← Chapters

Chapter 1393 - 1394

Vol. 93 Ch. 1393 - 1394

Chapter 1393 - 1394

Vol. 93 Ch. 1393 - 1394

Chapter 1393 မင်း ကြိုက်တာလုပ်

အနီရောင်ဆံပင်နှင့် မေးရိုးကားသော အဘိုးအိုမှာ ရှန်းထိုက်ကျုံ ဖြစ်ပြီး နတ်ဘုရင်အဆင့် ရှိသူ ဖြစ်ကာ လက်ရှိတွင် လီချုံးယန်အား စိုက်ကြည့်နေ၏။

သူ့စကားကို ကြားသော် လီချုံးယန်သည် တစ်ခဏမျှ မှင်တက်နေပြီးမှ ဟွမ်ယွီလင်းကို ရန်လိုသော အကြည့်ဖြင့် ကြည့်လိုက်သည်။

*ဒီသောက်ခွေးမလေးကတော့*

*လတ်စသက်တော့ ဒီလူအိုကြီးတွေက အားလုံး သိနေတာပဲ*

ဘေးပတ်ဝန်းကျင်မှလူတိုင်း အေးစိမ့်သွားပြီး ကြက်သီးတဖြန်းဖြန်း ထလာကြသည်။

*ဒီလူက ကျောင်းအုပ်တွေ ပေါ်လာအောင် လုပ်နိုင်မှတော့ လီချုံးယန်ကို မျောက်တစ်ကောင်လို ကစားပြီး စိတ်ရှိတိုင်း လုပ်နိုင်ပြီပေါ့*

*ဒီလူက အရမ်း ကြောက်ဖို့ကောင်းတယ်*

*ခွန်အားတင် ကြောက်စရာကောင်းတာ မဟုတ်ဘူး၊ သူ့စိတ်ကလည်း ဉာဏ်များပြီး ထက်မြက်တယ်*

ကျောင်းအုပ်များ ပြိုင်တူ ပေါ်လာသည်ကိုမြင်သောအခါ လူတိုင်း အခြေအနေ အေးချမ်းသွားပြီ ဖြစ်ကြောင်း သိလိုက်သည်။

*မကောင်းဆိုးဝါး*

*ဉာဏ်ထက်တာနဲ့ ခွန်အားက မကောင်းဆိုးဝါးလို တအား ကြောက်ဖို့ကောင်းတယ်*

*ဆာလောင်နေတဲ့ ဝံပုလွေလို စဉ်းလဲပြီး ရက်စက်တယ်*

*ဒီလိုမကောင်းဆိုးဝါးနဲ့ ရန်သူဖြစ်တဲ့လူက ဦးနှောက်ချောင်နေလို့ပဲ ဖြစ်မယ်*

ထိုအခိုက်တွင် လူတိုင်း လီချုံးယန်ကို ကရုဏာသက်သလို ကြည့်လာကြသည်။ ယခင်က သူတို့ ယဲ့ဖန်ကို အထင်သေးခဲ့သော်လည်း ယခုအခါ၌ လီချုံးယန်ကို သူတို့ ကရုဏာသက် လာကြသည်။

ဤသို့ရန်များသောလူကို ရန်စမိခြင်းကြောင့် လီချုံးယန် အတိတ်ဘဝက အကုသိုလ်များခဲ့၍ ဖြစ်ပေမည်။

“ဘိုးဘိုးကျောင်းအုပ်တို့ ကျောင်းအုပ်လီက ကျွန်မကို မလိုလားဘူး၊ ကျွန်မ ဒီမှာ ထပ်မနေ ချင်တော့ဘူး၊ ကျွန်မ အိပ်ပြန်ချင်တယ်”

ထိုစဉ် ဟွမ်ယွီလင်းက ရုတ်တရက် ငိုကြွေးလာပြီး သူမပုံစံက မိုးစက်အောက်မှ ပန်းပွင့်လေး သဖွယ် ဖြစ်နေကာ အလွန် သနားစရာ ကောင်းလှသည်။

ဤသည်ကိုမြင်သော် လူတိုင်း ရင်ကွဲတော့မည်ဟု ခံစားလာရသည်။ နှုတ်ခမ်းကို မသိမသာဆူ၍ ဝမ်းနည်း၍ မကျေမနပ် ဖြစ်နေသော အမူအရာလေးက မြင်သူတကာအား စိတ်ထိခိုက်စေသည်။

သူမပုံစံကိုမြင်ပြီး ထိုကျောင်းအုပ်များ ဒေါသူပုန်ထသွားကြသည်။

“လီချုံးယန် မင်း လုပ်ရပ်ကို ကြည့်စမ်း၊ လင်းအာသာ ဝမ်ကောဖူက ထွက်သွားလို့ကတော့ ငါ မင်းကို သတ်ပစ်မယ်”

“လင်းအာ မင်း အဲ့အဘိုးကြီးကို အာရုံစိုက်နေစရာ မလိုဘူး၊ သူ မင်းကို နောက်ပိုင်း အနိုင်ကျင့်ရဲရင် ဒီဘိုးဘိုးဆီလာခဲ့၊ ဘိုးဘိုး မင်းအတွက် လက်စားချေပေးမယ်”

ရုတ်တရက် ဒေါသတရားက အလွန်အမင်း ဆိုးရွားလာပြီး အားလုံးက ဟွမ်ယွီလင်းအပေါ် ကြင်နာကြောင်း ပြသလာ၏။

“လင်းအာ ဘိုးဘိုးတို့စကားကို နားထောင်နော်၊ မငိုနဲ့၊ ငိုရင် ကြည့်မကောင်းဘူးလေ”

“ဟုတ်တယ် ဘိုးဘိုးတို့က မင်းကို သိပ်သဘောကျတာ၊ မင်းကို ဘယ်လိုလုပ် သွားခွင့် ပေးရမှာလဲ၊ မင်းက ဘာလို့ သွားရမှာလဲ၊ အဲ့ခွေးအိုကြီး လီချုံးယန် မဟုတ်ဘဲ မင်းက ဘာလို့ ထွက်ရမှာလဲ”

*ခွေးအိုကြီး*

လူတိုင်း ခေါင်းမွေးထောင်သွားပြီး အသက်ပင် မရှူရဲတော့ပါ။ လီချုံးယန်သည်လည်း နှလုံးသားကို ဓားဖြင့် အထိုးခံလိုက်ရသကဲ့သို့ ခံစားသွားရကာ သွားများ ကျိုးမတတ် ဖြစ်လာရသည်။

*ခွေးမ သောက်ခွေးမ*

ယဲ့ဖန်က သူ့ကို ထိခိုက်အောင် လုပ်ခဲ့ပြီး ဤခွေးမက သူ့အား ကူ၍ ဓားဖြင့် ထိုးသွားစေသည်။

“ဟုတ် ကျွန်မ ထွက်မသွားတော့ဘူး”

ဟွမ်ယွီလင်း ခေါင်းညိတ်လိုက်ပြီးနောက် လီချုံးယန်ကို လက်ညှိုးထိုးလေသည်။

“ဒါဆို သူ ကျွန်မကို အနိုင်ကျင့်ခွင့် မပေးရဘူးနော်”

“စိတ်မပူနဲ့ သူသာ မင်းကို ထပ်အနိုင်ကျင့်ရဲလို့ကတော့ ငါ သူ့ခြေထောက်ကို ချိုးပစ်မယ်”

ရှန်းထိုက်ကျုံ မည်သို့သော သနားကြင်နာမှုကိုမှ မပြဘဲ အေးစက်စွာ မာန်မဲလိုက်သည်။ လီချုံးယန် ရှိသမျှ အရှက်မကွဲမချင်း လက်လျှော့မည့်ပုံ မရချေ။

ယဲ့ဖန် ဟွမ်ယွီလင်းကို တအံ့တဩ ကြည့်လိုက်မိသည်။ ရိုးသားကြင်နာပုံရသည့် ဤမိန်းကလေးက ဉာဏ်များ၍ လှည့်စားတတ်လိမ့်မည်ဟု သူ ထင်မထားမိပေ။ တကယ်ပင် တံငါးနားနီး တံငါ ဖြစ်သည့်အကွက်ပင်။ သူမတွင် ပိုင်ရွှယ်၏ ဉာဏ်များတတ်သော အကျင့်များ ကူးနေလေပြီ။

“ကျုပ်ကရော ဘာပဲဖြစ်ဖြစ် ကျုပ်လည်း ကျောင်းအုပ် တစ်ယောက်ပဲလေ၊ ဒီနေ့ အရှက်ကွဲတဲ့ ကိစ္စက ဝမ်ကောဖူရဲ့ သိက္ခာနဲ့လည်း ပတ်သက်တာပဲ၊ ကျုပ် ဘယ်လိုလုပ် ဒီအတိုင်း ထားနိုင်မှာလဲ”

လီချုံးယန်က သုန်မှုန်သော မျက်နှာနှင့် ပြောလေသည်။

“သွားကျိုး မင်းအမုန်းတရားကို ကိုယ့်ဘာသာ မျိုချလိုက်”

“ဒါ မင်းထိုက်နဲ့မင်းကံလေ၊ ဖြစ်တာတောင် နည်းသေးတယ်”

“မင်း ဖုန်းယဲ့ရဲ့ ဆံပင်တစ်ချောင်းကို ထိရဲလို့ကတော့ မင်းအသက်နဲ့ ပြန်ပေးဆပ်ရမယ်”

ကျောင်းအုပ်များအားလုံးက အလွန် အေးစက်သော အမူအရာနှင့် ကြိမ်းမောင်းကြသည်။ ထိုအခါ ယဲ့ဖန်က မချိုမချဉ် ပြုံးလာသည်။

“မင်း နတ်ဆိုးကို နောက်ကျောကနေ ဓားနဲ့ထိုးခဲ့တယ်၊ အခုလည်း စည်းကမ်းတွေကို သုံးပြီး သူ့ကို ချုပ်နှောင်ချင်တယ်၊ အခု စည်းကမ်းတွေ ပျက်သွားပြီဆိုတော့ အဲ့နတ်ဆိုးက ဘာလုပ်မယ်ထင်လဲ”

လက်ဝါးတစ်ချက်က လေကိုခွင်း၍ အရှိန်ဖြင့် ကျရောက်လာသည်။ ထိုကြောက်စရာ ကောင်းသော ချီစွမ်းအင်က ကျောင်းသားတိုင်းအား ကြက်သီးထသွားစေသည်။

ကျောင်းအုပ်များတောင်မှ မယုံသင်္ကာဖြစ်ဟန် ပြလာသည်။ ဤတိုက်ခိုက်မှုက နဂါးအသွင်ပြောင်းခြင်း အဆင့်တစ်ယောက်ထံမှ ထွက်ပေါ်လာသည်ဟု သူတို့ မယုံနိုင်ပါ။

တစ်ယောက်၊ နှစ်ယောက်၊ မရေတွက်နိုင်သော လူများ ပေါက်ကွဲသေဆုံးသွားကြသည်။ ချင်ရွေကျောင်းတော်မှ တပည့်များသည် တစ်ယောက်ပြီး တစ်ယောက် ပေါက်ကွဲသေဆုံးကာ တစ်စစီ ဖြစ်သွားလေသည်။

တစ်ခဏအတွင်း လူဆယ်ယောက် သေဆုံးကာ ထိခိုက်ဒဏ်ရာရသူ များလာသည်။ ယဲ့ဖန်၏ တိုက်ခိုက်မှုက ရက်စက်လွန်း၏။ သူသည် လီချုံးယန်အား တစ်လုံးချင်း ပြောလိုက်သည်။

“အဲ့နတ်ဆိုးက သူ လုပ်ချင်တာ လုပ်လိမ့်မယ်”

ထို့နောက် ယဲ့ဖန်က ခြေလှမ်းကျဲကျဲဖြင့် ရှေ့သို့ လျှောက်သွားသည်။ ခြေလှမ်းတိုင်း၌ လူများကို သတ်သွားသဖြင့် အော်သံများ တစ်သံပြီးတစ်သံ ထွက်လာသည်။

မျက်စိရှေ့မှမြင်ကွင်းက လူတိုင်းအား ထိတ်လန့်သွားစေသည်။

*အစုလိုက်အပြုံလိုက် သတ်နေတာပဲ*

ယဲ့ဖန် ရှေ့သို့လျှောက်သွားတိုင်း သူ ဖြတ်သွားသည့်နေရာတိုင်း၌ သေကြေပျက်စီးသွားသည်။ ထိုကျောင်းသားများက သူ၏ ပြိုင်ဘက် မဟုတ်ချေ။ ဘုရင်အဆင့်တောင်မှ တစ်ချက်တည်းဖြင့် သေရလေသည်။

လက်ရှိမြင်ကွင်းက နတ်ဆိုးတစ်ကောင် လောကထဲ ရောက်လာပြီး တံစဉ်ကို လွှဲယမ်း၍ အသက်များကို နုတ်ယူနေသည်နှင့် တူနေကာ သူ လုပ်ချင်သည်ကို လုပ်၍ သတ်ဖြတ်နေသည်။

“ဝမ်ကောဖူရဲ့ တပည့်ကို သူ သတ်နေတယ်လေ၊ ခင်ဗျားတို့ အရေးမလုပ်ဘူးလား”

လီချုံးယန် ဒေါသတကြီး အော်လိုက်ပြီး ရူးမတတ် ဖြစ်ကာ အမုန်းတရားအား မချေဖျက် နိုင်တော့ချေ။ ထိုအခါ ကျောင်းအုပ်များက သရော်လေသည်။

“ဝမ်ကောဖူရဲ့ တပည့်တွေ အသတ်ခံရတာလား၊ ချင်ရွှေကျောင်းရဲ့ တပည့်တွေ အသတ်ခံ ရတာလား”

“ခင်ဗျား”

ထိုစကား၏ အဓိပ္ပာယ်ကို လီချုံးယန် မသိဘဲ နေပါမည်လော။ ဤလူအိုကြီးများက ဘေးထွက်ကာ ရပ်ကြည့်ရန်သာ စဉ်းစားထားကြောင်း သိသာလှသည်။

ရှန်းထိုက်ကျုံနှင့် အခြားသူများသည် တကယ်ပင် ဘေးထွက်၍ ကြည့်နေရန် ကြံစည်ထား ကြသည်။ ယဲ့ဖန် ပိုသန်မာ၍ လွှမ်းမိုးနိုင်လေ သူတို့ ပိုပျော်ရွှင်လေပင်။ အဘယ်ကြောင့်ဆိုသော် ယဲ့ဖန်ထံ၌ အဆုံးအစမဲ့သော အလားအလာကို သူတို့ မြင်နေရသောကြောင့်ပင်။

နဂါးအသွင်ပြောင်းခြင်းအဆင့် တစ်ယောက်က ဘုရင်အဆင့်အား စက္ကန့်ပိုင်းအတွင်း သတ်ပစ်နိုင်သည်။ ထိုသို့ဆိုလျင် နောင်အနာဂတ်၌ သူသာ သူတော်စင်သခင်အဆင့်နှင့် နတ်ဘုရင်အဆင့်သို့သာ ရောက်လာလျင် မည်သို့ ဖြစ်လာနိုင်သနည်း။

*ဒီကောင်လေးက ခေတ်အဆက်ဆက် ဝမ်ကောဖူရဲ့ တပည့်တွေထဲက အံ့ဩစရာ အကောင်းဆုံးနဲ့ အတော်ဆုံးတပည့်ပဲ၊ အဲ့တော့ သူ့ကို ကောင်းကောင်း ဂရုစိုက်ရမယ်*

*ဘာလို့လဲဆို‌တော့ နောင် ငါတို့တွေ သူ့ကို အားကိုးကောင်း အားကိုးရလောက်တယ်*

“ဆရာ ကူညီပါဦး”

ချင်ရွှေကျောင်း၏ တပည့်များ အော်ဟစ်ငိုကြွေး၍ ကြောက်လန့်တကြား ထွက်ပြေး ကြလေသည်။ လက်ရှိတွင် သူတို့ မျှော်လင့်ချက် မဲ့နေကြသည်။

နောက်ထပ် တပည့်နှစ်ယောက်သည် ယဲ့ဖန်၏ လက်သီးစာမိသွားပြီး သွေးအိုင်အဖြစ် ပြောင်းလဲကာ သေဆုံးသွားလေသည်။

လူဆယ်ယောက်၊ အယောက်နှစ်ဆယ်။ အရေအတွက်က တိုးမြဲတိုးနေ၏။ ဤနတ်ဆိုးက သူ့ဒေါသအတိုင်း အားပါးတရ သတ်နေမည့်ပုံပင်။

“မင်း ငါ့တပည့်တွေကို သတ်ရင် ငါ မင်းမိန်းမကို သတ်မယ်ကွ”

လီချုံးယန် ဒေါသတကြီး အော်လိုက်သည်။ သူ ယဲ့ဖန်ကို မသတ်ရဲသော်လည်း ယဲ့ဖန်၏ အမျိုးသမီးများကို သူ သတ်ရဲပါသည်။

ထိုစဉ် အလွန် သန်မာသော ချီစွမ်းအင်များက လီချုံးယန်အား ချုပ်နှောင်ထာပြီး ကျောင်းအုပ်များက ဘာမှမပြောဘဲ သူ့အား အေးစက်စွာ ကြည့်နေ၏။ သူတို့၏ ရည်ရွယ်ချက်က သိသာပါသည်။

အကယ်၍ လီချုံးယန်က မဆင်မခြင်ပြုမူရဲပါက သူတို့ သူ့ကို သတ်ရလည်း ကိစ္စမရှိပါ။ လီချုံးယန်နှင့်ယှဉ်လျင် ယဲ့ဖန်က ပိုအဖိုးတန်၏။

အကယ်၍ ယဲ့ဖန်သာ နောက်ပိုင်း ဝမ်ကောဖူ၏ ကျောင်းအုပ် ဖြစ်လာပါက ကယူးရှူ ကိုးပြည်ထောင်၌ မည်သူက သူတို့ကို မလေးမစား လုပ်ရဲမည်နည်း။

“ကောင်းတယ်၊ ခင်ဗျားတို့ သိပ်ဟုတ်နေတယ်ပေါ့လေ”

လီချုံးယန် အော်ဟစ်ကာ အဝေးသို့ ထွက်ပြေးသွားလေသည်။ ဤမြင်ကွင်းကြောင့် လူတိုင်း ထိတ်လန့်သွားကြသည်။

လီချုံးယန်က အသက်ရှင်နေသေးသော တပည့်များကို ပစ်၍ တစ်ကိုယ်တည်း ထွက်ပြေးသွား သည်တဲ့လား။

လက်ရှိတွင် သူ၏ရင်ထဲမှ ရူးမတတ် လူသတ်ချင်နေစိတ်အား ယာယီ ချိုးနှိမ်ထားခြင်း ဖြစ်သည်။ နောင်တွင် သူနှင့် ယဲ့ဖန် နှစ်ယောက်ထဲက တစ်ယောက် သေရလိမ့်မည်ဟု လူတိုင်း သိနေ ကြသည်။

လူတိုင်း ယဲ့ဖန်ကို အလွန် ကြောက်လန့်သော မျက်လုံးများဖြင့် ကြည့်နေသည်။

*အရမ်းကို ထူးဆန်းလွန်းတယ်၊ ဒီလူက သူတော်စင်သခင်အဆင့်ကို ကြံရာမရတဲ့ အခြေအနေမျိုး ဖြစ်အောင် ဖိအားပေးနိုင်တယ်တဲ့လား*

“ယွီလင်း မင်းအစ်ကိုယဲ့ကို ငါတို့ ထုံတောင် သိုင်းအဖွဲ့အစည်းကို ဝင်ခိုင်းပါလား၊ ငါ သူ့ကို ဒုဥက္ကဋ္ဌနေရာ ပေးမယ်လေ၊ မဟုတ်ဘူး သူသာလိုချင်ရင် ဥက္ကဋ္ဌနေရာလည်း ပေးမယ်”

ထိုစဉ် လင်းဝူယာက ဟွမ်ယွီလင်း၏လက်ကို စိတ်လှုပ်ရှားစွာ လှမ်းစမ်း၍ စိတ်အား ထက်သန်သော မျက်နှာနှင့် ပြောလိုက်သည်။

သူ နောင်တရနေသည်။ သူ အလွန်မှားသွားကြောင်း သိသွားရသည်။ သူ့ရှေ့မှလူ၏ ခွန်အားက သူ ထင်ထားသည်ထက်ပင် ကျော်နေသေးသည်။

နဂါးအသွင်ပြောင်းခြင်းအဆင့်က ဘုရင်အဆင့်အား ခွေးသတ်သလို သတ်နိုင်သည့်အပြင် သူတော်စင်သခင်အဆင့်ကိုလည်း မကြောက်ချေ။ ထို့အပြင် သူ့အနောက်၌ သူ့ကို ကာကွယ်မည့် ကျောင်းအုပ်များလည်း ရှိနေ၏။

ဤသို့သော်လူက ထုံတောင် သိုင်းအဖွဲ့အစည်းကိုသာ ဝင်နိုင်လျင် သူတို့ အဖွဲ့အစည်းက တတိယအဆင့် အဖွဲ့မှနေ၍ ပထမအဆင့် အဖွဲ့ ဖြစ်လာနိုင်သည်။

ယဲ့ဖန်သာ ဥက္ကဋ္ဌနေရာအား လွှဲပေးရန် တွေဝေမနေဘဲ ချက်ချင်း လွှဲပေးမည် ဖြစ်သည်။ ဤသို့သောလူနောက်သို့သာ သူ လိုက်ခွင့်ရရန် မျှော်လင့်မိနေ၏။

ယဲ့ဖန်၏ အဆုံးမရှိသော အလားအလာကို သူ မြင်ခဲ့ပြီးလေပြီ။ ယဲ့ဖန်၌ သူတို့အား တစ်ဟုန်ထိုး မြင့်တက်သွားအောင် လုပ်ပေးနိုင်သည့် အလားအလာများ ရှိပေသည်။

လက်ရှိတွင် လင်းဝူယာသာမက လူတော်တော်များများသည် ယဲ့ဖန်၏ ခွန်အားကို အထင်ကြီးကာ လေးစားလာကြသည်။ တစ်ယောက်ပြီးတစ်ယောက်၏ အားကျသော အကြည့်များက ယဲ့ဖန်ပေါ် စုဝေးနေသည်။

ဤသို့ ကြမ်းတမ်းသောလူမျိုးသည် အတိတ်အခါကလည်း တစ်ယောက်မှ မရှိခဲ့သလို နောင်လည်း ရှိလာမည် မဟုတ်ပါ။

သို့သော် ဟွမ်ယွီလင်းက သူ့လက်အား ဖြုတ်ချ၍ အေးစက်စွာ ပြောလိုက်သည်။

“ရှင် နောင်တရလာလိမ့်မယ်လို့ ကျွန်မ ပြောခဲ့သားပဲ၊ ကိစ္စတွေက ဒီအထိ ဖြစ်လာပြီးမှတော့ ရှင် ပြန်စေ့စပ်ညှိနှိုင်းချင်လည်း အပိုပဲ၊ အစ်ကိုယဲ့က ထုံတောင် သိုင်းအဖွဲ့အစည်းကို ဝင်မှာ မဟုတ်ဘူး”

“ဘယ်လိုလုပ် …”

လင်းဝူယာ၏ အမူအရာ တောင့်တင်းသွားသည်။

“အစက ရှင်က သူနဲ့သိနိုင်မယ့် အခွင့်အရေး ရှိခဲ့တယ်၊ ဒါပေမဲ့ ရှင်က သူ့ကို အရေးမစိုက်ခဲ့တဲ့အပြင် ကျွန်မရှေ့မှာ သူ့ကို လှောင်ပြောင်သရော်ခဲ့သေးတယ်၊ သူ့အစွမ်းအရဆို ရှင့်ရဲ့ ဘာမဟုတ်တဲ့ အဖွဲ့လေးကို သူ သဘောကျမယ်လို့ ရှင် ထင်လား”

ဟွမ်ယွီလင်း အေးတိအေးစက် ပြန်မေးလိုက်သည်။ လင်းဝူယာ ဓာတ်လိုက်ခံလိုက်ရသကဲ့သို့ ဖြစ်သွားလေသည်။ ဟွမ်ယွီလင်းက သူ့အား ယဲ့ဖန်ထံ၌ မျက်နှာရနိုင်မည့် အခွင့်အရေးကြီး ပေးခဲ့သော်လည်း သူက မဖမ်းဆုပ်ခဲ့ချေ။

ဤသည်ကိုတွေးမိပြီးနောက် လင်းဝူယာ ကိုယ့်ပါးကိုယ်သာ ရိုက်ချင်မိတော့သည်။

*အရူး*

*ဝက်လိုတုံးတဲ့ကောင်*

လက်ရှိတွင် လင်းဝူယာသည် အားလုံးကို နားလည်သွားပြီး စိတ်ထိခိုက်နာကျင်သလို ခံစားလိုက် ရသည်။

ဟွမ်ယွီလင်းက လူ့လောကအကြောင်း နားမလည်၍ ယဲ့ဖန်၏ လှည့်စားချင်း ခံရသည်ဟု သူ ထင်ခဲ့သော်လည်း တကယ်တမ်း အမြင်မရှိသူမှာ သူ ဖြစ်နေ၏။

“ပြီးတော့ ကျွန်မလည်း ထုံတောင် သိုင်းအဖွဲ့ကနေ ထွက်ဖို့ ဆုံးဖြတ်ပြီးပြီ”

ဟွမ်ယွီလင်း အေးစက်စက် ပြောလိုက်သည်။ သူမစကားကြောင့် လင်းဝူယာ မှင်တက် သွားသည်။ ကောင်းကင်အဆင့် ပါရမီရှင် ဟွမ်ယွီလင်းအား သူတို့၏ တတိယအဆင့် အဖွဲ့ထဲ ဝင်ရန် သူ မနည်း ဖျောင်းဖျခဲ့ရသည်။

သို့သော် မျက်တောင်တစ်ခတ်အတွင်းမှာပင် သူ ယဲ့ဖန်နှင့် မရင်းနှီးနိုင်တော့သလို ဟွမ်ယွီလင်း ကိုပါ လက်လွှတ်လိုက်ရလေပြီ။

“ကျွန်မ ဘယ်သူ့ကိုမျ ကျွန်မအစ်ကိုယဲ့ကို စော်ကားခွင့် ပေးမှာ မဟုတ်ဘူး”

ဟွမ်ယွီဠင်းက သူ့အား အေးစက်စွာ ကြည့်၍ ပြောနေသည်။

“ဘယ်သူ့ကိုမှ၊ ဘယ်တစ်ယောက်ကိုမဆိုပေါ့

ထို့နောက် ဟွမ်ယွီလင်းက တစ်ဖက်ပြန်လှည့်ကာ လင်းဝူယာနှင့် ဝေးရာသို့ ထွက်သွားလေသည်။ ယခုအချိန်မှစ၍ သူတို့နှစ်ယောက် အချင်းချင်း မသိကျွမ်းကြတော့ချေ။

ထိုစဉ် လင်းဝူယာသည် ကြောင်အနေရာမှ အသိဝင်လာပြီး မျက်ရက်ဝဲတက်လာ၏။

“ဖြောင်း”

ထို့နောက် သူ့ကိုယ်သူ အားနှင့်ပြန်ရိုက်သည်။

“ငါက ကမ္ဘာ့အရူးဆုံး အရူးပဲ”

Chapter 1394 ဆရာဖန့်

“ဖုန်းယဲ့ မင်း မဆင်မခြင် မလုပ်သင့်ဘူး၊ ဒီနေ့ မင်း လီချုံးယန်ရဲ့ သားအပြင် တပည့်တွေကိုပါ သတ်ခဲ့တယ်၊ သူ လက်လျှော့မှာ မဟုတ်တာ သေချာတယ်”

“ဟုတ်တယ် သူ့တပည့်တွေက တစ်လောကလုံးမှာ ရှိတယ်၊ တစ်ချို့က အံ့ဩစရာ ကောင်းတဲ့လူတွေပဲ၊ ဒီတစ်ခါတော့ မင်း ကပ်ဆိုးတစ်ခုကို စလိုက်တာပဲ”

ကြီးမားသော ခန်းမတွင်း၌ ကျောင်းအုပ်များစွာ၏ အလင်းအရိပ်များက ယဲ့ဖန်နှင့် စကားပြော နေကြသည်။

သို့သော် ယဲ့ဖန်က ဂရုမစိုက်ဟန်ဖြင့် နေမြဲနေကာ အေးစက်စွာ ပြောလိုက်သည်။

“ကျုပ်ဘဝက တစ်လောကလုံးနဲ့ ရန်သူ ဖြစ်ဖို့ ကံပါလာတာ၊ သူ့တစ်ယောက် ပိုတိုးလာတာ ဘာမှမထူးပါဘူး၊ သူ့လိုတစ်ယောက် လျော့သွားရင်တော့ ကောင်းတာပေါ့”

“မင်းက တကယ် လူသတ်ချင်နေတာလား”

ရှန်းထိုက်ကျုံ မျက်မှောင်ကြုတ်သွားသည်။ သူဆိုလျင်တောင်မှ အစကတည်းက ထိုသို့သော လမ်းမျိုးကို လျှောက်ရဲမည် မဟုတ်ပါ။ အဘယ်ကြောင့်ဆိုသော် ယင်းက ကြမ်းတမ်း၍ အောင်မြင်ရန် ခက်ခဲသောကြောင့် ဖြစ်သည်။

တစ်လောကလုံးနှင့် ရန်သူ ဖြစ်ခြင်းသည် အပြောလွယ်သော်လည်း ကြုံတွေ့ရသည့် အခက်အခဲနှင့် နာကျင်မှုက မည်မျှ နက်ရှိုင်းကြောင်းကိုမူ ကြုံတွေ့ဖူးသူများသာ သိလေသည်။

“ဒါ ကျုပ် အရင်ကတည်းက လျှောက်လာခဲ့တဲ့လမ်းပဲ၊ နောက်လည်း ဒီလမ်းကိုပဲ လျှောက်ရ ဦးမှာ၊ ကောင်းကင်ဘုံကို ဆန့်ကျင်တာက ဖြစ်နိုင်ပင်မယ့် ကျုပ်ကို ဆန့်ကျင်ရင်တော့ အသက်မရှင်စေရဘူး”

ယဲ့ဖန်က ခံစားချက် ကင်းမဲ့စွာ ပြောလိုက်ပြီးနောက် နောက်လှည့်၍ ထွက်သွားလိုက်သည်။ ဤသည်ကိုမြင်သော် ကျောင်းအုပ်များ မတတ်သာသလို ခံစားလိုက်ရသည်။ ယဲ့ဖန်က သန်မာလွန်းသလို မောက်လည်း မောက်မာလွန်းသည်။ ဤသို့သော စရိုက်မျိုးက ဤလောက၌ ခြေကုပ်ရနိုင်ရန် ခက်ခဲပေသည်။ သူ လိုက်လျောညီထွေ နေတတ်ရန် လိုအပ်နေသည်။

“လင်းအာ မင်း သူ့ကို နားချမှဖြစ်မယ်၊ လူဆိုတာ အောက်ကျို့တတ်ဖို့ နားလည်ရမယ်”

“အခြားသူတွေက အောက်ကျို့ဖို့ လိုပင်မယ့် ကျွန်မရဲ့ အစ်ကိုယဲ့ကတော့ မလိုပါဘူး၊ ဘာလို့လဲဆိုတော့ သူက မွေးကတည်းက လွှမ်းမိုးတတ်တဲ့လူလေ”

ဟွမ်ယွီလင်း ပြုံး၍ ပြောလိုက်သည်။

*မွေးကတည်းက လွှမ်းမိုးတတ်တဲ့လူ*

ကျောင်းအုပ်များအားလုံး ငိုရမလား၊ ရယ်ရမလားမသိသော အပြုံးမျိုး ပြုံးလိုက်သည်။ ဤလူငယ်နှစ်ယောက်ကို သူတို့ ဘာပြောရမှန်း မသိတော့ချေ။

“နင်က ယဲ့ဖန်ရဲ့ ချစ်သူအသစ်လား”

အိမ်တော်တွင်း၌ ပိုင်ရွှယ်က မိန်းကလေးများကို ဦးဆောင်၍ ထန်ပုခူအား ဝိုင်းထားပြီး ပြုံးတုံ့တုံ့နှင့် ကြည့်နေသည်။

ထန်ပုခူက ပိုင်ရွှယ်၏ နောက်ခံကို မသိပါ။ သူတို့အားလုံးက ယဲ့ဖန်၏ အမျိုးသမီးများ ဖြစ်သည်ကိုမြင်ပြီး သူမ အပြစ်ရှိသလို ခံစားမိကာ ကြောက်လန့်ကာ ခေါင်းညိတ်လိုက်သည်။

သူမက နောက်လူအဖြစ် နေရင် စိတ်ကိုအသင့်ပြင်ထားသော်လည်း သူမက ဒုတိယလူပင် မဟုတ်ဘဲ၊ လေး၊ငါး၊ခြောက်ယောက်မြောက်လူ ဖြစ်နေလိမ့်မည်ဟု ထင်မထားမိပါ။

“ဒါဆို ငါ ဘယ်သူလဲ နင် သိလား …”

ပိုင်ရွှယ်က ဉာဏ်များသော အပြုံးမျိုး ပြုံးလိုက်သည်။ ထန်ပုခူက သူမကို ငေးကြည့်နေပြီးမှ ခေါင်းခါပြသည်။

“ငါက ယဲ့ဖန်ရဲ့ ပထမလူပဲ၊ နင်လည်း ဒီမှာနေမယ်ဆို ငါ့ကို အစ်မကြီးလို့ ခေါ်ရမယ်၊ ဒီနှစ်ယောက်က နင့်ရဲ့ မမနှစ်နဲ့ မမသုံးပဲ”

ပိုင်ရွှယ် ပြန်ပြောလိုက်သည်။

“နင်က ဘာလို့ အစ်မကြီးလဲ၊ ဘယ်သူ့သဘောနဲ့လဲ”

ကျုံးလီအာ ချက်ချင်း လက်မခံချင်တော့ပါ။ ပိုင်ရွှယ်သည် သူမတို့ထက် ပိုငယ်နေပြီး အဘယ်ကြောင့် အစ်မကြီးဟု အခေါ်ခံချင်ရသနည်း။

“နင်က ငါ့လောက် ဉာဏ်ကောင်းလို့လား၊ အရူးမ”

ပိုင်ရွှယ်က ကျုံးလီအာကို အထင်သေးသလို ကြည့်လိုက်သည်။

“ဒါက ဉာဏ်ကောင်းတာနဲ့ ဘာဆိုင်လို့လဲ”

ကျုံးလီအာက မကျေမနပ် ပြောလိုက်သည်။ သူမသည် ပိုင်ရွှယ်လောက် ဉာဏ်မကောင်း သော်လည်း ဤသည်က အသက်နှင့် စီနီယာနံပါတ်ပေါ် မူတည်သည် မဟုတ်ပါလော။

“ဆိုင်တာပေါ့၊ နင်က တုံးလွန်းနေရင် ဘယ်လိုလုပ် ယဲ့ဖန်ရဲ့ မောင်းမဆောင်ကို ဘယ်လိုလုပ် စီမံနိုင်မလဲ၊ နောင်ဆို ယဲ့ဖန်မှာ မိန်းမတွေ အများကြီး ရှိလာမှာ၊ နင်က တော်တော်တုံးတာကို သူတို့ကို ဘယ်လို ကိုင်တွယ်နိုင်မှာလဲ”

“ငါ …”

ကျုံးလီအာ ချီတုံချတုံ ဖြစ်သွားသည်။ ထိုအကြောင်းကို သူမ တစ်ခါမှ မတွေးမိဖူးပါ။ ထိုစဉ် ယဲ့ဖန်က တံခါးဝသို့ ရောက်လာပြီးနောက် ပိုင်ရွှယ်အား ခေါင်းခေါက်၍ စိတ်ဆိုးမာန်ဆိုး ပြောလိုက်သည်။

“အနိုင်ကျင့်နေပြန်ပြီလား”

“မုန်းစရာကြီး သူများဆံပင်ကို ဖျက်ဆီးပြန်ပြီ”

ပိုင်ရွှယ် စိတ်ဆိုးမာန်ဆိုး ပြောလိုက်ပြီးနောက် ယဲ့ဖန်ကို ပြန်လှည့်ကြည့်လိုက်သည်။

“ရှင့်အတွက် မောင်းမဆောင် ဆောက်နေတာလေ၊ ရှင် လုံးဝ ကျေးဇူးမတင်တတ်ဘူးနော်”

“ငါ မင်းကို ယုံပါတယ်၊ ငါ့ကိုလည်း အနားပေးပါဦးဟ”

ယဲ့ဖန်က အပြုံးနှင့်ဆူပူလိုက်သည်.

*ငါ့အတွက် မောင်းမဆောင် ဆောက်နေတာတဲ့လား၊ မင်းအတွက် ကစားကွင်း ဆောက်နေတာဆို ပိုမှန်နေဦးမယ်*

ထို့နောက် ယဲ့ဖန်က ထန်ပုခူကို ကြည့်၍ ပြောလိုက်သည်။

“မင်း သူ့ကို အာရုံစိုက်စရာမလိုဘူး၊ ဒီကောင်မလေးက အဲ့အတိုင်းပဲ”

“ကျွန်မ အဆင်ပြေပါတယ်”

ထန်ပုခူ ခေါင်းခါလိုက်သည်။ အမှန်အတိုင်းပြောရလျင် သူမ ဤအခြေအနေကို အတော်လေး သဘောကျပါသည်။ အနည်းဆုံးတော့ ပိုင်ရွှယ်နှင့် အခြားသူများက သူမကို မကောင်းဆိုးဝါးဟု မမြင်ပါ။

“မနက်ဖြန် ငါ ဆေးဖော်ပြီး မင်းရဲ့ ဒဏ်ရာကို အရင် ဖြေရှင်းပေးမယ်၊ ပြီးမှ မင်းရဲ့ အသွင်အပြင်ကို ပြန်ရဖို့ နည်းလမ်းရှာမယ်”

ထန်ပုခူက ယဲ့ဖန်အား ထိတ်လန့်တကြား ကြည့်လိုက်သည်။

“ရှင့်မှာ ကျွန်မမျက်နှာကို ပြန်ရအောင် လုပ်ပေးနိုင်မယ့် နည်းလမ်း ရှိတာလား”

ယဲ့ဖန် ခေါင်းညိတ်လေသည်။

“နည်းနည်းတော့ အလုပ်များမယ်ဆိုပင်မယ့် လုပ်လို့ရပါတယ်”

ထိုစကားကိုကြားသော် ထန်ပုခူ ချက်ချင်း မျက်ရည်ကျလာသည်။ တစ်နေ့နေ့ တစ်ချိန်ချိန်၌ သူမ၏ အရင်မျက်နှာကို ပြန်ရလာလိမ့်မည်ဟု သူမ ထင်မထားမိပါ။ သူမတစ်သက်လုံး ဤပုံအတိုင်း နေရလိမ့်မည်ဟု ထင်ခဲ့မိသည်။

ယဲ့ဖန် သက်ပြင်းချလိုက်သည်။ ထန်ပုခူ ရင်ထဲ၌ မည်မျှ စိတ်ဓာတ်ကျနေကြောင်း သူ သိပါသည်။ ထို့ကြောင့် သူ မည်သို့ နှစ်သိမ့်စကား ပြောရမှန်း မသိပေ။ ထိုသို့နှစ်သိမ့်မည့်အစား သူမအား ကျယ်လောင်စွာ ငိုကြွေးခွင့် ပေးလိုက်သည်။

မိန်းကလေးများအားလုံး အချင်းချင်း တုန်လှုပ်ချောက်ချားစွာ ကြည့်လိုက်မိသည်။ ထန်ပုခူ မည်မျှ ဝမ်းနည်းနေကြောင်း သူတို့လည်း ခံစားမိနေသည်။

“သူ ခံစားနေရတာ ငါ့ထက် မနည်းနိုင်ဘူး”

ထန်ပုခူ ခံစားနေရသည်ကိုကြည့်ပြီး ပိုင်ရွှယ်က စိတ်ထိခိုက်စွာ ပြောလာသည်။

“နင် ဘယ်လိုသိတာလဲ”

ကျုံးလီအာက တွေဝေစွာ မေးလိုက်သည်။

“ဘာလို့လဲဆို‌တော့ သူ့ငိုသံက ငါ့လောက် ဝမ်းနည်းကြေကွဲစရာ ကောင်းနေလို့လေ”

ပိုင်ရွှယ် ပြန်ပြောလိုက်လေသည်။

….

နောက်တစ်နေ့တွင် ယဲ့ဖန်နှင့် ဟွမ်ယွီလင်းတို့က ဆေးဖော်စပ်ရန် ဆေးဆိုင်သို့ တန်းသွားကြသည်။ သူ့၌ နှစ်တစ်သောင်း ဂျင်ဆင်းဘုရင်နှစ်ခု ရှိသည်။ တစ်ခုကို ထန်ပုခူ၏ ဝေဒနာအတွက် အသုံးပြုပြီး ကျန်တစ်ခုအား သူမရုပ်ရည် ပြန်ရလာအောင် သုံးရမည်။

ထိုစဉ် ဆိုင်တံခါးဝ၌ လင်းဝူယာကို တွေ့လိုက်ရသည်။ လင်းဝူယာက သူတို့နှစ်ယောက်ကို မြင်သော် အနည်းငယ် ရှိုးတိုးရှန့်တန့် ဖြစ်သွားသလို ဟွမ်ယွီလင်းက အေးစက်တောင့်တင်း သွားသည်။

“အသိလား”

ယဲ့ဖန်လည်း တစ်ခုခု မှားနေကြောင်း သတိထားမိသွားပြီး သံသယဖြင့် မေးလိုက်သည်။

“ဟုတ်တယ်”

ဟွမ်ယွီလင်းက ခံစားချက်ကင်းမဲ့စွာ ပြောလိုက်သည်။ သူမပုံစံက လင်းဝူယာနှင့် ဘာမှ မပြောချင်သည့်ပုံပင်။

လင်းဝူယာကလည်း အသာသက်ပြင်းချ၍ မချိပြုံး ပြုံးလိုက်သည်။ အကြောင်းမှာ ဟွမ်ယွီလင်း အဖွဲ့မှ ထွက်သွားပြီးနောက် အဖွဲ့ဝင်များက သူ့အား စောဒကတက်ကာ ရက်ပိုင်းအတွင်း တော်တော်များများ ထွက်သွားကြသည်။

ယခု သူ့အဖွဲ့၌ လူဆယ်ယောက်ကျော်သာ ကျန်ခဲ့ပြီး ထိုကျန်ခဲ့သူများက အားနည်းသူများသာ ဖြစ်လေသည်။

ပြီးခဲ့သည့် နှစ်ရက်အတွင်း ကောင်းကင်ဘုံမှ ငရဲသို့ ပြုတ်ကျရသည့် ခံစားချက်ကို လင်းဝူယာ သိမြင်သွားသည်။

ယဲ့ဖန် လျစ်လျူရှုလိုက်ပြီး ဆေးဆိုင်ထဲသို့ ဝင်လိုက်သည်။

“မင်း ဘာလုပ်တာလဲ၊ ဆေးဆိုင်က ဒီနေ့ ပြိုင်ပွဲရှိတာ မသိဘူးလား၊ လူပျင်းတွေ အားလုံး ဝင်ခွင့်မရှိဘူး”

သို့သော် ထိုသို့သောအချိန်၌ ဝန်ထမ်းနှစ်ယောက်က ယဲ့ဖန်ရှေ့ ပိတ်ရပ်၍ တားလေသည်။

“ခင်ဗျားတို့ လိုက်လျောညီထွေ နေလို့မရဘူးလား၊ ကျုပ်တို့ အလျင်လိုနေတာ၊ ဒီနေ့ ဆေးဖော်မှ ဖြစ်မယ်”

ယဲ့ဖန် မေးလိုက်သည်။ ထန်ပုခူ၏ လက်ရှိအခြေအနေအရ အချိန်ဆွဲ၍ မရနိုင်ပါ။

“မင်း ဘယ်လောက် စိုးရိမ်နေပါစေ၊ ပွဲပြီးတဲ့အထိ စောင့်ရမယ်၊ အစောဆုံးက သန်ဘက်ခါပဲ၊ အခြားနည်း မရှိဘူး”

“ငါတို့က ဝမ်ကောဖူက ကျောင်းသားတွေ၊ နင်တို့ လိုက်လျောပေးသင့်တယ်”

ဟွမ်ယွီလင်းက ခပ်သွက်သွက် ပြောလိုက်သည်။

“ဝမ်ကောဖူလား”

ထိုလူနှစ်ယောက်က ချက်ချင်း သရော်၍ ပြောလိုက်သည်။

“မင်းတို့ ဝမ်ကောဖူက အခြားသူတွေရဲ့ မျက်လုံးထဲမှာ မြင့်မြတ်တဲ့ အဆင့်အတန်း ရှိနိုင်ပင်မယ့် ငါတို့ ဆေးဆိုင်မှာတော့ အရေးမပါဘူး”

ဝမ်ကောဖူက လောကတစ်ခွင်၌ လွှမ်းမိုးမှု ကြီးသော်လည်း ဆေးဆိုင်သည်လည်း ထိုနည်းတူပင်။

ပါရမီရှင် ကျောင်းသားများထက် ဆေးပညာရှင်များကို လိုက်ရှာသည့်လူက ပိုများပြီး သိုင်းပညာရှင်များပင် ဆေးပညာရှင်များကို မျက်နှာလုပ်ရသည်။

ဆေးဘုရင်ကို ရန်စသည်ထက် ယမမင်းကို သွားရန်စလိုက်သည်က ပိုကောင်းသေးသည် ဟူသော စကားက အတင်းအဖျင်း မဟုတ်ပါ။

ဤဆေးပညာရှင်များ၏ ခွန်အားက ဝမ်ကောဖူ၏ ဆယ်ပုံတစ်ပုံမျှပင် မရှိသော်လည်း ဝမ်ကောဖူ၏ ကျောင်းသားများ ရောက်လာလျင်တောင်မှ သူတို့ မျက်နှာသာ ပေးမည် မဟုတ်ပါ။ သို့သော် ဆေးပညာနှင့် ပတ်သက်လာလျင် ဝမ်ကောဖူပင် သူတို့ကို မယှဉ်နိုင်ပေ။

ယဲ့ဖန် ချက်ချင်း မျက်မှောင်ကြုတ်သွားသည်။ ဤလောက၌ ဆရာဝန်များက အလွန် ရေပန်းစားလိမ့်မည်ဟု သူ ထင်မထားမိပေ။ သူ ချိုးဖျက်၍ ဝင်သင့်၊ မဝင်သင့် တွေဝေနေ၏။

“ငါ့မိတ်ဆွေကို မင်းတို့ ဘယ်လို ပြောလိုက်တာလဲ”

ထိုအခိုက်တွင် လင်းဝူယာက ဒေါသထွက်နေသော မျက်နှာနှင့် ဝင်ပြောလာသည်။

“သခင်လေးလင်း”

အစောင့်နှစ်ယောက်က သူ့ကိုမြင်သော် ချက်ချင်း ယဉ်ကျေးသွားသည်။

“အကန်းတွေ”

လင်းဝူယာက သူတို့ကို ကြိမ်းမောင်းလေသည်။

“မနက်ဖြန် မင်းတို့ အလုပ်လာစရာ မလိုဘူး၊ မင်းတို့ ဒါရိုက်တာကို ငါ ပြောလိုက်မယ်”

“ဗျာ မလုပ်ပါနဲ့ သခင်လေးလင်းရယ် ကျွန်တော်တို့ မရည်ရွယ်ပါဘူး၊ သူတို့က သခင်လေးရဲ့ မိတ်ဆွေမှန်း မသိလို့ပါ၊ နောက်တစ်ကြိမ်လောက် အခွင့်အရေး ပေးပါလား”

အစောင့်များက ချက်ချင်း မျက်ရည်လည်ရွဲဖြင့် တောင်းပန်နေကာ သွေးပျက်နေကြသည်။

“သခင်လေး၊ မမလေး သနားပါဦးဗျာ”

အစောင့်များက ယဲ့ဖန်တို့ရှေ့၌ မျက်ရည်များဖြင့် ဒူးထောက်လေသည်။

“ထားလိုက်တော့ အထဲဝင်ရအောင်”

ယဲ့ဖန် အသာပြောလိုက်သည်။

“ဒီလမ်းက ကြွပါ”

လင်းဝူယာက ယဲ့ဖန်က အလွန် လေးစားသော အမူအရာဖြင့် လမ်းညွှန်လာသည်။ ယဲ့ဖန်အား ဆုံးဖြတ်ခက် ပြန်ပြင်နိုင်ရန် ဘုရားသခင်က သူ့အား အခွင့်အရေး ပေးလာလေပြီ။

“ရှင်က ဒီကို ခဏခဏလာတဲ့ ဧည့်သည်ဖြစ်မယ်လို့ ကျွန်မ ထင်မထားမိဘူး”

ဟွမ်ယွီလင်းက အရေးမလုပ်ဟန်နှင့် ပြောလေသည်။ လင်းဝူယာက အနေရခက်စွာ ပြုံး၍ ပြောလိုက်သည်။

“ငါ့မိသားစုကလည်း ဆေးပညာ မိသားစုပဲလေ၊ ငါ့အဖေက ဒီနယ်မှာ နာမည်ကြီးတယ်”

ထိုကြောင့်သာ သူ ဆေးဆိုင်ကို ဆန္ဒရှိသလို ဝင်ထွက်နိုင်ခြင်း ဖြစ်လေသည်။

“ထူးဆန်းလိုက်တာ ရှင်က ဆေးပညာမိသားစုကဆို ဘာလို့ ဆေးပညာကို မလေ့လာဘဲ သိုင်းပညာကို လေ့လာရတာလဲ”

ဟွမ်ယွီလင်း ပြန်မေးလိုက်သည်။

“အဓိကကတော့ ငါ့မှာ ပါရမီ မပါလို့ပဲ၊ ငါ့အစ်ကိုနှစ်ယောက်က ဆေးပညာကို သင်ယူတာလေ၊ ငါက သူတို့လောက် မတော်ဘူး၊ ပြီးတော့ မိသားစုစီးပွားရေးကို စောင့်ရှောက်ရမယ့် သိုင်းပညာရှင်လည်း လိုသေးတယ်လေ”

လင်းဝူယာက အလေးအနက်ထား၍ ဖြေလိုက်ပြီးနောက် ပြန်မေးလိုက်သည်။

“မင်းတို့ ဆေးဖော်ဖို့ ရောက်လာတာလား”

“ဟုတ်တယ် ကျုပ် အခု သိပ်အရေးကြီးတဲ့ဆေးကို ဖော်စပ်ဖို့ လိုနေတယ်၊ မင်း ဆေးဖော်ခန်း တစ်ခန်း ရအောင် ကူညီပေးနိုင်မလား”

ယဲ့ဖန် မေးလိုက်သည်။

“ကိစ္စမရှိဘူး ငါ့တာဝန်ထားလိုက်”

လင်းဝူယာက ရင်ဘတ်ကိုပုတ်ကာ အပျော်လွန်သွားသည်။ ယဲ့ဖန်ကို မျက်နှာလုပ်နိုင်မည့် အခွင့်အရေးကို သူ ဆုံးရှုံးခဲ့ရသဖြင့် ယခု သူ့ရှေတည့်တည့်သို့ ရောက်လာသော အခွင့်အရေးကို အရယူရပေမည်။

မကြာခင်မှာပင် လင်းဝူယာက ယဲ့ဖန်ကို အေအဆင့် ဆေးဖော်ခန်းသို့ ခေါ်သွားလေသည်။ ဤအခန်းအား ပုံမှန်အားဖြင့် ဆရာသခင်အဆင့် ဆေးပညာရှင်များသာ အသုံးပြုခွင့်ရှိသည်။ သာမန်လူသာ အနားကပ်မိလျင် နှင်ထုတ်ခံရပေလိမ့်မည်။

“သခင်လေးလင်း ဒီအေအဆင့် ဆေးဖော်ခန်းက ဒီနေ့ပြိုင်ပွဲအတွက် စီစဉ်ထားတာပါ၊ တစ်ခြား အခန်းပြောင်းလိုက်ပါလား”

လူငယ်တစ်ယောက်က ပြုံး၍ ပြောလိုက်သည်။ လင်းဝူယာက သူ့ကို တစ်ချက်ကြည့်သည်။

“ဘာလဲ မန်နေဂျာစွန်းက ကျုပ်ကို အထင်သေးတာလား၊ ကျုပ်က ဒီဆေးဖော်ဖန်းကို အသုံးပြုဖို့ မသင့်တော်ဘူးလို့ ခင်ဗျားထင်တာလား”

“သခင်လေး အထင်လွဲနေပါပြီ၊ ကျွန်တော် ဘယ်လိုလုပ် ထင်ရမှာလဲ၊ ဒီအေအဆင့် ဆေးဖော်ခန်းကို ဆရာဖန့်က ကြိုတင်ယူထားလို့ပါ၊ သူနဲ့ သွားရှုပ်ဖို့ မလွယ်မှန်း ခင်ဗျားလည်း သိပါတယ် …”

*ဆရာဖန့်*

ယဲ့ဖန် ချက်ချင်း မျက်မှောင်ကြုတ်သွားသည်။

*ဒီဆရာဖန့်က ကြီးကြပ်ရေးမှူးလီကို နဂါးငါးကောင် ဒန်ဆေးလုံး ပေးလိုက်တဲ့သူ မဟုတ်လား*

ထိုနာမည်ကိုကြားသော် လင်းဝူယာ ပို၍ ဒေါသထွက်သွားသည်။

“ဆရာဖန့်ကို ရန်စဖို့ မလွယ်ပင်မယ့် ငါ့ကိုလွယ်တယ်လို့ မင်း ပြောချင်တာလား”

ယခင်က သူ့ဖခင်ကို ထိုဆရာဖန်က အနိုင်ယူခဲ့ဖူးသဖြင့် သူ ဆရာဖန့်ကို အလွန် မုန်းသည်။ ပွင့်လင်း၍ သမာသမတ်နည်းအတိုင်း အနိုင်ယူခဲ့လျင် သူ ဘာမှမပြောသာသော်လည်း ထိုဆရာဖန့်က မသမာသော လှည့်ကွက်ကို သုံးခဲ့သည်။

သူ့ဖခင်၏ အခြွေအရံကို ငွေပေးပေါင်း၍ ဆေးဖော်မည့် ဆေးပင်များအား အရည်အသွေး မပြည့်မီသော ဆေးပင်များဖြင့် လဲစေခဲ့သည်။ ထို့ကြောင့် သူ့ဖခင် အရှုံးကြီးရှုံးကာ “ဆေးပညာ မိသားစု” ဟူသည့် သူတို့၏ ရွှေရောင်ဆိုင်းဘုတ်ကိုလည်း ဖယ်ရှားခဲ့ရသည်။

ထိုကိစ္စကြောင့် သူ့ဖခင်သည်လည်း အထိနာက သွေးအန်၍ နေရာမှာတင် သတိလစ်ခဲ့သည်။ ပြန်သက်သာလာခဲ့သော်လည်း ခန္ဓာကိုယ်က အားနည်းသွားရသည်။ ဤဆရာဖန့်ကို လင်းဝူယာ သေမတတ် မုန်းသည်ဟု ဆိုနိုင်ပေ၏။

All Chapters