← Chapters

အခန်း ၃၅

Vol. 4 Ch. 35

အခန်း ၃၅

Vol. 4 Ch. 35

35 01

အခန်း 35

လော့ရှင်းယွမ်သည် နားစွင့်နေရင်း လက်ထဲတွင် စာမျက်နှာတစ်ရွက် လှန်ကာ နှုတ်ခမ်းတွင် အလွန် ပေါ့ပါးသော အပြုံးတစ်ခု ပေါ်လာသည်။

ယွမ်ပေါင်သည် တစ်ဖန် အသံတိတ် ဝင်လာပြီး အတွင်းခန်းမှ ဗန်းကို သိမ်းကာ အပြင်သို့ ဆုတ်သည်။ ဧကရာဇ်အား ဗန်းပေါ်ရှိ ခွက်အလွတ်ကို ပြသည်။

“ဧကရာဇ်မင်းကို လျှောက်တင်ပါတယ်၊ ဒီည ဆေးပြုတ်ရည်ကို မေပညာရှိအမတ် အကုန် သောက်ခဲ့ပါတယ်”

လော့ရှင်းယွမ်သည် တစ်ချက်ကြည့်ပြီး ခေါင်းညိတ်သည်။

“မီးတစ်ဝက်ကို ပိတ်လိုက်။ ဆင်းသွားတော့” သူသည် အမိန့်ပေးသည်။

ယွမ်ပေါင်သည် အမိန့်အတိုင်း မီးခွက်တစ်ဝက်ကို ပိတ်လိုက်သော်လည်း မဆုတ်ခွာသေးဘဲ ဧကရာဇ်ရှေ့တွင် တစ်ဖန် ဒူးထောက်သည်။

“ဧကရာဇ်မင်း” ယွမ်ပေါင်သည် ခပ်ဖွဖွ တိုးတိုးလေး လျှောက်တင်သည်။ “မေပညာရှိအမတ်ရဲ့ အိပ်စက်မှုက ပေါ့ပါတယ်။ မနေ့ညက တစ်ယောက်တည်း အိပ်တော့ ညလေသံကြောင့် သုံးကြိမ်၊ ခြံဝန်းထဲက ရေစီးသံကြောင့် နှစ်ကြိမ် လန့်နိုးခဲ့ပါတယ်။ ကျွန်တော်မျိုး သတ္တိရှိစွာဖြင့် မေပညာရှိအမတ် အိပ်တဲ့ ကုတင်ခေါင်းမှာ အမွှေးနံ့သာကို ချထားလိုက်ပါတယ်”

လော့ရှင်းယွမ်သည် စာအုပ် လှန်နေသော လက်ကို ရပ်လိုက်သည်။

သူသည် ခေါင်းမော့သည်။

“ဘယ်လို အမွှေးနံ့သာလဲ”

ယွမ်ပေါင်သည် ခြေထောက်သုံးချောင်းပါ ကြေးနံ့သာခွက်ကို လက်နှစ်ဖက်ဖြင့် မြှောက်ကိုင်ပြီး ဧကရာဇ်ရှေ့တွင် ဖွင့်ကာ အတွင်းမှ နံ့သာပြာကို မွှေသည်။

“လူကို နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေတဲ့ အမွှေးနံ့ပါ။ မေပညာရှိအမတ် တစ်ညလုံး ကောင်းကောင်း အိပ်ပျော်ပြီး မနက်ဖြန် ထတဲ့အခါ ဒီည ကောင်းကောင်း အိပ်ပျော်ခဲ့တာကိုပဲ မှတ်မိပြီး တခြား ဘာမှ မှတ်မိတော့မှာ မဟုတ်ပါဘူး။ ဒီနံ့သာကို အိပ်မက်ချိုနံ့သာလို့ ခေါ်ပါတယ်”

လော့ရှင်းယွမ်သည် လက်ထဲမှ စာအုပ်ကို စားပွဲပေါ် ချလိုက်သည်။

အမြင့်မှ အောက်သို့၊ ရှေ့မှ အပြာရောင် ဝတ်စုံဝတ် မိန်းမစိုးကို ပထမဆုံးအကြိမ် မျက်နှာချင်းဆိုင် စိုက်ကြည့်သည်။ “မင်း သတ္တိ အရမ်း ကောင်းတာပဲ”

ယွမ်ပေါင်၏ အသက်ရှူသံသည် စိတ်လှုပ်ရှားမှုကြောင့် မြန်လာပြီး ဒူးဖြင့် နှစ်လှမ်း ရှေ့တိုးသည်။

“ကျွန်တော်မျိုးရဲ့ မျက်လုံးထဲမှာ ဧကရာဇ်မင်း တစ်ပါးတည်းသာ ရှိပါတယ်။ ကျွန်တော်မျိုးရဲ့ သစ္စာစောင့်သိမှု အပြည့်အဝဟာ ဧကရာဇ်မင်း တစ်ပါးတည်းအတွက်သာ ဖြစ်ပါတယ်”

မှောင်မိုက်သော မီးရောင်အောက်တွင် ယွမ်ပေါင်သည် ခေါင်းမော့လာသည်။ မျက်လုံးထဲတွင် ရည်မှန်းချက် ကြီးမားသော ထူးခြား တောက်ပသည့် အလင်းရောင် လက်နေသည်။

35 02

“ဧကရာဇ်မင်းရဲ့ အလိုဆန္ဒဟာ ကျွန်တော်မျိုးရဲ့ အလိုဆန္ဒပဲ ဖြစ်ပါတယ်။ ဧကရာဇ်မင်းဟာ အမြင့်ဆုံး ဧကရာဇ်ပါ။ ကောင်းကင်ပေါ်က ကြယ်တွေကိုတောင် လိုချင်ရင် ကျွန်တော်မျိုး ခူးယူပေးပါ့မယ်။ ဧကရာဇ်မင်း လိုချင်တဲ့ လူကိုဆိုရင် ပိုပြီးတောင် ပြောစရာ မလိုပါဘူး”

ယွမ်ပေါင်သည် နံ့သာခွက်ကို ကိုင်ထားသည်။ လေသံသည် နူးညံ့ပြီး သွေးဆောင်မှု ရှိကာ ပျားရည်နီးပါး ချိုမြိန်လှသည်။

“ဧကရာဇ်မင်း လိုချင်တဲ့ လူက ကန့်လန့်ကာထဲမှာ ရှိနေပါပြီ။ အားလုံး အဆင်သင့် ဖြစ်နေပြီ... လာရောက် နှစ်သက်ဖို့ စောင့်ဆိုင်းနေပါတယ်”

လော့ရှင်းယွမ်သည် ခပ်ဖွဖွ ရယ်မောလိုက်ပြီး စာကြည့်စားပွဲနောက်မှ ထရပ်သည်။ “ယွမ်ပေါင်၊ မင်း တကယ်ပဲ လိမ္မာတာပဲ”

ယွမ်ပေါင်သည် ခေါင်းကို အားပါးတရ တိုက်ချသည်။ “ကျွန်တော်မျိုး သစ္စာရှိတယ်”

“သစ္စာရှိတယ်” လော့ရှင်းယွမ်သည် ထပ်ပြောပြီး လက်နောက်ပစ်၍ လေးငါးလှမ်း လျှောက်သွားကာ စားပွဲကို ပတ်သည်။ နေ၊ လ၊ ကြယ် ရုပ်ပုံများ ထိုးထားသော နဂါးဝတ်ရုံ၏ အောက်နားစသည် ယွမ်ပေါင်၏ အကြည့်ထဲတွင် ပေါ်လာသည်။

“ကောင်းကင်ပေါ်က ကြယ်တွေကိုတောင် လိုချင်ရင် ကျန်းအတွက် ခူးယူပေးနိုင်တယ်။ တကယ့်ကို သစ္စာစောင့်သိတဲ့ ကျွန်ပဲ”

ယွမ်ပေါင်သည် စိတ်လှုပ်ရှားမှုဖြင့် တုန်ရီနေစဉ် လော့ရှင်းယွမ်၏ ခြေလှမ်း ရပ်သွားသည်။ ကိုယ်ကိုင်းပြီး နားနား ကပ်၍ တိုးတိုးလေး ပြောသည်။

“ကျန်းအပေါ် အပြည့်အဝ သစ္စာရှိတာကို ဘယ်လိုဖြစ်ပြီး ကျန်းရဲ့ မှာကြားချက်ကို မမှတ်မိရတာလဲ။ မနေ့ညက အနောက်ဘက် နန်းဆောင်မှာ ကျန်း မင်းကို သတိပေးခဲ့တယ် ကိုယ်လုပ်တာ မှန်တယ်လို့ မယူဆမိပါနဲ့၊ ကိုယ်တိုင် ဥာဏ်မကြီးပါနဲ့”

“လာကြစမ်း” လော့ရှင်းယွမ်သည် နှစ်လှမ်းခန့် လျှောက်သွားပြီး ပေါ့ပေါ့ပါးပါး အမိန့်ပေးသည်။ “ဒီကျွန်ကို ဆွဲထုတ်ပြီး ရိုက်သတ်လိုက်”

အရှေ့ဘက် တုံနွမ်နန်းဆောင်၏ တံခါးသည် အပြင်မှ ပွင့်လာသည်။ ကျိုးရွှမ်ယွိသည် လေအေးကြားတွင် ဓားကိုင်လျက် ဝင်လာပြီး ဒူးထောက်၍ ဂါရဝပြုသည်။

“အမိန့်တော်ကို နာခံပါတယ်”

သူသည် မျက်နှာကို လှည့်၍ ယွမ်ပေါင်အား ပြုံးပြသည်။ ဖြူဖွေးသော ကျားသွားငယ်များ ပေါ်လာသည်။ “တောင်းပန်ပါတယ် ယွမ်ပေါင်ကုန်းကုန်း”

“ဧကရာဇ်မင်း... ဧကရာဇ်မင်း” ယွမ်ပေါင်၏ မျက်နှာသည် စက္ကူကဲ့သို့ ဖြူဖပ်သွားပြီး မြေပြင်ပေါ်တွင် လဲကျနေသည်။ နံ့သာပြာများ မြေပြင်ပေါ် ပြန့်ကျဲသွားသည်။ ထိတ်လန့်ပြီး မျှော်လင့်ချက် ကင်းမဲ့စွာ အော်ဟစ်သည်။ “ကျွန်တော်မျိုး သစ္စာရှိပါတယ် သစ္စာရှိပါတယ်”

ကျိုးရွှမ်ယွိသည် ဧကရာဇ်၏ မျက်နှာအမူအရာကို ချောင်းမြောင်းကြည့်၍ အဝတ်စုတ် တစ်ထည်ကို ယူကာ ယွမ်ပေါင်၏ ပါးစပ်ကို ပိတ်လိုက်သည်။

အစောင့်အရှောက်လေးဦး ရောက်လာပြီး ပြင်းပြင်းထန်ထန် ရုန်းကန်နေသော ယွမ်ပေါင်ကို မယူသွားကြသည်။ အပြင်သို့ ထွက်သွားစဉ် တံခါးကို ပြန်ပိတ်ဖို့ မမေ့ခဲ့ပေ။

35 03

တိတ်ဆိတ်မှု ပြန်လည် ရရှိသွားသော အရှေ့ဘက် တုံနွမ်နန်းဆောင်ထဲတွင် ကျောက်မျက်များ ရိုက်ခတ်သော ကြည်လင်သော အသံတစ်သံ မြည်လာသည်။

လော့ရှင်းယွမ်သည် ပုလဲခန်းစီးကန့်လန့်ကာကို လှန်ကာ အတွင်းခန်းသို့ ဝင်လာသည်။

သလွန်ညောင်စောင်းသည် အနည်းငယ် နိမ့်ဆင်းသွားသည်။

လူငယ် ဧကရာဇ်သည် ကုတင်ဘေးတွင် ထိုင်လျက် နွေးထွေးသော ကန့်လန့်ကာကို ခြား၍ အတွင်းမှ မှုန်ဝါးသော ပုံရိပ်ကို ကြာမြင့်စွာ စိုက်ကြည့်နေပြီးနောက် ကန့်လန့်ကာကို လှစ်လိုက်သည်။

နွေးထွေးသော ကန့်လန့်ကာအတွင်းမှ လူသည် အိပ်မက်ချိုနံ့သာကို လွန်ကဲစွာ ရှူရှိုက်မိထားသဖြင့် အသိဉာဏ် ကင်းမဲ့စွာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသည်။

အဆစ်အမြစ်များ ထင်ရှားအားကောင်းသော အမျိုးသားလက်သည် အိပ်ပျော်နေသော လှပသော မျက်နှာကို ဖြည်းညှင်းစွာ သပ်တင်လိုက်သည်။ လက်ချောင်းထိပ်များဖြင့် ပုံပန်းသဏ္ဌာန်ကို ပုံဖော်ချင်သကဲ့သို့ ဖြူစင်သော နဖူးမှ လှပသော နှာတံ၊ နီမြန်း စိုစွတ်သော နှုတ်ခမ်းများဆီသို့...

နောက်ဆုံးတွင် ခေါင်းအုံးဘေးမှ ဆံခြည်မျှင် တစ်ချောင်းကိုသာ ကောက်ယူလိုက်သည်။

“မင်းလို ကောင်းမြတ်တဲ့ မှူးမတ်ဟာ ရုံးတော်ရဲ့ အမြင့်ဆုံးနေရာမှာ ရပ်တည်ပြီး တစ်သက်လုံး ကျန်းရဲ့ကျောထောက်နောက်ခံ ဖြစ်သင့်တယ်။ ကပ်မြှောင်ဆိုတဲ့ နာမည်ခံနဲ့ အမတ်ဆိုးအဖြစ် သမိုင်းဝင်ပြီး နောင်လာနောက်သားတွေရဲ့ ရှုတ်ချ တံတွေးထွေးခြင်းကို ခံရဖို့ ဘယ်လိုမှ ခွင့်ပြုနိုင်မှာ မဟုတ်ဘူး”

လူငယ် ဧကရာဇ်သည် ဖြည်းဖြည်းချင်း ကိုယ်ကိုင်းလိုက်သည်။

အသံသည် စိတ်အားထက်သန်ပြီး ထိန်းချုပ်ထားသော်လည်း အကြည့်သည် တည်ငြိမ်ပြီး ရူးသွပ်နေသည်။

သူသည် နံ့သာများ စွဲနေသော ဆံခြည်မျှင်ကို လက်ချောင်းထိပ်များတွင် တစ်ပတ်ပြီးတစ်ပတ် ရစ်ပတ်ကာ ညင်ညင်သာသာ ပွတ်သပ်နေသည်။

“ရွှယ်ချင့်၊ မင်းသာ ဒီဘဝမှာ ငါ့ကို မပစ်ပယ်ရင်... ငါလည်း မင်းကို မပစ်ပယ်ဘူး”

******

All Chapters