Chapter 1398 - 1399
Vol. 94 Ch. 1398 - 1399
Chapter 1398 ငါ့ကိုလွှတ်
ယဲ့ဖန် သွမ့်မူယန်ကို သတ်လိုက်သောအခါ လင်းဝူယာ ကြက်သေ သေသွားသည်။ ထို့နောက် ယဲ့ဖန်က ဖန့်ရှန်ယွီကိုပါ တိုက်ခိုက်လာသောအခါ ဤလူက ကြောက်စရာဆိုတာ ဘာလဲ မသိသည့် စိတ္တဇသမားဖြစ်ကြောင်း သူ သတိပြုလိုက်မိသည်။
ဝမ်ကောဖူ၌ ရှိနေစဉ်က ယဲ့ဖန်၏ အပြုအမူကို သူ စဉ်းစားမိပြီးနောက် ယဲ့ဖန်က အကြောက်တရား ဆိုသည်ကို မသိသောသူ ဖြစ်ကြောင်း အခိုင်အမာ သိလိုက်လေသည်။ သူ့အား ရန်စလျင် သေလမ်းတစ်ခုတည်းသာ ရှိပေသည်။
ယဲ့ဖန်၏ စကားသံ ထွက်ပေါ်လာသောအခါ ဖန့်ရှန်ယွီ သည်းခြေပျက်မတတ် ဖြစ်သွားသည်။
*ဒီကောင် ငါ့ကို တကယ် သတ်ဖို့ ကြံစည်ထားတာပဲ*
“ရပ်စမ်း”
သို့သော် ထိုအခိုက်တွင် မာန်ပါသောအသံတစ်သံ ထွက်ပေါ်လာပြီး လူတစ်စု ပြိုင်တူဝင်လာ၏။
အရှေ့မှလျှောက်လာနေသော လူလတ်ပိုင်းအရွယ် အမျိုးသားသည် အတော်လေး သန်မာ၍ မျက်လုံးများက စူးရှကာ သူ သွားသည့်နေရာတိုင်း လေးစားမှုများ ရနေသည်။
“ဒါရိုက်တာ”
ဤလူကိုမြင်သော် ဆေးပညာရှင်များသည် ပြိုင်တူ ဦးညွှတ်၍ အရိုအသေ ပေးလာကြသည်။ အဘယ်ကြောင့်ဆိုသော် သူတို့ရှေ့မှလူသည် သူတို့ အင်ပါယာ၏ ဆေးဘက်ဆိုင်ရာ အဖွဲ့အစည်း ဒါရိုက်တာ ရှုပေါင်ကျွမ်ပင်။
ရောက်လာသည့်လူကိုမြင်ပြီးနောက် ဖန့်ရှန်ယွီ စိတ်လှုပ်ရှားလွန်းသဖြင့် ငိုချင်သွားပြီး မတရားခံရသော အသံဖြင် ပြောလိုက်သည်။
“ဒါရိုက်တာရှု ကျွန်တော့်ကို ကယ်ပါဦး၊ ဒီအမှိုက်ကောင်ကို နှင်ထုတ်လိုက်ပါ၊ ဒီအမှိုက်ကောင်ကို ဒုက္ခိတဖြစ်အောင် လုပ်ပေးပါ”
ရှုပေါင်ကျွမ်သည် ဆေးဘက်ဆိုင်ရာ အဖွဲ့အစည်း၏ ဒါရိုက်တာ ဖြစ်သည်။ တစ်နိုင်ငံချင်းစီ၏ ဆေးဘက်ဆိုင်ရာ အဖွဲ့အစည်း ဒါရိုက်တာတိုင်းသည် ကောင်းကင်ကို လက်တစ်ဖက်ဖြင့် အုပ်နိုင်လေသည်။
သူတော်စင်သခင်အဆင့်တောင်မှ သူ့ကို တောင်းဆိုရပြီး မရေတွက်နိုင်သော လူပေါင်းများစွာက သူထံ နေ့တိုင်း လာရောက်ကြပြီး ဆေးစပ်ပေးရန် တောင်းဆိုကြသည်။ အချို့ဆိုလျင် သူ့ထံ၌ အစေခံအဖြစ်ပင် ဝင်အမှုထမ်းချင်ကြလေသည်။
ထို့ကြောင့် ဤဆေးဆိုင်၌ သူတော်စင်သခင်အဆင့် သုံးယောက်နှင့် ရှုပေါင်ကျွမ်သာ ရှိလေသည်။
*ဒီကောင်လေးကို သတ်ဖို့ ဖြစ်နိုင်မလား*
အစောပိုင်းက ဖန့်ရှန်ယွီ မည်မျှ သည်းခြေပျက်နေသော်လည်း ယခုအခါ၌ သူ မောက်မာ နေလေပြီ။ သူသည် ယဲ့ဖန်အား ရန်စသော အကြည့်ဖြင့်ပင် ကြည့်ရဲနေ၏။
“မျိုးမစစ်လေး မင်း ငါ့ဆံပင်ကို ထိရဲရင် ထိကြည့်လိုက်၊ မင်း ဒီဆေးဆိုင်က အသက်ရှင်လျက် ထွက်သွားလို့ မရစေရဘူးလို့ ငါ အာမခံတယ်”
“ဪ”
ယဲ့ဖန် စိတ်ဝင်စားဟန်ပေါ်လာပြီး သူ့မျက်လုံးတွင် လူသတ်ချင်စိတ်များ ပြင်းထန်စွာ ပေါ်လွင်နေ၏။ သူ့ဒေါသက ကမ်းပါးကို ရိုက်ခတ်နေသော လှိုင်းလုံးလိုပင်။
ချက်ချင်းဆိုသလိုပင် ဖန့်ရှန်ယွီ အကြီးအကျယ် မျက်နှာပျက်သွားပြီး ငေါက်ငမ်းလိုက်သည်။
“မင်း ရူးနေလား၊ မင်း ငါ့ကို တကယ် သတ်ချင်နေတာလား”
သူ့အမူအရာတွင် လူသတ်ချင်ဟန်များ ပါလွင်နေကြောင်း သိသာလှသည်။
*ဒီကောင် ငါ့ကို တကယ် သတ်ချင်နေတာပဲ*
“ဆရာဖန့်ကို လွှတ်လိုက်စမ်း”
ထိုစဉ် ရှုပေါင်ကျွမ်က အမိန့်ပေးသော လေသံဖြင့် ယဲ့ဖန်ကို ငေါက်ငမ်းလိုက်သည်။ သူ့စကားလုံး၌ ဒေါသရိပ်များ ပါနေ၏။
ဖန့်ရှန်ယွီက အကျင့်မကောင်းသော်လည်း သူ၏ ဆေးပညာက အတော်လေး ထူးချွန်သည်။ လက်ရှိတွင် သူတို့၏ ဆေးဘက်ဆိုင်ရာ အဖွဲ့အစည်းက အင်ပါယာကို ကိုယ်စားပြု၍ တိုင်းတပါးမှ ဆေးပညာရှင်များနှင့် ပြိုင်ဆိုင်ရမည်။ လက်ရှိတွင် သူတို့ ရှုံးနေပြီး ဖန့်ရှန်ယွီကဲ့သို့ ထူးချွန်သူကို ဆုံးရှုံး၍ မဖြစ်ချေ။
“ဟားဟား”
သို့သော် ယဲ့ဖန်က လှောင်ရယ်၍ ရှေ့ဆက်ရန် ပြင်လေသည်။
“ဘာ ဒီကောင်လေးက ဒါရိုက်တာရှုကို လျစ်လျူရှုတာလား”
“မောက်မာလွန်းတယ်၊ ဒီကောင် စိတ်ရောမှန်သေးရဲ့လား၊ သူ တစ်လောကလုံးနဲ့ ရန်သူ ဖြစ်ချင်နေတာလား”
လူတိုင်း ထိတ်လန့်သွားကြသည်။ ယဲ့ဖန်သည် ဘဝင်မြင့်လွန်းသည်။ ပထမအကြိမ် ယွိကျဲ့ နယ်မြေနှင့်သူ ပဋိပက္ခဖြစ်အောင် လုပ်ခဲ့ပြီး ယခု ရှုပေါင်ကျွမ်ကို စိန်ခေါ်ချင်သည်တဲ့လား။
ဘာမဟုတ်သော လူငယ်လေးက သူ့အမိန့်ကို လျစ်လျူရှုရဲလိမ့်မည်ဟု ရှုပေါင်ကျွမ် ထင်မထားမိချေ။
ထို့နောက် သူ့မျက်နှာတွင် ခက်ထန်မှုများ ဖုံးလွှမ်းလာကာ မုန်းတီးဟန်ဖြင့် ပြောလိုက်သည်။
“ဟေ့ကောင် မင်း သူ့ကို ထိရဲလို့ကတော့ ငါ မင်းတစ်မိသားစုလုံးကို သတ်ပစ်မယ်”
ဤလေသံဖြင့် သူ့အား လူအများ မပြောရဲတော့သဖြင့် သူ မေ့နေလေသည်။ ယခု သူ့ရှေ့မှ လူငယ်လေးက သေတွင်းတူးနေလေပြီ။
ထိုအခိုက်တွင် အလွန် ပြင်းထန်သော ဖိအားတစ်ခု ပျံ့လွင့်လာ၏။ ယင်းသည် ရှုပေါင်ကျွမ်၏ အရှိန်အဝါအမဟုတ်ဘဲ အမှောင်ထဲ၌ ပုန်းကွယ်နေသော သူတော်စင်သခင်အဆင့်များမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။ ရှုပေါင်ကျွမ် အမိန့်ပေးလိုက်သည်နှင့် သူတို့က ရက်စက်စွာ တိုက်ခိုက်လာမည် ဖြစ်လေသည်။
လက်ရှိတွင် ရှုပေါင်ကျွမ်က အေးတိအေးစက် မျက်လုံးများဖြင့် လူသတ်ချင်စိတ်နှင့် ကြည့်နေသည်။
အရာအားလုံး တိတ်ကျသွားသည်။ လက်ရှိတွင် ဆေးပညာရှင်များအားလုံး ချွေးပြန်လာပြီး တစ်ကိုယ်လုံး တုန်ယင်နေကြသည်။
တစ်ယောက်၊ နှစ်ယောက်၊ သုံးယောက်။ သူတော်စင်သခင်အဆင့် လေးယောက်တိတိ ရှိနေ၏။ တစ်နည်းအားဖြင့် ဆိုရလျင် ဤဆေးဆိုင်တွင်း၌ သူတော်စင်သခင်အဆင့် လေးယောက် ထိုင်နေသည်ဟု အဓိပ္ပာယ် ရလေသည်။
ဆေးပညာရှင်တိုင်း မျက်ခုံးလှုပ်နေကြပြီး သူတို့၏ မျက်လုံးတွင် ကြောက်လန့်၍ အံ့ဩဟန်များ ပေါ်နေသည်။ ဤသူတော်စင်သခင်အဆင့် လေးယောက်ရှိနေလျင် မည်သူက မောက်မာ ရဲမည်နည်း။
ဖန့်ရှန်ယွီ၏ မျက်နှာတွင် အားရဝမ်းသာဟန် ပေါ်လာသည်။ သူတော်စင်သခင်အဆင့် လေးယောက် ရှိနေသဖြင့် ဤလူငယ်လေးက သူ့ကို သတ်ရဲပါမည်လော။
ထိုစဉ် ဟွမ်ယွီလင်းက မနေနိုင်တော့ဘဲ ယဲ့ဖန်နားနားသို့ တီးတိုးကပ်ပြောလိုက်သည်။
“ကျွန်မတို့က ဒီကို ဆေးဖော်စပ်ဖို့ ရောက်လာတာဆိုတော့ ကိစ္စတွေကို ပိုဆိုးအောင် မလုပ်သင့်ဘူး ထင်တယ်”
အကယ်၍ ယဲ့ဖန်သာ ဖန့်ရှန်ယွီကို သတ်လိုက်လျင် ယနေ့ ရှုပေါင်ကျွမ်၏ နောက်ကွယ်မှ သူတော်စင်သခင်အဆင့် လေးယောက်နှင့် တိုက်ခိုက်ရပေလိမ့်မည်။ ထိုသို့ဆိုလျင် ဆေးကို ဖော်စပ်နိုင်ရန် ခက်ခဲပေလိမ့်မည်။
“အဖေ ဒါ ကျွန်တော်တို့ အမှားမဟုတ်ဘူး၊ ဒီလိုဖြစ်အောင် အရင်လုပ်တာ ဖန့်ရှန်ယွီပါ”
ထိုစဉ် လင်းဝူယာက ရှုပေါင်ကျွမ် ဘေးနားမှ လူလတ်ပိုင်းအရွယ် အမျိုးသားကို အော်ပြောလိုက်သည်။ သူ့ဖခင်က ယဲ့ဖန်အတွက် ဝင်ပြောပေးလိမ့်မည်ဟု သူ မျှော်လင့် နေမိသည်။
ယဲ့ဖန်သာ ရှုပေါင်ကျွမ်ကို ရန်စလိုက်မိပါက အဆုံးသတ် ဆိုးရွားလိမ့်မည် ဖြစ်ကြောင်း သူ ကောင်းကောင်း သိနေ၏။
ရှုပေါင်ကျွမ် ကိုယ်တိုင် လှုပ်ရှားစရာမလိုဘဲ သူ့အား မျက်နှာလုပ်ရန် ယဲ့ဖန်၏ ဦးခေါင်းကို ယူပေးမည့်သူများ ရှိနေသည်။
ဆေးဘက်ဆိုင်ရာ အဖွဲ့အစည်းသည် လောက၌ မိတ်ဆွေပေါများသူများ ဖြစ်ပြီး ဆေးဘက်ဆိုင်ရာ အဖွဲ့အစည်း၏ ဒါရိုက်တာဖြစ်သော ရှုပေါင်ကျွမ်၌လည်း မိတ်ဆွေ မရှိလည်း မနေပါ။
ဆေးဘက်ဆိုင်ရာ အဖွဲ့အစည်း၏ အစွမ်းကို ဘယ်သောအခါမှ အထင်မသေးသင့်ပါ။ ရှုပေါင်ကွမ်အား ရန်စမိလျင် သူတော်စင်သခင်အဆင့်များအား ရန်မိသည်နှင့် အတူတူပင် ဖြစ်သွားလိမ့်မည်။
“တော်စမ်း အရေးမပါတာတွေ မပြောနဲ့”
လင်းရှင်းလန်က ဒေါသတကြီး ပြန်ပြောလိုက်သည်။ လက်ရှိတွင် သူပါ အပြစ်တင်မခံလိုချေ။ လက်ရှိတွင် သူတို့ လင်းမိသားစု၏ ဂုဏ်သိက္ခာက စောက်ထိုးကျနေပြီး ရှုပေါင်ကွမ်ကလည်း သူ့ဘက်၌ နေပေးမည် မဟုတ်ပါ။
“ကျွန်တော် အမှန်အတိုင်း ပြောနေတာ၊ ဖန့်ရှန်ယွီက အဖေ့ကို စော်ကားတဲ့စကား ပြောတယ်၊ အဲ့ဒါကြောင့် ကျွန်တော် ဒေါသထွက်ပြီး ရန်လုပ်လိုက်တာ၊ ကျွန်တော့် မိတ်ဆွေ နှစ်ယောက်လုံးက အစကနေအဆုံးထိ အပြစ်ကင်းပါတယ်၊ ဖန့်ရှန်ယွီက ဒီမိန်းကလေးရဲ့ အလှကို စွဲလမ်းပြီး ကျွန်တော့်သူငယ်ချင်းကို သတ်ဖို့ လုပ်ခဲ့တာပါ”
“အဲ့လိုကိစ္စမျိုး တကယ် ရှိခဲ့တာလား”
ထိုစဉ် ရှုပေါင်ကျွမ်က အနားမှ မန်နေဂျာစွန်းအား ထူးဆန်းသော မျက်နှာထားနှင့် ကြည့်လိုက်သည်။ မန်နေဂျာလွန်း ထိတ်လန့်သွားသော်လည်း ပြန်ဖြေလေသည်။
“အဲ့ဒါတွေအားလုံး မဟုတ်ပါဘူး၊ လင်းသခင်လေးက ဆရာဖန့်ရဲ့ ဆေးဖော်ခန်းကို လုချင်နေတာပါ၊ အငြင်းခံလိုက်ရလို့ သူက လုယူဖို့ ကြိုးစားပြီး သူ့မိတ်ဆွေနှစ်ယောက်ကပါ ဝင်ကူခဲ့တာပါ”
“ဆရာဖန့်က ပြန်တိုက်ဖို့ ဖိအားပေးခံခဲ့ရတာပါ”
“မင်း … မင်း အမှားကို အမှန်လုပ်နေတာပဲ”
လင်းဝူယာ ဒေါသထွက်သွားသည်။
*ဒီလူ တော်တော် အရှက်မဲ့တာပဲ*
သို့သော် မန်နေဂျာစွန်းက အေးတိအေးစက် မျက်နှာထားနှင့် ပြောလိုက်သည်။
“ကျွန်တော် ပြောတာ အားလုံး အမှန်တွေပါပဲ၊ တကယ်လို့ တစ်ဝက်ပဲ မှန်တယ်ဆိုရင် ကျွန်တော့်ကို မိုးကြိုးပစ်ပါစေ”
လင်းဝူယာ ကြက်သေ သေသွားသည်။ လူတစ်ယောက်က ဤမျှ အရှက်မဲ့လိမ့်မည်ဟု သူ လုံးဝ ထင်မထားမိပါ။
“အဖေ သူပြောတာကို မယုံနဲ့၊ သူ လိမ်နေတာ”
“ငါ မင်းကို တော်လိုက်တော့လို့ ပြောနေတယ်”
လင်းရှင်းလန် ရှေ့သို့ ပြေးတက်လာပြီး လင်းဝူယာအား ပါးရိုက်ကာ ဒေါသတကြီး ငေါက်ငမ်း လိုက်သည်။
“ငါ သိနေတယ်၊ မင်းက မြေခွေးလို မိတ်ဆွေတွေနဲ့ ပေါင်းပြီး ပြဿနာရှာမဟုတ်တာ လုပ်နေတာ၊ ငါ ပြန်ရောက်တာနဲ့ မင်းကို တစ်လတိတိ အခန်းပိတ် ပစ်မယ်”
သူ့စကားအရ ယဲ့ဖန်တို့သည် မြေခွေးလိုမိတ်ဆွေများ ဖြစ်ပြီး သူ့သားအငယ်ကို ဖျက်ဆီးသူဟု ဆိုလိုခြင်း ဖြစ်လေသည်။ သူသည် ဆွဲထည့်ခံရမည်စိုးသောကြောင့် ယဲ့ဖန်တို့နှင့် ပတ်သက်မှုကို ဖြတ်တောက်ချင်နေ၏။
“သိပ်အတော်နဲ့ကောင်လေးပါလား၊ ငါ့နေရာမှာ ပြဿနာရှာရဲတယ်ပေါ့လေ၊ မင်း သေချင်နေပြီနဲ့ တူတယ်”
ရှုပေါင်ကျွမ်က ဒေါသနှင့် တစ်လုံးချင်း ပြောလိုက်သည်။
“အခု ဆရာဖန့်ကို လွှတ်ပေးပြီး ငါ့ရှေ့ ဒူးထောက်စမ်း၊ ဒါဆို ငါ မင်းကို အသက်ချမ်းသာချင် ချမ်းသာပေးမယ်”
သူ့စကား၌ ခြိမ်းခြောက်ဟန်များ ပါနေ၏။ သတ်ပစ်မည်ဟု ခြိမ်းခြောက်နေခြင်းပင်။ ဖိနှိပ် လွှမ်းမိုးလွန်းလှသည်။
အစမှအဆုံးတိုင် သူ ယဲ့ဖန်ကို မျက်လုံးထဲပင် မထည့်ချေ။ သူ့အား ပုရွက်ဆိတ်သဖွယ် အချိန်မရွေး ဖိသတ်နိုင်သည်ဟု ထင်မှတ်နေ၏။
“မင်း မကြားဘူးလား၊ မျိုးမစစ်ကောင် ငါ့ကို အောက်ချပေးစမ်း၊ မင်း အသက်မရှင်ချင် တော့ဘူးလား”
ဖန့်ရှန်ယွီက ဝမ်းသာအားရနှင့် အော်ငေါက်လိုက်သည်။ ယဲ့ဖန် သူ့ကို သေချာပေါက် လွှတ်ပေးလိမ့်မည်ဟု ထင်နေပုံရသည်။
“ကောင်းပြီလေ ငါလွှတ်ပေးမယ်”
ယဲ့ဖန် ခေါင်းညိတ်၍ ဖန့်ရှန်ယွီကို လွှတ်လိုက်သဖြင့် ကြမ်းပြင်ပေါ် ပြန်ပြုတ်ကျသွားသည်။
“ယီးပဲ မင်း ရိုင်းပျရဲတယ်လား”
ဖန့်ရှန်ယွီ ဆဲဆိုလိုက်လေသည်။
“မင်း လုပ်ရဲတယ်လား”
ချက်ချင်းဆိုသလိုပင် ရှုပေါင်ကျွမ်၏ ဒေါသတကြီး အော်သံကို သူ ကြားလိုက်ရသည်။ ဖန့်ရှန်ယွီ အံ့ဩသွားပြီး တစ်ခုခုမှားနေကြောင်း သတိထားမိကာ အလျင်အမြန် ခေါင်းမော့လိုက်သည်။ ထိုအခါ ခြေထောက်တစ်ဖက်က သူ့ပေါ် အရှိန်ဖြင့် ကျလာနေသည်ကို တွေ့လိုက်ရသည်။
“ဂျွတ်”
သွေးများ ပန်းထွက်လာပြီးနောက် ဖန့်ရှန်ယွီ၏ ခြေထောက်တစ်ဖက် ကြေမွသွားသည်။
“အား”
ဖန့်ရှန်ယွီ ငယ်သံပါအောင် အော်ဟစ်လိုက်ပြီး ကျိုးသွားသော ခြေထောက်တစ်ဖက်နှင့်အတူ လူးလိမ့်နေ၏။
သူ၏ ညာဘက်ခြေထောက် တစ်ဖက်လုံး သုံးစားမရတော့ဘဲ ကြွက်သားများ ကြေမွကာ သွေးများ စိမ့်ထွက်နေသည်။ သူသည် နာကျင်မှုကြောင့် တုန်ယင်ကာ မျက်နှာ ရှုံ့မဲ့နေလေသည်။
*ဘယ်လိုလုပ်*
လူတိုင်း ပွက်လောရိုက်လာပြီး အားလုံး ကိုယ့်မျက်လုံးကိုယ် မယုံနိုင်ကြချေ။
*သူက ရှုပေါင်ကျွမ်ရှေ့မှာ တကယ် လုပ်ရဲတယ်လား*
*မောက်မာလိုက်တာ*
*ရှုပေါင်ကျွမ်က သူ့ကို မသတ်ရဲဘူးလို့ ထင်နေတာလား*
“သူနဲ့ ချက်ချင်း အဆက်အသွယ် ဖြတ်စမ်း၊ မဟုတ်ရင် ငါ မင်းနဲ့ သားအဖ ရေစက်ကို ဖြတ်ပစ်မယ်”
လင်းရှင်းလန်က သူ့သားကို အေးတိအေးစက် ငေါက်လိုက်သည်။ သူ့စိတ်ထဲတွင် ယဲ့ဖန်ကို သေလူဟု သတ်မှတ်ထားလေသည်။
ရှုပေါင်ကျွမ်ကိုတောင် ရန်စရဲတဲ့ ဒီလိုမောက်မာတဲ့ကောင်က ကျိန်းသေပေါက် အသက်ရှင်မှာ မဟုတ်ဘူး၊ သူ သေမှာ သေချာသည်။
သူတို့၏ လင်းမိသားစုက ဤသို့သော လူမျိုးနှင့် ပတ်သက်၍ မဖြစ်ပါ။ ရှုပေါင်ရွှမ်ကိုလည်း ရန်စ၍ မဖြစ်ချေ။
“အဖေ သူက ကျွန်တော့်ကြောင့် ဖန့်ရှန်ယွီနဲ့ ပြဿနာဖြစ်တာပါ၊ ကျွန်တော် ဘာလို့ အဆက်ဖြတ်ရမှာလဲ”
လင်းဝူယာ ဝမ်းနည်းစွာ ပြောလိုက်သည်။
“အဓိပ္ပာယ်မရှိတာတွေ၊ ဒီကောင်က တမင် ပြဿနာရှာနေတာ မတွေ့ဘူးလား၊ မလုပ်သင့်မှန်း သိတာတောင် ဒီလို လုပ်နေတာ၊ ငါတိုနဲ့ ဘာဆိုင်လို့လဲ”
“ခုနတုန်းက သူ ကူညီတာ ဟုတ်ချင်ဟုတ်မယ်၊ အခု သူ့ဘာသာသူ သေတွင်းတူးနေတာလေ၊ သူ့ကိုပဲ အပြစ်တင်”
လင်းရှင်းလန်က အေးစက်စွာ ခနဲ့၍ ဆက်ပြောလိုက်သည်။
“သူက သေချင်နေမှတော့ အကျိုးဆက်ကို သူ့ဘာသာသူပဲ ခံရသင့်တယ်”
“ဒါဆို ကျွန်တော်က ကျေးဇူးမသိသလို နေရမယ့်ပေါ့လေ”
လင်းဝူယာ ပြန်ခံပြောလိုက်သည်။ သူ အခွင့်အရေးကို တစ်ကြိမ် ဆုံးရှုံးခဲ့ပြီးပြီ ဖြစ်သဖြင့် ဘယ်လိုလုပ် နောက်တစ်ခါ ဆုံးရှုံးခဲ့ရမည်နည်း။
“ခေါင်းမာလိုက်တာ”
လင်းရှင်းလန်က သူ့သားကို စိတ်ပျက်လက်ပျက် ကြည့်လိုက်သည်။ သူ့သားသည် အောင်မြင်မှုကြီး ရရှိရန် ကြင်နာတတ်လွန်း၍ စိတ်ပျော့လွန်းသည်။ သူသည် ဆေးပညာကို မသင်ယူနိုင်သလို မိသားစုကိုလည်း အရှက်ရစေသည်။ လင်းဝူယာက သိုင်းပညာ၌ အောင်မြင်မှုများ ရရှိလိမ့်မည်ဟု သူ ထင်ခဲ့သည်။
“မင်း ဆက်ပြီး ဝင်ပါနေမယ်ဆိုရင် မင်းကိုယ်မင်း လင်းမိသားစုဝင်လို့ မတွေးနဲ့တော့”
လင်းရှင်းလန်က ရာဇသံ ပေးလိုက်သည်။ မည်သို့ပင်ဆိုစေကာမူ သူ့၌ သားနှစ်ယောက် ရှိနေသဖြင့် လင်းဝူယာက အသုံးမကျသော သားတစ်ယောက် ဖြစ်နေလည်း ကိစ္စမရှိချေ။
“ဒါဆို အခုချိန်ကစပြီး ကျွန်တော် လင်းမိသားစုနဲ့ ဘာမှမဆိုင်တော့ဘူး”
လင်းဝူယာ အေးစက်စွာ ပြောလိုက်ပြီးနောက် ယဲ့ဖန်အနောက်၌ သွားရပ်လိုက်သည်။ ကောင်းအတူ ဆိုးအတူပင်။
Chapter 1399 နတ်ဆိုး
ထိုစကားကိုကြားသော် လင်းရှင်းလန် ရုတ်တရက် ဒေါသထွက်သွားသည်။ သူ့မျက်လုံးတွင် ဒေါသရိပ်များနှင့် ပြည့်နှက်လာပြီး အေးစက်စက် ပြန်ငေါက်လိုက်သည်။
“အသုံးမကျတဲ့ကောင် မင်းကများ ငါ့ကို အာခံတယ်ပေါ့လေ”
လင်းဝူယာက သူ့ကို ပြန်စိန်ခေါ်ရဲသည်အထိ သတ္တိရှိကာ အတင့်ရဲလွန်းလိမ့်မည်ဟု သူ ထင်မထားမိပါ။ ယခင်က ဤသို့ တစ်ခါမှ မဖြစ်ဖူးချေ။
လင်းဝူယာသည် အမြဲ သူ့ရှေ့၌ ရိုကျိုးခဲ့သော်လည်း ယခု သူစိမ်းတစ်ယောက်အတွက်နျင့် သူ့ကို ပြန်မျက်နှာဖျက်နေသည်တဲ့လား။
လင်းရှင်းလန်၏ စိတ်ထဲတွင် ဤသည်က ရိုင်းပျ၍ တုံးအသော အပြုအမူဟု ထင်နေ၏။ ယဲ့ဖန်ကလည်း လင်းဝူယာကို မသင်္ကာစွာ ကြည့်လာပြီး အပြုံးနှင့် မေးလိုက်သည်။
“မင်း သေရမှာ မကြောက်ဖူးလား”
“ကြောက်တယ်၊ ဒါပေမဲ့ ငါ လိပ်ပြာမလုံဘဲ အရှက်မဲ့ရမှာကို ပိုကြောက်တယ်”
လင်းဝူယာ မချိပြုံးနှင့် ပြန်ပြောလိုက်သည်။
“ကောင်းပြီလေ မင်းက ရွေးချယ်ပြီးမှတော့ အခုကစပြီး ငါ့မိသားစုနဲ့ မင်း ဘာမှ မပတ်သက်တော့ဘူး၊ မင်း သေသေ ရှင်ရှင် ငါ့မိသားစုနဲ့ မဆိုင်ဘူး”
လင်းရှင်းလန်က အံကြိတ်၍ အော်လေသည်။ သူ အလွန်မုန်းတီးနေမှန်း သိသာလှသည်။ ထိုစကားကို ကြားသော် လင်းဝူယာ ရုတ်တရက် မျက်နှာပျက်သွားသည်။ တစ်ဖက်လူက သူ့ဖခင် ဖြစ်နေသည် မဟုတ်ပါတကား။
လင်းရှင်းလန်က ရက်စက်သော်လည်း သားဖြစ်သူအပေါ်၌ ခံစားချက် မကင်းမဲ့သင့်ပါ။ ယဲ့ဖန်က သူ့ပခုံးကိုပုတ်၍ နှစ်သိမ့်လေသည်။
“စိတ်မပူနဲ့ မကြာခင် သူ နောင်တရလာလိမ့်မယ်”
ယုံကြည်မှုရှိကာ သွေးကြီးလွန်းပြီး ဘာဖြစ်လာမလဲကို ခန့်မှန်းမိသည့်ပုံပင်။
“ဟာသပဲ၊ ငါ လင်းရှင်းလန်က အသက်ရှည်ရှည် နေခဲ့ပြီးပြီ၊ ဘယ်တော့မှ နောင်တဆိုတာကို မကြုံဖူးဘူး”
လင်းရှင်းလန်က အေးစက်စွာာ ပြန်သရော်လိုက်သည်။ သူသည် ဆေးပညာရှင်တစ်ယောက်နှင့် တူသော်လည်း သူသည် တကယ်တမ်း၌ သင်္ဘောဖြင့် ကုန်သွယ်၍ လုပ်စားသူ ဖြစ်သည်။ ထို့ကြောင့် သူ တစ်ခါမှ အမှားမလုပ်ခဲ့ဖူးပါ။ ယခုလည်း အတူတူပင်။
“မင်း သေချာပေါက် နောင်တရလာလိမ့်မဘ်”
ယဲ့ဖန်က လင်းရှင်းလန်ကို မီးတောက်နေသော မျက်လုံးများဖြင့် စိုက်ကြည့်၍ ပြောလိုက်သည်။ သူ့မျက်လုံးတွင် ဒေါသရိပ်များ အထင်းသား ပေါ်နေ၏။
ဖခင်ဖြစ်သူကြောင့် လင်းဝူယာက ဖန့်ရှန်ယွီနှင့် အချင်းများရပြီး ဤကိစ္စကြောင့် လက်ပင် ကျိုးခဲ့ရသည်။ သို့သော် လင်းရှင်းလန်၌ ဖခင်တစ်ယောက်၌ ရှိသင့်သော ကြင်နာမှုမျိုး မရှိဘဲ လင်းဝူယာအား ဝန်ထုပ်ဝန်ပိုးဟုပင် သတ်မှတ်ခဲ့သည်။
အစမှအဆုံးတိုင် လင်းဝူယာ၏ ဒဏ်ရာနှင့် ပတ်သက်၍ သူ မေးမြန်းသည်ကို ကြားခဲ့ရ ပါ၏လော။
ဤဖခင်၌ သူ့၏ ရည်မှန်းချက်များသာ ရှိပြီး သားဖြစ်သူက သူ့မျက်လုံးထဲတွင် မစင်ကဲ့သို့ အရေးမပါချေ။ သူ့၌ သားနှစ်ယောက်တောင် ရှိနေသေးသဖြင့် အသနားအကြင်နာမဲ့လှသည်။
ဆေးပညာရှင်များ၏ အမြင်တွင်လည်း လင်းဝူယာ၏ အပြုအမူက အလွန် ရူးမိုက်နေသည်။ ဖခင်ဖြစ်သူနှင့် သံယောဇဉ် ဖြတ်တောက်ခြင်းက ရှုပေါင်ကျွမ်၏ ဆန့်ကျင်ဘက်၌ ရပ်တည်မည်ဟု ပြောနေသလို ဖြစ်နေသည် မဟုတ်ပါတကား။ ဤသည်က ကိုယ့်သေတွင်း ကိုယ်တူးခြင်းပင်။
*လူငယ်ဆိုတာ မာနကြီးပြီး သွေးဆူလွယ်တာကိုး၊ နောက်ဆုံးတော့ သူ သေရမှာပဲ*
“မင်း ပြောလို့ပြီးပြီလား၊ ပြီးရင်လည်း သေလိုက်တော့”
ရှုပေါင်ကျွမ်၏ မျက်လုံးများက မီးဝင်းဝင်းတောက်နေသည်။
*ဒီမျိုးမစစ်လေးက ငါ့ကို လူလယ်ခေါင်မှာ အရှက်ခွဲရဲတယ်ပေါ့လေ*
“သူ့ခေါင်းကို ဖြတ်ကြ”
သူ လျော်ကြေးအဖြစ် ယဲ့ဖန်၏ ခေါင်းကို ဖြတ်ချင်နေသည်။ ရုတ်ချည်းဆိုသလိုပင် သူတော်စင်သခင်အဆင့်အချို့က ဝုန်းခနဲ ဆင်းလာကြသည်။
တစ်ယောက်ချင်းစီမှ တောင်ပြိုသကဲ့သို့ အသံများ ထွက်ပေါ်နေသည်။ ပြင်းထန်သော အရှိန်အဝါများ ချက်ချင်း ထွက်ပေါ်လာ၏။
လူတိုင်း အသက်အောင့်ထားမိပြီး ကိုယ်တွင်း ကလီစာများ ပျက်စီးတော့မည်ဟု ထင်မှတ်ရသည်။ ဤကြောက်စရာကောင်းသော ဖိအားအောက်၌ သူတို့၏ ခန္ဓာကိုယ်များ စုတ်ပြဲလာတော့မည်ဟု ခံစားမိကာ အလွန် နေရခက်လာသည်။
ထိုဖိအားက ကောင်းကင်ကိုပင် ဝါးမျိုနိုင်သကဲ့သို့ ပြင်းထန် ကြမ်းကြုတ်လှသည်။ လက်ရှိတွင် ယဲ့ဖန် သေလိမ့်မည်ဟု လူတိုင်း သိလိုက်ကြသည်။
*သူတော်စင်သခင်အဆင့် လေးယောက် ပြိုင်တူ တိုက်ခိုက်လာမှတော့ ဒီကောင် ဘယ်လို အသက်ရှင်ဦးမှာလဲ*
လင်းဝူယာ ချက်ချင်း မျက်နှာဖြူရော်သွားပြီး တစ်ယောက်ယောက်က သူ့ရင်ဘတ်ကို တူဖြင့် ထုသကဲ့သို့ ခံစားလာရပြီး သွေးအန်ချင်လာသည်။ သူတော်စင်သခင်အဆင့်က အရှိန်အဝါနှင့်တင် လူကို သတ်နိုင်၏။
ဖန့်ရှန်ယွီ၏ မျက်နှာတွင် ခက်ထန်မှုများ ပြည့်နှက်နေကာ စိတ်ထဲ၌ *သေလိုက်တော့ သေလိုက်တော့*ဟု ကျိန်ဆဲနေသည်။
သူ့သား အသတ်ခံရတော့မည်ကို မြင်သော်လည်း လင်းရှင်းလန်က အေးစက်စွာ ခနဲ့၍ မောက်မာသော မျက်နှာနှင့်အတူ မမြင်ချင်ယောင်ဆောင်ထားပုံက သွေးအေးလွန်းလှသည်။
ရုတ်တရက် သတ်ဖြတ်လိုသော အငွေ့အသက်များ ပေါက်ကွဲထွက်ပေါ်လာပြီး ပြင်းထန်သော တိုက်ခိုက်မှုက ယဲ့ဖန်ပေါ် ကျရောက်လာ၏။
လေထု အက်ကွဲလာပြီး ယဲ့ဖန်အား မရဏ အငွေ့အသက်များက လွှမ်းခြုံလာလေသည်။ သူတော်စင်သခင်အဆင့်များ တိုက်ခိုက်လာပြီဟု လူတိုင်း သိလိုက်သည်။ သို့သော် ထိုစဉ် ပြောင်းလဲမှု စတင်လာသည်။
“ငါ့ရှေက ထွက်သွားကြစမ်း”
ယဲ့ဖန်က နတ်ဆိုးသဖွယ် အော်ဟစ်လိုက်သောအခါ ပြင်းထန်သော အသံလှိုင်း ပျံ့လွင့်လာကာ အရာအားလုံးကို ဖျက်ဆီးလေတော့သည်။
“ဂျွတ် ဂျွတ် ဂျွတ်”
ကြမ်းပြင်နှင့် နံရံများ အက်ကွဲပြိုကျလာသလို အသံလှိုင်းက တိုက်ခိုက်လာသော အရှိန်အဝါအား ဖျက်ဆီးသွားသည်။
ချက်ချင်းဆိုသလိုပင် တစ်ဖက်လူများ၏ တိုက်စစ်များ ပျက်ပြယ်သွားသည်။ ဒေါသနှင့် အော်လိုက်သော အသံလှိုင်းက အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့ကာ ဆေးဆိုင်တစ်ခုလုံးအား အချိန်အရွေး ပြိုကျလုနီးပါး ဖြစ်သွားစေသည်။ အားလုံးထံမှ အလန့်တကြား အော်ဟစ်သံ ထွက်ပေါ်လာ၏။
*ငါတို့ ဘာမြင်လိုက်တာလဲ၊ အဲ့လူ အော်လိုက်တာနဲ့ သူတော်စင်သခင်အဆင့် လေးယောက်ရဲ့ တိုက်ခိုက်မှုကို တားလိုက်နိုင်တာလား*
*ဒါ … ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*
လူတိုင်း စိတ်ထဲ၌ တုန်လှုပ်နေကြပြီး ယဲ့ဖန်အား မယုံနိုင်သော အကြည့်များဖြင့် ကြည့်လာကြကာ ဤသည်က အမှန်ဖြစ်ကြောင်း လက်မခံနိုင် ဖြစ်နေကြသည်။
သူတို့သည်သာမက အမှောင်ထဲမှ သူတော်စင်သခင်အဆင့် လေးယောက်ပင် နားဝေတိမ်တောင် ဖြစ်နေ၏။
သူတို့၏ အားကုန်သုံးထားသော တိုက်ခိုက်မှုအား နဂါးအသွင်ပြောင်းခြင်းအဆင့်လေးက တားလိုက်နိုင်သည်တဲ့လား။ ထိပ်တိုက် ရင်ဆိုင်ရသော တိုက်ခိုက်မှု ဖြစ်နေတာတောင်မှတဲ့လေ။ မယုံနိုင်စရာ ကောင်းလိုက်လေခြင်း။
“မင်းတို့ ဘာလုပ်နေတာလဲ၊ သူ့ကို မြန်မြန်သတ်လေ”
ဤသည်ကိုမြင်သော ရှုပေါင်ကျွမ် ချက်ချင်း စိတ်ပျက်သွားပြီး ပို၍ မကျေမပန် ဖြစ်စွာ အော်ဟစ်လိုက်သည်။
ဤသို့ အပြောခံလိုက်ရသောအခါ သူတော်စင်သခင်အဆင့် လေးယောက်သည်လည်း ဒေါသထွက်ပြီး ယဲ့ဖန်အား အလွန် ရန်လိုသော အကြည့်များဖြင့်ကြည့်၍ ထပ်မံ တိုက်ခိုက် လေသည်။
ထိုအခိုက်တွင် ယဲ့ဖန်၏ ဦးခေါင်းထက်သို့ ပြင်းထန်သော လေခွင်းသံများ ကျရောက်လာကာ သူတို့၏ ခွန်အားကလည်း အဆပေါင်းများစွာ တိုးမြင့်လာသဖြင့် အလွန်အမင်း ဖိနှိပ်လွန်းသည်။
“ငါ မင်းတို့ကို ထွက်သွားဖို့ ပြောနေတယ်လေ၊ မကြားဘူးလား”
ယဲ့ဖန်က ခေါင်းမော့၍ အေးစက်သော မျက်လုံးများနှင့်အတူ ဒေါသတကြီး အော်ဟစ် လိုက်သည်။
ထိတ်လန့်ဖွယ် အသံလှိုင်း ထွက်ပေါ်လာပြန်သည်။ ထိုအသံက ယန်ဇီမြစ်ထဲမှ ရေလှိုင်းသံသဖွယ် အားပြင်းလှသည်။
သူ၏ ဦးခေါင်းထက်မှ တိုက်ခိုက်လာသော စွမ်းအင်သည် ထပ်မံ၍ ဗလာနတ္ထိ ဖြစ်သွားပြန်သည်။
*ဘာ*
*ထပ်ပြီးတော့လား*
လူတိုင်း မှင်တက်သွားပြီး ဤမြင်ကွင်းအား အမှန်တရားဟု မယုံနိုင်ကြချေ။ ယဲ့ဖန် ယခင်က တားဆီးလိုက်နိုင်ခြင်းအား မတော်တဆဟု ပြောနိုင်သော်လည်း ယခု ဒုတိယအကြိမ်ကိုမူ မည်သို့ ရှင်းပြရမည်နည်း။
*သူ ဘယ်လိုလုပ်လိုက်တာလဲ*
ယဲ့ဖန်က သူတော်စင်သခင်အဆင့် လေးယောက်၏ ပူးပေါင်းတိုက်ခိုက်မှုကို ထိပ်တိုက် ရင်ဆိုင်၍ အနိုင်ရခဲ့သည်တဲ့လား။
*ထူးဆန်းတယ်*
*ထူးဆန်းလွန်းတယ်*
*ဒီကောင်က ဘယ်လိုမကောင်းဆိုးဝါးမျိုးလဲ*
ဤသည်ကိုမြင်သော် လင်းရှင်းလန်နှင့် ဖန့်ရှန့်ယွီတို့ မကောင်းသော ခံစားချက်ကို ပြိုင်တူ ရလိုက်ကြသည်။
*ဧကန္တ ဒီကောင့်မှာ ထူးခြားတဲ့အရာမျိုး ရှိနေတာများလား*
ထိုအချိန်တွင် လင်းဝူယာသည်လည်း ယဲ့ဖန်အား မယုံနိုင်သလို ကြည့်နေသည်။ ယဲ့ဖန်က သန်မာမှန်း သူ သိသော်ငြားလည်း ဤမျှ သန်မာနေလိမ့်မည်ဟု သူ ထင်မထားမိပါ။
*နတ်ဆိုးဆန်လိုက်တာ*
*တကယ့် မိစ္ဆာပဲ*
နဂါးအသွင်ပြောင်းခြင်းအဆင့်က သူတော်စင်သခင်အဆင့် လေးယောက်အား တားဆီးခြင်း၊ လူတိုင်း မျက်လုံးဖြင့် တပ်အပ်မမြင်ခဲ့ရလျင် ယုံကြည်နိုင်မည် မဟုတ်ပါ။
“သတ် သတ် သတ်၊ သူ့ကို အသေသတ်ကြ”
ဆက်တိုက် မအောင်မြင်သဖြင့် ရှုပေါင်ကျွမ် မျက်နှာသုန်မှုန်ကာ ရူးမတတ် ဖြစ်နေ၏။
“ယောင်လောင် ရောက်လာပါပြီ”
ထိုစဉ် တံခါးဝမှ ရုတ်တရက် ကြေငြာသံ ထွက်ပေါ်လာ၏။
*ယောင်လောင်*
လူတိုင်း ထိတ်လန့်သွားပြီး တံခါးရှိရာဘက်သို့ ရိုကျိုးသော ကိုယ်နေဟန်များဖြင့် လှည့်ကြည့် ကြသည်။
“ဆရာ”
ရှုပေါင်ကျွမ်၏ မျက်လုံးများက ပြန်လည် ကြည်လင်လာပြီး စိတ်ငြိမ်သွားသည်။ အဘယ်ကြောင့ဆိုသော် တစ်ဖက်လူမှာ သူ၏ ဆရာ ဖြစ်နေပြီး အင်ပါယာ၌ နံပါတ်တစ် ဆေးပညာရှင်ဟု ကျော်ကြားသူ ဖြစ်နေသောကြောင့်ပင်။
တစ်ခဏကြာသော် ခနော်နီ ခနော်နဲ့ အဘိုးအိုတစ်ယောက်က နောက်လိုက်တစ်ယောက်၏ အကူအညီနှင့်အတူ ဖြည်းဖြည်းချင်း လျှောက်လာ၏။
သူ၏ အဝတ်အစားများက ရိုးစင်းသော်လည်း ကိုယ်နေဟန်ထားက ထူးခြားကာ မျက်လုံးတွင် မသိမသာ မောက်မာဟန်များ ပေါ်နေသည်။
ရှုပေါင်ဟန်က သူ့ထံသို့ ခပ်သွက်သွက် လျှောက်သွားပြီး နောက်လိုက်အစား အဘိုးအိုအား ဖေးကူပေးသည်။ အဘယ်ကြောင့်ဆိုသော် သူ့ရှေ့မှ အဘိုးအိုသည် သူ့ဆရာ ဖြစ်ရုံသာမက သူ့ဘဝတစ်ခုလုံး၏ ရည်မှန်းချက် ပန်းတိုင်လည်း ဖြစ်သောကြောင့်ပင်။
ဤအဘိုးအိုသည် အင်ပါယာ၏ နံပါတ်တစ် ဆေးပညာရှင်ဟူသော ဂုဏ်ပုဒ်အား ထိန်းထားနိုင်သည်မှာ နှစ်တစ်ရာကျော်ပြီ ဖြစ်သည်။ ဤအဘိုးအို၏ ဆေးပညာမှာ တစ်ဖက်ကမ်းခတ်အောင် ထူးချွန်လှပြီး ပြောစရာမလိုချေ။
ဤဆေးဘက်ဆိုင်ရာ အဖွဲ့အစည်း၏ ဒါရိုက်တာဟူသော ရာထူး၌ သူ ထိုင်နေနိုင်ခြင်းမှာလည်း သူ၏ အရည်အချင်းအပြင် ဤအဘိုးအို၏ ထောက်ခံမှုကြောင့်လည်း ပါသည်။
“ယောင်လောင်ကို ကြိုဆိုပါတယ်”
ထိုအခိုက်တွင် သေသပ်ညီညာသော နှုတ်ဆက်သံက ဆေးဆိုင်တစ်ခုလုံးသို့ ပျံ့လွင့်သွားသလို လူတိုင်း ဒူးထောက်လာကြသည်။ အဘယ်ကြောင့်ဆိုသော် သူတို့အရှေ့မှလူသည် အင်ပါယာ ဆေးလောက၏ နတ်ဘုရား ဖြစ်သောကြောင့်ပင်။
ဒူးထောက်ခြင်းကသာလျင် ယောင်လောင်အပေါ် သူတို့၏ လေးစားမှုကို ဖော်ပြနိုင်ပေမည်။ ရှုပေါင်ကျွမ်တောင်မှ ထိုသို့သော အပြုအမူကို ရရှိရန် အရည်အချင်း မပြည့်မီပေ။
မောက်မာ၍ အထက်စီးဆန်သော ဖန့်ရှန်ယွီနှင့် လင်းရှင်းလန်တို့ပင် ရိုသေစွာ ဒူးထောက်၍ လက်သီးနှစ်ဖက်ကိုဆုပ်ကာ လေးစားမှုကို ပြသနေကြသည်။
လင်းဝူယာသည်လည်း အလျင်အမြန် ဒူးထောက်လိုက်ပြီး တစ်ချိန်တည်းမှာပင် ယဲ့ဖန်၏ အင်္ကျီစကိုဆွဲ၍ ဒူးထောက်ရန် အချက်ပြလိုက်သည်။
သူ့အရှေ့မှလူသည် ရှုပေါင်ကျွမ်ထက် ပို၍ မြင့်မြတ်သောလူဖြစ်ပြီး ဆေးလောက၌ တကယ့် အစွမ်းအစရှိသူ ဖြစ်ကာ အင်ပါယာ ဆေးလောက၏ ဦးဆောင်သူ ခေါင်းဆောင်ဖြစ်ပြီး သာလွန်သော လွှမ်းမိုးနိုင်စွမ်း ရှိသူဖြစ်ကာ ဧကရာဇ်တောင်မှ ကိုယ်တိုင်ကိုယ်ကျ တွေ့ဆုံရသူ ဖြစ်သည်။
သို့သော် ယဲ့ဖန်က တစ်စက်လေးမှ မလှုပ်ချေ။ ဧကရာဇ် ပိုင်ကျန့်ချင်းတောင်မှ သူ့ကို ဒူးထောက်ရန် ပြုလုပ်နိုင်သည့် အရည်အချင်းရှိသူ မဟုတ်သဖြင့် ဤဆေးပညာရှင် တစ်ယောက်လေးက သူ့ကို အညံ့ခံလာစေမည့် အဘယ်သို့သော အရည်အချင်းမျိုး ရှိမည်နည်း။ ရယ်ချင်စရာ ကောင်းလိုက်လေခြင်း။
ယဲ့ဖန် ဒူးမထောက်သဖြင့် သူ့ဘေးမှ ဟွမ်ယွီလင်းကလည်း ဒူးမထောက်ချေ။ နှစ်ယောက်လုံး ဝင့်ဝင့်ကြွားကြွား ရပ်နေကြပြီး သူတို့၏ မျက်နှာတွင် မာနကြီးဟန်များ ပေါ်လွင်နေ၏။
ဤသည်ကိုမြင်သော် လူတိုင်း မျက်မှောင်ကြုတ်သွားပြီး ယဲ့ဖန်တို့နှစ်ယောက်အပေါ် ရန်လိုသော အကြည့်များဖြင့် ကြည့်လာကြသည်။ သူတို့အရှေ့၌ ရပ်နေသူသည် ဆေးလောက၏ နတ်ဘုရား ဖစ်ပြီး ဆေးပညာရှင်များ၏ နှလုံးသားထဲမှ အကျော်အမော် ပုဂ္ဂိုလ် ဖြစ်သည်။ သို့ရာတွင် ဤမောက်မာသော လူငယ်လေး နှစ်ဘောက်က သူတို့နှလုံးသားထဲမှ အကျော်အမော် ပုဂ္ဂိုလ်အား ဘယ်လိုလုပ် မလေးမစား လုပ်ရဲကြသနည်း။
ဤမြင်ကွင်းကိုကြည့်ပြီး ဖန့်ရှန်ယွီ အေးစက်စက် ပြုံးလိုက်သည်။
*သေချင်နေတာပဲ၊ ရှုပေါင်ကျွမ်ကို ရန်စရုံနဲ့တင် မလုံလောက်လို့ အခု ယောင်လောင်ကိုပါ မျက်လုံးထဲ မထည့်တော့ဘူး၊ ဒီကောင်က အင်ပါယာရဲ့ ဆေးပညာရှင်အားလုံးနဲ့ ရန်သူ ဖြစ်ချင်နေတာလား*
လင်းရှင်းလန်ကလည်း ယဲ့ဖန်အား သေလူကို ကြည့်သကဲ့သို့ အေးတိအေးစက် ကြည့်လာသည်။ ထို့နောက် လင်းဝူယာအား ပို၍ အထင်သေးဟန်ဖြင့် ကြည့်လိုက်ပြီး ဤအသုံးမကျသော သားဖြစ်သူ ပြုလုပ်ခဲ့သည့် ရူးမိုက်သော ဆုံးဖြတ်ချက်အား သရော်နေသည့်ပုံပင်။
ယင်းအပြုအမူကြောင့် ယောင်လောင်လည်း မျက်မှောင်ကြုတ်သွားသည်။ လူတိုင်းက သူ့ရှေ့တွင် ဒူးထောက်နေသော်လည်း ဤလူငယ်လေး နှစ်ယောက်က ထင်ထင်ရှားရှား ရပ်နေပုံက မြင်ကွင်းအား ကြည့်ရဆိုးနေစေသည်။
သူ ဤသို့ ဥပေက္ခာပြုခံရပြီး အတိုက်အခံလုပ်ခံရသည်မှာ ပထမဆုံးအကြိမ် ဖြစ်သဖြင့် သူ့စိတ်ထဲ၌ ဒေါသစိတ် ဖြစ်ပေါ်လာရသည်။
“ချီးတဲ့မှပဲ”
ရှုပေါင်ကျွမ် ဒေါသတကြီး ကျိန်ဆဲလိုက်ပြီးနောက် အံကြိတ်နေကာ ဒေါသစိတ်က တစ်ဟုန်းဟုန်း တောက်လောင်လာ၏။