အခန်း ၄၅
Vol. 5 Ch. 45
45 01
အခန်း 45
သွေးမရှိသော နှုတ်ခမ်းများသည် ပွင့်ဟလာသည်။
“ဧကရာဇ်မင်း ခွင့်လွှတ်ပါ” “ကျွန်တော်မျိုး ဒီရက်ပိုင်း အိပ်ရာက လုံးဝ မထနိုင်ခဲ့တာ။ ဒီနေ့ မူးဝေနေရင်း မနက်အိပ်ယာက နိုးလာတယ်။ ပုံမှန်အားဖြင့် ခွင့်ယူထားပေမဲ့ နိုးတစ်ဝက် အိပ်မက်ထဲမှာ ဒီနေ့ဟာ လာဘပွဲတော်နေ့ ဖြစ်နေမှန်း ရုတ်တရက် သတိရလိုက်တယ်...”
နန်းဆောင်ထဲရှိ မြေအောက် အပူပေးစနစ်က နွေဦးကဲ့သို့ နွေးထွေးနေသည်။ ခြေထောက်များ ပျော့ခွေနေသည်။ သူမသည် လော့ရှင်းယွမ်နှင့် အတင်းအကျပ် ပြုံး၍ စကားပြောသည်။ “ပြီးခဲ့တဲ့နှစ် လာဘပွဲတော်တုန်းက ကျွန်တော်မျိုး ဆန်ပြုတ်ကို ယူလာပြီး ဧကရာဇ်မင်းနဲ့ ခွဲဝေစားသောက်ခဲ့တာ မှတ်မိပါသေးတယ်။ ဧကရာဇ်မင်းက နန်းတော်က ချက်တဲ့ ဆန်ပြုတ်က အမှုထမ်းတွေကို ပေးတာ၊ ကျွန်တော်မျိုး အိမ်က ချက်တဲ့ ဆန်ပြုတ်ကတော့ ဆက်သတာလို့ ပြောပြီး ပြုံးခဲ့တာ မှတ်မိပါတယ်။ နှစ်တိုင်း လာဘပွဲတော်မှာ ဒဏ်ရာရနေပါစေ၊ ဖျားနေပါစေ၊ အသက်ရှူနေသရွေ့တော့ ကျွန်တော်မျိုးရဲ့ ဆန်ပြုတ်ကို ယူလာရမယ်”
“ဒီနေ့က လာဘပွဲတော်နေ့ ဖြစ်နေတာ” မေဝမ့်ရှူးသည် ဆူးဟွေးကျုံးအား ခေါင်းအနည်းငယ် ညိတ်ပြပြီး နန်းတော်သို့ ယူလာသော ဆန်ပြုတ်ကို ခပ်ရန် အချက်ပြသည်။
“အိမ်မှာ အစဉ်အလာအတိုင်း ချက်ထားတဲ့ လာဘဆန်ပြုတ်ပါ။ နန်းတွင်း မီးဖိုချောင်ရဲ့ ချက်ပြုတ်ပုံ၊ ပစ္စည်းတွေနဲ့တော့ မယှဉ်နိုင်ပါဘူး။ ဒါပေမဲ့ စေတနာကို အားပြုထားပါတယ်။ ပါဝင်ပစ္စည်း ရှစ်မျိုးစလုံးကို ကျွန်တော်မျိုး လွန်ခဲ့တဲ့ ရက်အနည်းငယ်က တစ်စေ့ချင်းစီ ရွေးချယ်ခဲ့တာ။ အလုံးပြည့်ပြီး ကောင်းတဲ့ အစေ့တွေကိုပဲ ရွေးပြီး ချက်တာ။ ကျွန်တော်မျိုးက ဆန်ပြုတ် တစ်ပန်းကန်ပဲ ယူလာတာ။ အခုထိ ပူနေဦးမယ်။ ဧကရာဇ်မင်း ဗိုက်ဆာသေးတယ် ဆိုရင် နည်းနည်း မြည်းကြည့်ပါဦး”
လော့ရှင်းယွမ်သည် အတော်ကြာ တိတ်ဆိတ်နေပြီးမှ စကားစသည်။
“အဲ့ဒီတုန်းက ကျန်း ရယ်စရာ စကားလေး တစ်ခွန်း ပြောခဲ့တာပါ။ ရွှယ်ချင့် ဒီလောက်တောင် ဖျားနေရင် အိမ်မှာ အနားယူသင့်တယ်။ လမ်းလျှောက်တာတောင် မခိုင်မခန့် ဖြစ်နေတာ... မင်း ဘာလို့ နေမကောင်းတဲ့ ကြားက ဖူးမြော်ဖို့ လာရတာလဲ”
မေဝမ့်ရှူးသည် ကိုယ်ပေါ်မှ ဥဒေါင်းသားမွေးကုတ် အင်္ကျီကို ဆုပ်ကိုင်ထားပြီး နန်းဆောင်အပြင်ဘက် လေအေးမိခဲ့သည်ကို သတိရ၍ မနေနိုင်ဘဲ ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။
“ကျွန်တော်မျိုး မလာရင်…” သူမက တစ်ဝက် အမှန်၊ တစ်ဝက် အလိမ်ဖြင့် ပြောသည်။ “ဧကရာဇ်မင်းက ကျွန်တော်မျိုး တံခါးပိတ်ပြီး နေမကောင်းဘူး ပြောပေမဲ့ အိမ်မှာ ဇနီးသည်နဲ့ ဆန်ပြုတ်သောက်ပြီး ပွဲတော် ကျင်းပနေတယ်၊ ရယ်စရာ ပြုလုပ်နေတယ်လို့ ထင်ပြီး ကျွန်တော်မျိုးကို ဘယ်လိုများ ဒေါသထွက်နေမလဲ မသိဘူး”
45 02
အလင်းနောက်ခံဖြင့် ထိုင်နေသော ဧကရာဇ်သည် ပုံမှန်အတိုင်း တည်ငြိမ်နေပုံရသည်။ ခမ်းနားထည်ဝါသော နဂါးဝတ်ရုံ၏ အင်္ကျီလက်အောက်တွင် လက်သည်းများသည် လက်ဖဝါးထဲသို့ နက်ရှိုင်းစွာ စိုက်ဝင်နေပြီး ထပ်ခါ ထပ်ခါ ဖိထားသည်။
စကားလုံးများဖြင့် ပြန်မချေပနိုင်ပေ။
လော့ရှင်းယွမ်သည် အသံကို ထိန်းချုပ်ကာ မေးသည်။ “ဒီနေ့ ရှင်ယီနင် နန်းတော်ထဲမှာ တာဝန်ကျနေလား။ မေပညာရှိအမတ်ရဲ့ ခန္ဓာကိုယ်ကို သူကပဲ အမြဲ ဂရုစိုက်နေတာ။ လူတစ်ယောက်ကို သွားခိုင်းပြီး သူ့ကို ခေါ်လာခဲ့”
“ရှင်နန်းတွင်းသမားတော် ဒီနေ့ တာဝန်မကျပါဘူး။ နန်းတော်က ပေးတဲ့ လာဘဆန်ပြုတ်ကို ယူပြီး ထွက်သွားပါပြီ” ဆူးဟွေးကျုံး အလျင်အမြန် ပြင်ဆင်ပြီး ပြောသည်။ “ကျွန်တော်မျိုး အခုပဲ သူ့ကို လိုက်ခေါ်ပါ့မယ်”
မေဝမ့်ရှူးသည် သူ့ကို တားလိုက်သည်။
“ဒီလို ပွဲတော်ရက်မှာ သူ့ကို ဒုက္ခမပေးပါနဲ့တော့။ ဒီရက်ပိုင်း ရှင်နန်းတွင်းသမားတော်ရဲ့ ဆေးညွှန်းအသစ်ကို သောက်နေတာ။ အတော် သက်သာသွားပါပြီ။ မဟုတ်ရင် ကျွန်တော်မျိုးလည်း ဒီနေ့ အိပ်ရာက ထနိုင်မှာ မဟုတ်ဘူး”
သူမသည် စားပွဲနောက်ဘက်ရှိ ဧကရာဇ်ဘက်သို့ လှည့်ကြည့်သည်။ မျက်လုံးအကြည့်သည် နွေးထွေး၍ ပြုံးနေသည်။
“ကျွန်တော်မျိုး ဒီနေ့ နန်းတော်ကို လာတာ ဧကရာဇ်မင်းကို တွေ့ချင်ရုံ သက်သက်ပါ။ အရင်နှစ်တွေလိုပဲ အားလုံး စုပြီး ဆန်ပြုတ်တစ်ပန်းကန် သောက်ရင်း စကားစမြည် ပြောကြမှ ပွဲတော် ကျင်းပရကျိုး နပ်မှာပါ”
လော့ရှင်းယွမ်၏ မျက်နှာအမူအရာ လှုပ်ရှားသွားသည်။
ရုတ်တရက် အခြားဘက်သို့ လှည့်သွားသော နက်မှောင်သော မျက်လုံးများတွင် ပါးလွှာသော အလင်းရောင် တစ်ခု ပေါ်လာသည်။
မေဝမ့်ရှူးသည် ၎င်းကို မြင်လိုက်ရသည်။ မျက်ခွံကို တစ်ဝက် မှေးစင်း၍ အတွေးနက်နေသည်။
ဒီဘဝက ယွမ်ဟော်ဧကရာဇ်ဟာ အရင်ဘဝက ရက်စက်တဲ့ ဧကရာဇ်နဲ့ လုံးဝ ကွဲပြားနေတာပဲ။
နန်းတော်တွင် အမှုထမ်းခဲ့သော ဆယ်နှစ်တာ ကာလအတွင်း ဧကရာဇ်၏ စိတ်ထဲတွင် ဟောင်းနွမ်းသော ချစ်ခင်တွယ်တာမှု ရှိနေသေးသည်။
ချစ်ခင်တွယ်တာမှု ရှိနေတာ ကောင်းတာပေါ့။
ဟောင်းနွမ်းသော ချစ်ခင်တွယ်တာမှု ပိုများလေ၊ သူမ ယနေ့ ဖျားနာရင်း တောင်းဆိုမည့် တောင်းဆိုချက်ကို ငြင်းပယ်ဖို့ ပိုခက်ခဲလေ ဖြစ်သည်။
မေမိသားစု ချက်ထားသော လာဘဆန်ပြုတ်ကို နန်းတွင်းအစေခံများက စစ်ဆေးပြီးနောက် ပြန်လည် နွေး၍ ပူပူနွေးနွေး တင်ဆက်သည်။
ဧကရာဇ်နှင့် အမှုထမ်း နှစ်ဦး၊ ထိုအချိန်တွင် ရှိနေသော လင်စစ်ရှီတို့ သုံးဦးသည် ကိုယ်စီ ဆန်ပြုတ် တစ်ပန်းကန်ငယ်စီ ခပ်ယူကြသည်။
45 03
ဆန်ပြုတ်ခပ်ရာတွင် အလွန်ရှားပါးသော ပါးလွှာစွာ ထွင်းထုထားသည့် ကြွေပန်းကန်လုံးကို အသုံးပြုသည်။ ကောင်းကင်ပြာရောင် လှပသော ပန်းကန်လုံးသည် ပါးလွှာပြီး ဖန်ကဲ့သို့ ကြည်လင်နေသည်။ ပန်းကန်လုံး လေးလုံးပါ တစ်စုံကို ရာသီဥတု လေးမျိုးဖြစ်သော မုသန်းပန်း၊ ကြာပန်း၊ ဂန္ဓမာ၊ ဆီးပန်းတို့ဖြင့် ထွင်းထုထားသည်။
ပြောရလျှင် ဤပန်းကန်ခွက်ယောက် အစုံသည် ယခင် ဧကရာဇ်မင်းမြတ် လက်ထက်က နှစ်သစ်ကူးလက်ဆောင်အဖြစ် ပေးသနားခဲ့ခြင်း ဖြစ်သည်။
မေမိသားစု၏ လာဘဆန်ပြုတ်ကို နှစ်စဉ် ချက်ပြုတ်၍ နန်းတော်သို့ ယူလာပြီး၊ နှစ်တိုင်း ဤရာသီဥတု လေးမျိုးပါသော ကြွေပန်းကန်လုံးကိုသာ အသုံးပြုသည်။
ယခုနှစ် သုံးဦး စားသောက်ကြသောကြောင့် ပူပူနွေးနွေး ဆန်ပြုတ် သုံးပန်းကန်ငယ်ကို ခပ်လာကြသည်။
လော့ရှင်းယွမ်သည် နောက်တွင် ယပ်တောင်ကို ကိုင်ထားသော ဆူးဟွေးကျုံးကို ကြည့်ပြီး ပြောသည်။ “ဟိုမှာ ပန်းကန်လုံး တစ်လုံး ပိုနေသေးတာ။ မင်းလည်း တစ်ဇွန်း နှစ်ဇွန်းလောက် ခပ်စားလိုက်ပါဦး”
“ကျွန်တော်မျိုး၊ ကျွန်တော်မျိုး ဧကရာဇ် ကျေးဇူးတော်ကို အထူး ကျေးဇူးတင်ပါတယ်” ဆူးဟွေးကျုံးသည် ဝမ်းသာအားရ ဖြစ်ပြီး မျက်ရည်ပင် ကျလာသည်။ မြေပေါ် ဒူးထောက်ကာ အလေးအနက် အရိုအသေ ပေးပြီးနောက် တုန်ယင်စွာ စတုတ္ထမြောက် ပန်းကန်လုံးကို သွားယူသည်။
လော့ရှင်းယွမ်သည် ငွေဇွန်းဖြင့် ခပ်ပြီး ပါးစပ်ထဲ ထည့်လိုက်သည်။
“ဒီနှစ် ဆန်ပြုတ်က နည်းနည်း ချိုတယ်”
မေဝမ့်ရှူးသည် ခရမ်းစန္ဒကူး ကုလားထိုင်ပေါ် ထိုင်နေသည်။ ငွေဇွန်းဖြင့် မွှေနှောက်ပြီး တစ်ငုံ သောက်လိုက်သည်။ “သကြားနီ ပိုထည့်ထားလို့ ဖြစ်နိုင်ပါတယ်”
“ဆန်ပြုတ် ချက်ထားတာ မွှေးပြီး ပျော့အိတယ်။ ကျန်း ကြိုက်တဲ့ အရသာပဲ” လော့ရှင်းယွမ်သည် အနည်းငယ် စားပြီးနောက် ရင်းနှီးသော မွှေးပျံ့သည့် အရသာ ဗိုက်ထဲသို့ ရောက်သောအခါ တင်းမာနေသော မျက်နှာအမူအရာ တဖြည်းဖြည်း ပြေလျော့လာသည်။
“ရွှယ်ချင့်ရဲ့ လာဘဆန်ပြုတ်က နန်းတွင်း မီးဖိုချောင်ရဲ့ လက်ရာထက် သာတယ်”
“ဧကရာဇ်မင်း ချီးမွမ်းလွန်းပါတယ်” မေဝမ့်ရှူးသည် ဆန်ပြုတ်တစ်ဇွန်းကို ဖြည်းညှင်းစွာ ခပ်လိုက်သည်။
ဧကရာဇ်နှင့် အမှုထမ်းတို့သည် ဆန်ပြုတ်စားနေရင်း ပေါ့ပေါ့ပါးပါး စကားစမြည် ပြောဆိုကြသည်။
“ကိစ္စတစ်ခုက ကျန်းဆီမှာ ရက်အနည်းငယ်ကြာ ရှိနေပြီ။ မင်းနဲ့ ဆွေးနွေးဖို့ စဉ်းစားခဲ့တာ။ ဒါပေမဲ့ မင်းက ဆက်တိုက် ဖျားနေတာ”
“မင်း ကျန်းနန်သို့ ခရီးထွက်ခဲ့စဉ်က လိုက်ပါခဲ့တဲ့ စစ်ဆေးရေးမှူး နှစ်ဦးထဲက လီလန်ဟယ်ဟာ မြို့တော်ကို ပြန်ရောက်တာ ရက်အနည်းငယ်ပဲ ရှိသေးတယ်။ မင်းကို စွပ်စွဲပြီး စာတင်ထားတယ်” လော့ရှင်းယွမ်သည် ထိုအမည်ကို ပြောသောအခါ မျက်မှောင်ကြုတ်သည်။ “သူ့ရဲ့ စွပ်စွဲစာဟာ ကျန်းရဲ့စားပွဲပေါ်မှာ ဒီနေ့အထိ ရှိနေတုန်းပဲ”
လီလန်ဟယ်၊ လီစစ်ဆေးရေးမှူး အကြောင်း ကြားသောအခါ မေဝမ့်ရှူးလည်း သတိရလာသည်။
45 04
“လွန်ခဲ့တဲ့လက ကျွန်တော်မျိုး လီစစ်ဆေးရေးမှူးကို ကိုယ်တိုင် ပြောခဲ့ပါတယ်။ သူ ကျွန်တော်မျိုးကို စွပ်စွဲတဲ့ အကြောင်းအရာဟာ တခြား စွပ်စွဲစာအချို့နဲ့ စကားလုံးတွေ အလွန် ဆင်တူနေတယ်။ တစ်စုံတစ်ယောက်က ဦးဆောင်ပြီး လမ်းကြောင်းပြနေတာ ဖြစ်နိုင်တယ်။ သူ ကျွန်တော်မျိုးကို တိုက်ခိုက်ချင်တာ။ လီစစ်ဆေးရေးမှူးက ထက်မြက်သူ ဆိုတော့ သူ သတိထားမိမှာပါ”
လော့ရှင်းယွမ် မျက်မှောင်ကြုတ်၍ မကျေမနပ် ဖြစ်သည်။
“ငါ စိတ်မချမ်းမြေ့ဘူး။ ဒီလူကို လင်နန်ဒေသကို အဆင့်ချဖို့ စဉ်းစားထားတယ်။ အဲဒီနောက် မင်း သူ့ကို ပြန်တွေ့ရမှာ မဟုတ်ဘူး”
မေဝမ့်ရှူးသည် လှပသော ပန်းကန်လုံးကို ကိုင်ပြီး ဆန်ပြုတ်ပူကို မှုတ်လိုက်သည်။
“လီလန်ဟယ်ဟာ စစ်ဆေးရေးမှူးတစ်ဦး အနေနဲ့ သတင်းကို ကြားတာနဲ့ အစီရင်ခံရတာ သူ့တာဝန်ပဲ။ သူ့ရဲ့ စိတ်နေစိတ်ထားက အလွန် ဖြောင့်မတ်ပြီး ခေါင်းမာတာမို့ တစ်ဖက်သက် စကားကို လွယ်လွယ် ယုံတတ်တယ်။ ဧကရာဇ်မင်းက သူ့ကို ဒေသတစ်ခုမှာ တာဝန်ပေးဖို့ ဆုံးဖြတ်ထားရင်... ကောင်းတာပေါ့။ သူ့ရဲ့ စိတ်ဓာတ်ကို ပိုပြီး ပြုပြင်ပေးလိမ့်မယ်။ ဒီလူက အရည်အချင်းရှိသူမို့ စိတ်ဓာတ်ကို ပြုပြင်ပြီးရင် သုံးနှစ်ကြာပြီးနောက် မြို့တော်ကို ခေါ်ယူပြီး အရေးပါတဲ့ နေရာမှာ ခန့်အပ်နိုင်ပါတယ်”
လော့ရှင်းယွမ်သည် ခဏတာ စဉ်းစားပြီး ခေါင်းညိတ်သည်။ “ဒီလိုဆိုရင် အတော် ကောင်းတယ်။ ဒီအတိုင်းပဲ လုပ်ဆောင်ပါ့မယ်”
ပြောပြီးနောက် တစ်စုံတစ်ခုကို စဉ်းစားနေပုံရသည်။ သူမကို တစ်ချက် စောင်းငဲ့ကြည့်လိုက်သည်။
“တခြားသူတွေက ဝန်ကြီးချုပ်ရဲ့ ဝမ်းဗိုက်က လှေကို ထမ်းနိုင်တယ်လို့ ပြောကြတယ်။ ရွှယ်ချင့်က ဝန်ကြီးချုပ်ရာထူး မရသေးခင်ကတည်းက လူရွေးချယ်မှု၊ အသုံးပြုမှုမှာ ဝန်ကြီးချုပ်လိုပဲ ရက်ရောနေပြီ”
သူသည် လက်မရှိ လင်းယုန်ရုပ်ပါ ကျောက်စိမ်းကွင်းကို ပွတ်သပ်ရင်း ဖြည်းညှင်းစွာ ပြောသည်။
“ကိစ္စတစ်ခုကို ကျန်း အချိန်အတော်ကြာ စဉ်းစားခဲ့တာ။ ရွှယ်ချင့်၊ မင်း ဟန်လင်ပညာရှင် ရာထူးကို လက်ခံတာ နှစ်အနည်းငယ် ရှိနေပြီ။ အခု နန်းတော်မှာ ဘယ်ဘက် ဝန်ကြီးချုပ်နေရာ လစ်လပ်နေတယ်။ နောက်နှစ် နွေဦးပေါက်ရင် ငါ အမိန့်ချမှတ်မယ်။ မင်းကို တုံဖျင်ကျန်းရှီ ရာထူးကို တွဲဖက် ခန့်အပ်ပြီး ကျန်းရဲ့ မေဝန်ကြီးချုပ် ဖြစ်စေရမယ်”
မေဝမ့်ရှူးသည် ရေနွေးဆန်ပြုတ်တစ်ငုံကို ဖြည်းညှင်းစွာ ပါးစပ်ထဲ ငုံထားချိန်ဖြစ်သည်။ မေဝန်ကြီးချုပ် ဆိုသော စကားလုံးကို ကြားလိုက်သောအခါ ရုတ်တရက် ထိတ်လန့်သွားပြီး ဆန်ပြုတ်သည် လည်ချောင်းထဲသို့ ဆို့နင့်ဝင်ရောက်ကာ ပြင်းထန်စွာ ချောင်းဆိုးလာသည်။
ချောင်းဆိုးရင်း ခက်ခဲစွာ ငြင်းပယ်သည်။ “မဖြစ်၊ မဖြစ်ပါဘူး... လုံးဝ မဖြစ်ပါဘူး”
ရုတ်တရက် အလွန် အံ့အားသင့်သွားခြင်းကြောင့် ပြန်ဖြေဖို့ စိတ်ထဲ ထားသော်လည်း ချောင်းဆိုးခြင်းကို မရပ်တန့်နိုင်တော့ပေ။ ဘေးရှိ ဆူးဟွေးကျုံးပင် လန့်သွားပြီး အလျင်အမြန် ကျောကို ပုတ်ပေးသည်။
45 05
လော့ရှင်းယွမ်သည် အထက်မှ ထိုင်ကြည့်နေသည်။ နှစ်ဦးသား အချိန်အတော်ကြာ ချောင်းဆိုးခြင်း၊ ကျောပုတ်ပေးခြင်းတို့ လုပ်နေသည်ကို မြင်သည်။ မေဝမ့်ရှူးသည် မူလကပင် ဖျားနေ၍ မျက်နှာပေါ်တွင် ရောဂါကြောင့် နီမြန်းသော အရောင်ရှိသည်။ ယခု ချောင်းဆိုးခြင်းကြောင့် မျက်နှာသည် ရဲရဲနီနေပြီး မျက်လုံးထောင့်များမှ မျက်ရည်များပင် စို့နေကာ မျက်လုံးများ မှုန်ဝါးနေသည်။
သူ သည်းမခံနိုင်တော့ဘဲ ထရပ်သည်။ ပလ္လင်မြင့်အောက်သို့ ခြေလှမ်းအနည်းငယ်ဖြင့် ဆင်းလာပြီး နန်းတွင်းအစေခံ ကမ်းပေးသော ပဝါနုနုကို ယူ၍ သူမ၏ မျက်နှာကို သုတ်ရန် ကမ်းပေးလိုက်သည်။ ပြီးနောက် သက်ပြင်းချလိုက်သည်။ (ဩ ဧကရာဇ်ဆိုတော့ ကြင်နာချင်တာတောင် ဣန္ဒြေတစ်ခွဲသားနဲ့ လုပ်နေရသေးတာနော် သနားပါ့)
“ကျန်း ဘာပြောလိုက်လို့ မင်း ဒီလောက်တောင် လန့်သွားရတာလဲ”
******