← Chapters

အခန်း ၁၈၆

Vol. 19 Ch. 186

အခန်း ၁၈၆

Vol. 19 Ch. 186

အခန်း (၁၈၆)

ကိုယ်ဝန်ဆောင်အမျိုးသမီး ဟုတ်လား၊ ကိုယ်ဝန်ရှစ်လ ဟုတ်လား

ထိုနေ့တွင် လျန်ထျန်းသည် သူ့အား မျက်မှောင်ကြုတ်သွားစေသည့် မှတ်ချက်အရှည်ကြီး ပါဝင်သော အမှာစာ တစ်ခုကို လက်ခံရရှိခဲ့လေသည်။

၎င်းတွင် ဤသို့ ရေးသားထားလေသည်။

[ပို့ဆောင်သူအစ်ကိုလာရင် ကျားလဲ့ယွဲ့ စူပါမားကတ်ကနေ နာနတ်သီးတစ်လုံး၊ တာ့ရွန့်ဟွာ စူပါမားကတ်ကနေ ဆန်နှစ်ကီလို၊ မေလွန် စူပါမားကတ်ကနေ ဂျုံကြမ်းပေါင်မုန့် သုံးထုပ်နဲ့ ဟယ်မာ စူပါမားကတ်ကနေ လေးကီလို လောက်ရှိတဲ့ ငါးကြင်းတစ်ကောင်လောက် ဝယ်ခဲ့ပေးလို့ ရမလား...။ ရောက်လာရင်လည်း ချောပို့စခန်းကနေ ပါဆယ်ထုပ် ဆယ်ထုပ်ကျော်လောက်ကို ကူယူပေးခဲ့ပါဦး...။ ကျွန်မတို့ တိုက်က ဓာတ်လှေကား ပျက်နေလို့ (၁၁) ထပ်အထိ သယ်တက်ခဲ့ပေးလို့ ရမလား...။ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ယောက် အောက်ဆင်းရတာ အဆင်မ ပြေလို့ပါ...။ ကျေးဇူးတင်ပါတယ်...။]

ဤမှတ်ချက်အရှည်ကြီးကို ဖတ်ပြီးနောက် လျန်ထျန်း၏ မျက်မှောင်များမှာ တင်းကြပ်စွာ စုကျုံ့သွားပြီး သူ့ဘာသာ ရေရွတ်လိုက်လေသည်။

"အင်း...၊ ကိုယ်ဝန်ဆောင်အမျိုးသမီး အောက်ဆင်းဖို့ အဆင်မပြေလို့ ပစ္စည်းတချို့ ယူလာပေးဖို့ အကူအညီ တောင်းတာကို နားလည်ပေးလို့ ရပေမဲ့ ပစ္စည်းဝယ်ခိုင်းတဲ့ နေရာတွေကတော့...။"

"အရှေ့ဘက်ဈေးကနေ မြင်းကောင်းတစ်ကောင် ဝယ်တယ်၊ အနောက်ဘက်ဈေးကနေ ကုန်းနှီးဝယ်တယ်၊ တောင်ဘက်ဈေးကနေ ဇက်ကြိုးဝယ်ပြီး မြောက်ဘက်ဈေးကနေ မြင်းကျာပွတ် ဝယ်ခိုင်းနေတာလား...။"

"အခုက ရှေးခေတ်မှ မဟုတ်တော့တာ...။ အခုဆို အရာအားလုံးကို ဈေးကွက်က ချုပ်ကိုင်ထားတာလေ...၊ အရပ်မျက်နှာ အနှံ့ကို လျှောက်မသွားဘဲနဲ့ တကယ်ပဲ မရနိုင်တော့ဘူးလား...။"

"အခုက ခေတ်မီကမ္ဘာကြီးမှာ နေထိုင်နေကြတာလေ စူပါမားကတ် တစ်ခုတည်းက သူမရဲ့ လိုအပ်ချက်တွေကို မဖြည့်ဆည်းပေးနိုင်ဘူးလား...။ ဘာလို့ ပစ္စည်းတစ်ခုချင်းစီအတွက် မတူညီတဲ့ စူပါမားကတ်တွေကို သတ်မှတ် ပေးနေရတာလဲ...။"

"မဖြစ်သေးဘူး လောလောဆယ် တခြားအမှာစာတွေ မယူသေးဘဲ နေဦးမယ်...။ ဒီဖောက်သည်ရဲ့ မှတ်ချက်က ဘာတွေဖြစ်နေတာလဲ ဆိုတာကို အရင် သိရအောင် လုပ်ရမယ်...။ အရမ်းကို လွန်လွန်းနေပြီ...။"

ထိုသို့ပြောရင်း လျန်ထျန်းသည် ဆော့ဖ်ဝဲလ်အတွင်းရှိ ဖောက်သည်၏ ကိုယ်ပိုင်ဖုန်းနံပါတ်သို့ ခေါ်ဆိုလိုက်လေ သည်။

တစ်ဖက်လူက အတော်လေး မြန်မြန်ဆန်ဆန်ပင် ဖုန်းကိုင်လိုက်ပြီး အသံအနည်းငယ် ဩရှရှနှင့် မိန်းကလေး တစ်ဦး ဖြစ်လေသည်။

"ဟယ်လို...၊ အစားအသောက်ပို့တဲ့ အစ်ကိုလား...။"

ထိုအသံကို ကြားသောအခါ လျန်ထျန်းက စိတ်ထဲမှ တွေးလိုက်လေသည်၊

*ဘုရားရေ...၊ အဲ့ဒီအသံကြီးက...၊ သူမက အရင်ဘဝတုန်းက အသံပြောင်းစက် ဖြစ်ခဲ့တာ သေချာတယ်...။*

ထိုသို့ ညည်းညူမိသော်လည်း လျန်ထျန်းက အလျင်အမြန်ပင် ပြောလိုက်လေသည်။

"ဪ...၊ ဟုတ်ကဲ့...။ ကျွန်တော်က ခင်ဗျားရဲ့ အမှာစာကို လက်ခံလိုက်တဲ့ ပို့ဆောင်သူပါ...။"

"ဒီလိုပါ...၊ ခင်ဗျား ချန်ထားခဲ့တဲ့ မှတ်ချက်ကို ကျွန်တော် တွေ့လိုက်ပါတယ်...။ ခင်ဗျားက ကိုယ်ဝန်ဆောင်နေပြီး တိုက်က ဓာတ်လှေကား ပျက်နေလို့ အောက်ဆင်းရတာ အဆင်မပြေဘူး ဆိုတဲ့အကြောင်းနဲ့ ပစ္စည်းတချို့ကို ကူ သယ်ပေးဖို့ တောင်းဆိုထားတာလေ...။"

"ခင်ဗျားက ကိုယ်ဝန်ဆောင် ဖြစ်နေတဲ့အတွက် လိုအပ်လာရင် ကျွန်တော် တတ်နိုင်သလောက် ကူညီပေးနိုင်ပေ မဲ့...၊"

ခေတ္တမျှ ရပ်နားပြီးနောက် လျန်ထျန်းမှာ မနေနိုင်တော့ဘဲ အသံကို မြှင့်ကာ မေးလိုက်လေသည်။

"အဲ့ဒီပစ္စည်းတွေ အကုန်လုံးကို နေရာတစ်နေရာတည်းမှာ ဘာလို့ ဝယ်လို့ မရရတာလဲ...။ ပစ္စည်းလေးမျိုးတည်း ကို မတူညီတဲ့ စူပါမားကတ် လေးခုမှာ သွားဝယ်ခိုင်းနေတာလား...။"

"တာ့ရွန့်ဟွာက နာနတ်သီးက သိပ်မချိုလို့လား...၊ ကျားလဲ့ယွဲ့က ဆန်က သိပ်မမွှေးလို့လား...။ ဒါမှမဟုတ် ဟယ်မာက ဂျုံကြမ်းပေါင်မုန့်က သိပ်မနူးညံ့လို့လား...၊ မေလွန်က ငါးက သိပ်မလတ်ဆတ်လို့လား...။"

ဤနေရာတွင် လျန်ထျန်းသည် တစ်ဖက်လူမှာ ကိုယ်ဝန်ဆောင် ဖြစ်နေသည်ကို သတိရသွားသဖြင့် အသံကို နူးညံ့အောင် လျှော့ချလိုက်ပြီး ဆက်ပြောလိုက်လေသည်။

"ဪ...၊ ကျွန်တော်က တခြားရည်ရွယ်ချက်နဲ့ ပြောတာ မဟုတ်ပါဘူး...။ ဒီပစ္စည်းလေးမျိုးစလုံးကို စူပါမားကတ် တစ်ခုတည်းမှာ ဝယ်လို့ ရနိုင်တယ်လို့ ထင်လို့ပါ...။"

"စူပါမားကတ်ကို သွားစရာတောင် မလိုပါဘူး..။. အနီးအနားက ဈေးတစ်ခုကို ရှာပြီး လိုအပ်တာတွေ အကုန် ဝယ်လို့ ရတာပဲမို့လို့...၊"

သို့သော် လျန်ထျန်း စကားမဆုံးမီမှာပင် ဖုန်းထဲမှ အသံစူးစူးကြီးတစ်ခုက သူ့ကို ဖြတ်ပြောလိုက်လေသည်။

"ရှင် ကျွန်မကို ဈေးထဲကနေ ဘာမှ ဝယ်လာပေးခွင့် မရှိဘူး...။ ကျွန်မရဲ့ လိုအပ်ချက်တွေအတိုင်းပဲ ဝယ်လာပေး ရမယ်...။"

"ဟုတ်တယ်...၊ အကောင်းဆုံး နာနတ်သီးက ကျားလဲ့ယွဲ့ကပဲ ရတာ၊ အကောင်းဆုံး ဆန်က တာ့ရွန့်ဟွာကပဲ ရတာ ၊ အလတ်ဆတ်ဆုံး ငါးကြင်းက ဟယ်မာကပဲ ရပြီး အနူးညံ့ဆုံး ဂျုံကြမ်းပေါင်မုန့်က မေလွန်ကပဲ ရတာ...။"

"ကျွန်မက ကိုယ်ဝန်ဆောင်လေ...။ ကောင်းကောင်း စားချင်တာက မှားနေလို့လား...။ ဒါကြောင့် ရှင် ကျွန်မပြော တဲ့အတိုင်းပဲ လုပ်ရမယ်...။"

"ပြီးတော့ ကျွန်မကို လှည့်စားဖို့ မကြိုးစားနဲ့နော်...။ ရှင် ဝယ်လာတဲ့ ပစ္စည်းတိုင်းအတွက် ဘောက်ချာတွေ ယူလာ ခဲ့ရမယ်...။"

"တကယ်လို့ သတ်မှတ်ထားတဲ့ စူပါမားကတ်နဲ့ မကိုက်ညီတဲ့ ပစ္စည်း တစ်ခုလေးကို တွေ့တာနဲ့ ရှင့်ကို အဆိုးမြင် မှတ်ချက် ပေးပြီး တိုင်ကြားပစ်မယ်...။"

ထိုစကားကို ကြားသောအခါ လျန်ထျန်းမှာ အတော်လေး ဒေါသထွက်သွားလေတော့သည်။

"ဟေး... အရမ်းမလွန်လွန်းနဲ့နော်...။ ခင်ဗျားက ကိုယ်ဝန်ဆောင် ဖြစ်နေလို့သာ ကျွန်တော်က ခွင့်လွှတ်ပေး ထားတာ...။ ခင်ဗျားကို ကူညီပေးဖို့တောင် စဉ်းစားနေခဲ့တာ...။"

"ဒါပေမဲ့ ခင်ဗျားက အဲ့ဒီလိုမျိုး ပြောမယ်ဆိုရင်တော့ ဒီအမှာစာကို ကျွန်တော် ပို့မပေးနိုင်တော့ဘူး...။"

"ခင်ဗျား ကိုယ်ဝန်ဆောင်ထားတာက မှန်ပါတယ်...။ ဒါပေမဲ့ ခင်ဗျား လွယ်ထားတာ ကျွန်တော့်ကလေးမှ မဟုတ် တာ...၊ ခင်ဗျားရဲ့ ယုတ္တိမတန်တဲ့ တောင်းဆိုမှုတွေကို သည်းခံပေးဖို့ ကျွန်တော့်မှာ တာဝန် မရှိဘူး...။"

ထိုသို့ပြောပြီးနောက် လျန်ထျန်းသည် ဖုန်းချရန် ပြင်လိုက်လေသည်။

သို့သော် ထိုအချိန်တွင် မိုက်ခရိုဖုန်းမှတစ်ဆင့် စူးရှသော ငိုသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့လေသည်။

"ဝါး...၊ အမေ တောင်းပန်ပါတယ် ကလေးလေးရယ်...။ အမေက အရည်အချင်း မရှိလို့ပါ...၊ သားလေးအတွက် သူများအသက်ကို ကယ်ဖို့ ကိုယ့်အသက်ကို စတေးပြီး သူ့ရဲ့ကလေးဖြစ်တဲ့ ငါတို့ကို ထားခဲ့တဲ့ တာဝန်မဲ့တဲ့ အဖေ တစ်ယောက်ကို ရှာပေးခဲ့မိတာ အမေ့အမှားပါ...။"

"အခုဆို အမေ့မှာ ကိုယ်ဝန်ရှစ်လတောင် ရှိနေပြီ...။ အိမ်မှာလည်း စားစရာ သောက်စရာ ဘာမှမရှိတော့ဘူး...။ ကြည့်ရတာ ငါတို့ တကယ်ပဲ ငတ်သေပြီး သားရဲ့ တာဝန်မဲ့တဲ့ အဖေဆီကို သွားရှာရတော့မယ့်ပုံပဲ...။"

ဖုန်းထဲမှ ထွက်ပေါ်လာသော ထိုအသံများကို ကြားရသောအခါ ဖုန်းချမည့်ခလုတ်ကို နှိပ်ရန် ပြင်နေသော လျန်ထျန်း၏ လက်ချောင်းမှာ လေထဲတွင် ရပ်တန့်သွားပြီး သူ၏ရင်ထဲတွင် ရှုပ်ထွေးသော ခံစားချက်များ ပြည့်နှက်သွားလေသည်။

*ဒါဆို...၊ သူမက အသက်ကယ် သူရဲကောင်းတစ်ယောက်ရဲ့ မုဆိုးမပေါ့...။*

*ပြီးတော့ သူမမှာ ကိုယ်ဝန်ရှစ်လတောင် ရှိနေပြီဆိုတော့ မွေးခါနီးနေပြီလေ...၊ ဒါကြောင့် သူမရဲ့ စိတ်ခံစားမှုတွေ အနည်းငယ် မတည်မငြိမ် ဖြစ်နေတာကိုလည်း နားလည်ပေးလို့ ရပါတယ်...။*

*ဒုက္ခပါပဲ... စောစောက ငါ စိတ်လိုက်မာပါ လုပ်မိသွားတယ်...။ သူတို့က အသက်ကယ် သူရဲကောင်း တစ် ယောက်ရဲ့ မိသားစုဝင်တွေ ဖြစ်နေတာဆိုတော့ ငါ ပိုပြီး နားလည်ပေးလိုက်ပါ့မယ်...။*

ထိုသို့ တွေးမိပြီးနောက် လျန်ထျန်းက ရိုးသားစွာဖြင့် ပြောလိုက်လေသည်။

"တောင်းပန်ပါတယ်...၊ ကျွန်တော့်အမှားပါ...။ ဇာတ်လမ်းအပြည့်အစုံကို နားမလည်ဘဲ အဲ့ဒီစကားတွေကို ပြောမိသွားတာပါ...။"

"ကောင်းပါပြီ...၊ ခဏလေး စောင့်ပေးပါနော်...။ ကျွန်တော် တခြားအမှာစာတွေ မယူတော့ပါဘူး...၊ မှတ်ချက် ထဲမှာ တောင်းဆိုထားတဲ့အတိုင်း အကုန်လုံးကို သွားဝယ်ပြီး ခင်ဗျားဆီ ချက်ချင်း လာပို့ပေးပါ့မယ်...။"

လျန်ထျန်း၏ စကားကို ကြားသောအခါ ဖုန်းထဲမှ အသံမှာ နောက်ဆုံးတွင် ရှိုက်ငိုသံအဖြစ်သို့ ပြောင်းလဲသွား လေတော့သည်။

"အင်း...၊ ဒါဆိုရင်လည်း မြန်မြန်သွားလေ...။"

ဖုန်းချပြီးနောက် လျန်ထျန်းသည် စူပါမားကတ် လေးခုဆီသို့ အပြည့်အဝ အရှိန်တင်ကာ ချက်ချင်း မောင်းနှင် သွားခဲ့လေသည်။

အသက်ကယ် သူရဲကောင်းတစ်ဦး၏ မိသားစုအတွက် သူ လုပ်ပေးနိုင်မည့်အရာများကို တွေးမိသောအခါ မည်မျှ ပင် ဒုက္ခရောက်ကာ ပင်ပန်းစေကာမူ သူ ပျော်ရွှင်နေမိလေသည်။

ထို့နောက် လူများကို ကယ်တင်ရန် မိမိတို့၏ အသက်ကို စတေးခဲ့ကြသော မီးသတ်သမားများကဲ့သို့သော သူ မြင်ဖူးခဲ့သည့် ဗီဒီယိုအချို့နှင့် သူတို့၏ မိသားစုများ မည်မျှ နာကျင်ခံစားရကြောင်းကို သူ တွေးမိသွားလေသည်။

သို့သော် အန္တရာယ် တစ်ခုခု ကြုံတွေ့ရတိုင်း မီးသတ်သမားများသည် အမြဲတမ်း ရှေ့ဆုံးမှ ပြေးဝင်သွားလေ့ရှိရာ ယင်းမှာ တကယ်ကို လေးစားချီးကျူးထိုက်ပေသည်။

ဤဖောက်သည်၏ အမျိုးသားမှာ မည်သည့်အလုပ်ကို လုပ်ကိုင်ခဲ့သည်ဖြစ်စေ တစ်စုံတစ်ဦးကို ကယ်တင်ရန် အသက်စတေးခဲ့ရခြင်း ဖြစ်သရွေ့ လေးစားမှု ခံထိုက်ပေသည်။

ငြိမ်းချမ်းပြီး ပူပင်သောကကင်းသော ဘဝဆိုသည်မှာ မရှိပေ။ တစ်စုံတစ်ယောက်က သင့်အတွက်နှင့် ကျွန်တော့် အတွက် ဝန်ထုပ်ဝန်ပိုးများကို ထမ်းပိုးပေးနေခြင်းသာ ဖြစ်ပေသည်။

ဤကဲ့သို့ ကျေးဇူးတင်သော စိတ်ထားဖြင့် လျန်ထျန်းသည် မှတ်ချက်ပါ ညွှန်ကြားချက်များကို တိကျစွာ လိုက်နာ ကာ စူပါမားကတ် တစ်ခုပြီးတစ်ခု သွားရောက်၍ ပစ္စည်းတစ်ခုချင်းစီကို ဝယ်ယူခဲ့လေသည်။

သူသည် ပစ္စည်းများ ပို့ဆောင်ချိန်တွင် ဖောက်သည်အား ပေးရန် ရည်ရွယ်ချက်ဖြင့် ဘဏ်တစ်ခုရှေ့မှ ဖြတ်သွား စဉ် ငွေသား (၁၀၀) ယွမ်ကိုပင် ထုတ်ယူခဲ့သေးသည်။

ယနေ့ခေတ်တွင် (၁၀၀) ယွမ် ဆိုသည်မှာ ကမ္ဘာ့ကုန်ဈေးနှုန်းများ အဆတစ်သန်း ငွေကြေးတန်ဖိုး မကျဆင်းမီက ယွမ် သန်းတစ်ရာနှင့် ညီမျှကြောင်းကို သတိပြုရမည် ဖြစ်လေသည်။

သို့သော် မည်မျှပင် များပြားသော ငွေကြေးဖြစ်စေ အသက်ကယ် သူရဲကောင်း တစ်ဦး၏ အသက်ကို ပြန်လည် ဝယ်ယူ၍ မရနိုင်ကြောင်းကို လျန်ထျန်း သိရှိထားလေသည်။

သို့သော် ဤငွေများက အသက်ကယ် သူရဲကောင်း၏ မိသားစုအတွက် အနည်းဆုံးတော့ အထောက်အကူ ဖြစ်စေ ပြီး သူတို့၏ စားဝတ်နေရေး ဝန်ထုပ်ဝန်ပိုးများ မရှိတော့စေရန် မျှော်လင့်မိလေသည်။

သို့သော် လျန်ထျန်းသည် ဤကဲ့သို့သော စိတ်ထားဖြင့် ဤအရာများကို လုပ်ဆောင်နေချိန်တွင် အမှန်တရားကို မသိရှိခဲ့ပေ။

တစ်ဖက်တွင်မူ ကိုယ်ဝန်ဆောင်ထားသည်ဟု ဆိုကာ ထူးခြားသော အသံပိုင်ရှင်ဖြစ်သည့် ထိုဖောက်သည်မှာ ဖုန်းကင်မရာရှေ့တွင် အူတက်မတတ် ရယ်မောနေလေသည်။

သူမသည် မိတ်ကပ် အထူကြီး လိမ်းထားပြီး သွယ်လျသော ခါးလေးကို ပိုင်ဆိုင်ထားသည့် အမျိုးသမီး တစ်ဦး သာ ဖြစ်လေသည်။ ကိုယ်ဝန်ရှစ်လအရွယ်ဟု ဆိုထားသည်မှာ ထားလိုက်ပါတော့၊ သူမသည် ကိုယ်ဝန်ဆောင် တစ်ဦးနှင့်ပင် လုံးဝ မတူပေ။

စောစောက သူမပြောခဲ့သမျှ အရာအားလုံးမှာ လျန်ထျန်းကို လိမ်ညာထားခြင်းသာ ဖြစ်ကြောင်း ထင်ရှားသွား လေသည်။

ဖုန်းချပြီးနောက် သူမသည် သူမ၏ အစစ်အမှန် အသွင်အပြင်ကို ထုတ်ဖော်ပြသလိုက်ပြီး တိုက်ရိုက်ထုတ်လွှင့်ရန် အထူးတလည် တပ်ဆင်ထားသော သူမ၏ ဖုန်းကင်မရာကို ကြည့်ကာ ပြုံးလိုက်လေသည်။

"အားလုံးပဲ ကြားလိုက်တယ် မဟုတ်လား...။ အဲ့ဒီ အစားအသောက်ပို့တဲ့ကောင်က တကယ်ယုံသွားပြီး တောင်း ဆိုထားတဲ့အတိုင်း ကျွန်မအတွက် သွားဝယ်ပေးနေပြီလေ...။"

"ဟင်...၊ ဇာတ်ညွှန်း ဟုတ်လား...။ ဇာတ်ညွှန်း မရှိပါဘူး ရှောင်ဖီ ရဲ့...၊ ရှင် နည်းနည်း နောက်ကျမှ ဝင်လာလို့ ဖြစ်မယ်...။ ကျွန်မရဲ့ လိုက်ဖ်ကို အစောကတည်းက ကြည့်နေတဲ့ သူတွေကတော့ ကျွန်မ ပွဲချင်းပြီး အစား အသောက် မှာလိုက်တာကို သိကြပါတယ်...။"

"ဟုတ်တယ်...၊ အရာအားလုံးက လက်တွေ့ဆန်ဖို့ အရေးကြီးတာလေ...။ ပြီးခဲ့တဲ့အကြိမ်က အစားအသောက်ပို့ တဲ့ကောင် တစ်ယောက်ကို မှာတုန်းက သူ့မျက်နှာရှေ့မှာတင် အမှာစာကို ဖျက်သိမ်းလိုက်တော့ သူ တကယ်ကို ရူးမတတ် ဖြစ်သွားတာ...။ ဟားဟားဟား...။"

"အင်း...၊ ကျွန်မက တကယ်ကို ရဲတင်းပြီး ဘာကိုမှ မကြောက်တာ...။ အဲ့ဒီ အစားအသောက်ပို့တဲ့ကောင်တွေက အကုန်လုံး သတ္တိကြောင်တဲ့ကောင်တွေချည်းပဲ...။ ကျွန်မ သူတို့ကို ကစားနေတယ် ဆိုတာကို သူတို့ သိပေမဲ့ ကျွန်မကို ဘာလုပ်နိုင်မှာလဲ...။"

"သူတို့ကို တိုင်ပစ်မယ်လို့ ခြိမ်းခြောက်လိုက်ရင် သူတို့ ဘာမှ မလုပ်ရဲတော့ပါဘူး...။ တကယ်လို့ သူတို့က ပိုပြီး ရက်စက်ကြမ်းကြုတ်လာရင်တောင် သူတို့ကို နာခံလာအောင် လုပ်ဖို့ တခြားနည်းလမ်းတွေ ကျွန်မဆီမှာ ရှိပါ သေးတယ်...။"

"ယနေ့လိုမျိုးပေါ့... သူ့ကို အဆိုးမြင်မှတ်ချက်တွေ ပေးမယ်၊ တိုင်ပစ်မယ်လို့ ခြိမ်းခြောက်တာ အလုပ်မဖြစ်လို့ သူ့ရဲ့ သနားစိတ်ကို နှိုးဆွဖို့ လိမ်ညာပြောဆိုလိုက်တာလေ...။"

"သူ အမှန်တရားကို သိသွားတဲ့အခါ သူ့ရဲ့ တုံ့ပြန်မှုက ဘယ်လိုနေမလဲ ဆိုတာကို ကျွန်မ ခန့်မှန်းလို့ ရပါတယ်...။ သူ လုံးဝကို မှင်တက်သွားပြီး သူ့ကိုယ်သူ အရူးတစ်ယောက်လို့ ထင်သွားမှာ သေချာတယ်...။"

"ဟားဟားဟား...။ ဟုတ်တယ် အဲ့ဒီလိုမျိုး အကျိုးသက်ရောက်မှုကို ကျွန်မ လိုချင်ခဲ့တာ...။ အက်ဒမင်ရေ...၊ ကျွန်မကို ကျိန်ဆဲနေတဲ့ သူတွေကို လိုက်ဖ်ထဲကနေ ထုတ်ပစ်လိုက်ပါ...။ သူတို့က မကြည့်ချင်ပေမဲ့ ကြည့်ချင်တဲ့ သူတွေ အများကြီး ရှိပါသေးတယ်...။"

"ဝိုး...၊ ကာနီဗယ် လက်ဆောင်အတွက် ကျေးဇူးအများကြီးတင်ပါတယ် ရှောင်ဖီ...။ နောက်တစ်ကြိမ်ကျရင် ဘယ်လိုမျိုး ကာနီဗယ်ကို ကြည့်ချင်သေးလဲ...၊ ရှောင်ဖီသာ ပြောလိုက်ပါ...။"

"ကျွန်မ ပြောသလိုပါပဲ...၊ အရာအားလုံးက လက်တွေ့ဆန်ဖို့ အရေးကြီးတာပါ...။"

ထူးခြားသော အသံပိုင်ရှင်ဖြစ်သည့် ဤအင်တာနက် နာမည်ကျော်က လက်ညောင်းသည်အထိ လက်ဆောင်များ အများအပြား လက်ခံရရှိနေချိန်တွင် လျန်ထျန်းမှာမူ စူပါမားကတ် လေးခုသို့ ပြေးလွှားသွားရောက်ခဲ့ပြီးနောက် ဤနေရာသို့ ဦးတည်လာနေပြီ ဖြစ်လေသည်။

စူပါမားကတ်မှ ဝယ်လာသော ပစ္စည်းလေးမျိုးနှင့်အတူ ပါဆယ်ထုပ် ဆယ်ထုပ်ကျော်ခန့်ကို ပေါင်းလိုက်မည် ဆိုလျှင် စုစုပေါင်း အလေးချိန် (၃၀) သို့မဟုတ် (၄၀) ကီလိုဂရမ်ခန့် ရှိမည်မှာ သေချာလှပေသည်။

ဤအရာများ အားလုံးကို သယ်ဆောင်ရင်း လျန်ထျန်းသည် (၁၁) ထပ်အထိ တက်ခဲ့ရလေသည်။

(၁၀) ထပ်သို့ ရောက်သောအခါ သူ၏ အဝတ်အစားများမှာ ချွေးများဖြင့် ရွှဲနစ်နေပြီး သူ၏ ခြေထောက်များမှာ လည်း ခဲလို လေးလံနေသကဲ့သို့ ခံစားနေရလေသည်။

သို့သော် အသက်ကယ် သူရဲကောင်း တစ်ဦး၏ မိသားစုက သူ၏ အထက်တွင် စောင့်ဆိုင်းနေသည်ကို တွေးမိ သောအခါ သူသည် အံကိုကြိတ်ကာ ခြေထောက်မှ နာကျင်မှုကို သည်းခံရင်း ဆက်လက် တက်လှမ်းခဲ့လေသည်။

“ဒေါက်... ဒေါက်... ဒေါက်...”

နောက်ဆုံးတွင် တံခါးဝသို့ ရောက်ရှိသွားသောအခါ အထဲမှ ကိုယ်ဝန်ဆောင် အမျိုးသမီး လန့်သွားမည်ကို စိုးရိမ်သဖြင့် လျန်ထျန်းသည် တံခါးကို အလွန် ညင်သာစွာ ခေါက်လိုက်လေသည်။

"မင်္ဂလာပါ...၊ ခင်ဗျားရဲ့ အမှာစာ ရောက်ပါပြီ...။"

သူသည် အလွန် တိုးညင်းစွာ ပြောဆိုလိုက်ပြီး အလွန်ပင်ပန်းကာ အမောဆို့နေသင့်သော်လည်း သူ၏ အသက်ရှူ နှုန်းကို တတ်နိုင်သမျှ တည်ငြိမ်အောင် ထိန်းထားခဲ့လေသည်။

ခေတ္တမျှကြာပြီးနောက် တံခါး ပွင့်လာခဲ့လေသည်။

တံခါးပေါက် အတွင်းမှ ထွက်ပေါ်လာသော အမျိုးသမီးကို မြင်လိုက်ရသောအခါ လျန်ထျန်းမှာ မှင်တက်သွား ရလေတော့သည်။

ထိုအမျိုးသမီးသည် ဖုန်းတစ်လုံးကို ကိုင်ထားကာ သူ့ကို ဗီဒီယိုရိုက်နေလေသည်။ သူ၏ တုံ့ပြန်မှုကို မြင်ပြီး နောက် သူမသည် ချက်ချင်းပင် အော်ဟစ် ရယ်မောလိုက်လေသည်။

"ကျွန်မ မျှော်လင့်ထားတဲ့အတိုင်းပဲ...။ ကျွန်မ စိတ်ကူးထားတဲ့ မျက်နှာထား အတိအကျပဲ...။"

ငါးစက္ကန့် ခြောက်စက္ကန့်ခန့် မှင်တက်သွားပြီးနောက် လျန်ထျန်း၏ ပထမဆုံး အတွေးမှာ တခြားအရာ မဟုတ်ဘဲ အိမ်အမှတ်ကို အလျင်အမြန် မော့ကြည့်ရန်သာ ဖြစ်လေသည်။

"ကျွန်တော်...၊ ကျွန်တော် ပို့တာ မှားသွားလို့လား...။"

ထိုအမျိုးသမီးက ဆက်လက် ရယ်မောရင်း ပြောလိုက်လေသည်။

"ရှင် ပို့တာ မမှားပါဘူး...။ ဒါတွေက ကျွန်မမှာထားတဲ့ အမှာစာပါ မြန်မြန်ပေးလိုက်စမ်းပါ...။"

ထိုသို့ပြောရင်း အမျိုးသမီးသည် လျန်ထျန်း၏ လက်ထဲမှ ပစ္စည်းများကို ယူရန် လက်လှမ်းလိုက်လေသည်။

သို့သော် လျန်ထျန်းက မသိစိတ်အလျောက် နောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်ပြီးနောက် သူမ၏ ပြားချပ်နေ သော ဝမ်းဗိုက်ကို စိုက်ကြည့်ကာ ကြီးစွာသော သံသယဖြင့် မေးလိုက်လေသည်။

"ခင်ဗျားက ကိုယ်ဝန်ဆောင် အမျိုးသမီးနဲ့ တူလို့လား...။ ကိုယ်ဝန်ရှစ်လ ဟုတ်လား...။"

အမျိုးသမီးက နောက်တစ်ကြိမ် ရယ်မောလိုက်ပြန်လေသည်။

"ဟေး အစ်ကို... အရမ်းကြီး အတည်မယူပါနဲ့...။"

"တကယ်တော့ ဒီဟာက ကျွန်မလုပ်နေတဲ့ ခေတ်စားနေတဲ့ စိန်ခေါ်မှု လိုက်ဖ်လွှင့်တာပါ...။ အစားအသောက် မှာတဲ့အခါ ထူးထူးဆန်းဆန်း မှတ်ချက်တွေ ထည့်ရေးတာမျိုးပေါ့...။"

"ပြီးတော့ အဲ့ဒီ သတ်မှတ်ထားတဲ့ အလုပ်တွေကို ပြီးမြောက်အောင် ပို့ဆောင်ရေးသမားတွေကို ချော့မော့ပြီး လှည့်စားရတာလေ...။ ပြီးမှ သူတို့ ရောက်လာတဲ့အခါ အမှန်တရားကို သိသွားပြီးနောက် သူတို့ရဲ့ တုံ့ပြန်မှုကို စောင့်ကြည့်ရတာ...။"

ဤအမှန်တရားများကို နားထောင်ရင်း လျန်ထျန်း၏ မျက်နှာထားမှာ တဖြည်းဖြည်း မည်းမှောင်လာလေတော့ သည်။

All Chapters