← Chapters

အခန်း ၄၆

Vol. 5 Ch. 46

အခန်း ၄၆

Vol. 5 Ch. 46

46 01

အခန်း 46

ချောင်းဆိုးတာ အရမ်း ပြင်းထန်သွားလို့ လက်ထဲက အာရုံမပြုမိဘဲ ဆန်ပြုတ်ရည်အချို့ ခွက်ထဲကနေ ဖိတ်စင်ပြီး အရောင်အသွေး စုံလင်တဲ့ ဥဒေါင်းသားမွေးကုတ်အင်္ကျီပေါ် စွန်းထင်းသွားသည်။

“ကျေးဇူးတင်ပါတယ် ဧကရာဇ်မင်း” မေဝမ့်ရှူးသည် ကမ်းပေးလာသော ပဝါကို ယူပြီး စိုစွတ်သွားသော ဥဒေါင်းသားမွေးကုတ်အင်္ကျီကို သေသေချာချာ သုတ်လိုက်သည်။

လော့ရှင်းယွမ်သည် သူ့လက်ထဲတွင် ဘာမျှ မရှိတော့ဘဲ၊ ကိုယ်တိုင်ပေးလိုက်သော မျက်နှာသုတ်ပဝါကိုပင် အင်္ကျီသုတ်ရန် ယူသွားသည်ကို မျက်စိဖြင့်သာ ကြည့်နေရသည်။ ခဏတာ စကားလုံးများ ဆွံ့အသွားပြီး ဒေါသထွက်သင့်သလား ရယ်သင့်သလား မသိတော့ပေ။

“ဆန်ပြုတ်တွေ ဖိတ်ကုန်တာတောင် မင်းက အင်္ကျီကိုပဲ စိတ်ပူနေသေးတယ်။ တစ်နှစ်မှာ တစ်ခါသာ ပို့လာတဲ့ လာဘဆန်ပြုတ်ကို တစ်ခွက်ပဲ ပါလာတာကို လေးယောက် ခွဲသောက်ရဦးမယ်။ ကျန်းတောင် ချွေတာပြီး သေချာတောင် မသောက်ရဲသေးဘူး။ မင်းကတော့ ကောင်းတယ်၊ ဖိတ်စင်ပစ်လိုက်တယ်”

ပါးစပ်က ပြောနေသော်လည်း ချောင်းဆိုးနေသော သူမကို သနားသောကြောင့် နောက်ကျောကို သွား၍ ပုတ်ပေးလိုက်သည်။

နန်းတွင်းအစေခံသည် အလျင်အမြန် လက်ဖက်ရည် ယူလာပေးသည်။ မေဝမ့်ရှူးသည် လက်ဖက်ရည် အနည်းငယ် သောက်လိုက်သောအခါ တဖြည်းဖြည်း ချောင်းဆိုးခြင်း ရပ်သွားပြီး မျက်ဝန်းထောင့်မှ ချောင်းဆိုးရင်း ထွက်လာသော မျက်ရည်များကို သုတ်လိုက်သည်။

“အိမ်မှာ ကိုယ်တိုင် ချက်ထားတဲ့ လာဘဆန်ပြုတ်ပါပဲ။ အဖိုးတန်ပစ္စည်း ဘာမှ မပါဘူး။ အရသာလည်း ရိုးရိုးလေးပါ။ ဧကရာဇ်မင်း ကြိုက်တယ်ဆိုရင် မနက်ဖြန် နောက်ထပ် နှစ်ပန်းကန်လောက် ပို့ပေးပါဦးမယ်”

လော့ရှင်းယွမ်၏ မျက်နှာအမူအရာ အနည်းငယ် လှုပ်ရှားသွားသော်လည်း ပါးစပ်က ဆိုသည်။ “မင်း ဖျားနေတာပဲ။ ဘာတွေ လှုပ်ရှားနေတာလဲ။ နေကောင်းသွားမှ နောက်မှ ပြော”

သူမ၏ အခြေအနေ ကောင်းလာသည်ကို မြင်သောအခါ လော့ရှင်းယွမ်သည် နေရာသို့ ပြန်ဝင်ထိုင်ပြီး ခုနက စကားကို ဆက်ပြောသည်။

“နန်းတော်က အရည်အချင်းရှိသူကို အရေးတကြီး လိုအပ်နေတာ။ ဘယ်ဘက် ဝန်ကြီးချုပ်ရာထူး လစ်လပ်နေတာ ကြာပြီ။ မင်း အသက်ငယ်ပေမဲ့ ဝါရင့်မှုက လုံလောက်ပါတယ်။ ဒီရာထူး တိုးမြှင့်တာကို နန်းတော်မှာ ဘယ်သူမှ ကန့်ကွက်မယ် မထင်ပါဘူး”

46 02

မေဝမ့်ရှူးသည် ခုနက ချောင်းဆိုးခြင်းကြောင့် အချိန်ရခဲ့သဖြင့် ပြောဆိုရန် စကားကို သေချာ စဉ်းစားပြီးပြီ ဖြစ်သည်။ ဆန်ပြုတ်ဇွန်းကို ချ၍ ထရပ်လိုက်သည်။

“ဧကရာဇ်မင်း ခွင့်လွှတ်တော်မူပါ၊ ကျွန်တော်မျိုးဟာ ဝန်ကြီးချုပ်ရာထူးကို တိုးမြှင့်ခံရဖို့ မပြောနဲ့၊ အခု လက်ရှိ ရယူထားတဲ့ ဟန်လင်ပညာရှင် ရာထူးကိုတောင် ဆက်ပြီး ထမ်းဆောင်နိုင်မှာ မဟုတ်ပါဘူး”

သူမ၏ စကားလုံးများ မပြီးဆုံးသေးမီမှာပင် ကျယ်ဝန်းသော နန်းဆောင်သည် ရုတ်တရက် တိတ်ဆိတ်ခြင်းထဲသို့ နစ်မြုပ်သွားသည်။

အတော်ကြာပြီးမှ လော့ရှင်းယွမ်သည် တိတ်ဆိတ်မှုကို ဖြိုခွင်း၍ မေးသည်။ “ဘာဖြစ်တာလဲ”

မေဝမ့်ရှူးသည် ယနေ့အတွက် ပြင်ဆင်ထားသူ ဖြစ်၍ အေးအေးဆေးဆေး တုံ့ပြန်သည်။

“ကျွန်တော်မျိုးဟာ လွန်ခဲ့တဲ့လက မြို့တော်ကို ပြန်လာပြီး အစီရင်ခံ တင်သွင်းခဲ့ပါတယ်။ တောင်ပိုင်းနဲ့ မြောက်ပိုင်း ဒေသတွေရဲ့ ရာသီဥတု မတူညီတာကြောင့်ပဲ ဖြစ်မယ်... အဖျားပြန်ပြန် ဝင်နေတယ်။ မြို့တော်ကို ပြန်ရောက်တာ တစ်လရှိပြီ။ ဒီနေ့အထိ လစာကို အလကား ယူပြီး ဘာမှ မလုပ်နိုင်သေးဘူး။ တာဝန်မထမ်းဆောင်ဘဲ နေရာ ယူထားခြင်းအတွက် နေ့စဉ် ရှက်ရွံ့မိပါတယ်။ ကျွန်တော်မျိုး တောင်းဆိုချင်တာက လက်ရှိ ဟန်လင်ပညာရှင် ရာထူးကို ခဏ နားထားပြီး တံခါးပိတ်၍ အနားယူ ကုသခွင့်ပြုပါ။ နှစ်သစ်ကူးပြီးနောက် ရာသီဥတု နွေးလာပြီး ကျန်းမာရေး ပြန်ကောင်းလာမှ ရာထူး ပြန်လည် ထမ်းဆောင်ရင် နောက်ကျမှာ မဟုတ်ပါဘူး”

ပလ္လင်မြင့် အထက်မှ စဉ်းစားတွေးတောသော အကြည့်သည် သူမ၏ မျက်နှာနှင့် ကိုယ်ပေါ်မှ ဖြည်းညှင်းစွာ ဖြတ်သန်းသွားသည်။

သူမသည် ယနေ့ တကယ်ပင် အလွန်ဖျားနာနေပြီး တိုင်းပြည်အတွက်လည်း စိတ်ရင်းမှန်ဖြင့် စဉ်းစားပေးနေသည်ဟု ယူဆရသဖြင့် ဧကရာဇ်သည် ပြောစရာ စကား မရှိတော့ပေ။

ခန်းမကြီးသည် တိတ်ဆိတ်နေပြီး အတော်ကြာမှ နက်ရှိုင်းသော အသံဖြင့် တုံ့ပြန်လာသည်။

“ထိုင်ပါ။ ဟန်လင်ပညာရှင် ရာထူးကိုတော့ ဆက်လက် ထမ်းဆောင်ပါ။ ယခု လဆန်းပွဲတော်ထဲ ဝင်ရောက်ပြီး နှစ်သစ်ကူးတော့မှာ ဖြစ်တဲ့အတွက် အချိန် အတော်ကြာ အားလပ်မှာပါ။ စိတ်ပူမနေပါနဲ့။ စိတ်အေးချမ်းသာစွာ အိမ်မှာ နေမကောင်းတာ ကုသပါ။ လစာကို ပုံမှန်အတိုင်း ယူပါ။ နန်းတော်မှာ တစ်ယောက်ယောက်က မင်းကို တာဝန်မထမ်းဆောင်ဘဲ နေရာယူထားခြင်းအတွက် ကန့်ကွက်စကား ပြောလာရင် ကျန်း သူ့ရာထူးကို ချက်ချင်း ဖယ်ရှားပစ်မယ်”

စိတ်အေးချမ်းသာစွာ အိမ်မှာ နေမကောင်းတာ ကုသပါ ဟူသော ဧကရာဇ်နှုတ်မိန့်ကို ရလိုက်သောအခါ မေဝမ့်ရှူးသည် ယနေ့ စိုးရိမ်ပူပန်နေသော စိတ်ကို အမှန်တကယ် လွှတ်ချနိုင်ခဲ့သည်။

သူမသည် ပူနွေးချိုမြိန်သော ဆန်ပြုတ်ကို ပွေ့ဖက်ပြီး ရိုသေစွာ ကျေးဇူးတင်စကား လျှောက်တင်သည်။ နှုတ်ခမ်းထောင့်တွင် အပြုံး ပါးပါး ပေါ်လာသည်။

46 03

“ဧကရာဇ်မင်းရဲ့ ခွင့်ပြုချက်ကို ရပြီဆိုရင် ကျွန်တော်မျိုး စိတ်ချလက်ချ တံခါးပိတ်ပြီး အနားယူ ကုသနိုင်ပါပြီ”

ဧကရာဇ်နှင့် အမှုထမ်းတို့ စကားပြောနေစဉ် ဘေးဘက်တွင် ထိုင်ခုံနှင့် ဆန်ပြုတ် ချီးမြှင့်ခံရသော ခရမ်းရောင် ဝတ်စုံဝတ် အရာရှိကြီး၊ လင်စစ်ရှီ (လင်သေနာပတိ) သည် လူသား ရုပ်တုကြီးတစ်ခုလိုပင် တိတ်ဆိတ်စွာ ဆန်ပြုတ်သောက်နေပြီး စကားတစ်ခွန်းမှ မပြောပေ။

တံခါးပိတ်၍ အနားယူ ကုသခြင်းဟူသော စကားလေးလုံးကို ကြားသောအခါမှ ရုတ်တရက် မေဝမ့်ရှူးဘက်သို့ မော့ကြည့်ပြီး မျက်လုံးချင်း ဆုံလိုက်သည်။

“လင်သေနာပတိ”

မေဝမ့်ရှူးတွင် သူ့ကို ပြောစရာ ကိစ္စတစ်ခု ရှိနေသဖြင့် ယဉ်ကျေးသော်လည်း မရင်းနှီးသော လေသံဖြင့် ဆိုသည်။ “စစ်ရေးဗျူဟာရုံးတော်ဟာ တိုင်းပြည်ရဲ့ စစ်ရေးကိစ္စတွေကို ကိုင်တွယ်တာ။ ကျွန်တော်မျိုး တာဝန်ပေးလိုတဲ့ ကိစ္စလေးက မဖြစ်မနေ လင်အမတ်ကြီး ကိုင်တွယ်ရမဲ့ ကိစ္စ မဟုတ်ပါဘူး။ ဒါပေမဲ့ ဒီကိစ္စက အရေးကြီးလွန်းလို့ လင်အမတ်ကြီးကို အားကိုးရပါတော့မယ်”

“မေပညာရှိအမတ် မချဲ့ကားပါနဲ့” လင်စစ်ရှီသည်လည်း ယဉ်ကျေးသော်လည်း မရင်းနှီးသော လေသံဖြင့် တုံ့ပြန်သည်။ “ကျွန်တော်မျိုး တတ်နိုင်သမျှ လုပ်ဆောင်ပေးပါ့မယ်။ မေပညာရှိအမတ် လွတ်လွတ်လပ်လပ် ပြောပါ”

မေဝမ့်ရှူးသည် အင်္ကျီလက်ထဲမှ ပါးလွှာသော စက္ကူတစ်ရွက်ကို ထုတ်ယူ၍ ဆူးဟွေးကျုံးအား ပေးသည်။ သူသည် စက္ကူကို ဧကရာဇ်ရှေ့တော်သို့ တင်ပြသည်။

“ကျွန်တော်မျိုး ကျန်းမာရေး မကောင်းတဲ့အတွက် လာမဲ့ တစ်လ၊ နှစ်လလောက် ဧကရာဇ်မင်းရဲ့ ဘေးမှာ အလုပ် မထမ်းဆောင် နိုင်တော့မှာ စိုးရိမ်မိပါတယ်။ ကျွန်တော်မျိုး နေရာမှာ ခဏတာ အစားထိုးဖို့ ဂရုတစိုက်နဲ့ ယုံကြည်စိတ်ချရတဲ့ ပုဂ္ဂိုလ်အချို့ကို ရွေးချယ်ဖို့ လိုပါတယ်”

“ကျွန်တော်မျိုးမှာ အသင့် ရွေးချယ်ထားတဲ့ ပုဂ္ဂိုလ်အချို့ ရှိပါတယ်။ ဒီနှစ်တွေအတွင်း အသစ် ခန့်အပ်ထားတဲ့ ပညာရှင်တွေ ဖြစ်ကြပြီး ငယ်ရွယ်၊ ပညာတတ်၊ စိတ်ဓာတ် ကောင်းမွန်သူတွေပါ။ ဧကရာဇ်ရှေ့မှာ အမှုထမ်းဖို့ သင့်တော်ပါတယ်။ ကျွန်တော်မျိုး မစစ်ဆေးနိုင်တာကတော့ ဒီပညာရှင်တွေရဲ့ မွေးရပ်မြေနဲ့ နောက်ခံကိစ္စတွေပါ” သူမသည် လင်စစ်ရှီဘက်သို့ လှည့်သည်။

“စစ်ဆေးရေးမှူး ရုံးတော်ဟာ အလုပ်လုပ်ရင် လူသိရှင်ကြား လုပ်လေ့ရှိတာကြောင့် သူတို့ကို တာဝန်ပေးလိုက်ရင် လျှို့ဝှက်ချက် စောစောစီးစီး ပေါက်ကြားသွားမှာ စိုးရိမ်မိတယ်။ ဒါကြောင့် လင်သေနာပတိကို စွမ်းဆောင်ရည်ရှိသူ အချို့ကို လျှို့ဝှက်စွာ မြို့တော် အပြင်ဘက်သို့ စေလွှတ်ပြီး ဒီပညာရှင်တွေရဲ့ မွေးရပ်မြေကို သွားရောက် စစ်ဆေးပေးဖို့၊ မွေးရပ်မြေမှာ အကျင့်စာရိတ္တ ကောင်းမွန်ကြောင်း အတည်ပြုပြီးမှသာ အကြီးမားဆုံး တာဝန်ကို ပေးအပ်ဖို့ လိုပါလိမ့်မယ်…”

“ဧကရာဇ်မင်း” ရုတ်တရက် အာမေဍိတ် အသံတစ်သံ ထွက်လာသည်။

ဆူးဟွေးကျုံးသည် ခုနကမှ ဧကရာဇ်ရှေ့တော်သို့ စက္ကူ တင်သွင်းပြီး မပြန်ရသေး။ မတော်တဆ ဧကရာဇ် ယွမ်ဟော်၏ နဂါးဝတ်ရုံ လက်ဖျားမှ တစ်ဝက် ပေါ်နေသော လက်ဖဝါးကို မြင်လိုက်သည်။

သူ ချက်ချင်း ထိတ်လန့်သွားပြီး အော်လိုက်သည်။ “ဟာ၊ ဧကရာဇ်မင်းရဲ့ လက်ဖဝါးက ပြန်ပြီး သွေးထွက်နေပြန်ပြီ”

46 04

ဧကရာဇ် ယွမ်ဟော်သည် လွန်ခဲ့သော လက လက်ဖက်ရည်ခွက်ကို ဆုပ်နယ် ခွဲလိုက်ရာမှ လက်ဖဝါး ဒဏ်ရာ ရခဲ့ဖူးသည်။

တစ်လခွဲကျော် ကြာပြီးနောက် အနာသည် အပေါ်ယံ အနာဖေး တင်နေပြီ ဖြစ်သည်။

ခုနက မသိစိတ်ဖြင့် အားပြင်းစွာ လက်ဖဝါးကို ဆုပ်လိုက်ရာ လက်ချောင်းထိပ်များသည် လက်ဖဝါးထဲသို့ နက်ရှိုင်းစွာ စိုက်ဝင်ပြီး အရင် ဒဏ်ရာနေရာကို ပြန်၍ စုတ်ပြဲသွားစေခဲ့သည်။

လော့ရှင်းယွမ်သည် ထိတ်လန့်နေသော ဆူးဟွေးကျုံးကို ဂရုမစိုက်။ ကိုယ်တိုင်ပင် လက်ဖဝါးကို အနည်းငယ် ဖိထားပြီး သွေးကို ရပ်တန့်လိုက်သည်။ အကြည့်သည် မေဝမ့်ရှူးဘက်သို့ နက်ရှိုင်းစွာ စိုက်ကြည့်နေပြီး အသံသည် နိမ့်ကျကာ အေးစက်နေသည်။

“ကျန်း ခုနက ပြောပြီးပြီ၊ နန်းတော်ရဲ့ လစာကို မင်း ပုံမှန်အတိုင်း ယူရမယ်၊ ဟန်လင်ပညာရှင် ရာထူးကို မင်း ဆက်လက် ထမ်းဆောင်ရမယ်”

မေဝမ့်ရှူးသည် သူ၏လေသံ မမှန်ကြောင်း သတိပြုမိပြီး ချက်ချင်း ထရပ်၍ ရှင်းပြသည်။

“ကျွန်တော်မျိုး တံခါးပိတ်ပြီး အနားယူ ကုသရမှာ တစ်လ၊ နှစ်လလောက် ကြာနိုင်ပါတယ်။ ဒီစီစဉ်မှုတွေဟာ ခဏတာအတွက်သာ ဖြစ်ပါတယ်။ ကျွန်တော်မျိုး ကျန်းမာရေး ပြန်ကောင်းလာရင် နန်းတော်ကို ဖူးမြော်ခွင့် ပြန်တင်ပြီး ရာထူး ပြန်ထမ်းဆောင်ပါ့မယ်”

လော့ရှင်းယွမ် မတုံ့ပြန်ပေ။ ခဏအကြာမှ မပူမအေး လေသံဖြင့် ဆိုသည်။ “အရင် ထိုင်ပါဦး”

“စစ်ရှီက ငါ့ကို မင်းတို့ နှစ်ယောက်က သိကျွမ်းတာ ကြာပြီ၊ ဒါပေမဲ့ မရင်းနှီးဘူးလို့ အမြဲ ပြောတယ်” သူသည် လက်မရှိ နက်မှောင်သော လင်းယုန်ရုပ်ပါ ကျောက်စိမ်းကွင်းကို ပွတ်သပ်ရင်း ညှိုးငယ်စွာ ပြောသည်။ “ကျန်း မသိခဲ့ဘူး၊ ရွှယ်ချင့်မှာ ဒီလောက်တောင် စွမ်းရည် ရှိနေတာ။ ကျန်းကို ကျော်လွှားပြီး ကိစ္စတွေကို ချက်ချင်း စီစဉ်ပြီးသွားပြီ”

မေဝမ့်ရှူး အလွန် အံ့အားသင့်၍ စကားမပြောနိုင် ဖြစ်သွားသည်။

ကျန်းကို ကျော်လွှားပြီး… ဆိုတာ ဘာကို ပြောတာလဲ။

သူမသည် ဧကရာဇ်ရှေ့မှာပင် ကိစ္စ၏ ဖြစ်စဉ် အစအဆုံးကို ရှင်းရှင်းလင်းလင်း ရှင်းပြခဲ့သည် မဟုတ်လား။

ယခင်က ဧကရာဇ် ယွမ်ဟော်သည် ကိုယ်တိုင် မအုပ်ချုပ်ရသေးဘဲ နန်းတော်ထဲတွင် ပိတ်မိနေသော နှစ်များအတွင်း သူ့ဘေးတွင် ယုံကြည်ရသော အမှုထမ်းများ အလွန်နည်းပါးခဲ့သည်။

မည်သည့် ကိစ္စကို လုပ်ဆောင်ရသည် ဖြစ်စေ၊ သူမက စီစဉ်ပေး၊ ဧကရာဇ်က ဆုံးဖြတ်၊ လင်စစ်ရှီက အကောင်အထည်ဖော် လုပ်ဆောင်လေ့ ရှိသည်။

ယနေ့တွင်လည်း ယခင်က ပုံစံအတိုင်းပင် သူမက အကြံပြု၊ ဧကရာဇ်က ဆုံးဖြတ်ပြီးမှ လင်စစ်ရှီကို တာဝန်ပေးအပ်ရန်သာ စောင့်ဆိုင်းနေခြင်း ဖြစ်သည်။

ဒါပေမဲ့ ရုတ်တရက် ဘယ်လိုလုပ်ပြီး...

ကျန်းကို ကျော်လွှားပြီး ကိစ္စတွေကို ချက်ချင်း စီစဉ်ပြီးသွားပြီ ဖြစ်သွားရတာလဲ။

46 05

အမြင့်မြတ်ဆုံး ဧကရာဇ်၊ ဧကရာဇ်သည် ဆင်ခြေမဲ့စွာ ဒေါသထွက်လာလျှင် မည်မျှပင် စကားတတ်သော အမှုထမ်း ဖြစ်စေ အနိုင်ယူနိုင်စွမ်း မရှိပေ။

သူမသည် ခဏတာ ဆွံ့အပြီးနောက် လက်လျှော့လိုက်သည်။

နာမည်များ ရေးထားသော စက္ကူကို ပြန်ခေါက်ပြီး မူလအတိုင်း အင်္ကျီလက်ထဲသို့ ပြန်ထည့်လိုက်သည်။

“ကျွန်တော်မျိုး အမှားကို သိပါပြီး” သူမက တိုးတိုးလေး ပြောသည်။ “ဒီကိစ္စကို ရပ်တန့်လိုက်ပါပြီ။ ဧကရာဇ်မင်း မကြားခဲ့ဘူးလို့ပဲ သတ်မှတ်ပေးပါ”

လော့ရှင်းယွမ်သည် သူမကို အချိန်အတော်ကြာ စိုက်ကြည့်နေသည်။

သူ၏ အကြည့်သည် ရောဂါကြောင့် နီမြန်းနေသော မျက်နှာ၊ လျင်မြန်စွာ အသက်ရှူခြင်းကြောင့် အနည်းငယ် လှုပ်ရှားနေသော ရင်ဘတ်မှ ဝတ်ရုံ၊ ထို့နောက် စာရင်းကို ဘာမှ မဖြစ်သလို ဖုံးကွယ်လိုက်သော ဝတ်ရုံလက်ဆီသို့ ရောက်သွားသည်။

မေဝမ့်ရှူးသည် သူမ ဆယ်နှစ်ကြာ လိုက်ပါခဲ့သော ဧကရာဇ်ကို နားလည်သကဲ့သို့... လော့ရှင်းယွမ်သည်လည်း သူ့ဘေးတွင် ဆယ်နှစ်ကြာ ရှိခဲ့သော ယုံကြည်စိတ်ချရသော အမှုထမ်းကို နားလည်သည်။

မေရွှယ်ချင့် အလုပ်လုပ်ပုံသည် စစ်တုရင် ကစားပုံနှင့် ဆင်တူသည်။

တစ်ကွက် လှမ်းပြီး ဆယ်ကွက် ကြည့်နိုင်သူ ဖြစ်ကာ သေချာ စီစဉ်ပြီးမှ လှုပ်ရှားသူ ဖြစ်သည်။

ယနေ့လိုမျိုး ဟန်လင်ပညာရှင် ရာထူးကို အစားထိုးရန် စာရင်းကိုပါ ကြိုတင် ပြင်ဆင်ထား၊ မွေးရပ်မြေကို လျှို့ဝှက် စစ်ဆေးရန် လမ်းကြောင်းနှင့် လူကိုပါ စီစဉ်ပြီး ဧကရာဇ်ရှေ့တော်တွင် တရားဝင် အစီရင်ခံနေသည်ဆိုလျှင်...

သူမ ပြောသလို ခဏတာ တစ်လ၊ နှစ်လ အနားယူရုံမျှသာ မဟုတ်သည်မှာ သေချာသည်။

သူ၏ မေပညာရှင်အမတ် ဘာလုပ်ချင်နေတာလဲ။ (TN: မမက ထွက်ပြေးချင်တာကို တန်းရိပ်မိသွားသော ဧကရာဇ်ကလည်း မခေသူပါလား)

++++++

All Chapters