Chapters

အခန်း ၁၉၃

Vol. 20 Ch. 193

အခန်း ၁၉၃

Vol. 20 Ch. 193

အခန်း ၁၉၃ - အရှိန်အကုန်မြှင့်၍ နတ်ဘုရားလှေကားကို တက်လှမ်းခြင်း။ ပါရမီရှင်တို့၏ စိတ်ဓာတ်များ ပြိုလဲပျက်စီးခြင်း။

မသေမျိုးနန်းတော်အတွင်းရှိလျှို့ဝှက်ဆန်းကြယ်သော အခွင့်အရေးနှင့် ကံတရားမှာ အဘယ်နည်းဆိုသည်ကို လင်းဟောက်ရန်တို့သာမက လင်းချန် ကိုယ်တိုင်လည်း အလွန်သိချင်နေသည်။

ယခုအခါကျင့်ကြံမှု လမ်းစဉ်သုံးခုလုံးတွင် ဧကရာဇ်တစ်ပိုင်းအဆင့်သို့ ရောက်ရှိနေပြီဖြစ်ရာ သူ့အတွက် နောက်တွန့်စရာ အကြောင်းမရှိတော့ပေ။ သူလုပ်ရမည့် တစ်ခုတည်းသော အလုပ်မှာ အစွမ်းကုန် အရှိန်မြှင့်ကာ လှေကားထိပ်သို့ တက်လှမ်းရန်ပင်ဖြစ်၏။

လင်းချန် ခြေလှမ်းလိုက်တိုင်း သူ၏ဝိညာဉ်မှာ စမ်းသပ်မှုကမ္ဘာထဲသို့ ရောက်ရှိသွားပြီး အသစ်သစ်သော စိန်ခေါ်မှုများကို ရင်ဆိုင်ရသည်။

လင်းဟောက်ရန်နှင့်အကြီးအကဲများကမူ ခန့်မှန်းတွက်ချက်နေကြသည်။

“ဒီအရှိန်အတိုင်းဆိုရင် နောက်ဆုံးအထပ်ကို ရောက်ဖို့ ၃ ရက်ထက် ပိုမကြာနိုင်ဘူး။”

လင်းချန်သည် အရင်က တစ်ရက်တည်းနှင့် အထပ် ၁၀၀၀ ကျော် တက်နိုင်ခဲ့သူဖြစ်သည်။ ယခုအခါ အထပ် ၂၀၀၀ မပြည့်တော့သော အကွာအဝေးကို ဧကရာဇ်တစ်ပိုင်း ထိပ်ဆုံးအဆင့်အင်အားဖြင့် တက်မည်ဆိုပါက ၃ ရက်ဟူသည်မှာ ပိုလျှံနေသော အချိန်ပင် ဖြစ်သည်။

လင်းချန်၏ အရှိန်မှာ ကြောက်မက်ဖွယ် ကောင်းလှသည်။ လက်ဖက်ရည်တစ်ခွက်စာ အချိန်ပင် မပြည့်မီမှာပင် သူသည် အထပ် ၁၀၀၀ ကျော်မှ စမ်းသပ်မှုတစ်ခုကို အောင်မြင်ပြီး နောက်တစ်ထပ်သို့ လှမ်းတက်လိုက်ပြန်သည်။

ဤမြင်ကွင်းကိုကြည့်နေသော လင်းရှန်ဟဲနှင့် အခြားပါရမီရှင်များမှာ မျက်နှာသေဖြင့်ပင် သူတို့၏ အကြည့်များကို ပြန်လွှဲလိုက်ကြရသည်။

“နတ်ဘုရားသားတော်ရဲ့ တိုးတက်မှုကို ဆက်မကြည့်တာပဲ ကောင်းမယ်။ မဟုတ်ရင် ငါတို့ကိုယ်တိုင် ဆက်တက်ဖို့ စိတ်ဓာတ်တွေ ပျက်စီးကုန်လိမ့်မယ်။”

အခြားပါရမီရှင်များ တစ်နေ့လုံး ကြိုးစားမှ အထပ်တစ်ခုကို ကျော်ဖြတ်နိုင်ရန် ရုန်းကန်နေရချိန်တွင် လင်းချန်ကမူ မိနစ်အနည်းငယ်အတွင်း အထပ်တစ်ခုကို အေးအေးလူလူ ကျော်ဖြတ်နေခြင်းမှာ လမ်းလျှောက်ထွက်နေသည့်အလားပင်။

၅ နာရီအတွင်းမှာပင် လင်းချန်၏ အဆင့်မှာ ၁,၀၂၁ ထပ်မှ ၁,၅၀၀ ထပ် သို့ ရောက်ရှိသွားပြီဖြစ်သည်။ တစ်နာရီလျှင် လှေကားထပ်ပေါင်း ၁၀၀ နီးပါး တက်နေခြင်း ဖြစ်သည်။

ဤသတင်းမှာတစ်လောကလုံးသို့ မပြန့်သေးသော်လည်း မကြာမီ ပြန့်နှံ့သွားတော့မည် ဖြစ်သည်။

တာအိုပြည်နယ် ၃၀၀၀ ရှိ အခြားပါရမီရှင်များမှာ ထိုအဆင့်သတ်မှတ်ချက်ကို ကြည့်ရင်း စိတ်ဓာတ်များ လုံးဝပြိုလဲသွားကြသည်။

“ငါတို့က တစ်နေကုန်မှ တစ်ထပ်တောင် မအောင်နိုင်သေးဘူး။ သူက မိနစ်ပိုင်းအတွင်း တစ်ထပ်ပြီးတစ်ထပ် တက်နေတာလား။ ဒါ လူမှဟုတ်ရဲ့လား။”

လူအများစုမှာ လင်းချန်၏ အရှိန်ကို အံ့သြနေကြသော်လည်း မကြာမီတွင် လင်းချန်သည် ဧကရာဇ်တစ်ပိုင်း အထွတ်အထိပ်အဆင့် သို့ ရောက်ရှိသွားပြီဖြစ်ကြောင်း သတင်းစကား ရောက်လာသည့်အခါ သူတို့၏ အံ့သြမှုမှာ ထိတ်လန့်တုန်လှုပ်မှုအဖြစ်သို့ ပြောင်းလဲသွားပေလိမ့်မည်။

လင်းဟောက်ရန်နှင့် အကြီးအကဲများမှာမူ လင်းချန်၏ အရှိန်ကို ကြည့်ရင်း မျက်တောင်မခတ်နိုင်အောင် ဖြစ်နေကြသည်။

သူတို့ခန့်မှန်းခဲ့သော ၃ ရက်မှာပင် လင်းချန်အတွက် များလွန်းနေပုံပေါ်သည်။

လင်းချန်သည် သူ၏ခန္ဓာကိုယ်ထဲသို့ ဝိညာဉ်ပြန်လည်ဝင်ရောက်လာသည့်အခါ အနည်းငယ်ပြုံးလိုက်ပြီး...

“ မနက်ဖြန်ဆိုရင်တော့ မသေမျိုးနန်းတော်ထဲမှာ ဘာရှိလဲဆိုတာ ငါသိရတော့မယ်။ ငါ့ကို စိတ်မပျက်စေနဲ့...”

ပြောပြောဆိုဆိုဖြင့်ပင် လင်းချန်သည် သူ၏ခြေထောက်ကို ပုံမှန်အတိုင်းပင် မြှောက်လိုက်ပြီး နောက်ထပ် လှေကားထပ်တစ်ခုသို့ ဆက်လက်တက်လှမ်းလိုက်ပါတော့သည်။