← Chapters

အခန်း ၃၉

Vol. 4 Ch. 39

အခန်း ၃၉

Vol. 4 Ch. 39

39 01

အခန်း 39

'ယွီချန်ရှီ'

မူရင်းအတိုင်း မွေးရပ်မြေတွင် နှစ်ဆယ့်ခုနစ်နှစ် ရှိပြီဖြစ်သော်လည်း သူမကို စောင့်နေဆဲ စေ့စပ်ထားသူ ဖြစ်သည်။ ယွီအိမ်တော်မှ ပဉ္စမမြောက် သခင်လေး။

မေဝမ့်ရှူး: “...” သူမ သတိရသွားသည်။

လွန်ခဲ့သော ရက်အနည်းငယ်က မွေးရပ်မြေမှ ဒေသထွက် ပစ္စည်းများကို ရထားအချို့ဖြင့် ပို့လာသည်။ ရထားနှင့်အတူ မွေးရပ်မြေမှ စာအများအပြားလည်း ပါလာသည်။

ယွီပဉ္စမသခင်လေး၏ စာသည်လည်း ညှပ်လျက် အတူတူ ပို့လာခဲ့သည်။

ထိုနေ့က သူမသည် ဖခင်အား စာရေး၍ မရှင်းမလင်းသော စေ့စပ်ပွဲကို ဖျက်သိမ်းရန် ရည်ရွယ်ခဲ့သည်။ သို့သော် မြို့တော်သို့ ပြန်လည် ရောက်ရှိလာပြီး အလုပ်များ ပမာဏ များပြားသောကြောင့် သူမ မေ့သွားခဲ့သည်။

မေဝမ့်ရှူးသည် စဉ်းစားရင်း ယွီပဉ္စမသခင်လေး၏ စာကို ယူကာ စားပွဲပေါ်ရှိ ဖယောင်းတိုင်မီးဆီသို့ ရွှေ့လိုက်ပြီး မီးရှို့ရန် ပြင်သည်။

ဘေးမှ စိုက်ကြည့်နေသော ယန်ရန်သည် အော်ဟစ်လိုက်ပြီး စာကို လုလိုက်သည်။

“မိုင်ပေါင်း ထောင်ချီပြီး ပို့လာတဲ့ စာကို ဘာလို့ ချက်ချင်း မီးရှို့တာလဲ။ ဖွင့်ပြီး တစ်ချက်လောက်တော့ ကြည့်ဦး”

မေဝမ့်ရှူးသည် မြင်လိုက်ရပြီး နားလည်သွားသည်။ “ဒီတုန်းက ဒီစာကို သီးသန့် ဖယ်ထားတယ်လို့ မှတ်မိတယ်။ ခုမှ မိဘတွေရဲ့ အိမ်က စာတွေကြား ဘယ်လို ပါလာလဲလို့ တွေးနေတာ၊ မင်း လက်ချက်ပဲ”

သူမသည် ယန်ရန်အား စာကို ပြန်ပေးရန် အချက်ပြသည်။ “ဒီစာကို ထားလို့ မရဘူး”

ယန်ရန်သည် စာကို ဖုံးထားပြီး မပေးပေ။ “တန်ဖိုးမဖြတ်နိုင်တဲ့ ရတနာကို ရှာရတာ လွယ်တယ်၊ ချစ်ခင်တဲ့ လူကို ရှာရတာ ခက်တယ်။ သခင် ဘာလို့ ဒီလောက် ရက်စက် ရတာလဲ။ သူ့ကို နောက်တစ်ကြိမ် အခွင့်အရေးပေးပါဦး”

မေဝမ့်ရှူးသည် ရယ်ရခက် ငိုရခက် ဖြစ်သည်။ “ရက်စက်တာ မရက်စက်တာ ကိစ္စ မဟုတ်ဘူး... ယွီအိမ်တော်ရဲ့ စာကို ထားလို့ မရဘူး။ ထားရင် သဘောရိုး မရှိတဲ့ သူက ယူသွားပြီး စစ်မေးရင် မေအိမ်တော် ရှင်းပြရ ခက်လိမ့်မယ်”

“ဒါဆို အရင် ဖြုတ်ပြီး ကြည့်၊ ကြည့်ပြီးမှ မီးရှို့…” ယန်ရန်က တောင်းပန်သံဖြင့် ပြောသည်။ “စာလုံးလှ မလှလေးပဲ ကြည့်ပါဦး”

“ယင်ချွမ် ယွီမျိုးနွယ်စုက ရာစုနှစ်ပေါင်းများစွာ စာပေ ကဗျာနဲ့ အမူအကျင့်ကောင်းတွေ မွေးမြူကျင့်သုံးလာတဲ့ မိသားစု၊ ယဉ်ကျေးတဲ့ ပညာတတ်လို မွေးမြူထားတဲ့ သခင်လေး ဆိုမှတော့ စာပေက ဘယ်လိုနေနေ လက်ရေးကတော့ ကောင်းမှာ သေချာတယ်” မေဝမ့်ရှူးသည် ပါးစပ်ဖြင့် ပြောနေရင်း စိတ်ထဲတွင် သိချင်စိတ် အနည်းငယ် ဖြစ်ပေါ်လာသည်။

သူမသည် စာကို ပြန်ယူကာ ယန်ရန်၏ စူးစမ်းသော အကြည့်အောက်တွင် စာအိတ်ကို ဖြုတ်လိုက်သည်။

39 02

နှစ်ပေါင်းများစွာ မတွေ့ရသောကြောင့် နောက်ထပ် ဘဝတစ်ခုပင် ပြန်လည် မွေးဖွားခဲ့ပြီ။ မွေးရပ်မြေတွင် ရှိသော ယွီပဉ္စမသခင်လေး၏ ရုပ်ရည်ကို မှတ်မိတော့ခြင်း မရှိပေ။

မျက်စိရှေ့မှ လက်ရေးသည်လည်း လုံးဝ စိမ်းနေသည်။

သို့သော် လက်ရေးကိုသာ ကြည့်ပါက တကယ်ကို ကောင်းသည်။ ကျယ်ပြန့်ပြီး တည်ကြည်သည်။ သံဖြင့် ရေးဆွဲထားသကဲ့သို့ ဖြစ်သည်။

မျက်နှာချင်းဆိုင် ပထမစာကြောင်းတွင် ‘သူမလေး စာကို မြင်ပါက ကိုယ်တိုင် တွေ့ရသကဲ့သို့’ ဟူ၍ ရေးထားသည်။ (ဒီမှာ သုံးထားတဲ့ သူမ ဆိုတာက သာမန် သူမ ဆိုတဲ့ စကားလုံး မဟုတ်ဘဲနဲ့ လှပကြော့ရှင်းတဲ့ မိန်းကလေးကို ခေါ်ဆိုတဲ့ နာမ်စားတစ်မျိုးပါ)

မေဝမ့်ရှူးသည် သူမလေး ဟူသော စာလုံးကို စိုက်ကြည့်လျက် ခဏတာ တွေနေသည်။

မျက်နှာချင်းဆိုင်မှ ယန်ရန်က စတင် မေးမြန်းသည်အထိ သူမ၏ အကြည့်သည် ရွှေ့မသွားပေ။

“စာလုံးကို ကြည့်၍ လူကို ခန့်မှန်းရမည်ဆိုလျှင် လက်ရေးက ကျယ်ပြန့်ပြီး ခိုင်မာမှုနဲ့ နူးညံ့မှု ရောယှက်နေတယ်။ အစကနေ အဆုံးထိ တင်းကြပ်ပြီး စည်းကမ်းပြည့်ဝနေတာ။ အလုပ်လုပ်တာ ဖြောင့်မတ်ကောင်းမွန် စည်းကမ်းပြည့်တဲ့ လူတော် လူကောင်းလေး ဖြစ်မှာပဲ”

ယန်ရန်သည် မေးကို ထောက်၍ နားထောင်နေရင်း စိတ်မချ ဖြစ်လာသည်။ “သခင်ဆီ ရေးတဲ့ စာမို့လို့ ရည်ရွယ်ချက်ရှိရှိ စည်းကမ်းရှိအောင် ရေးတာလည်း ဖြစ်နိုင်တာပဲ”

မေဝမ့်ရှူးသည် စဉ်းစားသည်။ “ဖြစ်နိုင်တယ်”

စာရွက်ကို ဖွင့်လိုက်ပြီး ဆက်လက် ဖတ်ရှုသည်။

သူမ ရုပ်ရည်ကို မေ့ထားသော ယွီပဉ္စမသခင်လေးသည် စာသားတွင် ငြိမ်းချမ်းပြီး ယဉ်ကျေးသော စကားလုံးများကို အသုံးပြုကာ စိတ်ဝင်စားစရာလည်း ဖြစ်သည်။

စာကြောင်း အနည်းငယ်သာ ရှိသော်လည်း ယခုနှစ် ပထမဆုံး တာဝန်ထမ်းဆောင်သည့် အောင်မြင်မှုနှင့် အခက်အခဲများကို ရေးပြထားသည်။ ခံစားချက်များ၊ မိမိကိုယ်ကို နောက်ပြောင်ခြင်းများ ပါသည်။

“ဒီနွေဦးမှာ တာဝန်ထမ်းဆောင်တယ်။ ပထမဆုံး ရုံးမှ လုပ်ဖော်ကိုင်ဖက်တွေနဲ့ တွေ့ဆုံတယ်။ အပေါ်ကို ဖား၊ အောက်က လူကို လှည့်ဖြားတယ်။ မျက်နှာပြောင်းလဲမှု မြန်တာကို ငါ မမီနိုင်ဘူး။ တစ်နှစ် အရာရှိ လုပ်တယ်။ လစာက နည်းတယ်။ အိမ်ပြန်ပြီး ဆီးသီးမုန့် ရောင်းတာကမှ ပိုကောင်းဦးမယ်”

ယွီပဉ္စမသခင်လေးသည် ယခုနှစ်တွင်မှ ဟယ်တုန်းလမ်း ဟယ်ကျိုးမှ လက်ထောက် စီရင်စုအဖြစ် ရာထူးအသစ် ရရှိသူ ဖြစ်သည်။ အရင်က အုပ်ချုပ်ရေးဌာနက အရာရှိအသစ်များ၏ စာရင်းတင်ပြသောအခါ သူ့နာမည်သည် ကြားထဲတွင် ပါဝင်နေခဲ့သဖြင့် သတိပြုမိခြင်း မရှိခဲ့ပေ။

မေဝမ့်ရှူးသည် စာတစ်ခုလုံးကို ဖတ်ပြီးနောက် စာကို မူရင်းအတိုင်း ခေါက်ကာ စာအိတ်ထဲသို့ ပြန်ထည့်သည်။

39 03

လက်ချောင်းထိပ်များဖြင့် ကြွေပန်းကန်ပေါ်တွင် စား၍ ကျန်သော ဆီးသီးမုန့်တစ်ဝက်ကို ကိုင်ထားပြီး တွေးတောနေသည်။

“မွေးရပ်မြေက ပို့လိုက်တဲ့ ဆီးသီး မုန့်ခြင်းထဲကဟာ ယွီပဉ္စမသခင်လေးရဲ့ ခြံက ထွက်တဲ့ ဆီးသီးတွေနဲ့ လုပ်ထားတာ။ မေအိမ်တော်ရဲ့ နွားလှည်းကို ပေးပြီး အတူတူ မြို့တော်ကို ပို့လိုက်တာ...”

သူမသည် တိုးတိုးလေး ရေရွတ်သည်။ “သူ စာထဲမှာ မပြောခဲ့ရင် အမေရဲ့ လက်ရာလို့ ထင်မိမတတ်ပဲ။ ခုနက စားတာ အရမ်း ချိုတယ်။ အမေရဲ့ လက်ရာက အရင်ထက် ပိုကောင်းလာတယ်လို့ တွေးနေမိတာ”

ယန်ရန်သည် ပါးစပ်ကို ပိတ်၍ ရယ်သည်။ “သူများရဲ့ စားစရာကို စားပြီးပြီ၊ သူများရဲ့ လက်ဆောင်ကို ယူပြီးပြီ။ သခင်ကတော့ စာကိုတောင် မဖွင့်ဘဲ မီးရှို့ဖို့ လုပ်တာပဲ”

မေဝမ့်ရှူးသည် မရယ်ဘဲ မနေနိုင်ဘဲ လှည့်ကာ ခဏတာ အသံတိတ် ရယ်သည်။

ယန်ရန်သည် အခွင့်အရေးယူ၍ ဆိုသည်။ “ဆီးသီးမုန့်ခြင်းရဲ့ မျက်နှာကြောင့်ပဲ စာပြန်လိုက်ပါဦး”

မေဝမ့်ရှူးသည် စဉ်းစားပြီးနောက် ခေါင်းခါသည်။ “အခု စာပြန်ဖို့ အချိန် မသင့်သေးဘူး။ မြို့တော်မှာ အဆင်ပြေသွားမှ စာပြန်လည်း နောက်မကျသေးပါဘူး”

စားပွဲပေါ်မှ ဖယောင်းတိုင်ကို ရွှေ့လာပြီး စာကို သေသေချာချာ မီးရှို့လိုက်သည်။

စာကို မီးရှို့နေစဉ် စိတ်သည် ခဏတာ လွင့်သွားသည်။

ဒီလောက် လှပပြီး ထက်မြက်သော လက်ရေးကို ရေးနိုင်သည့် စာပေမိသားစုမှ သခင်လေးသည် ဘယ်လို ပုံပန်းသဏ္ဌာန်မျိုး ဖြစ်မည်နည်း။

စာထဲမှ စကားလုံးများသည် ငြိမ်းချမ်းပုံကို ကြည့်ပါက စိတ်နေသဘောထားကလည်း နူးညံ့ပြီး သဘောထားကြီးသူ ဖြစ်နိုင်သည်။ သူများနဲ့ အငြင်းပွားခြင်းကို မနှစ်သက်နိုင်။ ရုံးတွင် အမြဲတမ်း ခိုးကြောင်ခိုးဝှက် တိုက်ခိုက် ခံရသော်လည်း စိတ်သည် ပွင့်လင်းသောကြောင့် ထိုကဲ့သို့သော မိမိကိုယ်ကို နောက်ပြောင်သည့် စကားလုံးများကို ရေးသားနိုင်ခြင်း ဖြစ်မည်။

ယန်ရန်နှင့်အတူ ဆီးသီးမုန့်နှင့် လိမ္မော်သီးများကို ခွဲဝေစားပြီးနောက် ပြတင်းပေါက် အပြင်ဘက်တွင် နေရောင်သည် မွန်းလွဲပိုင်းသို့ ရောက်နေပြီ။ တစ်ဝက်ရက် အနားယူခွင့်ရသဖြင့် ယန်ရန်သည် သူမကို အင်္ကျီကို မချွတ်ဘဲ စောင်ထဲ ဖိသွင်းကာ နေ့ခင်း တစ်နာရီခွဲခန့် အိပ်၍ အားပြန်ဖြည့်ရန် မှာသည်။

မေဝမ့်ရှူးသည် ခေါင်းပေါ်မှ ကန့်လန့်ကာကို စိုက်ကြည့်ရင်း ပြာဖြစ်သွားသော စာကို သတိရသည်။ စာ၏ အဆုံးတွင် လိမ္မာပါးနပ်စွာ ဂုဏ်တင်ထားသည့် ‘အိမ်မှ လျှို့ဝှက်ချက်ဖြင့် လုပ်ထားသော ဆီးသီးမုန့်’ ဟူသော စကားလုံးကို တွေးမိသည်။

မျက်လုံးတွင် အပြုံးအနည်းငယ် ပေါ်လာသည်။

နောက်တစ်ခဏတွင် စာထဲမှ စကားများကို သတိရပြန်သည်။ ‘သူမလေး မြို့တော်မှာ ရောဂါကြောင့် ဆယ်နှစ် နေရတယ်၊ ရောဂါအခြေအနေ ဘယ်လိုရှိလဲ၊ လူလွှတ်ပြီး သွားရောက် ကြည့်ရှုလို့ ရမလား’ ဟူ၍ နူးညံ့စွာ မေးမြန်းထားသည်။

ပေါ်လာသော အပြုံးသည် လျင်မြန်စွာ မှေးမှိန်သွားသည်။

39 04

“မင်းရဲ့ သူမလေးက မျောက်နှစ် မြင်းလမှ လူလောကကို ပြန်ပေါ်လာမလား မသိဘူး” သူမသည် စောင်ကို ပွေ့ဖက်လျက် လှည့်ကာ တိုးတိုးလေး ရေရွတ်သည်။ “ယွီအိမ်တော်က လူတွေ မြို့တော်ကို လာမရှာရင် အကောင်းဆုံးပဲ”

မဟုတ်လျှင် နောက်ထပ် ပြဿနာကြီးတစ်ခု ဖြစ်လာဦးမည်။

ကိစ္စသေးများ ဖြစ်သော်လည်း အရေးကြီးသော ကိစ္စများ မဟုတ်ပေ။

သို့သော် အလွှာလိုက် ပိုက်ကွန်များကဲ့သို့ တိတ်ဆိတ်စွာ သူမကို အလယ်တွင် ပတ်ထားပြီး အနည်းငယ် လှုပ်လိုက်သည်နှင့် အားလုံး လှုပ်ရှားသွားနိုင်သည်။

အစွမ်းကုန် ကြိုးစား၍ ချိန်ခွင်လျှာကို ထိန်းထားမှသာ ပိုက်ကွန်ထဲတွင် တည်ငြိမ်စွာ ထိုင်နိုင်မည်။

နေ့ခင်း ကောင်းကောင်း အိပ်ရန် အတွင်းခန်းမှ တံခါးနှင့် ပြတင်းပေါက်များကို တင်းကျပ်စွာ ပိတ်ထားပြီး ကန့်လန့်ကာကိုလည်း သေသေချာချာ ချထားသည်။ ကန့်လန့်ကာ၏ အက်ကွဲကြောင်းများမှသာ အလင်းရောင် အနည်းငယ် ဝင်လာသည်။

မေဝမ့်ရှူးသည် မှောင်မိုက်သော အလင်းရောင်အောက်တွင် မျက်လုံးဖွင့်၍ ကြည့်နေသည်။

ဖခင်၏ စာထဲတွင် ဖော်ပြထားသော တောင်စောင်းမှ ဇီးပန်းခြံ၊ ဧကတစ်ရာရှိသော သစ်သီးခြံ၊ နေ့တိုင်း ပေါ့ပေါ့ပါးပါး ဝိုင်သောက် ကဗျာရွတ်၊ အပိုလုပ်ငန်းအချို့ပါ လုပ်ကိုင်သည့် သူဌေးကြီး၏ ကျေးလက် ဘဝကို တွေးမိသည်။..

မကြာသေးမီ တစ်နှစ် နှစ်နှစ်အတွင်း မြို့တော်၏ မတည်မငြိမ် အခြေအနေသည် တဖြည်းဖြည်း တည်ငြိမ်လာပြီး ဧကရာဇ်၏ အာဏာသည်လည်း ခိုင်မာလာခဲ့ပြီ။

ရုံးတော်မှ ထွက်ခွာပြီး မွေးရပ်မြေသို့ ပြန်လည် ပုန်းအောင်းရန် စိတ်ကူးသည် မကြာခဏ စိတ်ထဲတွင် ပေါ်လာတတ်သည်။... ဖြစ်ကောင်းဖြစ်နိုင်သည်မှာ ကောင်းကောင်း စီစဉ်သင့်နေပြီ။

သူမသည် အင်္ကျီဝတ်၍ ကုတင်ပေါ်မှ ဆင်းကာ မိခင်အား ရေးနေဆဲ ပြန်စာကို ရှာပြီး စားပွဲပေါ်တွင် ဖြန့်လိုက်သည်။

ခဏတာ စဉ်းစားပြီးနောက် စုတ်တံကို ယူ၍ စာကြောင်းနှစ်ကြောင်း ထပ်ထည့်သည်။

[ယွီအိမ်တော်မှ ပဉ္စမအစ်ကို ချန်ရှီသည် မကြာသေးမီက စာဖြင့် မြို့တော်သို့ ပို့ခဲ့သည်။ ဆယ်နှစ်ကြာ မတွေ့ရ၊ စိတ်နေသဘောထားနှင့် ရုပ်ရည် မည်သို့ရှိသည်ကို မသိပါ။ အမေ အမှန်အတိုင်း ပြောပြပေးပါရန် တောင်းဆိုပါသည်]

ပြတင်းပေါက်အပြင်ဘက်မှ နေရောင်သည် ထူထပ်သော စက္ကူများကြားမှ စိမ့်ဝင်လာသည်။ ပြတင်းပေါက်ဘေးတွင် စုတ်တံကို ကိုင်ထားသူ၏ လှပပြီး တည်ငြိမ်သော မျက်နှာကို ထွန်းလင်းစေသည်။

မေဝမ့်ရှူးသည် စုတ်တံကို မရပ်ဘဲ မိခင်အား ပြန်စာကို တစ်ခါတည်း ရေးပြီးသည်။ ဝံပုလွေမွေး စုတ်တံကို ချ၍ ငွေဖလားဘေးသို့ လက်ဆေးရန် သွားသည်။

39 05

ခြေလှမ်းအနည်းငယ်သာ လှမ်းလိုက်ရသေးသည်။ ရင်းနှီးသော်လည်း စိမ်းနေသော အပူစီးကြောင်း တစ်ခုသည် ခန္ဓာကိုယ်ထဲမှ ရုတ်တရက် ထွက်ပေါ်လာသည်။

သူမသည် တုန်လှုပ်စွာ နေရာတွင် ရပ်သွားသည်။

အိမ်၏ သစ်သားတံခါးကို ဖြည်းညှင်းစွာ ဖွင့်လိုက်သည်။ ရေနွေးနွေးအိုး ပွေ့လာသော ယန်ရန်သည် ဝင်လာပြီး ခြေလှမ်းအနည်းငယ် လျှောက်ပြီးနောက် ရုတ်တရက် ရပ်လိုက်သည်။ လှပသော မျက်လုံးများသည် ပြူးလာပြီး တုန်လှုပ်စွာ ကြည့်လာသည်။

ပြတင်းပေါက်ဘေးနား ခုနက သခင်ကြီး ထိုင်ခဲ့သော ကုလားထိုင်၏ ကူရှင်ပေါ်တွင် သွေးနီရောင် စွန်းထင်းမှု အချို့ ပျံ့နှံ့နေသည်။

******

All Chapters