အခန်း ၁၈၉
Vol. 19 Ch. 189
အခန်း (၁၈၉)
ဒီလိုသူငယ်ချင်းမျိုး
"အစ်ကိုလျန်...၊ ဒီနေ့ ကျွန်တော့် မိသားစု တွေ့ဆုံပွဲလေး ရှိလို့ ခင်ဗျားတို့ ဟိုတယ်ကို ထပ်ပြီး အားပေးဖြစ် တယ်...။"
"ဒီနေ့ ရောက်နေတဲ့ လူတွေ အကုန်လုံးက မိသားစုဝင်တွေချည်းပဲ...။ ဆွေမျိုးတွေလေ...၊ အစ်ကိုလျန် အား လား...။ လာပြီး သောက်ပါဦးလား...။"
ဖန်ကျီရှန်၏ ဖုန်းထဲမှ စကားများကို နားထောင်ရင်း လျန်ထျန်းမှာ အစားအသောက် ပို့ဆောင်နေရပြီး လက်ထဲ တွင် အမှာစာ အများအပြား ရှိနေသဖြင့် သွားရောက် သောက်စားရန် အချိန်မရှိပေ။
သို့သော် လျန်ထျန်းသည် သူ၏ ငယ်သူငယ်ချင်းက သူ့ကို သတိရပြီး မိသားစု ညစာစားပွဲသို့ ဖိတ်ကြားသည့် အတွက် အလွန် ဝမ်းသာနေမိပြီး သူ့ကို မိသားစုဝင် တစ်ယောက်ကဲ့သို့ ဆက်ဆံသည်ဟု ခံစားနေရလေသည်။
ထို့ကြောင့် သူက ပြုံးလျက် ပြန်ဖြေလိုက်လေသည်။
"မိသားစု ညစာစားပွဲကို အရမ်း တက်ချင်ပေမဲ့ အခု လောလောဆယ် အလုပ်လေးတွေ နည်းနည်း ရှိနေလို့ပါ...။"
"ဒီလိုလုပ်ပါလား ကျီရှန်...။ ငါ့ဘာသာ ဝိုင်ကောင်းကောင်း နှစ်ပုလင်းဝယ်ပြီး မင်းဆီကို လာပို့ခိုင်းလိုက်မယ်...။ ဒါဆို မင်းတို့ မိသားစု အားလုံး ပျော်ပျော်ရွှင်ရွှင် သောက်လို့ရတာပေါ့...။"
ဖန်ကျီရှန်က ပြုံးဖြီးဖြီးဖြင့် ပြောလိုက်လေသည်။
"ကျေးဇူးတင်ပါတယ် အစ်ကိုလျန်...၊ တကယ်ကို သဘောထားကြီးတာပဲ...။ ဪ...၊ စကားမစပ် အစ်ကိုလျန်..၊ နောက်ထပ် ကိစ္စတစ်ခု ရှိသေးတယ်...။"
ခေတ္တမျှ ရပ်နားပြီးနောက် ဖန်ကျီရှန်က ပြုံးဖြီးဖြီးဖြင့် ဆက်ပြောလေသည်။
"ဒီဟိုတယ်ရဲ့ မန်နေဂျာက ကျွန်တော့်အစ်ကို ဖြစ်နေတာဆိုတော့ အပြင်ထွက်စားတဲ့အခါ ကျွန်တော် ဘေလ်ရှင်း ရမယ်ဆိုရင် မျက်နှာပူစရာ ဖြစ်သွားမှာပေါ့လို့ မိသားစုကို ကြိုပြောထားပြီးပြီလေ...။"
"ဒါကြောင့် အစ်ကိုလျန် ယနေ့ အမှာစာလေးကို ဘယ်လိုမြင်လဲ...။ ညီအစ်ကိုတွေအတွက် နောက်တစ်ခါ ထပ်ပြီး လက်မှတ်ထိုးပေးလို့ ရမလား...။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ အားလုံးက မိသားစုတွေ၊ ဆွေမျိုးတွေချည်းပဲ...။ ပြင်ပလူ တစ်ယောက်မှ မပါပါဘူး...။"
ထိုစကားကို ကြားသောအခါ လျန်ထျန်းမှာ အနည်းငယ် မျက်မှောင်ကြုတ်သွားပြီး စောစောက ပျော်ရွှင်မှုများမှာ တော်တော်လေး ပျောက်ကွယ်သွားလေသည်။
အဘယ်ကြောင့်ဆိုသော် သူ၏ ငယ်သူငယ်ချင်းက သူ့ကို သတိရ၍ သို့မဟုတ် မိသားစုဝင် တစ်ယောက်ကဲ့သို့ သဘောထား၍ သောက်စားရန် ဖိတ်ခေါ်ခြင်း မဟုတ်ကြောင်းကို သူ သဘောပေါက်သွားသောကြောင့် ဖြစ်လေ သည်။
ယင်းအစား သူက ကြိုတင် ကြံစည်ထားပြီး သူ၏ ပစ္စည်းများအတွက် မိမိကို ပေးချေစေချင်ခြင်းသာ ဖြစ်ရာ ယင်းမှာ အလွန် ဆိုးရွားသော ခံစားချက်ပင် ဖြစ်လေသည်။
သို့သော် လျန်ထျန်းသည် သူတို့၏ ငယ်သူငယ်ချင်း သံယောဇဉ်ကို တန်ဖိုးထားဆဲဖြစ်ပြီး သူငယ်ချင်းဖြစ်သူကို သူ၏ မိသားစုရှေ့တွင် အရှက်ခွဲရန် မကောင်းဟုလည်း ခံစားနေရလေသည်။
ခေတ္တမျှ စဉ်းစားပြီးနောက် သူက ပြောလိုက်လေသည်။
"မိသားစု ညစာစားပွဲဆိုတော့လည်း...၊ ကောင်းပြီလေ...။ ငါ ရှင်းပေးမယ်...၊ မင်းတို့ စားသောက်ပြီးရင် ပြန်လို့ရ ပြီ ငါ့ဘေလ်စာရင်းမှာ လက်မှတ်ထိုးထားလိုက်...။"
"ဒါပေမဲ့ နောင်ကျရင် ငါ့လုပ်ငန်းကို ခဏခဏ လာအားပေးရမယ်နော်...။ ငါလည်း ရလဒ်ကောင်းတွေ ပြဖို့ လိုတယ်လေ...။ မဟုတ်ရင် ငါ့အတွက် မန်နေဂျာ ဆက်လုပ်ဖို့ဆိုတာ မလွယ်ဘူး...။"
တကယ်တော့ လျန်ထျန်း၏ နောက်တစ်ခွန်းမှာ တစ်ဖက်လူကို သတိပေးလိုက်ခြင်း ဖြစ်ပြီး ယင်းမှာ သူ၏ ရည်ရွယ်ချက်လည်း ဖြစ်လေသည်။
*နောက်တစ်ခါလာရင် မင်းဘာသာ ဘေလ်ရှင်းရမယ်...။ ငါ့ကိုချည်း အမြဲတမ်း လက်မှတ်ထိုးခိုင်းနေလို့ မရဘူး... ၊ မင်း နားလည်သင့်တယ် ဟုတ်ပြီလား...။*
သို့သော် ဖန်ကျီရှန် နားလည်သည်ဖြစ်စေ၊ နားမလည်သည်ဖြစ်စေ သူက ပြုံးလျက် ဆက်ပြောလေသည်။
"ကျေးဇူးတင်ပါတယ် အစ်ကိုလျန်...။"
စကားမဆုံးမီမှာပင် သူက ဖုန်းချသွားလေသည်။
လျန်ထျန်းက သက်ပြင်းချကာ ခေါင်းခါလိုက်ပြီး ထိုအကြောင်းကို ဆက်မတွေးတော့ဘဲ အစားအသောက်များကို ဆက်လက် ပို့ဆောင်နေလေသည်။
သို့သော် ရက်အနည်းငယ် အကြာတွင် ဖန်ကျီရှန်က နောက်တစ်ကြိမ် ဖုန်းခေါ်လာပြန်လေသည်။
ထို့အပြင် တိုက်တိုက်ဆိုင်ဆိုင်ပင် လျန်ထျန်းမှာ သူ၏ အစားအသောက်များကို ယူရန် ချွမ်ကျန်းဟိုတယ်၏ ဧည့်ကြိုကောင်တာသို့ သွားခဲ့ရာ သူတို့နှစ်ဦး ပက်ပင်းတိုးမိကြလေသည်။
သို့သော် သူတို့နှစ်ဦး မဆုံတွေ့မီ လျန်ထျန်းအား ဖန်ကျီရှန်၏ အစစ်အမှန် သရုပ်ကို မြင်တွေ့သွားစေမည့် အဖြစ် အပျက်တစ်ခု ဖြစ်ပွားခဲ့လေသည်။
လွန်ခဲ့သော ဆယ်မိနစ်ခန့်က လျန်ထျန်းသည် အမှာစာတစ်ခုကို လက်ခံရရှိခဲ့သည်။ ၎င်းမှာ ချွမ်ကျန်းဟိုတယ်မှ ဖြစ်ကြောင်း မြင်သောအခါ သူသည် ကျေနပ်စွာ ပြုံးလိုက်လေသည်။
သူ ချွမ်ကျန်းဟိုတယ်တွင် ရင်းနှီးမြှုပ်နှံမှု မပြုလုပ်မီက ဤကြယ်ငါးပွင့် ဟိုတယ်သည် သူတို့၏ "ဂုဏ်သိက္ခာ" နှင့် "မျက်နှာ" ဟုခေါ်သော အရာများကို ထိန်းသိမ်းရန်အတွက် အစားအသောက် ပို့ဆောင်ရေး ဝန်ဆောင်မှုများကို မပေးအပ်ရန် တင်းခံနေခဲ့လေသည်။
သို့သော် ခေတ်များ ပြောင်းလဲသွားပြီ ဖြစ်ရာ ခေတ်နှင့်အညီ မလိုက်နိုင်သူများမှာ ဒုက္ခရောက်ရမည်မှာ သေချာ လှပေသည်။ အခြားသော အဆင့်မြင့် ဟိုတယ်များက ၎င်းတို့၏ ကိုယ်ပိုင် အစားအသောက် ပို့ဆောင်ရေး ဝန်ဆောင်မှုများကို စတင်ခဲ့ကြချိန်တွင် ချွမ်ကျန်းဟိုတယ်မှာ တဖြည်းဖြည်း ကျဆင်းလာခဲ့လေသည်။
လျန်ထျန်း ရင်းနှီးမြှုပ်နှံပြီးနောက်တွင်ပင် အထွေထွေမန်နေဂျာ ဝမ်နှင့် ဒုတိယ ဥက္ကဋ္ဌ အချို့မှာ သူတို့သည် အစား အသောက် ပို့ဆောင်ရေး လုပ်ငန်းကို လုပ်ကိုင်မည် မဟုတ်ကြောင်း တင်းခံနေခဲ့ကြသေးသည်။
ဤအတွက် အကြောင်းပြချက် များစွာကို သူတို့က ပေးခဲ့ကြသည်။ ဥပမာအားဖြင့် တကယ်ကောင်းသော အစား အစာ ဆိုသည်မှာ လတ်လတ်ဆတ်ဆတ် ချက်ပြုတ်ပြီးမှ စားသုံးရသည်မှာ အကောင်းဆုံး ဖြစ်ကြောင်းနှင့် အစား အသောက် မှာယူသူများမှာ အစားကောင်း အသောက်ကောင်းများ အကြောင်းကို နားမလည်ကြကြောင်း စသည် ဖြင့် ဖြစ်လေသည်။
"ဥပမာပြောရရင် ကျွန်တော်တို့ရဲ့ အဆင့်မြင့် ဟိုတယ်က စီးပွားရေး ညစာစားပွဲတွေ၊ မင်္ဂလာဆောင် ဧည့်ခံပွဲတွေ နဲ့ အဲ့ဒီလိုမျိုး ပွဲတွေကို အဓိကထား ဝန်ဆောင်မှု ပေးတာလေ...။ အစားအသောက် ပို့ဆောင်ရေးကနေ ရတဲ့ အဲ့ဒီ အမြတ်လေးတွေက ဘာလုပ်ရမှာလဲ...။"
သူတို့သည် လျန်ထျန်းနှင့် အချိန်ပိုမို ကုန်ဆုံးပြီးနောက်၊ အထူးသဖြင့် ကဏ္ဍစုံတွင် သူပြသခဲ့သော မူဝါဒများ ကြောင့် သူ့ကို ပို၍ လေးစားလာခဲ့ကြသည်။ ထိုအခါမှသာ သူတို့သည် လျန်ထျန်း၏ အကြံပြုချက်များကို တဖြည်းဖြည်း လက်ခံလာကြပြီး အစားအသောက် ပို့ဆောင်ရေး ဝန်ဆောင်မှုကို မြှင့်တင်ရန် ကြိုးစားခဲ့ကြ လေသည်။
တကယ်တမ်းတွင် ပို့ဆောင်ရေး ဝန်ဆောင်မှုမှာ စတင်လိုက်သည်နှင့် အလွန် အောင်မြင်ခဲ့ပြီး အထူးသဖြင့် ချွမ်ကျန်းဟိုတယ် အမှတ်တံဆိပ်၏ ပံ့ပိုးမှုဖြင့် ပထမနေ့တွင်ပင် အမှာစာ ထောင်နှင့်ချီ၍ ရရှိခဲ့လေသည်။
ထို့နောက် နေ့စဉ်နေ့တိုင်း အမှာစာ ရာနှင့်ချီ၍ ရရှိခဲ့လေသည်။ မည်သို့ပင်ဆိုစေ အယ်လ်မြို့တော်ရှိ လူအများစု မှာ ချွမ်ကျန်းဟိုတယ် အကြောင်းကို သိကြသော်လည်း ထိုနေရာတွင် တကယ်တမ်း သွားရောက် စားသောက်ဖူး သူ သိပ်မရှိကြပေ။
အဘယ်ကြောင့်ဆိုသော် သာမန်လူများက ကြယ်ငါးပွင့် ဟိုတယ်၏ အမည်ကို ကြားလိုက်ရသောအခါ ထိုနေရာရှိ အစားအစာများမှာ အလွန် ဈေးကြီးမည်ဟု တွေးထင်မိသောကြောင့် ဖြစ်လေသည်။
ချွမ်ကျန်းဟိုတယ်ရှိ အာလူးကြော် တစ်ပွဲကိုပင် ယွမ်တစ်ရာကျော် ပေးရသည်ဟူသော ကောလာဟလတစ်ခုပင် ရှိခဲ့ဖူးလေသည်။ သေချာသည်မှာ ယင်းက ကမ္ဘာ့ကုန်ဈေးနှုန်းများ ငွေကြေးတန်ဖိုး မကျဆင်းမီက ကောလာဟ လပင် ဖြစ်လေသည်။
သို့သော် အမှန်တကယ်တွင် ထိုမျှလောက် အလွန်အကျွံ ဖြစ်နေပါသလား။
ကြယ်ငါးပွင့် ဟိုတယ်များတွင်ပင် တတ်နိုင်သော ဟင်းပွဲမျိုးစုံ ရှိနေသေးသည်။ ကမ္ဘာ့ကုန်ဈေးနှုန်းများ ငွေကြေး တန်ဖိုး မကျဆင်းမီက ကြယ်ငါးပွင့် ဟိုတယ်တစ်ခုတွင် သာမန် အစားအစာ တစ်နပ်စာအတွက် (အထူးတလည် ဈေးကြီးသောအရာများကို မမှာယူပါက) ဝန်ဆောင်မှုခ အပါအဝင် လူတစ်ဦးလျှင် ယွမ်နှစ်ရာ သို့မဟုတ် သုံးရာ ခန့် ကျသင့်မည် ဖြစ်လေသည်။
အစားအသောက် ပို့ဆောင်ရေး စတင်ပြီးနောက် ဝန်ဆောင်မှုခ မရှိတော့ဘဲ ဟင်းပွဲများ၏ ဈေးနှုန်းများမှာ စာရင်း ထဲတွင် အတော်လေး ပွင့်လင်းမြင်သာမှု ရှိလာကာ လူတစ်ဦးလျှင် ယွမ် (၁၀၀) ခန့်သာ ကျသင့်ရာ ယင်းမှာ အစားအစာ တစ်နပ်စာအတွက် လုံလောက်ပေသည်။
ကမ္ဘာ့ကုန်ဈေးနှုန်းများ အဆတစ်သန်း ငွေကြေးတန်ဖိုး ကျဆင်းသွားသော ယနေ့ခေတ် စံနှုန်းများအရ တွက် ကြည့်မည်ဆိုလျှင် သာမန်လူ တစ်ဦးအတွက် ဖန်အနည်းငယ်ခန့်သာ ကျသင့်မည် ဖြစ်လေသည်။
ထို့ကြောင့် ချွမ်ကျန်းဟိုတယ် အကြောင်းကို ကြားဖူးသော်လည်း တစ်ခါမျှ မစားဖူးသူများမှာ စူးစမ်းချင်စိတ်ဖြင့် အစားအစာများကို သဘာဝကျကျပင် မှာယူကြမည် ဖြစ်လေသည်။
အကယ်၍ သူတို့က ဟင်းပွဲများနှင့် ၎င်းတို့၏ အရသာကို ကောင်းစွာ ထိန်းချုပ်ထားနိုင်ပြီး ကြယ်ငါးပွင့် ဟိုတယ် အစားအစာများမှာ အရသာရှိကာ တတ်နိုင်ကြောင်းကို လူအများအား ပြသနိုင်ပါက ဒုတိယနှင့် တတိယ အမှာစာ များအတွက် ထပ်မံ လာရောက်ဝယ်ယူမည့် ဖောက်သည်များကို သေချာပေါက် ရရှိမည် ဖြစ်လေသည်။
ဤကဲ့သို့ ကောင်းမွန်သော သံသရာလည်မှုဖြင့် ယခင်က တင်းကျပ်လွန်းသော ဤချွမ်ကျန်းဟိုတယ်သည် ၎င်း၏ ယခင် ဂုဏ်ကျက်သရေကို ပြန်လည်ရရှိနိုင်ပြီး အမြင့်အသစ်များဆီသို့ပင် ရောက်ရှိသွားနိုင်ပေသည်။
နေ့စဉ် အစားအသောက် ပို့ဆောင်ရေး အမှာစာ ရာပေါင်းများစွာ ရှိနေပြီး လျန်ထျန်း ကိုယ်တိုင်ပင် ၎င်းတို့ကို လက်ခံရရှိနေလေရာ သူ မည်သို့များ မပျော်ရွှင်ဘဲ နေနိုင်မည်နည်း။
လျန်ထျန်းသည် အစားအသောက် သွားယူရာတွင် မည်သည့် ဖိအားမျှ မခံစားရပေ။ အဘယ်ကြောင့်ဆိုသော် သူသည် သူ၏ အစစ်အမှန် ကိုယ်ရေးအချက်အလက်ကို အမြဲတမ်း ကောင်းမွန်စွာ လျှို့ဝှက်ထားနိုင်ခဲ့သော ကြောင့် ဖြစ်လေသည်။
ဒုတိယ ဥက္ကဋ္ဌများနှင့် အထွေထွေမန်နေဂျာ ဝမ်တို့မှလွဲ၍ ချွမ်ကျန်းဟိုတယ်ရှိ မည်သူကမျှ သူ့ကို နောက်ကွယ်မှ အကြီးမားဆုံး အစုရှယ်ယာရှင်ကြီး ဖြစ်ကြောင်း မသိကြသကဲ့သို့ သူ့ကို တစ်ခါမျှပင် မမြင်ဖူးကြပေ။
ထို့ကြောင့် လျန်ထျန်းသည် သူ၏ အစားအသောက်များကို စိတ်အေးချမ်းသာစွာ သွားယူနိုင်ပြီး အထူးသီးသန့် သတ်မှတ်ထားသော အစားအသောက် ပို့ဆောင်ရေး ကောင်တာရှိ မည်သူကမျှ သူ့ကို မှတ်မိမည် မဟုတ်ပေ။
ယခင်ကဆိုလျှင် အလုပ်ဝတ်စုံ ဝတ်ဆင်ထားသော ပို့ဆောင်ရေးသမားများမှာ ချွမ်ကျန်းဟိုတယ် အတွင်းသို့ ဝင်ရောက်ရန် အခွင့်အရေး လုံးဝ ရရှိခဲ့မည် မဟုတ်ပေ။ သို့သော် ယခုအခါ မည်သည့် ပို့ဆောင်ရေးသမားမဆို ချွမ်ကျန်းဟိုတယ် အတွင်းသို့ ပွင့်လင်းလွတ်လပ်စွာ ဝင်ထွက်သွားလာနိုင်နေပြီ ဖြစ်လေသည်။
လျန်ထျန်းသည်လည်း ချွင်းချက် မဟုတ်ပေ။ သူ ဝင်သွားသောအခါ လုံခြုံရေး အစောင့်များနှင့် တံခါးဝရှိ ဧည့်ကြိုများက သူ့ကို ခေါင်းညိတ်ကာ ပြုံးပြကြပြီး လုပ်ဖော်ကိုင်ဖက် တစ်ဦးကဲ့သို့ပင် ဆက်ဆံကြလေသည်။
ဤအရာကလည်း လျန်ထျန်း ကိုယ်တိုင် ချမှတ်ထားသော စည်းမျဉ်းတစ်ခု ဖြစ်ပြီး အထွေထွေမန်နေဂျာ ဝမ် ကိုယ်တိုင် စီစဉ်ကာ ချွမ်ကျန်းဟိုတယ်ရှိ ဝန်ထမ်းအားလုံးကို အစောကတည်းက အသိပေးထားခဲ့ပြီး ဖြစ်လေ သည်။
"အမှာစာ လာယူတဲ့ ပို့ဆောင်ရေးသမား တိုင်းက မင်းတို့ တစ်ဦးတစ်ယောက်ချင်းစီလိုပဲ ငါတို့ ဟိုတယ်ကို ပိုကောင်းအောင် လည်ပတ်နိုင်ဖို့ ကူညီပေးနေကြတာ...။"
"ကြိုးကြိုးစားစား အလုပ်လုပ်တဲ့ မင်းတို့က အဂုဏ်သိက္ခာ အရှိဆုံးပဲ...။ စီမံခန့်ခွဲသူတွေ ဖြစ်တဲ့ ငါတို့က မင်းတို့ ကို ကျေးဇူးတင်ပြီး လေးစားချင်တယ်...။"
"ဒါကြောင့် မင်းတို့ကလည်း မင်းတို့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေကို ဆက်ဆံသလိုပဲ သူတို့ကို ကျေးဇူးတင်ပြီး လေးစားသင့်တယ်...။"
"ဒါကို မှတ်ထားပါ...၊ ငါတို့ရဲ့ ကြိုးပမ်းအားထုတ်မှုတွေ အားလုံးက ဟိုတယ်ကို ပိုကောင်းအောင် လည်ပတ်နိုင်ဖို့ ရည်ရွယ်တာပဲ...။"
ထိုသို့ဖြစ်ရာ ယနေ့ ချွမ်ကျန်းဟိုတယ်တွင် ဝန်ထမ်းများ၏ အထင်သေးခြင်းကို ခံရသော ပို့ဆောင်ရေးသမား ဆိုသည်မှာ လုံးဝ မရှိတော့ပေ။
ဤအမှာစာကို လက်ခံရရှိသည့် အခွင့်အရေးကို အသုံးချကာ လျန်ထျန်းက နေရာကို လာရောက် စစ်ဆေးခဲ့ရာ ရလဒ်များအတွက် အလွန် ကျေနပ်မိလေသည်။ လူတိုင်းက သူ၏ လိုအပ်ချက်များကို အမှန်တကယ် ဖြည့်ဆည်း ပေးနိုင်ခဲ့ကြလေသည်။
လျန်ထျန်းက အစားအသောက်များကို ယူပြီး ထွက်ခွာရန် ပြင်လိုက်ချိန်တွင် မနီးမဝေးမှ ရင်းနှီးနေသော အသံ တစ်ခုကို ကြားလိုက်ရလေသည်။
"ဟေး ကောင်တွေ...၊ ဒီနေ့ အချိန်ကောင်းလေး ရခဲ့တယ် မဟုတ်လား...။ အဝသောက်ခဲ့ရတယ် မဟုတ်လား...။"
လျန်ထျန်းက အသံလာရာဘက်သို့ မသိစိတ်အလျောက် ကြည့်လိုက်ရာ ဖန်ကျီရှန်နှင့် အခြားလူ အနည်းငယ်တို့ ငွေရှင်းကောင်တာဘက်သို့ လက်ချင်းချိတ်ကာ လျှောက်လာသည်ကို တွေ့လိုက်ရလေသည်။
အရက်သောက်ထားသဖြင့် မျက်နှာရဲနေသော လူဝကြီး တစ်ဦးက ရယ်မောရင်း ပြောလိုက်လေသည်။
"ဘာပဲဖြစ်ဖြစ် ဒီနေ့ ငါ တကယ်ကို ပျော်ခဲ့ရတယ်...။ ဝိုင်ကောင်းတွေ အများကြီးပဲ ဘယ်ဟာမှလည်း တူတာ မဟုတ်ဘူး...။ ငါ ဒီလောက်ထိ အသောက်ကောင်းခဲ့တာ ပထမဆုံး အကြိမ်ပဲ...။"
ပို၍ပိန်သော သူက အနည်းငယ် စိုးရိမ်တကြီးဖြင့် ပြောလိုက်လေသည်။
"ငါတို့ ဟင်းကောင်းတွေနဲ့ သောက်စရာတွေ အများကြီး မှာခဲ့တာ ပိုက်ဆံ တော်တော်များများ ကုန်မှာ သေချာ တယ် မဟုတ်လား...။"
"ဒီတစ်ခါ ကျီရှန်က ဒကာခံရမယ့် အလှည့်ဆိုပေမဲ့ ဒါက အရမ်း လွန်လွန်းနေပြီလေ...။ ငါတို့ ညီအစ်ကိုတွေ မင်းအတွက် နည်းနည်းစီ စုထည့်ပေးရမလား...။"
ထိုစကားကို ကြားသောအခါ ဖန်ကျီရှန်က ချက်ချင်းပင် လက်ကို ဝှေ့ယမ်းကာ ဟန်ကြီးပန်ကြီးဖြင့် ပြောလိုက် လေသည်။
"ဟေး...၊ ပိုက်ဆံ စုထည့်နေစရာ ဘာအကြောင်း ရှိလို့လဲ...။ ငါ ဖန်ကျီရှန်က ငါ့ညီအစ်ကိုတွေကို ဒကာခံတာ လေ...။ မင်းတို့ ပိုက်ဆံပေးဖို့ လိုလို့လား...။"
"မစိုးရိမ်ပါနဲ့...၊ ငါ့တပည့်တွေထဲက တစ်ယောက်က ဒီမှာ မန်နေဂျာ လုပ်နေတာ...။ ဒါကြောင့် ဒီမှာ စားရတာက အိမ်မှာ စားရသလိုပဲ ပိုက်ဆံ တစ်ပြားမှ ကုန်စရာ မလိုဘူး...။"
ထိုစကားကို ကြားသောအခါ လူအများစုက ဖန်ကျီရှန်ကို လက်မထောင်ပြကြပြီး ဖားယားလာကြလေသည်။ သို့သော် ချွင်းချက်အနေဖြင့် စောစောက ပို၍ပိန်သော သူက စိုးရိမ်တကြီးဖြင့် ပြောလာပြန်သည်။
"ပိုက်ဆံ မကုန်ဘူးဆိုတာ နည်းနည်းတော့ လွန်လွန်းနေပြီ မဟုတ်လား...။ စားသောက်ဆိုင်တွေမှာလည်း ကာမိအောင် လုပ်ရမယ့် ကုန်ကျစရိတ်တွေ ရှိတာပဲလေ...။ ပြီးတော့ မင်းရဲ့ သူငယ်ချင်းကလည်း မန်နေဂျာ တစ်ယောက် သက်သက်ပဲလေ...။ ငါတို့က ပိုက်ဆံမပေးရင် သူပဲ သေချာပေါက် ပေးရမှာပေါ့...။"
ထိုလူ စကားမဆုံးမီမှာပင် ဖန်ကျီရှန်က ဖြတ်ပြောကာ ဆက်လက်၍ ဝါကြွား ကြွားဝါနေပြန်သည်။
"ငါက အဲ့ဒီကောင်ကို လေးစားလို့ ဒီမှာ လာစားတာ...။ သူက ငါ့ဘေလ်ကို ရှင်းပေးရင်တောင် ဒါက သူ့ရဲ့ ဂုဏ်ကျက်သရေပဲ...။"
"မင်းတို့ စောင့်သာကြည့်နေ...၊ ဖုန်းတစ်ချက် ဆက်လိုက်တာနဲ့ ဒီဘေလ်ကို လျှော့ပေးလိမ့်မယ်...။ နောင်ကျရင် ထပ်လာချင်ရင်လည်း အချိန်မရွေး လျှော့ပေးမှာပဲ...။"
ထိုသို့ပြောရင်း ဖန်ကျီရှန်သည် ငွေရှင်းကောင်တာသို့ ရောက်ရှိသွားရာ စားပွဲထိုးက ဘေလ်ကို ပရင့်ထုတ်ပြီး သူ့အား ယဉ်ကျေးစွာ ကမ်းပေးလိုက်လေသည်။
"မင်္ဂလာပါ လူကြီးမင်း...၊ ဒီဟာက ယနေ့အတွက် လူကြီးမင်းရဲ့ ဘေလ်ပါ...၊ သုံးကျောင်နဲ့ ရှစ်ဖန် ကျသင့်ပါ တယ်...။"
ထိုပမာဏကို ကြားသောအခါ ဖန်ကျီရှန်၏ သူငယ်ချင်းများ အားလုံးမှာ အံ့အားသင့်စွာဖြင့် မျက်လုံးပြူးသွားကြ လေသည်။
ယနေ့ခေတ်တွင် ၃ ဒသမ ၈ ကျောင် ဆိုသည်မှာ ကမ္ဘာ့ကုန်ဈေးနှုန်းများ အဆတစ်သန်း ငွေကြေးတန်ဖိုး မကျ ဆင်းမီက ယွမ် (၃၈,၀၀၀) နှင့် ညီမျှကြောင်းကို သတိပြုရမည် ဖြစ်လေသည်။
သူတို့သည် တစ်ထိုင်တည်းနှင့် ဤမျှလောက် အများကြီး စားခဲ့ကြရာ ယင်းမှာ သေချာပေါက် သူတို့ စားဖူးသမျှ ထဲတွင် အဈေးအကြီးဆုံး အစားအစာပင် ဖြစ်လေသည်။
သို့သော် ဖန်ကျီရှန်ကမူ အထင်သေးဟန်ဖြင့် ကြည့်ကာ သူ၏ ကြမ်းတမ်းသော ဟန်အမူအရာဖြင့် စားပွဲထိုးကို အော်ဟစ်လိုက်လေသည်။
"ငါ ဒီကို ဘယ်နှစ်ခေါက် ရောက်ဖူးလဲ...။ မင်း ငါ့ကို မမှတ်မိသေးဘူးလား...။"
"ငါက ဒီက မန်နေဂျာ တစ်ယောက်ရဲ့ အစ်ကိုကြီး ဆိုတာ မင်းမသိဘူးလား...။ ငါ စားတဲ့ အစားအသောက်အ တွက် ပိုက်ဆံပေးရတာ မင်း ဘယ်တုန်းက မြင်ဖူးလို့လဲ...။"
"ဘေလ်ကို ငါ့အတွက် ချထားခဲ့လိုက်...။ ငါ ဖုန်းတစ်ချက် ဆက်လိုက်မယ် တစ်ယောက်ယောက်က ငါ့အတွက် လာလက်မှတ်ထိုးပေးလိမ့်မယ်...။"
ထိုသို့ပြောရင်း ဖန်ကျီရှန်သည် သူ၏ဖုန်းကို ထုတ်ကာ ဖုန်းနံပါတ်တစ်ခုကို နှိပ်လိုက်လေသည်။
ငွေရှင်းကောင်တာနှင့် ပို့ဆောင်ရေးသမားများ အမှာစာ ယူရန် သတ်မှတ်ထားသော ကောင်တာတို့မှာ အကွာ အဝေး တစ်ခုခြားနေသဖြင့် ဖန်ကျီရှန်သည် ယခုအချိန်အထိ လျန်ထျန်းကို မတွေ့ရှိသေးပေ။
ဘေးတွင် ရပ်နေသော လျန်ထျန်းသည် အရာအားလုံးကို ရှင်းလင်းစွာ မြင်တွေ့ကာ ကြားသိခဲ့ရလေသည်။ ယခု အချိန်တွင် လျန်ထျန်းမှာ ဒေါသထွက်လွန်းသဖြင့် လက်သီးများကို တင်းတင်းဆုပ်ထားမိပြီး ဖန်ကျီရှန်ထံသို့ သွားကာ ချက်ချင်းပင် ရိုက်နှက်ချင်စိတ်များ ပေါ်ပေါက်နေလေသည်။
သို့သော် မကြာမီမှာပင် ဖုန်းမြည်လာခဲ့လေသည်။ လျန်ထျန်းသည် ဒေါသကို မျိုသိပ်ကာ ဖုန်းကို ကိုင်လိုက်လေ သည်…။