← Chapters

ခင်ဗျားခေါင်းမှာ သွေးပေစေချင်တာ

Vol. 93 Ch. 1395

ခင်ဗျားခေါင်းမှာ သွေးပေစေချင်တာ

Vol. 93 Ch. 1395

“ဟုတ်တယ် သူ ပြောချင်တာ အဲ့သဘောပဲ”

ထိုစဉ် အဝေးမှ ခနဲ့သံ ထွက်ပေါ်လာသည်။ လင်းဝူယာ လှမ်းကြည့်လိုက်သောအခါ မြေရှင်သူဌေးသဖွယ် ဝတ်စားထားသည့် လူလတ်ပိုင်းအရွယ် နှုတ်ခမ်းမွေးနှင့် ပိန်ပါးပါးလူက လူတစ်စုနှင့်အတူ လျှောက်လာနေသည်ကို တွေ့လိုက်ရသည်။

သူသည် မခိုးမခန့်ပြုံးနေပြီး သူ့ပုံစံက ကြက်သားခိုးသွားသော ဖျံကဲ့သို့ ဉာဏ်များဟန် ပေါ်နေသည်။ ထိုသူမှာ ဆရာဖန့်ဟူသော ဖန့်ရှန်ယွီပင်။

ထိုသူကိုမြင်သော် မန်နေဂျာစွန်း၏ မျက်လုံးများက လက်ခနဲ တစ်ချက်ဖြစ်သွားပြီးနောက် ချက်ချင်း သရော်လိုသော မျက်နှာမျိုး ဖြစ်သွားသည်။

“ဟုတ်တယ် ကျုပ် ပြောချင်တာ အဲ့တာပဲ၊ အခုလက်ရှိ ခင်ဗျားကိုယ်ခင်ဗျား ပြန်ကြည့်လေ၊ ခင်ဗျားတို့ လင်းမိသားစုက ပြည်နယ်ရဲ့ နံပါတ်တစ် ဆေးမိသားစုလို့ ထင်နေတာလား၊ ဆရာဖန့်ရဲ့ ဆေးဖော်ခန်းကို လုယူရအောင် ခင်ဗျားကိုယ်ခင်ဗျား အရည်အချင်း ရှိတယ် ထင်နေလား”

လင်းမိသားစုသည် နာမည်ကျဆင်းနေပြီ ဖြစ်ပြီး မကြာခင် မေ့လျော့ခံ ဖြစ်သွားပေလိမ့်မည်။ ဆေးမိသားစုဖြစ်သော လင်းမိသားစုအား မည်သူမှ ဂရုစိုက်မည် မဟုတ်ဘဲ ယခု လူတိုင်းက ရှုကျိုး၌ ဆရာဖန့်သာ ရှိသည်ဟု သိထားကြသည်။

ဤမန်နေဂျာစွန်းသည်လည်း ဉာဏ်ကောင်းသောသူ ဖြစ်သည်။ ယခု ဖန့်ရှန်ယွီ နာမည်ကြီးနေသည်ကို သိသဖြင့် ကျဆင်းနေပြီးသော လင်းမိသားစုနှင့် ပတ်သက်မှုကို ပစ်ပယ်၍ ဖန့်ရှန်ယွီဘက်သို့ မျက်နှာလုပ်လေသည်။

“မင်း”

လင်းဝူယာ ဒေါသထွက်သွားသည်။ အတိတ်အခါက မန်နေဂျာစွန်းသည် သူတို့မိသားစုရှေ့၌ အလွန် ရိုကျိုးကာ သူ့မိသားစုအား ဘိုးဘေးများသဖွယ် ဆက်ဆံလေသည်။ သို့ရာတွင် ယခု သူက လုံးဝ မျက်နှာ ပြောင်းလဲသွားသည်။

“လင်းမိသားစုက ကောင်စုတ်လေး မင်းအဖေတောင် ငါ့ဆီမှာ ရှုံးခဲ့တာ၊ မင်းက ငါ့ဆေးဖော်ခန်းကို လုနိုင်တဲ့အရည်အချင်း ရှိတယ်လို့ ထင်နေတာလား”

ဖန့်ရှန်ယွီက အထင်သေးသလို ပြုံးနေသည်။

“ယီးပဲ ကျုပ်မိသားစုရဲ့ အစေခံတွေကိုသာ ခင်ဗျား ငွေနဲ့မပေါက်ခဲ့ရင် ကျုပ်အဖေက ခင်ဗျားလို လူယုတ်မာဆီမှာ ဘယ်လိုလုပ် ရှုံးမှာလဲ”

လင်းဝူယာ အော်ဟစ်လိုက်သည်။

“သက်သေ ဘယ်မှာလဲ၊ မင်း သက်သေမရှိဘဲ ငါ့ကို စွပ်စွဲလို့ တရားစွဲလိုက်လို့ ရတယ်နော်’

ဖန့်ရှန်ယွီက ဂုဏ်ယူစွာ ပြုံးနေပြီး “မင်း ငါ့ကို ဘာလုပ်နိုင်မှာလဲ” ဟူသော အကြည့်ဖြင့် ကြည့်နေ၏။

လင်းဝူယာ အလွန် ဒေါသထွက်နေသဖြင့် ပြောစရာ စကားပင် မဲ့နေသည်။ ဤအဖြစ်ကို စုံစမ်း၍ ရသော်လည်း သက်သေများအား လူနှင့်အလူ မြှုပ်နှံလိုက်လေပြီ။ ဖန့်ရှန်ယွီက အမိန့်ပေး စေခိုင်းသည်ဟူသော သက်သေ မရှိတော့ပါ။

ထို့ကြောင့်ပင် ဖန့်ရှန်ယွီ ယခုအထိ ကျော်ကြားနေခြင်း ဖြစ်လေသည်။

“သက်သေ မရှိဘူး မဟုတ်လား၊ သက်သေ မရှိရင် အဲ့လိုကိစ္စမျိုး မရှိခဲ့လို့ပေါ့”

ဖန့်ရှန်ယွီက အထင်သေးစွာ ပြုံးမြဲပြုံး၍ ပြောလိုက်သည်။

“မန်နေဂျာစွန်း ကျုပ် အခု ဆေးဖော်မယ်၊ မဆိုင်တဲ့လူတွေကို ထွက်သွားပြီး စောင့်ခိုင်း ထားလိုက်ပါ”

ရုတ်ချည်းဆိုသလိုပင် မန်နေဂျာစွန်းက ယဲ့ဖန်နှင့် အခြားသူများကို ငေါက်ငမ်းလေသည်။

“အခုချက်ချင်း ထွက်သွားကြ၊ မဟုတ်ရင် ငါ အစောင့်ကို ခေါ်လိုက်မယ်”

“အစောင့်ကိုခေါ်မယ်ဟုတ်လား၊ ခေါ်ကြည့်လိုက်လေ၊ အစောင့်က အရင်ရောက်မလား မင်း အရင်သေမလား ကြည့်ရသေးတာပေါ့”

လင်းဝူယာ အံကြိတ်၍ ကြုံးဝါးလိုက်သည်။ သူ ဟွမ်ယွီလင်းတို့ကို ကြွားဝါခဲ့ပြီးသား ဖြစ်သည်။ အကယ်၍ သူ ယခု အမြီးကုပ်၍ ထွက်သွားလိုက်ပါက နောင်တွင် ယဲ့ဖန်နှင့် အခြားသူများရှေ့၌ သူ မည်သို့ မျက်နှာပြဝံ့မည်နည်း။

“မင်း မင်း ဘယ်လိုလုပ် ပြောရခက်နေတာလဲ”

သူ့စကားကိုကြားပြီးနောက် မန်နေဂျာစွန်း ရုတ်တရက် မာန်ကျသွားပြီး လင်းဝူယာအား ကြောက်လန့်ဟန်ဖြင့် ကြည့်လာသည်။

လင်းဝူယာ၏ ခွန်အားက တစ်မူထူးခြားမှန်း သူလည်း သိပါသည်။ အကယ်၍ လင်းဝူယာသာ တစ်ခုခု လုပ်ချင်ပါက တံခါးဝမှ အစောင့်ပင် သူ့ကို တားနိုင်မည် မဟုတ်ပါ။

“ဟဲဟဲ လင်းမိသားစုက မျိုးမစစ်လေးက တော်တော် လေကျယ်တာပဲ၊ ဒီနေ့ ငါ မင်းကို ရိုကျိုးတာက ဘာလဲဆိုတာ သိအောင် ပြပေးရမှာပေါ့”

ဖန့်ရှန်ယွီ၏ မျက်လုံးတွင် ခက်ထန်သော အရိပ်အယောင် ဖြတ်ပြေးသွားသည်။

“ဝှစ် ဝှစ်”

သူ့အနောက်မှ လူတစ်ချို့ ပြိုင်တူ ရှေ့ထွက်လာပြီး လင်းဝူယာအား ခက်ထန်သော မျက်လုံးများဖြင့် စိုက်ကြည့်လေသည်။ ထိုလူများအားလုံးသည် ဘုရင်အဆင့်များ ဖြစ်သည်။ သူတို့၏ လူသတ်လိုစိတ်က လူအများက ဖိနှိပ်ထားနိုင်သည်။

မန်နေဂျာစွန်း အလွန် ထိတ်လန့်သွားလေသည်။

*ကြောက်စရာကောင်းလိုက်တဲ့ အရှိန်အဝါ*

*ဖန့်ရှန်ယွီက သူနဲ့အတူ ဘုရင်အဆင့်တွေ အများကြီး ခေါ်လာလိမ့်မယ်လို့ ထင်မထားမိဘူး*

ထိုစဉ် ဖြတ်သွားဖြတ်လာ ဆေးပညာရှင်များလည်း သူတို့ဘက်သို့ အာရုံရောက်လာသည်။ ဖန့်ရှန်ယွီနှင့် လင်းဝူယာတို့ကို မြင်လိုက်ပြီးနောက် သူတို့၏ အမူအရာက စိတ်ဝင်စားဟန် ပြလာသည်။

လင်းမိသားစုနှင့် ဖန့်ရှန်ယွီကြားမှ နာကြည်းချက်သည် တစ်ခဏအတွင်း ပျောက်ပျက်သွားမည် မဟုတ်ပါ။

အထူးသဖြင့် တစ်ဖက်လူ၏ ဘုရင်အဆင့်တိုင်းက သန်မာထွားကြိုင်းသော ခန္ဓာကိုယ်ရှိပြီး ခြေလှမ်းတိုင်းက မြေကြီးအား တုန်ခါသွားစေသလို အရှိန်အဝါကလည်း ကြမ်းကြုတ်လှသည်။ သွေးပေနေသော တူများက လူအများအား ကြောက်ရွံ့တုန်လှုပ်စေသည်။

“သွမ့်မူယန်”

တစ်ဖက်မှလူတစ်ယောက်ကို မြင်လိုက်သောအခါ လင်းဝူယာ ကြောက်လန့်ဟန် ပေါ်လာသည်။ အဘယ်ကြောင့်ဆိုသော် သူ့အရှေ့မှလူသည် ဝမ်ကောဖူကျောင်းတော်၌ ကျော်ကြားသော ပါရမီရှင်တစ်ဦး ဖြစ်ပြီး အဆင့်သုံးဆယ်၌ ရပ်တည်နေသော သွမ့်မူယန် ဖြစ်လေသည်။

ဝမ်ကောဖူ တစ်ခုလုံး၏ လူငယ်မျိုးဆက် ဘုရင်အဆင့်များတွင် မည်သူမှ သူ၏ လက်ရုံးရည်ကို မယှဉ်နိုင်ပါ။

လက်ရှိတွင် လင်းဝူယာ၏ မျက်နှာက အလွန် ရှုံ့မဲ့နေ၏။ တစ်ဖက်လူ၏ ခွန်အားက သူ့ထက် ပိုသန်မာကာ လုံးဝ အဆင့်မတူချေ။ သူက ရန်သူကြီးပင်။

“မောက်မာတယ်မလား၊ အခု မောက်မာလို့မရတော့ဘူးမလား၊ မျိုးမစစ်ကောင်”

ဖန့်ရှန်ယွီက အားပါးတရ ရယ်မောလိုက်ပြီး သူ့မျက်လုံးတွင် သရော်ရိပ် သန်းနေ၏။

“အဲ့ကောင်ကို မှတ်လောက်အောင် ပညာပေးလိုက်”

လင်းဝူယာ သွမ့်မူယန်ကို ရန်သူတစ်ယောက်သဖွယ် ကြည့်လိုက်သည်။

“သွမ့်မူယန် ငါတို့နှစ်ယောက်လုံးက ဝမ်ကောဖူရဲ့ တပည့်တွေပဲ၊ မင်း ငါနဲ့ ရန်ဖြစ်ချင်တာ သေချာပြီလား”

တန်မူယန်က သူ့အား ဂရုမစိုက်သလို ကြည့်လေသည်။

“ငါ့ကို မင်းလို အမှိုက်ကောင်နဲ့ လာမယှဉ်နဲ့၊ ရန်သူဖြစ်ချင်တယ်ပြောရအောင် မင်းက အရည်အချင်း ရှိလို့လား”

ဂရုမစိုက်ခြင်း၊ မောက်မာခြင်းနှင့် မာနကြီးခြင်းတို့ ပြည့်နှက်နေ၏။ သွမ့်မူယန်၏ မျက်လုံးတွင် အထင်သေးဟန်များ အထင်းသား ပေါ်နေပြီး လင်းဝူယာအား မျက်လုံးထဲပင် မထည့်ချေ။

“ဟားဟားဟား အရူးပဲ၊ မင်းက ငါတို့အစ်ကိုယန်ကို စိန်ခေါ်ဖို့ အရည်အချင်း ရှိလို့လား၊ လေကျယ်မနေနဲ့၊ မင်းအရည်အချင်း မင်း ပြန်ကြည့်ဦး”

“မင်းအဖေက အမှိုက်ကောင် အဲ့လည်း အမှိုက်ကောင်ပဲ”

“အဖေက သခင်ကြီးကိုရှုံးတယ်၊ သားကို ဒုက္ခိတဖြစ်အောင် လုပ်နိုင်မယ်၊ ပျော်စရာပဲ”

ဖန့်ရှန်ယွီဘေးနားမှ ဘုရင်အဆင့်များက ဟားတိုက်ရယ်မောနေပြီး သူတို့၏ စကားတွင် လှောင်ပြောင်သရော်မှုများ ပြည့်နှက်နေ၏။

ထိုစကားကိုကြားသော် လင်းဝူယာ အံကြိတ်ထားရသဖြင့် သွားများ ကြေမွမတတ် ဖြစ်နေ၏။ ဖန့်ရှန်ယွီသာ မသမာသောနည်းကို မသုံးခဲ့ပါက သူ့ဖခင်ကို နိုင်မည် မဟုတ်သလို သူတို့သည်လည်း ယခုကဲ့သို့ အဆင့် နိမ့်ကျသွားမည် မဟုတ်ပါ။

ယခု သူတို့ ရှိသမျှ နည်းလမ်းအစုံဖြင့် အလှောင်ခံနေရသည်။ ထိုစဉ် ဖန့်ရှန်ယွီက သက်ပြင်းချ သယောင် ဟန်ဆောင်လိုက်သည်။

“အင်း … မင်းအဖေ မျက်နှာကို ထောက်ပြီး ငါ မင်းတို့အငယ်တွေကို အနိုင်မကျင့်ချင်ဘူး၊ မင်း ဒူးထောက်ပြီး ငါ့ကို သုံးကြိမ် ဂါဝရပြုတာနဲ့ ဒီကိစ္စကို ငါ ဒီအတိုင်း ထားလိုက်မယ်”

သူ့စကားသံအဆုံး၌ အားလုံး ဝါးလုံးကွဲမတတ် ရယ်မောကြသည်။

“ဟေ့ကောင် မင်း ဘာလုပ်နေသေးတာလဲ၊ ဒူးမထောက်သေးဘူးလား၊ ဒီလောက် ရှားပါးတဲ့ အခွင့်အရေးကို မင်းက လက်လွှတ်မလို့လား”

“သူ အပျော်လွန်နေတယ်လို့ ထင်တယ်၊ အဲ့ဒါကြောင့် သူ အခု ဘာလုပ်ရမလဲ မသိတာ ဖြစ်မယ်”

လူတိုင်း လင်းဝူယာကို မချိုမချဉ် အကြည့်ဖြင့်ကြည့်ကာ သူ နင်းချေခံရပြီး အလှောင်ခံရမည့် အဖြစ်ကို မျှော်လင့်နေပုံရသည်။

“သွားသေလိုက်၊ ငါ မင်းကို သတ်မယ်”

လင်းဝူယာသည် ဒေါသကို မထိန်းနိုင်တော့သဖြင့် သံကုန်အော်ဟစ်၍ ဖန့်ရှန်ယွီထံ ပြေးဝင်သွားသည်။

“အား”

ဖန့်ရှန်ယွီသည် ကြောက်လန့်တကြား အော်ဟစ်လာပြီး တုန်ပါ တုန်ယင်လာ၏။

“ရွှစ်”

ထိုစဉ် သွမ့်မူယန်က သူ့ရှေ့သို့ ရောက်လာပြီး စူးရှသော မျက်လုံးများနှင့် လင်းဝူယာကို လက်သီးဖြင့် ပြန်ထိုးလိုက်သည်။

ထိုလက်သီးသည် နတ်ဆိုးတူသဖွယ် အားပြင်းလှသည်။ ချက်ချင်းဆိုသလိုပင် လင်းဝူယာ မျက်နှာ မည်းမှောင်သွားပြီး တိုက်စစ်အား ဦးတည်ချက် ပြောင်းလိုက်ကာ သွမ့်မူယန်ကို ဒေါသတကြီး တိုက်ခိုက်လေသည်။

ဤသည်ကိုမြင်သော် သွမ့်မူယန်က အထင်သေးစွာ လှောင်ရယ်လိုက်ပြီး တိုက်ခိုက်မှုကို ပိုအားထည့်လိုက်သည်။

“ဝုန်း”

နှစ်ဘက်လုံး အရှိန်ဖြင့် ထိပ်တိုက်တွေ့ဆုံသွားသည်။

“ဂျွတ်”

လင်းဝူယာ၏ လက်များ ကျိုးကြေသွားပြီး အနောက်သို့ လွင့်ထွက်သွားပြီး အရှိန်ဖြင့် ပြန်ပြုတ်ကျကာ စူးရှစွာ အော်ဟစ်လာသည်။

တစ်ချက်တည်းနှင့် ရှုံးသွားလေပြီ။ သွမ့်မူယန် ပြောခဲ့သည့်အတိုင်းပင်၊ နှစ်ယောက်လုံးက အဆင့်တူမနေချေ။

“ယီးပဲ ဒီသခင်ကြီးကို ကြောက်အောင်လုပ်ရဲတယ်ပေါ့လေ”

ဖန့်ရှန်ယွီက တင်းမာသော မျက်နှာနှင့် ရှေ့တိုးလာပြီး လင်းဝူယာ၏ ကျိုးနေသော လက်ကို တက်နင်းလာသည်။

“အ”

လင်းဝူယာ နာကျင်စွာ အော်လိုက်မိပြီး တစ်ကိုယ်လုံး လူးလွန့်လာသည်။ သွမ့်မူယန်၏ တိုက်ခိုက်မှုအောက်၌ သူ ရှုံးသွားလိမ့်မည်ဟု ထင်မထားမိချေ။ ဤသို့သော ရလဒ်မျိုးကို ခန့်မှန်းမိဟန်ဖြင့် အားလုံးက သရော်ကြသည်။

“အစ်ကိုယန်ကို တိုက်ခိုက်ရဲမှတော့ ဒီလိုပဲ အဆုံးသတ်မှာပေါ့”

“ကျွတ် ကျွတ် ကျွတ် အဖြစ်ဆိုးလိုက်တာ၊ ခွေးလိုပါပဲလား ဟားဟား”

ထိုစဉ် ဖန့်ရှန်ယွီက ယဲ့ဖန်နှင့် ဟွမ်ယွီလင်းတို့ဘက်သို့ ကြည့်လာသည်။ ဟွမ်ယွီလင်းကို မြင်သောအခါ သူမ၏ အလှကြောင့် ထိတ်လန့်ကာ တစ်ဒင်္ဂမျှ ကြက်သေ သေသွားသည်။

ထို့နောက်တွင်မူ ညစ်ကျယ်ကျယ် ပြုံးလာပြီး မလိုတမာဟန်ဖြင့် ပြောလိုက်သည်။

“ဟေ့ကောင် မင်း သေချင်လား ဒါမှမဟုတ် အသက်ရှင်လား”

ယဲ့ဖန် ရယ်ချင်သွားပြီး ပြန်မေးလိုက်သည်။

“သေချင်တယ်ဆိုရင် အခြေအနေက ဘာလဲ၊ အသက်ရှင်ချင်တယ်ဆိုရင်ရော”

“မင်း သေချင်ရင် ငါ အခု ဖြည့်ဆည်းပေးမယ်”

ဖန့်ရှန်ယွီက ခပ်မာမာ ပြုံးလိုက်ပြီးနောက် ဟွမ်ယွီလင်းအား တပ်မက်စွာ စိုက်ကြည့်လေသည်။

မင်း အသက်ရှင်ချင်တယ်ဆိုရင် မင်းကောင်မလေးကို ငါနဲ့ တစ်ညလိုက်အိပ်ခိုင်းလိုက်၊ ဒါဆို မင်းကို ငါ သွားခွင့်ပေးမယ်”

“နင် ဘာပြောလိုက်တယ်”

ဟွမ်ယွီလင်း၏ မျက်နှာက ဒေါသကြောင့် နီရဲလာသည်။ ဤမျှ အရှက်မဲ့သောလူကို သူမ ယခုမှ မြင်ဖူးခြင်းပင်။

*သူက ယုတ်မာတဲ့ လူအိုကြီးမှန်း သိသာနေတာတောင် ငါ့လို အသက်ငယ်ငယ် ကောင်မလေးကို နှာထရဲသေးတယ်လား*

“ညီမလေး မစိုးရိမ်ပါနဲ့၊ ဒီဦးလေးက မင်းဘေးက အမှိုက်ကောင်ထက် ပိုသာပါတယ်၊ ငါက ဆေးလောကရဲ့ အရှင်သခင် ဖန့်ရှန်ယွီလေ၊ မင်း ငါ့နောက် ခစားတာနဲ့ မင်းမှာ အာဏာရှိလာမယ်၊ ပြီးတော့ တစ်သက်လုံး နုပျိုနိုင်မယ့် အစွမ်းလည်း ရလာမယ်လေ၊ ဘယ်လိုလဲ”

ထို့နောက် ဖန့်ရှန်ယွီက အလွန်အမင်း ရာဂစိတ် တောက်လောင်နေသော အမူအရာနှင့် ဆက်ပြောလာ၏။

“ပြီးတော့ ငါ့မှာ အိပ်ရာပေါ်က အရည်အချင်းတွေ အများကြီးရှိတယ်၊ မင်းကို နိဗ္ဗာန် ရောက်သွားအောင် ငါ လုပ်ပေးနိုင်တယ်လို့ ငါ အာမခံတယ်၊ နောက်နှစ်လောက်ဆို မင်း ငါ့ကို သားလေးတောင် မွေးပေးနိုင်ဦးမှာ”

“သွားသေလိုက်”

စွမ်ယွီလင်း ဓားကိုဆွဲထုတ်၍ ဤအရှက်မရှိသော လူအိုကြီးကို သတ်ရန် ပြင်လိုက်သည်။ ထိုစဉ် ယဲ့ဖန်က ရှေ့တိုးလာပြီး အပြုံးဖြင့် ပြောလိုက်သည်။

“ကျုပ် သဘောမတူဘူးဆိုရင်ရော”

“ဒီလိုဆိုရင်တော့ ဒီနေ့ ရှုကျိုးမြစ်ထဲမှာ မင်းအလောင်း မျောနေလိမ့်မယ်”

ဖန့်ရှန်ယွီ၏ မျက်လုံးက ဒေါသကြောင့် ပြူးကျယ်နေကာ သူ့အမူအရာက မောက်မာ၍ အထင်သေးသော အမူအရာ ဖြစ်နေသည်။

သူ့အမြင်တွင် ယဲ့ဖန်သည် သေးနုတ်သော လူသာ ဖြစ်သည်။ သူ့အား မနာခံလျင် သေလမ်း တစ်လမ်းသာ ရှိပေမည်။

“ကျုပ်တို့က ရန်ငြိုးရန်စ မရှိတာတောင် ခင်ဗျား ဒီလိုလုပ်ချင်သေးတယ်လား”

ယဲ့ဖန် ပြုံး၍ မေးလိုက်ပြန်သည်။ သူ့မျက်လုံးတွင်းမှ ခက်ထန်မှုက ပို၍ ပြင်းထန်လာ၏။

“ဒီခွေးကောင်လေးနဲ့ မိတ်ဆွေဖြစ်နေတဲ့ မင်းကိုယ်မင်းပဲ အပြစ်တင်လိုက်ပေါ့”

ဖန့်ရှန်ယွီက သူ့မျက်လုံးတွင်း၌ စိတ်ဆန္ဒတို့အား ဖုံးကွယ်ချင်း မပြုတော့ဘဲ ဟွမ်ယွီလင်းကို စေ့စေ့ကြည့်ကာ ပြုံးလိုက်သည်။

“မင်း ထပ်အပြစ်တင်ချင်တယ်ဆိုရင်တော့ ငါ့ရဲ့ ရာဂစိတ်တွေ တောက်လောင်လာအောင် လုပ်နိုင်တဲ့ ဒီနူးညံ့လှပတဲ့ ကလေးမက မင်းဘေးမှာ ရှိနေလို့ပဲ”

“ကျုပ် နားလည်ပြီ”

ယဲ့ဖန် ခေါင်းညိတ်လိုက်သည်။

“နားလည်ပြီ ဟုတ်လား”

ဖန့်ရှန်ယွီ ရယ်မောလေသည်။

“အဲ့တော့ မင်းကောင်မလေးကို ငါ့ဆီ ပေးဖို့ စဉ်းစားလိုက်ပြီပေါ့”

“ရပါတယ် ငါ သူ့ကို တစ်ညတည်း ကစားမှာပါ၊ ပြီးရင် ငါ မင်းကို ပြန်ပေးမယ်လေ၊ မင်း ကောင်းကောင်း အသက်ရှင်ချင်တယ်ဆိုရင်တော့ မင်းခေါင်းမှာ ဦးထုပ်စိမ်းလေးတော့ ဆောင်းရမှာပေါ့”

ယဲ့ဖန်က စိတ်ပျက်သလို ခေါင်းကို ရိုက်လိုက်သည်။

“ဘယ်တတ်နိုင်မလဲ၊ ခင်ဗျားက ကျုပ်ခေါင်းမှာ ဦးထုပ်စိမ်း ဆောင်းစေချင်တယ်ဆိုပင်မယ့် ကျုပ်က ခင်ဗျားခေါင်းမှာ သွေးပေစေချင်တာ”

စာစဉ် ၉၃ ဤတွင် ပြီးပါပြီ။

All Chapters