← Chapters

Chapter 1391 - 1392

Vol. 93 Ch. 1391 - 1392

Chapter 1391 - 1392

Vol. 93 Ch. 1391 - 1392

Chapter 1391 ငါ မင်းကို သွားခွင့်ပေးလား

ကြီးကြပ်ရေးမှူးလီ ခေါင်းမွေးထောင်သွားပြီး ဆိုးရွားသော အမှားတစ်ခုကို ပြုလုပ်လိုက်မိပြီ ဖြစ်ကြောင်း သူ သတိပြုမိသွားသည်။

သူ့ရှေ့မှ မိစ္ဆာသည် သူ လုံးဝ ရန်စနိုင်သော တစ်စုံတစ်ရာ မဟုတ်ပါ။

“လေးကွက်မြောက်မှာ မင်းကို သတ်မယ်”

ယဲ့ဖန်၏‌ ရေခဲတမျှ အေးစက်သော အသံ ထွက်လာသောအခါ ဝမ်ကျင်း၏ သွေးပေကျံနေသော မျက်နှာတွင် မချိပြုံးတစ်ခု ပေါ်လာသည်။

*နောက်ဆုံးတော့ ငါ လွတ်လပ်ပြီ*

ထိုအသံအဆုံး၌ သွေးများ ပန်းထွက်လာသည်။ ဝမ်ကျင်း၏ ဦးခေါင်းသည် ယဲ့ဖန်၏ လက်တစ်ဖက်ကြောင့် ပေါက်ကွဲကြေမွသွားသည်။

ဤမြင်ကွင်းကိုမြင်သော် လူတိုင်း တိတ်ဆိတ်ငြိမ်သက်သွားပြီး နဖူးမှ ချွေးအေးများ စီးကျ လာသည်။

လူတိုင်း တစ်ကိုယ်လုံး‌ အေးစက်သွားပြီး ဤသို့သော နတ်ဆိုးမျိုးနှင့် ရန်သူ ဘယ်တော့မှ မဖြစ်သင့်ဟူသော အတွေးမျိုး ရောက်လာသည်။

သို့မဟုတ်ပါက စင်ပေါ်က ဆိုးရွားသော အခြေအနေနှင့် ရှိနေသော အလောင်းနေရာ၌ သူတို့ ဖြစ်သွားနိုင်သည်။

*နဂါးအသွင်ပြောင်းခြင်းအဆင့်က ဘုရင်အဆင့်ကို သတ်လိုက်တယ်လား၊ ဒါ မဖြစ်နိုင်စရာ ကိစ္စကြီးလေ*

သို့သော်လည်း ထိုအဖြစ်က သူတို့အရှေ့၌ တကယ် ဖြစ်နေလေပြီ။ သူတို့သည် ပုရွက်ဆိတ်များ သဖွယ် ယဲ့ဖန်ထံ၌ အလွယ်တကူ အသတ်ခံနေရသည်။

လီချုံးယန်၏ မျက်နှာက အလွန် သုန်မှုန်နေပြီး ချွေးပြန်နေသည်။ အခြေအနေအားလုံး ပြီးဆုံးသွားသော်လည်း သူဆန္ဒရှိသော အရာက ဖြစ်မလာပေ။ အဆုံးသတ်တွင် ယဲ့ဖန်က သူ့လက်နက်အား ကိုယ်ပိုင်ပစ္စည်းသဖွယ် ယူသွားလိုက်သေးသည်။ သူ့အတွက် သွေးစိမ်းရှင်ရှင် ယိုရသော ဆုံးရှုံးမှုပင်။

“အဖေ သူ …”

လီပေါ်ရှုက မကျေမနပ်နှင့် ယဲ့ဖန်ကို လက်ညှိုးထိုးနေ၏။

“သွားကြစို့”

လီချုံးယန် အေးစက်စွာ ပြောလိုက်သည်။ ယခု ဤနေရာ၌ ဆက်နေလည်း အကျိုးမရှိပေ။ လီပေါ်ရှု၏ မျက်လုံးတွင် မလိုလားဟန်နှင့် မကျေနပ်ဟန်များ ပြည့်နှက်နေပြီး လက်လျှော့ ချင်စိတ် မရှိမှန်း သိသာနေသည်။ သို့သော် ထိုမျှနှင့် အဆုံးသတ်မသွားချေ။

“ငါ မင်းတို့ကို သွားခွင့်ပေးလို့လား”

ရုတ်ချည်းဆိုသလို ရေခဲတမျှ အေးစက်သော အသံ ထွက်ပေါ်လာ၏။ လီချုံးယန် နောက်လှည့်ကာ ယဲ့ဖန်ကို စူးစူးရဲရဲ စိုက်ကြည့်လိုက်သည်။

“မင်း ဘာပြောချင်တာလဲ”

“ဘာပြောချင်တာလဲဆိုတော့ ဒီနေ့ ကျုပ်ကို ထိခိုက်စေချင်တဲ့လူတိုင်း သေရမယ်”

ယဲ့ဖန်က ခက်ထန်သော မျက်နှာနှင့် ပြောလိုက်ကာ လူသတ်ချင်စိတ်က ဒီရေအလား တိုးပွားနေ၏။

“ငါက မင်းကို လှည့်စားတယ်လို့ ပြောချင်တာလား၊ ဘယ်မှာလဲ သက်သေ”

လီချုံးယန် သရောက်လိုက်သည်။

“သက်သေမရှိရင် မင်းရဲ့ တစ်ဖက်သက် ထင်မြင်ချက်သက်သက်ပဲ”

သူ ဝန်မခံသရွေ့ ယဲ့ဖန်၌ သူ ပါပါသည်ဟူသော သက်သေ ရှိပါမည်နည်း။ ယဲ့ဖန်‌ ခေါင်းခါလိုက်သည်။

“ကျုပ် လူသတ်ချင်ရင် သက်သေ မပြောနဲ့ အကြောင်းပြချက်တောင် မလိုဘူး၊ ကျုပ် သတ်သင့်တယ် ထင်ရင် သတ်တာပဲ”

လူတိုင်း ကြက်သေ သေသွားကြကာ အသက်ပင် မရှူရဲတော့ချေ။

*ငါတို့ ဘာမြင်လိုက်တာလဲ၊ သူက လီချုံးယန်ကို ရန်စနေတာလား*

*သူ့ကိုသတ်မယ်လို့တောင် ပြောလိုက်သေးတာလား*

*ဒီလူက ဝမ်ကျင်းကို နိုင်သွားပြီးတော့ ဘဝင်မြင့်နေတာလား*

*အဲ့လီချုံးယန်က ချင်ရွှေကျောင်းရဲ့ ကျောင်းအုပ်၊ သူတော်စင်သခင်အဆင့်လေ၊ မင်း ဘယ်က သတ္တိ ရလာတာလဲ*

ယဲ့ဖန်၏ မောက်မာမှုက လူတိုင်းကို အံ့အားသင့်သွားစေသည့်အပြင် နားဝေတိမ်တောင်ပါ ဖြစ်သွားစေသည်။

“မင်း လူတစ်ယောက်ကို သတ်လိုက်တာနဲ့ ဟုတ်လှပြီ ထင်နေတာလား၊ သိပ်တော်တယ်”

လီချုံးယန်၏ မျက်လုံးတွင် လူသတ်ချင်စိတ်များနှင့် ပြည့်နှက်နေ၏။

“မင်းရဲ့ နောက်ခံက တစ်မူထူးခြားတယ်ဆိုပင်မယ့် မင်း ငါ့ကို အာခံရင် မင်းရဲ့ တစ်ဆွေ တစ်မျိုးလုံး ဖျက်ဆီးခံရလိမ့်မယ်၊ မင်း ဘယ်လောက်ပဲ ထူးခြားနေပါစေ မင်း သေရလိမ့်မယ”

လက်ရှိတွင် ယဲ့ဖန်က သူ့ကို တိုက်ခိုက်လာပါစေဟု သူ မျှော်လင့်နေ၏။ သို့မှသာ သူ ယဲ့ဖန်ကို သတ်နိုင်မည့် အကြောင်းပြချက် ရလာမည် ဖြစ်သည်။

ယဲ့ဖန် မျက်မှောင်ကြုတ်သွားသည်။ သူ တကယ်ပင် မသိမသာ တုံ့ဆိုင်းနေမိသည်။ ဝမ်ကောဖူသည် ပိုင်ရွှယ်နှင့် အခြားသူများ အန္တရာယ်ကင်းနိုင်မည့် တစ်ခုတည်းသော လုံခြုံသည့် နေရာ ဖြစ်သည်။

အကယ်၍ ယခု လီချုံးယန်ကို သတ်လိုက်ပါက ဝမ်ကောဖူ ကျောင်းတောင်တစ်ခုလုံးက သူ့ရန်သူ ဖြစ်လာလိမ့်မည်။ သူက မကြောက်သော်လည်း သူ့အနားမှလူများအတွက် မည်သို့ လုပ်ရ မည်နည်း။

သို့သော် လီချုံးယန် မသေလျင် ဝမ်ကောဖူ၌ ပိုင်ရွှယ်နှင့် အခြားသူများ ပို၍ အန္တရာယ်များ ပေလိမ့်မည်။

ထို့နောက်တွင်မူ ယဲ့ဖန် သရော်ပြုံး ပြုံးလိုက်ပြီး ရှေ့သို့ တိုးလိုက်သည်။ ခြေလှမ်းက ကျဲကာ မြန်ဆန်လွန်းလှပြီး လီချုံးယန်ထံ ဦးတည်သွားလေသည်။

“ဟာ ဖုန်းယဲ့ မင်း ကျောင်းအုပ်လီကို တိုက်ဖို့ ကြံစည်နေတာလား”

ရုတ်ချည်းဆိုသလိုပင် လူတိုင်း အသက်ရှူမှားသွားပြီး မျက်နှာတွင် ထိတ်လန့်ဟန်များ ပေါ်လာသည်။ သူတို့၏ စိတ်ထဲတွင် ယဲ့ဖန်ကို ရူးနေပြီဟု ထင်နေကြသည်။

နဂါးအသွင်ပြောင်းခြင်းအဆင့်က သူတော်စင်သခင်အဆင့်အား ရင်ဆိုင်လျင် ပါးရိုက်ခံရ ရုံနှင့်တင် သေသွားနိုင်သည်၊ လုံးဝ ခုခံနိုင်မည် မဟုတ်ပါ။

*ဒီလူ လုပ်တာ လွန်နေပြီ*

ယဲ့ဖန်သည် လေကိုတိုး၍ ချဉ်းကပ်လာနေပြီးနောက် လေတိုက်နှုန်း ပြင်းထန်လာကာ လေးလံသော လူသတ်လိုစိတ်က လီချုံးယန်ထံ ပျံ့လွင့်လာ၏။

“အဖေ သူ့ကိုသတ်၊ အဲ့မောက်မာတဲ့ ခွေးမသားကို သတ်ပစ်လိုက်”

လီပေါ်ရှုက အလွန် စိတ်လှုပ်ရှားစွာ အော်ပြောလေသည်။

*ဒီအရူးက ငါ့အဖေကို လှုပ်ရှားလာအောင် ဖိအားပေးတယ်ပေါ့လေ၊ သေတွင်းတူးနေတာပဲ*

“သေပေတော့”

လီချုံးယန်၏ မျက်လုံးတွင် ဒေါသငွေ့များဖြင့် ပြည့်နှက်နေပြီး ခြေလှမ်းများက အားပါ လွန်းသဖြင့် ကြမ်းပြင်တစ်ခုလုံး ပျက်စီးသွားသည်။

“ဝုန်း”

ထို့နောက် သူသည် လက်ဝါးကိုဆန့်၍ ယဲ့ဖန်အား ဒေါသတကြီး ရိုက်နှက်လိုက်သည်။ သူ့ရည်ရွယ်ချက်က ယဲ့ဖန်ကို အသေသတ်ရန် ဖြစ်သဖြင့် လက်ဝါးချက်တွင် အားကုန်ထည့် သုံးထားသည်။

ချက်ချင်းဆိုသလိုပင် ကျောင်းသားတိုင်းသည် ဤလက်ဝါးချက်ကြောင့် ဖြစ်ပေါ်လာသော ပေါက်ကွဲမှုကြောင့် ချက်ချင်း နောက်သို့ဆုတ်လိုက်ကြသည်။

ဤစွမ်းအင်နှင့် ပွတ်တိုက်မိလျင် ဒဏ်ရာရနိုင်ပြီး တိုက်ရိုက်ထိမိပါက သေနိုင်လောက်သည်။ ကျောင်းသားများသည် ဤဖိအား၏ လွှမ်းမိုးမှုအောက်၌ မျက်နှာဖြူရော်ကာ အားမရှိတော့သလို ခံစားလိုက်ရသည်။

သူတို့ မျက်ခုံးလှုပ်နေပြီး ရင်ထဲ၌ အလွန်အမင်း ကြောက်လန့်နေ၏။ ဤသို့သော လူမျိုးကို ရန်စမိသဖြင့် ယဲ့ဖန် အရိုးပင် ကျန်လောက်မည် မဟုတ်ပါ။

ဤလက်ဝါးချက်အောက်၌ ယဲ့ဖန် သွေးအိုင်အဖြစ်သို့ ပြောင်းလဲသွားလိမ့်မည်ဟု မြင်ယောင် နေကြသည်။

လီချုံးယန်က ရက်စက်သော အပြုံးမျိုး ပြုံးနေသည်။ သူ ယဲ့ဖန်ရှိရာသို့ တည့်တည့် ရိုက်ချလိုက်သဖြင့် ပွဲချင်းပြီး သတ်နိုင်လေပြီ။

ထိုစဉ် မှင်တက်ဖွယ်ကောင်းသော မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာခဲ့သည်။ လီချုံးယန်၏ လက်ဝါးက ယဲ့ဖန်၏ ရင်ဘတ်ကို ဦးတည်၍ ရိုက်ချလိုက်သော်လည်း ယဲ့ဖန်ကို ထိမိချိန်တွင် ချက်ချင်း မျက်နှာပျက်သွားသည်။

အဘယ်ကြောင့်ဆိုသော် သူ့လက်ဝါးက ခန္ဓာကိုယ်ကို မထိမိဘဲ လေကိုသာ ထိမိသွားကြောင်း ခံစားလိုက်ရသောကြောင့်ပင်။

ထို့နောက် သူ့ရှေ့မှ ယဲ့ဖန်က အနက်ရောင် အငွေ့အဖြစ် ပြောင်းလဲကာ ပျောက်ကွယ် သွားသည်ကို တွေ့လိုက်ရသည်။

*မှားသွားပြီ*

*မကောင်းတော့ဘူး*

ချက်ချင်းဆိုသလိုပင် လီချုံးယန်သည် ကြောင်နေရာမှ သတိဝင်လာပြီး သူ့သားကို လှည့်ကြည့် လေသည်။ သို့သော် ယဲ့ဖန်က ထိုနေရာ၌ ဝင့်ကြွားစွာ ရပ်နေပြီး လက်တစ်ဖက်ဖြင့် သူ့သား၏ လည်ပင်းကိုညှစ်ကာ လေပေါ်မြှောက်၍ သူ့အား ထီမထင်ဟန်ဖြင့် ပြန်ကြည့်နေသည်ကိုသာ တွေ့လိုက်ရလေသည်။ သူ၏ အပြုံးက ရက်စက် ခက်ထန်လွန်းသည်။

လူတိုင်း ယဲ့ဖန်ကို တအံ့တဩ လှမ်းကြည့်လာသည်။ အစမှအဆုံးတိုင် သူ၏ ပစ်မှတ်က လီပေါ်ရှုသာ ဖြစ်ပြီး ယင်းအတွက် လီချုံးယန်ကို လှည့်စားလိုက်ခြင်း ဖြစ်သည်။

သူတော်စင်သခင်အဆင့်ဖြစ်သော လီချုံးယန်သည် ပုရွက်ဆိတ်တစ်ကောင်ဟုသာ သူ သတ်မှတ်ထားသည့်လူထံ၌ လှည့်စားခံလိုက်ရလေပြီ။ ရှက်စရာ ကောင်းလိုက်လေခြင်း။

လူတိုင်း ကြ်သေ သေကာ မျက်လုံးများ ကျွတ်ထွက်မတတ် ပြူးကျယ်နေပြီး ဤပြောင်းလဲမှုက ရုတ်တရက် ဆန်လွန်းသည်ဟု ခံစားမိနေ၏။

ဉာဏ်များသော အတွေးကြောင့် လီချုံးယန်ပင် အငိုက်မိသွားခဲ့သည်။ လူတိုင်း လီချုံးယန်ကို သနားသလို ကြည့်လာကြသည်။

“မျိုးမစစ်ကောင် မင်း သူ့ဆံပင်တစ်ချောင်းပဲ ထိကြည့်လိုက်၊ ငါ မင်းကို သတ်ပစ်မယ်”

လီချုံးယန်၏ မျက်လုံးများက မီးဝင်းဝင်းတောက်နေကာ ရူးသွပ်မတတ် ဖြစ်နေလေသည်။ ဤအသက်အရွယ်အထိ သူ ယနေ့ထက်တိုင် အလွန် အရှက်ခွဲမခံရဖူးပါ။ ယခုအခါတွင်မူ ဂျူနီယာ တစ်ယောက်၏ လက်ထဲ၌ သူ ထပ်ခါထပ်ခါ ကစားခံနေရသည်။

“ဟားဟား”

ယဲ့ဖန် ရယ်၍ လီပေါ်ရှု၏ ကျောအား လက်တစ်ဖက် ထိုးစိုက်၍ ကိုယ်တွင်းကလီစာတစ်ခုကို ဆွဲထုတ်လိုက်သည်။ ၎င်းကိုယ်တွင်းအင်္ဂါမှာ အသည်းပင် ဖြစ်သည်။

“အား…”

လီပေါ်ရှု နာကျင်စွာ အော်ဟစ်၍ လူးလွန့်နေကာ မျက်ဆံလည်နေပြီး အချိန်မရွေး သတိလစ် တော့မည့်ပုံပင်။

“မင်း”

လီချုံးယန် အံကြိတ်နေပြီး ယဲ့ဖန် တကယ် လုပ်ရဲပြီး အလွန် ရက်စက်လိမ့်မည်ဟု လုံးဝ ထင်မထားမိချေ။ ယဲ့ဖန်၏ မျက်လုံးများက အေးစက်ခက်ထန်၍ သူ့အား သေချာ ကြည့်နေသည်။

“ကျုပ် ခင်ဗျားအပြုအမူကို သဘောမကျဘူး၊ အဲ့တော့ ခင်ဗျားလေသံကို သတိထားပါ၊ မဟုတ်ရင် ဘယ်လိုအကျိုးဆက် ဖြစ်လာမလဲဆိုတာကို ကျုပ် ပြောစရာ မလိုဘူးမလား”

“မင်း … မင်း ဘာလိုချင်တာလဲ”

လီချုံးယန် အလွန် မကျေမချမ်း ဖြစ်နေပြီး အံကြိတ်ထားရလွန်းသဖြင့် သွားပင် ကြေလောက်သည်ဟု ခံစားမိနေ၏။ သူ့အကြည့်က ယဲ့ဖန်ကို နုတ်နုတ်စင်းရန် မစောင့်နိုင် တော့သည့်ပုံပင်။

“ခင်ဗျားပြောတာမှန်တယ်၊ ကျုပ်အတိုင်းအတာအရဆို ကျုပ်မိသားစုပါ အသတ်ခံရမယ့် ဆရာကို သတ်တဲ့ အပြစ်မျိုး မကျူးလွန်ရဲဘူး ဒါပေမဲ့ …”

ယဲ့ဖန်က မခိုးမခန့် ပြုံးလိုက်သည်။

“သူ့ကိုသတ်ရင်တော့ ဆရာကို သတ်လို့ မိသားစုတွေပါ အသတ်ခံရမယ့် အပြစ်မျိုး မရတော့ဘူး မဟုတ်လား”

လူတိုင်း တုန်လှုပ်သွားကြသည်။ ယဲ့ဖန် ဘာလုပ်ချင်နေသလဲ သူတို့ ခန့်မှန်းမိသွားသည်။

*ဒီလူက တကယ်ကို နတ်ဆိုးပဲ”

“လီချုံးယန် ကျုပ် အခု ခင်ဗျားကို မသတ်နိုင်ပင်မယ့် ခင်ဗျား ကျုပ်ကို သတ်ရဲလား”

ယဲ့ဖန် ရယ်၍ သွေးပေနေသော သူ့လတ်ကို လီပေါ်ရှု၏ ခန္ဓာကိုယ်နှင့် သုတ်လိုက်သည်။

“ခင်ဗျားသားကို ကျုပ် သတ်ရင်တောင်မှပေါ့လေ”

အားလုံး ချွေးပြန်ကာ ကြောက်ရွံ့နေပြီး ကြောက်စိတ်များ ပြည့်နေသော မျက်လုံးများက ယဲ့ဖန်ထံ ကျရောက်လာသည်။

*ဒီလူက ခွန်အားတင် ကြောက်စရာ ကောင်းတာမဟုတ်ဘူး၊ စိတ်ကလည်း ရက်စက်လွန်းတယ်*

ယဲ့ဖန်အပေါ် သူတို့၏ ကြောက်စိတ်က အဆုံးစွန်ထိ ရောက်နေလေသည်။

*ဒီလူက လုံးဝ လူမဟုတ်ဘူး*

လီချုံးယန်သည် မူလက ယဲ့ဖန်ကို အငိုက်မိအောင် ဖိအားပေး၍ ဝမ်ကောဖူ၏ စည်းကမ်းအတိုင်း ရှင်းပစ်ရန် တွေးခဲ့သည်။ သို့ရာတွင် အဆုံးသတ်၌ မထင်မှတ်ဘဲ ယဲ့ဖန်ကသာ သူ့ကို အနိုင်ယူ သွားသည်။

သူ၏ စိတ်အခြေအနေက အောက်ဆုံးအထိ ထိုးချသွားပြီး အမုန်းတရားက မချေဖျက်နိုင် လောက်သည်အထိ ဖြစ်လာလေသည်။

ယခုအခါ၌ လီပေါ်ရှုက ယဲ့ဖန်၏ လက်ထဲ၌ ရှိနေသဖြင့် သူ စိတ်ကို ထိန်းချုပ်၍ ယဲ့ဖန်၏ ကစားခြင်းကိုသာ ခံနေလိုက်ရသည်။

ထို့နောက် လီချုံးယန်က တစ်စုံတစ်ရာကို တွေးမိသွားပြီး မျက်လုံးများ အေးစက်လာသည်။ ထို့နောက် သူက အနီးဆုံး၌ ရှိနေသော နတ်ဆိုးနဂါး ဖုရှန်ထံ ပြေးသွားလေသည်။

ယဲ့ဖန်လက်ထဲ၌ ဓားစာခံရှိသလို သူ့၌လည်း ရှိပေ၏။ သို့သော် ယဲ့ဖန်က ထူးဆန်းသော အပြုံးမျိုး ပြုံးလာသည်။

သူ၏ လက်တစ်ဖက်က လီပေါ်ရှု၏ ကိုယ်ထဲသို့ ထပ်မံ ထိုးဖောက်သွားပြီး ယခုတစ်ခေါက် သူ ဆွဲထုတ်လိုက်သည့်အရာက သရက်ရွက်ပင်။

“ခင်ဗျားအတွေးကို ရပ်လိုက်၊ မဟုတ်ရင် ခင်ဗျား လုပ်ချင်တာ မလုပ်ရခင် ခင်ဗျားသား သေမယ်လို့ ကျုပ် အာမခံတယ်”

“အဖေ ကျွန်တော့်ကို ကယ်ပါဦး၊ ကယ်ပါဦးဗျာ”

လီပေါ်ရှုက သံကုန်မြှင့်၍ အော်ဟစ်လေသည်။ လက်ရှိတွင် သူ အလွန် နာကျင်နေရသည်။ ယဲ့ဖန်က သူ့ဖခင်ရှေ့၌ သူ့ကို သတ်ရဲလောက်သည်အထိ အတင့်ရဲကာ သွေးအေးလိမ့်မည်ဟု သူ လုံးဝ ထင်မထားမိပေ။

အဘယ်ကြောင့် ဤသတ်ဖြတ်ခြင်း နတ်ဆိုးကို သွားရန်စမိသနည်းဟု တွေးကာ အလွန်အမင်း နောင်တရနေ၏။

လီချုံးယန်သည် ရင်ထဲမှ ဒေါသကို ချိုးနှိမ်၍ ပြောလိုက်သည်။

“ဖုန်းယဲ့ မင်း တစ်ခုခု ပြောချင်တယ်ဆိုရင် တိုက်ခိုက်ပြီး လူသတ်ဖို့ မလိုပါဘူး၊ မင်း သူ့ကို လွှတ်ပေးသရွေ့ ငါ မင်း တောင်းဆိုတာကို အတတ်နိုင်ဆုံး ဖြည့်ဆည်းပေးမှာပါ”

“ဪ”

ယဲ့ဖန်က မျက်ခုံးပင့်လိုက်ပြီးနောက် မျက်နှာထားက တင်းမာလာသည်။

“ကျုပ်ညီအစ်ကိုတွေကို ခင်ဗျား ထိခိုက်အောင် လုပ်ခဲ့တုန်းက ဒီလိုပြောဖို့ မတွေးခဲ့ဘူး၊ ကျုပ်မိန်းမကို ခင်ဗျား အရှက်ခွဲတုန်းကလည်း ဒီလိုမပြောခဲ့ဘူး၊ ခင်ဗျား ကျုပ်ကို သတ်ချင်တုန်း ကလည်း ဒီလို မပြောပါဘူး၊ ခင်ဗျား ဘယ်တုန်းကမှ အဲ့လို အတွေးမရှိခဲ့တာဆို ပိုမှန်လောက်တယ်”

“အခုကျမှ ခင်ဗျားက စကားနဲ့ပဲ ပြောချင်တော့တယ်ပေါ့”

ယဲ့ဖန်က ချက်ချင်း ရက်စက်သော အပြုံးမျိုး ပြုံးလိုက်သည်။

“ခင်ဗျားအမေကိုပဲ သွားပြောလိုက်”

ထို့နောက် သူသည် လီပေါ်ရှု၏ ကျောအား လက်ဖြင့် ထပ်ဆိုး၍ ကြီးမားသော အသားစိုင်တစ်ခုကို ဆွဲထုတ်လေသည်။ ယင်းကာ ဘယ်ဘက် အဆုတ်ပင် ဖြစ်ပေသည်။

Chapter 1392 ဘယ်သူက ပိုရက်စက်လဲ

ယနေ့တွင် ယဲ့ဖန်သည် သားသတ်သမားတစ်ဦးနှင့် တူနေပြီး လီပေါ်ရှုုက သူ၏ စဉ်တီတုံးပေါ်မှ ဝက်သားနှင့် တူနေ၏။

“ဖုန်းယဲ့ မင်း ဘာလုပ်ချင်နေတာလဲ”

လီချုံးယန် အံကြိတ်ထားရလွန်းသဖြင့် သွားများပင် ပဲ့လုမတတ် ဖြစ်နေပြီး ရင်ထဲ၌ အမုန်းတရား ပြည့်နှက်နေ၏။ ယဲ့ဖန်အား နုတ်နုတ်စင်းရန် သူ မစောင့်နိုင်တော့ပါ။

သူ လူအများကို တစ်ခါမှ အလွန်အကျွံ မမုန်းခဲ့ဖူးပါ။ ယခုအခါတွင်မူ သူ့အား ရှစ်ပိုင်းပိုင်း၍ မီးလောင်တိုက်သွင်းချင်နေသည်။

ခက်ထန်ကြမ်းကြုတ်သော မျက်လုံးများဖြင့် ယဲ့ဖန်ကို စိုက်ကြည့်နေလိုက်သည်။ လူတိုင်း ထိတ်လန့်နေ၏။ အလွန် လေးစားခံရသော သူတော်စင်သခင်အဆင့်က နဂါးအသွင် ပြောင်းခြင်းအဆင့်ထံ၌ သေမတတ် အရူးလုပ်ခံနေရသည် မဟုတ်ပါလော။ ပြန်လည်ခုခံခြင်းပင် မလုပ်နိုင်ချေ။

ဤသည်မှာ အလွန် ထိတ်လန့်စရာ ကောင်းလှပြီး နှစ်ပေါင်းများစွာ မဖြစ်နိုင်သော အရာတစ်ခုက တကယ် ဖြစ်နေပါတကား။ အားလုံး၏ မျက်လုံးတွင် အတောမသတ်နိုင်သော ထိတ်လန့်မှုများ ရှိနေသည်။

“ခင်ဗျား ကျုပ်ကို အရင်က အကွက်ချခဲ့တယ်၊ အခု ကျုပ်က ခင်ဗျားကို ပြန်အကွက်ချတယ်”

“ကျုပ်တို့နှစ်ယောက်ထဲမှာ ဘယ်သူက ဘယ်သူ့ထက် ပိုပြီး ယုတ်မာတာလဲ”

ယဲ့ဖန်က ရယ်မောလိုက်ပြီး နတ်ဆိုးသဖွယ် ကြမ်းကြုတ်မှုအပြည့်ဖြင့် ပြောလိုက်သည်။

“အခု ကျုပ် ခင်ဗျားကို ကျုပ်နဲ့အတူ ဂိမ်းလေးတစ်ခု ကစားစေချင်တယ်၊ ကျုပ်မေးခွန်းကို ခင်ဗျား မှန်မှန် ဖြေနိုင်သရွေ့ ကျုပ် သူ့ကို လွှတ်ပေးမယ်”

ထို့နောက် သူသည် နှုတ်ခမ်းကိုတွန့်ကွေးကာ ကျောချမ်းဖွယ်ကောင်းသော အပြုံးမျိုး ပြုံးလိုက်သည်။

“ခင်ဗျား ပြောကြည့် ကျုပ် သူ့ကို မသတ်ရဲဘူးလို့ ထင်လား”

လူတိုင်း ခြောက်ခြားသွားကြသည်။

*ဘာလဲဟ ဒီလူ တကယ် သတ်ချင်နေတာလား*

*ဒါက လီချုံးယန် သူ့ကို သတ်လာအောင် ဖိအားပေးနေတာလား*

*ငါတော့ မလုပ်ရဲဘူး*

*ဒီလူက တော်တော် အကြောက်အလန့် မရှိတာပဲ*

လူတိုင်း စိတ်ထဲမှနေ၍ မရည်ရွယ်ဘဲ ပြန်ဖြေနေမိကြသည်။ လီချုံးယန်ရှေ့၌ သားဖြစ်သူကို သတ်လိုက်ခြင်းက လီချုံးယန်အား စိတ်လွတ်သွားစေနိုင်ကာ ယဲ့ဖန်အား အစွမ်းကုန် သတ်လာနိုင်သည်။

ယဲ့ဖန် ဤမျှ စွန့်စားရဲသည်အထိ အတင့်ရဲလိမ့်မည်ဟု သူတို့ မယုံကြည်ပါ။

“မလုပ်ရဲဘူး”

လီချုံးယန်သည်လည်း ထိုသို့တွေးမိသဖြင့် ချက်ချင်း ခွန်းတုံ့ပြန်လိုက်သည်။

“မှားတယ်”

ယဲ့ဖန် ပြုံး၍ လီပေါ်ရှု၏ကိုယ်ကို ထပ်မံ၍ ထိုးဖောက်လိုက်သည်။ လီပေါ်ရှု၏ ကျောနောက်၌ သွေးအလိမ်းလိမ်းနှင့် အပေါက်များ ရှိနေသည်။ ကြည့်ရုံနှင့်တင် ထိတ်လန့်ဖွယ် ကောင်းနေ၏။

သူ အဘယ်ကြောင့် ဤနတ်ဆိုးနှင့် ရန်သူ လုပ်မိရသနည်းဟု တွေးကာ နောင်တရလာ၏။ ထို့ကြောင့်ပင် ယခု သူ သေလုမျောပါး နာကျင်နေရသည် မဟုတ်ပါလော။

ယဲ့ဖန် တစ်ခါ လှုပ်ရှားလိုက်တိုင်း သူ သေမတတ် နာကျင်ရကာ သေခြင်းထက်ဆိုးသော ဘဝနှင့် နေနေရသည်။ စော်ကားခံရခြင်း၊ အလှောင်ခံရခြင်းပင်။

ယဲ့ဖန်က လီချုံးယန်အား မျောက်သဖွယ် ကစားနေခြင်းဖြစ်ကြောင်း လူတိုင်း ရိပ်မိနေသည်။

“မင်းလုပ်ရဲတယ်ပေါ့ ဟုတ်လား”

လီချုံးယန်၏ နားထင်ကြောများ ထောင်လာသည်။ သူ သတ်ချင်နေသည်။ သူ လူသတ်ချင်နေ၏။ ယဲ့ဖန်ကို နုတ်နုတ်စင်းရန် သူ မစောင့်နိုင်တော့ပါ။

“ဟုတ်တယ်”

ယဲ့ဖန်က ခေါင်းညိတ်၍ သရော်ပြုံး ပြုံးလိုက်သည်။ ထို့နောက်တွင်မူ

“ဂျွတ်”

“တောက် တောက်”

လီပေါ်ရှု၏ ကျောနောက်မှ ပူနွေးသော သွေးစက်များ တတောက်တောက် စီးကျနေ၏။ သူ၏ နောက်စေ့တစ်ခုလုံး ကြေမွနေသည်။

လူတိုင်း အသက်အောင့်လိုက်မိပြီး ကြောက်စိတ်ကြောင့် အသံပင် မထွက်နိုင်တော့သလို မျက်လုံးပင် ပြူးလာ၏။

*ဒီကောင် လီပေါ်ရှုကို တကယ် သတ်လိုက်တာလား*

*ဒါ လီချုံးယန်နဲ့ တစ်သက်လုံး ရန်သူအဖြစ် နေသွားချင်တာလား*

*အရူး*

*ဘယ်လိုလုပ် ဒီလောက်ရူးတဲ့ အရူးရှိနေရတာလဲ*

လီပေါ်ရှု၏ မျက်လုံးများ သေသွားပြီးနောက် မြေကြီးပေါ် ဘုန်းခနဲ ကျလာသဖြင့် မြေကြီးတွင် သွေးများ ရွှဲရွှဲစိုလာ၏။

ယဲ့ဖန်ကမူ သူ့ဘေး၌ တည်ငြိမ်စွာ ရပ်နေပြီး သူ့လက်ချောင်းမှ သွေးများ တတောက်တောက် စီးကျနေသည်။ ထို့အပြင် သူက ထီမထင်သောအပြုံး ပြုံးနေ၏။

“မင်း သူ့ကိုသတ်လိုက်တယ်၊ မင်း သူ့ကို သတ်ရဲတယ်ပေါ့လေ”

လီချုံးယန် ရူးသွပ်သွားပြီး သံကုန်အော်ဟစ်လိုက်ကာ မျက်လုံးတွင် လူသတ်ချင်စိတ်များ တောက်လောင်လာသည်။ ယဲ့ဖန်က သူ့ရှေ့တည့်တည့်၌ သူ့သားကို သတ်ရဲလိမ့်မည်ဟု ထင်မထားမိပါ။

“မျိုးမစစ်ကောင် ငါ မင်းကို တစ်စစီ စုတ်ဖြဲပစ်မယ်ကွ”

လီချုံးယန် ရူးသွပ်သွားပြီး ဒေါသတကြီး ယဲ့ဖန်ထံ ပြေးဝင်ကာ လက်ဝါးကိုဖြန့်၍ အားဖြင့် ရိုက်ချလာသည်။ ရူးသွပ်ဖွယ် လူသတ်လိုသည့် အငွေ့အသက်က ယဲ့ဖန်ကို လွှမ်းခြုံလာ၏။

“မင်း သေပေတော့”

လီချုံးယန်သည် ယဲ့ဖန်အား မုန်ယိုနေသော သားရဲသဖွယ် သည်းကြီးမည်းကြီး တိုက်ခိုက် လာသည်။ လေတိုးသံများ ထွက်ပေါ်လာပြီး လူသတ်လိုသည့် အငွေ့အသက်က ကွင်းပြင် တစ်ခုလုံး၌ ပြည့်နှက်လာလေသည်။

စင်မြင့်တစ်ခုလုံး ပျက်စီးသွားပြီး ပြင်းထန်သော ဟာရီကိန်းမုန်တိုင်းသဖွယ် အရှိန်အဝါများ ပျံ့လွင့်လာသည်။ ဤသည်မှာ လူသတ်လိုသည့် အရှိန်အဝါဖြစ်ပြီး လီချုံးယန်၏ လူသတ်ချင် နေသော အရှိန်အဝါ ဖြစ်ပေသည်။

ယင်းအရှိန်အဝါက လူအများအား တစ်ကိုယ်လုံးကို အပ်ဖြင့် ထိုးသကဲ့သို့ နာကျင်စေသည်။ လီချုံးယန် တကယ် တိုက်ခိုက်ပြီဖြစ်ကြောင်း လူတိုင်း တပ်အပ်သိလိုက်ကြသည်။ လီပေါ်ရှု၏ သေဆုံးမှုက သူ၏ နောက်ဆုံးသော ဆင်ခြင်တုံတရားကို ရိုက်ချိုးသွားသည်။ ယခု ယဲ့ဖန် မသေမချင်း သူ လက်လျော့တော့မည် မဟုတ်ပါ။

လူတိုင်း စိတ်မကောင်းဖြစ်သော မျက်နှာများနှင့် ခေါင်းခါနေကြသည်။ ယဲ့ဖန်၏ အရည်အချင်းအရဆိုလျင် နှစ်တစ်ရာအတွင်း လီချုံယန်နှင့် အဆင့်တူလာမည် ဖြစ်သည်။

သူ ဘဝင်မြင့်လွန်းနေသည်က စိတ်မကောင်းစရာပင်။ ကျောက်တုံးကို ကြက်ဥသွား ပေါက်သကဲ့သို့ သူ့သေတွင်း သူတူးနေ၏။

ထိုအခိုက်တွင် မျှော်လင့်ချက်မဲ့သွားသော ကြီးကြပ်ရေးမှူးလီသည် ပြန်လည်၍ မျှော်လင့်ချက် ရလာပြီး ဝမ်းသာဟန် ပေါ်လာသည်။

*ဒီကောင်က လီချုံးယန်ရှေ့မှာ သူ့သားကို သတ်ရဲလောက်တဲ့အထိ အတင့်ရဲလိမ့်မယ်လို့ ငါ ထင်မထားမိဘူး၊ ဒီတစ်ခါတော့ သိကြားမင်း ဆင်းကယ်တောင် ဒီကောင် သေမှာပဲ*

ကြီးမားသော လက်ဝါးတစ်ချက်က ယဲ့ဖန်ထံ ရုတ်တရက် ကျရောက်လာသည်။ သို့သော် သူ့လက်ဝါးက အနက်ရောင် အငွေ့ကိုသာ ထိမိသွားသည်။

*ဒီကောင် ထပ်ပျောက်သွားပြန်ပြီလား*

လူတိုင်း ထိတ်လန့်တုန်လှုပ်သွားသည်။

*ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ၊ နဂါးအသွင်ပြောင်းခြင်းအဆင့်က သူတော်စင်သခင်အဆင့်ကို လှည့်စားနိုင်တာလား*

“အား… ဖုန်းယဲ့ မင်း ထွက်လာခဲ့စမ်း”

လီချုံးယန် သံကုန်အော်ဟစ်လိုက်သည်။ ယဲ့ဖန်ထံ၌ ထပ်ခါထပ်ခါ လှည့်စားခံနေရသောကြောင့် သူ သွက်သွက်ခါအောင် ရူးချင်နေ၏။

“စိတ်အေးအေးထားပါ၊ ခင်ဗျား ကျုပ်ကို သတ်လိုက်ရင် ဝမ်ကောဖူက ခင်ဗျား ရန်သူ ဖြစ်သွားမှာနော်၊ ခင်ဗျား ဂရုမစိုက်ဘူးလား”

ယဲ့ဖန်က အပြုံးနှင့် လျှောက်လာသည်။ လီချုံးယန်၏ မျက်နှာ သုန်မှုန်သွားသည်။ သူ ယဲ့ဖန်ကို သတ်လိုက်လျင် ဝမ်ကောဖူ၏ လက်တုံ့ပြန်မှုကို သူ မခုခံနိုင်သဖြင့် သေရပေလိမ့်မည်။

*ဒီကောင်က အဲ့အချက်ကို သိလို့ မောက်မာရဲတာပဲ*

ဒေါသစိတ် ဖုံးလွှမ်းကာ သူ့ကို သတ်ချင်နေသည့် လီချုံးယန်တစ်ယောက်က ဤသည်ကို မည်သို့ မသိဘဲ နေပါမည်နည်း။

လီချုံးယန်က အေးစက်စွာ ပြန်ပြောလိုက်သည်။

“ငါ မင်းကို မသတ်နိုင်ပင်မယ့် ငါ့နောက်လိုက်နဲ့ ငါ့တပည့်တွေက မင်းကို အခါတစ်ထောင် လောက် သတ်နိုင်တယ်ကွ”

*တပည့်တွေ ဟုတ်လား*

ယဲ့ဖန် ပြုံး၍ ဖျတ်ခနဲ လှုပ်ရှားလိုက်ကာ ချင်ရွှေကျောင်းတော်မှ တပည့်များကြားသို့ ရောက်သွားလေသည်။

“မင်း”

ကျောင်းသားတစ်ယောက် ခေါင်းမွေးထောင်သွားသည်။ အဘယ်ကြောင့်ဆိုသော် ယဲ့ဖန်က ဘယ်အချိန်ကတည်းက သူ့အနောက်သို့ ရောက်နေမှန်း မသိသောကြောင့်ပင်။

ထို့နောက် ယဲ့ဖန်က ထိုတပည့်၏ ခေါင်းကို လက်ဖြင့် ရိုက်ချလိုက်သည်။

“ဖြောင်း”

ထိုတပည့်၏ ဦးခေါင်းသည် တစ်ရာ့ရှစ်ဆယ် ဒီဂရီ လည်သွားပြီးနောက် အနောက်သို့ လိမ်၍ လှည့်လာသည်။

*သေပုံကြီးက ထူးဆန်းလိုက်တာ*

လူတိုင်း ရုတ်ရုတ်သကဲသဲ ဖြစ်သွားကြသည်။ လူတိုင်း ဓာတ်လိုက်သွားသကဲ့သို့ ဖြစ်ကာ မယုံသင်္ကာ ဖြစ်နေလေသည်။

*လီချုံးယန်ရဲ့ သားကို သတ်ရုံနဲ့ မလုံလောက်လို့ တပည့်ကိုပါ သတ်တာလား*

*တော်တော်လေး မောက်မာတာပဲ*

ယဲ့ဖန်က လီချုံးယန်ကို အရှက်ခွဲနေခြင်းပင်။ သူ့အား ဘယ်ပြန်ညာပြန် မျက်နှာဖြတ်ရိုက် နေသည်နှင့် တူနေ၏။ ချင်ရွှေကျောင်းတော်အား သူ မျက်နှာထားစရာ မရှိအောင် လုပ်နေခြင်းပင်။

ယဲ့ဖန်က လီချုံးယန်ကို ဆက်တိုက် ရန်စ၍ သေခြင်းတရား၏ အဆုံးစွန်ထိ သွားနေသည်ဟု လူတိုင်း ထင်လာကြသည်။ ဤအပြုအမူက မိုက်ရူးရဲဆန်ကာ ရူးချင်စရာ ကောင်းလှသည်။

“ခင်ဗျားက ဒီအမှိုက်တွေကို ပြောနေတာလား”

ယဲဖ့န် ဟာသကြီးတစ်ခုကို ကြားလိုက်ရသကဲ့သို့ ရယ်နေသည်။ ထို့နောက် နောက်တစ်ယောက်အား ကန်ထုတ်လိုက်သည်။

ရုတ်ချည်းဆိုသလိုပင် ကျောင်းသားတစ်ယောက် လွင့်ထွက်သွားသည်။ ထိုကျောင်းသား၏ ခန္ဓာကိုယ်သည် ထိုကန်ချက်ကို တောင့်မခံနိုင်သဖြင့် လွင့်ထွက်သွားစဉ်မှာပင် လေထဲ၌ ပေါက်ကွဲသွားသည်။

လီချုံးယန်၏ မျက်လုံးများက စိတ္တဇသမား၏ မျက်လုံးနှင့် ပိုတူလာပြီး ပိုမို ခက်ထန်လာ၏။ သူ ဆက်တိုက် အရှက်ကွဲနေသဖြင့် အသိစိတ် ပျောက်သွားလေသည်။

လက်ရှိ၌ သူ့တွင် ယဲ့ဖန်အား နုတ်နုတ်စင်းချင်သည့် အတွေးတစ်ခုတည်းသာ ရှိနေသည်။

“ဒီနေ့ မင်းကို ဘယ်သူမှ မကယ်နိုင်စေရဘူး၊ ငါ မင်းကို သေတဲ့အထိ ဖြည်းဖြည်းချင်း နှိပ်စက်မယ်”

လီချုံးယန် ယဲ့ဖန်ထံသို့ ဒေါသတကြီး ပြေးဝင်သွားသည်။ ထိုစဉ် အလင်းတန်းတစ်ခု ထွက်လာပြီး အလင်းအရိပ်တစ်ခု ထွက်ပေါ်လာပြီး ဒေါသနှင့် အော်ငေါက်လေသည်။

“လီချုံးယန် မင်းက ဘယ်သူ့ကို နှိပ်စက်ချင်နေတာလဲ”

ထိုအော်သံက မိုးခြိမ်းသံပမာ ကျယ်လောင်၍ နားကွဲမတတ် ဖြစ်စေသည်။ ကျောင်းသားတိုင်း ကြက်သီးထသွားပြီး ထိုအလင်းအရိပ်အား ပြိုင်တူ ကြည့်လိုက်မိကြသည်။

“ကျောင်းအုပ်ဟွာ”

သူတို့အရှေ့မှလူသည် ဝမ်ကောဖူ ကျောင်းအုပ်များထဲမှ တစ်ယောက် ဖြစ်ပြီး နတ်ဘုရင်အဆင့်သို့ ရောက်နေသူ ဖြစ်သည်။

“ကျောင်းအုပ်လီက တော်တော် လေကျယ်တာပဲ၊ မင်း သတ်ချင်တဲ့လူတိုင်းကို သတ်မယ်ပေါ့၊ အဲ့လိုလူမျိုးက ဝမ်ကောဖူရဲ့ ကျောင်းအုပ်တစ်ယောက် ဖြစ်နေတာလား”

အခြားတစ်နေရာမှ အလင်းအရိပ်တစ်ခု ပေါ်လာပြန်သည်။

“မင်း သူ့ဆံပင်တစ်ချောင်းကို ထိရဲလို့ကတော့ ငါ မင်းကျောင်းကို ဖျက်ဆီးပစ်မယ်”

ထို့နောက် တတိယမြောက် အလင်းအရိပ်တစ်ခု ပေါ်လာသည်။ ထိုလူသည် အနီရောင်ဆံပင်နှင့် မေးရိုးကားကာ ခက်ထန်သော မျက်နှာ ရှိသည်။

တစ်နေရာဆီမှ အလင်းအရိပ်များ ဆက်တိုက် ထွက်ပေါ်လာပြီး ထိုလူတိုင်းက ဝမ်ကောဖူ၏ တာဝန်ရှိ ကျောင်းအုပ်များ ဖြစ်နေ၏။

“လီချုံးယန် မင်း ဘာလုပ်ချင်နေတာလဲ”

ရေခဲတမျှ အေးစက်၍ လူသတ်ချင်စိတ်များ ပါဝင်နေသည့် စူးရှသော အကြည့်တစ်ခုက လီချုံးယန်၏ ကိုယ်ပေါ်သို့ ကျရောက်လာသည်။

ထိုအခါ ပတ်ဝန်းကျင်တစ်ခုလုံး ပွက်လောရိုက်သွားသည်။ လူတိုင်း ထိတ်လန့်ကာ အသက်ပင် မရှူနိုင်တော့ချေ။

ဤကျောင်းအုပ်များသည် တံခါးပိတ်ကျင့်ကြံနေသူများ သို့မဟုတ် ကမ္ဘာအနှံ့ သွားလာနေသူများ ဖြစ်သည်။ သူတို့အား ပုံမှန်ဆိုလျင် ကျောင်းတော်တွင်း၌ မတွေ့နိုင်ပါ။

သို့သော် ယခုအခါ၌ ဖုန်းယဲ့တစ်ယောက်တည်းအတွက်နှင့် သူတို့အားလုံးက ဝမ်ကောဖူ၏ ကျောင်းခွဲလေးတစ်ခုသို့ ရောက်လာကြသည်တဲ့လား။

*ဒါက*

*မယုံနိုင်စရာပဲ*

*ဒီဖုန်းယဲ့က ဘယ်လိုအစွမ်းတွေ ဖုံးထားလို့ ဒီနတ်ဘုရင်အဆင့် ကျောင်းအုပ်တွေကို လှုပ်ရှားအောင် လုပ်နိုင်တာလဲ*

*ဒီလူ … သောက်ကျိုးနည်း သူက ဘယ်သူလဲ*

လူတိုင်း အာခြောက်လာပြီး နေရခက်ကာ မယုံနိုင် ဖြစ်နေကြသည်။ ဝမ်ကောဖူ တစ်ခုလုံးမှ ကျောင်းအုပ်တိုင်းက လူတစ်ယောက်တည်းအတွက် စုဝေးနေသည်တဲ့လား။

ဝမ်ကောဖူ၏ ကျောင်းအုပ်တိုင်းက ယဲ့ဖန်အတွက် ထွက်လာကာ ကာကွယ်ပေးနေကြသည်။ ဤသည်ကိုသာ အပြင်လူများ သိသွားလျင် တစ်လောကလုံး တုန်လှုပ်သွားလောက်သည်။

လီချုံးယန် မှင်တက်သွားပြီး တစ်ကိုယ်လုံး‌ အေးစက်ကာ နေရာမှာတင် ကြက်သေ သေနေမိသည်။ ဤလူအိုကြီးများ ဤမျှ မြန်မြန်ဆန်ဆန် ရောက်လာလိမ့်မည်ဟု သူ မျှော်လင့် မထားမိပေ။

သူ တစ်ကိုယ်လုံး အကြောများ ထုံထိုင်းကာ မလှုပ်ရဲတော့ချေ။ ဤလူများသည် ကျောင်းအုပ်များ ဖြစ်ရုံသာမက သိုင်းအဆင့်က နတ်ဘုရင်အဆင့်များ ဖြစ်ကြသည်။ သူတို့သာ သူ့ကို ပြိုင်တူ တိုက်လာလျင် သူ ဘယ်လိုနည်းနှင့်မျှ ခုခံနိုင်မည် မဟုတ်ပါ။

ထို့ကြောင့် လီချုံးယန်သည် ပေါက်ကွဲတော့မည့် သူ့ဒေါသကို ခက်ခက်ခဲခဲ မျိုသိပ်လိုက်ရသဖြင့် ရူးမတတ် ဖြစ်နေလေသည်။

“သူ ကျုပ်သားကို သတ်ခဲ့တယ်လေ၊ အဲ့ကိစ္စကိုရော”

လီချုံးယန်က မုန်းတီးမှုများ ပြည့်နေသော အကြည့်များဖြင့် အံကြိတ်နေ၏။ သူ ယဲ့ဖန်ကို မသတ်ဘဲ မည်သို့ ရပ်တန့်နိုင်ပါမည်နည်း။

“ငါတို့ ဒီကိစ္စကို သိထားပြီးပြီ၊ ဒါ မင်းသားရဲ့ အမှားပဲ၊ ဟဲဟဲ လီချုံးယန် ငါတို့ကို မင်း ဘယ်လိုအကွက်မျိုး ကစားနေလဲ မသိဘူး ထင်နေလား၊ ကောင်းကင်အဆင့် ပါရမီရှင်ကို မင်း စိတ်ကြိုက် နှိပ်ကွပ်ချင်တယ်ပေါ့လေ၊ မင်း ငါတို့ကို သေပြီလို့ မှတ်နေလား”

All Chapters