← Chapters

အခန်း ၁၈၄

Vol. 19 Ch. 184

အခန်း ၁၈၄

Vol. 19 Ch. 184

အခန်း (၁၈၄)

မလုပ်လျှင်သာ နေမည်၊ လုပ်လျှင်မူ ပြဿနာ၏ အမြစ်ကိုပါ ဖြတ်ပစ်ရမည်။

ချန်ရှန် အလယ်တန်းကျောင်း၏ အပြင်လောကနှင့် အဆက်အသွယ်ဖြတ်၍ စီမံအုပ်ချုပ်သော စနစ်သည် ထူးချွန် ကျောင်းသား အများအပြားကို မွေးထုတ်ပေးနိုင်ရုံသာမက ပညာရေးလောကတွင် ဗိုလ်ကျစိုးမိုးနေသော ရွှမ်ရှီး ကဲ့သို့ ကျောင်းသားကြယ်ပွင့်များကိုပါ မွေးဖွားပေးခဲ့လေသည်။

အထူးသဖြင့် ထိုကျောင်းသို့ ဝင်ခွင့်ရသော ကျောင်းသားများမှာ လူမှုအသိုင်းအဝိုင်း၌ အဆင့်အတန်း တစ်ခုရှိ သော မိသားစုများမှ ဆင်းသက်လာကြသူများ ဖြစ်သောကြောင့် ဆိုးရွားသော လူမှုပတ်ဝန်းကျင် အငွေ့အသက် ကို ဖြစ်ပေါ်စေခဲ့လေသည်။

အဘယ်ကြောင့်ဆိုသော် မိသားစု၏ ပျိုးထောင်မှုသည် လူတစ်ဦးအပေါ် လွန်စွာ ဩဇာလွှမ်းမိုးမှု ရှိသောကြောင့် ပင်တည်း။ ဂုဏ်သတင်းနှင့် ဓနဥစ္စာကိုသာ လိုက်စားသော မိသားစုမှ ကလေးများသည်လည်း ဂုဏ်သတင်းနှင့် ဓနဥစ္စာ လိုက်စားတတ်သည့် အကျင့်ကို အတုယူရန် ပို၍ လွယ်ကူလေသည်။ ထိုမိဘများသည် သားသမီးများကို အကောင်းဆုံး ပညာရေး ပေးအပ်ရန်သာ စဉ်းစားကြပြီး ငွေများများ အကုန်အကျခံနိုင်လေ ပိုကောင်းသော ပညာ ရေးကို ရရှိလေဟု ယုံကြည်ထားကြသည်။

ကောင်းလွန်းသောအရာသည်လည်း ဆိုးကျိုးဖြစ်စေနိုင်သည်ကို သူတို့ သတိမထားမိခဲ့ကြပေ။ ငွေရှာရန် အလုပ် များလွန်းပြီး သားသမီးများ၏ ပညာရေး ရလဒ်ကိုသာ ဂရုစိုက်နေခဲ့ကြသဖြင့် အရေးကြီးသော အရာများစွာကို လျစ်လျူရှုမိခဲ့ကြလေသည်။

အချို့ကမူ ယင်းမှာ အပေးအယူတစ်ခုသာ ဖြစ်သည်၊ အမြတ်နှင့် အရှုံးဆိုသည်မှာ အမြဲဒွန်တွဲနေပြီး ယခုခေတ် တွင် ဤသို့ပင် ဖြစ်သည်ဟု ဆိုကောင်း ဆိုကြပေလိမ့်မည်။ အမှားနှင့် အမှန်၊ အကောင်းနှင့် အဆိုးတို့ကို လူတစ် ဦးစီ၏ ကိုယ်ပိုင်စံနှုန်းများဖြင့်သာ ဆုံးဖြတ်ကြသဖြင့် ရှင်းလင်းစွာ အဓိပ္ပာယ်သတ်မှတ်ရန် ခက်ခဲလှလေသည်။

သို့သော် ယခုအချိန်တွင်မူ ရူးသွပ်သွားသော ရွှမ်ရှီးကို ကြည့်ကာ ရွှမ်ရှောင်တစ်ယောက် အတိုင်းမသိ နာကျင် နောင်တရနေမည်မှာ သေချာလှလေသည်။ မည်သို့ပင်ဖြစ်စေ ထိုကလေးသည် ဦးလေးတစ်ဦးအနေဖြင့် သူ ဆယ်စုနှစ်တစ်ခုကျော်ကြာ အလိုလိုက် အကြိုက်ဆောင်ထားခဲ့သော သူ၏အရင်းနှီးဆုံး သားပင် ဖြစ်နေသည် မဟုတ်ပါလား။ သူ၏ ဂုဏ်သိက္ခာနှင့် အဆင့်အတန်းအရ ထိုကလေးကို ထာဝရ ကာကွယ်ပေးနိုင်မည်ဟု သူ ထင်မှတ်ထားခဲ့သော်လည်း ဤကဲ့သို့ အဆုံးသတ်သွားလိမ့်မည်ဟု သူ တစ်ခါမျှ မျှော်လင့်မထားခဲ့ပေ။

လူစွမ်းကောင်းထက် သာသော သူရဲကောင်း ရှိသည်ဆိုသော စကားမှာ မှန်ကန်လှပေသည်။ ယခင်ကဆိုလျှင် သူနှင့်သူ၏သားတို့မှာ အစားအသောက် ပို့ဆောင်သူ တစ်ဦး၏ အနိုင်ကျင့်ခြင်းကို ခံရလိမ့်မည်ဟု ရွှမ်ရှောင် တစ်ယောက် မည်သို့မျှ တွေးထင်ထားခဲ့မည် မဟုတ်ပေ။

မဟုတ်ပေ...၊ သူက အစားအသောက် ပို့ဆောင်သူ တစ်ဦး လုံးဝ မဟုတ်ကြောင်းကို ကျွန်ုပ်တို့ သိရှိထားပြီး ဖြစ်လေသည်။

သူသည် အချမ်းသာဆုံးကော်ပိုရေးရှင်း၏ ဒုတိယမြောက် အစုရှယ်ယာရှင်ကြီး ဖြစ်သည့်အပြင် ၎င်းတို့၏ ဟွာလန်အုပ်စု နောက်ကွယ်ရှိ လျှို့ဝှက်ဆန်းကြယ်သော အကြီးမားဆုံး အစုရှယ်ယာရှင်သစ်လည်း ဖြစ်နေ သည်မှာ ထင်ရှားလှပေသည်။ အထူးသဖြင့် သူ၏ ဒုတိယမြောက် မည်သူမည်ဝါဖြစ်ကြောင်း သက်သေပြချက် မှာ ရွှမ်ရှောင်၏ ကံကြမ္မာကို တိုက်ရိုက် ဆုံးဖြတ်ပေးနိုင်လေသည်။

ခေတ္တမျှ တုံ့ဆိုင်းနေပြီးနောက် ရက်စက်တတ်သော ထိုရွှမ်ရှောင်သည် အရူးတစ်ယောက်ကဲ့သို့ ပြေးထွက်သွား သော သူ၏သားကိုပင် လျစ်လျူရှုကာ လျန်ထျန်းထံသို့ မျက်နှာချိုသွေး၍ ရောက်လာပြီး ဖားယားတော့လေ သည်။

"မစ္စတာက ကျွန်တော်တို့ ဟွာလန်အုပ်စုရဲ့ အစုရှယ်ယာရှင်ကြီး အသစ်ကိုး...။ ခင်ဗျား ဒီလောက် ငယ်ရွယ်နေ လိမ့်မယ်လို့ ကျွန်တော် မထင်ထားခဲ့ဘူး...။ ခင်ဗျားက တကယ်ကို ထူးချွန်တဲ့ လူငယ်ပါပဲလား...။"

"စောစောက ကျွန်တော် ရိုင်းစိုင်းမိသွားပါတယ်၊ ကျွန်တော့်ရဲ့ ရိုင်းစိုင်းမှုကို ခွင့်လွှတ်ပေးဖို့ မျှော်လင့်ပါတယ်...။"

"ဟိုကောင်စုတ်လေး ရွှမ်ရှီးက ခင်ဗျားကို စော်ကားရဲလို့ သူနဲ့ထိုက်တန်တဲ့ ပြစ်ဒဏ်ကို ခံရပြီးပါပြီ...။ အိမ်ပြန် ရောက်ရင် သူ့ကို သေချာပေါက် ကောင်းကောင်း ဆုံးမပေးပါ့မယ်...။"

"ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်က ဟွာလန်အုပ်စုရဲ့ အထွေထွေမန်နေဂျာအဖြစ် နှစ်ပေါင်းများစွာ တာဝန် ထမ်းဆောင်လာခဲ့တာပါ...။ ကြီးမားတဲ့ အကျိုးပြုမှုတွေ မရှိခဲ့ရင်တောင် ကြိုးကြိုးစားစားတော့ အလုပ်လုပ် ခဲ့တာမို့လို့ ခင်ဗျားပဲ ကြည့်...၊"

ထိုမြေခွေးအိုကြီး ရွှမ်ရှောင်သည် စကားအနည်းငယ်ဖြင့် ယခင်က ဖြစ်ပွားခဲ့သော ပဋိပက္ခများကို အစအန ဖျောက်ရန် ကြိုးစားနေခဲ့လေတော့သည်။

ကံမကောင်းစွာဖြင့် လျန်ထျန်းမှာ ငယ်ရွယ်ပြီး ကိုယ်ရည်ကိုယ်သွေး ကောင်းမွန်သော်လည်း သူသည် "သူတစ်ပါး က မိမိကို မစော်ကားလျှင် မိမိကလည်း မစော်ကား၊ သူတစ်ပါးက မိမိကို စော်ကားလာပါက အမြစ်ပြတ် ရှင်းလင်းမည်" ဟူသော မူဝါဒကို ကိုင်စွဲထားသူ ဖြစ်လေသည်။

ချက်ချင်းပင် လျန်ထျန်းက ရွှမ်ရှောင်ကို ခင်မင်ရင်းနှီးစွာ ပြုံးပြလိုက်ရာ ရွှမ်ရှောင်မှာ တိတ်တဆိတ် မျှော်လင့် ချက်ထားလာတော့သည်...။

*လူငယ်တွေနဲ့ ဆက်ဆံရတာ ပိုလွယ်တယ်...။ အခု သူက ဟွာလန်အုပ်စု နောက်ကွယ်က အကြီးမားဆုံး အစု ရှယ်ယာရှင်သစ် ဖြစ်လာပြီဆိုတော့ ငါ့ရဲ့ စွမ်းရည်တွေကို ပိုပြီး ယုံကြည်မှုရှိရှိ ထုတ်ပြနိုင်ပြီပေါ့...။*

*စီးပွားရေးလောကမှာ နှစ်ဆယ်ချီ ကျင်လည်ခဲ့တဲ့ ငါ့ရဲ့ အတွေ့အကြုံတွေနဲ့ဆိုရင် သူ့ကို အာဏာစွန့်လွှတ်အောင် လုပ်ဖို့ဆိုတာ ကိတ်မုန့်စားရသလို လွယ်ကူတဲ့ ကိစ္စပါပဲ...။*

*ငါတို့ နောက်ထပ် အခွင့်အရေးရှာပြီး ဟွာလန်အုပ်စုကို ကိုယ်ပိုင်အဖြစ် သိမ်းပိုက်ကြတာပေါ့...။ ဒါက ငါ့သား အတွက် လက်စားချေတာပဲ...။*

သို့သော် ရွှမ်ရှောင် ထိုသို့ တွေးနေစဉ်မှာပင် လျန်ထျန်းက သူ့အား ပြုံးလျက် ပြောလိုက်သည်ကို ကြားလိုက်ရ လေသည်။

"ဟွာလန်အုပ်စုရဲ့ အစုရှယ်ယာရှင်ကြီး တစ်ယောက်အနေနဲ့ ခင်ဗျားကို ရာထူးကနေ ထုတ်ပယ်လိုက်ပြီဆိုတာကို တရားဝင် အသိပေးလိုက်ပါတယ်...။"

"ပြီးတော့ ခင်ဗျားက ပြီးခဲ့တဲ့ နှစ်တွေအတွင်း ရာထူးကို အလွဲသုံးစားလုပ်ပြီး ကုမ္ပဏီရန်ပုံငွေတွေကို အလွဲသုံးစား လုပ်ခဲ့သလား ဆိုတာကိုလည်း လူလွှတ်ပြီး စုံစမ်းခိုင်းပါဦးမယ်...။"

"ဒါက တကယ်ဖြစ်ခဲ့တာလား၊ ဘယ်လောက်တောင် ပါဝင်ပတ်သက်နေလဲ ဆိုတာကိုတော့ ခင်ဗျားကိုယ်တိုင် အသိဆုံး ဖြစ်မှာပါ...။ အချိန်ကျလာရင် လိုအပ်သလို အရေးယူရမှာပေါ့...။"

လျန်ထျန်း၏ ပြုံးရွှင်စွာ ပြောဆိုသော စကားများကို ကြားသောအခါ ရွှမ်ရှောင်၏ မျက်လုံးများ ပြူးကျယ်သွား ပြီး သူ၏မျက်နှာထားမှာ စက္ကန့်အနည်းငယ်အတွင်း ဆယ်ကြိမ်ထက်မက ပြောင်းလဲသွားလေသည်။ ဤအရာက သူသည် အမှန်တကယ် မသန့်ရှင်းကြောင်းနှင့် လျန်ထျန်းကသာ စုံစမ်းရန် လူလွှတ်လိုက်ပါက သူ သေချာပေါက် ပြီးဆုံးသွားမည်ကို ကြောက်ရွံ့နေကြောင်း ပြသနေလေသည်။

အတွေးများ ရှုပ်ထွေးနေသော်လည်း ရွှမ်ရှောင်က ပြတ်သားစွာပင် သနားခံလေတော့သည်။

"အစုရှယ်ယာရှင်ကြီး... ကျွန်တော် မှားသွားပါတယ်...။ ကျွန်တော် တကယ် မှားမှန်း သိပါပြီ...။ ဒီလို သေးငယ်တဲ့ ကိစ္စလေးအတွက်နဲ့ ဒီလောက်အထိ အစွန်းရောက်ဖို့ မလိုဘူး မဟုတ်လား...။"

"ကျွန်တော်က ဒီအုပ်စုမှာ အနှစ်နှစ်ဆယ်ကျော် ကြာ ကြိုးကြိုးစားစား အလုပ်လုပ်ခဲ့တာပါ...။ ကြီးမားတဲ့ အကျိုး ပြုမှု တွေ မရှိခဲ့ရင်တောင် အများကြီးတော့ ပင်ပန်းခံခဲ့ပါတယ်...။ ဒါ့အပြင် ကျွန်တော့်ကို အလုပ်ထုတ် လိုက်ရင် ကုမ္ပဏီရဲ့ စီးပွားရေးတွေ ကျဆင်းသွားမှာကို ခင်ဗျား မကြောက်ဘူးလား...။"

"ဒါကြောင့် ကျေးဇူးပြုပြီး ကျွန်တော့်ကို ဆက်နေခွင့်ပြုပါ...။ ကုမ္ပဏီကို ကောင်းကောင်း စီမံခန့်ခွဲပြီး ခင်ဗျား အတွက် ငွေတွေ ပိုရှာပေးပါ့မယ်လို့ ကတိပေးပါတယ်...။"

ဤစကားများမှာ အပေါ်ယံကြည့်လျှင် သနားခံနေသည်ဟု ထင်ရသော်လည်း အမှန်တကယ်တွင်မူ ရွှမ်ရှောင်က သတိထားနေခြင်းပင် ဖြစ်လေသည်။ အကယ်၍သာ သူ့ကို အလုပ်ထုတ်လိုက်ပါက လျန်ထျန်း၏ ကုမ္ပဏီမှာ ကမောက်ကမ ဖြစ်သွားမည် မဟုတ်ပါလော...။

ယင်းက သူတို့၏ စီးပွားရေးကို ထိခိုက်စေလိမ့်မည်ဟု လျန်ထျန်းအား သွယ်ဝိုက်သော နည်းဖြင့် ပြောဆိုနေခြင်း ဖြစ်လေသည်။

မည်သို့ပင်ဖြစ်စေ ရွှမ်ရှောင်သည် ဟွာလန်အုပ်စုတွင် အနှစ်နှစ်ဆယ်ကျော် အလုပ်လုပ်ကိုင်ခဲ့ပြီး အထွေထွေ မန်နေဂျာ ရာထူးအထိ တက်လှမ်းနိုင်ခဲ့သောကြောင့် သိသာထင်ရှားသော အဆက်အသွယ် ကွန်ရက်တစ်ခုကို တည်ဆောက်ထားပြီးဖြစ်မည်မှာ သေချာလှလေသည်။

ဈေးကွက်အတွင်း၌ အထွေထွေမန်နေဂျာ နုတ်ထွက်သွားခြင်း သို့မဟုတ် အစားထိုးခံရခြင်းတို့ကြောင့် ကျဆင်း သွားသော ကုမ္ပဏီများမှာ ရေတွက်၍ပင် မရနိုင်အောင် များပြားလှပေသည်။ ထိုသို့ဖြစ်ရပ်များစွာမှာ ယခင် အထွေထွေမန်နေဂျာက သူ၏ အဆက်အသွယ် ကွန်ရက်ကို အသုံးပြုကာ အဟန့်အတားများ ပြုလုပ်ခဲ့ခြင်း ကြောင့် ဖြစ်လေသည်။

ရွှမ်ရှောင်၏ စကားများမှာ နူးညံ့သည်ဟု ထင်ရသော်လည်း အမှန်တကယ်တွင်မူ အလွန်ပင် ကောက်ကျစ်စဉ်းလဲ ကာ သူ၏ နက်ရှိုင်းသော ကြံစည်မှုသဘာဝကို ဖော်ပြနေလေသည်။ ဤအကျပ်အတည်းကို ကျော်လွှားပြီး အခွင့် အရေးရသည်နှင့် တစ်ပြိုင်နက် သူသည် လျန်ထျန်းကို သေချာပေါက် ပြန်လည် တိုက်ခိုက်မည် ဖြစ်လေသည်။ ပုံမှန် စီးပွားရေးသမား တစ်ယောက်ဆိုလျှင် ရွှမ်ရှောင်သည် သဘောကောင်းသူ မဟုတ်မှန်း သိနေလျှင်တောင်မှ အုပ်စု၏ တည်ငြိမ်မှုအတွက် အခြေအနေကို ယာယီ ငြိမ်သက်သွားစေရန် ရွေးချယ်ပေလိမ့်မည်။

သို့သော် ရွှမ်ရှောင် ရင်ဆိုင်ရသူမှာ လျန်ထျန်း ဖြစ်နေသောကြောင့် နှမြောစရာပင် ဖြစ်လေသည်။ သူ၏စကား များကို နားထောင်ပြီးနောက် လျန်ထျန်းမှာ မျက်နှာထား မပြောင်းလဲဘဲ ပြုံးလျက်ပင် ရှိနေသေးသည်။

"မစိုးရိမ်ပါနဲ့...၊ ခင်ဗျားရဲ့ အကြံအစည်လေးတွေကို အကောင်အထည်ဖော်ဖို့ ကျွန်တော် အခွင့်အရေး ပေးမှာ မဟုတ်ပါဘူး...။"

"ခင်ဗျားက အရင်က ဒုတိယညွှန်ကြားရေးမှူးယင်ကို လာဘ်ထိုးခဲ့ပေမဲ့ ခင်ဗျားရဲ့ တူ...၊ ဪ...၊ မဟုတ်ဘူး...။ အခုတော့ ခင်ဗျားရဲ့ သားလို့ ပြောရမှာပေါ့...။"

"ခင်ဗျားရဲ့သား ရွှမ်ရှီးက အကုန်လုံးကို ပြောချလိုက်တော့ ကျွန်တော်ကလည်း တိုက်တိုက်ဆိုင်ဆိုင် အသံဖမ်း ထားလိုက်တယ်လေ...။ ပြီးတော့ အဲ့ဒီကတ်ကလည်း ဒုတိယညွှန်ကြားရေးမှူးယင်ဆီမှာ ရှိနေတုန်းပဲ မဟုတ် လား...။"

"ဒါကြောင့် ဒီအကြောင်းကို လောင်တန်ကို ပြောလိုက်တာနဲ့ သူက ခင်ဗျားတို့ အားလုံးကို ဖမ်းပြီး စုံစမ်းစစ်ဆေးဖို့ ခေါ်သွားဖို့ အကြောင်းပြချက် ရှိသွားပြီပေါ့...။"

"ဒီနည်းနဲ့ဆိုရင် ခင်ဗျားတို့ မလွတ်လာခင် အရာအားလုံးကို ရှာဖွေဖို့ ကျွန်တော့်မှာ အချိန်အလုံအလောက် ရှိသွား ပြီလေ...။"

"အဲ့ဒီအခါကျရင် ခင်ဗျား အပြင်ထွက်လာပြီးမှ ပြန်ဝင်သွားဖို့ မလိုတော့ဘူးပေါ့...။ အထဲကနေပဲ အချိန်ကို ဆက် တိုးယူလို့ ရတယ်လေ...။ ခင်ဗျားအတွက် အချိန်တိုးပေးဖို့ ကျွန်တော် အကောင်းဆုံး ကြိုးစားပေးပါ့မယ်...။ အနှစ် နှစ်ဆယ်ဆို လုံလောက်ပြီလား...။"

လျန်ထျန်း၏ စကားများကို ကြားသောအခါ ရွှမ်ရှောင်၏ မျက်နှာမှာ တဖြည်းဖြည်း ဖြူရော်သွားပြီး နောက်ဆုံး တွင် သွေးရောင် လုံးဝ ကင်းမဲ့သွားလေတော့သည်။ လျန်ထျန်းကို သူ ပြန်ကြည့်လိုက်သောအခါ သူ၏ မျက်လုံး များတွင် အကြောက်တရားများ ပြည့်နှက်နေပြီး ထိုစကားများမှာ ဤမျှ ငယ်ရွယ်သူ တစ်ဦးထံမှ ထွက်ပေါ်လာ သည်ကို မယုံကြည်နိုင် ဖြစ်နေလေတော့သည်။

ထို့နောက် ထိတ်လန့်နေသော ရွှမ်ရှောင်မှာ လျန်ထျန်းအပေါ် ဉာဏ်ဆင်ရန် မဝံ့ရဲတော့ဘဲ သနားခံရုံသာ တတ်နိုင် တော့ပေသည်။

"မစ္စတာလျန်...၊ ကျေးဇူးပြုပြီး...၊ ကျေးဇူးပြုပြီး အဲ့ဒီလို မလုပ်ပါနဲ့...။"

နောက်တစ်ကြိမ် နှမြောစရာ ကောင်းသည်မှာ လျန်ထျန်းအတွက် သနားခံခြင်းမှာ တစ်ခါမျှ အလုပ်မဖြစ်ခဲ့ပုံ ရလေသည်။ ရန်သူများကို ရင်ဆိုင်ရာတွင် လျန်ထျန်းသည် မတိုက်ခိုက်လျှင်သာ နေမည်၊ တိုက်ခိုက်ပါက သူတို့ကို အမြစ်ပြတ် ရှင်းလင်းပစ်လေ့ ရှိလေသည်။

နောက်ဆုံးတွင် ရွှမ်ရှောင်နှင့် လာဘ်စားထားသော ရဲဌာနမှ ဒုတိယညွှန်ကြားရေးမှူးယင်တို့ နှစ်ဦးစလုံးကို ညွှန်ကြားရေးမှူးတန်၏ လူများက ရဲကားပေါ်သို့ ခေါ်ဆောင်သွားကြလေသည်။

တန်ကော်ဟွာမှာ အလွန်ပျော်ရွှင်နေပြီး မထွက်ခွာမီ လျန်ထျန်းအား စကားတစ်ခွန်း ပြောလိုက်လေသည်။

"မင်းက တကယ်ကို ငါ့ရဲ့ ကံကောင်းစေတဲ့ ကြယ်ပွင့်လေးပဲ...၊ မင်းနဲ့ တွေ့ကတည်းက အထက်က စီမံကိန်းတွေနဲ့ ရင်းနှီးမြှုပ်နှံမှုတွေလည်း သေချာသွားသလို ဖွဲ့စည်းပုံနဲ့ ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို နှိမ်နင်းရေး မစ်ရှင်က လည်း ရလဒ်ကောင်းတွေ ထွက်ပေါ်လာပြီလေ...။"

"လာဘ်စားတဲ့ ရဲဌာနက ဒုတိယညွှန်ကြားရေးမှူး တစ်ယောက်ကို ထပ်ဖမ်းမိမယ်လို့ ငါ တစ်ခါမှ မမျှော်လင့်ထား ခဲ့ဘူး...။ ယင်ဆိုတဲ့ အဲ့ဒီကောင်ကို ငါ အမုန်းဆုံးပဲ...၊ သူက အမြဲတမ်း ဟန်ရေးပြပြီး အပြုံးနောက်ကွယ်မှာ ဓားဝှက်ထားတတ်တဲ့ကောင်လေ...။"

"ငါ့ကွယ်ရာမှာ သူ ဘာတွေလုပ်နေလဲဆိုတာကို ငါမသိဘူးလို့ တကယ်ထင်နေတာလား...။ သူ့ကို လက်ပူးလက် ကြပ် ဖမ်းဖို့ အခွင့်အရေး မရသေးလို့သာ...။"

"ဘယ်လိုပဲဖြစ်ဖြစ် မင်းနဲ့ တွေ့ကတည်းက ငါ တကယ်ကို ကံကောင်းနေတာကွ...၊ ဟားဟားဟား...။"

လောင်တန် အလွန်ပျော်ရွှင်စွာ ရယ်မောနေသည်ကို မြင်သောအခါ လျန်ထျန်းကလည်း ရယ်မောကာ ပြောလိုက် လေသည်။

"ဒါဆိုရင် ခင်ဗျားရဲ့ ပခုံးပေါ်က ကြယ်ပွင့်အတွက် ကျွန်တော်လည်း အသိအမှတ်ပြု ခံရသင့်တယ် မဟုတ် လား...။"

"အဲ့ဒါဆို နောင်ကျရင် ကျွန်တော် ခင်ဗျားရဲ့ အကူအညီ လိုအပ်လာရင် ခင်ဗျားက ကျွန်တော့်ကို ပိုပြီး ဂရုစိုက် ပေးရမယ်...။ ပြီးတော့ စီမံကိန်း ရင်းနှီးမြှုပ်နှံမှု အကြောင်းကိုပဲ ခဏခဏ လာမပူဆာနဲ့တော့...။"

"ကျွန်တော့်မှာ ငွေရှိရင် အဲ့ဒီနယ်ပယ်ကို သေချာပေါက် ဦးစားပေးမှာပါ...။ အမျိုးသားရေး စီမံကိန်းတွေကို ထောက်ခံအားပေးဖို့က ကျွန်တော့်ရဲ့ တာဝန်ပဲလေ...။ အဲ့ဒီ အသိတရားတော့ ကျွန်တော့်မှာ ရှိပါသေးတယ်...။"

သူတို့နှစ်ဦး ခေတ္တမျှ စကားပြော ရယ်မောပြီးနောက် နောက်ဆုံးတွင် ရဲကား တစ်ဒါဇင်ကျော် ထွက်ခွာသွားကြ လေတော့သည်။ ဤအချိန်တွင် ချန်ရှန် အလယ်တန်းကျောင်း၏ ကျောင်းအုပ်ကြီးမှာ ရုတ်တရက် ဘယ်ကနေ ရောက်လာမှန်းမသိ ပေါ်လာပြီး လျန်ထျန်းကို ဖားယားတော့လေသည်။

"မင်္ဂလာပါ မစ္စတာလျန်...၊ ကျွန်တော်က ချန်ရှန် အလယ်တန်းကျောင်းရဲ့ လက်ရှိ ကျောင်းအုပ်ကြီး တင်ချင်းချွန်း ပါ...။"

ကျောင်းအုပ်တင်ကို ကြည့်ကာ လျန်ထျန်းက လှောင်ပြုံး ပြုံးလိုက်သည်၊

"ခင်ဗျားက ဘယ်ကနေ ရောက်လာတာလဲ...။ သူတို့ရဲ့ လုံခြုံရေးအဖွဲ့တွေ ရောက်လာတုန်းက ခင်ဗျား တစ်နေရာ ရာမှာ ပုန်းနေခဲ့တာ မဟုတ်လား...။"

"ခင်ဗျားက တကယ်ကို ပါးနပ်တဲ့သူပဲ...။ အခြေအနေကို နားမလည်ခင် ရှေ့မထွက်ဖို့ ဒါမှမဟုတ် ဘက်မရွေးဖို့ သိထားပြီး အရာအားလုံး ငြိမ်သက်သွားမှ ထွက်လာတာကိုး...။"

ထိုစကားကို ကြားသောအခါ ကျောင်းအုပ်တင်သည် နဖူးမှ ချွေးများကို သုတ်ကာ ရိုသေစွာ ခါးညွှတ်လိုက် သည်။

"မစ္စတာလျန်ကတော့ နောက်နေပြန်ပါပြီ...။ ကျွန်တော် တကယ်ပဲ စောစောက အလုပ်ရှုပ်နေလို့ ထွက်မလာနိုင် ခဲ့တာပါ...။ အခုတော့ အကုန်လုံး ပြီးသွားပြီ မဟုတ်လား...။"

လျန်ထျန်းသည် ဤကဲ့သို့ ကျွမ်းကျင်သော မြေခွေးအိုကြီးများနှင့် ဆက်ဆံရသည်ကို အမှန်တကယ် မနှစ်မြို့ သဖြင့် လုံခြုံရေးအစောင့်များဘက်သို့ လှည့်ကာ ပြောလိုက်လေသည်၊

"ကျွန်တော်က ဟွာလန်အုပ်စုရဲ့ အကြီးမားဆုံး အစုရှယ်ယာရှင်သစ်ပါ...။ အဲ့ဒါကြောင့် ဒီချန်ရှန် အလယ်တန်း ကျောင်းရဲ့ အစုရှယ်ယာရှင်ကြီးလည်း ဖြစ်သွားတာပေါ့...။ ဒါကြောင့် ခင်ဗျားတို့ စိတ်ချလက်ချနဲ့ ဒီမှာ လုံခြုံရေး အစောင့်အဖြစ် ဆက်လုပ်လို့ ရပါပြီ...။"

ထို့နောက် လျန်ထျန်းက သူ၏ဘေးရှိ ရှီမင်ကို ပြောလိုက်လေသည်၊

"မင်းက ငါ့ကို လျှို့ဝှက်ပြီး ဆက်ကာကွယ်ပေးလို့ ရပါပြီ...။ မင်း တစ်လျှောက်လုံး အလုပ်ကို ကောင်းကောင်း လုပ်နိုင်ခဲ့ပါတယ်...၊ ဆက်ပြီးတော့သာ ကြိုးစားပါ...။"

သို့နှင့် ကျောင်းအုပ်တင်မှာ စိုးရိမ်တကြီးဖြင့် လုံခြုံရေးအဖွဲ့ကို ကျောင်းဝင်းအတွင်းသို့ ပြန်လည် ခေါ်ဆောင်သွား ခဲ့ပြီး ရှီမင်မှာလည်း သူ၏ နေရာအတိအကျကို မသိရဘဲ တစ်ဖန် ပြန်လည် ပျောက်ကွယ်သွားခဲ့လေသည်။

ထိုနေရာတွင် လျန်ထျန်းနှင့် မှင်တက်နေဆဲဖြစ်သော ဝမ်ရှောင်ကျင်းတို့သာ ကျန်ရစ်ခဲ့လေသည်။ ဤကဲ့သို့ အခြေအနေမျိုး ဖြစ်သွားရသည်မှာ ဝမ်ရှောင်ကျင်း၏ အမှား မဟုတ်ပေ။ အစမှ အဆုံးတိုင်အောင် အရာအားလုံး က အလွန်တရာ ထူးဆန်းလွန်းနေသောကြောင့် ဖြစ်လေသည်။

ယနေ့တွင် ဝမ်ရှောင်ကျင်းသည် ကျောင်းကန်တင်းမှ အစားအစာများကို ငြီးငွေ့လာသဖြင့် စားချင်စိတ်ဖြစ် ပေါ်ကာ ပါဆယ် မှာယူခဲ့ခြင်းသာ ဖြစ်သည်။ ထို့နောက် အစားအသောက် လာပို့သူမှာ အတော်လေး ချောမော သော လူငယ်တစ်ဦး ဖြစ်နေသည်ကို တွေ့ရှိပြီးနောက် မကြာသေးမီက သူမကို နှောင့်ယှက်နေသော ကျောင်း သားကောင်စီ ဥက္ကဋ္ဌ ရွှမ်ရှီးကို ရုတ်တရက် သတိရသွားခဲ့လေသည်။

ထို့ကြောင့် စိတ်ကူးပေါက်လာသည်နှင့် သူမက ထိုအစားအသောက်ပို့သူကို သူမ၏ ရည်းစားအဖြစ် ဟန်ဆောင် ပေးရန် တောင်းဆိုကာ နေ့လယ်ဘက်တွင် ရွှမ်ရှီးနှင့် သူ၏အုပ်စု တောင်ဘက်တံခါးမှ ကျောင်းပြင်သို့ ခိုးထွက် လေ့ရှိသော နေရာတွင် စောင့်နေခိုင်းခဲ့ခြင်း ဖြစ်သည်။

သူမတွင် ရည်းစားရှိနေပြီကို ရွှမ်ရှီး မြင်သွားပါက သူမကို နှောင့်ယှက်တော့မည် မဟုတ်ဘဲ နောက်ဆုံးတွင် အေးချမ်းစွာ နေထိုင်ရလိမ့်မည်ဟု သူမ တွေးခဲ့လေသည်။ ယင်းမှာ အလွန် ရိုးရှင်းသော ကိစ္စတစ်ခုသာ ဖြစ် လေသည်။

အခြေအနေများ မည်သို့မည်ပုံ ဤသို့ ဖြစ်သွားရသည်ကို ဝမ်ရှောင်ကျင်း လုံးဝ မသိခဲ့ပေ။ အဖြစ်အပျက် တစ်လျှောက်လုံးတွင် အချိုးအကွေ့များ၊ အပြောင်းအလဲများနှင့် တုန်လှုပ်စရာများ ပြည့်နှက်နေခဲ့သည် မဟုတ်ပါလား။

သူမကို ဤကဲ့သို့ မြင်သောအခါ လျန်ထျန်းမှာ ရယ်ချင်သွားသော်လည်း အောင့်ထားလိုက်ပြီး သူမအနီးသို့ လျှောက်သွားကာ သူမ၏ မျက်နှာရှေ့တွင် လက်ကို ဝှေ့ယမ်းလိုက်လေသည်။

"ဟေး...၊ ကိုယ်က မင်းကို လန့်သွားအောင် လုပ်မိလိုက်တာလား...။"

သတိပြန်ဝင်လာချိန်တွင် ဝမ်ရှောင်ကျင်း၏ နူးညံ့သော ခန္ဓာကိုယ်လေးမှာ တုန်ယင်သွားပြီးနောက် အကြောက် ​တရားများ ပြည့်နှက်နေဆဲဖြစ်သော သူမ၏ လှပသော မျက်လုံးများဖြင့် လျန်ထျန်းကို ကြည့်လိုက်လေသည်။

"ရှင်...၊ ရှင်က အချမ်းသာဆုံးကော်ပိုရေးရှင်းရဲ့ ဒုတိယမြောက် အစုရှယ်ယာရှင်ကြီးလား...။ ဒါမှမဟုတ် ဟွာလန်အုပ်စု နောက်ကွယ်က အကြီးမားဆုံး အစုရှယ်ယာရှင်သစ်လား...။"

လျန်ထျန်းက ဟန်ဆောင်မှု ကင်းမဲ့စွာဖြင့် ခေါင်းညိတ်ပြလိုက်လေသည်။

"ဟုတ်တယ်လေ...။ စောစောက မင်း ကိုယ်တိုင် မျက်မြင်ကိုယ်တွေ့ မြင်ပြီး ကြားခဲ့ရတာပဲ မဟုတ်ဘူးလား...။ အစစ်အမှန်ပါပဲ...။"

ဝမ်ရှောင်ကျင်းက ထပ်မေးလိုက်လေသည်၊

"ဒါဆို ရှင်က ဘာလို့ အစားအသောက် လိုက်ပို့နေတာလဲ...၊ ပြီးတော့ ဘာလို့...။"

သို့သော် ဤတစ်ကြိမ်တွင်မူ ဝမ်ရှောင်ကျင်း မေးခွန်းမဆုံးမီ လျန်ထျန်းက ဖြတ်ပြောလိုက်လေသည်။

"စောစောက မင်းမေးတဲ့ မေးခွန်းကို ကိုယ် ဖြေပြီးသွားပြီလေ အခု ကိုယ့်မေးခွန်းကို မင်း ပြန်ဖြေရမယ့် အလှည့် ပဲ...။"

ဝမ်ရှောင်ကျင်းမှာ နှစ်စက္ကန့်ခန့် တုံ့ဆိုင်းသွားပြီးနောက် အနည်းငယ် ထစ်အငေါ့ငေါ့ဖြင့် ပြောလိုက်လေသည်၊

"ဘာ...၊ ရှင် ကျွန်မကို ဘာမေးချင်လို့လဲ...။"

လျန်ထျန်းက လေးနက်စွာဖြင့် မေးလိုက်လေသည်၊

"ဝမ်ရှောင်ရို့နဲ့ မင်းက ဘယ်လို ပတ်သက်တာလဲ...။"

All Chapters