အခန်း ၃၀၂
Vol. 31 Ch. 302
အခန်း (၃၀၂)
" အရှင် အားလုံး အဆင်သင့်ဖြစ်ပါပြီ။ " ကိုယ်ရံတော်တစ်ယောက်က ချဉ်းကပ်လာပြီး ပြောလိုက်သည်။
" စစ်သူကြီးဖန် ဟဲလျိုမြို့ကို အမှားအယွင်းမရှိဘဲ တစ်လတိတိ စောင့်ကြပ်ထားပါ။ ငါ ပြင်ဆင်မှုတွေလုပ်ဖို့ မြို့တော်ကို ပြန်တော့မယ်။ " ဝေဝူကျိက လေးနက်စွာ ပြောလိုက်သည်။
" အရာအားလုံးက အရှင့်ရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေတာ ဘာတွေ စီစဉ်စရာလိုသေးလို့လဲ။ " ဖန်ဝူက အံ့ဩစွာ မေးလိုက်သည်။
" ဟဲလျိုမြို့ကို မင်းလက်ထဲအပ်ခဲ့မယ်။ " ဝေဝူကျိက ပြန်မဖြေဘဲ ပြောလိုက်သည်။
ဝေဝူကျိက လှည့်ထွက်သွားခဲ့သော်လည်း သူ၏စိတ်ထဲတွင် သက်ပြင်းချလိုက်သည်။ " တကယ်လို့ ငါ့ရဲ့ ဗျူဟာ ကျဆုံးခဲ့ရင် နောက်ဆုံးမှာ ငါလုပ်နိုင်တာက တလျန်ကို ခုခံဖို့ပဲ ရှိတော့တယ်။ အောင်မြင်ဖို့ မျှော်လင့်ရမှာပဲ။ "
" အရှင် လမ်းခရီး ဂရုစိုက်ပါ။ " ဖန်ဝူက ဝေဝူကျိ ထွက်သွားသည်ကို ကြည့်ပြီး လေးနက်စွာ ဦးညွှတ်လိုက်သည်။
" ငါ့အမိန့်ကို ထုတ်ပြန်လိုက်။ အစွမ်းကုန် ခုခံကြယ ချင်စစ်တပ်ကို မြို့ထဲ လုံးဝမဝင်စေနဲ့။ " ဖန်ဝူက ကျယ်လောင်စွာ အမိန့်ပေးလိုက်သည်။
ရှန်းယန်မြို့တော်၊ ညီလာခံခန်းမ။
" တိုက်ပွဲအစီရင်ခံစာတွေရှိလား။ " ရင်ကျန့်က ယွီလျောင်ကို ကြည့်ပြီး ပြောလိုက်သည်။
" အရှင်မင်းကြီး ကျွန်တော်မျိုးတို့ ချင်က တိုက်ခိုက်တာ လဝက်တောင် မရှိသေးပါဘူး။ ဝေဝူကျိက နယ်စပ်ကို အခိုင်အမာ ကာကွယ်ထားလို့ ရလဒ်ထွက်ဖို့က အချိန်နည်းနည်း စောင့်ရပါလိမ့်မယ်။ ဒါပေမယ့် စိတ်ချပါ အရှင်မင်းကြီး။ ဟန်ကုနဲ့ ဝူအန်းရှိနေရင် ကျွန်တော်မျိုးတို့ ဝေကို သေချာပေါက် ချေမှုန်းနိုင်မှာပါ။ ကျွန်တော်တို့ ချင်ရဲ့ နိုင်ငံအင်အားကို အခု လက်ရှိ ဝေနိုင်ငံက ယှဉ်နိုင်မှာမဟုတ်ပါဘူး။ " ယွီလျောင်က ယုံကြည်မှုရှိစွာ ပြောလိုက်သည်။
" မှန်ပါတယ်။ နှစ်နှစ်လောက် အင်အားဖြည့်ပြီးတဲ့နောက်မှာ ကျွန်တော်မျိုးတို့ ချင်ရဲ့ ဘဏ္ဍာတိုက်က ပြည့်စုံနေပါပြီ။ တစ်နှစ်အတွင်း ဝေကို ချေမှုန်းနိုင်ပါလိမ့်မယ်။ စစ်သေနာပတိချုပ် ဟွမ်ယိက ဟန်ကုစခန်းကို ဦးဆောင်နေတာဆိုတော့ ဒါက ဝေစစ်တပ် မခံနိုင်တဲ့အရာပါ။ အရှင်မင်းကြီးအနေနဲ့ အောင်ပွဲသတင်းကို ကြားရဖို့ သိပ်မကြာတော့ဘူးလို့ ကျွန်တော်မျိုး ယုံကြည်ပါတယ်။ " ဝမ်ဝမ်က ပြုံး၍ ပြောလိုက်သည်။
" ကျွန်တော်မျိုးလည်း ထောက်ခံပါတယ်။ အရင်က မဟာမိတ်ငါးနိုင်ငံက တိုက်ခဲ့တုန်းကတောင် စစ်သေနာပတိချုပ် ဟွမ်ယိက သူတို့ကို ခုခံနိုင်ခဲ့တယ်။ ဒီတိုက်ပွဲမှာ သူရဲ့ စွမ်းဆောင်ရည်တွေကို ထပ်ပြီး မြင်တွေ့ရမှာပါ။ " ဟွိုက်ကျွမ်းကလည်း ဝင်ပြောလိုက်သည်။
ဝမ်ဝမ်နှင့် ဟွိုက်ကျွမ်းတို့၏ စကားများက ဟွမ်ယိကို ချီးကျူးမှုများသာ ပါဝင်ပြီး ကျောက်ဖုန်းအကြောင်း တစ်လုံးမှမပါဝင်ပေ။ ၎င်းက တစ်ဖက်ကို မြှောက်ပင့်ပြီး တစ်ဖက်ကို အထင်သေးခြင်း ဖြစ်သည်။
" ဝန်ကြီးတို့ အရာအားလုံးက သေချာနေတာတော့ မဟုတ်သေးဘူးနော်။ စစ်သေနာပတိချုပ် ကျောက်ဖုန်းက စစ်ထဲရောက်ကတည်းက တစ်ခါမှ မရှုံးဖူးသေးဘူး။ ဒါပေမယ့် ခင်ဗျားတို့ စကားတွေအရ စစ်သေနာပတိချုပ်ကျောက်ဖုန်းက နယ်စပ်ကို ထိုးဖောက်နိုင်မှာ မဟုတ်ဘူးလို့ ထင်နေတာလား။ " ဟူဟိုက်က လှောင်ပြောင်လိုက်သည်။
" ၁၈ယောက်မြောက် မင်းသားက အပိုတွေ ပြောနေပါပြီ။ စစ်သေနာပတိချုပ်ကျောက်ဖုန်းက မရှုံးဖူးသေးပေမယ့် အရမ်းငယ်သေးတယ်။ စစ်သေနာပတိချုပ်ဟွမ်ယိနဲ့ ယှဉ်ရင် သူက အများကြီး လိုပါသေးတယ်။ " ဝမ်ဝမ်က ပြုံး၍ ပြောလိုက်သည်။
" ဟုတ်တယ်။ စစ်သေနာပတိချုပ်ဟွမ်ယိရဲ့ ကွပ်ကဲနိုင်စွမ်းကို စစ်သေနာပတိချုပ်ကျောက်ဖုန်း ယှဉ်နိုင်မှာမဟုတ်ဘူး။ " ဟွိုက်ကျွမ်းကလည်း ထောက်ခံလိုက်သည်။
" ဝန်ကြီးနှစ်ယောက်က အသေအချာ ပြောနေတာပဲ။ တိုက်ပွဲရလဒ်က မထွက်သေးပါဘူး။ " လီစီက ဖြည်းညင်းစွာ ပြောလိုက်သည်။ ပုံမှန်ဆိုလျှင် သူက ဝင်ပြောမည်မဟုတ်သော်လည်း သူ၏ သားက ဝူအန်းစခန်းတွင် ရှိနေသောကြောင့် တုန့်ပြန်ပြောဆိုရန် လိုအပ်လာခြင်း ဖြစ်သည်။
" အစီရင်ခံစာ ရောက်လာပါတယ်။ ဝူအန်းစခန်းက အောင်ပွဲသတင်းရောက်လာပါပြီ။ " သတင်းပို့သူက ခန်းမထဲသို့ လျင်မြန်စွာ ဝင်ရောက်လာသည်။
" ဝူအန်းစခန်းက အောင်ပွဲသတင်းလား။ " ခန်းမထဲမှ ဝန်ကြီးအားလုံးက အံ့အားသင့်သွားကြသည်။ တစ်ချိန်လုံး ချီးကျူးနေကြသော ဝမ်ဝမ်နှင့် ဟွိုက်ကျွမ်းတို့ကလည်း မျက်နှာပျက်သွားကြသည်။
" ဝန်ကြီးတို့ အသေအချာမပြောနဲ့လို့ ကျုပ်ပြောပါတယ်။ အခုတော့ ဝူအန်းစခန်းက အောင်ပွဲသတင်းက အရင်ဆုံး ရောက်လာပြီ။ " လီစီက လှောင်ပြောင်သော လေသံဖြင့် ပြောလိုက်သည်။
" တင်ပြစမ်း။ " ရင်ကျန့်က ပြုံး၍ အမိန့်ပေးလိုက်သည်။
ကျောက်ကောင်းက အစီရင်ခံစာကို သွားယူပြီး ရင်ကျန့်ကို တင်ပြလိုက်သည်။ တိုက်ပွဲအစီရင်ခံစာကို ဖတ်ပြီးနောက် ရင်ကျန့်က ကျေနပ်စွာ ပြုံးလိုက်သည်။
" ကောင်းတယ်။ အရမ်းကောင်းတယ်။ ကျောက်ဖုန်းက ငါ့ကို စိတ်မပျက်စေခဲ့ဘူး။ ယန်ကောင်းမြို့မှာ တပ်စွဲထားတဲ့ ဝေစစ်သည်တစ်သိန်းခွဲကို တစ်ချက်တည်းနဲ့ ချေမှုန်းလိုက်ပြီ။ " ရင်ကျန့်က ကျယ်လောင်စွာ ရယ်မောလိုက်သည်။
ထို့နောက် သူက အစီရင်ခံစာကို ကျောက်ကောင်းဆီ ကမ်းပေးလိုက်သည်။ " ဒါကို အားလုံးကြားအောင် ဖတ်ပြလိုက်။ "
ကျောက်ကောင်းက အစီရင်ခံစာကို ဖွင့်ပြီး ကျယ်လောင်စွာ ဖတ်လိုက်သည်။ " ချင်နိုင်ငံ ဝူအန်းစခန်းမှ စစ်တရားသူကြီး ခွိုက်ဖုက အစီရင်ခံပါတယ်။ ဝူအန်းစခန်းက ဝေနိုင်ငံကို ထိုးစစ်ဆင်ခဲ့ပြီး နေ့တစ်ဝက်အတွင်းမှာ နယ်စပ်မှာ တပ်စွဲထားတဲ့ ကင်းစခန်းအားလုံးကို ချေမှုန်းနိုင်ခဲ့ပါတယ်။ ယန်ကောင်းမြို့ကို ရောက်တဲ့အခါ စစ်သေနာပတိချုပ်ကျောက်ဖုန်းက တိုက်ခိုက်ဖို့ အမိန့်ပေးခဲ့ပြီး မြားမိုးတွေနဲ့ ဝေစစ်တပ်ကို ဖိနှိပ်ခဲ့ပါတယ်။ "
" နာရီဝက်ကြာအောင် မြားမိုးတွေက မြို့ကို သွေးချောင်းစီးစေခဲ့ပါတယ်။ စစ်သေနာပတိချုပ်ကိုယ်တိုင် ရှေ့တန်းက တိုက်ခိုက်ခဲ့ပြီး တစ်ရက်အတွင်း ယန်ကောင်းမြို့ကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။ အဲ့ဒီအချိန်မှာ ဝေစစ်တပ်က ကျွန်တော်မျိုးတို့ ချင်စစ်စည်တွေ ဝင်ရောက်လာတာနဲ့ ဆုတ်ခွာမရအောင် မြို့ထဲမှာ လောင်စာတွေပြင်ပြီး မြို့ကို မီးရှို့ခဲ့ပါတယ်။ "
" စစ်သေနာပတိချုပ်ကျောက်ဖုန်းက အဲ့ဒီဗျူဟာကို ခန့်မှန်းမိခဲ့ပြီး အပြင်မြို့ရိုးကို သိမ်းပိုက်ပြီးတာနဲ့ သူ့ရဲ့ တပ်ဖွဲ့တွေကို ယန်ကောင်းမြို့ကနေ ပြန်လည်ခေါ်ထုတ်ခဲ့ပါတယ်။ အဲ့ဒီအချိန်မှာ ဝေစစ်တပ်က မြို့ကို မီးရှို့လိုက်တော့ မြို့တစ်ခုလုံး မီးပင်လယ်ဝေသွားခဲ့ပါတယ်။ "
" မီးတောက်တွေအောက်မှာ ဝေစစ်သည်နဲ့ အရပ်သားတစ်သိန်းကျော် သေဆုံးသွားခဲ့ပါတယ်။ ဝေစစ်သေနာပတိချုပ်လုံကျန်းက သူ့ရဲ့ တပ်ဖွဲ့တွေကို မြို့ပြင်ကို ခေါ်ထုတ်ခဲ့ပေမယ့် စစ်သေနာပတိချုပ် ကျောက်ဖုန်းက မြင်းတပ်ဖွဲ့ကို ဝန်းရံဖို့ အမိန့်ပေးထားပြီး နောက်ဆုံးမှာ အောင်ပွဲကို ရယူနိုင်ခဲ့ပါတယ်။ "
" ယန်ကောင်းမြို့မှာ တပ်စွဲထားတဲ့ ဝေစစ်သည် ၁၅၀၀၀၀ က ဝူအန်းစခန်းရဲ့ လုံးဝ ချေမှုန်းခြင်းခံလိုက်ရပါတယ်။ ကျွန်တော်မျိုးတို့ ဝူအန်းစခန်းက အထိအခိုက် ၃၀၀၀၀ အောက်သာ ရှိခဲ့ပြီး အကျအဆုံး ၈၀၀၀နဲ့ ၂၀၀၀၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။ ဒါက ဝူအန်းစခန်းအတွက် အောင်ပွဲကြီးတစ်ခုပါပဲ။ "
ထိုရလဒ်ကို ကြားသောအခါ ခန်းမတစ်ခုလုံး တိတ်ဆိတ်သွားခဲ့သည်။ သုံးရင်အတွင်း ထိုမျှကြီးမားသော အောင်မြင်မှုကို ရရှိလိမ့်မည်ဟု ဘယ်သူမှ မထင်မှတ်ထားခဲ့ပေ။ ဝေစစ်သည် ၁၅၀၀၀၀က ဤသို့ဖြင့် ပြာကျသွားခဲ့သည်။
ထို့အပြင် မြို့ကို မီးရှို့မည့်ဗျူဟာကို ကျောက်ဖုန်းက ကြိုတင်ခန့်မှန်းမိခဲ့ခြင်း ဖြစ်သည်။ မဟုတ်လျှင် ချင်စစ်သည် သောင်းနှင့်ချီ၍ ထိခိုက်မှုရှိနိုင်သည်မှာ သေချာသည်။
" ကျောက်ဖုန်းက တကယ်ပဲ ယန်ကောင်းမြို့ကို သုံးရက်အတွင်း သိမ်းနိုင်ခဲ့တာလား။ "
" သေစမ်း။ ဝေကို ချေမှုန်းတဲ့ စွမ်းဆောင်မှုက ကျောက်ဖုန်းဆီကိုသာ ရောက်သွားရင် ကျောက်ဖုန်းကို တားဆီးနိုင်တော့မှာမဟုတ်ဘူး။ သူ့ရဲ့ စစ်ရေးစွမ်းဆောင်မှုတွေက အခြားစစ်သေနာပတိချုပ်တွေကို ကျော်လွန်သွားလိမ့်မယ်။ အဲ့ဒါက အနာဂတ်ရဲ့ စစ်ဦးစီးချုပ်ရာထူးက သူ့ဆီကို ရောက်ဖို့ သေချာသလောက်ရှိနေပြီ။ အဲ့လိုဖြစ်လို့မရဘူး။ တကယ်အဲ့လိုသာ ဖြစ်ခဲ့ရင် အဲ့ဒါက တကယ်ကပ်ဘေးတစ်ခုပဲ။ " ဝမ်ဝမ်နှင့် ဟွိုက်ကျွမ်းတို့က အလွန်စိတ်ပျက်သွားကြသည်။
နိုင်ငံတစ်ခုကို သိမ်းပိုက်ရာတွင် လုပ်ဆောင်ချက်တစ်ခုတည်းကပင် အခြေအနေတစ်ခုလုံးကို သက်ရောက်မှုရှိစေနိုင်သည်။ အကယ်၍ ဟွမ်ယိသာ ပထမဆုံး မြို့ကို ထိုးဖောက်နိုင်ခဲ့လျှင် ဝေနိုင်ငံက သူ၏ ကာကွယ်ရေးကို ပြန်လည်ပြင်ဆင်ပေလိမ့်မည်။ ကျောက်ဖုန်းက မြို့ကို နောက်မှ သိမ်းပိုက်နိုင်ခဲ့လျှင် သူ၏ အောင်မြင်မှုက ဟွမ်ယိကို ကျော်လွန်နိုင်မည်မဟုတ်ပေ။ ဝမ်ဝမ်နှင့်အခြားသူများကလည်း ထိုအချက်ကို အသုံးချပြီး ကျောက်ဖုန်း၏ အောင်မြင်မှုများကိုလျှော့ချနိုင်ပြီး သူက နောက်ဆုံးတွင် ဝေမြို့တော်ကို သိမ်းပိုက်နိုင်ခဲ့လျှင်တောင် သူ့ကို ပြန်လည်တိုက်ခိုက်နိုင်လေသည်။
သို့သော် ယခုအခါ သူတို့၏ မျှော်လင့်ချက်များနှင့် လုံးဝ ဆန့်ကျင်ဘက်ဖြစ်နေခဲ့သည်။ ကျောက်ဖုန်းက နယ်စပ်မြို့ကို ပထမဆုံး ထိုးဖောက်နိုင်ခဲ့သဖြင့် အသာစီး ရရှိသွားခဲ့ပြီဖြစ်သည်။
" စစ်သူကြီးကျောက်ဖုန်းက မျှော်လင့်ထားသလိုပဲ စစ်တပ်ကို ကွပ်ကဲနိုင်စွမ်းနဲ့ ရန်သူဗျူဟာတွေကို ကြိုတင်ခန့်မှန်းနိုင်စွမ်းက အံ့မခန်းပါပဲ။ သုံးရက်အတွင်းမှာ ဝေစစ်သည် တစ်သိန်းခွဲကို ပြာချနိုင်ခဲ့တယ်။ တကယ်ကို ချင်ရဲ့ ပြိုင်ဘက်ကင်းစစ်သေနာပတိချုပ်ပါပဲ။ " ယွီလျောင်က စတင်ပြောဆိုလိုက်သည်။
"မှန်တယ်။ ယန်ကောင်းမြို့ကို ထိုးဖောက်နိုင်ခဲ့ပြီဆိုတော့ ဝေနိုင်ငံရဲ့ စစ်သည်တွေက ဝူအန်းစခန်းရဲ့ ချီတက်မှုကို ဘယ်လိုမှတားဆီးနိုင်မှာမဟုတ်ဘူး။ ဖြစ်နိုင်တာက တစ်လ၊ နှစ်လအတွင်းမှာ စစ်သေနာပတိချုပ်ကျောက်ဖုန်းက စစ်သေနာပတိချုပ်ကျောက်ဖုန်းက တလျန်မြို့တော်ကို ရောက်သွားနိုင်ပါတယ်။ " လီစီကလည်း ရယ်ပြီး ပြောလိုက်သည်။
" အရှင်မင်းကြီးကို ဂုဏ်ပြုပါတယ်။ ဝူအန်းစခန်းက သုံးရက်အတွင်း ရရှိခဲ့တဲ့ အောင်မြင်မှုက ချင်နိုင်ငံအတွက် ဂုဏ်ယူစရာပါပဲ။ ဝေကို ဖျက်ဆီးဖို့က လက်တစ်ကမ်းပဲ လိုတော့ပါတယ်။ "
" အရှင်မင်းကြီး သက်တော်ရာကျော် ရှည်ပါစေ။ ချင်နိုင်ငံတော်ကြီး ထာဝရတည်တံ့ပါစေ။ " နန်းတွင်းတစ်ခုလုံးက ဂုဏ်ပြုသံများဖြင့် ပြည့်နှက်သွားသည်။
ရင်ကျန့်ကလည်း အလွန်ဝမ်းသာနေခဲ့ပြီး ကျေနပ်စွာ ပြုံးနေခဲ့သည်။ " ကျောက်ဖုန်းက ငါ့ကို တကယ်အံ့ဩစေခဲ့တယ်။ ကျောက်ကို ဖျက်ဆီးကတည်းက ဝေဝူကျိက ဝေစစ်တပ်ကို အားဖြည့်ဖို့ နိုင်ငံအင်အားကိုတောင် စုစည်းထားခဲ့တယ်။ "