အခန်း ၂၃
Vol. 3 Ch. 23
23 01
အခန်း 23
ပထမဧကရာဇ် စောစီးစွာ နတ်ရွာစံပြီးနောက် မယ်တော်ကြီးသည် အာဏာရ မှူးမတ် ချီယို့သောင်း လူဆိုးနှင့် တိတ်တိတ်ပုန်း ဖောက်ပြန်ခဲ့သည်။
ချီယို့သောင်းသည် ဧကရာဇ်ငယ်လေးကို ရိုက်နှက်နှိပ်စက်သော်လည်း မယ်တော်ကြီးသည် မသိကျိုးကျွန် ပြုခဲ့သည်။ တစ်ခါတစ်ရံ ချီယို့သောင်းကို ဧကရာဇ်ကို နန်းချရန်၊ နန်းတော်ဆောင်မှ စွန့်ပစ်ခံထားရသော အိမ်ရှေ့မင်းကို ခေါ်ယူပြီး အစားထိုးရန် တောင်းဆိုခဲ့ဖူးသည်။
ဆန့်ကျင်ဘက်အားဖြင့် ချီယို့သောင်းသည် စွန့်ပစ်ခံ အိမ်ရှေ့မင်းသည် အရွယ်ရောက်ပြီး ဖြစ်သဖြင့် စိုးရိမ်သောကြောင့် အကြိမ်ကြိမ် ငြင်းဆန်ခဲ့သည်။
နောက်ပိုင်းတွင် သူမနှင့် ဧကရာဇ်သည် အစီအစဉ်များစွာ ဆွဲကာ ချီယို့သောင်း တစ်မျိုးလုံးကို သုတ်သင်ရှင်းလင်းပြီးနောက် အရှင်မင်းကြီးသည် ကိုယ်တိုင် နန်းစိုးအုပ်ခဲ့သည်။
နန်းစိုးအုပ်ပြီးနောက် မယ်တော်ကြီးနန်းသို့ ပထမဆုံး ခြေချစဉ် ဒူးထောက်ပြီး မယ်တော် ဟု ခေါ်ကာ ဂါရဝပြုလိုက်ချိန်တွင်...
မျက်နှာချင်းဆိုင်မှ တံလျှပ်ဆေးအိုး တစ်လုံး ပစ်ချခံရပြီး ဧကရာဇ်၏ နဖူးကို ထိမှန်ကာ သွေးများ စိမ့်ထွက်လာခဲ့သည်။
မယ်တော်ကြီးသည် ဆံပင်များ ဖရိုဖရဲဖြင့် ရူးသွပ်သူကဲ့သို့ သူ့သားအရင်းကို ဆဲဆိုနေခဲ့သည်။ “အစ်ကိုချီရဲ့ အသက်ကို ပြန်ပေး”
“ငရဲကို သွားဖို့ မင်းနဲ့ အလဲအလှယ် လုပ်မယ်”
ထိုစဉ်က သူမသည် ဘေးတွင် အမှုထမ်းနေပြီး မခံမရပ်နိုင် ဖြစ်ခဲ့ရသည်။ မယ်တော်ကြီး၏ ရူးသွပ်သော အပြုအမူများ မပြီးခင် အစောင့်အရှောက်တွေ… တိုက်ရိုက် အော်ဟစ်ကာ သွေးထွက်နေသော ယွမ်ဟော်ဧကရာဇ်ကို မယ်တော်ကြီးနန်းဆောင်မှ ခေါ်ထုတ်ခဲ့ရသည်။
ကံကောင်းစွာဖြင့် ဧကရာဇ်သည် ငယ်ရွယ်သေးသဖြင့် နဖူးပေါ်မှ ဒဏ်ရာသည် အမြန် ပျောက်ကင်းသွားပြီး အမာရွတ်ပင် မကျန်ခဲ့ပေ။
သူမသည် ထိုအချိန်က ပုဂ္ဂိုလ်ရေးအရ ဝမ်းသာခဲ့သေးသည်။
သို့သော် ယခုအခိုက်အတန့်တွင် မေဝမ့်ရှူးသည် ရုတ်တရက် တွေးမိသည်မှာ…
ခန္ဓာကိုယ်စနစ်တွင် ပြဿနာမရှိသော်လည်း မယ်တော်ကြီး၏ လှုံ့ဆော်မှုများကြောင့် အမျိုးသမီး အားလုံးကို မုန်းတီးကာ အမျိုးသမီးများနှင့် ရင်းနှီးမှုကို ငြင်းပယ်ခဲ့ခြင်း၊ အနီးကပ် မှူးမတ်များ၏ ဇနီးများကိုပင် ရွံရှာမုန်းတီးခြင်းတို့ ဖြစ်နေပါက...
ယခင်က ရှင်းပြ၍ မရသော မေးခွန်းအားလုံးကို ရှင်းပြနိုင်ပြီ ဖြစ်သည်။
23 02
ထိုသို့ တွေးမိသောအခါ သူမသည် ဖြည်းဖြည်းချင်း သက်ပြင်းချလိုက်သည်။
မျက်စိရှေ့တွင် အမြင်ကို ပိတ်ဆို့နေသော မြူခိုးများသည် နေထွက်လာသဖြင့် ပျောက်ကွယ်သွားပြီး အမှန်တရား ပေါ်လာသကဲ့သို့ ဖြစ်သည်။
ဒါမျိုးကိုး။ (ဧကရာဇ်က ကွေးနေတာဆိုပြီး သူမလေး သဘောပေါက်သွားရှာပါပြီ)
ဧကရာဇ် နန်းစိုးအုပ်ပြီးချိန်မှစ၍ အခမ်းအနားဌာန၏ အစီရင်ခံစာများ အကြိမ်ပေါင်းများစွာ တင်သွင်းခဲ့သော်လည်း ဧကရီလောင်းကိုပင် ရွေးချယ်ခြင်း မရှိသေးပေ။ ဖြစ်နိုင်သည်မှာ... ပြဿနာသည် မယ်တော်ကြီးနန်းမှ စတင်ခဲ့ခြင်း ဖြစ်နိုင်ပေသည်။
*** ***
လူကို လိုက်ပို့ပြီးနောက် မေဝမ့်ရှူးသည် အိပ်ယာပေါ်တွင် ဟိုလှည့်ဒီလှည့် လှဲနေသည်။
သမားတော်ရှင်နှင့် စကားပြောခြင်း၊ လီရှန်ချန်း၏ ကိစ္စများကြောင့် သူမ၏ စိတ်ထဲတွင် အတွေးများစွာ ဖြစ်ပေါ်လာကာ ညဉ့်သန်းခေါင်အထိ အိပ်မပျော်နိုင်ဖြစ်နေသည်။
သူမသည် ညသန်းခေါင်တွင် အင်္ကျီဝတ်ကာ ထရပ်၍ ခုတင်ဘေး စားပွဲပေါ်ရှိ ဖယောင်းတိုင်ကို ထွန်းညှိပြီး ဖိနပ်ကို ကပ်၍ သေတ္တာကို ဖွင့်ကာ ပစ္စည်းဟောင်းများကို ရှာဖွေသည်။
လေးလံသော စတုဂံပုံ ရွှေတုံး အမှတ်အသား တစ်ခုသည် သေတ္တာအောက်ခြေတွင် လေးလံစွာ ဖိထားသည်။
ထိုအရာသည် ယွမ်ဟော်ဧကရာဇ် အသက်တစ်ဆယ့်သုံးနှစ်အရွယ်က သူမအား လက်ဆောင်ပေးခဲ့သော ကိုးကြိမ်တိုင် သေဒဏ်မှ ကင်းလွတ်ခွင့် ရွှေတံဆိပ် ဖြစ်သည်။
အလေးချိန် နှစ်ပေါင်ရှိသော ရွှေတံဆိပ်သည် တန်ဖိုးကြီးသော်လည်း နန်းတော်ထဲတွင် ထူးခြားသော အရာမဟုတ်ပေ။ ထူးခြားသည်မှာ ရွှေတံဆိပ်ပေါ်ရှိ ထွင်းထုထားသော စာလုံးပုံစံဖြစ်ပြီး ဧကရာဇ် ကိုယ်တိုင် တစ်ဝက်လောက် ပွတ်တိုက်ပြီး ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
ယွမ်ဟော်ဧကရာဇ် အသက်တစ်ဆယ့်သုံးနှစ်အရွယ် ဆောင်းရာသီတစ်ရက်တွင် မေဝမ့်ရှူးသည် ရောဂါပြင်းထန်စွာ ခံစားရပြီး အသက်အန္တရာယ်နှင့် နီးပါး ကြုံခဲ့ရသည်။
ထိုနေ့တွင် ဧကရာဇ်ငယ်သည် အာဏာရ မှူးမတ်ချုပ် ချီယို့သောင်းကို မည်သည့် ကိစ္စကြောင့် စိတ်ဆိုးစေခဲ့သည် မသိပေ။
လူအများရှေ့တွင် ရံဖန်ရံခါ စကားဖြင့် ထိပ်တိုက်ရင်ဆိုင်မှုများ ဖြစ်ပွားခဲ့သည်။
တိကျသော အကြောင်းအရင်းကို မေဝမ့်ရှူး မမှတ်မိတော့သော်လည်း ချီယို့သောင်း၏ ဖြူဖျော့သော မျက်နှာနှင့် ဧကရာဇ်၏ ခြေထောက်ဘေးတွင် ရိုက်ခွဲချလိုက်သော လက်ဖက်ရည်ခွက်ကိုသာ မှတ်မိနေသည်။
တစ်ဆယ့်သုံးနှစ်သား ဧကရာဇ်ငယ်သည် တစ်နှစ်၊ နှစ်နှစ်အစောပိုင်းကလို ကြောက်ရွံ့ခြင်း မရှိတော့ဘဲ ချီယို့သောင်း၏ ကြိမ်းမောင်းသော မေးခွန်းများကြားတွင် ရာဇပလ္လင်ပေါ်တွင် ဆက်လက်ထိုင်နေကာ တိတ်ဆိတ်စွာ ပြုံးရယ်နေပြီး ခေါင်းမငုံ့ခဲ့ပေ။
23 03
စကားနားမထောင်သော ဧကရာဇ်ငယ်ကို အပြစ်ပေးသည့်အနေဖြင့် ဧကရာဇ်ရှေ့တွင် အမှုထမ်းနေသော မေဝမ့်ရှူးကို ဆွဲထုတ်ခဲ့သည်။
ပါးလွှာသော အဝတ်အစားတစ်စုံဖြင့် နှင်းဖုံးနေသော နန်းတော်နံရံအောက်တွင် ညနေမှ ညသန်းခေါင်အထိ ရပ်နေခဲ့ရသဖြင့် ရေခဲတုံးတစ်တုံးလို ဖြစ်ခဲ့ရပြီး မျက်တောင်များတွင်ပင် ဆီးနှင်းများ ခဲနေခဲ့သည်။
ရှင်ယီနင်သည် ထိုစဉ်က နန်းတော်တွင် တာဝန် စတင် ထမ်းဆောင်ခါစ သမားတော်ငယ်လေး ဖြစ်ပြီး နန်းတွင်းသမားတော်ဟု ခေါ်ဆိုခွင့် မရှိသေးပေ။
လီကုန်းကုန်းက စကားဖြင့် ချော့မော့ကာ ညဘက် အလျင်အမြန် လာရောက် ကုသပေးသည့်အခါတွင် မေဝမ့်ရှူးသည် ဧကရာဇ်ငယ်လေး၏ ရင်ခွင်ထဲတွင် တိတ်ဆိတ်စွာ ငိုကြွေးနေခဲ့သည်။
ထိုအချိန်က သူမ၏ အသိစိတ်မှာ မှုန်ဝါးနေသော်လည်း တစ်ဆယ့်သုံးနှစ်သား ဧကရာဇ်ငယ်သည် သူမကို တင်းကျပ်စွာ ပွေ့ဖက်ထားပြီး သူ့မေးစေ့ကို သူမ၏ ပခုံးပေါ်တင်ကာ တိတ်တဆိတ် မျက်ရည်ကျနေခဲ့ပုံ၊ ပူနွေးသော မျက်ရည်များသည် သူမ၏ လည်ပင်းပေါ်သို့ တစ်စက်ပြီးတစ်စက် ကျဆင်းခဲ့ပုံကိုသာ မှတ်မိနေသည်။
မှိန်သော မီးရောင်အောက်တွင် မေဝမ့်ရှူးသည် လက်ဝါးပေါ်၌ နှစ်ပေါင်အလေးချိန်ရှိသော ရွှေတုံးရှည်ကို တင်ထားပြီး အပေါ်တွင် ရေးထိုးထားသော ကိုးကြိမ်တိုင် သေဒဏ်မှ ကင်းလွတ်ခွင့် ဟူသော ရေးထွင်းစာလုံးကြီး လေးလုံးကို ပွတ်သပ်ကာ ပြုံးလိုက်သည်။
ထိုနှစ်က အသက်တစ်ဆယ့်သုံးနှစ်သာ ရှိသေးသော ဧကရာဇ်သည် သေဒဏ်မှ ကင်းလွတ်ခွင့် ရွှေတံဆိပ် စာလွှာသည် သံဖြင့်သာ ပြုလုပ်ထားကြောင်း မသိခဲ့ပေ။
ထို့ကြောင့် ဤနှစ်ပေါင်လေးသော ရွှေတံဆိပ်ကို ပေးအပ်ခဲ့ခြင်း ဖြစ်သည်။
မေဝမ့်ရှူးသည် မီးအောက်တွင် လေးလံသော သေဒဏ်မှ ကင်းလွတ်ခွင့် ရွှေတံဆိပ်ကို အချိန်အတော်ကြာ စူးစိုက်ကြည့်နေခဲ့သည်။
ဧကရာဇ်၏ စိတ်နှလုံးသည်လည်း တစ်ချိန်က ရွှေစင်ကဲ့သို့ ရိုးသားဖြူစင်ခဲ့ဖူးသည်။
သို့သော် ထိုစဉ်က တစ်ဆယ့်သုံးနှစ်သား ဧကရာဇ်ငယ်သည်... အရွယ်ရောက်လာခဲ့ပြီ။
***
နောက်တစ်နေ့တွင် မေဝမ့်ရှူးသည် ခွင့်ပယ်ဖျက်ပြီး ရုံးတော်တက်ခဲ့သည်။ မျက်လုံးအောက်တွင် ညိုမဲသော အရိပ်များဖြင့် ရွှေနန်းတော်တွင် ငေးမောနေသည်။
ဧကရာဇ်ရှေ့ရှိ ပလ္လင်မြင့်မှ ခရမ်းရောင် မီးခိုးငွေ့များကို စိုက်ကြည့်ရင်း မြို့တော်မှ မပြန်ခင် ဧကရာဇ်၏ အမျိုးသမီးများအပေါ် စိတ်ပိုင်းဆိုင်ရာ ပြဿနာကို မည်သို့ ဖြေရှင်းရမည်။ ကံကြမ္မာကို မည်သို့ ပြောင်းလဲရမည်ကိုသာ စဉ်းစားနေသည်။
ဤသည်မှာ သူမ မြို့တော်တွင် ဧကရာဇ်နှင့်အတူ ဆယ်နှစ်ကြာ အမှုထမ်းခဲ့ပြီးနောက် နှုတ်ဆက်ခြင်းပင် ဖြစ်သည်။
စာရေးသူ၏ မှတ်စု:
မေဝမ့်ရှူး (တွေးတောရင်း): အရှင်မင်းကြီးက အမျိုးသမီးတွေကို မနှစ်သက်ဘူး။
ယွမ်ဟော်ဧကရာဇ် (ဝမ်းနည်းရင်း): ငါ မင်းရဲ့ ဇနီးကိုသာ မနှစ်သက်တာ။
လီရှန်ချန်း ကုန်းကုန်းကို အခန်း (၉) တွင် စကားပြောရင်း ဖော်ပြခဲ့သည်။ မေဝမ့်ရှူး မြို့တော်သို့ ပြန်ရောက်သည့် ပထမဆုံးနေ့တွင် ဧကရာဇ်ရှေ့၌ တစ်ဦး လျော့နေသည်ကို တွေ့ခဲ့ရသည့် အကြောင်းအရာ ဖြစ်သည်။