက် ကျော်လွန်နေသည်မှာ သိသာလှပေသည်။
"လူစုခွဲပြီး ပြေးကြစမ်း"
ဓားပြခေါင်းဆောင်မှာ လျင်မြန်စွာ တုံ့ပြန်လိုက်ပြီး အော်ဟစ်ကာ ထွက်ပြေးရန် ပြင်လိုက်လေသည်။ ကျန်သော လူငယ် နှစ်ဦးမှာလည်း ချက်ချင်းပင် အရပ်မျက်နှာ အသီးသီးသို့ လူစုခွဲ ထွက်ပြေးကြတော့၏။
သို့သော်လည်း ...
ထိုက်ရွှီး ဓားမှ " ဓားစွမ်းအင် သုံးခုမှာ အရပ်မျက်နှာ သုံးဖက်သို့ ပစ်ထွက်သွားကာ၊ ဓားပြ သုံးဦး၏ ခန္ဓာကိုယ်များကို ဖောက်ထွင်းပြီး ၎င်းတို့၏ အတွင်းအင်္ဂါများကို အပိုင်းပိုင်းအစစ ဆွဲဖြဲပစ်လိုက်တော့၏။
ထို့နောက်...
ညကောင်းကင်ယံသို့ ပျံတက်သွားပြီး ပျောက်ကွယ်သွားတော့၏။