← Chapters

အခန်း ၈၆

Vol. 9 Ch. 86

အခန်း ၈၆

Vol. 9 Ch. 86

86 01

အခန်း 86 စိတ်ဝေဒနာ

ပထမလတွင် နေရပ်ပြန်စဉ် ခရီးတစ်လျှောက် တုံ့ဆိုင်းနားနေခဲ့ရာ လမ်း၌ပင် လဝက်ကျော်မျှ ကြာသွားခဲ့သည်။

မြို့တော်သို့ ပြန်ရောက်သောအခါမူ နှလုံးသားက ပူလောင်နေ၍ စိတ်မရှည်ဖြစ်ကာ နှုတ်ခမ်း၌ပင် ရေယုန်များ ပေါက်လာတော့သည်။ ဖုန်ထူသော လေကိုဖြတ်၍ ဆယ်ရက်အတွင်း မြင်းရထားသည် မြို့တော်ထဲသို့ ဝင်ရောက်လာတော့သည်။

သတင်းစကားကို မြို့တော်ထဲသို့ ကြိုတင်ပို့ထားခဲ့ပြီးဖြစ်ရာ ယခုတစ်ရက်တွင် မြင်းရထားသည် မြို့တော်တံခါးအပြင်ဘက်သို့ ဆိုက်ရောက်လာသောအခါ အသက်ဆယ့်ငါးနှစ်၊ ဆယ့်ခြောက်နှစ်ခန့်ရှိသည့် မျက်နှာရင်းနှီးသော ကုန်းကုန်းငယ်လေးတစ်ဦး မြို့ရိုးအပြင်ဘက်တွင် စောင့်ဆိုင်းနေသည်ကို တွေ့လိုက်ရသည်။

သူသည် ယခင်က မျက်နှာချင်းဆိုင်ဖူးသည့် ရှောင်ကွေ့ယွမ်ဟူသော ကုန်းကုန်းငယ်ပင် ဖြစ်သည်။

“ရောက်လာတော့မှပဲ။ ကျွန်တော်မျိုး စောင့်နေတာ ရက်တော်တော်ကြာပြီ”

ရှောင်ကွေ့ယွမ်သည် မြင်းရထားကို အဝေးမှ မြင်သည်နှင့် လျင်မြန်စွာ ပြေးလာကာ အရိုအသေပြုပြီး ခင်မင်ရင်းနှီးစွာ ပြောလိုက်သည်။ “မေပညာရှိအမတ် မတွေ့တာ ကြာပါပြီနော်”

မေဝမ့်ရှူးသည် သားမွေးဝတ်ရုံကို လွှမ်းခြုံကာ ရထားပေါ်မှ ဆင်းလာပြီး ရိုရိုသေသေဖြင့် ပြောလိုက်သည်မှာ “ကျွန်တော် အခု ဟန်လင်းပညာရှိ မဟုတ်တော့ပါဘူး။ သာမန်အရပ်သားတစ်ယောက်ပါ၊ ဒီလိုခေါ်ဝေါ်တာကို မခံယူသင့်ပါဘူး”

ရှောင်ကွေ့ယွမ်က အံ့အားသင့်စွာဖြင့် “ဒါပေမဲ့ ဆူးကုန်းကုန်းက လွန်ခဲ့တဲ့ရက်ပိုင်းက ကျွန်တော်မျိုးကို အလုပ်ပေးတုန်းက မေပညာရှိအမတ် လို့ပဲ ပြောလိုက်တာပဲ”

မေဝမ့်ရှူးသည် ဤမျှသေးငယ်သည့် အခေါ်အဝေါ်အပေါ် အာရုံစိုက်နေရန် စိတ်မအားတော့ဘဲ အားလုံးသော ခင်မင်မှုစကားများကို ကျော်လွန်ကာ တည့်တည့်မေးလိုက်သည်။

“အရှင်မင်းကြီး ဒီရက်ပိုင်း အခြေအနေ ဘယ်လိုရှိပါသလဲ”

သူမ မြို့ထဲသို့ ဝင်လာစဉ်က လမ်းမပေါ်၌ သွားလာနေသော အရောင်းအဝယ်သမားများနှင့် သာမန်လူများသည် နာရေးဝတ်စုံများကို ဝတ်ဆင်မထားသည်ကို မြင်ခဲ့ရသည်။ မြို့တွင်းရှိ ဖျော်ဖြေရေးကပွဲရုံများမှာလည်း ပုံမှန်အတိုင်း ဖျော်ဖြေနေကြပြီး လူအများအပြားဖြင့် စည်ကားနေဆဲ ဖြစ်သည်။ ထို့ကြောင့် မြို့တော်သည် စစ်ကြေညာခြင်း မရှိသေးကြောင်းနှင့် နန်းတော်ထဲမှ အရှင်မင်းကြီး၏ ရောဂါအခြေအနေသည် အသက်အန္တရာယ်ထိ မစိုးရိမ်ရသေးကြောင်း၊ အဆိုးဆုံး အခြေအနေ မဖြစ်ပွားသေးကြောင်းကို သိလိုက်ရသည်။

ရင်ထဲတွင် အနည်းငယ် စိတ်သက်သာရာရသွားသော်လည်း မေးခွန်းထုတ်လိုက်ချိန်၌မူ စိုးရိမ်စိတ်ဖြင့် ရင်ထဲတွင် တင်းကျပ်နေသေးသည်ကို သူမ သတိမမူမိလိုက်ချေ။ မျက်ဝန်းများတွင်လည်း စိုးရိမ်ကြောင့်ကြသည့် အမူအရာများ ပေါ်လွင်နေသည်။

86 02

ရှောင်ကွေ့ယွမ် အနည်းငယ်တွေဝေသွားပြီး ဆူးဟွေးကျုံး၏ အလေးအနက် မှာကြားချက်ကို သတိရသွားသည်။ လည်ချောင်းရှင်းလိုက်ပြီး အနည်းငယ် မချိမခံသာပုံဖြင့် ပြောလိုက်သည်။

“အရှင်မင်းကြီးရဲ့... အခြေအနေက မကောင်းဘူး၊ ဒါပေမဲ့ မဆိုးဘူးလို့ ပြောရမှာပါ။ ဒီလိုပဲ တစ်ရက်ပြီးတစ်ရက် ဆွဲဆန့်နေတယ်။ တစ်ရက်ဆွဲဆန့်နိုင်ရင် တစ်ရက်ပေ့ါ”

မေဝမ့်ရှူးသည် မကောင်းဘူး၊ မဆိုးဘူး ဆိုသည့် စကားလုံးအချို့ကို စိတ်ထဲ၌ ထပ်ခါတလဲလဲ တွေးတောနေသည်။

“တော်ဝင်သမားတော်တွေက ဘာပြောလဲ။ ဘယ်လိုမျိုး ရောဂါဆိုးလဲ၊ ဘာကြောင့် ဒီလောက်မြန်မြန် ဖျားနာရတာလဲ။ ကုသဖို့ နည်းလမ်းရော ရှိရဲ့လား”

ရှောင်ကွေ့ယွမ် မှင်တက်သွားသည်။

အပြင်ထွက်လာစဉ် ဆူးကုန်းကုန်းက ဒီလိုမေးခွန်းတွေနဲ့ ရင်ဆိုင်ရရင် ဘယ်လို ပြန်ဖြေရမယ်ဆိုတာ မှာကြားခဲ့တာ မရှိဘူးလေ။

သူသည် အတန်ကြာအောင် စဉ်းစားသော်လည်း တစ်လုံးတစ်ပါဒမျှ ထုတ်မပြောနိုင်ဘဲ နောက်ဆုံးတွင် ခေါင်းကိုသာ ခါပြလိုက်နိုင်သည်။

မေဝမ့်ရှူး၏ မျက်နှာအမူအရာ ချက်ချင်းပင် အနည်းငယ် ပြောင်းလဲသွားသည်။

ရက်အနည်းငယ် ခရီးပန်းလာမှုကြောင့် အနည်းငယ် ပင်ပန်းနေသည့် မျက်နှာမှ သွေးရောင်သည် တစ်စက်ချင်းစီ ပျောက်ကွယ်သွားသည်။

“ကွေ့ယွမ် အတွင်းဝန်လေး၊ ကျေးဇူးပြုပြီး” သူမသည် အသံကို တည်ငြိမ်အောင် ထိန်းချုပ်ကာ ပြောလိုက်သည်။ “ကျွန်တော့်ကို နန်းတော်ထဲ ခေါ်သွားပေးပါ။ ကျွန်တော် ဆူးကုန်းကုန်းနဲ့ သမားတော်ရှင်ကို မျက်နှာချင်းဆိုင် မေးမြန်းချင်တယ်”

လူကို နန်းတော်ထဲ ခေါ်ဆောင်လာရေးမှာ ဆူးဟွေးကျုံးက ကြိုတင်မှာကြားထားသည့် ကိစ္စဖြစ်ရာ ရှောင်ကွေ့ယွမ်က အပြင်းအထန် ငြင်းဆိုခြင်းမရှိဘဲ သဘောတူလိုက်သည်။

ရထားသည် နန်းတော်လမ်းမတစ်လျှောက် လိုက်ပါလာပြီး နန်းတော်တံခါးဝအနီးတွင် ရပ်တန့်လိုက်သည်။ ရှောင်ကွေ့ယွမ်သည် ရထားပေါ်မှ ခုန်ဆင်းကာ မေဝမ့်ရှူးကို နန်းတော်တံခါးဆီသို့ ဦးဆောင်သွားရင်း လတ်တလော အခြေအနေများကို သတိပေးလိုက်သည်။

“ဆူးကုန်းကုန်းက အတွင်းနန်းတော်ထဲမှာပဲ ရှိတယ်၊ မေပညာရှိအမတ် ခဏနေရင် တွေ့ရပါလိမ့်မယ်။ သမားတော်ရှင်ကိုတော့ တွေ့ရမှာမဟုတ်ဘူး”

မေဝမ့်ရှူးအံ့သြသွားပြီး ခြေလှမ်းများ တုံ့ဆိုင်းသွားသည်။

“သမားတော်ရှင် ဘာဖြစ်သွားတာလဲ။ မကြာသေးခင်က မြို့တော်မှာ မငြိမ်မသက် ဖြစ်နေတာ၊ သူ့မှာ တစ်ခုခုများ ဖြစ်သွားလို့လား”

“သူက တော်ဝင်သမားတော်၊ နေ့တိုင်း တာဝန်ထမ်းဆောင်ပြီး ဆေးကုပေးနေတာ၊ ဘာများ ဖြစ်စရာရှိမှာလဲ” ရှောင်ကွေ့ယွမ်မှာ ယခုအချိန်အထိ နားမလည်နိုင်သေးချေ။

“သမားတော်ရှင် ထွက်ပြေးသွားတာ။ မေပညာရှိအမတ် အိမ်ပြန်ပြီး ကျန်းမာရေး စောင့်ရှောက်နေချိန် မကြာသေးခင်မှာပဲ သူက ညတွင်းချင်း သူ့ပစ္စည်းတွေကို သိမ်းဆည်းသွားတယ်၊ အခုမှ ဝယ်ထားတဲ့ အိမ်တောင် စွန့်ပစ်သွားခဲ့တယ်။ ရာထူးတံဆိပ်နဲ့ အင်္ကျီကိုပဲ အိမ်မှာ ချန်ထားခဲ့ပြီး နှုတ်ဆက်စကားတောင် မပြောဘဲ တိတ်တိတ်ဆိတ်ဆိတ် ထွက်ပြေးသွားတာ”

86 03

မေဝမ့်ရှူး “...”

သူမ ခြေလှမ်းရပ်ကာ အသက်ပြင်းပြင်း ရှူလိုက်ပြီး နာကျင်နေသယောင်ရှိသော နားထင်ကို လက်ဖြင့် ဖိနှိပ်လိုက်သည်။

“သူ ရာထူးစွန့်ပြီး ထွက်သွားတာလား။ ဘယ်ကို ထွက်သွားလဲ၊ မင်းတို့ သိတဲ့သူ ရှိသလား”

“ဘယ်သူသိမှာလဲ” ရှောင်ကွေ့ယွမ်က နှုတ်ခမ်းမဲ့ကာ၊ “မေပညာရှိအမတ် စိတ်မဆိုးပါနဲ့၊ ကျွန်တော်တို့ အချင်းချင်း တီးတိုးပြောကြတာက သမားတော်ရှင်ရဲ့ ရာထူးစွန့်သွားခြင်းက မေပညာရှိအမတ်ဆီကနေ သင်ယူထားတာတဲ့။ ဒါပေမဲ့ သူက မေပညာရှိအမတ်ထက် အများကြီး ပိုပြီး သမာဓိမရှိဘူးလို့ ပြောရမှာပဲ။ ဘာပဲဖြစ်ဖြစ် အရှင်မင်းကြီးရဲ့ အနီးအပါးမှာ နှစ်ပေါင်းများစွာ အမှုထမ်းခဲ့တဲ့ အကြီးအကဲအရာရှိပဲ၊ နန်းတော်ထဲ ဝင်ပြီး နှုတ်ဆက်တာတောင် မလုပ်ဘဲ တန်းပြေးသွားတာ။ ဒီတစ်ခါ အရှင်မင်းကြီး နာမကျန်းဖြစ်တော့ သိနားလည်တဲ့ သမားတော်တောင် မရှိဘူး။ လွန်ခဲ့တဲ့နှစ်အနည်းငယ်က ပုံမှန်သွေးခုန်နှုန်း စစ်ဆေးထားတဲ့ မှတ်တမ်းအဟောင်းတွေကိုတောင် ပြန်ရှာနေရတယ်။ ဟူး၊ ရှုပ်ထွေးပွေလီတဲ့ အခြေအနေတွေကို မပြောတော့ပါဘူး”

မေဝမ့်ရှူး “...”

သူမ၏ နားထင်များ တဒိတ်ဒိတ် ခုန်နေသည်။

လမ်းတစ်လျှောက်လုံး ကောင်းကောင်း တွေးထားခဲ့သည့် မဟာဗျူဟာများ၊ မြို့တော်သို့ ပြန်ရောက်သည့်အခါ လက်ရှိ အရေးပေါ် အခြေအနေအရ မည်သူများကို ခေါ်ယူရမည်၊ မည်သို့ နှစ်ဖက်ခွဲကာ တစ်ဖက်တွင် နန်းတော်တွင်း ပေါ်ပေါ်တင်တင်နှင့် လျှို့ဝှက်သော အန္တရာယ်များကို တုံ့ပြန်ပြီး၊ ကျန်တစ်ဖက်တွင် အရှင်မင်းကြီး၏ နာမကျန်းမှုကို ကိုင်တွယ်ဖြေရှင်းရမည် စသည်ဖြင့် စီမံထားခဲ့သည်။

မည်သည့် မဟာဗျူဟာတွင်မဆို အရှင်မင်းကြီး၏သတ္တဝါအကျဆုံး ခုနစ်နှစ်ကြာ အမှုထမ်းခဲ့သော တော်ဝင်သမားတော် ရှင်ယီနင် ပါဝင်နေခဲ့သည်။

မြို့တော်သို့ ပထမဆုံး ရောက်သည့်နေ့တွင်ပင်... ဤသို့သော အခြေအနေနှင့် ကြုံတွေ့ရမည်ဟု မမျှော်လင့်ခဲ့မိချေ။ ခေါင်းကိုက်လိုက်တာ။

ရှောင်ကွေ့ယွမ်၏ တီးတိုးပြောဆိုနေသည့် စကားသံများကြားတွင် နှစ်ယောက်သား ရွှေရေကန်တံတားကို ဖြတ်ကျော်ကာ နန်းတော်တံခါးအောက်သို့ ရောက်လာခဲ့ကြသည်။

ဆူးဟွေးကျုံးသည် သတင်းရသည်နှင့် တံခါးဝတွင် စောစောစီးစီး ရပ်စောင့်နေသည်။

86 04

“အရှင်မင်းကြီးက ကျစ်ချန်နန်းဆောင်မှာ အနားယူနေပါတယ်” သူသည် လူကို ကိုယ်တိုင် ခေါ်ဆောင်သွားရင်း တိုးတိုးလေး ပြောပြသည်။ “အလင်းရောင်ကို ကြောက်တယ်၊ ဆူညံတာကိုလည်း ကြောက်တယ်။ အိပ်ဆောင်ထဲမှာ မီးထွန်းခွင့်မရှိဘူး၊ နေ့ဘက်ဆိုရင်လည်း ပြတင်းပေါက်တွေကို အနက်ရောင်လိုက်ကာတွေနဲ့ ကာထားရတယ်။ ဝင်လာရင် ခြေသံတိုးတိုးနဲ့ လှမ်းရမယ်၊ မဟုတ်ရင် အရှင်မင်းကြီး အိပ်စက်တာကို အနှောင့်အယှက်ဖြစ်စေပြီး နှလုံးတုန်ခြင်းကို ဖြစ်ပေါ်စေနိုင်တယ်”

မေဝမ့်ရှူး နားထောင်နေရင်း နှလုံးသားသည် လေးလံစွာ နစ်မြုပ်သွားသည်။

++++++

All Chapters