အခန်း ၃၆
Vol. 4 Ch. 36
36 01
အခန်း 36
မေဝမ့်ရှူးသည် ယခုကဲ့သို့ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ခဲ့သည်မှာ ကြာပြီဖြစ်သည်။
ထုံထိုင်းစွာ အိပ်ပျော်နေရင်း ယခင်ဘဝကို အိပ်မက်မက်ခဲ့သည်။
မေမျိုးနွယ်စု၏အိမ်တော် မူလတံခါးဝရှိ ဆိုင်းဘုတ်ကြီးကို ကြမ်းတမ်းစွာ လှန်ချလိုက်သည်။ ရေတွက်မရသော ခြေထောက်များက နင်းချေသွားကြသည်။ မေမျိုးနွယ်မှ အမျိုးသား အားလုံးကို ချက်ချင်း ဖမ်းချုပ်သည်။ ဆန့်ကျင်သူကို နေရာတွင်ပင် ခုတ်သတ်သည်။ အတွင်းဆောင်မှ အမျိုးသမီးများ၏ အော်ဟစ် ငိုယိုသံသည် ကောင်းကင်နှင့် မြေကြီးကို ပြည့်နှက်သွားသည်။
မိခင်၏ မွေးရပ်မှ ပါလာသော အဖော် အဒေါ်ကြီး ဖြစ်သည့် ရှင်းမားမားသည် မူးမေ့လုမတတ် နောက်ဖေး အပျိုစင် အခန်းသို့ သူမကို ရှာဖွေလာသည်။
“မမလေး” (တာ့ရှောင်ကျဲပါ၊ အကြီးဆုံးမမလေးလို့ ခေါ်တာပါ) ရှင်းမားမားက အသက်ရှူကျပ်စွာ သတင်းပေးသည်။ “သခင်ကြီးရဲ့ကိစ္စ ပေါ်ပြီ။ ဒီတစ်ခါ မေအိမ်တော်ဟာ ကံဆိုးမိုးမှောင်ကျပြီ။ သခင်က အရှေ့ဘက်ခြံမှာ အိမ်လာဝိုင်းတဲ့ စစ်သည်တွေနဲ့ ရင်ဆိုင်နေရတယ်။ မမလေးကို အမြန် သတင်းပေးဖို့ ကျွန်မကို တောင်းဆိုတယ်။ မြန်မြန်၊ ဘေးတံခါးကနေ အမြန် ထွက်ပြေး”
မေဝမ့်ရှူးသည် ပြတင်းပေါက်ရှေ့တွင် ထိုင်လျက် မလှုပ်လာပေ။
ဘာကို ထွက်ပြေးရမလဲ။ သူမသည် အိပ်မက်ထဲတွင်ပင် ထွက်မပြေးနိုင်သည်ကို မှုန်ဝါးစွာ မှတ်မိနေသည်။
ရက်စက်သော ဧကရာဇ်၏ လက်အောက်ခံ ရက်စက်သော အရာရှိအဖွဲ့သည် သခင်၏ စိတ်နေသဘောထားကို အတုယူ၍ လူ့စိတ်ကို ကစားရာတွင် ကျွမ်းကျင်သည်။ ထိုကဲ့သို့သော အရာရှိကြီးများ အိမ်ကို စီးနင်းပြီး ထောင်ကျရသည့် အမှုကြီးများကို ကြုံတွေ့ရသောအခါ စစ်သည်များကို အမြဲတမ်း ပထမဦးဆုံး စေလွှတ်၍ အိမ်တော်ကို အထပ်လိုက် အလွှာလိုက် ဝိုင်းရံစေသည်။ ပုရွက်ဆိတ်တစ်ကောင်တောင် ထိုးဖောက် မဝင်နိုင်အောင် ဝိုင်းရံပြီးမှ နောက်ဆုံးတွင် တံခါးကို ဖြိုခွဲဝင်ကာ မည်သူမျှ မပြေးနိုင်သော စိတ်ပျက်အားငယ်သည့် မျက်လုံးများကို မြင်ရသည်ကို နှစ်သက်ကြသည်။
သူမ၏ ဖခင်သည် ယခင်ဘဝတွင် အဆင့်ဆင့် တိုးမြှင့်ခံရပြီး ဘဏ္ဍာရေးဝန်ကြီးအဖြစ် ရာထူးရခဲ့သော်လည်း စစ်သည်များက ကျားသစ်ကဲ့သို့ ခုန်အုပ် ဖမ်းဆီးခဲ့ကြသည်။ ဆံပင်နှင့် မုတ်ဆိတ်များ ဖရိုဖရဲဖြင့် ဆက်တိုက် ရုန်းကန်ရင်း
“ဒါဟာ ငါ တစ်ယောက်တည်းရဲ့ အပြစ်ပဲ။ ဇနီးနဲ့ သမီးကိုတော့ ပြစ်မှုထဲ ဆွဲမထည့်ပါနဲ့”
36 02
တံခါးကို ဖြိုခွဲဝင်လာသော ရက်စက်သော အရာရှိ၏ ပုံပန်းသဏ္ဌာန်သည် အိပ်မက်ထဲတွင် မှုန်ဝါးနေပြီ။ သို့သော် ခေါင်းမော့၍ လျှောက်သွားသည့် ဟန်ပန်ကတော့ အလွန် ရှင်းလင်းသည်။
“မေအမတ် ဘာရူးတာတွေ ပြောနေတာလဲ။ ဒီမြို့တော်မှာ အရာရှိတစ်ယောက်ယောက် ပြစ်မှုကျူးလွန်ရင် အမျိုးသမီးတွေကို လွှတ်ပေးရမဲ့ သဘောရှိလို့လား။ ဒီနေ့ ကျုပ်တို့ လက်ထဲမှာ ဖမ်းဝရမ်း ရှိတယ်။ ကွပ်မျက်ဖို့ အမိန့်မဟုတ်ဘူး။ ဒါကကို မင်းရဲ့ မေမျိုးနွယ်အတွက် သုံးဘဝ ကံကောင်းတာပဲ” ရက်စက်သော အရာရှိသည် မေအိမ်တော်မှ အမျိုးသမီးများရှေ့တွင် ရပ်ကာ လက်ညှိုးထိုး၍ တစ်ယောက်ချင်းစီ စစ်ဆေးသည်။
“မင်းရဲ့ ဇနီးကတော့ ပြောင်းရွှေ့ခံရမဲ့ သဘော ရှိတယ်။ ဒီချောမောတဲ့ အစေခံလေးတွေကတော့ ရောင်းလို့ ဈေးကောင်း ရနိုင်တယ်။ ဟင်… မင်းရဲ့ သမီးလေးလည်း အိမ်မှာ ရှိနေတာပဲလား။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က မြို့တော်ကို ကျော်ကြားစေခဲ့တဲ့ ပါရမီရှင်လေး၊ နှမြောစရာ…”
လက်ကောက်ဝတ်ကို ကြိုးချည်ခံရပြီး ခေါ်ဆောင်သွားချိန်တွင် မေဝမ့်ရှူးသည် နောက်လှည့်၍ ပုံပန်းပျက်နေသော အိမ်တွင်း ခြံဝန်းကို ကြည့်လိုက်သည်။
ဖခင်သည် ရုန်းကန်ခြင်းကို လက်လျှော့လိုက်ပြီး မြေပြင်ပေါ် ထိုင်လျက် သူမအား ခေါ်ဆောင်သွားသည်ကို တွေတွေလေး ကြည့်နေသည်။
မိခင်သည် လက်ခုံဖြင့် မျက်နှာကို ဖုံးအုပ်ပြီး အသံတိတ် ငိုကြွေးနေသည်။
၎င်းသည် သူမ၏ ယခင်ဘဝတွင် မိဘနှစ်ပါးကို နောက်ဆုံး မြင်တွေ့ရခြင်းပင် ဖြစ်သည်။
ရင်ထဲမှ သည်းမခံနိုင်အောင် ရင်ခုန်ခြင်း တစ်မျိုး တုန်လှုပ်တက်လာရာ မေဝမ့်ရှူး၏ ပခုံးသည် တုန်ယင်သွားပြီး ယခင်ဘဝ၏ အိပ်မက်ဆိုးမှ ရုတ်တရက် လန့်နိုးလာသည်။
“ဖေဖေ၊ မေမေ” သူမသည် တိုးတိုးလေး ရေရွတ်သည်။
မျက်စိရှေ့မှ လှပပြီး တိတ်ဆိတ်သော မြင်ကွင်းသည် သူမအား အိပ်မက်ဆိုးမှ ဆွဲထုတ်လိုက်သည်။
သူမ ရှိနေသော နေရာသည် ယခင်ဘဝက မေအိမ်တော် မဟုတ်ဘဲ နန်းတော်အတွင်း ဧကရာဇ် အနားယူရာ အရှေ့ဘက် တုံနွမ်နန်းဆောင် ဖြစ်နေသည်။
သူမသည် မျက်လုံး မှိတ်လိုက်၊ ဖွင့်လိုက် လုပ်ကာ မှုန်ဝါးနေသော အငွေ့တစ်လွှာကို ဖယ်ရှားလိုက်သည်။ ရေနာရီကို ကြည့်လိုက်သောအခါ နံနက်ခုနစ်နာရီကျော်နေပြီ။ ပြတင်းပေါက် အပြင်ဘက်တွင် ကောင်းကင်သည် အလင်းရောင် ကောင်းစွာ ရနေပြီ။
တံခါးအပြင်ဘက်မှ အတွင်းတွင် ထလာသော အသံကို ကြားသောအခါ မေ၊ လန်၊ ကျု၊ ကျူး လေးဦးသည် တန်းစီ ဝင်လာကြပြီး မျက်နှာသစ်ရန် ပစ္စည်းအမျိုးမျိုးကို ယူဆောင်လာသည်။
36 03
ယနေ့ နံနက်ပိုင်းတွင် မည်သူမျှ ရယ်မောပြောဆိုရန် စိတ်ဝင်စားပုံ မပေါ်ပေ။ အကြီးတန်း နန်းတွင်းသူ လေးဦးသည် ခေါင်းငုံ့၍ တာဝန်ပြီးဆုံးသောအခါ တိတ်ဆိတ်စွာ ဆုတ်ခွာသွားကြသည်။
သူမအား ဆံပင် ဖြီးသင်ပေးရန် အထူးလာသော ကုန်းကုန်းမှာ မျက်နှာစိမ်း လူငယ်တစ်ဦး ဖြစ်သည်။ မျက်နှာမှာ နုနယ်ပြီး အစိတ်အပိုင်းများ မပြည့်စုံသေး။ ဆယ့်ငါး၊ ဆယ့်ခြောက်နှစ်ခန့်သာ ရှိပုံရသည်။
မေဝမ့်ရှူးသည် တိတ်ဆိတ်စွာ ထိုင်လျက် ကုန်းကုန်းအား ကျွမ်းကျင်စွာ ဆံပင် ဖြီးသင်ခွင့် ပေးသည်။ ထို့နောက် သူသည် ဆယ်ကြိမ်ခန့် ဝင်လိုက် ထွက်လိုက် လုပ်၍ သေးငယ်သော ကိစ္စများကို အလျင်စလို စီမံနေသည်ကို ကြည့်နေရင်း အိပ်မက်မှ စိတ်ပျက်သော ခံစားချက်များ တဖြည်းဖြည်း သက်သာလာပြီး နောက်ဆုံးတွင် မေးလိုက်သည်။
“အရှေ့ဘက် တုံနွမ်နန်းဆောင်ကို တာဝန်ခံသူ ပြောင်းသွားတာလား။ ယွမ်ပေါင်ကုန်းကုန်း ဒီနေ့ တာဝန် မရှိဘူးလား”
သူမသည် ပေါ့ပေါ့ပါးပါး မေးလိုက်သော်လည်း ကုန်းကုန်းလေးသည် ကြားသောအခါ မျက်နှာ ဖြူဖပ်သွားပြီး ဒူးထောက်ကာ ခေါင်းကို မြေပြင်သို့ တိုက်လိုက်သည်။ “ကျွန်တော်မျိုး... ယာယီ လာရောက် ကူညီရုံသက်သက်ပါ။ တာ… တာဝန်ခံ မလုပ်ရဲပါဘူး”
မေဝမ့်ရှူးသည် ရုတ်တရက် ဂါရဝပြုခြင်းကို ခံလိုက်ရသောအခါ အနည်းငယ် အံ့အားသင့်သွားပြီး သံသယဖြစ်စွာ ပြောသည်။ “သိပါပြီ။ ကုန်းကုန်း၊ မြန်မြန် ထပါ”
နန်းတော်တွင် သူမကို နှစ်ရက် ထားရှိရန် သတ်မှတ်ချိန်သည် ယနေ့ ကုန်ဆုံးပြီ။
နံနက်ပိုင်းတွင် ရှင်ယီနင် နောက်တစ်ကြိမ် လာရောက်၍ ခြေထောက်မှ ဒဏ်ရာများ မစိုးရိမ်ရကြောင်း အတည်ပြုပြီးနောက် အထပ်ထပ် လျှောက်တင်သည်။ ဧကရာဇ် ညီလာခံ မစခင် တိုင်းပြည်ရေးရာ ကိစ္စများ စတင် ဆွေးနွေးခြင်း မပြုမီ မျက်နှာချင်းဆိုင် ဝင်ရောက် ဖူးမြော်ကာ ကျေးဇူးတင်စကား ပြောပြီးနောက် နန်းတော်မှ ထွက်ခွာမည်။
မေဝမ့်ရှူးသည် တိုင်းပြည်ရေးရာခန်းမ ရှေ့သို့ ရောက်သောအခါ ချီကျန့်ဟန်သည် အင်အားရှိသော စစ်သည်ဆယ်ဦးခန့်နှင့်အတူ အထုပ်အပိုးများကို ကိုင်ဆောင်လျက် ငိုယိုနေသော ကုန်းကုန်းနှင့် နန်းတွင်းသူ ငါးခြောက်ဦးကို နန်းတော်လမ်းပေါ်တွင် ဆွဲခေါ်သွားသည်ကို မြင်လိုက်ရသည်။
သူမသည် ခြေလှမ်းကို ရပ်လိုက်ပြီး ဘေးသို့ အနည်းငယ် ရှောင်လိုက်သည်။ လူတစ်စု ဖြတ်သွားသည်ကို စောင့်ကြည့်နေသည်။
ချီကျန့်ဟန်သည် ခေါင်းမော့၍ သူမကို မြင်သောအခါ လက်များကို ယှဉ်၍ ဂါရဝပြုသည်။ “မေပညာရှိအမတ် နန်းတော်က ထွက်တော့မှာလား”
“ဟုတ်ပါတယ်၊ ကျေးဇူးတင်စကား ပြောဖို့ သွားမလို့” မေဝမ့်ရှူး၏ အကြည့်သည် ကြိုးချည်ခံထားရသော အကျဉ်းသားများနောက်သို့ လိုက်သွားသည်။ နန်းတွင်းသူနှင့် ကုန်းကုန်းများ သာမက အသားညိုပြာရောင် အရာရှိဝတ်စုံ ဝတ်ထားသော တော်ဝင် ဆေးဆရာနှစ်ဦးပင် ပါနေသည်။ “နန်းတော်မှာ ပြစ်မှု ထပ်ဖြစ်ပြန်ပြီလား”
36 04
“ကိစ္စသေးလေးပါ။ ဒါပေမဲ့ ရှုပ်ထွေးတယ်” ချီကျန့်ဟန်သည် သက်ပြင်းချသည်။ “ဧကရာဇ်က မနက်က နှုတ်မိန့်တော် ချတယ်၊ နန်းတော်ထဲက နံ့သာလုံးတစ်မျိုးရဲ့ အနံ့ကို အရမ်း မုန်းတယ်တဲ့။ ဒီနံ့သာက အတွင်းရေးဌာနရဲ့ ဝယ်ယူစာရင်းထဲမှာ မပါတာ သေချာတယ်။ ဒါပေမဲ့ ဘာကြောင့်မှန်းမသိ နန်းတော်မှာ အခုထိ သုံးနေဆဲပဲ။ မနေ့ညက ဧကရာဇ်ရှေ့မှာ မတော်တဆ သုံးမိတာ၊ ဧကရာဇ် အော့အန်လုနီးပါး ဖြစ်တယ်တဲ့။ ဒီနံ့သာလုံးကို မကြာသေးမီက သုံးခဲ့တဲ့ နန်းဆောင်အားလုံးကို စစ်ဆေးတယ်။ ဒီနံ့သာလုံးကို ဘယ်ကရတာလဲ၊ ဘယ်လောက် သုံးခဲ့လဲ၊ ဘယ်အချိန် ဘယ်နေ့မှာ ဘယ်နှစ်လုံး ခုံခဲ့လဲ။ ကျန်တာတွေကို အားလုံး ရှာဖွေပြီး စုပေါင်း ဖျက်ဆီးပစ်မယ်”
သူသည် လက်ညှိုးထိုးပြသည်။ “အင်း၊ အဲဒီ ကံဆိုးတဲ့ နန်းတွင်းသူနဲ့ ကုန်းကုန်းတွေက မကြာသေးမီက သူတို့ရဲ့ သခင်တွေအတွက် အိပ်မက်ချိုနံ့သာကို သုံးပေးခဲ့ကြလို့ တစ်ယောက်ချင်းစီကို ဖမ်းဆီးပြီး စစ်မေးဖို့ ခေါ်သွားရမယ်”
မေဝမ့်ရှူးသည် အံ့အားသင့်သွားသည်။ “မနေ့ညက ဧကရာဇ်မင်းက အရှေ့ဘက် တုံနွမ်နန်းဆောင်မှာ ရှိပါတယ်။ ကျွန်တော်မျိုးနဲ့အတူ ညစာစားပြီး ညဉ့်နက်တဲ့အထိ စကားပြောခဲ့တာ”
ချီကျန့်ဟန်သည်လည်း အတော်ပင် အံ့အားသင့်သွားပြီး အနီးသို့ တိုးလာကာ သူမ၏ ကိုယ်ပေါ်ရှိ နံ့သာနံ့ကို ရှူကြည့်သည်။
“ဟင်၊ ဒါ ဒီ အနံ့ပဲ။ ဒါဆို မနေ့ညက အရှေ့ဘက် တုံနွမ်နန်းဆောင်မှာ အိပ်မက်ချိုနံ့သာကို မှားယွင်းသုံးမိတာပဲ။ မင်းကိုယ်တိုင်လည်း ဒီချိုမြိန်တဲ့ နံ့သာနံ့ စွဲနေပြီ”
မေဝမ့်ရှူးသည် လက်ဖြင့် အင်္ကျီလက်ကို မွှေးကြည့်ပြီး သံသယမျက်နှာ ပေါ်လာသည်။
“အနံ့က ချိုမြိန်ပြီး မွှေးပျံ့တယ်။ မဆိုးပါဘူး။ ဒီအနံ့က... ဧကရာဇ်ကို အော့အန်လုနီးပါး ဖြစ်စေတယ်လို့လား”
ချီကျန့်ဟန်သည် စေတနာဖြင့် သတိပေးသည်။ “ဧကရာဇ်က နံ့သာကို မနှစ်သက်ဘူး။ မင်းနဲ့ ငါ ကောင်းတယ်လို့ ထင်တဲ့ အနံ့က ဧကရာဇ်ရဲ့ နှာခေါင်းထဲ ရောက်ရင် သည်းမခံနိုင်စရာ ဖြစ်သွားနိုင်တယ်။ မေပညာရှိအမတ်၊ မင်းရဲ့ အင်္ကျီမှာ ဒီချိုမြိန်တဲ့ နံ့သာနံ့ စွဲနေတယ်။ ခဏနေရင် ဖူးမြော်တဲ့အခါ ဝေးဝေးက ရပ်၊ ဧကရာဇ်ကို အနံ့မရမိစေနဲ့”
မေဝမ့်ရှူးသည် ခေါင်းညိတ်၍ လက်ခံသည်။
သို့သော် ခဏအကြာ ဖူးမြော်၍ ကျေးဇူးတင်စကား ပြောသောအခါ ပေါ့ပါးသော ချိုမြိန်သည့် နံ့သာ ရနံ့ကို ခံမိသွားသည်။
+++++