သစ္စာဖောက်ခြင်း
Vol. 94 Ch. 1410
*ဘာ*
ဧည့်ခန်းမထဲမှ လူများအားလုံး အကြီးအကျယ် မျက်နှာပျက်သွားကြသည်။
“ထန်ဟောင်ကျုံး ခင်ဗျား”
“တတိယဦးလေး ခင်ဗျား”
နလန်ရှောင်နှင့် ထန်မင်လီတို့ ချက်ချင်း ဒေါသထွက်သွားပြီး ထန်ဟောင်ကျုံးကို လက်ညှိုးထိုး လာသည်။
ထန်ဟောင်ကျုံး သစ္စာဖောက်ပြီဖြစ်ကြောင်း သူတို့ တပ်အပ် ပြောလာနိုင်သည်။ သို့မဟုတ်ပါက ယဲ့ဘုရင်ကို စော်ကားသော စကားအား ဤသို့ ပေါ်တင် ပြောရဲမည်နည်း။
“ငါ ပြောတာ မှားလား၊ ယဲ့ဘုရင် ဒီလောက်ကြာနေတာတောင် ပေါ်မလာရဲဘူးဆိုကတည်းက သူ ကြောက်နေတာ မဟုတ်ရင် သူ သေသွားပြီဆိုတဲ့ ဖြေရှင်းချက်ကလွဲလို့ ဘာရှိဦးမလဲ”
ထန်ဟောင်ကျုံးက အေးစက်စွာ ပြောလိုက်ပြီးနောက် ရုတ်တရက် ထရပ်၍ ဆက်ပြော လေသည်။
“အားလုံးပဲ ကျုပ်တို့ သေလူတစ်ယောက်အတွက် တကယ် တိုက်ခိုက်ဖို့ လိုအပ်သလား”
လူအများစုသည် အစောပိုင်းကတည်းက ချီတုံချတုံ ဖြစ်နေကြပြီး ယခု တုံ့ဆိုင်းသွားသည့်သူ ပိုများလာသည်။
ယဲ့ဖန်သာ အသက်ရှင်နေသေးလျင် သူ့အတွက် သူတို့ စတေးခံချင်စိတ် ရှိပါသည်။ ယခု ယဲ့ဖန် သေလျင် သေသွားလောက်သည့် အခြေအနေ၌ သူတို့က သူ့အတွက် ဆက်စတေးခံရန် လိုအပ်ပါသေးသလော။
“ထန်ဟောင်ကျုံး ခင်ဗျား ကျုပ်တို့ စစ်တပ်ကို စိတ်အနှောင့်အယှက်ဖြစ်အောင် လုပ်နေတာပဲ၊ ကျုပ် ခင်ဗျားကို မသတ်ရဲဘူးလို့ ထင်နေလား”
နလန်ရှောင် ဒေါသူပုန် ထနေသည်။ ဤသို့ အရေးကြီးသော အချိန်၌ ထန်ဟောင်ကျုံးက လူတိုင်းကို ပုန်ကန်အောင် ကြိုးစားနေ၏။ မုန်းစရာ ကောင်းလှပေသည်။
သို့သော် ထန်ဟောင်ကျုံးက သူ့ကို ကြည့်ပင်မကြည့်ဘဲ ထန်မင်လီထံသို့ အကြည့်လွှဲလိုက်သည်။
“မိသားစုခေါင်းဆောင် ရွေးချယ်မှုတစ်ခုတော့ လုပ်ဖို့အချိန်ကြပြီ၊ အပြစ်မရှိတဲ့ ကျုပ်တို့ မျိုးနွယ်ဝင်တွေကို အသေမခံခိုင်းပါနဲ့”
လူတိုင်း၏ အကြည့်က ထန်မင်လီအပေါ် ကျရောက်လာသည်။ ရုတ်တရက် ထန်မင်လီ၏ မျက်နှာ သုန်မှုန်သွားပြီးနောက် တည်ငြိမ်သော လေသံဖြင့် ပြောလိုက်သည်။
“ဒါ ခင်ဗျားရဲ့ ထင်ကြေးသက်သက်ပဲ၊ အကယ်၍ အရှင်ယဲ့ဘုရင် မသေဘူးဆိုရင် ခင်ဗျား ဘယ်လိုရှင်းပြမလဲ”
“အဲ့တော့ ငါ ဆက်ပြောမယ့်စကားက …”
ထန်ဟောင်ကျုံး၏ မျက်လုံးတွင် ရုတ်တရက် စဉ်းလဲဟန်များ ပေါ်လာသည်။
“ယဲ့ဘုရင် လက်စားချေမှာကို မင်းတို့ စိုးရိမ်နေတယ်ဆိုရင် ငါတို့ သူ့ကို လွှဲပေးလိုက်ရင် မရဘူးလား၊ သူ သေသည်ဖြစ်စေ ရှင်သည်ဖြစ်စေ အဆုံးကျရင် သူ သေမှာပဲ”
“မင်းတို့ တောင်ဘီလူးဘုရင်ရဲ့ ခွန်အားကို မြင်ပြီးသားပဲ၊ ယဲ့ဘုရင်တောင်မှ သူ့ပြိုင်ဘက် မဖြစ်နိုင်ဘူး၊ သူ ပေါ်လာရဲရင်တောင်မှ သေချာပေါက် သေမှာပဲ”
“အဲ့အခါကျရင် ငါတို့ ထန်မိသားစုလည်း ပြန်လွတ်မြောက်သွားမှာပဲ၊ ဘာကန့်သတ်ချက်မှ မရှိတော့ဘူး”
ထိုစကားသည် လက်ခံနိုင်ဖွယ် မရှိပေ။ ယင်းက ပြောင်ပြောင်တင်းတင်း သစ္စာဖောက်မှုပင်။ လူတော်တော်များများ ချက်ချင်း ဒေါသထွက်လာကြသည်။
“ကြည့်ရတာ ခင်ဗျားက တောင်ဘီလူးဘုရင်ဘက် ခိုလှုံလိုက်ပြီနဲ့တူတယ်”
ထန်မင်လီက သုန်မှုန်နေသော အပြုံးနှင့် ပြောလိုက်သည်။ သူ့အသံကပင် မာထန်လာလေသည်။ ထန်ဟောင်ကျုံးက လှောင်ရယ်သော်လည်း ပြန်မငြင်းပေ။
“ဒါပေမဲ့ ခင်ဗျားရဲ့ စကားလေး နည်းနည်းလောက်နဲ့ ယဲ့ဘုရင်အပေါ် ကျုပ်တို့ သစ္စာရှိမှုကို ပြောင်းလဲနိုင်မယ်လို့ ခင်ဗျား ထင်နေတာလား”
“ထန်ဟောင်ကျုံး ခင်ဗျား တော်တော် နုံတာပဲ”
ထိုစကားကိုကြားသော် ထန်ဟောင်ကျုံး ချက်ချင်း မျက်နှာပျက်သွားပြီးနောက် သူ့မျက်လုံးတွင် အဆုံးမရှိသော အမုန်းတရားများ ထွက်ပေါ်လာသည်။
“အရှင်ယဲ့ဘုရင်ကို သစ္စာဖောက်ချင်တဲ့ ဘယ်သူမဆို၊ အရှင် ယဲ့ဘုရင် သေပြီလို့ ထင်တဲ့ ဘယ်သူမဆို အခု မင်းတို့ ထွက်သွားလို့ရတယ်”
ထိုစဉ် ထန်မင်လီက လူတိုင်းကို သေချာကြည့်၍ ပြောလိုက်သည်။
“ပြီးရင် မင်းတို့ ငါတို့နဲ့အတူ တောင်ဘီလူးဘုရင်ကို လိုက်တိုက်စရာ မလိုဘူး၊ နောက်ပိုင်း အရှင် ယဲ့ဘုရင် မင်းတို့ကို လက်တုံ့မပြန်စေရဘူးလို့ ငါ အာမခံတယ်”
လက်ရှိတွင် အခြေအနေက တိတ်ကျသွားသည်။ ချက်ချင်းဆိုသလိုပင် အော်သံတစ်သံ ထွက်လာ၏။
“ဟာသပဲ”
နလန်ရှောင် ကျယ်လောင်စွာ ရယ်မောလိုက်သည်။
“ယဲ့ဘုရင် သေပြီဆိုတဲ့ စကားထက် လောကကြီး ပျက်စီးသွားမယ်ဆိုတာကိုပဲ ယုံလိမ့်မယ်”
“အရှင်ယဲ့ဘုရင်က လောကမှာ ပြိုင်ဘက်ကင်းပဲ”
“အရှင်ယဲ့ဘုရင်က ပြိုင်စံရှားတဲ့လူ၊ ငါ သူ့ရဲ့ လှေကြီးမှာ လိုက်ပြီး ထိပ်ဆုံးကို ရောက်မယ့် အချိန်ကို မျှော်လင့်နေတုန်းပဲ၊ အခုကျမှ ဆင်းနေခဲ့ရမှာလား၊ ခင်ဗျား တစ်ယောက်တည်း နာမည်ကောင်း ရချင်နေတာလား ထန်မင်လီ”
ပုဂ္ဂိုလ်ကြီးတစ်ယောက်က ရယ်မော၍ ငေါက်ငမ်းလေသည်။
“အရှင်ယဲ့ဘုရင်က ငါ့ဘဝမှာ အလေးစားရဆုံးလူ ပြီးတော့ ငါ့ဘဝမှာ အယုံရဆုံးလူ၊ ငါ သူ့အတွက် သေရဲတယ်၊ ဘယ်တော့မှ သစ္စာမဖောက်ဘူး”
“ကျောက်မိသားစုကလည်း နောက်ဆုံး စစ်သားသေသွားတဲ့အထိ တိုက်မယ်၊ ဘယ်တော့မှ အရှင် ယဲ့ဘုရင်ကို သစ္စာမဖောက်ဘူး”
ကြွေးကြော်သံတစ်သံက ခန်းမအနှံ့ ပဲ့တင်ထပ်သွားသည်။ ယင်းအသံက လူများစွာကို မှင်တက် သွားစေသည်။
ယဲ့ဖန်ဘက်၌ ခုနစ်ဆယ်ရာခိုင်နှုန်းခန့် ရပ်တည်ကြသည်။ ထိုသူများသည် မိမိတို့က တောင်ဘီလူးများ၏ ပြိုင်ဘက် မဖြစ်နိုင်မှန်း သိနေကြသော်လည်း အသေခံလိုကြသည်တဲ့လား။
*မင်းတို့ ရူးနေတာလား*
ကျန်သုံးဆယ်ရာခိုင်နှုန်းသော ပုဂ္ဂိုလ်များသည်လည်း လက်ရှိတွင် မှင်တက်နေကြသည်။ သူတို့၏ ယဲ့ဖန်အပေါ် လေးစားစိတ်က အလွန် မျက်ကန်းတစ္ဆေဖြစ်သည်အထိ ရှိနေသည်က မယုံနိုင်စရာပင်။
*သူ့အတွက် သေပါသေနိုင်တယ်တဲ့လား*
*ထူးဆန်းလွန်းတယ်*
*ဒီလူတွေက အစွဲအလမ်း ကြီးနေတာ၊ အဆိပ်မိနေတာ၊ ရောဂါကူးနေပြီ၊ လုံးဝ ကုလို့ မရတော့ဘူး*
“ကောင်းပြီလေ မင်းတို့အရူးတွေ၊ မင်းတို့က ဒီလိုမျိုး သေချင်နေမှတော့ သေလိုက်တော့ပေါ့”
ထိုအခိုက်တွင် ထန်ဟောင်ကျုံး ဒေါကန်သွားသည်။ သူ၏ သွေးထိုးမှုအောက်၌ အနည်းဆုံး လူတစ်ဝက်လောက် သစ္စာဖောက်လိမ့်မည်ဟု သူ တွက်ခဲ့သည်။
သို့ရာတွင် မည်သူမျှ သစ္စာမဖောက်ဘဲ နေလိမ့်မည်ဟု သူ မျှော်လင့်မထားမိပါ။ ကျန်သုံးဆယ် ရာခိုင်နှုန်းသောလူက တွေဝေနေဆဲပင်။
ဤသည်က သူ့ကို အလွန်အမင်း အမျက်ထွက်စေသည်။ သူသည် နှိုင်းယှဉ်မရနိုင်လောက်သော မကျေနပ်မှုတို့ဖြင့် ဟစ်အော်လိုက်သည်။
“လုပ်လိုက်တော့”
*ဘာ*
သူ့အော်သံကြောင့် ထန်မင်လီနှင့် အခြားသူများ ချက်ချင်း မှင်တက်သွားကြပြီး မသိစိတ်မှ တစ်ခုခု ဖြစ်တော့မည် ဖြစ်ကြောင်း သတိပြုမိသွားသည်။
“ချွင်”
ထန်မင်လီ ချက်ချင်း ဓားကိုဆွဲထုတ်၍ တိုက်ခိုက်ရန် ပြင်လိုက်လေသည်။ သို့သော် ထိုအချိန်၌ ပြောင်းလဲမှုတစ်ခုက တိတ်တဆိတ် ဖြစ်ပေါ်လာ၏။
ချွန်ထက်သော ဓားသွားတစ်ခုသည် ဟင်းလင်းပြင် အပြင်ဘက်မှ နတ်ဘုရား အလင်းတစ်ခု သဖွယ် လေဟာနယ်ကိုခွင်း၍ ထန်မင်လီ၏ နောက်ကျောအား ထိုးဖောက်လာသည်။
“မိသားစုခေါင်းဆောင်”
“လူအိုကြီးထန်”
လူအများက ဒေါသတကြီး ဟစ်အော်လိုက်သော်လည်း နောက်ကျသွားချေပြီ။
“ရွှစ်”
ထန်မင်လီ၏ ရင်ဘတ်မှ သွေးများ ပန်းထွက်လာပြီး သွေးစွန်းနေသော ဓားသွားထိပ်က ရှေ့သို့ ဖောက်ထွက်လာ၏။
ထို့နောက် ထန်မင်လီ သွေးအန်လာပြီး မျက်နှာတစ်ပြင်လုံး ဖြူရော်လာကာ လက်ထဲမှ ဓားသည်လည်း ကြမ်းပြင်ပေါ် လွတ်ကျသွားသည်။ လက်ရှိတွင် သူ၏ ကိုယ်တွင်းအင်္ဂါများ ထိခိုက်ပျက်စီးသွားလေသည်။
“ဘိုးဘိုး”
ဤသည်ကိုမြင်သော် ထန်ယွင်အာ ဝမ်းနည်းပက်လက် အော်လိုက်မိကာ မျက်လုံးများ ပြူးကျယ်၍ ယူကျုံးမရ ဖြစ်လာသည်။
“အား...”
ရုတ်ချည်ဆိုသလိုပင် ခန်းမတွင်း၌ အော်သံများ ပဲ့တင်ထပ်ကာ ထွက်ပေါ်လာ၏။ လက်ရှိတွင် ခန္ဓာကိုယ်၌ ဓားထုတ်ချင်းဖောက်၍ အော်ဟစ်ကာ သေဆုံးသွားရသော ပုဂ္ဂိုလ်များ မည်မျှများများ ရှိနေသလဲ မသိတော့ပါ။
ခန်းမတွင်း၌ တစ္ဆေသဖွယ် ပုံရိပ်များက ထိုပုဂ္ဂိုလ်များ၏ အနောက်၌ ပေါ်လာပြီး ထီမထင်ဟန် ပြုံးနေကြသည်။ မျက်နှာထားက ရက်စက်ကြမ်းကြုတ်လှသည်။
“သတ်ဖြတ်ခြင်းကျောင်းတော်”
ထိုလူများကိုမြင်သော် နလန်ရှောင် မှင်တက်သွားပြီးမှ သတ်ဖြတ်ခြင်းကျောင်းတော်မှ လူများဖြစ်ကြောင့် ချက်ချင်း သတိပြုမိသွားသည်။
ထန်မင်လီသည် ရင်ဘတ်ကို လက်ဖြင့်အုပ်ထားပြီး သူ၏ တတိယဦးလေးက တောင်ဘီလူးနှင့် ပတ်သက်နေရုံသာမက သတ်ဖြတ်ခြင်းကျောင်းတော်နှင့်ပါ ပူးပေါင်းထားလိမ့်မည်ဟု ထင်မထားမိချေ။ ချက်ချင်းဆိုသလိုပင် သူ တစ်ခုခုကို တွေးမိသွားပြီး ဒေါသတကြီး အော်ငေါက် လိုက်သည်။
“ထန်ဟောင်ကျုံး၊ ဒီလူတွေကို စုဝေးပြီး အစည်းအဝေးလုပ်ဖို့ မင်း ငါ့ကို ဆက်တိုက် နှိုးဆော်နေတာက အပေါ်ယံမှာ အရေးကြီးကိစ္စ ဆွေးနွေးဖို့လို့ ပြောပြီး တကယ်တမ်းက ငါတို့အားလုံးကို သတ်ချင်လို့ပါလား”
သူ နားလည်သွားလေပြီ။ ဤအဖြစ်အားလုံးက အကွက်ချထားပြီးသားပင်။
“ငါ အရင်တုန်းက အချိန်တွေကို တွေးပြီး မင်းကို အသက်ရှင်နိုင်မယ့် အခွင့်အရေး ပေးခဲ့ပင်မယ့် မင်းက မောက်မာလွန်းခဲ့တယ် မဟုတ်လား”
ထန်ဟောင်ကျုံးက ရယ်လေသည်။
“ခင်ဗျား တော်တော် ရွံဖို့ကောင်းတာပဲ”
ထန်မင်လီ အံကြိတ်ထားမိသည်။ သူ သတိထားခဲ့မိသင့်သည်။ သူသာ သတိမထားခဲ့လျင် ဤမိတ်ဆွေများ ယခုကဲ့သို့ အသတ်ခံရမည် မဟုတ်ပါ။ ဤအရာအားလုံးက သူ့အမှား ကြောင့်ပင်။
“အရေးမပါတာတွေ ပြောနေစရာ မလိုဘူး၊ ထန်မင်လီ မင်း မိသားစုခေါင်းဆောင်နေရာမှာ ထိုင်နေတာ တော်တော်ကြာပြီ၊ အခု လူပြောင်းဖို့ အချိန်တန်ပြီ”
ထန်ဟောင်လီက ပြေးတက်လာပြီး လူသတ်ချင်နေသော မျက်လုံးများဖြင့် စူးစိုက်ကြည့်ကာ ထန်မင်လီအား ထိုးနှက်လေသည်။
“ရပ်လိုက်၊ ရပ်လိုက်ပါတော့”
ထန်ယွင်အာ မျက်ရည်လည်ရွဲ ဖြစ်နေသော်လည်း သူမအနောက်မှ သတ်ဖြတ်ခြင်း ကျောင်းတော်၏ လုပ်ကြံရေးသမားထံ၌ ချုပ်နှောင်ခြင်းခံထားရသဖြင့် လှုပ်၍မရချေ။
“ခွေးသူခိုးကြီး၊ ကိုယ့်အမျိုးတောင် ကိုယ်မညှာတဲ့လူ”
ထန်မင်လီ ဒေါသတကြီး အော်ဟစ်လေသည်။ အဘယ်ကြောင့်ဆိုသော် အသတ်ခံလိုက်ရသည့် လူများထဲတွင် ထန်ဟောင်းကျုံး၏ သားနှင့် ချွေးမဖြစ်သူပါ ပါနေသောကြောင့်ပင်။
မိသားစုခေါင်းဆောင်ဟူသော နေရာကို ရရန်အတွက် သူ၏ သွေးသားအရင်းကိုပင် စတေးခဲ့သည်။ ဤသို့သော လူမျိုးသည် ဝံပုလွေ၏ ကောက်ကျစ်သော နှလုံးသားရှိသူမျိုး ဖြစ်လေသည်။
ထန်မင်လီ အားတင်းလိက်ပြီး ဓားကိုပြန်ကိုင်ကာ သူ့ကို သတ်ချင်နေသည့် ထန်ဟောင်ကျုံးအား ဓားဖြင့် ခုတ်လိုက်သည်။
“ဝုန်း”
ပြင်းထန်သော ဓားချီစွမ်းအင်က မြစ်တစ်စင်းသဖွယ် အရှိန်အဟုန်ဖြင့် စီးဆင်းထွက်ပေါ်လာပြီး လေဟာနယ်ကိုခွင်း၍ ကျရောက်လာသည်။
*ဟမ်*
ထန်ဟောင်ကျုံး မျက်မှောင်ကြုတ်သွားပြီး ထိတ်လန့်သွားလေသည်။ ယခုလိုအချိန်၌ ထန်မင်လီ တိုက်ခိုက်နေလိမ့်ဦးမည်ဟု သူ ထင်မထားမိပေ။ သူသည် ရှေးခေတ် ကြေးနီရောင်ဒိုင်းကို ထုတ်ကာ သူ့အရှေ့၌ ကာလိုက်သည်။
“ဒုန်း”
ထိုအခါ ရှေးခေတ် ကြေးနီရောင်ဒိုင်းက တစ်စစီ ပျက်စီးသွားပြီး ထန်ဟောင်ကျုံးသည်လည်း လွင့်ထွက်ကာ သွေးအန်လာ၏။ သူ ပွဲချင်းပြီး သေလုနီးပါး ဖြစ်သွားရသည်။ သူ့လက်များတွင် သွေးများ စိမ့်ကာ အရေပြား စုတ်ပြဲနေသည်။
“ဟားဟားဟား ထန်ဟောင်ကျုံး ခင်ဗျားက ထန်မိသားစုရဲ့ မိသားစုခေါင်းဆောင် ဖြစ်နေတယ်ပေါလေ၊ ခင်ဗျား … ခင်ဗျားက အရည်အချင်း မရှိဘူး”
ထန်မင်လီ ခနဲ့တဲ့တဲ့ ရယ်လိုက်သည်။
“ယီးပဲ မင်း သေရမယ်”
ထန်ဟောင်ကျုံး ဒေါသထွက်ကာ မီးဝင်းဝင်းတောက်နေသော မျက်လုံးနှင့် ထအော်လိုက်သည်။ ထို့နောက် လက်တစ်ဖက်ဖြင့် ဒေါသတကြီး လက်ညှိုးထိုးကာ အမိန့်ပေးလေသည်။
“သတ်စမ်း၊ သူ့ကိုသတ်၊ အဲ့အကောင်ကို သတ်လိုက်”
“ဝှစ်”
များစွာသော အနက်ရောင်အရိပ်များ လှုပ်ရှားလာပြီး ချွန်ထက်သော ဓားသွားများက ထန်မင်လီကို လွှမ်းခြုံလာသည်။
“ရွှစ် ရွှစ်”
ထန်မင်လီ၏ ခန္ဓာကိုယ်၌ ဓားရာများ ပေါ်ထွက်လာပြီး တစ်ကိုယ်လုံး ဓားချက်ကြောင့် ဒဏ်ရာဗလပွ ဖြစ်လာသည်။
ကောက်ကျစ်လွန်းသည်။ ထန်ဟောင်ကျုံးက အလွန်အမင်း အရှက်မဲ့လှသည်။
ထန်မင်လီ သေချာပေါက် သေမည်ဟု တွက်ပြီး သူ့ခေါင်းကိုဖြတ်ရန် ပြေးတက်လာခဲ့သည်။ သူက ထန်မင်လီ၏ ပြိုင်ဘက် မဖြစ်နိုင်သည်ကို သိရှိပြီးနောက် ချက်ချင်း စိတ်ပြောင်းကာ သတ်ဖြတ်ခြင်းကျောင်းတော်မှ လုပ်ကြံရေးသမားများကို အမိန့်ပေး၍ သတ်စေခဲ့သည်။
“ထန်မင်လီ ရယ်ထား၊ မင်း ထပ်ရယ်ထားဦးပေါ့၊ ဟားဟားဟား အရူး သွားသေလိုက်တော့”
ထန်ဟောင်ကျုံးက ဂုဏ်ယူစွာ ရယ်မောလိုက်ပြီး မျက်လုံးများက လူသတ်လိုစိတ်ကြောင့် အရောင်တောက်နေ၏။
“ဘိုးဘိုး”
ထန်ယွင်အာသည် နှလုံးသားကို ဓားဖြင့် အထိုးခံနေရသကဲ့သို့ ခံစားနေရပြီး ထန်ဟောင်ကျုံးအား စူးစိုက်ကြည့်လေသည်။
“ထန်ဟောင်ကျုံး အစ်ကိုယဲ့ဖန်က ရှင့်ကို ဒီအတိုင်း ထားမှာမဟုတ်ဘူး၊ ရှင် သေရမယ့်အချိန်ကို စောင့်နေလိုက်”
လက်ရှိတွင် သူမသည် ထန်ဟောင်ကျုံးအား အူလှိုက်သဲလှိုက် မုန်းတီးနေမိသည်။ ဤသစ္စာဖောက်သည် သူမ၏ အမျိုးများကို သတ်ရုံသာမက သူမ၏ အစ်ကိုယဲ့ဖန်ကို စော်ကားကာ သူမအဖေကို သတ်ခဲ့သည်။
ယခု ထန်မင်လီက သူ၏ တိုက်ပွဲဝင်ခွန်အားကို ဆုံးရှုံးနေပြီး အသိစိတ်ကပင် ဝေဝါးလာသည်။ သူမစကားကိုကြားပြီး ထန်ဟောင်ကျုံးက လှောင်ရယ်လေသည်။
“အရူးထမနေနဲ့ ဒီလူမိုက်ကောင်က နောက်ဆို ဘယ်ပုန်းရမလဲမသိ ဖြစ်လာမှာ စိုးရတယ်”
“သူ ပေါ်လာရင်တောင် တောင်ဘီလူးနဲ့ သတ်ဖြတ်ခြင်း ကျောင်းတော်ကို တားနိုင်စွမ်း ရှိလို့လား၊ အဆုံးကျရင် သူ မသေဘဲ နေမလားကွ”
ဤသတ်ဖြတ်ခြင်းကျောင်းတော်၏ ကျူးကျော်မှုအား တောင်ဘီလူးတို့၏ ခွန်အားနှင့် ပေါင်းလိုက်လျင် အင်ပါယာတစ်ခုလုံးကို ရှင်းလင်းရန် လုံလောက်ပေသည်။ ယဲ့ဖန် တားဆီးနိုင်မည် မဟုတ်ပါ။
ထို့နောက် ထန်ဟောင်ကျုံး၏ မျက်နှာတွင် လောဘတက်၍ တဏှာရာဏထသော အမူအရာမျိုး ပေါ်လာပြီး ထန်ယွင်အာအား စူးစိုက်ကြည့်လေသည်။
“အဲ့တော့ မင်းရဲ့ အစ်ကိုယဲ့ဖန်က သေမှာ၊ ပြီးတော့ မင်းက ငါ့ကစားစရာလေး ဖြစ်လာတော့မှာ”
စာစဉ် ၉၄ ဤတွင် ပြီးပါပြီ။