← Chapters

Chapter 1406 - 1407

Vol. 94 Ch. 1406 - 1407

Chapter 1406 - 1407

Vol. 94 Ch. 1406 - 1407

Chapter 1406 ဝါးမျိုခြင်း စွမ်းအင်နှင့် ဆွေးမြည့်ခြင်းစွမ်းအင်

ယဲ့ဖန်၏ အော်သံအား နတ်ဆိုးအော်သံဟု ကြားယောင်ပြီး လူတိုင်း အပြင်းအထန် တုန်လှုပ် သွားကြသည်။ သူ၏ ခြေထောက်အောက်၌ ထောင်ချီသော တစ္ဆေများ ဝပ်တွားနေသောကြောင့် မည်သူက တိုက်ဝံ့ပါမည်နည်း။

ယဲ့ဖန်၏ လက်အစုံက လေးလံသော တူသဖွယ် ယောင်လောင်နှင့် အခြားသူများ၏ ယုံကြည်ချက်ကို ရိုက်ချိုးလာ၏။

*ဒီလူက ဆေးပညာတင် ထူးချွန်တာ မဟုတ်ဘူး*

*စွမ်းအားကလည်း သူမတူပါလား*

“သေစမ်း”

ယောင်လောင်၏ မျက်နှာ သုန်မှုန်လာ၏။ သူ ယဲ့ဖန်ကို မသတ်နိုင်ရုံသာမက သူပါ ဆိုးဆိုးရွားရွး အထိနာလိမ့်မည်ဟု ထင်မထားမိချေ။

သူ့ဘေးမှ ရှုပေါင်ကျွမ်သည်လည်း ချွေးပြန်နေပြီး နဖူးမှ ချွေးတတောက်တောက် ကျကာ အမူအရာက မသိမသာ တောင့်တင်းနေသည်။

သူ၏ အသန်မာဆုံး လက်ပါးစေက ရှုံးနိမ့်သွားသဖြင့် သူ ယဲ့ဖန်ကို ဘယ်လိုလုပ် အသေ တိုက်ခိုက်နိုင်ပါတော့မည်နည်း။

သူတော်စင်သခင်အဆင့် သုံးယောက်လုံး မျက်နှာထား လေးနက်နေကာ အလွန် ကြောက်လန့်နေပုံ ပေါ်သည်။

“မင်းတို့ ဘာလုပ်နေတာလဲ၊ မြန်မြန် မတိုက်သေးဘူးလား”

ရှုပေါင်ကျွမ်က သူတို့သုံးယောက်ကို ချက်ချင်း လောဆော်လေသည်။ အားလုံး၏ အကြည့်ကို ခံစားမိသောကြောင့် သူတော်စင်သခင်အဆင့် သုံးယောက်သည် ဘဲအုပ်၏ လိုက်ခြင်း ခံနေရသလို ခံစားလိုက်ရသည်။

“အတူတူ တိုက်ရအောင်၊ ငါတို့သုံးယောက်ရဲ့ ခွန်အားကို ပေါင်းလိုက်မယ်ဆိုရင် သူ့ကို သတ်ဖို့က ပြဿနာ မဖြစ်လောက်ပါဘူး”

မိစ္ဆာဝိညာဉ်က အေးစက်စွာ ပြောလာသည်။ သူတို့သုံးယောက်လုံးသည် ကြမ်းတမ်းပြီး နာမည်ကျော် ပုဂ္ဂိုလ်များ ဖြစ်သည်။ ဘယ်လိုလုပ် တစ်ပါးသူ စကားကြောင့် ကြောက်လန့်ရမည်နည်း။ သူတို့ မျက်နှာပျက်၍ မဖြစ်ချေ။

“တကယ်လား”

ယဲ့ဖန်က တစ္ဆေတစ်ကောင်ကို အသာပွတ်နေသည်။ မိစ္ဆာဝိညာဉ်၏ စကားကိုကြားသော် အပြုံးကြီး ပြုံး၍ ထိုတစ္ဆေ၏ ခေါင်းကို အသာပုတ်လိုက်သည်။

ထိုတစ္ဆေအား မည်သို့ ပုံဖော်ရမှန်း မသိချေ။ ၎င်းတွင် နွားသိုး၏ ဦးခေါင်း၊ ဝံပုလွေ၏ အမြီးနှင့် ကျားတစ်ကောင်း၏ ခန္ဓာကိုယ် ရှိလေသည်။ ၎င်းသည် နွားသိုးတစ်ကောင်၊ ဝံပုလွေ တစ်ကောင်နှင့် ကျားတစ်ကောင်ကဲ့သို့ သန်မာကြမ်းကြုတ်သည်။

အစ၌ ထိုတစ္ဆေသည် ငြိမ်၍ ပျော်ရွှင်စွာ အပွတ်ခံနေသော်လည်း ခေါင်းကို အပုတ်ခံလိုက်ရသည့် အခိုက်တွင် မျက်နှာက တစ်ဖန် ကြမ်းကြုတ်လာပြီး ပါးစပ်ကို ဖြဲကာ မိစ္ဆာဝိညာဉ်ထံ ဦးတည် သွားသည်။

“တိုက်’

မိစ္ဆာဝိညာဉ် ကြက်သီးထသွားပြီး လက်နက်ကို ထုတ်ကာ ရှိသမျှ နည်းလမ်းအကုန်သုံး၍ ရေကုန်ရေခမ်း တိုက်ရန် ပြင်လိုက်သည်။ သို့သော် ဘေးမှနှစ်ယောက်က တစ်ဖက်လှည့်ကာ အဝေးသို့ ထွက်ပြေးသွားကြသည်။

“မင်းတို့တွေ …”

မိစ္ဆာဝိညာဉ် မျက်လုံးများ မီးပွင့်မတတ် ဖြစ်သွားသည်။ တစ်ဖက်လူက သူ့ကို သစ္စာဖောက် လိမ့်မည်ဟု သူ ထင်မထားမိပေ။

ထောင်ချီသော နတ်ဆိုးများက ပြေးတက်လာနေပြီး မိစ္ဆာဝိညာဉ်အား ချက်ချင်း ဝါးမျိုသွားလေသည်။ ထိုအခါ မိစ္ဆာဝိညာဉ်၏ စူးရှသော အော်သံ ထွက်ပေါ်လာလေတော့သည်။

လူတိုင်း ကြောက်လန့်လာကြသည်။ အားလုံး၏ နဖူးမှ ချွေးစေးများ စီးကျလာသည်။

*သေသွားပြီ*

*နောက်ထပ် နာမည်ကြီး သူတော်စင်သခင်အဆင့်တစ်ယောက် အသတ်ခံလိုက်ရပါလား*

*ပြီးတော့ သေပုံကလည်း မြန်လွန်းပြီး ဆိုးလွန်းတယ်*

“ကြည့်ရတာ မင်းက နည်းနည်း ပြောရခက်တာပဲ”

ယဲ့ဖန်က ပြုံး၍ ပြောလိုက်သည်။ သူ့အပြုံးက နတ်ဆိုးတစ်ကောင်၏ အပြုံးနှင့် တူလှသည်။ လက်ရှိတွင် လူတိုင်းသည် မျက်စိရှေ့မှ မြင်ကွင်းကိုကြည့်ပြီး ခေါင်းမွေးထောင်နေ၏။

သူတို့စိတ်ထဲတွင် ဤလူက ပိုပို၍ ခန့်မှန်းမရတော့ဘဲ ပိုမို၍ ကြမ်းကြုတ်လာသည်ဟု တွေးနေမိသည်။

*သူတော်စင်သခင်အဆင့်ကို ခွေးသတ်သလို သတ်နေပါလား*

*ဒါ တကယ့်ကို ကောင်းကင်ကို ဆန့်ကျင်တဲ့အရာပဲ*

“စိတ်မရှိပါနဲ့၊ ငါ ဒီနေ့ကိစ္စမှာ ဝင်မပါတော့ဘူး”

ကျွေ့ဟွားရုံက ပြောလာသည်။ သူမ ဆုံးဖြတ်ချက် ချပြီးပြီဖြစ်ပြီး မစွန့်စားချင်တော့ပါ။

“ငါရောပဲ၊ ဒီကိစ္စက ငါတို့နဲ့ ဘာမှမဆိုင်ဘူး၊ အဲ့တော့ ငါတို့ ထပ်ဝင်မပါချင်တော့ဘူး”

ဝမ်ခူ နတ်ဆိုးကလည်း တံတွေးကို မနည်းမျိုချ၍ အလေးအနက် ပြောလိုက်သည်။

“မင်း … မင်းတို့ ငါတို့ကို သစ္စာဖောက်ရဲတယ်လား”

ရှုပေါင်ကျွမ်၏ မျက်နှာက အလွန်အမင်း ကြည့်ရဆိုးလာသည်။ ကြည့်ရဆိုးနေသည့်အပြင် မျက်နှာတွင် ကြောက်စိတ်ပါ ဖုံးလွှမ်းနေ၏။

သူတော်စင်သခင်အဆင့်များ၏ ကာကွယ်မှုမရှိလျင် သူတို့အရှေ့မှ နတ်ဆိုး၏ မျက်လုံးထဲတွင် သူတို့က ခွေးဝက်များသဖွယ် ဖြစ်သွားမည် ဖြစ်ပြီး အသာလေး သတ်ခွင့်ရသွားပေမည်။

လက်ရှိတွင် ယောင်လောင်နှင့် အခြားသူများအားလုံး သွေးပျက်နေကာ ကြောက်စရာ ကောင်းသော ယဲ့ဖန်အား ကြောက်ရွံ့စွာ ကြည့်နေကြသည်။

“အခု ငါ မင်းတို့ကို သွားခွင့်ပေးမယ်လို့ ထင်နေတာလား”

ယဲ့ဖန်က ပြုံးနေသည်။

“မင်းတို့ သေရမှာက သေရမှာပဲ”

ထိုစကားကိုကြားသော် သူတော်စင်သခင်အဆင့် နှစ်ယောက်လုံး ထိတ်လန့်သွားပြီး မျက်နှာထား အေးစက်သွားသည်။ သူတို့၌ နောက်ဆုံးသော အကြံရှိနေသည့်ပုံပင်။

“မျိုးမစစ်ကောင် တော်တော် လေကျယ်နေတာပဲ”

ဝမ်ခူနတ်ဆိုးက ချက်ချင်း အော်ဟစ်လာပြီး သူ့ခန္ဓာကိုယ်အား လင်းနို့သဖွယ် လှုပ်ရှား၍ ယဲ့ဖန်၏ မျက်နှာကို လက်သည်းဖြင့် ဒေါသတကြီး ကုတ်ခြစ်လေသည်။

လေဟာနယ် အက်ကွဲလာပြီး ပြင်းထန်သော စွမ်းအင်က ကြောက်မက်ဖွယ်ကောင်းသဖြင့် တစ်လောကလုံး ပုံပျက်လာသည်။

အားပြင်းသော ဟာရီကိန်းမုန်တိုင်းတစ်ခု ဝင်လာသကဲ့သို့ ယဲ့ဖန်ကို တိုက်ခိုက်လေသည်။ ထိုစဉ် ယဲ့ဖန်က ဤမျှ အားပြင်းသော တိုက်ကွက်နှင့် ရင်ဆိုင်ရသော်လည်း မရှောင်ဘဲ လက်သီးဖြင့် ပြန်ထိုးလိုက်သည်ကို အားလုံး အလန့်တကြား တွေ့လိုက်ရသည်။

“ကောင်းတယ်ဟေ့”

ယောင်လောင် ချက်ချင်း ထအော်လာပြီး မျက်နှာတွင် စိတ်လှုပ်ရှားဟန် ပေါ်နေသည်။ လက်ရှိတွင် သူ စိတ်ကို ငြိမ်ငြိမ်မထားနိုင်ချေ။ အဘယ်ကြောင့်ဆိုသော် ဤသည်က သူ့အသက်နှင့် ပတ်သက်နေသောကြောင့်ပင်။

လင်းရှင်းလန်နှင့် အခြားသူများ၏ မျက်နှာတွင် အံ့ဩဟန်များ ပြန်ပေါ်လာသည်။ အကြောင်းမှာမူ ဝမ်ခူနတ်ဆိုး၏ ခန္ဓာကိုယ်ကို သွားထိ၍ မဖြစ်နိုင်ကြောင်း သူတို့ သိထားသောကြောင့်ပင်။ ထိမိပါက သေရပေလိမ့်မည်။

*ဒီအရူးက ဒါကိုတောင် မသိပါလား၊ သူ့ကိုယ်ကို ဘာမှမသိဘဲ သွားထိလို့ကတော့ အရိုးတောင် မကျန်ဘဲ ချက်ချင်း သေသွားလိမ့်မယ်*

နိုင်ငံခြား သတင်းထောက်များနှင့် ဆေးပညာရှင်များလည်း ကြက်သေ သေနေကြသည်။ ဤမျှ အရေးကြီးသော အချိန်၌ ယဲ့ဖန်တွင် ပျော့ကွက် ကြီးကြီးမားမား ရှိနေလိမ့်မည်ဟု သူတို့ ထင်မထားမိပေ။

ယခုတစ်ခေါက်၌ သူ့အား နတ်ဘုရားပင် ဆင်းကယ်နိုင်မည် မဟုတ်ပါ။

“ဝုန်း”

ထိုအချိန်တွင် လက်သီးနှင့် လက်ဝါးတို့ ရိုက်မိသွားလေတော့သည်။ ထိုစဉ် ဝမ်ခူနတ်ဆိုးက အားပါးတရ ရယ်မောလာသည်။

“ဟားဟားဟား အရူး ငါ့ကို ဘာလို့ ဝမ်ခူနတ်ဆိုးလို့ ခေါ်လဲ မင်း သိလား”

“ငါ သိနေရမှာလား”

ယဲ့ဖန်က နှုတ်ခမ်းကိုတွန့်၍ အထင်သေးဟန်ဖြင့် ပြုံးလေသည်။ ထိုအပြုအမူက ဝမ်ခူနတ်ဆိုးကို လုံးလုံးလျားလျား ဒေါကန်သွားစေသည်။

ချက်ချင်းဆိုသလိုပင် သူ ပြုံးနေရာမှ ရပ်သွားပြီး ရက်စက်ကြမ်းကြုတ်သော အမူအရာ ဖြစ်ပေါ်လာကာ ကောက်ကျစ်စွာ ပြုံးလိုက်သည်။

“ဘာလို့လဲဆိုတော့ ငါနဲ့ ထိမိတဲ့ ဘယ်အရာမဆို၊ သက်ရှိဖြစ်ဖြစ် သက်မဲ့ဖြစ်ဖြစ် ချက်ချင်း ပုပ်သိုး ဆွေးမြည့်သွားလို့ပဲကွ”

“တစ်နည်းပြောရရင် မင်း ငါ့ကို တိုက်မယ်ဆိုရင်တောင်မှ ငါ့ခန္ဓာကိုယ်ကို မထိမိမှ ဖြစ်မှာ၊ ငါ့ကိုယ်ထဲက တာအိုစွမ်းအင်က ဘယ်အရာကိုမဆို ပြာဖြစ်အောင် လုပ်နိုင်တယ်”

“မင်း ... မင်း သေမှာပဲ”

သူ့စကား၌ အလွန် ဂုဏ်ယူဟန်များ ပါဝင်နေ၏။ သူ့စကားကို ကြားသော် ဘေးလူများအားလုံး ထိတ်လန့်သွားကြသည်။

“သေရေးရှင်ရေး အခြေအနေမှာ စီနီယာ ဝမ်ခူနတ်ဆိုးကပဲ ယုံကြည်ရတယ်၊ စီနီယာ ဒီကိစ္စပြီးရင် ကျုပ်တို့ ခင်ဗျားကို အဆတစ်ရာ ပြန်ဆပ်ပါ့မယ်”

ရှုပေါင်ကျွမ် စိတ်အေးကာ သက်ပြင်းချလိုက်သည်။

“ဟေ့ကောင် မင်း အခုလေးတင် လေကျယ်နေတာမလား၊ လောကကြီးက ဒီလောက် ကြီးမား ကျယ်ပြန့်တာ မင်းကိုယ်မင်း ပြိုင်ဘက်ကင်းတယ်လို့ ထင်နေတာလား”

ဖန့်ရှန်ယွီက အားပါးတရ ရယ်လေသည်။

“တစ်သက်လုံး ပြိုင်ဘက်ကင်းတယ်ဆိုတဲ့အရာမျိုး မရှိဘူး၊ ကြည့်ရတာ ဒါ ငါတို့ အဆုံးအထိ ရယ်ရတော့မယ်နဲ့တူတယ်”

လင်းရှင်းလန် စိတ်လှုပ်ရှားနေသည်။ သူသည် ထပ်ခါထပ်ခါ နောင်တရရမည်ကိုသာ ပိုကြောက် လေသည်။ သူ မှန်ကန်သောဘက်၌ ရှိနေသေး၍ တော်ပေသေးသည်။

ဘက်မှားရပ်တည်မိပါက အဆုံးသတ်က သေသည်ထက်ပင် ဆိုးနိုင်ပေသည်။ သူ၏ မျက်ကန်းသဖွယ် လေးစားနေသော သားဖြစ်သူကိုကြည့်ပြီး လင်းရှင်းလန် ခနဲ့လိုက်သည်။

*ငါ့ကို ယှဉ်တိုက်ချင်တယ်ပေါ့လေ၊ မင်းက ထိုက်တန်လို့လား*

“မင်းတို့ အပျော်စောနေတာ မဟုတ်ဘူးလား”

ထိုစဉ် စနောက်သရော်သော အသံတစ်သံ ထွက်ပေါ်လာသည်။ လူတိုင်း ယဲ့ဖန်ကို တအံ့တဟ ကြည့်လိုက်ကြသည်။ ထိုအခါ ယဲ့ဖန်က အထင်သေး၍ ဘာကိုမှ ဂရုမစိုက်သော မျက်နှာနှင့် ကြည့်နေသည်ကို တွေ့လိုက်ရသည်။

“ဒါ ဘယ်လိုဖြစ်တာလဲ၊ ဝမ်ခူနတ်ဆိုးက သူ့ကို ထိခိုက်အောင် မလုပ်နိုင်တာများလား”

ရှုပေါင်ကျွမ် မသိမသာ နေရခက်လာသည်။

“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ၊ ဝမ်ခူနတ်ဆိုးရဲ့ လက်အောက်မှာ အသက်ရှင်တဲ့သူ တစ်ယောက်မှ မရှိတာကို၊ သူ့ကို ထိရဲတဲ့ ဘယ်သူမဆို အလောင်းတောင် မကျန်တာ၊ ဒီအရူးက သူ ဘယ်အချိန် သေမလဲ မသိလို့ဖြစ်မယ်၊ သူ ဘယ်လောက်ထိ အကြောမာမလဲ ကြည့်ရသေးတာပေါ့”

ယောင်လောင်က အေးစက်စွာ သရော်လိုက်သည်။ သူ့စကားကိုကြားပြီးနောက် အားလုံး စိတ်အေးသွားသည်။

*ဝမ်ခူနတ်ဆိုးက သူ့အစွမ်းကို မပြရသေးတဲ့ပုံပဲ၊ မဟုတ်ရင် ဒီကောင် ရယ်နိုင်မှာ မဟုတ်ဘူး*

“ဟေ့ကောင် ငါ့စွမ်းအင်ကိုတောင် မထုတ်ရသေးဘူး၊ မင်း ဘယ်လိုတောင် မောက်မာနေတာလဲ၊ ငါ အခု မင်းကို အရယ်ရပ်စေချင်ပြီကွ”

ဝမ်ခူနတ်ဆိုးက ကြုံးဝါးလိုက်ပြီးနောက် လက်မောင်းမှနေ၍ ကြောက်မက်ဖွယ် မိစ္ဆာစွမ်းအင် ထွက်ပေါ်လာသည်။ ထိုစွမ်းအင်က ယဲ့ဖန်ထံ တစ်ဟုန်ထိုး ပျံ့လွင့်သွားသည်။

အစောပိုင်းက ဝမ်ခူနတ်ဆိုး မလှုပ်ရှားရသေးချေ။ သို့သော် ယခု သူ လှုပ်ရှားလာသဖြင့် ယဲ့ဖန် သေရပေလိမ့်မည်။

ဆွေးမြည့်ခြင်းစွမ်းအင် ထွက်ပေါ်လာလေပြီ။ အနက်ရောင် စွမ်းအင်က ယဲ့ဖန်ကို လွှမ်းခြုံ သွားသဖြင့် ယောင်လောင်နှင့် အခြားသူများ ဝမ်းသာကာ ဂုဏ်ယူနေကြသည်။

ယဲ့ဖန် ပြာဖြစ်သွားမည့်မြင်ကွင်းကို သူတို့ မြင်ယောင်နေပုံရသည်။ ဝမ်ခူနတ်ဆိုးတောင်မှ ရယ်မော၍ အော်ပြောလာသည်။

“သောက်မျိုးမစစ်ကောင် မင်းကို ရပ်ခိုင်းတဲ့အချိန် ရပ်သင့်တာကို မင်း မရပ်ဘူးလေ၊ မင်းက ဒီအဘိုးကြီးကို လှုပ်ရှားလာအောင် ဖိအားပေးမှတော့ အသတ်ခံလိုက်တော့”

သို့သော် တစ်ခဏအတွင်း ဝမ်ခူနတ်ဆိုး၏ အပြုံးက အေးခဲသွားပြီး အလန့်တကြား အော်ဟစ် လေသည်။

“ဒါ မဖြစ်နိုင်ဘူး၊ ဒါ လုံးဝ မဖြစ်နိုင်ဘူး”

“မင်း ရပ်လိုက်၊ မင်း ရပ်လိုက်တော့လေ”

*ဘာ*

ဘေးလူများ ထိတ်လန့်သွားပြီး အားလုံး မျက်နှာပျက်သွားကြသည်။

*ဘာလို့ ဝမ်ခူနတ်ဆိုးက အသည်းအသန် အော်နေတာလဲ*

*ဘာတွေဖြစ်နေတာလဲ*

မကြာခင်မှာပင် အနက်ရောင်စွမ်းအင်အောက်မှ ယဲ့ဖန်က မူလပုံစံအတိုင်း ရပ်မြဲရပ်နေပြီး ဝမ်ခူနတ်ဆိုး၏ လက်ဝါးအား လက်သီးဖြင့် ဖမ်းချုပ်ထားသည်ကို တွေ့လိုက်ရသည်။

“ဘာမှမဖြစ်ဘူးလား၊ ဒါ ဘာမှမဖြစ်တာပဲ”

လူတိုင်း ထိတ်လန့်ကာ မျက်စိရှေ့မှ မြင်ကွင်းကို လက်မခံနိုင်ကြချေ။ ယဲ့ဖန်က တစ်ဖက်လူ၏ ဆွေးမြည့်ခြင်းစွမ်းအင်အောက်၌ အထိအခိုက်မရှိပေ။ ယခင်က ဤသို့ တစ်ခါမှ မဖြစ်ဖူးပါ။

အဘယ်ကြောင့် ယဲ့ဖန်နှင့် တိုက်ခိုက်လိုက်တိုင်း မကြုံစဖူး အဖြစ်များ ဖြစ်လာရသနည်း။ ယင်းကလည်း ပထမဆုံးအကြိမ် မဟုတ်ပေ။ ယခု ဝမ်ခူနတ်ဆိုး၏ တိုက်စစ်ကလည်း ရှုံးနိမ့်ပြန်သည်တဲ့လား။

တစ်ကြိမ်ဆိုလျင် တိုက်ဆိုင်မှုဟု ပြောနိုင်သော်လည်း နှစ်ကြိမ်ဆိုပါက တိုက်ဆိုင်မှုဟု ဆိုနိုင်ပါ ဦးမည်လော။

ထိုစဉ် ယဲ့ဖန်၏ ခန္ဓာကိုယ်မှ နတ်ဆိုးဝိညာဉ် ပြန်ရှင်လာသကဲ့သို့ ပို၍ ကြမ်းကြုတ်သော အနက်ရောင် ချီစွမ်းအင်များ ပေါ်ထွက်လာသည်။

ထို့နောက်တွင်မူ ဝမ်ခူနတ်ဆိုး၏ ဆွေးမြည့်ခြင်းစွမ်းအင်ကို စုပ်ယူလေတော့သည်။ ထို့နောက် သူ့ခန္ဓာကိုယ်ကိုပါ စုပ်ယူလာ၏။

“မဟုတ်ဘူး … မင်း ဘာလုပ်ချင်နေတာလဲ”

ဝမ်ခူနတ်ဆိုးသည် တစ်စုံတစ်ရာကို သတိထားမိသွားပြီး အလန့်တကြား အော်ဟစ်လာသည်။ သူ့စကား၌ ကြောက်စိတ်များ ပြည့်နှက်နေ၏။ အလွန် ကြောက်စရာကောင်းသော တစ်စုံတစ်ရာကို သူ ခံစားမိသည့်ပုံပင်။

“ဘာဖြစ်တာလဲ”

ရှုပေါင်ကျွမ် တုန်ယင်လာပြီး ရင်ထဲ၌ မကောင်းသော ခံစားချက်တစ်ခု ရလာသည်။ မျက်စိရှေ့မှ မြင်ကွင်းက သူ့အား အလွန်အမင်း စိတ်မသက်မသာ ဖြစ်စေ၏။ လူတိုင်း သူ့နည်းတူ ခံစားနေရပြီး မျက်နှာများ ရှုံ့မဲ့နေကြသည်။

“ငါ့ကိုလွှတ်၊ ငါ့ကိုလွှတ်စမ်း”

ဝမ်ခူနတ်ဆိုး အော်ဟစ်လာပြီး အသံက ပိုပို၍ နာကျင်ဟန် ပေါ်လာသည်။ သူ လက်ကို အသည်းအသန် ရုန်းသော်လည်း ယဲ့ဖန်၏ လက်သီးက တွင်းနက်သဖွယ် ကြောက်စရာ ကောင်းသော ဆွဲငင်အားတစ်ခုကို ထုတ်လွှတ်နေသဖြင့် သူ ထွက်မပြေးနိုင် ဖြစ်နေ၏။

မကြာခင်မှာပင် ဝမ်ခူနတ်ဆိုး၏ ခန္ဓာကိုယ်က သိသိသာသာ ဆုတ်ယုတ်လာသည်ကို သူတို့ အလန့်တကြား တွေ့မြင်လိုက်ရသည်။ သူ့တစ်ကိုယ်လုံး လျင်မြန်စွာ ခြောက်သွေ့လာသည်။

သွေး၊ အသားနှင့် ဝိညာဉ်တို့ စုပ်ယူခံထားလိုက်သကဲ့သို့ လျင်မြန်စွာ ယုတ်လျော့လာလေသည်။

“ဆွေးမြည့်ခြင်းစွမ်းအင်လား”

ယဲ့ဖန်၏ မျက်လုံးတွင် ရက်စက်ဟန်များ ပိုပေါ်လွင်နေပြီး ဝမ်ခူနတ်ဆိုးအား ဓားသွားသဖွယ် စူးရှသော အကြည့်များဖြင့် ကြည့်လိုက်သည်။

“ငါ့ဝါးမျိုခြင်းစွမ်းအင်အောက်မှာတော့ အဲ့ဒါက ပုရွက်ဆိတ်လိုပဲ”

“မင်း ငရဲကို သွားလိုက်တော့”

Chapter 1407 သူတော်စင်သခင်အဆင့်များအားလုံး ရောက်လာပြီ

“နတ်ဆိုး မင်းက နတ်ဆိုး၊ မင်းကသာ ငရဲကိုသွားသင့်တာကွ”

ဝမ်ခူနတ်ဆိုးက အော်ဟစ်ပြောဆိုသော်လည်း သူ့အသံက တဖြည်းဖြည်း အားလျော့လာပြီး တစ်ကိုယ်လုံး ချက်ချင်း ပုံပျက်ကာ ခပ်ပျစ်ပျစ် ရေတစ်ခုသဖွယ် ဖြစ်လာလေသည်။

“ငရဲလား”

ယဲ့ဖန် အပြုံးကြီးပြုံးလိုက်သည်။

“ငါက ငရဲကလေ”

ထို့နောက် ဝါးမျိုခြင်းစွမ်းအင်က တစ်ဟုန်ထိုး ပွင့်ထွက်လာပြီး အနက်ရောင် ချီစွမ်းအင်များက ဝမ်ခူနတ်ဆိုး၏ တစ်ကိုယ်လုံးကို ရစ်ပတ်လာကာ မည်သည့် အရိုးမှ မကျန်ရစ်တော့ချေ။ သူ သေသွားလေပြီ။

တတိယမြောက် သူတော်စင်သခင်အဆင့်သည် ယဲ့ဖန်၏ လက်ထဲ၌ ဆိုးဆိုးရွားရွား သေဆုံး သွားတော့သည်။ ယင်းသေဆုံးခြင်းကလည်း မည်သည့်အရိုးမှ မကျန်ရစ်သည်အထိပင်။

အားလုံး တိတ်ဆိတ်ငြိမ်သက်ကာ ကြောက်လန့်နေကြသည်။ လက်ရှိတွင် အားလုံး နှလုံးငြိမ်ဆေး သောက်သင့်သည်ဟု ခံစားနေကြရသည်။ သူတို့၏ စိတ်အစဉ်က ရိုလာကိုစတာကဲ့သို့ မြင့်လိုက်နိမ့်လိုက် ဖြစ်နေသဖြင့် ထပ်၍ တောင့်မခံနိုင်တော့ချေ။

ဤသို့သာ ဆက်ဖြစ်နေပါက သူတို့၌ နှလုံးနှင့်ပတ်သက်သော ရောဂါများ ရလာမည်ကို စိုးရိမ်ရသည်။ စိတ်လှုပ်ရှားမှုကို သူတို့ မခံနိုင်တော့ပေ။

သို့သော် ထိုအချိန်၌ လေဟာနယ်ထဲ၌ အနက်ရောင် အရိပ်တစ်ခု ပေါ်လာပြီး ချက်ချင်း ယဲ့ဖန်အနောက်သို့ ရောက်လာသည်။ ထိုသူသည် ကျွေ့ဟွားရုန် ဖြစ်ပြီး ချွန်ထက်သော လက်သည်းများဖြင့် တိုက်ခိုက်လာသည်။

လက်ချောင်းထိပ်များတွင် ရွှေရောင်အလင်း ထွက်နေပြီး အလွန်အမင်း မျက်စိကျိန်းစရာ ကောင်းလှသည်။

“နင် သေလိုက်တော့”

ထို့နောက် လက်ချောင်းတစ်ချောင်းက ယဲ့ဖန်၏ ကျောပေါ်သို့ ကျလာသည်။ ထိုလက်ချောင်း လေဟာနယ်ကို ထိုးခွဲ၍ ရောက်လာပုံက နတ်ဘုရားတစ်ပါး၏ တိုက်ခိုက်မှုက လောကမှ အရာအားလုံးကို ဖျက်ဆီးနိုင်သကဲ့သို့သော ပုံစံနှင့် ထင်မှတ်မှားရသည်။

“အောင်မြင်မှ ဖြစ်မယ်”

လက်ရှိတွင် ယောင်လောင်သည် သူ့ဟန်ပန်ကို မထိန်းနိုင်တော့ဘဲ အလွန်အမင်း မျှော်လင့်နေသော အကြည့်များဖြင့် ထအော်လိုက်သည်။

ဤသည်မှာ သူတို့၏ နောက်ဆုံးမျှော်လင့်ချက် ဖြစ်သည်။ ယဲ့ဖန် မသေလျင် သူတို့ သေရပေလိမ့်မည်။ သို့သော် ယဲ့ဖန်က လှုပ်ရှားခြင်းမရှိဘဲ ယင်းတိုက်ခိုက်မှုကို သတိမထား မိသကဲ့သို့ ငြိမ်သက်စွာ ရပ်နေ၏။

ဤသည်ကိုမြင်သော် ကျွေ့ဟွားရုန်၏ မျက်နှာတွင် ဝမ်းသာပီတိဖြစ်သွားသော အမူအရာ ပေါ်လာပြီး လက်ချောင်းထိပ်မှ စွမ်းအင်က ပိုမို၍ ပြင်းထန်လာသည်။

ချောင်းမြောင်း တိုက်ခိုက်ခြင်းက အလွန် စက်ဆုပ်ဖွယ်ကောင်းသော်လည်း လက်ရှိတွင် အသက်ရှင်ခွင့်ရရန်အတွက် သူမ ထိုအရာကို ဂရုမစိုက်နိုင်တော့ချေ။

“ရွှစ်”

လက်ချောင်းထိပ်မှ ရွှေရောင်အလင်းက သုညဒဿမ သုညတစ်စက္ကန့်နှုန်းထက် ပို၍ လျင်မြန်စွာ ကျရောက်လာလေသည်။

သာမန်မျက်လုံးနှင့် မမြင်နိုင်သော အလင်းတန်းက ယဲ့ဖန်၏ ကျောထံသို့ ကျဆင်းလာသည်။ ထိုစဉ် လက်တစ်ဖက်က တည်ငြိမ်စွာဖြင့် ကျွေ့ဟွားရုန်၏ လက်ချောင်းများကို ချုပ်ကိုင် လေသည်။

ထိုအခါ မျက်စိကျိန်းလောက်သော ရွှေရောင်အလင်းက တိခနဲ ပျောက်ကွယ်သွားသည်။

“နင်”

ကျွေ့ဟွားရုန်၏ ရုပ်ဆိုးလှသော မျက်နှာတွင် ကြောက်စိတ် ပြည့်နှက်လာသည်။ ဤမျှ အချိန်တိုအတွင်း၌ ယဲ့ဖန်က လှုပ်ရှားနိုင်စွမ်းရှိပြီး ချက်ချင်း တားဆီးနိုင်သည်ကို သူမ မယုံနိုင် ဖြစ်နေ၏။

သူ၏လှုပ်ရှားမှုက အလွန်အမင်း လျင်မြန်လွန်းလှသည်။ ထိုသို့ဖြစ်ပြီး စက္ကန့်ပိုင်းမျှအကြာ၌ သူမ အိပ်မက်မက်နေရာမှ နိုးလာသကဲ့သို့ သတိဝင်လာသည်။ သူမမျက်နှာတွင် ကြောက်စိတ် ဖုံးလွှမ်းလာလေသည်။

“မဟုတ်ဘူး သေရမှာက ခင်ဗျားပဲ”

ယဲ့ဖန် လှောင်၍ ပြောလိုက်သည်။ ထို့နောက် လက်တစ်ဖက်ကို မြဲမြဲချုပ်ကိုင်၍ အားဖြင့် ဆွဲဖြုတ်လေသည်။

“ဂျွတ်”

အရိုးကျိုးသံ ထွက်ပေါ်လာပြီး ကျွေ့ဟွားရုန်၏ လက်ချောင်းများ လုံးဝဥဿုံ ကျိုးသွားသည်ကို လူတိုင်း သေချာ မြင်လိုက်ရသည်။

“အား…”

ကျွေ့ဟွားရုန်ထံမှ အော်သံ ထွက်ပေါ်လာကာ ထိုအသံက လူတိုင်း လိပ်ပြာလွင့် သွားလောက်သည်။ လက်ရှိတွင် သူမ ဆောက်တည်ရာမရတော့ပေ။

*ချောင်းတိုက်တာတောင် မနိုင်တာ၊ ဘယ်လိုလုပ် ထိပ်တိုက် တိုက်လို့ရတော့မှာလဲ*

ထို့နောက် သူမသည် နောက်သို့ဆုတ်သွားပြီး အနက်ရောင်လျှပ်စီးသကဲ့သို့ လျင်မြန်စွာဖြင့် ဆေးဆိုင် တံခါးဘက်သို့ ပြေးလေတော့သည်။ သို့သော်ငြားလည်း သတ်ချင်စိတ် ပြင်းနေသော နတ်ဆိုးတစ်ကောင်၏ လက်မှ မည်သူက လွတ်အောင် ပြေးနိုင်ပါမည်နည်း။

“ရွှစ်”

ညင်သာသော လေတိုးသံနှင့်အတူ မီတာတစ်ရာ အဝေး၌ ရှိနေသော ယဲ့ဖန်၏ ပုံရိပ်က ရုတ်တရက် ကျွေ့ဟွားရုန်၏ အနောက်သို့ ရောက်သွားကာ လက်ဝါးတစ်ဖက်ကို မြှောက်၍ ရိုက်ချလိုက်သည်။

“မလုပ်နဲ့”

ကျွေ့ဟွားရုန် ခေါင်းမွေးထောင်သွားပြီး အသည်းအသန် အော်ဟစ်ကာ ရှောင်တိမ်းရန် ကြိုးစားပါသော်လည်း နောက်ကျသွားလေပြီ။

“ဂျွတ်”

ကျွေ့ဟွားရုန်၏ ပခုံးရိုး ကျိုးသွားပြီး ကြမ်းပြင်ပေါ် ဘုန်းခနဲ လဲကျသွားသည်။ သူမထံမှ သွေးများ ဒလဟော စီးကျလာပြီး ချက်ချင်း ခွေးသေတစ်ကောင်နှင့် အဖြစ်တူလာသည်။ သို့သော် ဤမျှနှင့် ရပ်မသွားချေ။

လူတိုင်း၏ ကြောက်ရွံ့နေသော အကြည့်အောက်၌ ယဲ့ဖန်က ကျွေ့ဟွားရုန်၏ ကျောရိုးကို ခြေဆောင့်နင်းလိုက်သည်။

“ဒုန်း”

ကျယ်လောင်သောအသံ ထွက်လာပီးနောက် ကျွေ့ဟွားရုန်၏ တစ်ကိုယ်လုံး ခုန်တက်လာပြီး ဘုန်းခနဲ ပြန်ကျသွားသည်။ သူမ၏ ကျောရိုး ချက်ချင်း ကျိုးအက်သွားကာ ကျောရိုးနှင့် ဆက်စပ်နေသော အဆစ်အမြစ်များအားလုံး ကျိုးပဲ့သွားလေသည်။

ကျွေ့ဟွားရုန်သည် ကြမ်းပြင်ပေါ် လဲကျနေရင်းနှင့် နာကျင်စွာ အော်ဟစ်ညည်းညူနေ၏။ ဤမြင်ကွင်းကြောင့် လူတိုင်း ထိတ်လန့်ကာ ကြက်သီးမွေးညင်း ထလာကြသည်။

*လက်ဝါးတစ်ချက်က ကျွေ့ဟွားရုန်ရဲ့ ပခုံးရိုးကို ကျိုးစေတာလား*

*ကန်ချက်တစ်ချက်က ကျောရိုးကို ကျိုးစေတယ်ပေါ့*

တစ်ချိန်တည်းမှာပင် ၎င်းက လူတိုင်း၏ တစ်ခုတည်းသော မျှော်လင့်ချက်ကို ဖျက်ဆီး သွားလေသည်။

ခုခံနိုင်မည့် အစွမ်းမရှိလျင် ယဲ့ဖန်၏လက်ထဲ၌ သူတို့အားလုံး ပုရွက်ဆိတ်သဖွယ် ဖြစ်ကာ အနိုင်ကျင့် သတ်ဖြတ်ခံရပေမည်။ သူ၏ ကိုယ်ပိုင်ခွန်အားနှင့် သူတော်စင်သခင်အဆင့် လေးယောက်ကို သတ်နိုင်ခဲ့သည်။ ယင်းကလည်း အပြတ်အသတ် ချေမှုန်းနိုင်ခြင်းပင်။

အခြေအနေက အလွန်အမင်း ဖိအားများ တင်းမာလာပြီး လူတိုင်း၏ မျက်နှာတွင် စိတ်မသက်မသာ ဖြစ်မှုနှင့် ကြောက်စိတ်တို့ ဖုံးလွှမ်းနေ၏။

“လူကြီးမင်း အသက်ချမ်းသာပေးပါ၊ ကျွန်မအသက်ကို ချမ်းသာပေးပါ”

ကျွေ့ဟွားရုန် အသည်းအသန် အော်ဟစ် တောင်းပန်နေ၏။ သို့သော် မကြာခင်မှာပင် သူမအသံက တိခနဲ ပျောက်သွားသည်။ အကြောင်းမှာမူ ခြေထောက်တစ်ဖက်က သူမ ဦးခေါင်းကို ကျရောက်လာသောကြောင့် ဖြစ်လေသည်။

*ရက်စက်လိုက်တာ*

*နည်းနည်းလေးတောင် တွေဝေမနေဘူး*

ထိုအခိုက်တွင် ကျွေ့ဟွားရုန် မျက်နှာပြာနှမ်းသွားပြီး လန့်ဖြန့်လွန်းသဖြင့် အသံပင် ပျောက်သွားသည်။ အန္တရာယ် အငွေ့အသက်က သူမကို ကြက်သီးတဖြန်းဖြန်း ထသွားစေသည်။ သူမ မုချသေရလိမ့်မည်ဟု သိသွားရသည်။

“ဒုန်း”

ဒေါသတကြီး နင်းချေမှုကြောင့် ထိတ်လန့်ဖွယ် အသံတစ်သံ ထွက်လာပြီး အသားများ ဘေးသို့ လွင့်စဉ်လာသည်။

လူတိုင်း၏ ကြောက်လန့်နေသော အကြည့်အောက်မှာပင် ကျွေ့ဟွားရုန်၏ ဦးခေါင်းတစ်ခုလုံး ကြေမွသွားသည်။

ကျွေ့ဟွားရုန်၏ ရုတ်တရက် သေဆုံးမှုကိုမြင်ပြီး ဆေးဆိုင်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက် သွားလေသည်။

လူတိုင်း သွေးပြောင်းပြန် စီးနေသလို ခံစားနေရပြီး ကျောချမ်းနေကြသည်။ ယဲ့ဖန်၏ ခြေထောက်အောက်မှ သွေးပျက်ဖွယ် အသားစနှင့် သွေးအိုင်ကိုကြည့်ပြီး သူတို့ လိပ်ပြာလွင့်မတတ် တုန်လှုပ်လာသည်။

*သေသွားပြီ*

*နာမည်ကြီး သူတော်စင်သခင်အဆင့် လေးယောက်လုံး သေသွားပြီ*

နတ်ဘုရားဟုပင် တင်စားခံရသည့် သူတော်စင်သခင်အဆင့် လေးယောက်က ယဲ့ဖန်ထံတွင် ပုရွက်ဆိတ်သဖွယ် အသတ်ခံလိုက်ရလေပြီ။ အစမှအဆုံးတိုင် လုံးလုံးလျားလျား ဖိနှိပ် နိုင်ခဲ့သည်။ ဤသို့ ထိတ်လန့်ဖွယ် စွမ်းအားက သူတို့အား သွေးပျက်စေသည်။

ယောင်လောင်နှင့် အခြားသူများအားလုံး ကြက်သီးမွေးညင်းထကာ တုန်လှုပ်နေပြီ ငရဲမှထွက်လာသည်ဟု ထင်ရသော နတ်ဆိုးအား လှမ်းကြည့်ကာ စိတ်ထဲ၌ အလွန် ချောက်ချား နေကြသည်။

ထိုစဉ် ယဲ့ဖန်က နောက်လှည့်လာပြီး ကြောက်လန့်ဖွယ်ကောင်းသော အပြုံးမျိုး ပြုံးလိုက်သည်။

“ခင်ဗျားတို့တွေ ဘယ်လိုသေချင်လဲ”

ထိုစကားက လူတိုင်းကို ကြက်သီးတဖြန်းဖြန်း ထသွားစေသည်။ လူတိုင်း စိတ်ဝိညာဉ် မရှိတော့ဟုပင် ခံစားမိကာ အကြောက်လွန်၍ အသံပျောက်သွားကြသည်။

ယဲ့ဖန် ဤမျှသန်မာကာ လွှမ်းမိုးချုပ်ကိုင်နိုင်လိမ့်မည်ဟု သူတို့ထဲက မည်သူမှ ထင်မထားမိပေ။ သူတော်စင်သခင်အဆင့်ကိုတောင်မှ ကစားစရာသဖွယ် တစ်ချက်တည်းဖြင့် အနိုင်ယူ နိုင်နေသည်။ သူတို့ ဤမိစ္ဆာကို မည်သို့ တိုက်ခိုက်ရမည်နည်း။

“ယောင်လောင် ကျုပ်တို့ကို ကယ်ပါဦး၊ ကျုပ်တို့ကို ကယ်ပါဦး”

လင်းရှင်းလန်နှင့် ဖန့်ရှန်ယွီတို့က သွေးပျက်သော အမူအရာများနှင့် ဒူးထောက်လာကြသည်။ သူတို့ ကြံရာမရ ဖြစ်ကာ ကူကယ်ရာမဲ့နေ၏။

လက်ရှိတွင် သူတို့၏ မျှော်လင့်ချက်ကို ယောင်လောင်ထံ၌သာ ပုံအော်ထားနိုင်သည်။ ယောင်လောင်သာလျင် သူတို့ကို ကယ်နိုင်ပေတော့သည်။

“ဟမ့်”

ယောင်လောင်က ခနဲ့သံပေး၍ ဂုဏ်ယူစွာ ပြောလိုက်သည်။

“ဟေ့ကောင် မင်းမှာ အစွမ်းအစတစ်ချို့ ရှိတာကို ငါ ဝန်ခံတယ်၊ ဒါပေမဲ့ ဒီအင်ပါယာမှာ ငါ့ကို ဘယ်သူမှ မလေးမစား မလုပ်ရဲဘူးကွ”

“ငါ့စီနီယာအစ်ကိုက ဘယ်သူလဲ မင်း သိလား”

သူ့စကားကို ကြားသော် လူတိုင်း လှုပ်လှုပ်ရှားရှား ဖြစ်လာပြီး ရုတ်တရက် သတိဝင်လာကြသည်။

*ဟုတ်သားပဲ၊ ယောင်လောင်ရဲ့ စီနီယာအစ်ကိုက အင်ပါယာထဲမှာ နာမည်ကျော် ပါရမီရှင် ဆရာဝန်၊ အင်မော်ဆယ်ဆေးကိုတောင် ဖော်စပ်နိုင်တဲ့ ဆေးပညာရှင်ပဲ”

နိုင်ငံပေါင်းများစွာမှ သူ့အား ဖိတ်ကြားစာ ဒါဇင်ထက်မနည်း ပို့ကြပြီး နိုင်ငံတစ်နိုင်ငံ၏ ဘုရင်ကပင် ထောင်သောင်းချီသော လူများကို စိုးမိုးနိုင်သည့် မင်းဆရာ ဖြစ်သင့်ကြောင်း ပေါ်တင် ပြောလာသည်။

ထိုသူ ပါးစပ်ဟလိုက်ရုံနှင့် ယဲ့ဖန်အား အကြိမ်ပေါင်းများစွာ သတ်နိုင်ပေသည်။

“မင်းကို သတိမပေးဘူးလို့ ငါ့ကို အပြစ်မတင်နဲ့၊ ငါ့ဆရာဦးလေးက ကြီးမားတဲ့ နောက်ခံရှိတယ်၊ သူ့နောက်ကို စိတ်လိုလက်ရ လိုက်ပြီး အမှုထမ်းချင်တဲ့ သူတော်စင်သခင်အဆင့်တွေမှ ပုံလို့၊ မင်း ငါတို့ကို ထိရဲရင် ငါ့ဆရာဦးလေးက မင်းကို သတ်လိမ့်မယ်လို့ ပြောရဲတယ်”

ရှုပေါင်ကျွမ်က အားကိုးစရာ ရှိသေးသဖြင့် ကျေနပ်စွာ ရယ်မောလေသည်။ ယောင်လောင် ကလည်း ယဲ့ဖန်ကို အထင်သေးစွာ ကြည့်လာသည်။

“ငါ့စီနီယာအစ်ကိုက ဒီလာနေပြီ၊ မင်း မသေချင်ရင် ဒူးထောက်ဖို့ ငါ အကြံပေးလိုက်မယ်၊ မဟုတ်လို့ ကတော့ ဖြစ်လာမယ့် ကိစ္စတွေကိုတော့ ငါ မင်းကို ပြောစရာမလိုဘူးမလား”

“ပြောလို့ပြီးပြီလား”

ယဲ့ဖန် စိတ်မရှည်စွာ မေးလိုက်ပြီး အကြည့်များက လူသတ်ချင်သကဲ့သို့ အေးစက် စူးရှနေ၏။

*ဟမ်*

အားလုံး၏ အမူအရာများ အကြီးအကျယ် ပြောင်းလဲသွားလေသည်။

*ဒီလူက ယောင်လောင်ကို တကယ် တိုက်ချင်နေသေးတာလား*

*သူ ရူးနေလား*

*ယောင်လောင်ရဲ့ စီနီယာအစ်ကိုက ဒီလာနေပြီကို၊ ဒီလူက အဆုံးထိ အသေသတ် ချင်နေတာလား*

“မင်း အမှားမလုပ်မိဖို့ ငါ အကြံပေးလိုက်မယ်”

ယောင်လောင်၏ မျက်နှာက ပို၍ ကြည့်ရဆိုးလာပြီး မတုန်ယင်ဘဲ မနေနိုင်တော့သလို အနည်းငယ် ကြောက်ရွံ့စိတ် ဖြစ်လာသည်။

*ဒီလူက တကယ့် အရူးပဲ၊ ငါ သေချာ ပြတ်ပြတ်သားသား ပြောလိုက်တာတောင် မလှုပ်သေးဘူး*

သူ၏ စီနီယာအစ်ကိုက ရောက်မလာသေးပေ။ အကယ်၍ ယဲ့ဖန်သာ ယခု လှုပ်ရှားလာပါက သူ သေချာပေါက် သေရပေလိမ့်မည်။

“ရွှစ် ရွှစ်”

ထိုစဉ် လေဟာနယ် တုန်ခါလာပြီး လူရိပ် တစ်ခုပြီးတစ်ခု တိတ်တဆိတ် ရောက်ရှိလာသည်။ သူတို့အားလုံးသည် သန်မာ၍ လွှမ်းမိုးနိုင်ကာ အလွန် အားပြင်း၍ ကြောက်စရာကောင်းသော အရှိန်အဝါများ ရှိကြသည်။

ဆေးဆိုင်တစ်ခုလုံးသည် ဤလူများ အရှိန်အဝါကို တောင့်မခံနိုင်သကဲ့သို့ တုန်ခါလာ၏။ လူဆယ်ယောက်၊ အယောက်နှစ်ဆယ်၊ အယောက်သုံးဆယ်။ အယောက်သုံးဆယ်လုံး သူတော်စင်သခင် အဆင့်များ ဖြစ်နေသည်။

သူတော်စင်သခင်အဆင့် အယောက်သုံးဆယ်၏ အရှိန်အဝါကို စုစည်းလိုက်လျင် တောင်ကိုပင် ပိပြားစေပြီး သမုဒ္ဒရာကိုပင် ခမ်းခြောက်စေရန် လုံလောက်ပေသည်။

လူတိုင်းသည် ဧရာမနဂါးတစ်ကောင်ကို တွေ့လိုက်ရသော ပုရွက်ဆိတ်တစ်သိုက်သဖွယ် ခွန်အားမဲ့၍ ကြံရာမရသလို ခံစားလိုက်ရသည်။ အလိုအလျောက် ဖြစ်ပေါ်လာသော ကြောက်စိတ်က ထိန်းချုပ်မရတော့ချေ။

သူတော်စင်သခင်အဆင့် အယောက်သုံးဆယ် အတူတူ ရှိနေသောအခါ ပြင်းထန်သော ယန်စွမ်းအင်က သမုဒ္ဒရာ ရေလှိုင်းသဖွယ် အရှိန်အဟုန်ဖြင့် ပျံ့လွင့်လာ၏။

ကြောက်စရာကောင်းသော ဖိအားတစ်ခုက ဖိနှိပ်လာသောကြောင့် လူတိုင်း ဒူးမထောက်ဘဲ မနေနိုင်အောင် ဖြစ်သွားရသည်။

သူတို့၏ မျက်လုံးများက ရေခဲတမျှ အေးစက်ကာ အမူအရာက မောက်မာလှသည်။ ဤလူများကို ဂရုမစိုက်သည့် အထင်သေးသော အရိပ်အယောင်ကို သူတို့၏ မျက်နှာထား၌ မသိမသာ တွေ့နေရလေသည်။ သူတို့ရှေ့မှလူများအားလုံးကို ပုရွက်ဆိတ်များဟု မြင်နေပုံ ရသည်။

ထိုစဉ် အဘိုးအိုတစ်ယောက် ခပ်သွက်သွက် လျှောက်လှမ်းလာသည်။ သူ့ပုံစံက အထက်စီးဆန်လှသည်။

သူတော်စင်သခင်အဆင့်များက သူ့ကို မြင်သောအခါ ချက်ချင်း လမ်းဖယ်ပေးပြီး လေးစားသော အမူအရာများ ပြလာကြသည်။

သူ့ကိုမြင်သောအခါ လင်းရှင်းလန်နှင့် အခြားသူများအားလုံး ဝမ်းသာသွားကြသည်။ အဘယ်ကြောင့်ဆိုသော် ဤအဘိုးအို ရောက်လာသရွေ့ သူတို့အားလုံး ငြိမ်းချမ်းပြီဖြစ်ကြောင်း သိလိုက်သောကြောင့်ပင်။ မည်သူမှ သူတို့၏ ဆံပင်တစ်ချောင်းကိုပင် ထိရဲတော့မည် မဟုတ်ပါ။

“စီနီယာအစ်ကိုကြီး”

ယောင်လောင် ချက်ချင်း အော်ခေါ်လိုက်ပြီးနောက် အားရဝမ်းသာ ရယ်မောလေသည်။ ထို့နောက် ခက်ထန်မှုများ ပြည့်နှက်နေသော မျက်လုံးများဖြင့် ယဲ့ဖန်ကို စိုက်ကြည့်လာသည်။

“ဟားဟားဟား ခွေးမသား၊ ငါ့စီနီယာအစ်ကို ရောက်လာပြီကွ၊ မင်း အသက်ရှင်နိုင်မယ့် နောက်ဆုံး အခွင့်အရေးကို ဆုံးရှုံးလိုက်ရပြီ၊ အခု မင်း သေရတော့မယ်ကွ”

All Chapters